Chapter 102 သတိလစ်သွားပြန်တယ်
Viewers 17k

အခန်း ၁၀၂ သတိလစ်သွားပြန်တယ်

လူကြီးမင်း၊ ကျွန်တော်မျိုးတို့ ရိက္ခာတွေကို ပံ့ပိုးပေးနိုင်ပါတယ်၊ လှည်းတွေကိုတော့ ကျွန်တော်မျိုးတို့အတွက် ချန်ထားပေးလို့ရမလား? ကျွန်တော်မျိုးတို့မှာ  အသက်ကြီးတဲ့သူတွေ၊ အားနွဲ့တဲ့အမျိုးသမီးတွေနဲ့ ဖျားနာနေသူတွေ၊ မသန်စွမ်းသူတွေနဲ့ ကလေးတွေ အများကြီး ရှိနေလို့ပါ၊ ကျွန်တော်တို့ ရှေ့ဆက်ဖို့ တကယ်ကို ခက်ခဲနေလို့ပါ"

ချိုးယုံခန်းက အလျင်အမြန် ရှေ့တိုးသွားပြီး ဦးညွှတ်တောင်းပန်နေချိန်တွင် ရွာလူကြီးချိုးက သူ့လူများကို ကျုံးယုံနှင့် လီတာ့နျိုတို့အား တားဆီးထားရန် အမိန့်ပေးလိုက်သည်။

လီချန်၌ ဝမ်မိသားစုတပ်မှ စစ်သည်များနှင့် မြင်းတပ်သားများ ထောင်ပေါင်းများစွာ ရှိနေပြီး သူတို့ ပြန်ခုခံလျှင် ထိုအားထုတ်မှုက ကျောက်တောင်ကို ပစ်ပေါက်သော ကြက်ဥတလုံးနှင့်သာ တူနေပေလိမ့်မည်။

ကျိရွှေရှန့်က လက်သီးများကို ကျစ်နေအောင် ဆုပ်ထားပြီး အံကြိတ်ထားသည်။ တာ့ရှားရဲ့စစ်သည်တွေက ပြည်သူတွေကို မကာကွယ်တဲ့အပြင် ဒုက္ခသည်တွေဆီက အစားအစာတွေကို လုယူနေသေးတယ်။ အဲ့လိုမျိုး အုပ်စိုးသူကို ကောင်းကင်က ဖြုတ်မချသေးဘူးလား?

စူးချင်းက ကျိရွှေရှန့်ဆီသို့ လျှောက်လာပြီး သူ့ကို ပြန်ဆွဲထားကာ  စကားတစ်ခွန်း ပြောလိုက်သည်။

သည်းခံ”

ကျိရွှေရှန့်က သည်းမခံနိုင်လောက်သည်အထိ အခက်တွေ့နေရပြီး သည်းခံနေရလွန်းသောကြောင့် သူ့ခေါင်းကို ဓားဖြင့် အထိုးခံနေရသလို ခံစားနေရသည်။ သူ့၏နဖူးမှ သွေးကြောများက ပေါက်ထွက်လုနီးပါးပြီးနေပြီး လက်သီးများကို တင်းတင်းကျပ်ကျပ် ဆုပ်ထားသောကြောင့် လက်ဆစ်များပင် ဖြူဖျော့လာသည်။

အာဃာတအသစ်တွေနဲ့ အဟောင်းတွေ ရောထွေးနေပြီး သူ အခုပဲ လူသတ်ချင်နေပြီ။

စူးချင်းက သူ့လက်မောင်းပေါ်ရှိ ကြွက်သားများ တင်းမာလာသည်ကို ခံစားလိုက်ရသည်။ သူမက ဘေးကင်းစေရန် ရည်ရွယ်ပြီး ကျိရွှေရှန့်၏နှာခေါင်းရှေ့တွင် ဆေးမှုန့်များ သုတ်လိမ်းထားသော လက်ကိုင်ပုဝါကို ဝှေ့ယမ်းလိုက်သည်။ ကျိရွှေရှန့်က သတိမထားမိဘဲ အသက်ရှုသွင်းလိုက်သောကြောင့် စူးချင်းကို စိုက်ကြည့်နေရင်း မြေပြင်ပေါ်သို့ လဲကျသွားသည်။

"အစ်ကိုရွှေရှန့်၊ ဘာဖြစ်သွားတာလဲ?"

