Chapter 95 သူခိုးလက်က သူဝှက်လု အပိုင်း (၁)
Viewers 17k

အခန်း ၉၅ သူခိုးလက်က သူဝှက်လု အပိုင်း (၁)

"စစ်သူကြီး၊ လူကြီးမင်းချင်က ကော်ကန်းကို ဖမ်းထားပြီး မြို့စောင့်တပ်မှူးကို ခေါင်းဖြတ်ကွပ်မျက်လိုက်ပါတယ်၊ ပြီးတော့ ခရိုင်တရားသူကြီးကော်ရဲ့အိမ်တော်ကိုလည်း ဝင်‌ရောက်စီးနင်း သိမ်းဆည်းလိုက်ပါပြီ"

နားနေတည်းခိုဆောင်သို့ ရောက်သည်နှင့် ဝမ်ယွိလင်က သူ့၏လျှို့ဝှက်အထောက်တော်တစ်ဦးထံမှ သတင်းပေးပို့ချက်ကို လက်ခံရရှိလိုက်သည်။ ကော်ကန်း အဖမ်းခံရပြီး မြို့စောင့်တပ်မှူး  ကွပ်မျက်ခံရကြောင်း ကြားချိန်တွင် သူက မျက်မှောင်သာ ကြုတ်လိုက်ပြီး ဘာမှ တုံ့ပြန်ခြင်း မရှိပေ။ သို့သော် ကော်ကန်း၏အိမ်တော်ကို ဝင်ရောက်စီးနင်းကြောင်း ကြားသွားချိန်တွင် သူက ချက်ချင်းဆိုသလို ဒေါသထွက်သွားပြန်သည်။

"ငွေတွေ ဘယ်မှာလဲ?"

"အားလုံး သိမ်းသွားပါပြီ"

ဝမ်ယွိလင်၏ ဒေါသထွက်နေသော မျက်နှာကို မြင်လိုက်ရသောကြောင့် သူလျှိုက အလွန်ထိတ်လန့်သွားပြီး သူ့အသံကို လျှော့ချလိုက်ကာ ခေါင်းတောင် မမော့ဝံ့ပေ။

ဝမ်ယွိလင်၏မျက်နှာက ဒေါသကြောင့် မည်းမှောင်လာပြီး အံကြိတ်ကာ ကျိန်ဆဲလိုက်သည်။

"ချင်ဖုန်း? သောက်အဘိုးကြီးကတော့... ”

ဝမ်ယွိလင်က သူလျှိုကို ဒေါသတကြီး ကြည့်နေပြီး ထပ်မေးလိုက်သည်။

"ဘာတွေ ဖြစ်ခဲ့တာလဲ? ဒီလူယုတ်မာကြီးက ဘာလို့ ကော်ကန်းရဲ့ရုံးတော်ကို ရုတ်တရတ် ဝင်စီးရတာလဲ?"

ကော်ကန်းရဲ့သားက မိန်းကလေးနှစ်ယောက်ကို အဓမ္မအနိုင်ကျင့်ဖို့ ကြိုးစားရာကနေ စတင်ခဲ့တာပါ”

သူလျှိုက အဖြစ်အပျက်တစ်ခုလုံးကို ဝမ်ယွိလင်ထံ သတင်းပို့လိုက်ပြီး မိန်းကလေးနှစ်ယောက်ကြောင့် ဖြစ်ခဲ့ရကြောင်း ကြားသွားချိန်တွင် ဝမ်ယွိလင်က သူ့၏မျက်လုံးများကို မှေးကျဥ်းထားလိုက်ပြီး သူ့အတွေးထဲတွင် စူးချင်း၏အေးစက်သောမျက်လုံးများ ပြန်ပေါ်လာခဲ့သည်။

မြို့စောင့်တပ်က ရုံးတော်ကို ဝိုင်းထားခဲ့ပေမယ့် သူတို့ ရှုံးသွားတယ်တဲ့လား? ချင်ဖုန်းမှာ လူအနည်းငယ်ပဲ ရှိတာ မဟုတ်ဘူးလား? မြို့စောင့်တပ်ကလူတွေက အဲ့လောက်တောင် အသုံးမကျဘူးလား?”

