အခန်း ၉၈ လူ ကယ်ပေးမယ်
စူးချင်းက ရတနာဓားကို
ကောက်ယူကာ မသေသေးသော သံချပ်ကာဝတ်တပ်သားများအား ကြက်သတ်သလိုမျိုး လည်ပင်းကို
လှီးဖြတ်ကာ တစ်ယောက်ချင်းကို အဆုံးသတ်ပေးနေခဲ့သည်။
ချိုးယွဲ့က ကျိရွှေရှန့်နှင့်
သူမ၏အစ်ကိုကြီးကို ကြည့်ရန် ပြေးလာပြီး စူးချင်းက မျက်တောင်မခတ်ဘဲ သတ်ဖြတ်နေသည်ကို
မြင်လိုက်ရသောကြောင့် သူမ အရမ်းကြောက်လန့်သွားပြီး မြေပြင်ပေါ်သို့ လဲကျသွားကာ
တုန်ယင်နေတော့သည်။ သူမက စူးချင်းကို အရိုးထဲမှ ကြောက်ရွံ့သွားပြီ ဖြစ်သည်။
စူးချင်းက သံချပ်ကာဝတ်တပ်ဖွဲ့ဝင်များကို
ကိုင်တွယ်ဖြေရှင်းလိုက်ပြီး ကျန်လူများအား ကျိရွှေရှန့်နှင့် အခြားသူများ ပြန်နိုးစေရန်
ရေလောင်းဖို့ အမိန့်ပေးလိုက်သည်။ သူမကိုယ်တိုင်ကတော့ ဒဏ်ရာရသူများကို စစ်ဆေးရန် ထွက်သွားခဲ့သည်။
“ယောကျာ်း၊
ရှင် မသေရဘူး။ ရှင် သေရင် ကျွန်မ ဘယ်လိုနေရမလဲ?"
အဒေါ်လီက သူမကိုယ်သူမ
ခင်ပွန်းဖြစ်သူ၏ခန္ဓာကိုယ်ပေါ် လှဲချလိုက်ပြီး အော်ဟစ်ငိုယိုနေသည်။ စူးချင်းက လီတာ့နျို၏ဖခင်ကို
စစ်ဆေးပေးနိုင်ရန် သူမကို ဆွဲဖယ်လိုက်သည်။ အဖေလီ၏ရင်ဘတ်တွင် အပေါက်တစ်ပေါက် ရှိနေပြီး
သေလုမျောပါး ဖြစ်နေခဲ့သည်။
"ရှောင်ချီ၊ မင်း သူ့ကို ကယ်နိုင်သေးလား?"
စူးချင်းက ရှောင်ချီ့ကို
လှမ်းမေးလိုက်သည်။
"ကယ်နိုင်ချေ များပါတယ်"
သိုသော်လည်း ရှောင်ချီက
အဖေလီ၏ဒဏ်ရာက ပြင်းထန်လွန်းသည်ဟု မကျေမနပ် သည်းညူနေသေးသည်။ ရှောင်ချီက အဖေလီကို တိုက်ကျွေးရန်
သွေးတိတ်ဆေးကို အရင်ဆုံး ပြုလုပ်ကာ စူးချင်းအား ပေးလိုက်ပြီး ပြန်လည်ထူထောင်ရေးဆေးကို
ချက်ချင်း ထပ်ပြင်ဆင်လိုက်သည်။
ကံကောင်းထောက်မစွာဖြင့်
ကျိရမ်ထန်တွင် ဆေးဝါးအစုံအလင် ရှိခဲ့ပြီး စူးချင်းအတွက် လင်ဇီးကို အသုံးပြုပြီးနောက်တွင်
ပြန်လည်ထူထောင်ရေးဆေး ပြုလုပ်ရန် မရှိမဖြစ်လိုအပ်သော လင်ဇီးနှစ်ခု ကျန်နေသေးသည်။
စူးချင်းက
ထိုနေရာသို့ ပြန်ဝင်သွားကာ အဖေလီ၏ဦးခေါင်းကို ပွေ့ယူလိုက်ပြီး သွေးတိတ်ဆေးကို သူ့ပါးစပ်ထဲသို့
ထည့်ပေးလိုက်သည်။ အဒေါ်လီက စူးချင်း၏ရှေ့တွင် ဒူးထောက် အရိုအသေပေးနေကာ “စူးမိန်းခလေး၊
