Chapter 93
Viewers 17k

အခန်း ၉၃

အ‌ဒေါ်ချိုးနှင့် အဒေါ်လီတို့က သူမတို့၏မိသားစုများမှ အိုးများကို ထုတ်ပေးရန် ပြန်သွားကြသည်။ ကျိရှောင်ယင်နှင့် လီရွှမ်းအာတို့က စူးချင်းအတွက် မီးကြည့်ပေးရန် ကလေးများနှင့်အတူ ရောက်လာခဲ့သည်။ သစ်လုံးများကို သေသေချာချာ ခွဲထားသောကြောင့် မီးတောက်များက နေရာအနှံ ပျံလွှင့်နေပြီး အိုးကြီးထဲမှ ဝက်သားပြုတ်များ  ပွက်ပွက်ဆူလာသည်နှင့် မွှေးရနံ့က လူတိုင်း၏နှာခေါင်းထဲသို့ စိမ့်ဝင်လာသည်။ ထောင်ဟွားဝူမှ ရွာသူရွာသားများက စိတ်လှုပ်ရှားနေကြပြီး သူတို့၏မျက်လုံးများက တောက်ပလင်းထိန်နေခဲ့သည်။

ဒီနေ့ သူတို့ရဲ့ အလိုဆန္ဒတွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ကြီးကြီးကျယ်ကျယ် စားသောက်ဖို့ စောင့်နေကြတယ်လေ။

တောဝက်နှစ်ကောင်မှ ဝက်ဆီအိုးနှစ်လုံး ရရှိခဲ့ပြီး စူးချင်းက ထိုဝက်ဆီအိုးများကို အဝေးမှာ သွားထားရန် လီတာ့နျိုကို အမိန့်ပေးလိုက်သည်။ သူမက ကလေးများ အပူကပ်မိမည်ကို စိုးရိမ်နေသောကြောင့် ဖြစ်သည်။

ထောင်ဟွားဝူမှ ကလေးများက ကောင်းကောင်းမွန်မွန် သင်ကြားခံထားရသူများ ဖြစ်ပြီး အစားအသောက်နှင့် ပတ်သက်လျှင် မည်သူကမျှ လောဘကြီးနေခြင်း မရှိကြပေ။ လူကြီးများက ဘာမှ မပြောလျှင် သူတို့အားလုံးက နာနာခံခံ စောင့်ဆိုင်းနေကြသည်။

စူးချင်းက ကျန်နေသော ဝတ်ဆီဖက်များကို ပန်းကန်များထဲသို့ ထည့်ပေးလိုက်ပြီး ကျိရှောင်ယင်ကို ကလေးများ စားနိုင်ရန် ဘေးဘက်သို့ ယူသွားခိုင်းလိုက်သည်။

စူးချင်းက တောဝတ်၏ အရှေ့နှင့် နောက်ကျောရှိ အသားများကို အတုံးအကြီးကြီးများ ဖြစ်အောင် လှီးဖြတ်ကာ ဆားဖြင့် နှပ်ထားလိုက်သည်။ ထိုသို့ ပြုလုပ်ခြင်းဖြင့် နောက်ထပ် နှစ်ရက်ခန့် ထားနိုင်ပြီး ထိုကဲ့သို့ မလုပ်လျှင် ယခုကဲ့သို့ ပူပြင်းသော ရာသီဥတုတွင် အနံ့ဆိုးများ ထွက်လာပေလိမ့်မည်။

စူးချင်းက တောဝက်သားခြေထောက် ရှစ်ချောင်းမှ အရေခွံများကို ခွာလိုက်ပြီး ဝက်ခေါက်များကို ချက်ပြုတ်လိုက်သည်။

နံရိုးနှစ်ချောင်းကို အပိုင်းပိုင်း ဖြတ်လိုက်ပြီး သုံးထပ်သားမျာကို မွှေးကြိုင်သော အနီရောင်အသားလုံးများဖြစ်အောင် ပြုလုပ်လိုက်သည်။