ဝမ်ယွိလင်က လုံးဝ မယုံနိုင်ပေ။ ကျင်းချန်ရဲ့မြို့စောင့်တပ်က လုံးဝ အမှိုက်ဖြစ်နေရင်တောင် ချင်ဖုန်းနဲ့ အတူ ပါလာတဲ့ လေးယောက်ကို ထောင်နဲ့ချီတဲ့ ရာပေါင်းများစွာသော တပ်သားတွေကို ဘယ်လိုမှ အနိုင်ယူနိုင်မှာ မဟုတ်ဘူး။

သူတို့ ဘာတွေ လုပ်ကြလဲတော့ မသိဘူး၊ ဒါပေမယ့် သစ်သားတုံးနဲ့ တံခါးကို သွားဖျက်တဲ့လူတွေက မီးရှို့ခံလိုက်ရတယ်။ တပ်မှူးနဲ့ ဒုတပ်မှူး နှစ်ယောက်လုံးလည်း ပစ်သတ်ခံလိုက်ရတယ်။ ကျန်တဲ့ ခေါင်းဆောင်ငယ်လေးတွေ အားလုံးက ကြောက်လန့်တကြား ပြန်ဆုတ်ခွာသွားကြတယ်”

လျှို့ဝှက်အထောက်တော်က သူ စုဆောင်းထားသော အချက်အလက်များကို ဝမ်ယွိလင်ထံ တင်ပြလိုက်ပြီး ဝမ်ယွိလင်က ထိုလက်နက်အသစ်ကို အလွန်စိတ်ဝင်စားသွားသောကြောင့်  လျှို့ဝှက်အထောက်တော်ကို ခပ်စူးစူးစိုက်ကြည့်လိုက်ပြီး ပြန်မေးလိုက်သည်။

"သူတို့ ဘာတွေ သုံးခဲ့ကြတာလဲ? အရမ်း အစွမ်းထက်တယ်လား?"

"သူတို့ကတော့ ဟင်းရွက်ဆီ သုံးတယ်လို့ ပြောပါတယ်"

အမှန်တကယ်တွင် သူလျှိုကိုယ်တိုင်ပင် မယုံနိုင်စရာ ဖြစ်နေခဲ့သည်ဟု တွေးနေမိသည်။ ဟင်းရွက်ဆီတွေက ဒီလောက်လောင်မှာ မဟုတ်ဘူးလေ။

"ဟင်းရွက်ဆီ?"

ဝမ်ယွိလင်က ပို၍ပင် မယုံနိုင်ပေ။ ဟင်းရွက်ဆီက မီးလောင်နိုင်ပေမယ့် အရမ်းပူပြီး ပေါက်ကွဲအားက မပြင်းထန်ဘူး။ လူတွေကို လောင်ကျွမ်းစေနိုင်ပေမယ့် အ‌ဝေးကနေ လူတွေအများကြီးကို မီးရှို့ဖို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး။

"စမ်းသုံးကြည့်ဖို့ တစ်ယောက်ယောက်ကို ရှာလိုက်"

ဝမ်ယွိလင်က သူ့လက်ထောက်တစ်ယောက်ကို အမိန့်ပေးလိုက်သည်။ သူတို့၏စမ်းသပ်ချက်အရ ပွက်ပွက်ဆူနေသော ဟင်းရွက်ဆီက မီးစွဲလောင်နိုင်ကြောင်း တွေ့ရှိခဲ့ရသည်။ ထိုဆီဖြင့် အလောင်းခံလိုက်ရသော အကျဉ်းသားများက မြေပြင်ပေါ်တွင် လူးလိမ့်နေကြသည်။ သို့သော်လည်း ပေါက်ကွဲခြင်း သို့မဟုတ် မီးလောင်ကျွမ်းခြင်း မရှိကြောင်း သိလိုက်ရသည်။

စမ်းသပ်မှုရလဒ်ကို သိရှိပြီးနောက်တွင် ဝမ်ယွိလင်၏မျက်လုံးများက မှေးကျဥ်းသွားပြန်သည်။

