အခန်း
၁၂၆ သံသတ္ထုရိုင်း (အပိုင်း ၂)
ချိုးယုံခန်းက
ခဏလောက် စဉ်းစားနေပြီးမှ သူ့အဘိုးကို တုံ့ပြန်လိုက်သည်။ “အဘိုး၊
ကျွန်တော်တော့ ကောင်းမယ် မထင်ဘူး။ ချိုးယွဲ့က ဓားကို ကာဖို့ ရှောင်ယင့်ကို အသုံးချခဲ့တာကြောင့် အဒေါ်လီနဲ့ အဒေါ်ကျန်းတို့ရဲ့
ချိုးယွဲ့အပေါ်ထားတဲ့ သဘောထားက သိသိသာသာ ပြောင်းလဲသွားပြီ။ ချိုးယွဲ့ကို အပြင်လူနဲ့
လက်ထပ်ပေးလိုက်တာက ပိုကောင်းမယ်ထင်တယ်။ ချိုးယွဲ့ရဲ့အတိတ်အကြောင်းကို မသိတဲ့သူတွေက
သူ(မ)ကို ပိုပြီး ကောင်းကောင်း ဆက်ဆံပေးလိမ့်မယ်"
ရွာလူကြီးချိုးက
ခဏတာမျှ တွေဝေနေခဲ့သည်။
အခုလို
အငတ်ဘေးကနေ ထွက်ပြေးရတာက သူ့အတွက် ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။ သူ
ငယ်ငယ်တုန်းကလည်း သူ့ရဲ့မိဘတွေနဲ့အတူ မွေးရပ်မြေကနေ ထွက်ပြေးခဲ့ကြဖူးတယ်။ အဲ့တုန်းက
သူ့မိဘတွေက သူ့ရဲ့ညီမကို လမ်းတလျှောက်မှာ ရှိတဲ့ ဒေသခံတစ်ယောက်နဲ့ အိမ်ထောင်ချပေးခဲ့ပြီး
အဲ့တာက သူ့ညီမ အသက်ရှင်ဖို့ အခွင့်ကောင်းလို့ ပြောခဲ့ကြတယ်။
ဒါပေမယ့်
အဲ့အချိန်က စပြီး သူ့ညီမလေးကို ပြန်မတွေ့ရတော့ဘူး။ အဲ့တကြိမ်လမ်းခွဲလိုက်တာက
တစ်သက်လုံးစာအတွက် ဖြစ်သွားခဲ့တယ်။
အခုလည်း
ချိုးယွဲ့ အနိုင်ကျင့်ခံရတဲ့အခါ ချိုးယွဲ့နောက်မှာ အားကိုးစရာ မိသားစု မရှိမှာကို
တွေးပြီး သူ အနည်းငယ် တုံ့ဆိုင်းနေမိတယ်။
“အဘိုး၊ ကျွန်တော်တို့ စုကျိုးရောက်တာနဲ့ ကျွန်တော် ချိုးယွဲ့အတွက် မိသားစုကောင်းကောင်းတစ်ခု
ရှာပေးဖို့ ကူညီပေးပါ့မယ်။ အဖိုး စိတ်မပူပါနဲ့”
ချိုးယုံခန်းက
သူ့အဘိုး ချီတုံချတုံ ဖြစ်နေသည်ကို မြင်သွားပြီး အလျင်အမြန် အာမခံပေးလိုက်သည်။ ရွာလူကြီးချိုးက
သူ့မြေးကို အလွန်တန်ဖိုးထားပြီး အများအားဖြင့် သူ့မြေး၏အမြင်ကို သဘောတူပေးလေ့ရှိသည်။
သိုသော်လည်း သူ့မြေးမလေးနှင့် ထာဝရ ခွဲခွာရမည်ကို စဉ်းစားမိသောကြောင့် သူ သက်ပြင်းချလိုက်မိပြန်သည်။
"ကောင်းပြီလေ၊ မင်းပြောသလိုပဲ လုပ်ကြရအောင်!"
