အခန်း ၁၂၃ သူမလည်း
သေမျိုးကမ္ဘာရဲ့အစိတ်အပိုင်း တစ်ခု ဖြစ်လာပြီ
"ရှောင်ယင်၊ ဒါတွေကို ရထားလုံးပေါ်ကို ယူသွားလိုက်"
စူးချင်းက
စားစရာသေတ္တာနှစ်လုံးကို အရင်ကြိုးဖြည်လိုက်ပြီး ကျိရှောင်ယင်ကို လှမ်းပေးလိုက်သည်။
ထို့နောက် သူမက မြင်းနောက်ကျောပေါ်မှ စာရွက်ဖြတ်စများကို လှမ်းယူလိုက်သည်။ ကျိရှောင်ယင်က
ထိုအထုပ်ကြီးများကို စိတ်ဝင်တစား
ကြည့်နေပြီး စူးချင်းကို မေးလိုက်သည်။
"အစ်မ၊ ဒါက ဘာလဲ?"
"စက္ကူဖြတ်စ"
စူးချင်းက သူမ၏လက်တစ်ဖက်စီတွင်
စက္ကူဖြတ်စတစ်အိတ်စီ ဆွဲလာပြီး ရထားလုံးဆီသို့ လျှောက်နေရင်း ပေါ့ပေါ့ပါးပါး
ပြန်ဖြေလိုက်သည်။
"ဒါက ဘာအတွက်လဲ?"
ကျိရှောင်ယင်က စူးချင်းကို
အသံတိုးတိုးဖြင့် မေးသည်။ သူမတို့ ဒီလိုအဆင့်မြင့်တဲ့ပစ္စည်းတွေကို အရင်က
တစ်ခါမှ မသုံးဖူးတဲ့အတွက် အဲဒါက ဘာအတွက်လဲဆိုတာ တကယ် မသိခဲ့ပါဘူး။
သူမက ဆန်စက္ကူကို သိတယ်၊ အဲ့တာက စာရေးဖို့အတွက် အသုံးပြုနိုင်တယ်။
ဒါပေမယ့် စက္ကူဖြတ်စဆိုတာက ဘာလဲ?
“နောင်တစ်ခါ
မင်း အိမ်သာသွားပြီးတဲ့အခါ သစ်ရွက်တွေကို မသုံးနဲ့။ အဲ့ဒါတွေကို သုံးလို့ရတယ်"
စူးချင်းက ၎င်းကို
အမျိုးသမီးသန့်ရှင်းရေးသုံး ပစ္စည်းအဖြစ် အသုံးပြုရမည်ဟု မရှင်းပြတော့ပေ။ သူမတို့၏ပတ်ဝန်းကျင်တွင်
ယောက်ျားလေးတော်တော်များများ ရှိနေသောကြောင့်
သူမက အကြောင်းအရင်းမှန်ကို ဖုံးကွယ်ထားရန် ကြိုးစားလိုက်သည်။
သို့သော်လည်း ဤသည်ကပင်လျှင်
အာရုံစိုက်မှုကို ဖိတ်ခေါ်ရန် လုံလောက်နေသေးသည်။ အိမ်သာတက်ဖို့တောင် စက္ကူဝယ်ဖို့
ပိုက်ဆံသုံးနေတာလား? ဘယ်လောက်တောင် လက်ဖွာလိုက်သလဲ?