ချင်ဖုန်းရဲ့ဘေးနားက အဲ့မိန်းမ ဖန်တီးထားတာပဲ ဖြစ်နိုင်တယ်။ အဆိပ်လူးမြှားတွေလည်း အတူတူပဲ။ အဆိပ်မိပြီး သေသွားတဲ့ တပ်သားတွေရဲ့အလောင်းတွေကို ပြန်သယ်ဖို့ လူလွှတ်ခဲ့ပေမယ့် အဲဒီအဆိပ်က ဘာလဲဆိုတာ ဘယ်သူမှ မသိနိုင်ကြဘူး။ အဲ့တာက ဖီရွှန်း(အဖြူရောင်အာဆင်းနစ်)နဲ့ ဟုန်တူ(ခေါင်းနီအဆိပ်)ထက်တောင် အဆိပ်ပြင်းပြီး သွေးနဲ့ ထိလိုက်တာနဲ့ ချက်ချင်း သေဆုံးသွားနိုင်တယ်။

စစ်သူကြီး၊ သူတို့က ငွေလျန်ငါးသိန်းရှစ်သောင်း သိမ်းဆည်းမိတာကြောင့် ဧကရာဇ်မင်းမြတ်က ဝမ်းမြောက်ဝမ်းသာ ဖြစ်နေပြီး ချင်ဖုန်းကို သေခြင်းကင်းလွတ်ခွင့် တံဆိပ်ပြား ဆုချခဲ့တယ်လို့ သတင်းရပါတယ်"

သူလျှိုက နောက်ထပ် အချက်အလက်တစ်ခုကို ထပ်သတင်းပို့လာပြီး ဝမ်ယွိလင်၏မျက်နှာက ဒေါသကြောင့် ပြာနှမ်းလာကာ သူက စားပွဲကို လက်ဖဝါးတစ်ဖက်တည်းဖြင့် အစိတ်စိတ်အမွှာမွှာ ရိုက်ချိုးလိုက်တော့သည်။

ဝမ်ယွိလင်က သူ့၏လက်အောက်ငယ်သားကို လျှို့ဝှက်အမိန့်တစ်ခု ထပ်ပေးလိုက်သည်။

မင်း …##$@!

ကျင်းချန်၏အပြောင်းအလဲက တဟုန်ထိုး တိုးတက်လာခဲ့သော်လည်း ကျိရွှေရှန့်နှင့် စူးချင်းတို့ကတော့ ထိုနေရာမှ အဖြစ်အပျက်များကို လုံးဝ မသိနိုင်ခဲ့ကြပေ။

သူတို့က တောင်ပေါ်လမ်းပေါ်တွင် ခြောက်ရက်ကြာ ခရီးနှင်ခဲ့ကြပြီး  နောက်ဆုံးတွင် လျန်ချန်၏မြို့အလံကို အဝေးမှ မြင်နေရပြီ ဖြစ်သည်။ သူတို့က ရိက္ခာတစ်ဝက်ကျော်ကျော်ကို စားခဲ့ပြီပြီးဖြစ်သောကြောင့် ကျန်နေသည့် ရိက္ခာများက ကျန်းချန်သို့ ရောက်သည်အထိ ကြာရှည်ခံတော့မည်  မဟုတ်ပေ။ ထို့ကြောင့် သူတို့က လျန်ချန်တွင် နောက်ထပ်ရိက္ခာဝယ်ရန် တွေးထားခဲ့ကြသည်။