ချိုးယွဲ့က
သူမ၏အဘိုးနှင့် စကားပြောနေသည့် သူမ၏အစ်ကိုကို လှမ်းကြည့်နေပြီး အဖိုးဖြစ်သူက
သူမဘက်ကို လှမ်းကြည့်ကာ သက်ပြင်းချလိုက်သည်ကို မြင်လိုက်ရသောကြောင့် တစ်ခုခု မှားနေပြီဟု
သူမ ခံစားနေရပြီး သူမအတွက် ဆိုးရွားသောခံစားချက်တစ်ခုကို ရနေခဲ့သည်။
အခြားတစ်ဖက်တွင်
ကျိရွှေရှန့်က ကျိရှောင်ယင်ကို ခေါ်သွားပြီး ကျောက်တုံး ရှာတွေ့ခဲ့သည့်နေရာကို
ခေါ်သွားခိုင်းခဲ့သည်။ သူတို့မောင်နှမ ပြန်ရောက်လာချိန်တွင် ကျိရွှေရှန့်က အရောင်အသွေးစုံသော
ရစ်ငှက်တစ်ကောင် ကိုင်လာပြီး ကျိရှောင်ယင်က ထိုရစ်ငှက်ကို ကြည့်နေကာ အတော်လေး စိတ်လှုပ်ရှားနေပုံရသည်။
လူတိုင်းက
သူတို့ အမဲလိုက်သွားသည်ဟု ထင်နေကြသော်လည်း ချိုးယွဲ့က ကျိရှောင်ယင်ကို လှမ်းမေးလိုက်သည်။
"ရှောင်ယင်၊
မင်း ဘယ်တွေ သွားနေတာလဲ?"
"ကျွန်မ အပေါ့အပါးသွားဖို့ တောထဲကို သွားတာ!"
ကျိရှောင်ယင်က
သူမအစ်ကို၏သတိပေးစကားကို အသေအချာ မှတ်သားထားပြီး ထိုကျောက်တုံးအကြောင်းကို
ဘယ်သူ့ကိုမှ မပြောနိုင်သောကြောင့် အိမ်သာသွားသည်ဟု လိမ်ပြောလိုက်သည်။
"အစ်ကိုကြီးနဲ့အတူ အပေါ့အပါး ဘယ်လိုသွားလဲ?"
ချိုးယွဲ့က
နားမလည်ဟန်ဆောင်ပြီး ကျိရှောင်ယင်ကို ထပ်မေးလိုက်သည်။ ကျိရှောင်ယင်က
မျက်မှောင်ကြုတ်ကာ သူမကို ပြန်ကြည့်လိုက်ပြီး "အဲ့တာဆို အစ်မ ဘာလို့ အစ်ကိုယုံခန်းနဲ့
တောထဲကို သွားတာလဲ? ကျွန်မလည်း ကျွန်မအစ်ကိုကြီးကို ကာကွယ်ပေးဖို့ တောင်းဆိုတာလေ၊
ဘာဖြစ်လို့လဲ?"
ကျိရှောင်ယင်
မပျော်မရွှင် ဖြစ်သွားသည်ကို မြင်လိုက်သောကြောင့် ချိုးယွဲ့က အလျင်အမြန် ပြန်ပြောလိုက်သည်။
“အဲဒါက ဘာမှ မမှားပါဘူး။ ငါက နင့်အတွက် စိတ်ပူလို့ပါ။ ငါ့မှာ ဒဏ်ရာတွေ မရှိရင်
ငါ နင့်နဲ့ လိုက်ခဲ့ပေးပါတယ်"
"မလိုပါဘူး၊ အစ်မစူးချင်းကို လိုက်ပို့ခိုင်းလို့ ရတယ်"
ချိုးယွဲ့က
သူမကို တိုက်ခိုက်ခံရခြင်းမှ တားဆီးရန် အကာအကွယ်အဖြစ် အသုံးပြုခဲ့သဖြင့် ကျိရှောင်ရှင်က
သူမနှင့် ဝေးကွာသွားပြီး တစ်ချိန်က ခံစားခဲ့ရသော ရင်းနှီးမှုကို
မခံစားနိုင်တော့ပေ။
အဝေးသို့ထွက်သွားသော
ကျိရှောင်ယင်၏နောက်ကျောကို လှမ်းကြည့်ရင်း ချိုးယွဲ့က သူမ၏လက်သီးများကို
ကျစ်ကျစ်ပါအောင် ဆုပ်ထားကာ သူမ၏မျက်လုံးထောင့်မှ မျက်ရည်များ စီးကျလာသည်။
ဘာ့ကြောင့်လဲ? အားလုံးက
ဘာလို့ ငါ့ကို ဒီလိုဆက်ဆံရတာလဲ?
