အခန်း ၁၃၂ သူတို့ရဲ့မျက်နှာ
အမူအရာ ပြောင်းတာက စာအုပ်တစ်အုပ်ရဲ့စာမျက်နှာကို လှန်တာထက်တောင် ပိုမြန်နေသေးတယ်
"သွား...
သွား.... မြန်မြန်ထွက်သွား၊ မြန်မြန်ထွက်သွားကြစမ်း၊ ငါတို့နဲ့ ငါးလီအကွာအတွင်းမှာ
ဘယ်သူမှ နေလို့မရဘူး"
တစ်ချိန်လုံ အေးစက်သော
မျက်နှာများဖြင့် ငြိမ်သက်နေခဲ့သော စစ်သည်များက သူတို့၏ လက်နက်များကို ဆွဲထုတ်ကာ ဒုက္ခသည်များကို
မောင်းထုတ်နေကြပြီး တစ်ယောက်ယောက်က အနားရောက်လာလျှင် အမှန်တကယ် သတ်ပစ်မည့်ပုံရသည်။
သာမန်ပြည်သူများက
အလွန်ကြောက်လန့်သွားကြပြီး အမြန်ထွက်ပြေးကြရတော့သည်။
ဒီအရာရှိတွေရဲ့
မျက်နှာအမူအရာ အပြောင်းအလဲက စာအုပ်တစ်အုပ်ရဲ့စာမျက်နှာတွေကို လှန်တာထက်တောင်
ပိုမြန်နေသေးတယ်။
အရင်က သူတို့ လူတစ်သောင်းဆီကနေ
စုပေါင်းရေးထားတဲ့ လျှောက်တင်လွှာကို လိုချင်တော့ လူတွေကို သူတို့တက်နိုင်သမျှ ချော့မော့နေပြီး
သူတို့ရဲ့မျက်နှာတွေမှာ နွေလေညင်းလို အပြုံးတွေ ပြည့်နေခဲ့တယ်။
အခု သူတို့လိုချင်တဲ့
လူတစ်သောင်းရဲ့စုပေါင်းလျှောက်တင်လွှာကို ရသွားတာနဲ့
သူတို့ရဲ့ရက်စက်ကြမ်းကြုတ်တဲ့ ဘက်အခြမ်းကို ချက်ခြင်း ထုတ်ပြလာကြပြီ။ ဒါပေမယ့်လည်း
သူတို့လို သာမာန်ပြည်သူတွေက ဘာပြောရဲမှာလဲ? တကယ်လို့ သူတို့ကို အကျဉ်းသား
လာလုတဲ့သူတွေလို့ စွပ်စွဲခံလိုက်ရရင် မြစ်ဝါမြစ်ထဲသို့ ခုန်ချတာတောင် ၎င်းတို့ရဲ့အပြစ်ကင်းစင်မှုကို
သက်သေပြနိုင်မှာ မဟုတ်ဘူး။
သာမာန်ပြည်သူများကို
မောင်းထုတ်ပြီးနောက် ထမင်းချက်ရန် တာဝန်ရှိသူများက အိုးများကို ထုတ်ယူပြီး စတင် ချက်ပြုတ်ကြသည်။
အေးစက်သော မျက်နှာရှိသည့် စစ်သည်များကတော့
ဓားများကို ကိုင်တောင်ကာ ကင်းလှည့်နေကြသည်။
အကျဥ်းလှည်းကို
အလယ်တွင် ရပ်ထားသည်။ ချင်ဖုန်းက ရိုက်နှက်ခံခဲ့ရပြီး သူ့၏ တကိုယ်လုံး ပွန်းပဲ့နေကာ ရေပင်မသောက်ရဘဲ
နေရောင်နှင့် ထိတွေ့ခဲ့ရသောကြောင့် သူက အသက်မဲ့သလို ဖြစ်နေပြီး သူ့ဦးခေါင်းက