"အဲဒါက အရမ်းကောင်းတယ်၊ သစ်ရွက်တွေက ကျွန်မရဲ့တင်ပါးကို ရှစေတယ်”
ထိုစကားကို
ကြားလိုက်ရချိန်တွင် ကျိရှောင်ယင်က ဝမ်းသာသွားခဲ့သည်။
အရွက်တဲ့ မြက်ပင်တွေက
လုံးဝ သန့်ရှင်းအောင် မသုတ်နိုင်တဲ့အပြင် ထိခိုက်ဖို့လည်း လွယ်ကူတယ်လေ။ ဒါက
ပိုကောင်းတယ်။ ပျော့ပျောင်းတဲ့စက္ကူက တင်ပါးကို ထိခိုက်စေမှာ မဟုတ်ဘူး။
"အစ်မ... ပိုက်ဆံတွေ အများကြီးသုံးခဲ့တာလား? မဟုတ်သေးဘူး၊ ကျွန်မ
ပိုးကောင်လေးတွေကို အစာ များများ ကျွေးရမယ်၊ ပိုက်ဆံအမြန်ရအောင် ရှာပြီး အစ်မကို
ကူညီပေးရမယ်"
ခဏအကြာတွင် ကျိရှောင်ယင်၏ပျော်ရွှင်မှုက
စိုးရိမ်မှုအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားပြန်သည်။ စူးချင်း သုံးစွဲခဲ့သော
ပိုက်ဆံက သူမ၏နှလုံးသားကို နာကျင်စေခဲ့သည်။
စူးချင်းက ကျင့်ချန်တွင်
ရှိနေစဉ်ကတည်းက ပိုးကောင်လေးများကို အစာကျွေးရန် ကျိရှောင်ယင်နှင့် ကလေးငယ်များကို တာဝန်ပေးထားခဲ့သည်။ ပိုးကောင်လေးများမှ
ပိုးချည်များရလာလျှင် ဝင်ငွေအများကြီးရနိုင်သည်ဟု ပြောပြထားသောကြောင့် သူမက
ပိုးကောင်များကို မြန်မြန်အစာကျွေးပြီး သူမ၏အစ်မအတွက် ငွေရှာပေးချင်ရန်
မျှော်လင့်နေခြင်းဖြစ်သည်။
ကျိရှောင်ယင်၏ စိုးရိမ်သောကရောက်နေသော
စိတ်နှလုံးကို မြင်လိုက်ရသောကြောင့် စူးချင်းက မပြုံးဘဲ မနေနိုင်တော့ပေ။ သူမက
သူမ၏ရထားလုံးဆီသို့ လျှောက်သွားလိုက်ပြီး စက္ကူဖြတ်စနှစ်ထုပ်ကို ရထားလုံးပေါ် တင်ထားလိုက်သည်။
တကယ်တော့ စက္ကူဖြတ်စတွေက မိုးရွာတဲ့နေ့တွေကို အကြောက်ဆုံးပါပဲ။ ဒါပေမယ့် ဒီအရာတွေက
နေရာအများကြီးယူတဲ့အတွက် ကလေးတွေ ဒီရထားလုံးပေါ်မှာ ထိုင်လို့ မရတော့ဘူး။
ဒါပေမယ့် သူတို့ လမ်းလျှောက်ဖို့လည်း
မလိုတော့ဘူးလေ။ မြင်းလှည်း ဆယ်စီးပေါ်မှာ ထိုင်စရာတွေ ရှိတယ်။
ကျိရွှေရှန့်က သူ့လူများကို
လှည်းများ တပ်ဆင်ခိုင်းနေသောကြောင့် သူတို့ ချက်ခြင်း မထွက်ခွာနိုင်သေးပေ။ စူးချင်းက
နေ့လယ်စာ မစားရသေးသောကြောင့် စားစရာပုံးကို ဖွင့်လိုက်ပြီး မထွက်ခွာမီ အနည်းငယ် စားလိုက်သည်။
စားစရာဗူးကို ဖွင့်လိုက်သည်နှင့်
အစားအစာ၏ရနံ့က သူမ၏နှာခေါင်းထဲသို့ တိုးဝင်လာသည်။ စုစုပေါင်း ဟင်းငါးမျိုးတွင် ဝက်လက်ပေါင်း၊
ငါးချိုချဉ်၊ ဝက်သားနီချက်၊ ကြက်ကြွပ်ကြော်နှင့် သိုးသားကင်များ ပါဝင်သည်။
ထိုဟင်းပွဲများအပြင် ကြည်လင်သော အရေင်ရှိသည့် အချိုပွဲတစ်ပန်းကန်နှင့် အရက်တစ်ပုလင်းကိုလည်း
တွေ့လိုက်ရသည်။
ကျိရှောင်ယင်၏မျက်လုံးများက
ပြူးကျယ်သွားသည်။ ဒီလောက်ကောင်းတဲ့ ဟင်းတွေ အများကြီး ရှိနေတာလား?
သူမက အံ့သြစွာဖြင့်
“ဟင်းကောင်းတွေ အများကြီးပဲ။ အစ်မ စားသောက်ဆိုင်ကနေ သွားဝယ်ခဲ့တာလား?"