ဝက်ခြေထောက် ရှစ်ချောင်းနှင့် အမြီးနှစ်ချောင်းကို အိုးကြီးတစ်လုံးတွင် ပြုတ်ထားပြီး ကြက်သွန်ဖြူနှင့် ဆားအနည်းငယ် ရောမွှေလိုက်လျှင် ခေါက်ဆွဲ ပြုလုပ်ရန် အဆင်သင့် ဖြစ်နေပြီ ဖြစ်သည်။ ထို့နောက် နှမ်းဆီအနည်းငယ် ထည့်ကာ စားလိုက်လျှင် အရသာ ရှိရှိစားသုံးနိုင်မည် ဖြစ်သည်။

ဝက်ဝမ်းတွင်းသားက‌ ဝိုင်ဖြင့် တွဲဖက် စားသုံးလျှင် အကောင်းဆုံးဟု ပြောနိုင်သည်။ စူးချင်းက လီရွှမ်းအာနှင့် တခြားသူများကို အိုးကြီးတစ်လုံး ရှာခိုင်းပြီး သန့်ရှင်းရေးလုပ်ကာ ဝတ်ကလီစာများ ချက်ပြုတ်ခိုင်းလိုက်သည်။ သုံးပုံနှစ်ပုံခန့် ကျက်သွားအောင်  ချက်ပြုတ်ပြီး ချိန်တွင် ကြက်သွန်နှင့် ဆားထည့်ကာ ထပ်ပြုတ်ခိုင်းလိုက်သည်။

ယနေ့တွင် သူမက သူမ၏ဟင်းချက်ချင်စိတ်ကို ဖြည့်တင်းနိုင်ခဲ့ပြီး ရှောင်ချီပေးထားခဲ့သော ဟင်းချက်နည်းများထဲမှ တစ်ဝက်ကျော်ကို အသုံးပြုခဲ့သည်။ ထောင်ဟွားဝူမှ ရွာသူရွာသားများကလည်း ဤဝက်သားစားပွဲတော်ကြီးကို စိတ်အားထက်သန်စွာ စောင့်မျှော်နေကြသည်။

တော်ဝင်စားဖိုမှူးတစ်ယောက်ကနေ ဆင်းသက်လာတဲ့ မျိုးဆက်တွေကတော့ သိပ်ပြီး မရိုးရှင်းဘူးပဲ။ သူမ လုပ်ထားတဲ့ ဟင်းမျိုးစုံကို ကြည့်လိုက်လေ။ အနံ့ကတောင် စွဲဆောင်မှု ရှိလွန်းတယ်။

စူးချင်းက အဒေါ်ချိုးနှင့် အခြားမိန်းကလေးများ၏ အကူအညီဖြင့် ချက်ပြုတ်နေရင်း အလုပ်များနေခဲ့သည်။ တခြားမိန်းကလေးများလည်း ပျော်ပျော်ရွှင်ရွှင် ကူညီပေးနေကြပြီး ထိုသို့ကူညီခြင်းက သူမတို့အတွက် ရှားရှားပါးပါး သင်ယူနိုင်ခွင့်တစ်ခု ဖြစ်နေခဲ့သည်။

သူမတို့အားလုံးက အနာဂတ်တွင် အိမ်ထောင်ပြုကြရမည် ဖြစ်ပြီး ကောင်းမွန်စွာ ချက်ပြုတ်နိုင်နေသရွေ့ ခင်ပွန်းသည်၏ နှလုံးသားကို ချည်နှောင်နိုင်မည် ဖြစ်သည်။

