အခန်း ၁၂၂
ကိုယ်စိုက်ပျိုးသမျှ ပြန်ရိတ်သိမ်းရခြင်း
“လူကြီးမင်း၊
ကျွန်တော်မျိုး အမှန်အတိုင်း ပြောနေတာပါ။ ကျွန်တော်မျိုးရဲ့လက်မောင်းက ဒဏ်ရာကို
ကြည့်ပါ။ ဒဏ်ရာက အရမ်းနက်ပေမယ့် ဆေးဝါးတချို့ လိမ်းရုံနဲ့ သွေးထွက်တာ ရပ်သွားတယ်။ ဒီဆေးကို
တိုက်ပွဲမှာ အသုံးပြုနိုင်လျှင် ဘယ်လောက်တောင် အသေအပျောက် နည်းသွားမယ်ထင်လဲ?”
ကျန်းယိဖန်းက
သံချပ်ကာဝတ်တပ်သားများအား ထိုသွေးတိတ်ဆေးက အံ့ဖွယ်နတ်ဆေးဖြစ်ကြောင်း ယုံကြည်စေရန်
ကြိုးစားနေခဲ့သည်။
"စစ်သူကြီးကို သတင်းသွားပို့လိုက်"
တံခါးရှိ သံချပ်ကာဝတ်တပ်ဖွဲ့ဝင်များက
ထိုကဲ့သို့ အံ့ဖွယ်ဆေးမျိုး ရှိနေသည်ကို မယုံသော်လည်း ကျန်းယိဖန်း၏လက်မောင်းမှ
ဒဏ်ရာက အလွန်နက်သည်ကို မြင်နေရသောကြောင့် စစ်သူကြီးထံ သတင်းသွားပြန်ရန် တစ်စုံတစ်ယောက်ကို
စေလွှတ်လိုက်သည်။
ကျန်းယိဖန်း၏မျက်လုံးများက
စူးရှနေအောင် တောက်ပလာပြီး သူက တိတ်တဆိတ် ပျော်ရွှင်သွားလေသည်။
အဲဒီတောသားဆေးဆရာက
သူ့ကို အရှက်ရစေမှတော့ သူက အဲ့လူရဲ့ဘိုးဘေးလျှို့ဝှက်ချက်ဆိုတဲ့ ဆေးဖော်နည်းကို တာဝန်ရှိသူတွေဆီကို
သတင်းပို့ပြီး ဖော်ထုတ်ခွင့်ပေးလိုက်မယ်လေ။ အဲ့အချိန်ရောက်လာရင် လျှို့ဝှက်ချက်က
လျှို့ဝှက်ချက် မဟုတ်တော့သလို တန်ဖိုးလည်း ရှိတော့မှာ မဟုတ်ဘူး။
တကယ်လို့ အဲ့လူက လျှို့ဝှက်ချက်ကို
ဖော်ထုတ်လိုက်ရင် သူက ဂိုဏ်း ဒါမှမဟုတ်
မျိုးနွယ်စုရဲ့ သစ္စာဖောက်ဖြစ်လာလိမ့်မယ်။ အဲ့လို ကိစ္စမျိုးကို ဘယ်သူကမှ
ခွင့်လွှတ်နိုင်မှာ မဟုတ်ဘူး။ အဲ့တော့ ဂိုဏ်းဖြစ်ဖြစ် မျိုးနွယ်ဖြစ်ဖြစ် သူ့ကို
နှင်ထုတ်ပစ်မှာ အသေအချာပဲ။
ကျန်းယိဖန်းက
ဒဏ်ရာရနေသော သူ့လက်မောင်းကို လက်ညှိုးထိုးပြနေပြီး သံချပ်ကာဝတ်တပ်သားများအား လက်ဟန်ခြေဟန်ဖြင့်