"တစ်ယောက်ယောက်က ငါ့ကို ပေးလိုက်တာ"
စူးချင်းက ထိုဟင်းပွဲအတွက်
ကျေနပ်နေလေသည်။ သခင်ကြီးချီက သူ၏စကားကို အတိအကျ လိုက်နာသူ ဖြစ်ပြီး သူက စူးချင်းကို
အမှန်တကယ် ဧည့်ခံပေးချင်နေခြင်းပင်။
စူးချင်း၏စကားကို ကြားလိုက်သော
ကျိရွှေရှန့်ကလည်း သူ့ကိုယ်သူ မထိန်းနိုင်ဘဲ သူမကို စိုက်ကြည့်နေမိသည်။ ဒီဟင်းပွဲတွေကို
စားသောက်ဆိုင်မှာ ဝယ်ရင် အနည်းဆုံး လျန်တစ်ဒါဇင်ကျော်လောက် ကုန်ကျလိမ့်မယ်။ စူးချင်းက
ဒါတွေ ပေးရလောက်အောင် ဘယ်သူက ဒီလောက်
ရက်ရောတာလဲ? ပြီးတော့ သူမက ကျင့်ချန်မှာ
အသိမိတ်ဆွေတွေ ရှိတယ်ဆိုတာတောင် မပြောဖူးဘူး။
"စားကြရအောင်"
စူးချင်းက
ကြက်ခြေထောက်တစ်ချောင်းကို ကောက်ယူလိုက်ပြီး ကျိရှောင်ယင်ကို လှမ်းပေးလိုက်သည်။ ကြွပ်ကြွပ်ရွရွ
ဖြစ်နေသည့် ကြက်ခြေထောက်၏အနံ့က တယောက်ယောက်ကို သွားရည်ကျစေလောက်အောင်
ဆွဲဆောင်နေပြီး ကျိရှောင်ယင်က သူမကိုယ်သူမ မထိန်းနိုင်ဘဲ တံတွေးမျိုချလိုက်မိသည်။
သို့သော် သူမ၏အစ်ကိုက ဘာမှ မစားရသေးသည်ကို သူမ သိနေသောကြောင့် သူမက စူးချင်းကို တိုးတိုးလေး
မေးလိုက်သည်။
"အစ်မ ဒီကြက်ခြေထောက်ကို အစ်ကိုကြီးကို ပေးလို့ရမလား?"
“အင်း”
စူးချင်းက ကျိရွှေရှန့်ကို
လှည့်မကြည့်ဘဲ ကျိရှောင်ယင်ကို အသံထွက်ရုံ သဘောတူလိုက်ပြီး သူမက ဝတ်သနီချက်နှင့် အရက်ပုလင်းကိုပါ
ကျိရှောင်ယင်အား လှမ်းပေးလိုက်သည်။
“ငါ
ဒီအဆီများတဲ့အသားကို မကြိုက်ဘူး၊ ဒီအရက်ကိုလည်း မသောက်ချင်ဘူး။ မင်းအစ်ကိုကြီးကို ပေးလိုက်!"
ကျိရွှေရှန့်က သူမအအတွက်
လင်ဇီးရှာဖို့ အသက်စွန့် ကူညီခဲ့တာလေ။ အဲ့တာကြောင့် သူမ သူ့ကို ကျေးဇူးတင်တဲ့အနေနဲ့
ပေးသင့်တယ်။
"ကျေးဇူးတင်ပါတယ် အစ်မ"
ကျိရှောင်ယင်က စူးချင်းက
သူမ၏အစ်ကိုကြီးအတွက် အစားအသောက်ကောင်းများ ပေးလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူမက
သူမ၏အကိုကြီးအား ပေးမည့် ဟင်းပန်းကန်ပြားနှင့် အရက်တို့ကို လက်တစ်ဖက်စီတွင် ကိုင်ထားပြီး
စူးချင်းကို စိတ်လှုပ်ရှားစွာ ကျေးဇူးတင်စကားဆိုလိုက်သည်။
စူးချင်းက ရထားလုံးပေါ်တွင်
ရှိနေသည့် အမျိုးသမီးလီကို တစ်ချက်ကြည့်လိုက်ပြီး ဘာစကားမှ မပြောဘဲ အမျိုးသမီးလီ၏လက်ထဲသို့
ကြက်တောင်ပံတစ်ခု ထည့်ပေးလိုက်သည်။
အမျိုးသမီးလီက ကမန်းကတမ်း
ငြင်းဆန်လိုက်သည်။
"ငါ စားပြီးပြီ၊ မင်းဘာသာ သိမ်းထားလို့ ရတယ်"
စူးချင်းက အမျိုးသမီးလီ၏လက်ကို
နောက်သို့ ပြန်တွန်းလိုက်ပြီး သူမဘာသာသူမ စတင် စားသောက်နေတော့သည်။
ဟင်းပွဲတွေရဲ့အရသာက