စိုက်ကျနေသည်။ သူ့ရှုပ်ပွနေသော ဆံပင်ဖြူများတွင်လည်း သွေးများ စွန်းထင်းနေပြီး
သူ့ဆံပင်များက သူ့မျက်နှာကို ဖုံးအုပ်ထားသောကြောင့် သူ နိုးနေလား သတိလစ်နေလားပင် မပြောနိုင်တော့ပေ။
"သူ့ကို ရေနည်းနည်းလောက် ပေးသောက်လိုက်"
ရဲမက်ခေါင်းဆောင်က
ရေအိတ်ကို ယူလာပြီး သူ့လက်အောက်ငယ်သားထံ ပစ်ပေးလိုက်သည်။ စစ်သူကြီးဝမ်က ချင်ဖုန်း၏
စိတ်နှင့် ခန္ဓာကိုယ်ကို ညှဉ်းပန်းနှိပ်စက်ရန်သာ ပြောခဲ့ပြီး သူ့ကို အသက်ရှင်ရက် ချန်ထားရန်
အမိန့်ပေးခဲ့သည်။ ဧကရာဇ်မင်းမြတ်က သူ၏ရာဇ၀တ်မှုကို စီရင်ပြီးမှသာလျှင် သူ သေခွင့်ရမည်
ဖြစ်သည်။
လက်အောက်ငယ်သားက ချင်ဖုန်း၏ဆံပင်ကို
ဆွဲကိုင်လိုက်ပြီး သူ့ခေါင်းကို ဆွဲမော့လိုက်ရာ ချင်ဖုန်း သတိလစ်နေသည်ကို တွေ့လိုက်ရသောကြောင့်
သတင်းပို့ရန် အမြန်ပြန်ရောက်လာခဲ့သည်။
“သူ့ကို
ရေနဲ့ပက်ပြီး ပြန်နှိုးလိုက်လေ။ ငါက အဲဒါကိုတောင် သင်ပေးရဦးမှာလား?”
ခေါင်းဆောင်က
သူ့ခြေဖဝါးများကို ဖြေလျှော့ရန် သူ့ဖိနပ်ကို ချွတ်နေရင်း သတင်းလာပို့သော သူ့လက်အောက်ငယ်သားကို
ဒေါသတကြီး ကြိမ်းမောင်းလိုက်သည်။
“ဟုတ်ကဲ့”
လက်အောက်ငယ်သားက အမိန့်ကို
နာခံကြောင်း တုံ့ပြန်လိုက်သော်လည်း မကောင်းသော ရည်ရွယ်ချက်များဖြင့် ပြည့်နှက်နေသော
အထက်လူကြီးက သူ့ကို ထပ်တားလိုက်ပြန်သည်။
"ခဏနေဦး၊ ငါ့ရဲ့ခြေဆေးရေကို သုံးလိုက်"
လီချန်မှ လိုက်ပါလာသော
ရဲမက်များအားလုံးက ရယ်မောလိုက်ကြသည်။ သူတို့က ရာဇ၀တ်ကောင်ကို လှောင်ပြောင်ရယ်မောရပြီး
သူ့ကို သေသည်ထက် ဆိုးရွားသော အခြေအနေရောက်အောင် နှိပ်စက်ရခြင်းအတွက် ပျော်ရွှင်နေကြသည်။
ကင်းလှည့်နေသော
စစ်သည်များကမူ သူတို့၏အော်ဟစ်ရယ်မောသံများကို မကြားရသလို ပြုမူနေကြပြီး သူတို့အားလုံးက
ဘာမှ ထုတ်ဖော်ပြောဆိုခြင်း မရှိကြပေ။
အဓိပ္ပါယ်က သူတို့ ချင်ဖုန်းကို
မသတ်သေးသရွေ့ သူ့တို့ ကြိုက်သလို စော်ကားနိုင်တယ်။
ဧကရာဇ်ရဲ့တော်ဝင်မင်းဆရာလား?