သူ့အသက်ကို ကယ်ပေးပါ။ မိန်းခလေးက တာနျို့အဖေရဲ့အသက်ကို ကယ်ပေးနိုင်ရင် ငါတို့မိသားစုတစ်ခုလုံး
မင်းအတွက် နွားတွေ မြင်းတွေလို အလုပ်လုပ်ပေးဖို့ ဆန္ဒရှိပါတယ်”
"ဒီမှာလာပြီး အချိန်ဖြုန်းမနေနဲ့"
စူးချင်းက
မျက်ခုံးပင့်ကာ ပြန်ပြောလိုက်ပြီး သူမ၏အသံက အေးစက်နေကာ စိတ်မရှည်ဖြစ်နေပုံရသည်။ အဒေါ်လီက
အလွန်ထိတ်လန့်သွားပြီး အငိုပင် ရပ်သွားတော့သည်။ သူမက မြေပြင်ပေါ်တွင် ဒူးထောက်နေကာ
တိတ်တိတ်လေး ငိုကြွေးနေရင်း မျက်နှာကြီး ပြာနှမ်းနေပြီး အသက်ရှုကြပ်နေပြီ ဖြစ်သော သူမ၏ခင်ပွန်းကို
စိုက်ကြည့်နေခဲ့သည်။
အဖေလီ၏ရင်ဘတ်မှ
သွေးများ ထွက်မလာတော့သည်ကို မြင်လိုက်ရချိန်တွင် အဒေါ်လီက သူမ၏မျက်ရည်များကို
အစွမ်းကုန် သုတ်လိုက်ပြီး သူမ၏ မျက်လုံးများမှ မျှော်လင့်ချက်ရောင်ခြည်များ ပေါ်လာခဲ့သည်။
ရှောင်ချီက
ပြန်လည်ထူထောင်ရေးဆေးကို ပြုလုပ်ပေးခဲ့ပြီး စူးချင်းက ၎င်းကို အဖေလီအား တိုက်ကျွေးလိုက်သည်။
သူ့၏အသားအရည် အရောင်က အလျင်အမြန် ပြန်တိုးတက်လာပြီး သူ့၏သွေးခုန်နှုန်းက
ပိုအားကောင်းလာသောကြောင့် စူးချင်းက ပြင်ပဒဏ်ရာများကို ကုသပေးနိုင်သည့်
အနီရောင်ဆေး ထုတ်ပေးရန် ရှောင်ချီ့ကို တောင်းဆိုလိုက်သည်။ စူးချင်းက အဖေလီ၏ဒဏ်ရာများအပေါ်သို့
ဆေးမှုန့်များ ဖြူးပေးလိုက်ပြီး သူ့၏အဝတ်ကို ပြန်ဆုတ်ဖြဲကာ ပတ်တီးစည်းပေးလိုက်သည်။
ရွာသားများက
ရေဖြင့်ပက်သောကြောင့် ကျိရွှေရှန့်နှင့် ကျန်သူများ နိုးလာချိန်တွင် စူးချင်းက အဖေလီ၏ဒဏ်ရာကို
ကုသပြီးနေပြီ ဖြစ်သည်။ စူးချင်းက သံချပ်ကာဝတ်တပ်သားများ၏ လည်ပင်းများကို
ဖြတ်ထားပြီးဖြစ်သည်ကို တွေ့လိုက်ရသဖြင့် ကျိရွှေရှန့်က သူမကို ကျေးဇူးတင်စွာ လှမ်းကြည့်လိုက်မိသည်။
စူးချင်းက ထောင်ဟွားဝူက
လူတိုင်းရဲ့အသက်ကို နောက်တစ်ခါ ထပ်ကယ်တင်ပေးခဲ့တယ်။ ဒီသံချပ်ကာဝတ် တပ်သားတွေထဲက
တစ်ယောက်ယောက် ထွက်ပြေးလွတ်မြောက်သွားပြီး ပြန်သတင်းပို့လိုက်တာနဲ့ ထောင်ဟွားဝူက ရွာသူရွာသားတွေအတွက်
သေခြင်းတရားက အဆင်သင့် စောင့်နေလိမ့်မယ်။
ဝမ်မိသားစု၏သံချပ်ကာဝတ်
တပ်ဖွဲ့က ကိုင်တွယ်ရန် အလွန်ခက်ခဲသည့်အပြင် ထောင်ဟွားဝူမှ လူများက အသက်ကြီးသူများ၊
အားနည်းသူများ၊ ဖျားနာသူများနှင့် မသန်စွမ်းသူများပါဝင်သော သာမာန်လူများသာ