သူမအကြိုက်နဲ့ ကွက်တိပဲ။ ကြက်ကြွပ်ကြော်က အတွင်းဘက်မှာ နူးညံ့ပြီး အပြင်တွင် ကြွပ်နေတဲ့အပြင်
မယုံနိုင်လောက်အောင် အရသာရှိတယ်။
ကြက်သွန်အနံသင်းနေတဲ့
သိုးသားကင်ကလည်း မဆိုးဘူး။ အသားက အရမ်းနူးညံ့ပြီး အစပ်အရသာလည်းပါတဲ့အပြင် ညှီနံလည်း
မထွက်ဘူး။
စူးချင်းက စားနေဖြင့်ဖြင့်
ဤဟင်းပွဲများအား မည်သို့ပြုလုပ်ထားသည်ကို လေ့လာနေခဲ့သည်။
"အဲဒါကို ပြန်ယူသွားပြီး မင်းရဲ့အစ်မစူးချင်းအတွက် သိမ်းထားပေးလိုက်ပါ"
ကျိရွှေရှန့်က စူးချင်း၏ပါးစပ်ထဲမှ
စားစရာကို လုယူရန်ဆန္ဒမရှိပေ။
ဒီလိုအရသာရှိတဲ့
အစားအစာတွေက နှစ်သစ်ကူးမှာတောင် မစားနိုင်တာမျိုးပါ။ စူးချင်း အကုန်ရင်တောင် နောက်တနပ်စာအတွက်
သိမ်းထားနိုင်သေးတယ်လေ။
“အစ်မရဲ့စေတနာကောင်းတွေကို
မဖြုန်းတီးပါနဲ့”
ကျိရှောင်ယင်က
ဒေါသတကြီးဖြင့် ဟင်းပန်းကန်ပြားကို သူမအစ်ကိုကြီး၏လက်ထဲသို့ ထည့်ပေးပြီး
ဖြစ်သော်လည်း သူမ အရက်ပုလင်းအား ကိုင်ထားဆဲဖြစ်သည်ကို မေ့သွားသည်။ သူမက
မေ့မေ့လျော့လျော့ဖြင့် လက်မြှောက်လိုက်သောကြောင့် အရက်ပုလင်းက ပြုတ်ကျသွားသည်။ ကျိရွှေရှန့်က
အရက်ပုလင်း ပြုတ်ကျသွားသည်ကို မြင်လိုက်ပြီး သူ့ခြေထောက်ဖြင့် အမြန် လှမ်းဖမ်းလိုက်သည်။
“ငါက
ဝက်လက်ပေါင်းပဲကြိုက်တာ။ အသားတွေက စားရတာ ပျော့လွန်းတယ်၊ အသားတွေကို မင်းပြန်ယူ
သွားလိုက်”
ပြောနေရင်းဖြင့် ကျိရွှေရှန့်က
စူးချင်း၏အေးစက်နေသော မျက်နှာကို လှမ်းကြည့်လိုက်ပြီး သူမက ဒေါသထွက်နေပုံရသည်ကို
တွေ့လိုက်ရသည်။
သူ့ညီမလေးပြောတာ မှန်တယ်။
သူက စူးချင်းရဲ့စေသနာကောင်းကို ငြင်းလိုက်ရင် သူမအတွက် ရှက်စရာဖြစ်သွားလိုက်မယ်။
နောက်ဆုံးတွင်
ကျိရွှေရှန့်က ဝက်လက်ပေါင်းနှင့် အရက်အိုးကို ယူထားလိုက်ပြီး အသားတုံးများကို
ပြန်ပေးလိုက်သည်။
ကျိရွှေရှန့်က ချိုးယုံခန်းကို
သူနှင့်အတူတူ စားရန် ဖိတ်ခေါ်လိုက်သည်။ စူးချင်းက သူ ဆက်မငြင်းတော့သည်ကို
တွေ့လိုက်ပြီး ထိုအချိန်မှ သူမ၏မျက်လုံးထဲမှ
အေးစက်မှုများက ပြန်လျော့ပါးသွားခဲ့သည်။
ကျိရှောင်ယင်က
ဝက်သနီချက်မှ အသားတုံးများ ပြန်ယူလာသည်ကို တွေ့လိုက်ရသဖြင့် စူးချင်းက
ကျိရှောင်ယင်အား ကလေးများကို ခေါ်ကာ အသားတစ်ပိုင်းစီ ဝေပေးရန် ပြောလိုက်သည်။
ထိုသို့ပြောပြီးနောက်တွင်
စူးချင်းက သူမကိုယ်သူမပင် မယုံကြည်နိုင်ဖြစ်နေခဲ့သည်။
သူမ ဘယ်တုန်းက
ဒီလောက် ရက်ရောပြီး ကလေးတွေကို ချစ်တက်လာရတာလဲ? အခု သူမ ဂရုစိုက်နေမိတဲ့ လူတွေက
ပိုတိုးလာပြီး အရင်ကလို မဟုတ်တော့ဘူး။ သူမ ဘယ်အချိန်ကစပြီး ဒီလောက် ကြင်နာတက်သွားတာလဲ?
