အခန်း ၁၂၄ အဆုံးမှာ ရပ်တန့်လို့ မရနိုင်တဲ့အရာတချို့
ကျန်းယိဖန်းက မူလကပင်
အလွန်ကြောက်လန့်နေပြီ ဖြစ်ကာ ကြာပွတ်ကို မြင်လိုက်သည်နှင့် တဆတ်ဆတ် တုန်ယင်လာပြန်သည်။
သူ့၏ခန္ဓာကိုယ်ပေါ်မှ ဒဏ်ရာများက သူ့ကို အလွန့်အလွန် နာကျင်စေပြီး သူ့၏နှလုံးသားပင်
ကွဲအက်တော့မလို ခံစားနေရသောကြောင့် သူက ကြောက်လန့်တကြားဖြင့်
စစ်ဆေးမေးမြန်းသူကို ပြန်မေးလိုက်သည်။
"ဘာကို ပြောရမှာလဲ? ကျွန်တော့်ကို ဘယ်သူမှ ဒီကို မပို့ဘူး။ ကျွန်တော်က
စစ်သူကြီးအတွက် ဆေးဖော်နည်းကောင်းကောင်းလေး ပေးချင်လို့ လာခဲ့တာပါ”
"ဆေးဖော်နည်း ပေးချင်တယ်လို့ ပြောတယ်ပေါ့၊ အဲ့ဒါဆို ဆေးဖော်နည်းက ဘယ်မှာလဲ?"
လုယွဲ့က သူ၏စက္ကူယပ်တောင်ကို
ဝှေ့ယမ်းပြီး မှောင်မိုက်သော အကျဥ်းထောင်ထဲသို့ ဝင်လာခဲ့သည်။ သူ၏ နှေးကွေးသော လေးလေးပင်ပင်အသံက
ကျန်းယိဖန်း၏နှလုံးသားကို တုန်လှုပ်စေရန် လုံလောက်နေပြီး ထိုလူက ကြာပွတ်သမားထက်ပင်
ပိုကြောက်စရာကောင်းသည်ဟု သူ ခံစားလိုက်ရသည်။
“လူကြီးမင်း၊ ဒါက ဒီလိုပါ။
ကျွန်တော်မျိုး သခင်ကြီးချီရဲ့ မိသားစုက တတိယသခင်မကို ကုသဖို့ သွားရင်း သွေးတိတ်တာကို
ချက်ချင်း ရပ်တန့်စေတဲ့ ဆေးကို ထုတ်ပေးခဲ့တဲ့ နယ်လှည့်ဆေးဆရာတစ်ယောက်ကို တွေ့ခဲ့ရတယ်။
သွေးထွက်နေတဲ့ နေရာကို သူ့ဆေး လိမ်းလိုက်တာနဲ့ သွေးတွေ ချက်ချင်း ရပ်သွားတယ်။
ရှေ့တန်းက စစ်သားတွေအတွက် ဒီလိုကောင်းတဲ့ဆေးကို သုံးသင့်တယ်လို့ ကျွန်တော်မျိုး ထင်ပါတယ်။
ကျွန်တော်မျိုးက စစ်သူကြီးအပေါ် သစ္စာရှိပါတယ်”
ကျန်းယိဖန်းက သူ့အသက်ကို
သူ ကယ်တင်ချင်သောကြောင့် အားနည်းနေသော လေသံဖြင့် အားယူကာ ရှင်းပြလိုက်သည်။
ဒီနေ့ သူ
အပြင်ထွက်တုန်းက ပြက္ခဒိန်ကြည့်ဖို့ မေ့သွားခဲ့တယ်။ ပထမအနေနဲ့ သူ ပိုက်ဆံတွေ ဆုံးရှုံးခဲ့ရတယ်။
ယခု သွေးထွက်သံယို ဖြစ်စေမယ့် ဘေးဥပဒ်တစ်ခု ရှိနေပြီး ဒါက သူ့အသက်ကိုတောင်
ဆုံးရှုံးသွားစေနိုင်တယ်။
ဤမှောင်မိုက်နေသော
အကျဥ်းထောင်ထဲတွင် သူ သေရတော့မည်ဟု တွေးမိသောကြောင့် ကျန်းယိဖန်းက
ကြောက်ရွံ့တုန်လှုပ်နေပြီး သူ့နှလုံးသားထဲတွင် စိတ်ပျက်လက်ပျက်ဖြစ်နေခဲ့သည်။
"နယ်လှည့်ဆေးဆရာမို့ သူ့ကို ရှာမတွေ့တာလား?"
