Chapter 94
Viewers 17k

အခန်း ၉၄

"မြင်းစီးဖိနပ် ချုပ်မလို့"

စူးချင်းက ခေါင်းငုံ့ထားရင်း ပေါ့ပေါ့ပါးပါး ပြန်ဖြေလိုက်သည်။ ကျိရွှေရှန့်က ထိုအသံကို ကြားသွားပြီး သူမကို လှည့်မကြည့်ဘဲ မနေနိုင်တော့ပေ။

သူမက မြင်းစီးဖိနပ်တောင် လုပ်တက်တယ်လား? သူမ မလုပ်နိုင်တဲ့ တစ်ခုခု ရှိသေးရဲ့လား?

ယနေ့ အစားအသောက်များကလည်း ကျိရွှေရှန့်၏မျက်လုံးများကို အမှန်တကယ် ဖွင့်ပေးနိုင်ခဲ့သည်။ ယခင်တုန်းက သူ အမဲလိုက်ပြီး အိမ်ပြန်လာလျှင် သူ့၏မွေးစားဖခင်ကလည်း မချက်မပြုတ်တက်သောကြောင့် ချိုးမိသားစုသို့ သွားကာ  အကူအညီတောင်းပြီး မျှဝေစားကြရသည်။ သူတို့ရွာတွင် အ‌ဒေါ်ချိုးက ဟင်းချက်အကောင်းဆုံးသူဟု ယူဆနိုင်သော်လည်း ယခု စူးချင်းနှင့် ယှဉ်လိုက်ရင် ကောင်းကင်နှင့် မြေကြီးပမာ ဝေးကွာလှသည်။

ဟင်းပွဲချက်ပြုတ်နည်းတွေအပြင် အရသာက ပိုပြီးတောင် ကွာခြားနေသေးတယ်။ စူးချင်း ချက်ထားတဲ့ ဝက်သားပြုတ်က ပါးစပ်ထဲမှာတင် အရည်ပျော်သွားပြီး အဆီတွေကြောင့် အီနေတာမျိုးလည်း မရှိဘူး။ သူမ ပြင်ဆင်ထားတဲ့  ဝက်ခေါက်ကတောင်မှ နူးညံ့ပျော့ပျောင်းလွန်းလို့ အရိုးပေါ်ကနေ အလွယ်တကူ ဖယ်ပစ်နိုင်တယ်။ စားပြီးတဲ့အထိ မွှေးရနံ့က သူ့ပါးစပ်ထဲမှာ စွဲကျန်နေခဲ့တယ်။ ပြီးတော့ ဝက်ဝမ်းတွင်းသားတွေကို ရေနဲ့ ပြုတ်ရုံနဲ့ အဲ့လောက်အရသာရှိမယ်လို့ သူ လုံးဝ မထင်ခဲ့ဘူး။

အရင်တုန်းက သူတို့က ဝက်အူတွေနဲ့ အစာအိမ်တွေကို စွန့်ပစ်ပြီး မစားဘဲ နေခဲ့ကြတယ်။ အဲ့တာက ကောင်းကင်ကချပေးတဲ့ ဆုလဒ်တွေကို ဖြုန်းတီးပစ်ခဲ့တာပဲ။

ကျိရွှေရှန့်က သူ့ကိုယ်သူ မထိန်းနိုင်ဘဲ စူးချင်းကို နောက်ထပ် အကြိမ်အနည်းငယ် လှမ်းကြည့်လိုက်မိသည်။ သူမက မြင်းသားရေကို ဖြတ်ရန်သာ အာရုံစိုက်နေသောကြောင့် သူက သူ့အကြည့်များကို ပြန်ရုတ်သိမ်းလိုက်ပြီး ရထားလုံးမောင်းနှင်ရန် အာရုံပြန်စိုက်လိုက်သည်။