“လူတိုင်း ကောင်းကောင်း အနားယူပြီးပြီလို့ ထင်တယ်။ ခရီး ပြန်ထွက်ဖို့ ပြင်ကြရအောင်"
ချိုးယုံခန်းက
သူ့အဖိုး၏အတည်ပြုချက်ကို ရရှိပြီးနောက် ကျိရွှေရှန့်နှင့် ကျိရှောင်ယင်တို့ ပြန်လာသည်ကို
သူ မြင်လိုက်ရသည်။ ထို့ကြောင့် သူက ဦးဆောင်ကာ ပြင်ဆင်ရန် ဆော်သြလိုက်ပြီး
ထောင်ဟွားဝူမှလူများကို ခေါ်ဆောင်သွားရန် ကြိုးစားလိုက်သည်။ ထို့မှသာ ကျိရွှေရှန့်က
ထိုနေရာရှိ အရာများကို ပိုမိုအဆင်ပြေအောင် လုပ်ကိုင်နိုင်မည် ဖြစ်သည်။
ရွာသားများက
သူတို့၏ပစ္စည်းများကို ပြန်ထုပ်ပိုးလိုက်ကြပြီး စူးချင်းကလည်း သူတို့နှင့်အတူ
ထုတ်ပိုး ပြင်ဆင်နေခဲ့သည်။ သူတို့အားလုံး ပြင်ဆင်ပြီးချိန်တွင် ကျိရွှေရှန့်က ကျုံးယုံနှင့်အတူ
ပျောက်ကွယ်သွားကြောင်း သူတို့ သိလိုက်ရသည်။
အဖွဲ့ကြီးက
တစ်ရက်တာမျှ ရှေ့သို့ ခရီးဆက်ခဲ့ကြသော်လည်း ကျိရွှေရှန့်နှင့် ကျုံးယုံတို့က ပြန်ရောက်မလာသေးပေ။
အမျိုးသမီးလီက စိုးရိမ်လာပြီး ကျုံးယုံဘယ်သွားလဲဟု ဆက်တိုက် မေးနေခဲ့သည်။
ချိုးယွဲ့ကလည်း
ကျိရွှေရှန့် ပျောက်နေသည်ကို သတိထားမိပြီး သူမ၏အမေကို မေးလိုက်သည်။
"အမေ၊ အစ်ကိုရွှေရှန့်နဲ့ ကျုံးယုံ ဘယ်ရောက်သွားတာလဲ?"
"ငါ မသိဘူး!"
အဒေါ်ချိုးက
ခေါင်းခါလိုက်သည်။ သူမလည်း ကျိရွှေရှန့် ဘာတွေလုပ်နေသည်ကို သိချင်နေမိသည်။
လူအိုကြီးချိုးက
သူ့မြေးကို လှမ်းခေါ်ကာ မေးမြန်းနေသည်။
"ယုံခန်း၊ ရွှေရှန့် ဘယ်ရောက်သွားတာလဲ?"
"ကျွန်တော်တို့ မြို့ထဲမှာ ပိုက်ဆံတွေ ပျောက်ဆုံးသွားခဲ့လို့ ရွှေရှန့်က
ပြန်ရှာဖို့ မြို့ကို ပြန်သွားတယ်"
ချိုးယုံခန်းက
တောထဲတွင် ကျိရွှေရှန့်နှင့် ဆွေးနွေးခဲ့သော အကြောင်းပြချက်ကို သူ့အဖိုးအား ပြောပြလိုက်သည်။
ငွေများ ဆုံးရှုံးသွားကြောင်း ကြားသိရသောအခါ ရွာသားများအားလုံး တုန်လှုပ်သွားကြသည်။
ပိုက်ဆံမရှိရင်
သူတို့ ငတ်သေမှာလေ။
"အိုက်ယား၊ မင်းက ဘယ်လို ဖြစ်လို့ ဒီလောက်သတိကင်းမဲ့ရတာလဲ? မင်းက ငွေတွေကို
တာဝန်ယူထားတာ မဟုတ်ဘူးလား?”