တစ်ခုခု ရှင်းပြနေပုံရပြီး သခင်ကြီးချီ နေထိုင်သည့် အနောက်ဘက်လမ်းဆီသို့
ညွှန်ပြနေသည်ကို စူးချင်းက လှမ်းမြင်နေရသည်။
စူးချင်းက
ဉာဏ်ကောင်းသူဖြစ်ပြီး ထိုလူထံတွင် ကြောက်စရာကောင်းသော ရည်ရွယ်ချက် ရှိနေကြောင်း
သူမ ချက်ချင်း ရိပ်မိလိုက်သည်။ သူမ သူ့ကို ချက်ချင်း သတ်ပစ်ချင်သော်လည်း သူက
နားနေတည်းခိုဆောင်၏အဝင်တွင် ရှိနေပြီး ထိုနေရာတွင် သံချပ်ကာဝတ်တပ်သားများ
စောင့်ကြပ်နေသောကြောင့် သူမထံတွင် ထိုသို့လုပ်ရန် အခွင့်အရေး မရှိပေ။
သို့သော်လည်း သူမက တစ်စုံတစ်ဦးကို
သတ်လိုလျှင်ပင် စိတ်ရှည်သည်းခံတတ်သူ ဖြစ်သည်။
စူးချင်းက သစ်ပင်ကြီးကြီးတစ်ပင်ကို
ရှာလိုက်ပြီး မြင်းကို သစ်ပင်တွင် ကြိုးဖြင့် ချည်ကာ သူမကိုယ်တိုင်လည်း
သစ်ပင်နောက်တွင် ရပ်နေရင်း တည်းခိုဆောင်ကို တိတ်တဆိတ် စောင့်ကြည့်နေခဲ့သည်။
သတင်းသွားပို့သော
သံချပ်ကာဝတ်တပ်သားက ပြန်ထွက်လာပြီး တပ်ဖွဲ့ခေါင်းဆောင်ကို သတင်းပို့လိုက်သည်။ ကျန်းယိဖန်းက သူတို့ရှေ့သို့
အမြန်သွားကာ ဖော်ဖော်ရွေရွေ ပြုံးပြလိုက်ပြီး "စစ်သူကြီးက ဆေးညွှန်းအကြောင်း
မေးတယ်မလား?”
"လာကြစမ်း၊ သူ့ကို ဖမ်းလိုက်ကြ"
နောက်ဆုံးတွင် ကျန်းယိဖန်း
လိုချင်သောရလဒ် မဟုတ်ဘဲ ပြန်ထွက်လာသော တပ်ဖွဲ့ခေါင်းဆောင်က သူ့လူများအား ကျန်းယိဖန်းကို
ချက်ချင်း ဖမ်းခိုင်းလိုက်သည်။
"ဘာတွေဖြစ်နေတာလဲ? မင်းတို့က ဘာလို့ ငါ့ကို ဖမ်းတာလဲ?"
ကျန်းယိဖန်းတစ်ယောက်
နားမလည်နိုင် ဖြစ်နေခဲ့သည်။ သူက ဆေးညွှန်းကောင်းကောင်းတစ်ခု ယူပေးနိုင်ဖို့
လာခဲ့တာလေ။ ဒါပေမယ့် ဒီစစ်သည်တွေက ဘာလို့ အမှားအမှန်ကို မခွဲခြားဘဲ သူ့ကို ဖမ်းနေရတာလဲ?
