Chapter 99 ပိတ်မိသွားခြင်း
Viewers 17k

အခန်း ၉၉ ပိတ်မိသွားခြင်း

"လူကြီးမင်းကို အစီရင်ခံပါတယ်၊ မကောင်းတာ တစ်ခုခု ဖြစ်သွားခဲ့ပါပြီ"

တရားသူကြီးရုံးတော်မှ ရှေ့တော်ပြေးရဲမက်က ခန်းမထဲသို့ ကမန်းကတန်း ပြေးဝင်လာပြီး သူ့အော်သံက ကြောက်ရွံ့တုန်လှုပ်နေမှန်း သိသာနေသော်လည်း  သူက ခန်းမတစ်ခုလုံး ကွဲထွက်လုနီးပါး အော်ဟစ်နေသေးသည်။ ပြေးလာရင်းဖြင့် သူ့၏ဦးထုပ်က နှစ်ကြိမ်လောက် ပြုတ်ကျခဲ့သော်လည်း သူက လုံးဝ ဂရုမစိုက်တော့ပေ။

"မင်းက ဘာလို့ ဒီလောက် အထိတ်တလန့် ဖြစ်နေရတာလဲ?"

လူအိုကြီးချင်က ရုံးတော်မှ ရှေ့ပြေးရဲမက် ထိတ်လန့်တကြား အော်ဟစ်နေသည်ကို မြင်သွားပြီး မည်းမှောင်နေသော မျက်နှာဖြင့် ကြိမ်းမောင်းလိုက်သည်။ ရှေ့ပြေးရဲမက်က လူအိုကြီးချင်၏ ကြိမ်းမောင်းမှုကို လျစ်လျူရှုကာ ကြမ်းပြင်ပေါ်တွင် ဒူးထောက်လိုက်ပြီး ငိုရှိုက်သံဖြင့် ရုံးတော်အပြင်ဘက်သို့ လက်ညှိုးထိုးပြကာ "လူကြီးမင်းချင်၊ အခြေအနေ မကောင်းတော့ဘူး။ လူရိုင်းတွေက ကျင်းချန်ကို တိုက်ခိုက်နေကြပြီ၊ သူတို့က နေရာတိုင်းမှာ မီးရှို့ သတ်ဖြတ် လုရက်ခဲ့ကြတယ်။ အခု ရုံးတော်ကို တိုက်ခိုက်တော့မယ်”

"ဘာလဲ? လူရိုင်းတွေက မြို့ကို တိုက်ခိုက်တာလား?”

လူအိုကြီးချင်က အံ့အားသင့်သွားခဲ့သည်။ ကွမ်တုံနဲ့ ကွမ်ရှီးက  တပ်တွေက မြို့တော်ကို ငွေတွေ ပို့ပေးဖို့ တာဝန်ယူခဲ့တဲ့အပြင် မြို့စောင့်တပ်က  တပ်မှူးကိုလည်း အသစ်လဲပေးခဲ့တယ်။ လူရိုင်းတွေ မြို့ကို ဘယ်လိုတိုက်ခိုက်နိုင်မှာလဲ?

သူတို့ကို မြို့ကို လာတိုက်တယ်ဆိုရင်တောင် မြို့စောင့်တပ်က လွယ်လွယ်နဲ့ ရှုံးသွားပါ့မလား? တိုက်ပွဲဖြစ်တဲ့ အသံတွေတောင် မကြားလိုက်ရဘူးမလား?

မြို့စောင့်တပ်က တပ်မှူးအသစ်က မြို့တံခါးကို ဖွင့်ပေးပြီး လူရိုင်းတွေကို ဝင်ခွင့်ပေးလိုက်တာလား?”

သတင်းလာပို့သော ရဲမက်က ငိုကြွေးနေပြီး အေးစက်သောမိန်းကလေးနှင့် မုတ်ဆိတ်မွေးရှိသောအမျိုးသားတို့ ရုံးတော်ထဲတွင် ရှိနေရန် သူ မျှော်လင့်ထားခဲ့သည်။ ထို့မှသာ လူရိုင်းများကို မောင်းထုတ်နိုင်မည် ဖြစ်သည်။

အခု သူတို့က လူကြီးမင်းချင်နဲ့ အခြားသူတွေကို အားကိုးနေရတာလေ၊ အခု သူတို့ အသက်ရှင်နိုင်ပါတော့မလား?