လူအိုကြီးချိုးက
သူ့မြေးကို အပြစ်တင်လိုက်ပြီး ချိုးယုံခန်းက မချိပြုံးပြုံးကာ "မြို့ထဲမှာ သူခိုးတွေ ရှိမယ်လို့ ကျွန်တော် မသိခဲ့လို့ပါ!"
"မင်း!"
လူအိုကြီးချိုးက
ခေါင်းယမ်းကာ သက်ပြင်းချလိုက်သည်။ ကျိရွှေရှန့်က ပိုက်ဆံများ ရှာဖွေခဲ့ပြီး
သူ့မြေးကြောင့် ဆုံးရှုံးသွားသည်ဟု ထင်ကာ အပြစ်ရှိသလို သူ ခံစားနေရသည်။
ချိုးယွဲ့ကတော့
တစ်ခုခုလွဲနေပြီဟု ခံစားနေမိသေးသည်။
ပိုက်ဆံတွေကို
ဆုံးရှုံးသွားတယ်ဆိုရင် အကိုကြီးက ဘာလို့ ပြန်လာတုန်းက မပြောရတာလဲ? တကယ်လို့
သူတို့ ငွေတွေကို ဆုံးရှုံးသွားခဲ့ရင် ညစာစားပြီးမှ သွားပြန်ရှာဖို့လောက်အထိ
တည်ငြိမ်နိုင်ပါ့မလား?
ဒါပေမယ့်
အစ်ကိုရွှေရှန့်က ပိုက်ဆံတွေ ပြန်ရှာဖို့ ပြန်သွားတာ မဟုတ်ဘူးဆိုရင် သူက ဘာလုပ်နေတာလဲ?
ရှောင်ယင် ပြန်ယူလာတဲ့ အနက်ရောင်ကျောက်တုံးနဲ့ ဆက်စပ်နေတာလား?
ကျိရွှေရှန့်က
ကျုံးယုံကို တကယ်ပင် ခွာမကျနိုင်ခဲ့ပေ။ ဒီကောင်က သူ့ဘေးမှာ ကော်နဲ့ ကပ်ထားသလိုမျိုး
တစ်လှမ်းမှမခွာဘဲ လျှောက်လိုက်နေတာလေ။
ဒါပေမယ့်လည်း
အဲ့တာက သူအတွက် အဆင်ပြေစေပြီး သူက ကျုံးယုံကို အလုပ်ကြိုးစားလုပ်ခွင့်ပေးလိုက်တယ်။
သူတို့နှစ်ယောက်
ပြန်မထွက်ခင် တောင်ပေါ်၌ လေးရက်ခန့်နေခဲ့ကြသည်။ ကျုံးယုံက သူ့အစ်ကိုကြီးက သူ့ကို
အဘယ့်ကြောင့် ထိုကျောက်တုံးကြီးများ သယ်ခိုင်းနေသည်ကို နားမလည်သေးပေ။ ထို့အပြင် သူ့အမေ
အပါအဝင် ဘယ်သူ့ကိုမှ ပြောခွင့်မပေးဘဲ သူ့ထံမှ ကတိတောင်းထားသောကြောင့် သူ
မည်သူ့ကိုမျှ ပြန်ပြော၍ရမည် မဟုတ်ပေ။
ကျုံးယုံက
သူ့အစ်ကိုကြီး အဘယ့်ကြောင့် ထိုကဲ့သို့ လုပ်နေသည်ကို နားမလည်သော်လည်း သူက
သူ့အစ်ကိုကြီး၏စကားကို နာခံမည်ဖြစ်ကာ သူ့အမေကိုတောင် ပြန်ပြောမည် မဟုတ်ပေ။
ကျိရွှေရှန့်နှင့်
ကျုံးယုံတို့ တောင်ပေါ်မှ ပြန်ဆင်းလာချိန်တွင် လူတစ်စုနှင့် တွေ့ဆုံခဲ့ကြသည်။
သူတို့က သာမန်လူများ ဝတ်ဆင်လေ့ရှိသည့် အဝတ်အစားများကို ၀တ်ဆင်ထားကြသော်လည်း သူတို့၏လမ်းလျှောက်ပုံ၊
သူတို့၏မျက်လုံးများထဲမှ ရဲရင့်တည်ကြည်သော အကြည့်များနှင့်
သူတို့၏ကိုယ်ခန္ဓာပေါ်ရှိ ပြင်းထန်သော လူသတ် အငွေ့အသက်များကြောင့် ဤလူအုပ်စုက
စစ်တပ်မှ ဖြစ်ကြောင်း ကျိရွှေရှန့်က သေချာသိလိုက်သည်။
"ညီလေး၊ မင်းတို့က ဒီမှာနေတာလား?"