“သူ့ကို
ဘယ်သူလွှတ်လိုက်လဲဆိုတာကို သိအောင် စစ်ဆေးမေးမြန်းဖို့ စစ်သူကြီးက အမိန့်ပေးလိုက်တယ်”
တပ်ဖွဲ့ခေါင်းဆောင်က
သူ့ကို ဂရုမစိုက်ဘဲ ကျန်းယိဖန်းကို ဖမ်းစီးကာ စစ်ဆေးမေးမြန်းရန် သူ့လက်အောက်ငယ်သားများကို
အမိန့်ပေးလိုက်သည်။
“ဟုတ်ကဲ့”
သံချပ်ကာဝတ်တပ်သားနှစ်ယောက်က
ရှေ့တိုးလာပြီး ကျန်းယိဖန်း၏လက်တစ်ဖက်ကို ဆွဲကိုင်ကာ သူ့ခေါင်းကို ပြန်မထောင်နိုင်လောက်အောင်
ပြင်းထန်စွာ ဖိချလိုက်သည်။ ထို့နောက် သူတို့က သူ့လက်များကို
လက်နောက်ပြန်လိမ်ထားပြီး သူ့နောက်ကျောကို တွန်းထိုးကာ အကျဥ်းထောင်ထဲသို့
ခေါ်ဆောင်သွားကြသည်။
ထိုအနေအထားမျိုးဖြင့်
ဖမ်းဆီးခေါ်ဆောင်သွားခြင်းက အတော်လေး ရက်စက်လွန်းလှပြီး သူ့၏လက်များ
ကျိုးသွားတော့မလို ဖြစ်နေကာ အပြင်းအထန် နာကျင်နေခဲ့သည်။ ကျန်းယိဖန်းက
အဘယ်ကြောင့် သူ့ကို ထိုသို့ ဆက်ဆံနေမှန်း နားမလည်နိုင်တော့ဘဲ နာကျင်မှုကြောင့်
တစ်လမ်းလုံး အော်ဟစ်ညည်းညူနေလေသည်။
စူးချင်းက သူမ ကျန်းယိဖန်းကို
မသတ်လိုက်နိုင်သော်လည်း သူ့၏အဆုံးသတ်ကို မြင်လိုက်ရသည့်အတွက် သူမ ဝမ်းသာနေမိသည်။
သံချပ်ကာဝတ်တပ်သားများက
သခင်ကြီးချီထဲ သွားမေးမည်ကို သူမ လုံးဝ မကြောက်ပေ။ သခင်ကြီးချီက သူမရဲ့နာမည်ကိုတောင်
မသိဘူးလေ။ သူမက ဆိုင်ကို ပစ္စည်းလာဝယ်တဲ့ နယ်လှည့်ဆေးဆရာဆိုတာ သူမမှာ သတ်မှတ်ထားတဲ့
နေစရာ နေရာ မရှိတာကြောင့် ဘယ်နားကနေ သွားရှာနိုင်မှာလဲ?
စူးချင်းက
ပြဇာတ်ကို ပြီးအောင်ကြည့်ရင်း သူမကိုယ်သူမ ဒုက္ခရောက်အောင် ဤနေရာတွင် နေနေမည်
မဟုတ်ပေ။ သူမက သူမ၏မြင်းကို ကြိုးပြန်ဖြည်ကာ မြို့ပြင်သို့ ဦးတည်လိုက်သည်။
သူမ၏မြင်းတွင်
အစားအသောက်သေတ္တာနှစ်လုံးနှင့် စက္ကူဖြတ်စနှစ်ထုပ်ကို ချည်ထားသည်။ ဆိုင်အကူနှစ်ယောက်က
ဧည့်သည်များ၏ ပစ္စည်းများကို မကြာခဏ ချည်နှောင်ပေးရပုံပေါ်ပြီး ၎င်းတို့ကို
တင်းတင်းကျပ်ကျပ် ချည်နှောင်ထားသောကြောင့် မြင်းစီးသည့်တိုင် အစားအသောက်ပုံးများက
ပြုတ်ကျသွားမည်မဟုတ်ပေ။
စူးချင်းမြို့ထဲမှ ပြန်ထွက်ချိန်တွင်
အမျိုးသားများကို နှစ်သက်သော မြို့စောင့်တပ်သားကို ထပ်မံ တွေ့လိုက်ရသည်။ သို့သော်လည်း
ယခုအချိန်တွင် စူးချင်းက စျေးကြီးသော အဝတ်အစားများကို ဝတ်ဆင်ထားပြီး သူမ၏မြင်း နောက်ကျောတွင်
ချိတ်ထားသော အစားအစာသေတ္တာက လူချမ်းသာများ၏အသုံးအဆောင်မှန်း သိသာထင်ရှားနေသည်။ ထို့ကြောင့်
စူးချင်းအပေါ်တွင် ရှိနေသည့် သူ့၏တက်မက်မှုနှင့် ဖောက်ပြန်သော အတွေးများက
ချက်ခြင်း ပျောက်ကွယ်သွားတော့သည်။
ဒီလူငယ်လေးက
သာမာန်လူမဟုတ်ဘဲ မြင့်မြတ်တဲ့မိသားစုက သခင်ငယ်လေးတစ်ယောက်ဆိုတာ သိသာနေပြီလေ။ တကယ်တော့
သာမန်လူတစ်ယောက်ဆီမှာ ဒီလောက်ကောင်းတဲ့ မြင်းတစ်ကောင် ဘယ်လိုရှိနိုင်မှာလဲ?