စူးချင်းက ရှောင်ချီရှာပေးသည့် ပုံအတိုင်း  ညှပ်လိုက်ပြီး စတင်ချုပ်နေခဲ့သည်။ သူမက ကျင်းချန်မှ ဖောက်စူးတစ်ခု ဝယ်ခဲ့ပြီး ယခုအချိန်တွင် အသုံးဝင်သွားခဲ့သည်။ သားရေက မာကြောသောကြောင့် ချည်ဖြင့် မချုပ်ခင် ဖောက်စူးဖြင့် အရင် ထိုးဖောက်ရသည်။ ကျန်သော အဆင့်များက ဖိနပ်ပြုလုပ်နည်းနှင့် တော်တော်များများ ဆင်တူပြီး ခြေဖဝါးကို မပေါက်စေရန် ပိုထူအောင် ချုပ်ရမည် ဖြစ်သည်။

 

အစပိုင်းတွင် ကျိရှောင်ယင်က စူးချင်း ဖိနပ်ချုပ်နေသည်ကို ကြည့်နေကာ လေးလေးနက်နက် သင်ယူနေခဲ့သော်လည်း ရထားလုံးက တုန်ခါလာသောအခါ ကလေးမလေး၏မျက်ခွံများက ပင့်တင်နိုင်ခြင်း မရှိလောက်အောင် ပူးကပ်သွားပြီး သူမ၏ခေါင်းက တဆတ်ဆတ် ငိုက်ကျလာကာ အိပ်ပျော်သွားတော့သည်။

စူးချင်းက ကျိရှောင်ယင် ထိုသို့အိပ်ပျော်သွားသည်ကို မြင်လိုက်ပြီး သူမ အဆင်မပြေ ဖြစ်မည်ကို စိုးရိမ်သောကြောင့် ကျိရှောင်ယင်၏ဦးခေါင်းကို သူမပုခုံးပေါ် တင်ပေးလိုက်ပြီး ကလေးမလေး သက်တောင့်သက်သာ အိပ်နိုင်စေရန် ပြုလုပ်ပေးလိုက်သည်။

ကျိရွှေရှန့်က စူးချင်း၏လုပ်ရပ်ကို မြင်သွားပြီး သူ့ရင်ဘတ်က အလွန် လှုပ်ရှားသွားခဲ့သည်။

စူးချင်းက ရှောင်ယင်ကို ညီမအရင်းထက် ပိုကောင်းအောင် ဆက်ဆံပေးတယ်။ နောင်မှာ သူ လက်စားချေဖို့ သွားရရင် သူ ရှောင်ယင်ကို သူမလက်ထဲမှာ စိတ်ချလက်ချ  ထားခဲ့နိုင်လိမ့်မယ်။

အဖွဲ့ကြီးတစ်ခုလုံးက ရှေ့သို့ ဖြည်းညှင်းစွာ ရွေ့လျားနေကြပြီး မမှောင်မီ ထျဲကြွယ်တောင်မှ ထွက်ခွာနိုင်ခဲ့သည်။ ထျဲကြွယ်တောင်၏အပြင်ဘက်တွင် လွင်ပြင်တစ်ခု ရှိနေသော်လည်း မိုးခေါင်မှုကြောင့် စိမ်းလန်းသော မြက်ခင်းများ မရှိတော့ဘဲ မြက်ခြောက်များနှင့် ဆွေးမြေ့နေသော မြင်ကွင်းတစ်ခုသာ ဖြစ်နေခဲ့သည်။

ဒီည ဒီမှာ အနားယူကြမယ်။ အဝေးကြီး မသွားကြနဲ့"

ကျိရွှေရှန့်က ဤနေရာတွင် စခန်းချခြင်းက အကောင်းဆုံးဖြစ်သည်ဟု ခံစားမိသောကြောင့် ရထားလုံးကို ရပ်တန့်လိုက်ပြီး နောက်သို့လှည့်လာ အော်ပြောလိုက်သည်။