ချိုးယွဲ့က သူတို့နှစ်ယောက်ကို မျက်ခြေမပြတ် စိုက်ကြည့်နေပြီး စူးချင်းက ကျိရွှေရှန့်၏လက်ကို ဆွဲနေသည်ကို သူမ မြင်လိုက်ရချိန်တွင် သူမ၏မျက်နှာက ဒေါသကြောင့် ဖြူဖျော့သွားခဲ့သည်။ ထို့နောက် စူးချင်းက ကျိရွှေရှန့်၏ရှေ့တွင် သူမ၏လက်ကိုင်ပုဝါကို ဝှေ့ယမ်းလိုက်ပြီး ကျိရွှေရှန့် လဲကျသွားသည်ကို သူမ မြင်လိုက်ရပြန်သည်။

"နင် သူ့ကို ဘာလုပ်လိုက်တာလဲ? အခု စပါးတွေ အသိမ်းခံရတော့မယ့် အချိန်မှာ စပါးတွေ ပြန်ရဖို့ အစ်ကိုရွှေရှန့်ကိုပဲ အားကိုးရမှာလေ”

ချိုးယွဲ့က စူးချင်းကို ကြောက်ရွံ့မှုအား မေ့သွားပြီး ဒေါသတကြီး ကြိမ်းမောင်းနေပြန်သည်။

"မင်း စကားအရမ်းများတယ်"

စူးချင်းက သူမ၏ လက်ကိုင်ပုဝါကို ထပ်မံ ဝှေ့ယမ်းလိုက်ရာ ချိုးယွဲ့လည်း လဲကျသွားသည်။

အ‌ဒေါ်ချိုးက အမြန်ရောက်လာပြီး စူးချင်းကို တောင်းပန်လိုက်သည်။

"စူးချင်း၊ ချိုးယွဲ့က ဥာဏ်မမှီလို့..."

သို့သော် စူးချင်းက သူမကို လျစ်လျူရှုပြီး ဖြတ်လျှောက်သွားခဲ့သည်။ အ‌ဒေါ်ချိုးက ဘာလုပ်ရမှန်းမသိ ဖြစ်နေသော အမူအရာဖြင့် ချိုးယွဲ့ကိုသာ ကူညီပေးလိုက်‌တော့သည်။ သူမလည်း စူးချင်းကို အဆက်မပြတ် ရန်စနေသည့် သူမ၏သမီး ချိုးယွဲ့ကို ဒေါသထွက်လာပြီ ဖြစ်သည်။

စူးချင်းက ချိုးယုံခန်းဆီသို့ လျှောက်သွားလိုက်ပြီး သူက သနားညှာတာပေးရန် တောင်းပန်နေသေးသည်ကို တွေ့လိုက်ရသည်။ သို့သော်လည်း ထိုလူမဆန်သောလူများက ဂရုမစိုက်ဘဲ  ချိုးယုံခန်းကို မြေပြင်ပေါ်သို့ ကန်ချလိုက်သည်။

ကျုံးယုံက ချိုးယုံခန်းအား ကန်လိုက်သည့်သူကို စိုက်ကြည့်နေပြီး သူသေကိုယ်သေ တိုက်ပွဲဝင်ချင်နေသည်။ စူးချင်းက သူ့ထံသို့ လျှောက်သွားလိုက်ပြီး ထုံကျင်စေမည့် အကြောဆုံမှတ်များကို နှိပ်လိုက်သောကြောင့် ကျုံးယုံတစ်ယောက် တစ်ကိုယ်လုံး ထုံကျင်သွားပြီး မလှုပ်ရှားနိုင်တော့ပေ။

"မင်း ငါ့ကို ဘာလို့ ဆွဲထားတာလဲ? သူတို့က ငါတို့ရဲ့စားစရာတွေကို လုယူနေကြတာလေ"

ကျုံးယုံ၏မျက်လုံးများက နီရဲနေသော်လည်း စူးချင်းက သူ့ကို လျစ်လျူရှုထားပြီး ရိက္ခာများပြည့်နေသော လှည်းများဆီသို့ လျှောက်သွားလိုက်သည်။ စစ်သည်များက သူတို့၏ သံမဏိဓားများကို မြှောက်ကာ စူးချင်းကို ချိန်ရွယ်ထားကြသည်။