ဖြစ်သည်။ သူတို့က ကောင်းစွာလေ့ကျင့်ထားသော စစ်သည်များကို မည်သို့မျှ ကျော်ဖြတ်နိုင်မည်
မဟုတ်ပေ။ သူတို့ အဝေးသို့ ထွက်ပြေးနိင်လျှင်ပင် သိပ်မကြာမီ ပြန်အဖမ်းခံရမည်သာ
ဖြစ်သည်။
“မင်းတို့
မင်းရဲ့ပေါက်တူးတွေ၊ ပေါက်ပြားတွေကို ယူပြီး ငါ့နောက်ကို လိုက်ခဲ့ကြ။ ပြီးတော့
အလောင်းတွေနဲ့ မြင်းတွေကို တောအုပ်ထဲကို သယ်ကြမယ်၊ ဒီနေရာက သွေးတွေကိုလည်း
ဖျောက်ဖျက်ပစ်ရမယ်”
စူးချင်းက
အခြားသူများ၏ ဒဏ်ရာများကို ကိုင်တွယ်ဖြေရှင်းနေခဲ့သည်။
ကျိရွှေရှန့်ကလည်း နှောင့်နှေးမနေဘဲ အလောင်းများကို မြှုပ်နှံနိုင်မည့်
လမ်းသွားလမ်းလာ နည်းသော နေရာကို ရှာဖွေရန် သူ့လူများကို တောနက်ထဲသို့
ခေါ်ဆောင်သွားခဲ့သည်။ သူတို့အနေဖြင့် ထိုသံချပ်ကာဝတ် တပ်ဖွဲ့ဝင်များ၏ အလောင်းများ၊
စစ်မြင်းများနှင့် လက်နက်များကို ချန်ထားရန် မဖြစ်နေပေ။ သဲလွန်စများ ရှိနေသရွေ့
သူတို့ကို ခြေရာခံမိသွားပေလိမ့်မည်။
ကျိရွှေရှန့်က သူ့လူများကို
အလောင်းများ မြှုပ်ရန် တွင်းတူးခိုင်းနေချိန်တွင် စူးချင်းက ဆေးနီမှုန့်တစ်အိတ်ကို
လီတာ့နျိုထံသို့ ပစ်ပေးပြီး သူ့ဘာသာသူ ဆေးထည့်ကာ ပတ်တီးစည်းခိုင်းလိုက်သည်။ ထိုကောင်လေးက
ဒဏ်ရာအနည်းငယ်သာရထားပြီး သူက စူးချင်းကို နတ်ဘုရားကို ကြည့်နေသကဲ့သို့
စိုက်ကြည့်နေလေသည်။
ချိုးယုံခန်းက သံချပ်ကာဝတ်
တပ်သားများထံမှ ကြိုးချည်ခံထားရသောကြောင့် သူ့အဖေက ထိုကြိုးကို ဓားဖြင့် ခုတ်ဖြတ်လိုက်သည်။
ချိုးယုံခန်းက ချည်နှောင်ခံထားရသောကြောင့်
ထုံကျင်နေသည့် သူ့လက်များကို ခါယမ်းနေခဲ့သည်။
ဒီစစ်သားတွေက
သူ့ကို လူလို မဟုတ်ဘဲ တိရစ္ဆာန်လို ဆက်ဆံခဲ့တယ်။
“မြေကြီးပေါ်က
သွေးတွေကို အရင် ရှင်းပစ်လိုက်ကြ”
ချိုးယုံခန်းက ပြန်လွတ်လပ်သွားသည်နှင့်
အလုပ်စလုပ်တော့သည်။ သူက အမျိုးသမီးများကို
ဦးဆောင်ပြီး သွေးစွန်းနေသော မြေကြီးများကို ခြစ်ယူစေကာ လမ်းဘေးရှိ မြောင်းထဲသို့
ပစ်ချစေကာ မြေထပ်ဖို့စေပြီးမှ သစ်ကိုင်းခြောက်များကို
အပေါ်မှ ထပ်အုပ်ခိုင်းလိုက်သည်။
ရွာသူရွာသားများ
အားလုံးက စက်ရုပ်များကဲ့သို့ မရပ်မနား အလုပ်လုပ်နေကြသည်။ ယခုမြင်ကွင်းက