ထောင်ဟွားဝူမှ ရွာသူရွာသားများ အနားယူရန် ပြင်ဆင်နေချိန်တွင် တစ်ဖက်မှ ဝမ်ယွိလင်က  ကောင်းချန်သို့ အပြေးအလွှား ရောက်သွားခဲ့ပြီး သေဆုံးနေပြီ ဖြစ်သည့် သူ့၏ညီဖြစ်သူ ဝမ်ယွိဖုန်းကို တွေ့လိုက်ရသည်။

သူ့ညီငယ်လေး၏နှလုံးက တူးထုတ်ခံထားရပြီး ခြေလက်များပေါ်ရှိ အရွတ်များကလည်း အဖြတ်ခံထားရသည်။ သူ့၏လျှာက ပြတ်နေသည့်အပြင် မျက်လုံးများလည်း အဖောက်ခံထားရသည်ကို တွေ့လိုက်ရပြီး သူ့၏သေဆုံးမှုက ကြောက်စရာကောင်းလှသည်။

ဝမ်ယွိလင်က သူ၏ဓားရိုးကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားပြီး သူ့၏မျက်နှာက မုန်တိုင်းမတိုက်မီ မည်းမှောင်နေသော ကောင်းကင်ကြီးကဲ့သို့ အုံ့မှိုင်းနေကာ ခရိုင်ရုံးတော်တစ်ခုလုံးက ရေခဲနှင့် နှင်းကမ္ဘာထဲသို့ ဝင်ရောက်နေသလို ဖြစ်နေပြီး မှောင်မည်းနေသော တိမ်များ ဖုံးလွှမ်းထားသလို ခံစားရစေသည်။ လူတိုင်းက ဆောင်းရာသီမှ ပုစဉ်းရင်ကွဲများကဲ့သို့ တိတ်ဆိတ်နေပြီး ကောင်းချန်၏ခရိုင်တရားသူကြီး ချိုးချူရန်ပင် ကြောက်ရွံ့မှုကြောင့် တုန်ယင်နေခဲ့သည်။

တော်ဝင်သံတမန် အသတ်ခံလိုက်ရကတည်းက သူ ရာထူးကနေ ဖယ်ရှားခံရဖို့ သေချာနေပြီလေ။ ဒါပေမယ့် သေဆုံးသွားတဲ့သူက ဝန်ကြီးချုပ်ဝမ်ရဲ့အချစ်ဆုံး စတုတ္ထမြောက်သား ဖြစ်နေတာကြောင့် သူရဲ့ အရာရှိခေါင်းဆောင်းကို ဆုံးရှုံးရုံသာမက သူရဲ့သေးငယ်တဲ့ အသက်လေးကိုပါ ဆုံးရှုံးရမှာကို သူ ကြောက်နေရပြီ။

"သူက စွေ့ရှန်းအဆောင်ကို ဘယ်လို ရောက်သွားတာလဲ?"

ဝမ်ယွိလင်က သူ့၏နက်မှောင်သော မျက်လုံးများဖြင့် ချိုးချူရန်ကို လှမ်းကြည့်လိုက်သည်။ သူရဲ့စတုတ္ထညီလေး အသတ်ခံခဲ့ရတဲ့နေရာက စွေ့ရှန်းပြည့်တန်ဆာအိမ် ဖြစ်နေခဲ့တယ်။ တော်ဝင်သံတမန်က ပြည့်တန်ဆာအိမ်ကို သွားလို့ ဧကရာဇ်သိသွားရင် အဲ့တာက ခေါင်းဖြတ်ခံရနိုင်တယ်။ သူ့ညီက စွေ့ရှန်းပြည့်တန်ဆာအိမ်ကို မသွားရင် သေမှာ မဟုတ်ဘူး။

ဝမ်ယွိလင်က အေးစက်သော ဓားတစ်ချောင်းကဲ့သို့ ချိုးချူရန်ကို စိုက်ကြည့်နေပြီး သူက ထိုလူ့ကို အပိုင်းပိုင်းဖြတ်ပြီး အပြစ်ပေးချင်နေပုံရသည်။

"အဲ့.... အဲ့တာက တော်ဝင်သံတမန်ဝမ်က... အမိန့်ပေးတာကြောင့်... ဒီ...ဒီနိမ့်ကျတဲ့ အရာရှိက စီစဥ်ပေးမိတာပါ..."