သူတို့ရဲ့ အမတ်ချုပ်ကြီးနဲ့ စစ်သူကြီးကို စော်ကားရင်
ကျောက်စိမ်းဧကရာဇ်ဖြစ်နေရင်တောင် အသုံးမဝင်တော့ဘူး။
ထမင်းချက်တာဝန်ကျသူက
ရေယူရန် မြစ်ဘက်သို့ သွားနေပြီး ရဲမက်နှစ်ယောက်က အတူတူ ရေသွားခပ်ကြသည်။ ထမင်းချက်ရန်ပင် ရေမရှိသေးသောကြောင့် ရဲမက်ခေါင်းဆောင်က
သူ့၏လှောင်ပြောင်မှုကို လောလောဆယ် မလုပ်ဆောင်နိုင်သေးပေ။ သူက မြေပြင်ပေါ်တွင်
ခြေဗလာဖြင့် ရပ်နေပြီး သူ့၏လက်အောက်ငယ်သား ရေယူလာမည်ကို စောင့်နေခဲ့သည်။ ရေရလာလျှင်
သူက ခြေဆေးပြီးမှ ချင်ဖုန်းပေါ်သို့ လောင်းချခိုင်းမည် ဖြစ်ကာ သူဘာသာသူ အလွန်ဂုဏ်ယူနေခဲ့သည်။
ဧကရာဇ်ရဲ့တော်ဝင်မင်းဆရာတဲ့လား?
သူက ငါ့ရဲ့ခြေဆေးရေကို သောက်ရဦးမယ်။ ဟားးး....ဟားးးးး
ရေသွားယူသော ရဲမက်နှစ်ယောက်က
ရေပုံးများကို မြစ်ထဲသို့ ပစ်ချလိုက်ပြီး သူတို့က ရုတ်တရက် ရနံ့တစ်ခုကို ရလိုက်ကာ သူတို့၏
စိတ်အာရုံများက ခဏတာလောက် တွေဝေမှိန်းမောသွားကြသည်။ သို့သော်လည်း ထိုအရာက ခဏတာမျှသာ
ဖြစ်ပြီး သူတို့က သူတို့ အပူဒဏ်ကြောင့်
ငိုက်မြည်းသွားသည်ဟု ယူဆကာ သူတို့ကိုယ်သူတို့ လန်းဆန်းစေရန် မြစ်ကမ်းဘေးမှာ
မျက်နှာသစ်လိုက်ကြသည်။ ထို့နောက် ပြန်လန်းဆန်းသွားပြီး ရေခပ်ကာ ပြန်သယ်သွားကြတော့သည်။
ရဲမက်ခေါင်းဆောင်က
ခြေဆေးရန် စောင့်နေဆဲဖြစ်ပြီး ရဲမက်နှစ်ယောက်က
ရေနှစ်ပုံးထမ်းသည်ကို မြင်လိုက်ချိန်တွင် သူက ခြေဆေးရန် ရေအမြန်ယူလာဖို့ အမိန့်ပေးလိုက်သည်။
"ချက်ပြုတ်ဖို့ အရင်လုပ်ကြ"
တစ်ချိန်လုံး
နှုတ်ဆိတ်နေသော စစ်သည်ခေါင်းဆောင်က မျက်မှောင်ကြုတ်လိုက်ကာ ရုတ်တရက် စကားစလာခဲ့သည်။ ရဲမက်ခေါင်းဆောင်က
သူ့ကို အလွန်ကြောက်ရွံ့ပုံရပြီး ရဲမက်နှစ်ယောက်ကို