လူတိုင်းကို စိတ်ဝိညာဉ်အတွင်းထဲအထိ ကြောက်လန့်သွားစေပြီး သူတို့ သေခြင်းတရားမှ
လွတ်မြောက်လာခဲ့သည်ကို မယုံနိုင်ဖြစ်နေကြဆဲ ဖြစ်သည်။
ကျိရှောင်ယင်က အမျိုးသမီးလီကို
ကလေးများ ကြည့်ပေးရန် တောင်းဆိုလိုက်ပြီး သူမက အလုပ်ကူလုပ်ရန် ရထားလုံးပေါ်မှ
ခုန်ဆင်းသွားခဲ့သည်။ တစ်ရွာလုံး အလုပ်ရှုပ်နေကြပြီး လမ်းပေါ်တွင် နဂိုအခြေအနေအတိုင်း ပြန်မရောက်ခင်
တစ်ရှီးချန်ကျော်(နှစ်နာရီကျော်) အချိန်ယူခဲ့ရသည်။
ထိုအချိန်အတောအတွင်းတွင်
စူးချင်းက ဒဏ်ရာရရှိခဲ့သော ရွာသားများကို ကုသပေးခဲ့ပြီး လူသေများအတွက်တော့ သူမလည်း
ဘာမှ မတက်နိုင်ပေ။
နတ်ဘုရားတွေတောင်မှ
လူသေတွေကို မကယ်တင်ပေးနိုင်တာ... သူမလည်း လုပ်ပေးနိုင်စရာ အကြောင်းမရှိဘူးလေ။
ယောက်ျားသေသွားသော
အိမ်ထောင်ရှင်မိန်းမများ၏ အော်ဟစ်ငိုကြွေးသံများကတော့ သနားစရာကောင်းလှပြီး တခြားလူများကိုပါ
ဝမ်းနည်းစေခဲ့သည်။ ထောင်ဟွားဝူမှ ရွာသားများအတွက် ယခုတကြိမ်က သေလုမျောပါးထိတ်လန့်မှုကို
ပထမဆုံးအကြိမ် ခံစားခဲ့ရခြင်း ဖြစ်သည်။
စူးချင်းကတော့
ဤလူများ၏ ဘဝနှင့် သေခြင်း၊ ရှင်ခြင်းများ၊ ခွဲခွာခြင်းများကို အေးစက်သောမျက်လုံးများဖြင့်
စောင့်ကြည့်နေခဲ့သည်။ ရွာသားများ၏ဒဏ်ရာများကို
ကုသပေးပြီးနောက်တွင် ကျိရွှေရှန့်နှင့်ကျန်သူများ အလောင်းများ မြှုပ်နှံနေသည်ကို ကြည့်ရန်
တောနက်ထဲသို့ လိုက်ဝင်သွားခဲ့သည်။ နောက်ဆက်တွဲ သဲလွန်စများအားလုံးကို ဖယ်ရှားပစ်ခဲ့ကြောင်း
သူမ၏မျက်လုံးဖြင့် သေချာအောင် စောင့်ကြည့်ရမည် ဖြစ်သည်။
စူးချင်း ရောက်ရှိလာချိန်တွင်
ကျိရွှေရှန့်နှင့် သူ့လူများက သံချပ်ကာတပ်သားများနှင့် မြင်းများကို မြေမြုပ်ရန်
လုံလောက်သော အနံနှစ်မီတာနှင့် လေးမီတာကျယ်သော တွင်းကြီးကို တူးထားပြီးသား
ဖြစ်နေခဲ့သည်။
ကျိရွှေရှန့်နှင့်
အခြားသူများက အလောင်းများကို စတင်သယ်ဆောင်ကြပြီး တွင်းထဲသို့ ပစ်ချနေကြသည်။ သူတို့က
အလောင်းများ၊ ချပ်ဝတ်တန်ဆာများနှင့် လက်နက်များကို အောက်သို့ အရင်ပစ်ချပြီးမှ
စစ်မြင်းများကို အလောင်းများအပေါ် ပစ်ချလိုက်ကြသည်။
ဒီလူတွေက