ဒါပေမယ့် ဒါက
သူမကို သူမကိုယ်သူမ သေမျိုးကမ္ဘာရဲ့အစိတ်အပိုင်းတစ်ခုလို့ ခံစားရအောင်
ပြုလုပ်ပေးနိုင်တယ်။ ဒီခံစားချက်က တော်တော်ကောင်းပြီး သူမ တစ်ယောက်တည်း အထီးကျန်နေတယ်လို့
မခံစားရတော့ဘူး။
ကလေးများ၏မိဘများကလည်း
စူးချင်းအား အလွန်ကျေးဇူးတင်နေကြသည်။ စူးချင်းက လူကောင်းတစ်ယောက်ဖြစ်ပြီး
သူတို့၏ကလေးများအား ဤကဲ့သို့ ကောင်းမွန်သော အစားအစာများနှင့် အဝတ်များကို
မျှဝေပေးခဲ့သည်။
ချိုးယွဲ့က
ဤအရာအားလုံးကို အေးစက်စွာ ကြည့်နေခဲ့ပြီး သူမ၏မနာလိုဝန်တိုစိတ်က သူမ၏နှလုံးသားကို ပို၍
နာကျင်စေခဲ့သည်။
ဒီမိန်းမက
လူတွေရဲ့နှလုံးသားကို ဘယ်လိုဝယ်ရမယ်ဆိုတာ သိလွန်းနေတယ်။ အဲ့မိန်းမက ညစ်ညမ်းတဲ့ပိုက်ဆံလေးနည်းနည်း
ပိုရှိနေရုံပဲ မဟုတ်ဘူးလား?
စူးချင်း စားသောက်ပြီးချိန်တွင်
လီတာ့နျိုနှင့် ကျန်သူများက လှည်းများကို တပ်ဆင်ပြီးဖြစ်ကာ အဖွဲ့က ရှေ့သို့ ဆက်လက်ခရီးထွက်ခဲ့ကြသည်။
ကျိရွှေရှန့်က အရက်အနည်းငယ်သောက်ခဲ့ပြီး
သူ့၏စိတ်ထဲမှ မပျော်မရွှင်ဖြစ်မှုများက အနည်းငယ် လျော့နည်းသွားခဲ့သည်။ သူ၏ စိတ်လှုပ်ရှားမှုများကလည်း
ငြိမ်သက်သွားပြီး ပို၍သက်တောင့်သက်သာ ရှိလာသောကြာင့် ရထားလုံး မောင်းနေချိန်တွင်ပင် သူက
အထိန်းအကွပ်မဲ့လာခဲ့သည်။ သူက သူ့လက်ထဲမှ ကြာပွတ်ကိုပင် လွှဲနေစရာ မလိုအပ်ဘဲ
သူ့၏ခြေထောက်တစ်ဖက်ကို ရထားခုံပေါ်သို့ အေးအေးဆေးဆေး တင်ထားခဲ့သည်။ ကြာပွတ်ကို
မဝှေ့ယမ်းလျှင်ပင် မြင်းနက်ကြီးက မှန်မှန် လျှောက်လှမ်းနိုင်ပြီး ၎င်းက
ပြီးပြည့်စုံသော မြင်းတစ်ကောင် ဖြစ်သည်။
ရထားလုံးထဲမှ
စကားစမြည် ပြောနေသည့်အသံများကို မကြားရသော်လည်း ကျိရွှေရှန့်က နောက်သို့ ပြန်လှည့်မကြည့်ဘဲ မနေနိုင်ပေ။ စူးချင်းက
ရထားလုံး၌ မတ်မတ်လေးထိုင်နေပြီး သူမ၏ အမြဲတမ်း အေးစက်နေသော မျက်လုံးများကို သူမ၏မျက်တောင်ရှည်များက
ပိတ်ဆို့ကာကွယ်ပေးထားသည်။ သူမ ဝတ်ထားသော အပြာနုရောင် ဝတ်စုံက
သူမ၏စိတ်နေစိတ်ထားနှင့် လိုက်ဖက်ညီနေကာ သူမ၏အေးစက်စက်အမူအရာကပင် မြင့်မြတ်ပြီးလျှို့ဝှက်ဆန်းကြယ်သော