ထမင်းချက်ရန် မြန်မြန် လွှတ်ပေးလိုက်ပြီး ခြေဆေးဖို့ ရေထပ်မယူခိုင်းရဲတော့ပေ။
မျက်နှာမည်းမှောင်နေသော
စစ်သည်ခေါင်းဆောင်က ရေတစ်ပုံး ဆွဲမလိုက်ပြီး အဘိုးကြီးချင်ကို ရေဖြင့် လှမ်းပက်လိုက်သည်။
ရေစက်များက အဘိုးကြီးချင်၏ဆံပင်ဖြူများပေါ်သို့ စီးကျသွားပြီး သွေးစွန်းနေသော
ဆံပင်ကြောင့် အနီရောင်ရေစက်လေးများအဖြစ် ပြောင်းလဲသွားခဲ့သည်။
ရေလောင်းပြီးနောက်တွင်
မျက်နှာမည်းမှောင်နေသော စစ်သည်ခေါင်းဆောင်က လူအိုကြီးချင် အသက်ရှင်နေသေးကြောင်း
သိသွားပြီး သူ့ကို ထပ်ဂရုမစိုက်တော့ပေ။ သခင်ကြီးချင်က စိုစွတ်နေသော ဆံပင်များဖြင့်
သူ့ခေါင်းကို အားမရှိသလို မော့လိုက်ပြီး ကောင်းကင်ကို မော့ကြည့်လိုက်သည်။
နေရောင်ကြောင့် ကောင်းကင်က နီရဲနေပြီး သွေးကဲ့သို့ တောက်ပနေသည်။ သခင်ကြီးချင်က
အနီရောင်တိမ်တိုက်များကြားတွင် လင်းအာနှင့် ရှောင်းဟမ်ကို မြင်နေရသလို
ခံစားနေရပြီး ကောင်းကင်ကိုသာ စိုက်ကြည့်နေခဲ့သည်။
'မင်းတို့
ငါ့ကို စောင့်နေပါ၊ အဖေ မင်းတို့ကို မကြာခင် လာရှာပါ့မယ်'
ချင်ဖုန်းက သူ့မျက်လုံးများကို
မှိတ်ချလိုက်ပြီး သူ့၏မွေးစားသမီးနှင့် သားမက်ကို စိတ်ထဲမှ ပြောနေခဲ့သည်။
"ဒီသေခါနီး အဘိုးကြီးက ဘာတွေကြည့်နေတာလဲ?"
ရဲမက်ခေါင်းဆောင်က လူအိုကြီးချင်ကို
ခြေထောက်ဆေးရေနှင့် မပက်ရသောကြောင့် ဒေါသထွက်နေပြီး သူက လူအိုကြီးချင်ကို အုံ့မှိုင်းသောအကြည့်ဖြင့်
စိုက်ကြည့်နေခဲ့သည်။ လူအိုကြီးချင် ပြန်နိုးလာပြီး ကောင်းကင်ကို မော့ကြည့်နေမှန်း
သိသွားသောအခါတွင်လည်း သူလည်း လိုက်မော့ကြည့်ကာ လှောင်ပြောင်လိုက်သည်။
“ဟေး
အဘိုးကြီး သေရမှာ ကြောက်နေတာလား? ခင်ဗျားကို ကယ်တင်ပေးဖို့ ကောင်းကင်ဘုံကို
တောင်းဆိုချင်နေတာလား?”