ကံကောင်းလို့ အဲ့တုန်းက သူ့လက်ဆန့်ဖို့ အချိန်မရှိခဲ့လို့ပေါ့၊ မဟုတ်ရင်
သူ့ရဲ့ကောင်းမွန်တဲ့ နေ့ရက်တွေ ကုန်ဆုံးသွားလိမ့်မယ်။
စူးချင်းက ထိုမြို့စောင့်တပ်သား
ဘာတွေတွေးနေမှန်းပင် မသိခဲ့ပေ။ သူက သူမကို
အနှောက်အယှက်မပေးသောကြောင့် သူမကလည်း သူကို ဂရုမစိုက်တော့ပေ။
သူမက ထောင်ဟွားဝူမှ
ရွာသူရွာသားများ ရှိနေနိုင်မည့်နေရာသို့ သူမ၏မြင်းကို စီးနှင်းလာခဲ့ပြီး ကြမ်းတမ်းသောလမ်းကြောင့်
အစားအသောက်များ ဖိတ်စင် သွားမည်ကို စိုးရိမ်ကာ အမြန် မစီးရဲတော့ပေ။
ထောင်ဟွားဝူမှ
ရွာသူရွာသားများက ကျင့်ချန်နှင့်ဝေးသော တောအုပ်ငယ်လေးထဲတွင် အနားယူနေကြသည်။ သူတို့က
ထွက်ပြေးလာခဲ့သည် လမ်းတစ်လျှောက်မှ
အတွေ့အကြုံကို မှတ်သားထားကြပြီး လမ်းမကြီးနှင့် ဝေးဝေးနေခြင်းက သူတို့၏ဘေးကင်းရေးအတွက်
အကောင်းဆုံးဖြစ်ကြောင်း နားလည်နေကြပြီ ဖြစ်သသည်။
သိုသော် သူတို့ကို ကျိရွှေရှန့်နှင့် ချိုးယုံခန်းတို့
လိုက်လာလျှင် သူတို့အား ရှာမတွေ့မည်ကို စိုးရိမ်သောကြောင့် ကျန်းလောင်ချီကို တောစပ်တွင်
စောင့်နေရန် စေလွှတ်ထားခဲ့သည်။
ကျိရွှေရှန့်နှင့် ချိုးယုံခန်းတို့က
မြင်းတစ်စီးစီ စီးလာကြပြီး မြင်းများ၏နောက်တွင် သစ်သားလှည်းငါးစီးကို
သကြားလုံးတုတ်ထိုးကဲ့သို့ တစ်စီးပြီး တစ်စီး ဆွဲလာခဲ့ကြသည်။ ကျန်းလောင်ချီက အဝေးမှပင်
ထိုရှည်လျားသော လှည်းတန်းကြီးကို မြင်လိုက်ရပြီး သူက လမ်းပေါ်သို့ ခုန်တက်ကာ သူတို့ဆီသို့ ပြေးသွားလိုက်သည်။
"ရွှေရှန့်၊ ယုံခန်း၊ နောက်ဆုံးတော့ မင်းတို့ ပြန်လာပြီ"
"မင်းတို့အားလုံး အဆင်ပြေတယ်မလား?"