ချိုးချူရန်က ထစ်ထစ်ငေါ့ငေါ့ ပြောနေရင်း ဝမ်ယွိလင်၏ အမူအရာကို တိတ်တဆိတ် အကဲခတ်နေခဲ့သည်။ ဝမ်ယွိလင်၏ရက်စက်ပုံရသော မျက်လုံးများက သူ့ကို စိုက်ကြည့်နေသည်ကို မြင်လိုက်သောအခါ ချိုးချူရန်က သူ့ကို ဆက်မကြည့်ရဲတော့ဘဲ သူ့နဖူးတွင် အေးစက်သော ချွေးများ ဖုံးလွှမ်းလာခဲ့သည်။

အားးးးး!”

ချိုးချူရန်က ထိုချွေးအေးများကို သုတ်ရန် သူ့၏အင်္ကျီလက်ကို မြှောက်လိုက်စဉ်တွင် ဝမ်ယွိလင်က သူ့ကို ကန်ထုတ်လိုက်သည်။ ဝမ်ယွိလင်က ကိုယ်ခံပညာကို တစ်နှစ်ပတ်လုံး လေ့ကျင့်ထားခဲ့ပြီး ပန်းကန်လုံး၏အဝလောက် ထူထဲသော သစ်ပင်တစ်ပင်ကိုပင် အလွယ်တကူ ရိုက်ချိုးနိုင်သည်။ ဒေါသထွက်နေသည့် သူ့၏ ခြေကန်ချက်က  အမျိုးသမီးများကို နှစ်သက်ပြီး သောက်စားပျော်ပါးတက်သော  ဗိုက်ရွှဲရွှဲ ချိုးချူရန် ခုခံနိုင်သည့်အရာ မဟုတ်ပေ။ အကန်ခံလိုက်ရသည်နှင့် တပြိုင်နက် ချိုးချူရန်က မြေပြင်ပေါ်သို့ လဲကျသွားပြီး သူ့၏ခြေလက်များက တဆတ်ဆတ်တုန်လာကာ သူပါးစပ်မှ သွေးများ စီးကျလာပြီး မကြာမီ သေဆုံးသွားတော့သည်။

"စစ်သူကြီး၊ ဒေါသကို လျော့ပါ"

ဝမ်ယွိလင်၏ စစ်ဘက်အကြံပေးဖြစ်သော  လုယွဲ့က သူ့ကို ဖြောင်းဖျရန် အလျင်အမြန် ကြိုးစားလိုက်သည်။ ဝမ်ယွိလင်က နက်မှောင်သောမျက်နှာဖြင့် သူ့ကို ပြန်စိုက်ကြည့်နေပြီး  အဆုံးမရှိ ဒေါသများဖြင့် ပြည့်နေသောအသံဖြင့် ငါ့ရဲ့ညီလေး သေသွားတာတောင် မင်းက ငါ စိတ်အေးအေးထားဖို့ ဘာလို့ မျှော်လင့်နေရတာလဲ?”

စတုတ္ထသခင်လေးက ဒီလို ကြေကွဲဖွယ်သေဆုံးသွားတာကြောင့် စစ်သူကြီးက ပိုပြီး တည်ငြိမ်သင့်ပါတယ်။ စတုတ္ထသခင်လေး အခုလိုမျိုး သေဆုံးသွားတာက အခြားတစ်ဖက်က ဝမ်မိသားစုကို အရမ်းမုန်းတီးနေတာကြောင့် ဖြစ်နိုင်တယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကတည်းက ဘယ်သူက ဝမ်မိသားစုကို ဒီလိုဆက်ဆံရဲလို့လဲ? ဘယ်သူက ဝမ်မိသားစုကို ဒီလောက်မုန်းနေမလဲဆိုတာတွေကို သေသေချာချာ တွေးတောသင့်ပါတယ်"