သခင်ကြီးချင်က သူ့မျက်လုံးများကို မှိတ်ချလိုက်ပြီး သက်ပြင်းချလိုက်သည်။

ဝမ်မိသားစုရဲ့လက်အောက်ခံတွေကို ဖမ်းနိုင်ပြီလို့ သူ ထင်ထားခဲ့ပေမယ့် နောက်ဆုံးမှာတော့ သူ မအောင်မြင်ခဲ့ဘူး။

"မင်းတို့အားလုံး မင်းတို့အသက်ရှင်ရေးအတွက် ပြေးကြတော့!"

အကြီးအကဲချင်က ကုလားထိုင်ပေါ်တွင် တည်တည်ငြိမ်ငြိမ် ထိုင်နေပြီး ရှေ့ပြေးရဲမက်များကို  ထွက်ခွာရန် အမိန့်ပေးလိုက်သည်။

"လူကြီးမင်းချင်၊ ဒီလက်အောက်ငယ်သားက လူကြီးမင်းကို အဝေးဆုံးအထိ ရောက်အောင် ခေါ်သွားပေးပါ့မယ်"

လီဝူက သခင်ကြီးချင် ရှေ့သို့ ရောက်လာကာ ဦးညွှတ်လိုက်ပြီး သူတို့ ထွက်ခွာရန် စိတ်အားထက်သန်စွာ တိုက်တွန်းလိုက်သည်။

"မလိုဘူး၊ ဒီအဘိုးကြီးက သေသေရှင်ရှင် ဒီမြို့မှာပဲ နေခဲ့မယ်"

အကြီးအကဲချင်က သက်ပြင်းချလိုက်သည်။

သူ ထွက်ပြေးလို့ လွတ်မြောက်သွားရင်တောင် အသုံးမဝင်တော့ပါဘူး။ သူလည်း စစ်သူကြီးရှောင်းလိုမျိုး ရန်သူနဲ့ ပူးပေါင်းကြံစည်တယ်ဆိုပြီး စွပ်စွဲခံရလိမ့်မယ်။ သူ  ဒီရုံးတော်မှာ သေဆုံးသွားရင်တော့ သစ္စာရှိတဲ့မှုးမတ်အဖြစ် သတ်မှတ်ခံရနိုင်သေးတယ်။ သူ ပို့လိုက်တဲ့ လျောက်တင်လွှာကလည်း အခုအချိန်လောက်ဆို မြို့တော်ကို ရောက်နေလောက်ပြီ။ ဘာပဲဖြစ်ဖြစ် ဒီနေရာမှာ အသေခံလိုက်ပြီး သစ္စာစောင့်သိတဲ့ သူရဲကောင်းအနေနဲ့ လူသိများတာက ပိုကောင်းပါတယ်။

"သခင်ကြီး"

လီဝူ၏မျက်လုံးများက စိုးရိမ်မှုကြောင့် နီရဲလာပြီး သူက သခင်ကြီးချင်ကို အတင်းဆွဲခေါ်သွားချင်နေပုံရသည်။

အားလုံး ထွက်သွားကြတော့၊ လီဝူ နေခဲ့၊ ငါ မင်းကို ပြောစရာရှိတယ်"

သခင်ကြီးချင်က မှုန်ကုပ်ကုပ်မျက်နှာဖြင့် လီဝူ့ကို စိုက်ကြည့်လိုက်သည်။ လီဝူက သခင်ကြီးချင်ကို ကာကွယ်ပေးနေသော သက်စောင့်လေးယောက်ကို တံခါးအပြင်ဘက်တွင် နေကာ ကာကွယ်ပေးရန် အမိန့်ပေးလိုက်သည်။

"သခင်ကြီး"