ရဲမက်ခေါင်းဆောင်က အဘိုးကြီးချင်ကို
လှောင်ပြောင်လိုက်သော်လည်း အဘိုးကြီးချင်က သူ့ကို လျစ်လျူရှုထားပြီး ကောင်းကင်မှာ
တောက်ပနေသော တိမ်များကိုသာ ဆက်ကြည့်နေခဲ့သည်။
လူအိုကြီးချင်က
သူ့ကို လျစ်လျူရှုထားသည်ကို မြင်သောအခါ ရဲမက်ခေါင်းဆောင်က ပို၍ပင် ဒေါသထွက်သွားပြီး
လူအိုကြီးချင်ဆီသို့ သွားကာ
ရိုက်နှက်နေပြန်သည်။ သို့သော်လည်း လူအိုကြီးချင်က အံကိုတင်းတင်းကြိတ်ကာ လုံးဝ အသံမထွက်ဘဲ
နာကျင်မှုများအားလုံးကို ကြံ့ကြံ့ခံရင်ဆိုင်နေခဲ့သည်။
“ထမင်းစားလို့
ရပါပြီ”
ထမင်းချက်သမားက
လှမ်းအော်လိုက်သည်။ ညစာက ယာဂုအိုးကြီးတစ်လုံး ဖြစ်ပြီး လူတိုင်း၏အိတ်ထဲတွင်
အစာခြောက်များ ရှိနေသောကြောင့် သူတို့က အစာခြောက်များကို အပိုင်းပိုင်း ချိုးဖဲ့ကာ
ယာဂုထဲတွင် နှစ်၍ စားကြရမည် ဖြစ်သည်။
အကျဉ်းသားများကို
လိုက်လံပို့ဆောင်ရသည့် တာဝန်က ခက်ခဲသော အလုပ်ဖြစ်သည်။ ကောင်းကောင်း မစားနိုင်သလို
ဟင်းလင်းပြင်တွင် အိပ်ရသည့် အချိန်ကလည်း များပြားလွန်းလှပြီး မြို့ကို ဖြတ်သွားသည့်အချိန်မှသာလျှင် နားနေတည်းခိုဆောင်များတွင် အနားယူနိုင်ကြသည်။
ထိုအပြင် ယခု သူတို့ လိုက်ပို့ပေးရသည့်လူကလည်း သာမန်လူ မဟုတ်ပေ။
ကင်းလှည့်ရန် တာဝန်ကျသော
လူများကလည်း စားသောက်ရန် အလှည့်ကျပြောင်းလိုက်ကြသည်။ မျက်နှာသေနှင့် စစ်သည်လေးဦးက
စားသောက်နေသော်လည်း သူတို့၏သတိကို လုံးဝ မလျှော့ချဘဲ အရပ်လေးမျက်နှာကို ဂရုတစိုက်
လိုက်ကြည့်နေကြသေးသည်။
တစ်စုံတစ်ယောက်က
အဘိုးကြီးချင်ထံသို့ ဂျုံယာဂုပန်းကန်တစ်လုံး ယူသွားပြီး အကျဥ်းလှည်းပေါ်၌ မတ်တပ်ရပ်ရင်း စားနိုင်ရန် အဘိုးအို၏လက်တစ်ဖက်ကို
ကြိုးဖြည်ပေးလိုက်သည်။
လူအိုကြီးက သူ၏ဝမ်းနည်းမှုနှင့်
ဒေါသတို့ကြောင့် ထိုအစားအစာများကို မည်သို့မျှ မမျိုချနိုင်ပေ။ သူက အစာငတ်ခံကာ
ဆန္ဒပြရင် သေရန်သာ ဆုံးဖြတ်ထားသည်။ သူ သေဆုံးသွားမှသာလျှင် ဧကရာဇ်မင်းမြတ်က သနားဂရုဏာတရားဆိုသော
အကြောင်းပြချက်ဖြင့် သူ့လူများကို လွှတ်ပေးမည် ဖြစ်သည်။