ခံစားမှုကို ပေးနေခဲ့သည်။
ထောင်ဟွားဝူမှ ရွာသူရွာသားများ
အေးအေးဆေးဆေး ခရီးဆက်နေချိန်တွင် ကျန်းယိဖန်းက ကျင့်ချန်၏တည်းခိုဆောင်ရှိ
အကျဥ်းထောင်ထဲတွင် ရှိနေကာ သည်းမခံနိုင်လောက်သော ညှဉ်းပန်းနှိပ်စက်မှုများကို
ခံစားနေရသည်။
ထိုအရာကပင် သူနှင့်ထိုက်တန်သော
အရာဖြစ်ပြီး သူ့ကို စစ်ဆေးမေးမြန်းနေသူက ရက်စက်ကြမ်းကြုတ်သောသူ ဖြစ်နေသည့်အပြင်
လူများအား ညှဉ်းပန်းနှိပ်စက်ရခြင်းကို အထူးခုံမင်သူ ဖြစ်သည်။ ထိုလူက သူ့ကို ဆားငန်ရေတွင်
နှစ်ထားသော ဆူးကြာပွတ်ဖြင့် ရိုက်နှက်ခဲ့ပြီး ကြာပွတ်ရိုက်ချက်တိုင်းက သူ၏အရေးပြားကို
နှစ်ခြမ်းကွဲသွားစေကာ သွေးနှင့် အသားစများကို ကြာပွတ်နှင့်အတူ
ပြန်ဆွဲထုတ်သွားတက်သည်။ ကျန်းယိဖန်း၏ ခန္ဓာကိုယ်က နာကျင်ခြင်းများစွာနှင့်အတူ တုန်ယင်နေပြီး
အကြိမ်ပေါင်းများစွာ မျော့မောသွားရသည်။ သို့သော်လည်း သူ့ကိုယ်ပေါ်သို့ ကျလာသော
နောက်ထပ်ကြာပွတ်ရိုက်ချက်ကြောင့် ပြန်နိုးလာရပြီး ထိုနေရာက ငရဲခန်းကဲ့သို့ဖြစ်နေကာ
နှိပ်စက်ညှဉ်းပန်းမှုများက အဆုံးမရှိတော့ပေ။
သူက သွေးတိတ်ဆေးအကြောင်း ပြောပြဖို့ လာခဲ့ပေမယ့်
စစ်သူကြီးက သူ့ကို သူလျှိုအဖြစ် ဖမ်းထားခဲ့တယ်။ အဲ့တာကိုတောင် သူ လုံးဝ
နားမလည်နိုင်သေးဘူး။ အခုရော သူကို ဘာတွေ ထပ်ပြီး ဝန်ခံစေချင်တာလဲ? သူတကယ်ကို ဘာမှ
မသိတော့ဘူး။
စစ်ဆေးမေးမြန်းသူက သူ
မောပန်းလာချိန်တွင် ရိုက်နှက်ခြင်းကို
ရပ်လိုက်ပြီး အရက်အိုးထဲမှ အရက်ကို မော့သောက်လိုက်သည်။ ထို့နောက် သူပါးစပ်ထောင့်မှ
လျှံကျလာသော အရက်များကို သုတ်လိုက်ပြီး ကြာပွတ်ကို ကိုင်ကာ ကျန်းယိဖန်းဆီကို ရောက်လာပြန်သည်။
သူက ကျန်းယိဖန်း၏သွေးနှင့် အသားစများ ကပ်ညှိနေသော ကြာပွတ်ကို အသုံးပြုပြီး ကျန်းယိဖန်းဦးခေါင်းကို
ဆွဲမော့လိုက်သည်။ မေးခွန်းမေးလိုက်သော သူ၏ အေးစက်သောအသံက သူ့ဝိညာဉ်ကို ခေါ်ဆောင်ရန်
ရောက်လာသော ငရဲဘုရင်နှင့် တူနေလေသည်။
"ပြောစမ်း၊ မင်းကို ဘယ်သူလာခိုင်းတာလဲ?"
✍️✍️✍️