လီဝူက သခင်ကြီးချင်ကို ပြန်စိုက်ကြည့်နေပြီး သူ့၏နှလုံးသားက နာကျင်လာတော့သည်။ သူက ဤအဘိုးကြီး၏ဘေးတွင် အချိန်ကြာမြင့်စွာ ရှိနေခဲ့ပြီး ယနေ့တွင် အခြေအနေအားလုံး အဆုံးမရှိ ဖြစ်လာပြီး မဖြစ်မနေ နိဂုံးချုပ်ရတော့မည်ကို သူ နားလည်နေသည်။

မင်း စုကျိုးကို အမြန်ပြန်သွားတော့၊ နတ်ဆေးဆရာမလေးနဲ့ သူ့မိတ်ဆွေကို ငါ့ကို မစောင့်နဲ့တော့လို့ ပြောလိုက်ပါ။ ပြီးတော့ နတ်ဆေးဆရာမလေးအတွက် အနှစ်တစ်ထောင်သက်တမ်းရှိတဲ့ လင်ဇီးတစ်ခုကို ရှာပေးလိုက်ပါ။ ဒါက ငါ့လျှို့ဝှက်ခန်းရဲ့သော့ပဲ။ လျှို့ဝှက်ခန်းထဲမှာ အနက်ရောင်သစ်သားသေတ္တာတစ်လုံး ရှိတယ်။ မင်း အဲ့တာကို လုံးဝ ဖွင့်ကြည့်လို့ မရဘူး။ အဲ့သစ်သားသေတ္တာကို နတ်ဆေးဆရာမလေးရဲ့ မိတ်ဆွေဖြစ်တဲ့ မုတ်ဆိတ်မွေးနဲ့လူငယ်လေး ပေးလိုက်ပါ”

သခင်ကြီးချင်က သော့တစ်ချောင်းကို ထုတ်လိုက်ပြီး လီဝူကို မြန်မြန်ဆန်ဆန် ညွှန်ကြားလိုက်သည်။

"သခင်ကြီး"

လီဝူက မျက်ရည်များ ဝဲလာပြီး သခင်ကြီးချင်က ပြုံးနေကာ သူ့ပခုံးကို ပုတ်ပေးလိုက်သည်။

အစကတည်းက ငါ့မှာ အချိန်သိပ်မကျန်တော့ဘူး။ ငါ ရက်အနည်းငယ်လောက် စောပြီး သေသွားရင်တောင် ကိစ္စမရှိပါဘူး၊ စိတ်မကောင်း မဖြစ်ပါနဲ့။ မင်း ဒီမှာ ဆက်မနေတော့ဘဲ မြန်မြန်ထွက်သွားတော့။ မင်း ငါ ပေးခဲ့တဲ့တာဝန်ကို ပြီးဆုံးအောင် ဆောင်ရွက်ပေးရမယ်၊ အဲ့လိုမှ မဟုတ်ရင် ငါ ငြိမ်းငြိမ်းချမ်းချမ်း သေနိုင်မှာ မဟုတ်ဘူး"

သခင်ကြီးချင်၏မျက်လုံးများက ရှင်းလင်းပြတ်သားနေပြီး သူက သေရန် ဆုံးဖြတ်ထားကြောင်း သိသာနေသည်။

လီဝူက ထွက်သွားရန် ငြင်းဆိုနေသောကြောင့် သခင်ကြီးချင်က သူ့လည်ပင်းပေါ်သို့ ဓားမြှောင်လေးတစ်ခု တင်လိုက်ပြီး သူ့အသက်နှင့် ခြိမ်းချောက်လိုက်သည်။ နောက်ဆုံးတွင် လီဝူက ငိုကြွေးပြီး ထွက်သွားရန်မှတပါး ရွေးချယ်စရာမရှိတော့ဘဲ သခင်ကြီးချင်ကို ကာကွယ်စောင့်‌ရှောက်ပေးရန် သက်တော်စောင့်လေးယောက်ကို အမိန့်ပေးလိုက်သည်။