လူအိုကြီးချင်က
အစာစားရန် ငြင်းဆန်နေသည်ကို မြင်သောအခါ ရဲမက်ခေါင်းဆောင်က သူ့ပန်းကန်လုံးကို
ချလိုက်ပြီး လူအိုကြီးချင်ဆီသို့ လျှောက်သွားပြန်သည်။ သူက လူအိုကြီးချင်၏ဂျုံယာဂုပန်းကန်ထဲကို
တံတွေးထွေးထည့်လိုက်ပြီး လူအိုကြီးချင်၏ဆံပင်ကို ဆွဲကာ ခေါင်းမော့စေပြီး
သူ့ပါးစပ်ထဲကို ဂျုံယာဂုများ လောင်းထည့်ရန် ကြိုးစားလိုက်သည်။
ပွက်ပွက်ဆူနေသော ဂျုံယာဂုများ
သူ့ပါးစပ်ထဲသို့ လောင်းထည့်ခံလိုက်ရလျှင် လူအိုကြီးချင်၏ပါးစပ်က အပူလောင်သွားမည် ဖြစ်သည်။ ဤလူက ရက်စက်ယုတ်မာပြီး
အဆုံးစွန်အထိ ကောက်ကျစ်သောသူဖြစ်သည်။
လူအိုကြီးချင်က သူ့နှုတ်ခမ်းကို
တင်းတင်းစေ့ထားပြီး တံတွေးထွေးထည့်ထားသော ဂျုံယာဂုကို မစားမိစေရန် အစွမ်းကုန်
ရုန်းကန်နေခဲ့သည်။
“ဒီလူအိုကြီးက
တော်တော်ခေါင်းမာတယ်”
လူအိုကြီးချင်က ပါးစပ်ကို
လုံးဝ မဖွင့်သောကြောင့် နောက်ဆုံးတွင် ရဲမက်ခေါင်းဆောင်က သူ့မေးရိုးကို ဖိကာ ပါးစပ်ကို
ဖွင့်ခိုင်းလိုက်သည်။ ထိုအချိန်တွင် ရုတ်တရက် ပန်းကန်လုံးကို တစ်စုံတစ်ခု ထိမှန်သွားပုံရပြီး
ပန်ကန်လုံးက အပိုင်းပိုင်း ကွဲအက်သွားသည်။ ထိုအရှိန်က ပြင်းထန်လွန်းပြီး သူ့ကိုလည်း
နာကျင်စေသောကြောင့် ရဲမက်ခေါင်းဆောင်က ထိတ်လန့်တကြား အော်ဟစ်လိုက်ပြီး နောက်သို့
ပြန်ခုန်ကာ ဆုတ်လိုက်ရသည်။
"ဘယ်သူလဲကွ?"
လုံခြုံရေးကို
တာဝန်ယူရသော စစ်သည်ခေါင်းဆောင်ကလည်း သူ့ဓားကို ဆွဲထုတ်ပြီး ပြေးထွက်သွားသည်။ အစားအစာများကို
စားသောက်နေကြသည့်လူများကလည်း သူတို့၏ပန်းကန်များကို လွှင့်ပစ်လိုက်ပြီး လူအိုကြီးချင်ကို
စက်ဝိုင်းသဖွယ်ဝိုင်းကာ ကာကွယ်ထားရင်း သူတို့၏လက်နက်များကို သတိအနေအထားဖြင့် ဆုပ်ကိုင်ထားကြသည်။
“ဘုတ်”
“ဘုတ်”
စားသောက်ပြီးသော
စစ်သည်များ တယောက်ပြီး တယောက် လဲကျသွားပြီး နောက်ဆုံးတွင် ဘာမှ မစားရသေးသော စစ်သည်နှစ်ယောက်၊
စစ်သည်ခေါင်းဆောင်၊ ဒုတိယခေါင်းဆောင်နှင့် ရဲမက်ခေါင်းဆောင်တို့သာ ကျန်နေတော့သည်။
"ဘယ်သူလဲ? ဘယ်သူလဲ?"