လုယွဲ့၏အပြုံးက
နူးညံ့ပြေပြစ်နေဆဲဖြစ်ကာ သူက အကျဥ်းထောင်ထဲမှ အနံ့က မခံနိုင်ပုံဖြင့် သူ့နှာခေါင်းကို
လက်ကိုင်ပုဝါဖြင့် အုပ်ထားသည်။ သူက ကျန်းယိဖန်းကို လှမ်းကြည့်လိုက်ချိန်တွင် ကျန်းယိဖန်းက
သူ့ကို ကြောက်လွန်းသောကြောင့် အလျန်အမြန် အော်ပြောလိုက်သည်။
"လူကြီးမင်း၊ လူကြီးမင်းက ကျွန်တော်မျိုး လိမ်နေတယ်လို့ ထင်ရင်
သခင်ကြီးချီရဲ့ အိမ်ကို သွားမေးလို့ ရပါတယ်"
“ငါတို့
သွားပြီးပြီ။ အဘိုးကြီးချီက သွေးထွက်တာကို ရပ်တန့်စေတဲ့ အံ့ဖွယ်ဆေး မပြောနဲ့
နည်လှည့်ဆေးဆရာကိုတောင် မခေါ်ခဲ့ဘူးလို့ ပြောတယ်”
လုယွဲ့၏အပြုံးက
ရုတ်တရက် ပျောက်ကွယ်သွားပြီး သူ့မျက်လုံးများက အေးစက်လာသည်။
"ဒီဈေးပေါတဲ့
အရိုးက သူ့အခေါင်းကို မတွေ့မချင်း မျက်ရည်ကျမှာ မဟုတ်ဘူး”
“မဖြစ်နိုင်ဘူး၊
မဖြစ်နိုင်ဘူး။ သူတို့မိသားစုထဲက ကျေးကျွန်တွေကို မေးကြည့်ပါ။ လူတိုင်း မြင်ခဲ့ကြတယ်”
ကျန်းယိဖန်းက
စိတ်ပျက်လက်ပျက် ထပ်အော်လိုက်သည်။
သခင်ကြီးချီက
ဘာကြောင့် သွေးတိတ်ဆေးကို မမြင်ဖူးဘူးလို့ ပြောရတာလဲ? ဘာလို့ နယ်လှည့်ဆေးဆရာ မရှိဘူးလို့
ပြောရတာလဲ? ဘာလို့ သူ့ကို ဒုက္ခပေးချင်တာလဲ?
စစ်ဆေးမေးမြန်းနေသည့်
လက်မရွံ့အာဏာ ပါးကွက်သားက ချက်ချင်း သဘောပေါက်သွားပြီး အနီရောင်တံဆိပ်ခတ်ပါသော သံပူချောင်းကို ကောက်ယူကာ
ကျန်းယိဖန်း၏ရှေ့သို့ လျှောက်လာခဲ့သည်။ ထိုသံတံဆိပ်တုံးက မီးအပူကြောင့် နီရဲနေပြီး
သူ့၏ခန္ဓာကိုယ်ကို မထိခင်မှာ ကျန်းယိဖန်းက အပူဒဏ်က မခံနိုင်လောက်အောင် ဖြစ်နေပြီ
ဖြစ်ပြီး။ သူ ငိုယိုကာ ချမ်းသာပေးရန် တောင်းပန်နေပြီး ကြောက်လွန်းသောကြောင့် သူ့ဘောင်းဘီများ
စိုရွှဲအောင် သေးထွက်သွားသော်လည်း သူ မည်ကဲ့သို့ ကရုဏာတောင်းခံနေသည်ဖြစ်စေ
မီးပြစ်ဒဏ်မှ မလွတ်ကင်းနိုင်ဖြစ်ခဲ့ရသည်။
သူ့၏ရင်ဘတ်ပေါ်သို့
ဖိကပ်လိုက်သော နီရဲနေသည့် ပူပြင်းသော သံတံဆိပ်တုံးကြောင့် ကျန်းယိဖန်းက နာကျင်စွာ
အော်ဟစ်ပြီး မေ့မျောသွားပြန်သည်။