ကျိရွှေရှန့်က သူ့လူများကို ခေါ်ကာ ရေသယ်ရန် အပြန်ပြန်အလှန်လှန် သွားနေရပြီး သူလည်း မောဟိုက်နေပြီ ဖြစ်သည်။ သူ ပြန်လာတိုင်း မွှေးရနံ့ကို ရနိုင်ပြီး စူးချင်း၏ ဟင်းချက်ခြင်းအပေါ် အာရုံစူးစိုက်နေသည့် အမူအရာကိုလည်း သူ မြင်နေရသည်။ ထိုမြင်ကွင်းလေးကပင် ကြည်နူးစရာ ကောင်းလှပြီး သူ့ကို အမောပြေစေခဲ့သည်။

တစ်ရှီးချန်ခန့်(နှစ်နာရီခန့်)ကြာပြီးနောက်တွင် ဟင်းပွဲများအာလုံး အဆင်သင့်ဖြစ်နေပြီ ဖြစ်သည်။ ဝက်သနီချက်အိုးကြီးတစ်လုံးနှင့် ဝက်ခြေထောက်ရှစ်ချောင်းက ထောင်ဟွားဝူမှ ရွာသူရွာသားများ၏ပါးစပ်များကို ဆီများဖြင့် ဖုံးလွှမ်းသွားစေခဲ့သည်။ အသားများက များလွန်းသဖြင့် သူတို့ စားမကုန်လျှင်တောင် အစာကို မဖြုန်းတီးကြဘဲ လူတိုင်းက မိမိတို့၏စိတ်နှလုံးထဲမှ ကျေနပ်သည်အထိ အားရပါးရ စား‌သောက်နေကြသည်။

ကျုံးယုံက သူဘာသာသူ အရင်မစား‌သေးဘဲ သူ့အမေဆီသို့ အရင် သွားပို့လိုက်သည်။ စူးချင်း ချက်ပြုတ်သည့် ဟင်းများကို စားပြီးနောက်တွင် အမျိုးသမီးလီက အံ့အားသင့်နေခဲ့သည်။

အရမ်း အရသာရှိတယ်။ ဒီလိုအရသာရှိတဲ့ အစားအသောက်တွေကို မစားရတာ ဆယ်နှစ်တောင် ကျော်နေပြီ။ သူမ ယုံအာကို ကိုယ်ဝန်ရှိစအချိန်ကို ပြန်သတိရမိတယ်။ ယုံအာရဲ့ဖခင်က သူမကို စားသောက်ဆိုင်တစ်ဆိုင်ကို ခေါ်သွားပြီး အရသာရှိတဲ့ အစားအသောက်တွေ ကျွေးခဲ့ဖူးတယ်။ ယုံအာရဲ့အဖေက ဝက်ခေါက်က အရသာရှိတယ်လို့ ပြောပြီး သူ တစ်ကိုက်မှ မစားဘဲ အားလုံးကို သူမအတွက် ချန်ထားပေးခဲ့တယ်။

အမျိုးသမီးလီက သူမကိုယ်သူမ မထိန်းနိုင်ဘဲ မျက်ရည်များ ကျလာပြန်သည်။ ကျိရှောင်ယင်က သူမ၏မျက်ရည်များကို မြင်သွားပြီး အမြန်သုတ်ပေးလိုက်သည်။

"မွေးစားအမေ၊ ဘာလို့ ငိုနေတာလဲ?"

ဒါတွေက အရမ်း အရသာရှိတယ်။ မွေးစားအမေက ဝမ်းသာလွန်းလို့ ငိုမိတာပါ"

အမျိုးသမီးလီက သူမ၏ မျက်ရည်များကို သူမ၏အင်္ကျီလက်ဖြင့် သုတ်လိုက်ပြီး တိုးညှင်းသော အသံဖြင့် ပြန်ရှင်းပြလိုက်သည်။