ရဲမက်ခေါင်းဆောင်က
သူ့၏သံမဏိဓားကို ကိုင်ထားပြီး လှည့်ပတ်ကြည့်နေကာ တစ်မျိုးဖြစ်နေသော လေသံဖြင့် လှမ်းမေးလိုက်သည်။
အမှန်တကယ်တွင် သူ အလွန်စိတ်လှုပ်ရှားနေခြင်းဖြစ်ပြီး တစ်ဖက်လူကို မမြင်ရခင်မှာပင်
သူ၏လူများက ထက်ဝက်ကျော် လှဲသိပ်ခံလိုက်ရပြီ ဖြစ်သည်။
ပထမပိုင်းတွင် သူက
အကျဥ်းသားလုယူခံရမည်ကို လုံးဝ မကြောက်ပေ။ သူတို့ကို လိုက်လံစောင့်ရှောက်ပေးနေသော သံချပ်ကာဝတ်တပ်ဖွဲ့ဝင်များ
ရှိနေသောကြောင့် သူက ယုံကြည်မှုအပြည့်ရှိနေခဲ့သည်။
သို့သော် အခြားတစ်ဖက်က
အမှောင်ထဲမှ ရောက်ရှိလာပြီး ဘယ်အချိန်က ဆေးခပ်ထားမှန်းပင် မသိလိုက်ရပေ။ ထိုအရာက အလွန်ကြောက်စရာကောင်းပြီး
သူတို့ထံတွင် လူအနည်းငယ်သာ ကျန်တော့သောကြောင့် တစ်ဖက်လူကို အနိုင်ယူနိုင်ရန် မသေချာတော့ပေ။
တကယ်လို့
ဒီလိုက်ပါပို့ဆောင်ရတဲ့ တာဝန်က ဒီလောက်အန္တရာယ်များမှန်း သူ ကြိုသိခဲ့ရင် ဖျားနားဟန်ဆောင်ပြီး
မလိုက်လာဘဲနေခံမိမှာ သေချာတယ်။
သံချပ်ကာဝတ်စစ်သည်ခေါင်းဆောင်နှင့်
သူ့၏နောက်လိုက်က ပတ်ပတ်လည်ကို ဂရုတစိုက် ကြည့်နေကာ စစ်သည်ခေါင်းဆောင်က
ရဲမက်ခေါင်းဆောင်ကို အမိန့်ပေးလိုက်သည်။
"မင်း၊ အကျဥ်းလှည်းထဲကို ဝင်ပြီး ချင်ဖုန်းကို စောင့်ကြည့်ထား"
ရဲမက်ခေါင်းဆောင်က အကျဥ်းလှည်းကို ကြည့်ကာ ငိုချင်နေတော့သည်။
သူ အဲ့နေရာကို မဝင်ရင်
ပြေးလို့ ရနိုင်သေးတယ်။ ဒါပေမယ့် သူ ဝင်သွားရင်တော့ လွတ်မြောက်နိုင်မှာ မပြေးတော့ဘူး။
ဒါပေမယ့်လည်း သူ
လုံးဝ မငြင်းရဲဘူးလေ။ သူ မဝင်ဘူးလို့ ပြောလိုက်တာနဲ့ အဲ့စစ်သည်တွေက သူ့ကို ခုတ်ထစ်ကြလိမ့်မယ်။
ဒီသံချပ်ကာဝတ် စစ်သည်တွေက မျက်တောင်မခတ်ပဲ လူသတ်ကြတာ။
ထိုအချိန်တွင်
တစ်စုံတစ်ယောက်က သူတို့ရှေ့မှ ဖြတ်ပြေးသွားသောကြောင့် စစ်သည်နှစ်ယောက်က နောက်မှ ပြေးလိုက်သွားကြသည်။
နောက်ဆုံးတွင် အစောင့်အကြပ်အဖြစ်
လိုက်ပါလာသော သံချပ်ကာဝတ်တပ်သားများက အလဟသသာ ဖြစ်စေခဲ့ပြီး စစ်သည်ခေါင်းဆောင်က ချင်ဖုန်းကို
ကာကွယ်ရန် ကြိုးပမ်းနေသော သူ့၏လက်အောက်ငယ်သားများကို ထားခဲ့ကာ လာရောက်ကယ်တင်သူ၏နောက်သို့
လိုက်သွားခဲ့သည်။
ဘာပဲဖြစ်ဖြစ် အဲ့လူကို
လုံးဝ အလွတ်မပေးဘဲ လိုက်ဖမ်းရမယ်။
သူတို့ ဆယ်ကျန်းကျော်ကျော်လောက်
လိုက်ဖမ်းပြီးချိန်တွင် သူတို့ရှေ့မှ လူက ရပ်သွားပြီး သူတို့ကို ကြည့်ရန် နောက်သို့
ပြန်လှည့်လိုက်သည်။ ထိုလူက မုတ်ဆိတ်မွေးအပြည့်ရှိနေသည့် အရပ်ရှည်ရှည် သန်သန်မာမာ
အမျိုးသားတစ်ယောက်ဖြစ်ကာ သူ့၏ခန္ဓာကိုယ် တည်ဆောက်ပုံအရ သူက သိုင်းပညာကို
တက်ကျွမ်းကြောင်း သိသာနေသည်။
"မင်းက ဘယ်သူလဲ?"