လုယွဲ့က ဝမ်ယွိလင်ကို
သတင်းပို့ဖို့ ပြန်သွားပြီး ကျန်းယိဖန်းက အလွန်ခေါင်းမာနေကြောင်း ကြားသောအခါ
ဝမ်ယွိလင်က ထိုသူသည် ဧကရာဇ်မှ သူ့ကို အန္တရာယ်ပြုရန် စေလွှတ်လိုက်သော
သေမင်းတမန်စစ်သည်တော်ဖြစ်ကြောင်း ပို၍ပင် ယုံကြည်လာခဲ့သည်။
“စစ်သူကြီး၊
လီချန်ရဲ့အပြင်ဘက်ကို ရောက်လာပြီး လာစောင့်ကြပ်နေတဲ့ စစ်တပ်တစ်ခု တကယ်ရှိတယ်လို့
လျှို့ဝှက်သတင်းတစ်ခုကို ကျွန်တော်တို့ ရရှိထားပါတယ်။ အဲ့ဒီစစ်တပ်ကို ဦးဆောင်လာတဲ့သူက
အန်းကွေ့ရန်ရဲ့ဦးလေးပါ”
“ဟားဟား…
ရှောင်ယုံချီ၊ မင်းက ငါ့အပေါ်အကွက်ချဖို့ မစောင့်နိုင်တော့ဘူးပေါ့”
ဝမ်ယွိလင်က ဒေါသတကြီး
ရယ်မောကာ နန်မူသားဖြင့်ပြုလုပ်ထားသည့် စားပွဲကို သူ့လက်ဖဝါးတစ်ဖက်တည်းဖြင့်
ရိုက်ချလိုက်သည်။ သူ့ရိုက်ချက်က ပြင်းထန်လွန်းသောကြောင့် စားပွဲမှ သစ်သားပြားများက
ကျိုးပဲ့ကာ အမှုန်အမွှားများအဖြစ် ကြမ်းပြင်ပေါ်သို့ လွှင့်ကျလာသည်။ သူ့၏မျက်လုံးများက
အလွန်မည်းမှောင်နေပြီး မှင်များ ယိုထွက်တော့မယောင် ဖြစ်နေခဲ့သည်။
“ပထမအနေနဲ့
သူတို့က ဝမ်မိသားစုစစ်တပ် စစ်သည်တွေကို အဆိပ်ခတ်ဖို့ သွေးတိတ်စေမယ့် လျှို့ဝှက်ဆေးဖော်နည်းကို
ကမ်းလှမ်းဖို့ သူတို့ရဲ့ အသေခံတပ်သားကို စေလွှတ်လိုက်တယ်။ ဒီဆေးနည်းကလည်း အဆိပ်ပဲဖြစ်မယ်လို့
ကျွန်တော် ထင်တယ်။ ဝမ်မိသားစုရဲ့စစ်တပ်ကို အဲ့တာကို အသုံးပြုလိုက်ရင်
ဒဏ်ရာအနည်းငယ်ရနေတဲ့ စစ်သည်တွေတောင် သေဆုံးသွားလိမ့်မယ်”
လုယွဲ့က သူ၏စက္ကူယပ်တောင်ကို
ဝှေ့ယမ်းနေရင်း သူ့အတွေးများကို ပြောပြနေသည်။
ဝမ်ယွိလင်က ပို၍ပင်
ဒေါသထွက်လာကာ လှောင်ပြောင်သရော်သော လေသံဖြင့် “ယုံချီက ဒီလို စက်ဆုပ်ဖို့ကောင်းတဲ့
နည်းလမ်းတွေကို အမြဲ သုံးတယ်။ အဲ့လို ကျင့်ဝတ်သိက္ခာကင်းမဲ့တဲ့သူက
ဧကရာဇ်ဖြစ်ဖို့ ထိုက်တန်ပါ့မလား?”
ဝမ်ယွိလင်က အသက်ကို
ပြင်းပြင်းရှူလိုက်ပြီး လုယွဲ့ကို ကြည့်ကာ ပြန်မေးလိုက်သည်။
"ငါတို့ လူတွေကို လိုက်ရှာခိုင်းထားတဲ့ သံသတ္တုတွင်းကို ရှာတွေ့ပြီလား?"