စစ်အကြံပေးလုယွဲ့၏စကားများက ဝမ်ယွိလင်၏ဒေါသများကို ပြေပျောက်စေသော ရေအေးတစ်ပုံးနှင့် တူနေပြီး ဝမ်ယွိလင်က သူ့မျက်လုံးများကို မှေးကျဥ်းကာ သွားကြားထဲမှ ထွက်လာသော စကားလုံးများကို ညှစ်ထုတ်လိုက်သည်။

"ရှောင်းမိသားစုရဲ့ အကြွင်းအကျန်တွေ"

"အချိန်ကို ပြန်တွက်ကြည့်ရင် ရှောင်းမျိုးနွယ်ကနေ လွတ်မြောက်သွားတဲ့ ဒီကောင်ကလေးက အသက်ဆယ့်ကိုးနှစ်လောက် ရှိလိမ့်မယ်"

လုယွဲ့က သူ့စကားကို ဆက်မပြောတော့ဘဲ ထိုနေရာတွင် ရပ်ထားလိုက်သော်လည်း စစ်သူကြီးဝမ်၏အတွေးများက မရပ်တန့်နိုင်တော့ပေ။

လာကြစမ်း၊ အဲဒီနေ့က အဖြစ်အပျက်နဲ့ သက်ဆိုင်တဲ့လူတွေအားလုံးကို ရုံးတော်ကို ခေါ်လိုက်။ ငါ သူတို့ကို တွေ့ပြီး စစ်ဆေးမေးမြန်းချင်တယ်”

ဝမ်ယွင်လင်၏အမူအရာက လေးနက်နေသည်။

တကယ်တော့ ရှောင်းမိသားစုကနေ လွတ်မြောက်သွားတဲ့ ကောင်လေးက သူတို့အတွက် အမြဲတမ်း ပြဿနာကြီးတစ်ခု ဖြစ်နေခဲ့တယ်။

ထိုညတွင် ကောင်းချန်၏ ရုံးတော်မှ အော်ဟစ်သံများ အဆုံးမသတ်နိုင်အောင် ကြားနေရပြီး အနီးနားတွင် နေထိုင်သူများလည်း တစ်ညလုံး မအိပ်ဝံ့ကြတော့ပေ။

ဝမ်ယွိလင်၏လက်ထဲတွင် ပုံတူတစ်ခု ကိုင်ထားပြီး ထိုပုံက သူ့မှတ်ဉာဏ်ကို အခြေခံကာ သူကိုယ်တိုင် ရေးဆွဲထားသောပုံ ဖြစ်သည်။ စွေ့ရှန်းပြည့်တန်ဆာအိမ်မှ ကောင်မလေးများနှင့် ဖောက်သည်များကို ရုံးတော်သို့ ခေါ်ဆောင်ခဲ့ကြပြီး ပုံတူတွင် ပါရှိသည့် အမျိုးသားကို မှတ်မိလားဟု  မေးမြန်းခဲ့ကြသည်။

ထိုပုံတူထဲမှ အမျိုးသားက အများသူငှာ မယှဉ်နိုင်သော အလှတရားကို ပိုင်ဆိုင်ပြီး သူ့မျက်ခုံးကြားတွင် သူရဲကောင်းဆန်သော စိတ်ဓာတ်ကို အပြည့်အဝ ပြသနေသည့်  ကြယ်များကဲ့သို့သော မျက်လုံးများ ရှိနေသည်။ သူက ဓားရှည်ကို ကိုင်ထားပြီး ပန်းချီကားပေါ်တွင် မတ်မတ်ရပ်နေလေသည်။

"ဒီလူကို မင်း အရင်က တွေ့ဖူးလား?"