တိရိစ္ဆာန်တွေထက် ပိုဆိုးတာကြောင့် တိရိစ္ဆာန်ထက်ပိုဆိုးတဲ့ သေခြင်းနဲ့ပဲ တိုက်တန်တယ်။
စူးချင်းက
သေဆုံးသွားသော ရွာသားများကို သင်္ဂြိုဟ်ပေးရန် တခြားရွာသားများကို တွင်းထပ်တူးခိုင်းလိုက်သည်။
သူမက အလောင်းဖျက်ဆေးမှုန့်ပုလင်းကို ထုတ်ယူလိုက်ပြီး ကျိရွှေရှန့်၏အရှေ့မှာပင်
ကျင်းထဲသို့ ဖြန်းချလိုက်သည်။ အဖြူရောင်အမြှုပ်များနှင့် အခိုးအငွေ့များက
ထွက်လာသည်ကို သာမန်မျက်စိဖြင့်ပင် မြင်တွေ့နေရပြီး လေထုထဲတွင် ညှော်နံ့များဖြင့်
ပြည့်နေကာ တွင်းထဲရှိ အလောင်းများက တဖြည်းဖြည်း
အရည်ပျော်ဝင်သွားတော့သည်။
ကျိရွှေရှန့်ပင်လျှင်
အံ့သြမှုအတူ ထိန့်လန့်သွားရသည်။
စူးချင်းက
ဒီပစ္စည်းမျိုးကို ဘယ်ကနေရခဲ့တာလဲ? သူမက လူတွေကို သေခြင်းတရားကနေ ပြန်ဆွဲခေါ်နိုင်သလို
ဘယ်သူမှ ဘာမှန်းတောင် မသိလိုက်ရအောင်လည်း လူ
သတ်နိုင်တယ်လား? သူမက ဘယ်သူလဲ?
“မြေပြန်ဖို့လိုက်တော့!”
အလောင်းများအားလုံး
အရည်ပျော်လုနီးပါး ဖြစ်သွားချိန်တွင် စူးချင်းက ကျိရွှေရှန့်ကို အမိန့်ပေးလိုက်သည်။
ကျိရွှေရှန့်၏ပါးစပ်က အနည်းငယ် လှုပ်သွားသော်လည်း သူက ဘာမှ မပြောတော့ပေ။
စူးချင်းမှာ
ဒီလောက် အစွမ်းထက်တဲ့ အရာတွေ ရှိတယ်ဆိုတာ သူ ကြိုသိခဲ့ရင် ဒီလောက် အောက်ခြေမရှိတဲ့
တွင်းကြီးကို တူးဖို့ အင်အားတွေ အများကြီး သုံးခဲ့မှာ မဟုတ်ဘူး။ တွင်းတိမ်တိမ်လေးတစ်ကျင်းဆိုရင်တောင်
လုံလောက်နေပြီလေ။
အခုလည်း မြေပြန်ဖြည့်ဖို့
အချိန်တွေ အများကြီး ယူရဦးမယ်။
စူးချင်းကတော့
မြင်းများကို စိုက်ကြည့်နေပြီး ဖြုန်းတီးမိသလို ခံစားနေရသည်။ ဒီစစ်မြင်းတွေရဲ့ကြွက်သားတွေက
သန်မာတာကြောင့် ကင်လိုက်ရင်.... မဟုတ်သေးဘူး ဘာမှမပါဘဲ ပြုတ်လိုက်ရင်တောင် အရသာရှိမှာ
သေချာတယ်။
ဒီကိစ္စက
အရမ်းအရေးကြီးတယ်ဆိုတာကို သူမ သိနေပေမယ့် မြင်းသားနဲ့ မြင်းသားရေတွေကို
ဖြုန်းတီးပစ်လိုက်ရလို့ စိတ်မကောင်းတာကတော့ စိတ်မကောင်းတာပဲလေ။
စူးချင်းနှင့် ကျိရွှေရှန့်
ပြန်ရောက်လာချိန်တွင် အမျိုးသမီး၏ ဝမ်းပမ်းတနည်း ငိုကြွေးသံများကို အဝေးမှပင် ကြားနေရသည်။
ကျိရွှေရှန့်က သူ့ကိုယ်သူ လေးလေးနက်နက် အပြစ်တင်နေမိသည်။
“တကယ်လို့