ထိုအဖွဲ့၏ခေါင်းဆောင်က
အသက်လေးဆယ်ကျော် အမျိုးသားတစ်ဦးဖြစ်ပြီး သူက မျက်နှာနီနီ၊ မျက်ခုံးထူထူနှင့်
မျက်လုံးပြူးကြီးများကို ပိုင်ဆိုင်ကာ သူ့အကြည့်များကလည်း စူးရှလွန်းလှသည်။ သို့သော်လည်း
ကျိရွှေရှန့်နှင့် စကားပြောနေချိန်တွင် သူက အရမ်းကြင်နာတက်ပုံပေါ်နေပြီး လက်သီးအုပ်ကာ
အရိုအသေပေးနေသေးသည်။
"ဟုတ်ပါတယ်"
ကျိရွှေရှန့်က
တည်ငြိမ်စွာ ပြန်ဖြေလိုက်သော်လည်း ကျုံးယုံက
မျက်တောင်ခတ်လိုက်သည်။
အကိုကြီးက
လိမ်နေတာ။
"မင်းတို့က ဒီတောင်ကြီးနဲ့ ရင်နှီးကျွမ်းဝင်လား?"
ကျိရွှေရှန့်က
တောင်ပေါ်တွင် နေထိုင်သူကြောင်း သိသွားသည်နှင့် ထိုလူက ပို၍ပင် ပြုံးလာခဲ့သည်။
“ရင်းနှီးပါတယ်”
ကျိရွှေရှန့်က
ခေါင်းညိတ်ပြလိုက်သည်။
“ဒါက ဒီလိုပါ၊ ရုတ်တရက်ကြီး နတ်ဆိုးက ငါ့သမီးလေးရဲ့ခန္ဓာကိုယ်ကို
သိမ်းပိုက်သွားခဲ့တယ်။ အဲ့တာနဲ့ ငါက ဆရာသခင်တစ်ယောက်ကို လာကြည့်ဖို့ အကူအညီ တောင်းခဲ့တယ်လေ။
ဆရာသခင်က နတ်ဆိုးက ဒီတောင်ပေါ်မှာ ရှိနေတယ်လို့ ပြောလိုက်တယ်။ ဒီကညီလေးများ
အနက်ရောင် ဒါမှမဟုတ် အစိမ်းရင့်ရောင် ကျောက်တုံးတွေ ရှိတဲ့နေရာကို တွေ့ဖူးလားလို့ မေးပါရစေ”
ထိုလူ၏မျက်နှာပေါ်မှ
အပြုံးက လုံးဝ မပျောက်သွားဘဲ သူက ကျိရွှေရှန့်ကို ထပ်မေးလိုက်သည်။ ထိုစကားကို ကြားပြီးနောက်တွင်
ကျိရွှေရှန့်သည် လေးလေးနက်နက် တွေးတောနေသကဲ့သို့ မျက်မှောင်ကြုတ်ကာ စဥ်းစားဟန်ပြုနေခဲ့သည်။
ထိုလူကလည်း
အလွန် စိတ်ရှည်ပုံရပြီ ပြုံးရုံသာပြုံးနေကာ သူ့ကို လုံးဝ တွန်းအားမပေးဘဲ ဘေးနားတွင်သာ
စောင့်နေခဲ့သည်။ သို့သော်လည်း သူ့မျက်လုံးများတွင် မျှော်လင့်ချက်များဖြင့်
ပြည့်နှက်နေသည်မှာ သိသာလွန်းနေသည်။ ထိုအချိန်တွင် ကျိရွှေရှန့်က ရုတ်တရက် ပြန်ဖြေလိုက်သည်။
"အရင်က မြင်ဖူးတယ် ထင်တယ်"
"တကယ်လား? ဘယ်မှာလဲ?"
