အခန်း ၁၃၃ ဒီမိန်းကလေးက
လူသတ်သမားလား?
ထိုအချိန်တွင်
မျက်နှာဖုံးတပ်ထားသော စူးချင်း ပေါ်လာပြီး ရဲမက်ခေါင်းဆောင်ကို ချိန်ရွယ်ကာ
မြှားတစ်စင်း ပစ်လွှတ်လိုက်သည်။ သူမ၏အဆိပ်မြှားက ရဲမက်ခေါင်းဆောင်၏နောက်ကျောကို
ထိုးဖောက်သွားပြီး ထိုလူက အော်သံနှင့်အတူ မြေပြင်ပေါ်သို့ လဲကျသွားသည်။
အကျဥ်းထောင်လှည်း၏အနားတွင်
ကျန်နေသော သံချပ်ကာဝတ်တပ်သားနှစ်ယောက်ထဲမှ တစ်ယောက်က အကျဥ်းထောင်လှည်းကို
ကာကွယ်ရန် ပိတ်ဆို့ကာ ရပ်တန့်နေပြီး ကျန်တစ်ယောက်က သူ့ဓားကို မြှောက်ကာ စူးချင်းကို
ပြေးခုတ်လိုက်သည်။
လေက သူတို့ဆီသို့
ဦးတည်တိုက်ခတ်နေသောကြောင့် စူးချင်းက အရိုးပျော့ဆေးမှုန့်များကို
ဖြန့်ကျဲလိုက်ပြီး လေက ဆေးမှုန့်များကို သံချပ်ကာဝတ်တပ်သားနှစ်ဦးဆီသို့ သယ်ဆောင်သွားခဲ့သည်။
နှစ်ယောက်သား တုံ့ပြန်ရန်ပင် အချိန်မရလိုက်ဘဲ မြေပြင်ပေါ်သို့ လဲကျသွားသည်။
သူတို့၏ အစွမ်းထက်သော သိုင်းပညာက အလွန့်အကျွံ ပြင်းထန်လှသော အရိုးပျော့ဆေးမှုန့်များကို
အနိုင်မယူနိုင်ခဲ့ပေ။
စူးချင်းက
လူတိုင်းကို ဖြေရှင်းနိုင်နေပြီး သူက ဤနေရာတွင် အသုံးမဝင်ကြောင်း နားလည်လိုက်သော လီဝူက
သူ့သခင်ကြီးကို ကယ်တင်ရန် အကျဥ်းထောင်လှည်းဆီသို့ အမြန်ပြေးသွားလိုက်သည်။
စူးချင်း၏ဆေးက လူအိုကြီးချင်ကိုပါ
သတိလစ်စေခဲ့သည်။ သို့သော်လည်း လီဝူက သူ့သခင်ကြီး တစ်ခုခု ဖြစ်သွားသည်ဟု ထင်သွားပြီး
သူ့သခင်ကို ပွေ့ဖက်ကာ ငိုယိုနေလေသည်။
"သူက မသေသေးဘူး၊ ရှင်က ဘာလို့ ငိုနေတာလဲ?"
စူးချင်းက
အေးစက်စွာ ကြိမ်းမောင်းလိုက်ပြီး မြေပြင်မှ ဓားတစ်ချောင်းကို ကောက်ယူကာ စစ်သည်များ၏
လည်ပင်းကို လှီးဖြတ်ရန် သူတို့ဆီသို့ လျှောက်လှမ်းနေခဲ့သည်။ လီဝူက သူမကို လှည့်ကြည့်လိုက်ပြီး
စူးချင်း၏လျင်မြန်သပ်ရပ်သော လူသတ်နည်းကို တွေ့သွားကာ အကြီးအကျယ် အံ့ဩသွားပြန်သည်။
ဒီမိန်းခလေးက
လူသတ်သမားလား? သူမက မျက်တောင်မခတ်ဘဲ လူသတ်နေတယ်ပေါ့လေ။
စူးချင်းက
လူအိုကြီးချင်၏ခန္ဓာကိုယ်နှင့် ခပ်ဆင်ဆင်တူသော ပိန်ပိန်လှီလှီ ရဲမက်တစ်ယောက်ကို ရွေးထုတ်လိုက်ပြီး
ဘေးသို့ ပစ်ချထားလိုက်သည်။ ထို့နောက် သူမက ကျန်နေသည့် အမျိုးသားနှစ်ဆယ်ကျော်
သုံးဆယ်နီးပါး၏ လည်ချောင်းများကို အေးအေးဆေးဆေး လိုက်လှီးဖြတ်နေခဲ့သည်။ သူတို့ သေဆုံးသွားကြောင်း
သေချာအောင် လိုက်စစ်ဆေးပြီးနောက်တွင် သူမက လီဝူကို သူတို့အတွက် တွင်းတူးခိုင်းလိုက်သည်။