လူကြီးမင်း၊ လူကြီးမင်းတို့ အားလုံးက ကျွန်တော်မျိုးတို့ရဲ့လူမျိုးတွေကို ကာကွယ်ဖို့ သွေးသံတရဲရဲ တိုက်ပွဲ ဝင်နေကြရတာပါ။ ဒီစပါးတွေနဲ့ လူကြီးမင်းတို့ကို ကူညီပေးနိုင်တာက ကျွန်တော်မျိုးတို့အတွက် ဂုဏ်ယူစရာပါ”

စူးချင်းက စကားပြောနေရင်းဖြင့်  လှည်းပေါ်မှ စပါးအိတ်များကို လက်ဖြင့် တဘုန်းဘုန်း လိုက်ရိုက်နေသည်။ စူးချင်း၏စကားများက နားဝင်ချိုသောကြောင့် တပ်ဖွဲ့ခေါင်းဆောင်က သူ့လူများကို ဓားပြန်ချရန်  အမိန့်ပေးလိုက်သည်။

တော်တယ်၊ မင်းက ဉာဏ်ကောင်းတယ်၊ မင်းက အဲဒီလူတွေထက် အများကြီးသာတယ်။ စစ်သည်တွေက အစားမစားဘဲနဲ့ ဘယ်လိုလုပ်ပြီး လူရိုင်းတွေကို တိုက်ခိုက်နိုင်မှာလဲ? သူတို့က နားမလည်ဘူး!"

ဟုတ်တယ်၊ သူတို့အားလုံးက ဉာဏ်မမီဘူး”

စူးချင်းက စားစရာများပြည့်နေသော အခြားလှည်းဆီသို့ လျှောက်သွားလိုက်ပြီး စပါးအိတ်များကို ထပ်ပုတ်နေပြန်သည်။

"မင်းတို့ရဲ့အိမ်တွေနဲ့ တိုင်းပြည်ကို ကာကွယ်ပေးနေတဲ့ စစ်သည်တွေအတွက် စားစရာထောက်ပံ့ရတာကို မင်းတို့ ဂုဏ်ယူသင့်တယ်"

တပ်ဖွဲ့ခေါင်းဆောင်က ရယ်မောပြီး စူးချင်းကိုပင် ချီးကျူးနေလေသည်။

မင်းက သူတို့ထက် အများကြီး သိတက်တယ်။ လာကြစမ်း လှည်းတွေကို မောင်းသွားကြစမ်း"

"ဂရုစိုက်ပါ လူကြီးမင်း"

စူးချင်းက ဦးညွှတ်ပြီး နောက်သို့ ဆုတ်ပေးလိုက်ကာ လှည်းများ မောင်းယူသွားသည်ကို ကြည့်နေရင်း သူမ၏မျက်လုံးများက ပို၍ အေးစက်လာခဲ့သည်။

ထောင်ဟွားဝူမှ ရွာသူရွာသားများက စူးချင်းကို မယုံကြည်နိုင်စွာ လှမ်းကြည့်နေကြသည်။ သူမ ကောက်နှံတွေ ပြန်သွားတောင်းနိုင်မယ်လို့ သူတို့ ထင်ခဲ့ကြပေမဲ့ သူမက  အလွယ်တကူ ပေးလိုက်မယ်လို့ ဘယ်သူက တွေးမိမှာလဲ?

"သွားကြရအောင်"

စစ်သည်များ ပြန်ထွက်သွားပြီးနောက် စူးချင်းက ချက်ချင်း အမိန့်ပေးလိုက်သည်။ ချိုးယုံခန်းက မသိစိတ်မှ သူမ၏အမိန့်ကို လိုက်နာခဲ့သည်။

စူးချင်း ခန ရိက္ခာအိတ်တွေကို လက်နဲ့လိုက်ပုတ်နေတာကို သူ မြင်လိုက်တယ်။ သူမ ဘာလုပ်လိုက်လဲ ဆိုတာကိုတော့ သူ သိချင်နေမိတယ်။

စူးချင်းက သူ့ဘေးမှ ဖြတ်သွားပြီး ကျိရွှေရှန့်ကို ရေဖြင့်ပက်ကာ ပြန်နှိုးလိုက်သည်။ ကျိရွှေရှန့်က စူးချင်းကို ရှုပ်ထွေးသော အမူအရာဖြင့် စိုက်ကြည့်နေသည်။