ထိုလူ၏မျက်လုံးများက
ချက်ချင်းတောက်ပလာပြီး ကျိရွှေရှန့်ကို စိတ်လှုပ်ရှားစွာ ပြန်မေးလိုက်သည်။
"ကျုပ်က ခင်ဗျားတို့ကို အဲဒီကို ခေါ်သွား ပေးလို့ရတယ်၊ ဒါပေမယ့် ခင်ဗျားတို့က
အခကြေးငွေ ပေးမှာလား?"
ကျိရွှေရှန့်က
အမြတ်ထုတ်ချင်နေသည့် ကြေးစားတစ်ယောက်၏ပုံစံအတိုင်း ပြုမူနေပြီး ပိုက်ဆံမရပါက ဘာမှ
မလုပ်ဟူသော ပုံစံမျိုးကို ဖော်ပြထားသည်။
သူ့၏ထိုပုံစံက
တစ်ဖက်လူကို ပို၍ သက်တောင့်သက်သာဖြစ်သွားစေပြီး ထိုလူက သူ့အင်္ကျီလက်ထဲမှ ငွေတုံးတစ်တုံးကို
ထုတ်ယူလိုက်သည်။
"သေချာတာပေါ့၊ ဒီငွေကို ယူလိုက်ပါ။ ဒါက ငါ့သမီးလေးကို ကယ်တင်နိုင်မယ့်
ကုသိုလ်ကောင်းမှုပါပဲ။ ငါတို့ အဲ့နေရာကို ရှာတွေ့တဲ့အခါ ငါ့သမီးလေးအတွက် မင်းတို့ကို
ကျေးဇူးဆပ်ပါ့မယ်”
ကျိရွှေရှန့်က
ငွေကို ယူပြီး သူ့အိတ်ကပ်ထဲသို့ ထည့်လိုက်ကာ "အဲ့တာဆို ခင်ဗျားရဲ့စကားကို
ထိန်းပါ အဲ့လိုမှမဟုတ် ကျုပ်က ကျုပ်ညီကို မင်းကို ရိုက်နှက်ခိုင်းမယ်"
"ဟား ဟား၊ ကောင်းပါပြီ။ ငါက ကတိတည်ပါတယ်"
ကျိရွှေရှန့်၏စကားကို
ကြားသောအခါ ထိုလူက ကျယ်လောင်စွာ ရယ်မောလိုက်သော်လည်း သူ့မျက်လုံးများထဲတွင် အထင်သေးမုန်းတီးနေသည့်
အရိပ်အယောင်များ ပြည့်နှက်နေသည်။
သူ
သည်းမခံနိုင်တာက အောက်တန်းကျပြီး လှည့်စားဖို့ လွယ်တဲ့သူတွေပဲ။ သူ့အမြင်မှာတော့
သူက တောင်ပေါ်က သာမာန်ရွာသားတစ်ဦးပဲ။
ဒီတောသားတွေကို
ခဏလောက်တော့ ပျော်ခွင့်ပေးလိုက်မယ်။ သူတို့ လိုချင်တာကို ရတာနဲ့ ဒီတောသားတွေရဲ့ဘဝတွေကို
အဆုံးသတ်ပေးလိုက်မယ်။
ကျိရွှေရှန့်က
ထိုလူ၏ လူသတ်ချင်စိတ်ကို မြင်နေရပြီး သူ့၏နှလုံးသားထဲမှ လှောင်ပြောင်ရယ်မောနေရင်း
နောက်သို့ ပြန်လှည့်ကာ တောင်ပေါ်သို့ တက်ရန် ဦးဆောင်လိုက်သည်။
ထိုလူက
သူ့နောက်မှလူစုကို သူ့နောက်သို့ လိုက်ခဲ့ရန် လက်ဟန်ပြလိုက်ပြီး သူ့မျက်နှာပေါ်တွင်
အချိန်အတော်ကြာ ရှိနေခဲ့သည့် အပြုံးက ပျောက်ကွယ်သွားကာ အေးစက်သောအမူအရာများ
အစားထိုးဝင်ရောက်လာခဲ့သည်။
ကျိရွှေရှန့်က
သူတို့ကို တော်နက်ထဲသို့ ခေါ်ဆောင်သွားခဲ့သည်။
ဟား ဟား.... ဒီနေရာက သူတို့အတွက် ငရဲပဲ ၊ ဝင်လာပြီ ဆိုမှတော့ ပြန်ထွက်ဖို့ကို မေ့လိုက်ကြတော့။
✍️✍️✍️