စူးချင်းက လွန်ခဲ့သည့် ရက်အနည်းငယ်ကတည်းက ပင်ပန်းနွမ်းနယ်နေပြီး အားအင်များ မရှိတော့သလို ခံစားနေရသည်။ ထို့ကြောင့် သူမကိုယ်သူမ  ပြန်လည်ကုသရန် နှောင့်နှေးနေလို့ မဖြစ်နိုင်တော့ပေ။ သူမ၏စစ်နတ်ဘုရားစွမ်းရည်ကြောင့် သူမ၏ ရုပ်ပိုင်းဆိုင်ရာခွန်အားနှင့် စိတ်ပိုင်းဆိုင်ရာ စွမ်းအင်များ ဆက်လက် တိုးတက်နေသော်လည်း သူမ၏မူရင်းခန္ဓာကိုယ်က အားနည်းနေသေးသည်။ သူမက အပြင်ဘက်တွင် အကိုင်းအခက်များ ဝိုင်းရံနေသော်လည်း အတွင်းပိုင်း၌ ချောက်သွေ့နေသည့် သစ်ပင်ကြီးကဲ့သို့ ဖြစ်နေပြီး သူမ မကြာမီ သေဆုံးသွားပေလိမ့်မည်။

ထို့ကြောင့် ဆေးဝယ်ရန်အတွက် သူမ မြို့ထဲသို့ သွားရမည် ဖြစ်သည်။ အကယ်၍ သူမ အနှစ်တစ်ထောင်သက်တမ်းရှိသော လင်ဇီးကို မဝယ်နိုင်လျှင်ပင်  သာမာန်လင်ဇီးတစ်ခုကို ဝယ်ကာ ဆေးပြုလုပ်ပြီး အရင်သောက်ထားရမည် ဖြစ်သည်။ ထို့နောက်မှသာ အနှစ်တစ်ထောင်လင်ဇီးကို ရှာတွေ့ပြီး ရောဂါကို အမြစ်ပြတ်ပျောက်ကင်းအောင် ကုသနိုင်သည်အထိ သူမ စောင့်ဆိုင်းနိုင်မည် ဖြစ်သည်။

ကျိရွှေရှန့်ကတော့ ချိုးယုံခန်းကို မြို့ထဲသို့ ခေါ်သွားချင်နေသည်။ လျန်ချန်တွင် တခြားဒုက္ခသည်များ အများကြီး မရှိဘဲ ရှိနေသည့် လူနည်းနည်းကလည်း သူတို့နောက်သို့ မလိုက်လာသောကြောင့် အတော်အတန် လုံခြုံနေသည်။ လီတာ့နျို၊ ကျုံးယုံနှင့် ကျန်းလောင်ချီတို့ကို ချန်ထားခဲ့လျှင် ရွာသားများ၏လုံခြုံရေးအတွက် လုံလောက်နေပြီ ဖြစ်သည်။

သို့သော်လည်း သူ အရာရာအတွက် အလွန်သတိထားနေရဆဲဖြစ်ကာ ရွာသူရွာသားများကို မြို့ထဲသို့ မ၀င်ရန် တားမြစ်ခဲ့ပြီး မြို့နှင့် ခပ်ဝေးဝေးနေရာတစ်ခုတွင် အနားယူကာ သူနှင့် ချိုးယုံခန်း ပြန်လာမည့်အချိန်ကို စောင့်ဆိုင်းနေရန် အမိန့်ပေးခဲ့သည်။

သူတို့ မြို့ထဲသို့ သွားမည်ကို ကြားချိန်တွင် ကျိရှောင်ယင်က သူတို့နောက်သို့ လိုက်ချင်နေခဲ့သည်။

"အစ်ကိုကြီး၊ ညီမလေးကိုလည်း ခေါ်သွားပေးပါ!"

ငါတို့ အစားအသောက်တွေ ဝယ်ပြီးတာနဲ့ ချက်ချင်း ပြန်လာခဲ့မယ်။ ဘာပဲဖြစ်ဖြစ် မလိုလားအပ်တဲ့ ပြဿနာတွေကို ရှောင်ဖို့လိုတယ်၊ မလိုက်ခဲ့နဲ့”

ကျိရွှေရှန့်က ငြင်းဆိုလိုက်သည်။ နောက်ဆုံးအကြိမ်တုန်းက သူ့ညီမလေး ဒုက္ခရောက်လုနီးပါးဖြစ်ခဲ့တယ်လေ။

ကျိရှောင်ယင်က စူးချင်း၏ လက်ကို ဆွဲလိုက်ပြီး "အစ်မ၊ ကျွန်မကို ခေါ်သွား!"