စူးချင်းက အချိန်အတော်ကြာ အလုပ်များခဲ့ရပြီး သူမ၏ လက်များ၊ ခြေထောက်များနှင့် ခါးများပင် နာကျင်နေရသည်။ သူမ အကြောဆန့်နေချိန်တွင် အမျိုးသမီးလီ၏အသံကို ကြားလိုက်ရပြီး တစ်ချက်လှည့်ကြည့်လိုက်သည်။ သူမက အမျိုးသမီးလီ၏ ညည်းတွားသံမှ သူမ တစုံတယောက်ကို တွေးနေမှန်း သိလိုက်သော်လည်း ဘာမှ မပြောဘဲ အကြည့်ပြန်လွှဲသွားခဲ့သည်။

စူးချင်းကလည်း ဟန်ဆောင်ပန်ဆောင် လုပ်မနေဘဲ အသားစားရန် ထိုင်ချလိုက်သည်။ သူမ၏ လက်ရှိခန္ဓာကိုယ်က အသားဓာတ် ချို့တဲ့နေပြီး အသားကို အနံ့ခံလိုက်ရသောကြောင့် သွားရည်များပင် ထွက်ကျလာသည်။ စူးချင်းက သူမ၏ဟင်းချက်ကျွမ်းကျင်မှုကို အလွန်ကျေနပ်နေပြီး သူမ မျှော်လင့်ထားသည့်အတိုင်း စနစ်၏ သတင်းကောင်းပေးသံက သူမ၏နားထဲသို့ တိုးဝင်လာသည်။

[ဝက်သားစားပွဲတော် ကျင်းပပေးပြီး တစ်ရွာလုံးရဲ့ သုံးသပ်ချက်ကောင်းကောင်းတွေကို ပြန်ရလာတဲ့အတွက် Host ကို ဂုဏ်ယူပါတယ်။ ဆုကြေးအနေနဲ့ Host ရဲ့ ဟင်းချက်ကျွမ်းကျင်မှုကို အဆင့်နှစ်ဆင့် တိုးမြှင့်ပေးလိုက်ပါတယ်။ Host ရဲ့ ချက်ပြုတ်မှုစွမ်းရည်က အဆင့်ငါးအထိ မြင့်တက်လာတာကြောင့် Hostရဲ့ ကာယခွန်အား၊ စိတ်ပိုင်းဆိုင်ရာ ခွန်အားနဲ့ တိုက်ခိုက်ရေးစွမ်းအားတွေ ပါဝင်တဲ့ စစ်နတ်ဘုရားစွမ်းရည်က အဆင့် ၂၃ ကို မြင့်တက်လာခဲ့ပါပြီ]

စူးချင်းက ဤတိုးတက်မှုနှုန်းကို သဘောကျနေသော်လည်း အစပိုင်းတွင်သာ အဆင့်တက်ရန် လွယ်ကူမည်ကို သူမ နားလည်ထားခဲ့သည်။ အဆင့်မြင့်လာပါက သူမ အဆင့်မြှင့်တင်နိုင်ရန် လွယ်ကူမည် မဟုတ်တော့ပေ။ သို့သော်လည်း သူမထံတွင် မြင့်မားသော မျှော်လင့်ချက်လည်း မရှိပေ။ သူမက သူမ၏စစ်နတ်ဘုရားစွမ်းရည်ကို တတ်နိုင်သမျှ ၅၀ သို့ ပြန်ရောက်အောင် ခပ်မြန်မြန် အဆင့်မြှင့်တင်လိုခြင်းသာ ဖြစ်သည်။

သူမရဲ့အရင်ဘဝက စွမ်းရည်တွေကို တစ်ဝက်လောက် ပြန်ရရင်တောင် သူမ ဒီရှေးခေတ်ကမ္ဘာကြီးမှာ သူမ လုပ်ချင်တာကို လုပ်နိုင်လိမ့်မယ်။ ဘေးတိုက်လျှောက်ချင်ရင်တောင် လျှောက်လို့ရသေးတယ်။