ဒါ သူမ သူ့ကို ဆေးခပ်တာ ဒုတိယအကြိမ်ပဲ။

နောက်တစ်ခါဆိုရင် ကောင်းကောင်းမွန်မွန် ပြော။ ငါ စိတ်ထိန်းနိုင်တယ်”

ကျိရွှေရှန့်က သူ့မျက်နှာပေါ်မှ ရေများကို သုတ်နေရင်း စူးချင်းကို  ပြောလိုက်သည်။

အင်း”

စူးချင်းက အသံထွက် တုံ့ပြန်လိုက်ပြီး စကားတစ်ခွန်းမှ မပြောဘဲ သူ့ရှေ့မှ ဖြတ်လျှောက်သွားတော့သည်။ ထို့နောက် သူမက ရထားလုံးပေါ်သို့ သွက်သွက်လက်လက် ခုန်တက်သွားခဲ့သည်။

"အစ်မ၊ စားစရာတွေ အကုန် အသိမ်းခံလိုက်ရတော့ ကျွန်မတို့မှာ စားစရာ မရှိတော့ဘူးလို့ ဆိုလိုတာလား?"

ကျိရှောင်ယင်က စူးချင်းကို ခါးသီးသော မျက်နှာဖြင့် မေးလိုက်သည်။ သူမတို့က တာ့ရှားတိုင်းပြည်ရဲ့ စစ်တပ်ဆီကနေ လုရက်ခြင်း ခံလိုက်ရတာလား?

ဓားပြတွေနဲ့  လူရိုင်းတွေက သူမတို့ဆီက မလုယက်ဘဲ စစ်တပ်က သူမတို့ဆီကနေ လုယက်သွားတာလား?

ကျိရှောင်ယင်က လုံးဝ စိတ်ရှုပ်နေပြီး မည်သို့မျှနားမလည်နိုင် ဖြစ်နေခဲ့သည်။ ဒီစစ်သည်တွေက ပြည်သူတွေကို ကာကွယ်နေဖို့ ဒီနေရာမှာ ရှိနေတာလား? ဒါမှမဟုတ် အန္တရာယ်ပြုဖို့လား?

အဆင်ပြေပါတယ်၊ ထွက်ပေါက်တစ်ခုကတော့ အမြဲ ရှိနေလိမ့်မယ်”

စူးချင်းက ပေါ့ပေါ့ပါးပါး ပြန်‌ပြောလိုက်ပြီး မြင်း၏ဇက်ကြိုးကို ဆွဲထားရင်း နောက်သို့ ပြန်လှည့်ကြည့်လိုက်သည်။ ရွာသားများအားလုံး ပြန်လည်စုဖွဲ့ပြီးသည်ကို မြင်လိုက်ချိန်တွင် သူမက ကြာပွတ်ကို ဝှေ့ယမ်းလိုက်သည်။ ရထားလုံးပေါ်ရှိ အမျိုးသမီးလီက စူးချင်းနှင့် ကျိရှောင်ယင်တို့၏ စကားများကို ကြားနေရပြီး သူမ၏စိတ်ထဲတွင် ဝမ်းနည်းဒေါသများ ပြည့်နှက်လာသောကြောင့် မထိန်းနိုင်ဘဲ ရေရွတ်လိုက်သည်။

"အရင်တုန်းက စစ်သူကြီးရှောင်းရဲ့ စစ်တပ်က သာမန်ပြည်သူတွေကို ကာကွယ်ပေးခဲ့တယ်"

ဒေါ်လေး ကျွန်မ အဲ့အကြောင်းကို သိချင်တယ်။ ကျွန်မကို ပြောပြပါလား?"

ကျိရှောင်ယင်က စူးစမ်းလိုစိတ်ဖြင့် အမျိုးသမီးလီကို မေးလိုက်သော်လည်း အမျိုးသမီးလီက ခေါင်းခါလိုက်သည်။

"ဘာပြောစရာ ရှိမှာလဲ? လူဆိုးတွေက အနှစ်တစ်ထောင် အသက်ရှင်နေချိန်မှာ လူကောင်းတွေက ကောင်းကောင်း မနေရဘူး”

အမျိုးသမီးလီ၏အသံတွင် နက်ရှိုင်းသော အမုန်းတရားများ ပြည့်နှက်နေပြီး သူမက ခေါင်းငုံ့ကာ သူမမျက်ဝန်းမှ မျက်ရည်များကို ပြန်ထိန်းလိုက်သည်။