ဝမ်ယွိလင်က ဤမေးခွန်းကို အကြိမ်ပေါင်း မရေတွက်နိုင်အောင် မေးခဲ့သော်လည်း ပင်ပန်းနေပုံ မပေါ်သေးပေ။ သူ့မျက်လုံးများက လင်းယုန်တစ်ကောင်ကဲ့သို့ စူးရှိနေသောကြောင့်  မိန်းကလေးများအားလုံး တုန်ယင်နေကြသည်။

"မ‌တွေ့ဖူးပါဘူး!"

"ကျွန်တော်မျိုး သူ့ကို တစ်ခါမှ မတွေ့ဖူးပါဘူး!"

"ကျွန်တော်မျိုးမ သူ့ကို တစ်ခါမှ မတွေ့ဖူးပါဘူး!"

ဝမ်ယွိလင်က စားပွဲကို ဆောင့်ရိုက်ချလိုက်ပြီး မတ်တပ်ထရပ်ကာ ပုံတူပန်းချီကို အလုံးတစ်လုံးဖြစ်အောင် ချေမွလိုက်သည်။ သူ၏လင်းယုန်မျက်လုံးများက အလွန် စူးရှကြမ်းတမ်းနေပြီး တစ်စုံတစ်ဦးကို ဆွဲဖြဲချင်နေပုံရသည်။

စွေ့ရှန်းပြည့်တန်ဆာအိမ်တော်မှ မိန်းကလေးများကလည်း အလွန်ထိတ်လန့်နေကြပြီး မျက်ရည်များ ဝဲနေကြသည်။ သူမတို့က ဒေါသထွက်နေသော ဝမ်ယွိလင်ကို ကြည့်နေရင်း အချင်းချင်း ပွေ့ဖက်ထားကာ တုန်ယင်နေကြသည်။

"စစ်သူကြီး"

လုယွဲ့က ဝမ်ယွိလင်ကို သတိပေးလိုက်သည်။

"စစ်သူကြီး၊ စိတ်အေးအေးထားပါ၊ စစ်သူကြီးက စိတ်မရှည်ဖြစ်လေလေ၊ အသေးစိတ်အချက်အလက်တွေကို လျစ်လျူရှုမိဖို့ ပိုလွယ်ကူလေလေပါပဲ"

ဝမ်ယွိလင်က အသက်ကို ပြင်းပြင်းရှူလိုက်ပြီး သူ့စိတ်ထဲမှ စိုးရိမ်ပူပန်မှုများကို လျှော့ချလိုက်ပြီး လေးနက်သောအသံဖြင့် ထပ်မေးလိုက်သည်။

အဲဒီတုန်းက ချန်ကျင့်ရှန်းက ရှောင်းမိသားစုရဲ့အကြွင်းအကျန်တွေနဲ့အတူ ထွက်ပြေးသွားတာကို လိုက်ဖမ်းတော့ သူတို့က ချောက်ကမ်းပါးပေါ်ကနေ ပြုတ်ကျသွားခဲ့တယ်။ အဲဒီအောက်က မြစ်က ဘယ်ကို ဦးတည်သွားတာလဲ?”

"ဒီမြစ်က လမ်းကြောင်းတွေ အားလုံးကို ဆက်သွယ်ထားပြီး ကျင်းချန်ကိုလည်း ဖြတ်သွားပါတယ်"

လုယွဲ့က လက်သီးအုပ်ပြီး ပြန်ဖြေလိုက်သည်။

မြစ်ရေစီးသွားတဲ့ မြို့ရွာတွေအားလုံးကို စစ်ထုတ်ပြီး တစ်ယောက်ယောက်ကို ရှာရမယ်”