လုယွဲ့က ခေါင်းယမ်းလိုက်ပြီး
"မတွေ့သေးဘူး၊ ယုချန်ကနေ ကျင့်ချန်အထိ တောင်တွေ အားလုံးကို လိုက်ရှာခဲ့ပေမယ့်
သံသတ္တုတွင်းကို မတွေ့သေးဘူး"
"ဆက်ရှာဖို့ နောက်ထပ်လူတွေ ထပ်လွှတ်လိုက်"
ဝမ်ယွိလင်က သူ့မေးကို
ပင့်မော့လိုက်ကာ အသံနက်ကြီးဖြင့် အမိန့်ပေးလိုက်သည်။ သူ့မျက်နှာပေါ်မှ ဒေါသရိပ်များက
ပြေပျောက်သွားပြီး သူ့၏ပုံမှန် အေးစက်စက်နှင့် မှိုင်းညို့နေသော ကိုယ်ပိုင်
အမူအရာသို့ ပြန်ရောက်သွားပြီ ဖြစ်သည်။ သူက သူ့၏စိတ်ခံစားချက်များကို အမြဲတမ်း
အလွယ်တကူ ပြန်လည်ထိန်းချုပ်နိုင်စွမ်းရှိသောသူ ဖြစ်သည်။
“ဟုတ်ကဲ့”
လုယွဲ့က လက်သီးအုပ်ကာ
အရိုအသေပေးပြီး ပြန်ထွက်သွားသည်။
အကျဥ်းထောင်ထဲတွင် အာဏာပါးကွက်သားက
ညှဉ်းပန်းနှိပ်စက်မှု နည်းလမ်းအားလုံးကို အသုံးပြုပြီး ကျန်းယိဖန်းကို သေသည်အထိ
နှိပ်စက်နေခဲ့သည်။ သို့သော် သူက ဝမ်ယွိလင် လိုချင်သောအဖြေကို မပေးသေးသောကြောင့်
ဤညှဉ်းပန်းနှိပ်စက်မှုကို သူသေဆုံးပြီးမှသာ ရပ်တန့်နိုင်မည် ဖြစ်သည်။
ကျန်းယိဖန်း ပျော့ဖတ်နေသည်အထိ
အရိုက်ခံနေရချိန်တွင် တစ်ဖက်၌ စူးချင်းက
အိပ်ယာနိုးလာပြီး အလုပ်ပြန်လုပ်နေခဲ့သည်။ သူမက ကျိရှောင်ယင်အတွက် ဖိနပ်ရှည်
ချုပ်နေပြီး ထိုဖိနပ်က ကောက်ရိုးဖိနပ်ထက် ပိုအဆင်ပြေစေမည် ဖြစ်သည်။
ကျိရှောင်ယင်လည်း
ပြန်နိုးလာသေည်လည်း သူမထဲတွင် ဘာမှ လုပ်စရာ မရှိပေ။ ထို့ကြောင့် သူမက ပန်းထိုးလေ့ကျင့်ရန်
ပန်းထိုးအပ်နှင့် အထည်စများကို လှမ်းယူလိုက်သည်။
ဒီအလုပ်က
အချိန်ကုန်စေပြီး စိတ်ငြိမ်စေနိုင်တဲ့ အလုပ်တစ်ခုပါ။ အဲ့တာကြောင့် သူမ ကြိုက်တယ်။
အမျိုးသမီးလီက
ငြိမ်သက်စွာ ထိုင်နေသည်။ သူမက အခြားသူကို မည်သည့်အချိန်မျှ အနှောင့်အယှက် မဖြစ်စေခဲ့ပေ။
တကယ်တော့ သူမက
တစ်နေကုန် စကားမပြောဘဲ တစ်နေရာရာမှာ ထိုင်နေပြီး အတိတ်ကို တွေးနေနိုင်ရင် သူမအတွက်
လုံလောက်နေပြီ၊ အစ်ကိုဖုန်းက သူမအနားမှာ ရှိနေပြီး သူမကို ညင်ညင်သာသာ ကြည့်နေတယ်လို့
ခံစားရတာကြောင့် သူမက ဘယ်တော့မှ အထီးကျန်တယ်လို့ မခံစားရဘူး။
ထောင်ဟွားဝူမှ
ရွာသူရွာသားများကလည်း လှည်းများပေါ်တွင် လိုက်ပါလာကြပြီး သူတို့၏ခြေထောက်များ တောင့်တောင်းအောင်
ပင်ပန်းသည်အထိ ခရီးထွက်စရာ မလိုတော့ပေ။ ထို့ကြောင့် သူတို့အားလုံး ကျေနပ်နေကြသည်။
ခရီးက အရင်ကထက်