လီဝူ ထွက်သွားပြီး သိပ်မကြာခင်မှာပင် တိုင်းတပါးသားများက ရုံးတော်ကို တိုက်ခိုက်ခဲ့ကြပြီး သူတို့က လူအိုကြီးချင်ကို  အရှင်လတ်လတ် ဖမ်းဆီးရန် ကြိုးစားနေကြသည်။ သက်တော်စောင့်လေးယောက်က သူ့ကို အသက်ပေး ကာကွယ်နေပြီး သခင်ကြီးချင်က ဓားမြှောင်ကို ကိုင်ကာ သူ့ကိုသူ သတ်သေရန် အဆင်သင့်ဖြစ်နေခဲ့သည်။ သို့သော်လည်း သူ မလှုပ်ရှားရသေးခင်မှာပင် သူ့၏လည်ပင်းတွင် စူးခနဲ ဖြစ်သွားပြီး သူ မေ့လဲသွားခဲ့သည်။

ကျိရွှေရှန့်နှင့် စူးချင်းတို့က လူအိုကြီးချင် ဘာဖြစ်နေသည်ကို မသိနိုင်ကြပေ။ သူတို့ ကျန်းချန်သို့ မ‌ရောက်မီ အခြားမြို့များထဲသို့မဝင်ဘဲ မရပ်မနား ဆက်လက် ခရီးဆက်နေခဲ့ကြသည်။

လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်းတွင် စူးချင်းက ရိက္ခာခြောက်များကို ပြန်ပေါင်းနေခဲ့သည်။ သူမက အချိန်ယူပြီး အကြိမ်ပေါင်းများစွာ ပေါင်းထားသောကြောင့် နှစ်ရက်စာလောက် လုံလောက်နေခဲ့သည်။ ထို့ကြောင့် သူတို့ ချက်ပြုတ်ရန် အချိန်ပေးစရာ မလိုတော့ဘဲ အရှိန်မြှင့်ကာ ခရီးဆက်နိုင်ခဲ့သည်။

ကျန်းချန်သို့ ရောက်သောအခါတွင်လည်း မြို့တံခါးအနီးကို မကပ်ရဲကြပေ။ သူတို့က ကျဥ်းမြောင်းသောလမ်းငယ်လေးကို ဖြတ်လျှောက်နေကြပြီး သူတို့၏မူလလမ်းကြောင်းပေါ်သို့ ပြန်မရောက်မီ ကျန်းချန်တစ်ဝိုက် ကွေ့ပတ်သွားလာ နေကြသည်။

သူတို့ ကျန်းချန်ကို ကွေ့ပတ်ပြီး ကျင့်ရှီလျိုမြောင်သို့ ဦးတည်သော လမ်းကြောင်းပေါ်သို့ ပြန်ရောက်ပြီးနောက်တွင် ဘေးဒုက္ခသည်များ ပိုများလာသည်ကို တွေ့လိုက်ရသည်။ သူတို့က အသေကောင်များကဲ့သို့ လမ်းလျှောက်နေကြပြီး သူတို့၏မျက်လုံးများက  မှိုင်းဝေနေကာ အသက်မဲ့နေသော အမူအရာများဖြင့် ရှေ့သို့ စိုက်ကြည့်နေကြသည်။ သူတို့၏ အမူအရာများက ကြောက်ရွံ့ပြီး ဝမ်းနည်းကြေကွဲပုံပေါ်နေကာ အခြားလူများကိုပင် ကြောက်လန့်စေခဲ့သည်။

စူးချင်းတို့အဖွဲ့ကြီး လမ်းပေါ်သို့ ပြန်ရောက်ချိန်တွင် လူအုပ်ထဲမှ အမျိုးသမီးတစ်ဦးက ဒယိမ်းဒယိုင် လျှောက်လာပြီး ကျိရွှေရှန့်ဆီသို့ တည့်တည့် တိုးဝင်လာသည်။ သူမ၏ဆံပင်များက ရှုပ်ထွေးညစ်ပတ်နေပြီး သူမ၏မျက်နှာတွင်  ရွှံ့များ ရှိနေကာ သူမ၏ မျက်လုံးတစ်စုံကိုသာ မြင်နေရတော့သည်။ သူမ ၀တ်ထားသော စကပ်၏အနောက်တွင် သွေးစွန်းထင်းထားပုံရသော ကြီးမားသည့် အစွန်းအထင်းများ ရှိနေသည်။ သူမ၏ ခန္ဓာကိုယ်ပေါ်ရှိ အနံ့အသက်များက ဆိုးရွားလွန်းနေပြီး အဝေးမှပင် အနံ့ခံနိုင်သည်။