သူမ တွေးနေစဥ်မှာပင် စနစ်၏အသံက ထပ်ပြီး ပေါ်လာပြန်သည်။

[Host က မစ်ရှင်အတွက် ကြိုးကြိုးစားစား လုပ်ခဲ့တကြောင့် ဆုကြေးအနေနဲ့ ပဲငံပြာရည်ပြုလုပ်နည်းကို ရရှိခဲ့ပါတယ်]

စူးချင်း၏နှုတ်ခမ်းထောင့်က လှုပ်ယမ်းသွားသည်။ စနစ်က သူမရဲ့အတွင်းစိတ်ထဲက အသံကို ကြားနေရပုံပဲ။ ဒါက တကယ်ကို အံ့သြစရာပဲ။ ပဲငံပြာရည်ချက်နိုင်ရင် သူမက တာ့ရှားမှာ အချမ်းသာဆုံးလူ ဖြစ်လာနိုင်တယ်လေ။

လူတိုင်း ဝလင်အောင် စားပြီးကြသော်လည်း အသားများစွာ ကျန်နေသေးသည်။ ရွာလူကြီးချိုးက လူတိုင်းအတွက် ဝေငှပေးရန် အဒေါ်ချိုးကို တောင်းဆိုလိုက်သည်။ လမ်းခရီးတွင် သူတို့ ဗိုက်ဆာလာပါက သူတို့ဘာသာ ထုတ်ယူစားနိုင်ရန် ဖြစ်သည်။

စူးချင်းက ဆီအိုးနှစ်လုံးကို ရထားလုံးပေါ် တင်ထားလိုက်ပြီး သူမတို့  အနားယူနေချိန်တွင် စူးချင်းက အချိန်ယူကာ အဖုံးနှစ်ခု ပြုလုပ်ထားခဲ့သည်။ ထိုအဖုံးရှိမှသာ ဖုန်မှုန့်များ မဝင်ရောက်စေရန် ကာကွယ်နိုင်မည် ဖြစ်သည်။

ဆားနှင့် နှပ်ထားသော အသားများ အားလုံးကို ခြင်းတောင်းထဲသို့ ထည့်လိုက်ပြီး လှည်းပေါ်သို့ တင်လိုက်ကြသည်။

ရွာလူကြီးချိုးက အလွန်ကျေနပ်နေခဲ့သည်။ သူတို့ ထောင်ဟွားဝူကနေ ထွက်ပြေးလာတဲ့ အချိန်မှာ လမ်းတစ်‌လျောက် သွားလာရင်းနဲ့ ရွာသားတွေ ငတ်သေမှာကို သူ စိုးရိမ်ခဲ့ဖူးတယ်။ အခုတော့ သူတို့မှာ စားစရာလှည်းသုံးစီး၊ အသားတွေ အများကြီးနဲ့ အသားဆီအိုး နှစ်အိုးရှိတယ်။ သူတို့ဘဝက ထောင်ဟွားဝူမှာ နေတုန်းကထက်တောင် ပိုကောင်းနေသေးတယ်။

"ပစ္စည်းတွေကို ထုပ်ပိုးပြီး မြန်မြန် ခရီးဆက်ကြရအောင်"

ညစာစားပြီးချိန်တွင် စောနေသေးသောကြောင့် ကျိရွှေရှန့်က ခရီးဆက်ရန် လှုံဆော်လိုက်သည်။ မမှောင်ခင်  အိပ်ရန် စခန်းချနိုင်မည့် နေရာကို ရှာဖွေရဦးမည် ဖြစ်သည်။

ရွာသူရွာသားများက အစားအစာကို ဝလင်အောင် စားခဲ့ရသောကြောင့် လမ်းလျှောက်ရန် ခွန်အားများ ပြည့်နေကြသည်။ ယခုအချိန်တွင် အမျိုးသမီးများက သူမတို့လမ်းလျှောက်နေရင်း စူးချင်းထံမှ သင်ယူခဲ့သည့် နည်းလမ်းအတိုင်း ကောက်ရိုးဖိနပ်များကို ရက်လုပ်နေကြသည်။