မင်း အဒေါ်တွေနဲ့ ဒီမှာနေခဲ့။ ငါ ဆေးဝယ်ပြီးတာနဲ့ ပြန်လာခဲ့မယ်"

စူးချင်းကလည်း ကျိရှောင်ယင်ကို မခေါ်ချင်ပေ။ ကျိရွှေရှန့်ထံတွင် သွေးကြွေးဆပ်ရမည့်ရန်ငြိုးရှိနေမှန်း သူမ သိလိုက်ပြီးကတည်းက စူးချင်းက ကျိရှောင်ယင်ကို ဖုံးကွယ်ထားသင့်သည်ဟု ခံစားခဲ့ရသည်။

သူမ၏အစ်မက သဘောမတူသည်ကို မြင်လိုက်ရသောကြောင့် ကျိရှောင်ယင်က စိတ်ပျက်သွားပြီး ကျန်နေခဲ့ရတော့သည်။

စူးချင်းက ကျိရွှေရှန့်၊ ချိုးယုံခန်းတို့နှင့်အတူ မြို့ထဲသို့ လိုက်ပါသွားခဲ့ပြီး ချိုးယွဲ့က မုန်းတီးစိတ်ဖြင့် အံ့ကြိတ်နေခဲ့သည်။ သူမက သူတို့နဲ့အတူ လိုက်သွားချင်ပေမယ့် သူမရဲ့အကိုကြီးက သူမကို ခေါ်သွားဖို့  ငြင်းခဲ့ပြီး စူးချင်းကိုတော့ ခေါ်သွားတယ်။

ကျိရှောင်ယင်လည်း မြို့ထဲသို့သွားချင်နေကြောင်း သိသွားသဖြင့် ချိုးယွဲ့က သူမကို သွားရှာခဲ့သည်။

စူးချင်းနှင့် ကျိရွှေရှန့်တို့က ထိုနေရာတွင် ဘာဖြစ်ကျန်ခဲ့သည်ကို မသိကြပေ။ သူတို့သုံးယောက် မြို့ထဲသို့ အပြေးအလွှား သွားလိုက်ကြပြီး မြို့ထဲသို့ ဝင်ချိန်တွင် စူးချင်းက ကျိရွှေရှန့်ကို လှမ်းပြောလိုက်သည်။

ရှင်တို့က စားစရာတွေ အရင်သွားဝယ်လိုက်ကြ။ ကျွန်မက ဆေးသွားဝယ်မယ်။ ပြီးတာနဲ့ ကျွန်မ ရှင်တို့ကို လာရှာမယ်"

"သတိထားနော်"

ကျိရွှေရှန့်က သူမကို စိုးရိမ်တကြီး သတိပေးလိုက်သည်။ ကံကောင်းထောက်မစွာဖြင့် စူးချင်းက အမျိုးသားတစ်ဦးကဲ့သို့ ဝတ်ဆင်ထားခဲ့သည်။ ထို့သို့မဟုတ်ရင် သူ သူမကို မျက်စိမှိတ်ပြီး စိတ်ချလက်ချ လွှတ်နိုင်မည် မဟုတ်ပေ။

အင်း”

စူးချင်းက သူ့ကို ခေါင်းညိတ်ပြလိုက်ပြီး ထွက်ခွာသွားကာ လမ်းတလျှောက်တွင် ဆေးဆိုင် လိုက်ရှာနေခဲ့သည်။ ဆေးဆိုင်သေးသေးလေးများတွင် လင်ဇီးကဲ့သို့သော စျေးကြီးသည့်ဆေးမျိုး မရရှိနိုင်သောကြောင့် သူမက ဆေးဆိုင်ကြီးတစ်ဆိုင်ကို ရှာဖွေနေခဲ့သည်။