"အဒေါ်၊ ကျွန်မ အဒေါ်ရဲ့မျက်လုံးတွေကို ကုပေးမယ်"

စူးချင်း ရုတ်တရတ် ပြောလိုက်သည့် စကားက အမျိုးသမီးလီ၏ နှလုံးသားထဲမှ မျှော်လင့်ချက်များကို တိုးလာစေခဲ့သည်။

"အဒေါ်ရဲ့မျက်လုံးတွေကို တကယ် ကုသပေးနိုင်တာလား?"

အင်း၊ ကျွန်မ ကုပေးနိုင်တယ်။ ကျွန်မတို့ အနားယူတဲ့ အချိန်ရောက်ရင် ဆေးပေးပါ့မယ်"

စူးချင်း၏အသံက အေးစက်နေသေးသော်လည်း ထိုအသံကပင် အမျိုးသမီးလီအတွက် အဆုံးမရှိသော မျှော်လင့်ချက်ကို ယူဆောင်လာပေးနိုင်ခဲ့သည်။

အခု သူမရဲ့သားလေးက ဘယ်လိုပုံစံနဲ့ ကြီးပြင်းလာလဲဆိုတာကို သူမ မြင်ချင်လှပြီ။ သူက အစ်ကိုဖုန်းနဲ့တူတာလား?

စားနပ်ရိက္ခာများ လုယူခံလိုက်ရသောကြောင့် လူအုပ်စုကြီးက သေလုမျောပါး စိတ်ဓာတ်ကျိနေကြသည်။ လူတိုင်းက သူတို့ အသက်ရှင်နေထိုင်ပုံနှင့်ပတ်သက်၍ မေးခွန်းထုတ်ချင်နေကာ သူတို့၏စိတ်ထဲတွင် ရှုပ်ထွေးမှုများ၊ အကူအညီမဲ့မှုများဖြင့် ပြည့်နှက်နေခဲ့သည်။

လီချန်၏မိုးခေါင်ရေရှားမှုက ကျင်းချန်လောက် မပြင်းထန်သောကြောင့် လမ်းဘေးတွင် မြက်ပင်များကို မြင်တွေ့ရပြီး သိပ်မကျယ်သော်လည်း အဆက်မပြတ်စီးဆင်းနေသည့် မြစ်ငယ်လေးများပါရှိသောကြောင့် သောက်ရေအတွက် စိတ်ပူစရာ မလိုတော့ပေ။

မြက်ရှိသောအရပ်၌ တောရိုင်းဟင်းသီးဟင်းရွက်များ ရှိနိုင်ပြီး တောရိုင်းအသီးအနှံများရှိလျှင် လူများ ငတ်သေတော့မည် မဟုတ်ပေ။ ရွာလူကြီးချိုး၏ အားပေး စကားသံကို ကြားပြီးနောက်တွင် လူတိုင်းက ယုံကြည်မှုများ ပြန်လည်ရရှိခဲ့ကြသည်။

လီချန်မှ ဆယ်လီကျော်ကွာဝေးလာစောအချိန်တွင် လူတိုင်း ဆာလောင်လွန်းနေပြီး အားမရှိတော့သည်ကို ကျိရွှေရှန့်က မြင်လိုက်ရသည်။ ရိက္ခာ လုယူခံရသည့် အဖြစ်အပျက်နှင့် သံချပ်ကာတပ်များ၏ချောက်ချမှုများကို ဥပမာယူကာ ကျိရွှေရှန့်က လူအားလုံးကို လမ်းမကြီး ဝေးရာသို့ ခေါ်ဆောင်လာခဲ့ပြီး နားရန်အတွက် တိတ်ဆိတ်ပြီး ပြန့်ပြူးသောနေရာတစ်ခုကို ရှာလိုက်သည်။ နောက်ဆုံးတွင် ဒုက္ခသည်အဖွဲ့က ရပ်တန့်သွားခဲ့ပြီး လက်ရှိအစိုးရိမ်ရဆုံးပြဿနာက  ဗိုက်ဖြည့်ရန်သာ ဖြစ်သည်။