ကျိရွှေရှန့်က
မြင်းပေါ်မှ ခုန်ဆင်းပြီး ကျန်းလောင်ချီကို လှမ်းမေးလိုက်သည်။
"ငါတို့အားလုံး အဆင်ပြေတယ်။ အခု တောထဲမှာ အနားယူနေကြတယ်။ ငါတို့တွေ ရေနွေးကျိုပြီး
လူတိုင်းစားဖို့ ကြာပန်းကစီတွေတောင် လုပ်နေကြပြီ”
ကျန်းလောင်ချီက ကျိရွှေရှန့်အား
ပြန်သတင်းပို့နေပြီး လှည်းဆယ်စီးကို မြင်သောအခါ သူက သူ့သွားများအားလုံးပေါ်သည်အထိ
ရယ်မောနေခဲ့သည်။
“ဒီလှည်းတွေနဲ့ဆိုရင်
ငါတို့အားလုံး လှည်းပေါ်ကနေ ခရီးဆက်လို့ ရပြီ။ အရှိန်က နှစ်ဆ ပိုမြန်သွားလိမ့်မယ်!”
“အင်း”
ကျိရွှေရှန့်က
အာရုံပြန့်နေသောလေသံဖြင့် တုံ့ပြန်လိုက်သည်။
သူ့စိတ်ထဲတွင် ကျင့်ချန်သို့ ရောက်နေသော ဝမ်မိသားစု၏စစ်တပ်ကို ဦးဆောင်လာသူက
မည်သူဖြစ်နိုင်မည်ကိုသာ တွေးနေခဲ့သည်။
အမုန်းတရားက
နက်နဲလွန်းသဖြင့် သူ့၏နှလုံးသွေးများကို အဆတ်မပြတ်ဆူပွတ်စေခဲ့သည်။
"စကားမစပ် စူးချင်းနဲ့ တွေ့ခဲ့သေးလား? သူ(မ) တစ်ခုခု ဝယ်ဖို့ ကျင့်ချန်ကို
ပြန်သွားတယ်”
ကျန်းလောင်ချီ၏စကားများက
ပြန့်လွှင့်နေသော ကျိရွှေရှန့်၏အတွေးများကို လက်ရှိနေရာသို့ ပြန်ဆွဲခေါ်နိုင်ခဲ့သည်။
သူက မျက်မှောင်ကြုတ်လိုက်ပြီး ကျန်းလောင်ချီကို ပြန်မေးလိုက်သည်။
"စူးချင်းက မြို့ထဲကို ဝင်သွားတာလား?"
“ဟုတ်တယ်”
ကျန်းလောင်ချီက ခေါင်းညိတ်ပြလိုက်သည်။
ကျိရွှေရှန့်၏မျက်ခုံးများက ပို၍ပင် တင်းမာလာပြီး ပို၍ မျက်မှောင်ကြုတ်သွားသည်။
"မင်းတို့ ဘာလို့ မတားတာလဲ?"
မြို့ရဲ့ထောင့်တစ်ခုစီတိုင်းမှာ
အန္တရာယ်တွေနဲ့ ဖုံးလွှမ်းနေတယ်။ စူးချင်းရဲ့ပင်ကိုယ်စရိုက်ကြောင့် သူမ
ဒုက္ခရောက်ရင် ဘယ်လိုလုပ်မလဲ?
"ဘယ်သူက သူ့(မ)ကို တားရဲမှာလဲ?"