သုံးဆ ပိုမြန်တဲ့အတွက် အဖွဲ့က ညဘက် အနားယူရန် ခပ်မြင့်မြင့်နောတစ်ခုကို ရွေးလိုက်ကြသည်။
ထိုနေရာ၏အနီးအနားတွင် သောက်သုံးရန်နှင့် ချက်ပြုတ်ရန်အတွက် မြစ်ငယ်လေးတစ်စင်းပင် ရှိနေလေသည်။
စူးချင်းက
တစ်ဝက်တစ်ပျက် ဖြစ်နေသော ဖိနပ်ရှည်ကို ရထားလုံးပေါ်တွင် ချထားခဲ့ပြီး ထမင်းချက်ရန်
ခုန်ဆင်းလိုက်သည်။
စပါး၊
တောဝက်အသားနှင့် ငါးခြောက်များ ရှိနေသောကြောင့် မိန်းကလေးများက ညစာချက်ရန်
လုံလောက်သည့် တောရိုင်းဟင်းရွက်အချို့ကို သွားခူးနေကြသည်။
ကျိရွှေရှန့်က ဘာမှ
လုပ်စရာ မရှိသောကြောင့် ကျုံးယုံကို သိုင်းပညာ သင်ကြားပေးရန် အချိန်ယူလိုက်သည်။
လမ်းမှာ ဘယ်လိုအန္တရာယ်မျိုးတွေ
ကြုံတွေ့ရမယ်ဆိုတာကို ဘယ်သူမှ ကြိုမသိနိုင်ဘူးလေ။ ကျုံးယုံက လူတွေကို ဘယ်လို
ဆွဲမပြီး မြေကြီးပေါ်ကို ဘယ်လို ကောက်ပေါက်ရမလဲဆိုတာပဲ သိတယ်။ အဲ့တာကြောင့် သူ
ကျူံးယုံကို သိုင်းပညာ သင်ပေးမှ ဖြစ်မယ်။
ကျုံးယုံ သိုင်းပညာ
တက်သွားရင် ပိုအစွမ်းထက်လာပြီး သူ့အတွက် အထောက်အကူဖြစ်စေလိမ့်မယ်။ အဲ့တော့ အခု
ခရီးထွက်နေတဲ့ အချိန်မှာပဲ သူ့ကို သင်ပေးထားရတော့မယ်။
ကျုံးယုံ၏လက်မောင်းများက
တုတ်ခိုင်ပြီး သန်မာလှသည်။ သူက ဓားပြများလက်ထဲမှ လုယူလာသော သံတူကြီးနှစ်ချောင်းကို သဘောကျနေပြီး နေ့တိုင်း ဆုပ်ကိုင်ထားခဲ့သည်။
ဤလက်နက်များက ကျုံးယုံအတွက် အလွန်သင့်လျော်နေသောကြောင့် ကျိရွှေရှန့်က သူ့ကို တူကိုင်နည်းနှင့်
တူထုနည်းများကို အထူးသင်ကြားပေးခဲ့သည်။
ကျုံးယုံက ထိုသင်ယူမှုကို
အလွန်အလေးအနက်ထားနေပြီး ကျိရွှေရှန့်က တူနှစ်ချောင်းကို ကိုင်ကာ ခုန်ပေါက်ရင်း
လှုပ်ရှားမှုအမျိုးမျိုးကို ပြောင်းလဲပြသပေးခဲ့သည်။ သူက အလျင်အမြန် သရုပ်ပြနေခဲ့သော်လည်း
ကျုံးယုံက ၎င်းကို ရှင်းရှင်းလင်းလင်း မြင်နိုင်ပြီး ဘေးဘက်မှ အတူယူကာ လက်ဟန်ဖြင့်
လိုက်လေ့ကျင့်နေခဲ့သည်။
"ဒါကို ယူပြီး တစ်ခေါက်လောက် လေ့ကျင့်ကြည့်"
ကျိရွှေရှန့်က ကျုံးယုံ၏ထက်မြက်မှုကို
စမ်းသပ်ချင်သောကြောင့် လှုပ်ရှားမှုတစ်ခုပြီးသွားသည်နှင့် ကျုံးယုံထံသို့ တူကို လှမ်းပေးလိုက်သည်။
“ဟုတ်ကဲ့”
ကျုံးယုံသည် ဝမ်းသာအားရဖြင့်
သံတူကြီးများကို ကိုင်ကာ အားကြိုးမာန်တက် ဝှေ့ယမ်းလိုက်ပြီး သူ့၏လှုပ်ရှားမှုက
လုံးဝ မဆိုးပေ။
"အစ်ကိုကြီး၊ ကျွန်တော် ရိုက်လိုက်တာ မှန်လား?"