စူးချင်းက ရထားလုံးပေါ်သို့ အလျင်စလို မတက်ဘဲ လမ်းလျောက်ကာ ထွက်ခွာလာခဲ့သည်။ သူမက အသားဟင်းကို ထပ်မစားနိုင်လောက်သည်အထိ အများကြီး စားခဲ့မိသောကြောင့် ရထားလုံးပေါ်မှ လိုက်လာလျှင် အစာကြေနိုင်တော့မည် မဟုတ်ပေ။ သူမက သူမ ရထားလုံး မစီးရုံသာမက ကျိရှောင်ယင်ကိုလည်း သူမနှင့်အတူ လမ်းလျှောက်ခိုင်းခဲ့သည်။ သူမတို့ နှစ်ယောက်လုံး ရထားလုံးမစီးတော့ကြောင်း သိလိုက်သောအခါ ကလေးများကလည်း ရထားလုံး မစီးချင်ကြတော့ပေ။ သူတို့က လိပ်ပြာလေးများကို တွေ့လျှင် လိပ်ပြာလေးများကို လိုက်ဖမ်းချင်ကြပြီး ပုစဉ်းလေးများကို တွေ့လျှင် ပုစဉ်းလေးများ လိုက်ဖမ်းချင်ကြပြန်သည်။ သူတို့ထံတွင် မဆုံးနိုင်သော ပျော်စရာများ အများကြီး ရှိနေခဲ့သည်။

သူတို့ အဝေးကြီးသို့ မပြေးသွားသရွေ့ လူကြီးများက သူတို့ကို မငေါက်ကြပေ။ စူးချင်းအတွက်လည်း လမ်းတစ်လျှောက်လုံး ကလေးများ နူးညံ့စွာ ရယ်မောနေသည့်အသံကို ကြားနေရသည်။

လှည်းပေါ်တွင် မည်သူမျှ မရှိတော့ဘဲ အမျိုးသမီးလီ တစ်ယောက်တည်းသာ ကျန်နေတော့သည်။ စူးချင်းနှင့် ကျိရှောင်ယင်က သူမကို ရွံရှာသွားပြီး သူမနှင့်အတူ မထိုင်ချင်အောင် သူမ တစ်ခုခုလုပ်ထားမိသည်ဟု အမျိုးသမီးလီက တွေးနေပြီး အနည်းငယ် စိတ်မသက်မသာ ခံစားနေရသည်။

"သခင်၊ ရှောင်ချီက အင်အားအပြည့်နဲ့ ပြန်လည် ရှင်သန်လာပါပြီ"

စူးချင်းက လမ်းလျှောက်နေရင်း မြက်ဖိနပ် ရက်နေခဲ့သည်။ ထိုအချိန်တွင် ရုတ်တရက် ရှောင်ချီ၏ရွှင်မြူးနေသည့်အသံလေးကို သူမ ကြားလိုက်ရသည်။ သူမ  စနစ်ထဲသို့ လှမ်းကြည့်လိုက်ရာ ရှောင်ချီ၏ဖြူစင်ပြီး ဖွံ့ထွားသော အသွင်အပြင်လေးကို ပြန်မြင်လိုက်ရသည်။ သူမ၏ လှပသော မျက်လုံးကြီးများက အပြာရောင်ပင်လယ်နှင့် တူနေပြီး သူမ မျက်တောင်ခတ်လိုက်ချိန်တွင် သူမ၏မျက်တောင်ရှည်ကြီးများက အလွန်ချစ်စရာကောင်းနေပြန်သည်။

အင်း”

စူးချင်းက အသံပြန်ပြုလိုက်သည်။ အပေါ်ယံတွင် သူမ၏ မျက်နှာက အေးစက်နေသော်လည်း သူမ၏သခင်က သူမအတွက် စိတ်ပူနေမှန်း ရှောင်ချီက ခံစားနိုင်သည်။