ဝမ်ယွင်လင်က သူ့၏လက်သီးများကို တင်းတင်းဆုပ်ထားပြီး သူ့၏မျက်လုံးများက ဓားသွားများကဲ့သို့ ထက်မြက်နေကာ “ရှောင်းမိသားစုထဲက ကောင်ငယ်လေး၊ ငါတို့က မင်းကို နောက်ထပ် ၁၆ နှစ်လောက် အသက်ရှင်ခွင့်ပေးထားခဲ့တယ်။ မင်းက သေမင်းတံခါးဝမှာ ရုန်းကန်ဖို့ ကြိုးစားနေရမယ့်အစား မင်းက အပြင်ထွက်ပြီး လက်စားချေဖို့ သတ္တိရှိနေတယ်ပေါ့။ ကောင်းပြီလေ၊ မင်းကို မင်းရဲ့သေသွားတဲ့ မိဘတွေနဲ့ သွားတွေ့ဖို့ ငါ လိုက်ပို့ပေးမယ်”

စစ်သူကြီး၊ ရာသီဥတုက ပူနေပြီး လမ်းခရီးကလည်း ရှည်လျားလွန်းတယ်။ စတုတ္ထသခင်လေး အေးအေးချမ်းချမ်း အနားယူနိုင်ဖို့အတွက် ကျွန်တော်တို့ စတုတ္ထသခင်လေးကို မြို့တော်ရောက်အောင် အမြန်ဆုံး ပြန်ပို့ရမယ်”

ထို့နောက် လုယွဲ့က အရေးကြီးသော ကိစ္စရပ်ကို တင်ပြလိုက်သည်။ လူသေအလောင်းကို များပြားလှသော ရေခဲထဲတွင် အေးခဲထားသော်လည်း နွေရာသီတွင် ရာသီဥတုက ပူပြင်းပြီး ရေခဲက ရေရှည်ဖြေရှင်းချက် မဟုတ်ပေ။ ယခုပင်လျှင် သူတို့က  အလောင်းမှ အပုပ်နံ့ကို ရနေပြီဖြစ်သောကြောင့် ရက်အနည်းငယ်အတွင်း လုံးဝ ပုပ်ပွသွားနိုင်သည်။

လုယွဲ့၏စကားကို ကြားသောအခါ ဝမ်ယွင်လင်က  သက်ပြင်းထပ်ရှိုက်လိုက်သည်။ ဒီတစ်ခါတော့ သူ့ညီလေးကို မြို့တော်ကို အရင် ပြန်ခေါ်သွားမယ်။ သူ့ညီကို သတ်တဲ့လူကို တစ်ရက်နှစ်ရက်အတွင်း ရှာတွေ့နိုင်မယ်လို့တော့ မထင်ဘူး။ သူ့မှာ အရေးတကြီး လုပ်စရာတွေ ရှိနေသေးတာကြောင့် သူ အချိန်ဖြုန်းဖို့ မဖြစ်နိုင်တော့ဘူး။

"လုယွဲ့၊ မင်း ဒီမှာ နေခဲ့ပြီး စုံစမ်းမှုတွေ ဆက်လုပ်ထားလိုက်။ ငါက စတုတ္ထညီကို မြို့တော်ကို ပြန်ပို့ပေးမယ်”

"ဟုတ်ကဲ့၊ ကောင်းကင်ဘုံမှာ ရှိနေတဲ့ စတုတ္ထသခင်လေးရဲ့ဝိညာဉ်ကို နှစ်သိမ့်ပေးနိုင်ဖို့ ကျွန်တော်မျိုး အစွမ်းကုန်ကြိုးစားပြီး လူသတ်သမားကို ရှာပေးပါ့မယ်"

ဝမ်ယွိလင်က သူ့၏စတုတ္ထညီဖြစ်သူ၏ ရုပ်အလောင်းကို မြို့တော်သို့ ပြန်လည်သယ်ဆောင်လာခဲ့သည်။ သူ ကျင်းချန်သို့‌ ရောက်လာပြီး တည်းခို နားနေဆောင်သို့ ရောက်သည်နှင့် တပြိင်နက် ပေါက်ကွဲစေနိုင်လောက်သည့် သတင်းကြီးကို ကြားလိုက်ရသည်။

✍️✍️✍️