ကျုံးယုံက
မောပန်းခြင်း သို့မဟုတ် ပခုံး တွန့်သွားခြင်းမရှိဘဲ
လှုပ်ရှားမှုတစ်ခုပြီးသွားသည်နှင့် ကျိရွှေရှန့်ကို ပျော်ရွှင်စွာ ပြန်မေးနေပြီး
သူက လုံးဝ ပင်ပန်းနေပုံ မရပေ။
"အင်း နောက်တစ်မျိုး ထပ်သင်ပေးမယ်"
ကျိရွှေရှန့်ကလည်း
စိတ်ထဲမှ ကျိတ်ပျော်နေပြီး နောက်ထပ် လှုပ်ရှားမှုများကို သင်ပေးလိုက်သည်။
အမျိုးသမီးလီက
အိမ်သာသွားရန် ရထားလုံးပေါ်မှ ဆင်းသွးခဲ့ပြီး ကျိရှောင်ယင်က သူမကို ကူညီရန် လိုက်ပါသွားခဲ့သည်။ သူမ ပြန်ရောက်သောအခါ ကျိရွှေရှန့်နှင့်
သူမ၏သား ပြောနေသည့် စကားသံများကို ကြားလိုက်ရသောကြောင့် အမျိုးသမီးလီက ခဏတာမျှ တွေဝေမှင်တက်နေမိသည်။
ဘာပဲဖြစ်ဖြစ် အဆုံးမှာ တားဆီးပိတ်ပင်ထားလို့
မရနိုင်တဲ့အရာတချို့ ရှိနေသေးတာပဲ....
စူးချင်းက တောဝက်သားများကို
အပိုင်းပိုင်း ဖြတ်လိုက်ပြီး ဝက်ဆီနှင့် ကြော်ကာ ထို့နောက်တွင် ကြက်သွန်မြိတ်၊
ဂျင်းရိုင်းနှင့် ငရုတ်သီးတို့ကို ထပ်ထည့်လိုက်သည်။ စူးချင်းက သူမ ချက်ပြုတ်တိုင်း
ငရုတ်သီးအနည်းငယ် ထည့်လေ့ရှိပြီး သူမတို့က အပြင်တွင် အချိန်အတော်ကြာ နေထိုင်ခဲ့ကြသောကြောင့်
ငရုတ်သီးက အစိုဓာတ်ကို ဖယ်ရှားပေးနိုင်သောကြောင့် ဖြစ်သည်။
အမျိုးသမီးများ ခူးဆွတ်ထားသော
တောရိုင်းဟင်းရွက်များအားလုံးကို ဆေးကြောသန့်စင်ထားပြီး ဖြစ်သောကြောင့် စူးချင်းက
ထိုဟင်းရွက်ရိုင်းများကို အိုးထဲသို့ လောင်းထည့်ပြီး ရေမထည့်မီ ခဏလောက် မွှေပေးလိုက်ရာ
အနံ့က သင်းပျံ့လာခဲ့သည်။
ထို့နောက် သူမက ငါးခြောက်များကို
ကိုင်တွယ်နေပြီး အခြားပါဝင်ပစ္စည်းများ မရှိသောကြောင့် ငါးခြောက်ကို ဒီအတိုင်းသာ
ပြုတ်ထားလိုက်သည်။ သူမက အဓိက အစားအစာအတွက် ကူညီပေးရန် မလိုအပ်ပေ။ အဒေါ်လီနှင့်
တခြားသူများက အိုးကြီးနှစ်လုံးဖြင့် ထမင်းပေါင်းနေကြသည်။
စူးချင်းက ငါးပြုတ်အိုးကို
မီးကြည့်ပေးနေခဲ့သည်။ ထိုအချိန်တွင် ကျိရှောင်ယင်က သူမရှေ့သို့ လျှောက်လာပြီး
ထိုင်ချလိုက်ကာ သူမလက်ထဲမှ အနက်ရောင်အရာဝတ္ထုတစ်ခုကို စူးချင်းအား ပြသလိုက်သည်။
“အစ်မ... အစ်မက အများကြီးသိတော့ ဒါက ဘာလဲဆိုတာ ကြည့်ပေးပါဦး"
✍️✍️✍️