ကျန်းလောင်ချီက
အမှန်တရားကို မတော်တဆ ပေါက်ကြားစေခဲ့သည်။ အမှန်တကယ်တွင်လည်း ရွာသူရွာသားများအားလုံးက
စူးချင်းကို ကြောက်ရွံ့လေးစား နေကြပြီး သူမလုပ်ချင်သည့်အရာ မှန်သမျှကို မည်သူကမျှ မတားရဲကြပေ။
သူမ ချိုးယွဲ့ကို အသက်ထွက်လုနီးပါး
ရိုက်နှက်ခဲ့သည့် ထိုနေ့တွင်ပင် ချိုးမိသားစုက သူမကို လုံးဝ မတားဝံ့ခဲ့ကြပေ။
"ယုံခန်း၊ မင်း အဖွဲ့ကို ခေါ်ပြီး အရင်ထွက်သွားနှင့်တော့။ ငါ သူ(မ)ကို
သွားပြန် ရှာလိုက်မယ်။"
ကျိရွှေရှန့်က စူးချင်းအတွက်
စိုးရိမ်နေသောကြောင့် သူမကို ရှာရန် ပြန်သွားချင်နေပြီး အဖွဲ့အတွက် ချိုးယုံခန်းကို
ဦးဆောင်ခွင့်ပေးလိုက်သည်။
သူ မြင်းကို
ပြန်လှည့်လာပြီး လမ်းတစ်ဝက်သို့ ပြန်ရောက်လာချိန်တွင်
စူးချင်းကို ပြန်တွေ့လိုက်ရသည်။ သူမ၏အဝတ်အစားများက ပြောင်းလဲသွားသည်ကို မြင်လိုက်ရသောကြောင့်
ကျိရွှေရှန့်က အံ့အားသင့်သွားခဲ့သည်။
သူမက အဝတ်အစား ဝယ်ဖို့
မြို့ထဲကို ဝင်သွားခဲ့တာလား?
ကျိရွှေရှန့်က
သူ့မြင်းကို စူးချင်းဘေးသို့ ကပ်သွားပြီး မြင်းချင်းယှဥ်ကာ စီးနှင်းလာခဲ့ကြသည်။
သူမ၏ မြင်းကျောပေါ်၌ တစ်စုံတစ်ခု သယ်ဆောင်လာသည်ကို သူ တွေ့လိုက်ရပြီး လက်ရာမြောက်အောင်
ပြုလုပ်ထားသည့် တန်ဖိုးကြီးအစားအစာသေတ္တာနှစ်လုံးနှင့် အိတ်ကြီးနှစ်ထုပ်ကို
မြင်လိုက်ရသည်။
“မင်း ဘာတွေ
ဝယ်လာတာလဲ”
သူက ပေါ့ပေါ့ပါးပါး
မေးလိုက်ပြီး စူးချင်းကလည်း ဘာသိဘာသာ ပြန်ဖြေလိုက်သည်။
"စက္ကူဖြတ်စ"
" စက္ကူဖြတ်စ?"
ကျိရွှေရှန့်က
သူမ၏စကားအတိုင်း လိုက်ရွေရွတ်လိုက်သည်။
သူမက ဘာလို့
ဒီပစ္စည်းတွေကို သွားဝယ်ရတာလဲ။ အဲ့တာကလည်း အထုတ်ကြီးနဲ့နှစ်ထုပ်တောင်လား?