ငါသာ သူတို့ကို မခေါ်ထုတ်လာခဲ့ဘူးဆိုရင် ထောင်ဟွားဝူကလူတွေက ဒီလိုအဖြစ်မျိုးနဲ့
ကြုံကြရမှာ မဟုတ်ဘူး”
"ရှင်သာ သူတို့ကို မခေါ်ထုတ်လာရင်၊ သူတို့က မြေနဂါးလှန်(ငလျင်လှုပ်)ကတည်းက
သေသွားနိုင်တယ်"
စူးချင်းက ဘာအမူအရာမှ
မပါပဲ သူ့ကို ကြည့်ကာ ပြောနေပြီး သူမ၏စကားများက အေးစက်နေကာ လူမဆန်သော်လည်း
ထိုစကားကို ကြားပြီးနောက် ကျိရွှေရှန့်၏ နောင်တရစိတ်က အနည်းငယ် လျော့ပါးသွားခဲ့သည်။
သေလွန်သူများက ဘာမှ
မသိကြတော့ပေ။ သို့သော် အသက်ရှင်သူများက သူတို့၏ နှလုံးသားထဲမှ ငိုကြွေးနေရင်း
ခရီးဆက်ကြရသည်။ စူးချင်းက ကျိရှောင်ယင်နှင့် ကလေးများအဖွဲ့ကို အပြင်သို့
ခေါ်ထုတ်လိုက်ပြီး ပြင်းထန်စွာ ဒဏ်ရာရသူများကို သူမ၏ရထားလုံးဖြင့် လိုက်ပါစေခဲ့သည်။
ရွာသားများအားလုံးက
စူးချင်းကို ကြောက်ရွံ့ရိုသေလေးစားနေကြသည်။ သူတို့က သူမ၏ ရက်စက်မှုအတွက်
ကြောက်ရွံ့နေသော်လည်း သူမက တစ်ရွာလုံးကို ကယ်တင်ပေးခဲ့ခြင်းဖြစ်သည့်အတွက် သူမကို
လေးစားနေခဲ့ကြသည်။
စူးချင်းက
အခြားသူများ သူမကို မည်သို့ထင်မြင်သည်ကို ဂရုမစိုက်ပေ။ သူမ၏ [ဆေးပညာ] စွမ်းရည်က
အဆင့် ၄ သို့ ရောက်ရှိသွားခဲ့ပြီး သူမ၏ [စစ်နတ်ဘုရား] စွမ်းရည်က အဆင့် ၂၄ သို့ ရောက်ရှိသွားခဲ့သည်။
သူမ အဆင့် ၁၀၀ နှင့် ခြေတစ်လှမ်းပိုနီးလာသောကြောင့် သူမ ကျေနပ်နေခဲ့သည်။
သူမ၏ကုသိုလ်ရမှတ်များကလည်း
ဘားနှစ်ဘား တိုးလာပြီး အဆင့်တက်ရန် ဘားခြောက်ခုသာ လိုအပ်တော့သည်။
စူးချင်းက သူမ၏အဆင့်မြှင့်တင်မှု
တိုးတက်မှုကို စစ်ဆေးပြီးနောက် သူမ၏ထုံးစံအတိုင်း လမ်းလျှောက်နေရင်း ရက်လုပ်ခြင်းကို
စတင်လိုက်သည်။ ကောက်ရိုးဖိနပ်ရက်လုပ်ခြင်းက တိုးတက်မှု သိပ်မရှိတော့သည့်အတွက် သူမကမိုးမခခြင်းတောင်းများကို
ရက်လုပ်ခဲ့သည်။
ခြင်းတောင်းတစ်ခုကို
ငွေတစ်လျန်နဲ့ ရောင်းလို့ရတယ်လေ၊ လူအိုကြီးချင်ဆိုရင် တစ်ခါတည်းနဲ့ ခြင်းတောင်းဆယ်တောင်းဝယ်ခဲ့သေးတယ်။
စူးချင်း
တမ်းတနေသော လူအိုကြီးချင်က ရုံးတော်အတွင်းတွင် ထိုင်နေပြီး သူ၏ ညာဘက်မျက်ခွံက
တချိန်လုံး တဆတ်ဆတ် လှုပ်နေကာ သူ စိတ်မသက်မသာ ဖြစ်နေခဲ့သည်။
"လူကြီးမင်းကို အစီရင်ခံပါတယ်၊ မကောင်းတာ တစ်ခုခု ဖြစ်သွားခဲ့ပါပြီ"
✍️✍️✍️