ရှောင်ချီ နိုးလာသည်ကို မြင်လိုက်သောကြောင့် စူးချင်းက သူမ ကျိရွှေရှန့်နှင့်အတူ ခူးဆွတ်ထားသော ဆေးဘက်ဝင်အပင်များကို စနစ်အတွင်းသို့ ထည့်ကာ သိမ်းဆည်းလိုက်သည်။ ဆေးဖက်ဝင်အပင်များကို မြင်လိုက်သောကြောင့် ရှောင်ချီက ဝမ်းသာသွားပြီး ပန်းရောင်ပူဖောင်းများကို ထပ်မံမှုတ်ထုတ်လိုက်ပြန်သည်။

သခင်... သခင်က အရမ်းတော်တယ်။ ဆေးဖက်ဝင်အပင်တွေ အများကြီး ထပ်ရှာလာပြန်ပြီ၊ ရှောင်ချီ အရမ်းပျော်နေတယ်"

စူးချင်း၏နှုတ်ခမ်းထောင့်များကလည်း အနည်းငယ် ကြွတက်လာသည်။ ရှောင်ချီ ပြန်နိုးလာသောကြောင့် သူမလည်း ပျော်ရွှင်သွားပြီး ပေါ့ပါးလန်းဆန်း နေခဲ့သည်။

ကောက်ရိုးဖိနပ် ရက်လုပ်ခြင်းက တိုးတက်မှု နှေးကွေးလာသည့်အပြင် ကောက်ရိုးဖိနပ်စီးထားခြင်းက တောင်တက်လမ်းများပေါ်တွင် အဆင်မပြေ ဖြစ်နေကြသည်။ စူးချင်းက ရှောင်ချီက မြင်းစီးဖိနပ်(ဖိနပ်ရှည်) ပြုလုပ်နည်းကို ရှာခိုင်းလိုက်ပြီး သူမအတွက် ပြုလုပ်ရန် ဆုံးဖြတ်လိုက်သည်။

ရှောင်ချီက သူမသခင်၏အမိန့်ကို ဝမ်းသာအားရ လက်ခံလိုက်ပြီး အသေးစိတ်ပုံစံကို ရှာဖွေရန် စနစ်၏ဖန်သားပြင်ဆီသို့ ပြေးသွားလေသည်။

စူးချင်းက ပြုတ်ထားသောမြင်းသားရေခွံကို ယူဆောင်ပြီး ရထားလုံးဆီသို့ ပြန်လာခဲ့သည်။ ကျိရွှေရှန့်က သူမကို မြင်သွားပြီး ရထားလုံးကို ရပ်လိုပေးလိုက်သောကြောင့် စူးချင်းက ရထားလုံးပေါ် ပြန်တက်လိုက်သည်။ ကျိရှောင်ယင်နှင့် ကလေးများကလည်း ရထားလုံးပေါ်သို့ ပြန်တက်သွားသောကြောင့် မူလကတိတ်ဆိတ်နေသော ရထားလုံးက ချက်ချင်း ပြန်လည်အသက်ဝင်လာသည်။

သူမတို့ ပြန်ရောက်လာသောကြောင့် အမျိုးသမီးလီ၏ ဂနာမငြိမ် ဖြစ်နေသောနှလုံးသားက နောက်ဆုံးတွင် ပြေလျော့သွားခဲ့သည်။

ကျိရှောင်ယင်က စူးချင်း ကတ်ကြေးကိုင်ဆောင်ထားပြီး မြင်းသားရေကို ဖြတ်ရန် အသင့်ဖြစ်နေကြောင်း တွေ့လိုက်သောကြောင့် မမေးနိုင်ဘဲ မေးလိုက်မိသည်။

"အစ်မ ဘာလုပ်နေတာလဲ?"

✍️✍️✍️