သို့သော်လည်း စူးချင်း၏နောက်ဆက်တွဲစကားက
သူ့ကို မျက်ရည်ကျလောက်အောင် ခံစားသွားစေခဲ့သည်။
“ဒါက
အမျိုးသမီးတွေအတွက်”
"အဟမ်း၊ အဟမ်း၊ ငါတို့ ပြန်သွားရအောင်"
ကျိရွှေရှန့်က
သူ့အရှက်ကို ဖုံးကွယ်ရန် နှစ်ကြိမ်ခန့် ချောင်းဆိုးလိုက်ပြီး သူက စူးချင်းနှင့်အတူ
မြင်းယှဥ်စီးရမည်ကိုပင် ရှက်လွန်းသောကြောင့် အဖွဲ့ကြီးရှိနေသည့်နေရာသို့ အရှေ့မှ
ထွက်သွားတော့သည်။
သူ့မျက်နှာအသားအရောင်က
နက်မှောင်နေလို့ ကံကောင်းတယ်၊ မဟုတ်ရင် သူ့မျက်နှာက
မျောက်ဖင်နီလို ကြည့်ရဆိုးပြီး
ဘယ်လောက်ရှက်စရာကောင်းနေလိမ့်မလဲ?
စူးချင်းက
သူ့၏ရှက်ရွံ့နေသော အသွင်အပြင်ကို ကြည့်ပြီး မပြုံးဘဲ မနေနိုင်တော့ပေ။
ဒါဆို သံမဏိလို
မာကျောတဲ့ ဒီလူကလည်း ရှက်တက်တယ်ပေါ့။
"စူးချင်း ပြန်လာပြီ"
သူမတို့
ပြန်ရောက်လာချိန်တွင် ထောင်ဟွားဝူမှ ရွာသားတစ်ယောက် တောထဲမှ ထွက်လာသည်ကို
စူးချင်းက လှမ်းမြင်လိုက်ပြီး သူတို့က ထွက်ခွာရန် ပြင်ဆင်နေပုံရသည်။
တစ်စုံတစ်ယောက်ကလည်း
သူမ ပြန်လာသည်ကို မြင်သွားပြီး စိတ်လှုပ်ရှားစွာ အော်ပြောလိုက်သည်။ ထိုကျယ်လောင်သောအသံဖြင့်
အောလိုက်သူက စူးချင်းကို အလွန်ကြည်ညိုလေးစားနေသော လီတာ့နျို ဖြစ်သည်။ ထိုလူက စူးချင်းကို
မြင်လိုက်သည်နှင့် သူ့အိုင်ဒေါကို မြင်လိုက်သည့် ဖန်တစ်ယောက်ကဲ့သို့ ဖြစ်သွားပြီး
သူ၏မျက်လုံးများက တောက်ပလာကာ သူ့ပါးစပ်က သူ့နားရွက်ကို ချိတ်လုမတက် ကျယ်လောင်လောင်
ပြုံးနေခဲ့သည်။
"အစ်မ"
ကျိရှောင်ယင်ကလည်း
တက်တက်ကြွကြွဖြင့် ဝမ်းသာအားရ ပြေးလာပြီး ချိုသာသောအသံလေးဖြင့် လှမ်းခေါ်လိုက်သည်။
"အစ်ကိုကြီးနဲ့ အတူပြန်လာတာလား?"
မိန်းမငယ်လေး၏အတွေးက
ရိုးရှင်းပြီး သူမ၏အကိုကြီးနှင့် အစ်မ စူးချင်းက
ရှေ့ဆင့်နောက်ဆင့် ပြန်ရောက်လာသည့်အတွက် သူတို့နှစ်ယောက် အတူတူ ပြန်လာခြင်း ဖြစ်မည်ဟု
တွေးလိုက်မိခြင်းဖြစ်သည်။
“အင်း”
စူးချင်းက သူမကို ရှင်းပြမနေဘဲ မြင်းပေါ်မှ ခုန်ဆင်းလိုက်သည်။ ရွာသူရွာသားများက စူးချင်း၏ မြင်းနောက်ကျောမှ အရာများကို အာရုံစိုက်နေကြပြီး အစားအသောက်သေတ္တာနှစ်လုံးက အရည်အသွေးမြင့်ပုံပေါက်နေသည်ကို သူတို့တွေ့လိုက်ရသည်။
✍️✍️✍️