လျန်ချန်က မြို့ငယ်လေးတမြို့ဖြစ်ပြီး ကျင်းချန်လောက် မချမ်းသာသောကြောင့် လမ်းနှစ်လမ်းသာ ရှိသည်။ ထိုထဲမှ လမ်းတစ်လမ်းပေါ်တွင် စားစရာဆိုင်လေးများ၊ စားသောက်ဆိုင်များ၊ အထည်ဆိုင်များ၊ စပါးဆိုင်များ၊ ကုန်စုံဆိုင်များနှင့် ပြည့်နေပြီး မြို့နေလူတန်းစားအတွက် သင့်တော်မည့် အစားအသောက်နှင့် အဝတ်အထည်များအပြင် အခြားစီးပွားရေးလုပ်ငန်းများလည်း  ရှိနေခဲ့သည်။

အခြားလမ်းပေါ်တွင် ဆေးကုသခန်းများ၊ ဆေးဆိုင်များ၊ ငွေကြေးဝန်ဆောင်မှုပေးသည့်ဆိုင်များ၊ သားမွေးနှင့် သားမွေးဂိုဒေါင်များ၊ အနားယူရန် တည်းခိုခန်းများဖြင့် ပြည့်နေခဲ့သည်။ စူးချင်းက အနည်းအကျဥ်း မေးမြန်း စုံစမ်းလိုက်ပြီး ကျောက်ခင်းလမ်းအတိုင်း ဆေးဆိုင်များရှိနေသည့်လမ်းကို လျှောက်လာခဲ့သည်။

လူများ၊ တွန်းလှည်းများနှင့် ပြည့်နေသော အရှေ့ဘက်မှလမ်းနှင့် မတူဘဲ ထိုလမ်းက ပို၍ တိတ်ဆိတ်နေသည်။

စူးချင်းက အကြီးဆုံးဆေးဆိုင်ကို ရှာတွေ့သွားပြီး ထိုနေရာသို့ လျှောက်လာလိုက်သည်။ ဆေးဆိုင်၏ ကမ္ပည်းပြားက အလွန်ထင်ရှားပြီး  ထို “ကျိရမ်ထန်” ဟူသော စကားလုံးကြီးသုံးလုံးကို ထင်ရှားကျော်ကြားသူတစ်ဦးက ရေးသားထားခဲ့ပုံရသည်။ ရေးသားထားသော စုတ်ချက်များအရ ထိုလူက  ကြင်နာတတ်သော နှလုံးသား ရှိပြီး ဆေးပညာထူးချွန်သော သမားတော်တစ်ယောက် ဖြစ်နိုင်သည်။

စူးချင်းက ဆိုင်၏ကမ္ပည်းပြားကို အနီးကပ်ကြည့်ရှုရန် စိတ်မ၀င်စားဘဲ ဆေးဆိုင်ထဲသို့သာ တန်းတန်းမတ်မတ် ဝင်သွားလိုက်သည်။ သူမက သာမာန်အင်္ကျီကိုသာ ဝတ်ဆင်ထားသောကြောင့် ဆိုင်အကူက သူမကို မထီမဲ့မြင်ပြုနေခဲ့သည်။ သူတို့က သူမကို နှုတ်ဆက်ရန်ပင် ထွက်မလာကြဘဲ သူမကို အေးစက်စွာ ကြည့်နေကြသည်။

စူးချင်းကလည်း သူတို့၏ သဘောထားကို ဂရုမစိုက်ပေ။  ထိုလူများက ထိုကဲ့သို့သာ ဖြစ်နေတက်ပြီး သူတို့က တခြားသူများ အမြဲတမ်း နှိမ့်ချတက်ဆံတက်ကြသည်။ စူးချင်းက သူမလက်ထဲမှ ပိုက်ဆံများကို မသုံးချင်တော့သည့်အတွက် ကတိုးအိတ်ကို ထုတ်လိုက်ပြီး ဆေးဗီရိုအနိမ့်လေးပေါ်သို့ တင်ပေးလိုက်ပြီး ဆိုင်ရှင်နှင့်တူသော ယောက်ျားကို လှမ်းပြောလိုက်သည်။

"ဆိုင်ရှင်၊ ဒီတစ်ခုအတွက် မင်း ဘယ်လောက်ပေးနိုင်မလဲ?"