သံချပ်ကာဝတ်တပ်သားနှစ်ယောက်က
အော်ဟစ်လိုက်ပြီး သူတို့၏ဓားရှည်များကို မြှောက်ကာ ပြေးဝင်သွားကြသည်။ ကျိရွှေရှန့်က
သစ်ပင်တွင် ချည်ထားသော ကြိုးတစ်စကို လှမ်းဆွဲလိုက်သောကြောင့် ကြီးမားသော
ပိုက်ကွန်ကြီးတစ်ခုက ကောင်းကင်ပေါ်မှ ပြုတ်ကျလာသည်။ အတွေ့အကြုံရှိသော
ထိုသံချပ်ကာဝတ်တပ်သား နှစ်ယောက်က သူတို့၏ဓားရှည်များကို မြှောက်ကာ
ပိုက်ကွန်ကြီးကို ချိုးဖြတ်ပြီး ခုတ်ထွက်လိုက်ကြသည်။
တစ်ဖက်တွင် ကျိရွှေရှန့်က
သံချပ်ကာဝတ်စစ်သည်နှစ်ယောက်နှင့် တိုက်ခိုက်နေပြီး တစ်ဖက်တွင် ရဲမက်ခေါင်းဆောင်က
သူ၏ဓားကို ယူကာ လူအိုကြီးကို ဓားစာခံအဖြစ် ချုပ်နှောင်ရန် အကျဥ်းလှည်းထဲသို့ ဝင်ရန်
ပြင်ဆင်လိုက်သည်။
(T/N: ဒီမှာ စစ်သည်ခေါင်းဆောင်နဲ့ ရဲမက်ခေါင်းဆောင် ဆိုပြီး ဖြစ်နေတာက များသောအားဖြင့် အကျဥ်းသားပို့တာက ရုံးတော်ရဲ့တာဝန်ပါ ရဲမက်တွေက ဦးဆောင်ပြီးပို့ရတယ်ပေါ့၊ လုံခြုံရေးအတွက် အင်အားလိုရင် မြို့စောင့်တပ်က စစ်သည်တွေက လိုက်ပေးရတယ်၊ ရဲမက်ခေါင်းဆောင်ကပဲ ဦးဆောင်တာပေါ့၊ သူတို့ကျတော့ ဝမ်မိသားစုစစ်တပ်က သံချပ်ကာဝတ်တပ်သားတွေက မြို့စောင့်တပ်လို့ နာမည်ခံပြီး လိုက်လာတာပါ၊ အဲ့တော့ ရဲမက်ခေါင်းဆောင်က သူတို့ကို ပြန်ကြောက်နေရတာပါ၊ သူ သွားအမိန့်ပေးလို့မရဘူး၊ စစ်သည်တွေဘက်မှာ ခေါင်းဆောင်သက်သက် ပါလာတာမျိုးပါ )
✍️✍️✍️