ထိုအမျိုးသမီးကတော့ သူမ၏ဝမ်းနည်းကြေကွဲဖွယ်အခခြေအနေနှင့် အရှက်တရားကို  ဂရုမစိုက်နိုင်တော့ဘဲ ကျိရွှေရှန့်ကို မြင်လိုက်သည်နှင့် သူမ၏ကယ်တင်ရှင်ကို မြင်လိုက်ရသလို ဖြစ်သွားပြီး ကျေးဇူးရှင်ကြီး၊ နောက်ဆုံးတော့ ကျွန်မ ရှင့်ကို ရှာတွေ့ပြီ။ ကျေးဇူးပြုပြီး ကျွန်မကို ရှင်နဲ့အတူတူ ခေါ်သွားပေးပါ!"

ကျိရွှေရှန့်က သူမ ဘယ်သူမှန်းတောင် မသိသောကြောင့် ထိုအမျိုးသမီးက သူမကိုယ်သူမ မိတ်ဆက်လိုက်သည်။

ကျွန်မက ပညာရှင်တင်းရဲ့ကိုယ်လုပ်တော်ပါ။ အရင်တုန်းက ကျွန်မ အဖမ်းခံရပြီး ပြည့်တန်ဆာအိမ်တစ်ခုဆီကို အရောင်းစားခံခဲ့ရပါတယ်။ ရှင်က ကျွန်မကို ကယ်တင်ပေးခဲ့တဲ့ ကျေးဇူးရှင်ပါ"

သူမက ရှင်းပြလိုက်သောကြောင့် ကျိရွှေရှန့်က သူမကို မှတ်မိသွားပြီး သူ့မျက်နှာက ချက်ချင်း မည်းမှောင်လာကာ အေးစက်ပြီး ခံစားချက်မဲ့နေသော အသံဖြင့် "ထွက်သွား"

ကျေးဇူးရှင်ကြီး၊ ရှင် ကျွန်မကို အဆုံးအထိ ကယ်တင်ပေးရမယ်။ လူရိုင်းတွေက ကျင်းချန်ကို ကျူးကျော်သိမ်းပိုက်လိုက်ပြီ၊ မကြာခင် ဒီကို ရောက်လာတော့မယ်။ ကျွန်မက အားနည်းပြီး ပျော့ညံ့တဲ့ မိန်းခလေးတစ်ယောက်ပါ၊ ကျွန်မ တယောက်တည်းဆိုရင် ကျွန်မအသက်ရှင်နိုင်မှာ မဟုတ်ပါဘူး။ ကျွန်မ အစေခံဖြစ်ဖြစ် ကျေးကျွန်ဖြစ်​ဖြစ် လုပ်​နိုင်ပါတယ်"

ပညာရှင်တင်း၏ကိုယ်လုပ်တော်က ငိုယိုနေပြီး မြေပြင်ပေါ်တွင် ဒူးထောက်နေခဲ့သည်။ ယခုအချိန်တွင် သူမက ကျိရွှေရှန့်ကို သွေးဆောင်ရန် မရည်ရွယ်တော့ပေ။

သူမရဲ့အသက်ကိုတောင် သူမ မကာကွယ်နိုင်တော့ဘူးလေ၊ ဒီအချိန်မှာ ဘယ်သူ့ကို သွေးဆောင်နိုင်မှာလဲ?

"မင်း ဘာပြောလိုက်တာလဲ?"

တိုင်းတပါးသားများက ကျင်းချန်ကို သိမ်းပိုက်လိုက်ကြောင်း ကြားသောအခါ ကျိရွှေရှန့်၏ အမူအရာက သိသိသာသာ ပြောင်းလဲသွားပြီး စူးချင်းလည်း တုန်လှုပ်သွားသည်။

လူအိုကြီးချင် လွတ်မြောက်နိုင်ပါ့မလား?