စူးချင်း ကတိုးအိတ် ထုတ်ယူလိုက်သည်ကို မြင်သောအခါ ဆိုင်ရှင်၏သဘောထားက ချက်ချင်း ပြောင်းလဲသွားသည်။ သူက အပြုံးဖြင့် ကတိုးအိတ်ကို ကောက်ကိုင်လိုက်ပြီး အနံ့ခံနေကာ အချိန်အကြာကြီး စစ်ဆေးနေခဲ့သည်။

ဒီကတိုးအိတ်ရဲ့ အရည်အသွေးပဲ သာမန်ပဲရှိတယ်။ ငါ မင်းကို စျေးကြီးပေးလို့ မရဘူး၊ ဒါပေမယ့် မင်းက ပိုက်ဆံ အရေးတကြီး လိုအပ်နေပုံရတယ်။ ငါ ငါရဲ့သခင်ကြီးကို ပြောပြီး အမြင့်ဆုံးစျေးအနေနဲ့ လျန်ရှစ်ဆယ်လောက် ပေးခိုင်းလိုက်မယ်"

ဆိုင်ရှင်က ပစ္စည်း၏အရည်အသွေးကို အရင် နှိမ့်ချလိုက်ပြီးမှ စူးချင်း ရောင်းချင်လာအောင် သိမ်းသွင်းနေပြီး နောက်ဆုံးတွင် သူမကို  လျန်ရှစ်ဆယ်ဖြင့် ကမ်းလှမ်းလိုက်သည်။

စူးချင်း၏မျက်လုံးများက အေးစက်သွားသည်။

ရှောင်ချီက ဒီကတိုးအိတ်က အရည်အသွေးအမြင့်ဆုံးဖြစ်ပြီး အနည်းဆုံး ငွေလျန်ငါးရာလောက်တန်တယ်လို့ သူမကို ပြောပြခဲ့ဖူးတယ်။ ဒီဆိုင်ရှင်က မရိုးသားဘူး။ သူက ကတိုးအိတ်ကို စျေးနှိမ်ဖို့ ကြိုးစားနေတယ်။

ထိုလူက မရိုးသားသောကြောင့် စူးချင်းက သူနှင့် စီးပွားရေး မလုပ်ချင်တော့ပေ။

"ကျွန်တော် မရောင်းတော့ဘူး"

စူးချင်းက ကတိုးအိတ်ကို ပြန်ယူရန် လက်လှမ်းလိုက်သော်လည်း ဆိုင်ရှင်က သူ့လက်ကို  နောက်ပြန်ဆုတ်ကာ ရှောင်တိမ်းလိုက်ပြီး ကတိုးအိတ်ကို ပြန်ပေးရန် ငြင်းဆန်နေသည်။

လူငယ်လေး၊ အရမ်းလောဘမကြီးပါနဲ့။ ငါတို့ရဲ့ ဆေးဆိုင်က ဒီလမ်းမှာ အကြီးဆုံးပဲ။ ငါတို့ ပေးတဲ့စျေးနှုန်းက အခြားဘယ်သူမှ မကမ်းလှမ်းနိုင်တဲ့စျေးပဲ။ ဒါဆိုရင် ဒီလိုလုပ်လေ၊ ငါ မင်းကို လျန်တစ်ရာ ပေးမယ်”

ငါ မရောင်းဘူး ပြန်ပေး"

စူးချင်းက အေးစက်စွာ ငြင်းဆန်လိုက်ပြီး ကတိုးအိတ်ကို ပြန်လုယူရန် ဆေးဗီရိုအနိမ့်လေးပေါ်သို့ ခုန်တက်လိုက်သည်။ ကတိုးအိတ် ပြန်အလုခံ လိုက်ရသောကြောင့် ဆိုင်ရှင်၏ အမူအရာက ပြောင်းလဲသွားပြီး စူးချင်း ပြန်ထွက်သွားတော့မည်ကို မြင်လိုက်ရသဖြင့် သူက ရုတ်တရက် ပြန်တိုက်ခိုက်လာခဲ့သည်။

တစ်ယောက်ယောက်က ဆေးကို လုယူနေတယ်။ တံခါးပိတ်ပြီး သူ့ကို ဖမ်းကြစမ်း”

✍️✍️✍️