ယခုတစ်ကြိမ်တွင် ဘယ်သူကမှ ဘယ်သူ့ကို အမိန့်ပေးစရာ မလိုတော့ဘဲ လူတိုင်းက ကိုယ့်ဘာသာကိုယ် အသိရှိရှိ ပြုမူကြသည်။ အမျိုးသမီးများက တောရိုင်းအသီးအနှံများ ရှာဖွေရန် တောင်ပေါ်သို့ သွားကြပြီး အမျိုးသားများက မြစ်ထဲသို့ ဆင်းကာ ငါးရှာရန်နှင့် တောင်ပေါ်သို့ တက်ကာ အမဲလိုက်ရန် ထွက်ခွာကြသောကြောင့် သက်ကြီးရွယ်အိုများ၊ ကလေးငယ်များနှင့် ဒဏ်ရာရနေသောလူများသာ ကျန်ရစ်နေခဲ့သည်။

စူးချင်းကလည်း တောရိုင်းဟင်းသီးဟင်းရွက်များ ခူးယူရန် တောင်ပေါ်သို့ လိုက်သွားခဲ့သည်။ သူမက ရှောင်ချီကို ရှုံးဟွမ် ပြုလုပ်ပေးရန် တောင်းဆိုလိုက်ပြီး မိန်းခလေးတစ်ယောက်ချင်းစီကို သူမတို့၏ခန္ဓာကိုယ်ပေါ်တွင် နည်းနည်းစီ ဖြူးခိုင်းလိုက်သည်။

(T/N: ရှုံးဟွမ်ဆိုတာက wiki မှာတော့ ဆေးဒါန်းအနီလို့ တွေ့တယ်၊ တကယ်က အာဆင်းနစ်အပျော့စားပါ၊ ဆေးဖော်တဲ့နေရာတွေမှာ သုံးတယ်လို့ ပြောတယ်)

မိန်းကလေးများက စူးချင်းနောက်မှ အနီးကပ် လိုက်လာကြပြီး သူမနှင့်ဝေးဝေးကို  ခြေလှမ်းမလှမ်းရဲကြပေ။ စူးချင်းဘေးနားတွင် ရှိနေရုံဖြင့် သူမတို့ လုံခြုံသည်ဟု ခံစားကြရသည်။

"အား မြွေတွေ အများကြီးပဲ!"

အပေါ့အပါးသွားရန် ခြုံထဲသို့ ဝင်သွားသော လီရွှမ်းအာက ရုတ်တရက် ထအော်လိုက်ပြီး ပြန်ပြေးထွက်လာသည်။ သူမက ကြောက်လွန်းသောကြောင့် သူမ၏ဘောင်းဘီကို ဆွဲတင်ရင်း ပြေးထွက်လာခဲ့သည်။ စူးချင်းက ထိုနေရာသို့ မြန်မြန် ပြေးသွားလိုက်သည်။

မြွေတွေက စားလို့ရတယ်လေ။

သူမ ထိုနေရာသို့ ရောက်သွားချိန်တွင် သူမလက်ကောက်ဝတ်ခန့်ရှိသော မြွေစိမ်းနှစ်ကောင်ကို တွေ့လိုက်ရသည်။ သူတို့က ရှုံးဟွမ်၏အနံကြောင့် ရန်လိုနိုင်ခြင်း မရှိတော့ဘဲ မြက်ခင်းပြင်တွင် တွန့်လိမ်တွန့်လိမ် တွားသွားနေကာ နွမ်းနယ်နေကြပြီ ဖြစ်သည်။

ဘာမှ မဖြစ်ဘူး”

စူးချင်းက မြွေကို အမြီးမှ ကောက်ကိုင်လိုက်ပြီး ခါယမ်းလိုက်သည်။ မြွေ၏အရိုးအဆစ်များ ပြုတ်သွားချိန်တွင် သူမက ၎င်းတို့ကို ခြင်းတောင်းထဲသို့ ပစ်ထည့်လိုက်ပြီး တောရိုင်းဟင်းသီးဟင်းရွက်များကို ဆက်လက်ရှာဖွေနေလိုက်သည်။

ထို့နောက်တွင် အံ့အားသင့်​စရာ တစ်ခုကို ရုတ်​တရက်​  ​တွေ့လိုက်ရ​သောကြောင့် စူးချင်းက ထိုနေရာသို့ အမြန်​​ပြေးသွားလိုက်ပြန်သည်​။

✍️✍️✍️