လူရိုင်းတွေက ယွိချန်နဲ့ ကျင်းချန်ကို သိမ်းပိုက်လိုက်ပြီ။ သူတို့က မီးရှို့၊ သတ်ဖြတ်၊ လုရက်ကြပြီး ဒုစရိုက်မျိုးစုံကို ကျူးလွန်နေကြတယ်။ သေသွားတဲ့ သူတွေက စုပုံနေပြီး တောင်ကြီးလိုတောင် ဖြစ်နေပြီ။”

ပညာရှင်တင်း၏ကိုယ်လုပ်တော်က မျက်ရည်များ ကျနေရင်း ရှင်းပြနေသည်။ သူမကလည်း ဤအရာများ အားလုံးကို ကြားရုံသာ ကြားခဲ့ခြင်း ဖြစ်ပြီး လွန်ခဲ့သော ရက်အနည်းငယ်အတွင်းတွင် ဒုက္ခသည်များ ပိုများလာခဲ့သည်။ ၎င်းတို့ထဲမှ တစ်ဝက်က အမှန်တကယ် ဒုက္ခသည်များဖြစ်ပြီး ကျန်တစ်ဝက်က လူရိုင်းများ၏ ကျူးကျော်ခြင်းကို ခံရပြီးနောက် သူတို့၏ နေအိမ်များမှ ထွက်ခွာခဲ့ရသူများ ဖြစ်သည်။

ယွိချန်ကိုလည်း သိမ်းပိုက်လိုက်ပြီလား?

ပညာရှင်တင်း၏ကိုယ်လုပ်တော် ပြောလိုက်သော စကားများကို ကြားလိုက်ရချိန်တွင် ခင်ပွန်းဖြစ်သူကို ဆုံးရှုံးခဲ့ရသော အမျိုးသမီးများက ထောင်ဟွားဝူမှ ထွက်ပြေးလာခဲ့မိသည့်အတွက် နောင်တမရတော့ပေ။

ထောင်ဟွားဝူကိုက  မရဏတိုင်းပြည် ဖြစ်နေပြီလေ။ သူတို့ အဲ့မှာ ဆက်နေရင် မြေနဂါးကြီး လက်ထဲမှာ အသေခံရလိမ့်မယ်၊ မဟုတ်ရင် လူရိုင်းမျိုးနွယ်ရဲ့သတ်ဖြတ်ခြင်းကို ခံရလိမ့်မယ်၊ အဲ့တာမှ မသေဘဲ ကျန်နေသေးရင်  တော်ဝင်ရုံးတော်က သူတို့ကို ရှေ့ပြေးအနေနဲ့ အသေခံခိုင်းလို့ သေရမှာပဲ။ ပုရွက်ဆိတ်တွေလို သေးငယ်တဲ့ သူတို့က အနှေးနှင့်အမြန်ဆိုသလို အနင်းခံရပြီး သေဆုံးသွားမှာပါပဲ။

ကျိရွှေရှန့်က ပညာရှင်တင်း၏ကိုယ်လုပ်တော်ကို မျက်နှာမည်းကြီးဖြင့် ငြင်းပယ်လိုက်သည်။

ငါတို့က အပြင်လူကို မခေါ်ဘူး။ တခြားအဖွဲ့တွေကို သွားမေးကြည့်လိုက်”

"လက်ခံပေးပါ... တောင်းပန်ပါတယ် ကျေးဇူးပြုပြီး ကျွန်မကို လက်ခံပေးပါ!"

ကျိရွှေရှန့်က သူမကို ခေါ်သွားရန် ဆန္ဒမရှိကြောင်း တွေ့လိုက်ရသောကြောင့် ပညာရှင်တင်း၏ကိုယ်လုပ်တော်က မြေပြင်ပေါ်မှာ ဒူးထောက်လိုက်ပြီး ထပ်တောင်းပန်နေကာ ဘာပဲဖြစ်ဖြစ် ထွက်သွားရန် ငြင်းဆန်နေပုံဖြင့် ခေါင်းငုံ့ထားလိုက်သည်။

"မင်း မထွက်သွားရင် ငါ မင်းကို နှင်တံနဲ့ ရိုက်မှာ‌နော်"

ကျိရွှေရှန့်၏မျက်နှာက မည်းမှောင်သွားပြီး သူက မြင်းလှည်းမှ နှင်တံကို ဆွဲယူကာ  မြေပြင်ပေါ်ရှိ ကျောက်တုံးကို ရိုက်လိုက်သည်။ လေသံနှင့်အတူ ကျောက်တုံးက ထိုကိုယ်လုပ်တော်၏မျက်နှာဆီသို့ ပျံသန်းသွားသည်။ သူမက ထိတ်လန့်လွန်းသောကြောင့် သူမ၏မျက်နှာကို လက်ဖြင့် အုပ်ပြီး စိတ်ပျက်လက်ပျက်ဖြင့် မြေပြင်ပေါ်ထိုင်ချကာ ငိုကြွေးနေခဲ့သည်။

ပညာရှင်တင်း၏ ကိုယ်လုပ်တော်က ကျိရွှေရှန့်နှင့် အခြားသူများ ထွက်ခွာသွားသည်ကို ကြည့်နေခဲ့ပြီး သူမ တစ်ယောက်တည်း ကျန်နေပါက သူမ ထပ်အဖမ်းခံရပြီး ဖေးစွေ့အိမ်တော်ကဲ့သို့သော ပြည့်တန်ဆာအိမ်တစ်ခုသို့ ထပ်အပို့ခံရမည်ကို သူမ သိနေသောကြောင့် သူမက ကျိရွှေရှန့်တို့၏နောက်သို့ လိုက်သွားခဲ့သည်။

သူမက အဖွဲ့ထဲသို့ မ၀င်လာသရွေ့ ကျိရွှေရှန့်က သူမကို ဂရုစိုက်စရာအကြောင်း မရှိပေ။ သူက တစ်ခုခု ဆွေးနွေးရန် လေးနက်သော အမူအရာဖြင့် ရွာလူကြီးချိုးကို သွားရှာနေခဲ့သည်။

အဖိုး၊ ကျွန်တာ်တို့ လမ်းကြောင်းကို ပြန်ပြောင်းရတော့မယ်။ လူရိုင်းတွေက ကျင်းချန်ကို သိမ်းပိုက်ပြီးပြီဆိုတော့ သူတို့မြို့တော်ကို ဆက်တိုက်နိုင်မယ်။ ဒီလမ်းကြောင်းက ကျွန်တော်တို့အတွက် အန္တရာယ်ရှိနိုင်တယ်”

"ရွှေရှန့်၊ မင်း ဆုံးဖြတ်လို့ရတယ်"

ရွာလူကြီးချိုးက လုံးဝ ကန့်ကွက်ခြင်းမရှိဘဲ ကျိရွှေရှန့်ကို ဆုံးဖြတ်ချက်ချခွင့် ပေးလိုက်သည်။

ကျိရွှေရှန့်က စူးချင်းရှေ့သို့ လျှောက်သွားလိုက်ပြီး စူးချင်းက သူ့ကို တိတ်တဆိတ် စိုက်ကြည့်နေသည်။

"လူရိုင်းတွေက ကျင်းချန်ကို သိမ်းပိုက်လိုက်ပြီ၊ လူကြီးမင်းချင်က အဆင်ပြေ မပြေ မသိရသေးဘူး။ ငါတို့ စူးကျိုးကို သွားဦးမှာလား?”

(T/N: ဒီမှာ လူရိုင်းဆိုတာက သူတို့ တိုင်းပြည်က လူတွေ မဟုတ်ပဲ တခြားအမျိုးအနွယ်တွေကို ပြောတာပါ၊ တောထဲမှာ နေတဲ့ လူရိုင်းတွေကို ပြောတာမဟုတ်ပါဘူး။ သူတို့က ကျူးကျော်လာတဲ့သူများတွေကို အရိုင်းအစိုင်းတွေဆိုပြီး လူရိုင်းလို့ခေါ်တာပါ၊ အသံထွက်အရတော့ မန်ချူးတွေ ဖြစ်ဖို့များပါတယ်) 

 ✍️✍️✍️