စူးချင်းက အလောင်းများကို
ဖျက်ဆီးလိုကြောင်း လီဝူက နားလည်နိုင်သောကြောင့် သူက သူ့သခင်ကြီးကို မြေကြီးပေါ်သို့ ညင်ညင်သာသာ ချထားလိုက်ပြီး
သူ၏ဓားဖြင့် တွင်းတစ်တွင်း စတူးလိုက်သည်။
စူးချင်းကလည်း ဘာမှ
မလုပ်ဘူးဘဲ ရပ်ကြည့်နေသည်တော့ မဟုတ်ပေ။ သူမက ရှောင်ချီထံမှ လူအိုကြီးချင်၏ဆံပင်အရောင်နှင့်တူသော
ဆံပင်ဆိုးဆေး တောင်းယူကာ လူအိုကြီးချင်၏မုတ်ဆိတ်မွေးတစ်ဝက်ကို ဖြတ်လိုက်ပြီး
နောက်ပိုင်းတွင် အသုံးပြုရန်အတွက် ဘေးဖယ်ထားလိုက်သည်။
ထို့နောက် သူမက အဘိုးကြီးချင်၏မျက်နှာပေါ်မှ
ဒဏ်ရာများကို ကြည့်လိုက်ပြီး စူးချင်းက ပိန်လှီလှီ ရဲမက်ထံတွင် တူညီသောဒဏ်ရာများ
ရှိနေစေရန် ထိုလူ့ကို ကြာပွတ်ဖြင့် ရိုက်ပြီး ဘေးမှ ကျောက်ခဲများ မြေစိုင်များကို သုံးကာ
ခေါင်းနှင့်မျက်နှာကို ဒဏ်ရာများ ဖန်တီးပေးနေခဲ့သည်။
နောက်ဆုံးတွင်
ထိုရဲမက်၏ မျက်နှာတွင် သွေးများ စွန်းထင်းသွားပြီး
မူလသွင်ပြင်ကို ရှင်းရှင်းလင်းလင်း မမြင်နိုင်တော့ဘဲ ရုတ်တရက် ကြည့်လိုက်လျှင်
ထိုလူက လူအိုကြီးချင်နှင့် တူသွားပြီ ဖြစ်သည်။ ထို့နောက် စူးချင်းက ထိုရဲမက်၏ဆံပင်ကို
စိတ်ရှည်လက်ရှည်ကိုင်ကာ အဖြူရောင်ဆိုးဆေးများ ဆိုးပေးနေပြီး လူအိုကြီးချင်၏မုတ်ဆိတ်မွေးများကို
ထိုရဲမက်၏မျက်နှာပေါ်တွင် ကပ်ပေးနေပြန်သည်။
"လီဝူ၊ သူ့ကို ရှင့်သခင်ကြီးရဲ့အဝတ်အစားတွေ လဲဝတ်ပေးလိုက်"
စူးချင်းက လီဝူကို လှမ်းပြောလိုက်သည်။
သူမ ဆံပင်ဆေးဆိုးနေသည်မှာ အချိန်အတော်ကြာခဲ့သော်လည်း လီဝူက ခပ်တိမ်တိမ်တွင်းတစ်ခုကိုသာ
တူးနိုင်ခဲ့သည်။ အဓိက အကြောင်းအရင်းက သူ့အတွက် တွင်းတူးရန် သင့်တော်သော ကိရိယာ
မရှိသောကြောင့် ဖြစ်သည်။ ဓားက သတ်ဖြတ်ရန် အသုံးပြုနိုင်သော်လည်း တွင်းတူးရန်တော့
မလွယ်ကူလှပေ။
စူးချင်းက
သူ့သခင်နှင့် ဆင်တူသော ရဲမက်တစ်ယောက်ကို အဝတ်လဲခိုင်သည်ကို တွေ့လိုက်ရသောကြောင့် လီဝူက
စူးချင်းကို အံ့အားသင့်စွာ ကြည့်လိုက်ပြန်သည်။
ဒီမိန်းကလေးက တခြားလူရဲ့အသွင်အပြင်ကို
ဘယ်လိုပြောင်းရမယ်ဆိုတာကိုတောင် သိနေတာလား?
သို့သော် သူက ဘာမှ
မမေးဘဲ စူးချင်း၏အမိန့်အတိုင်း သူ့သခင်ကြီး၏ သွေးစွန်းနေသော အကျဥ်းထောင်ဝတ်စုံကို
ချွတ်ကာ ထိုရဲမက်ကို ပြန်ဝတ်ပေးလိုက်သည်။ အဝတ်အစား လဲပေးနေချိန်တွင် ထိုရဲမက်၏ခန္ဓာကိုယ်တွင်
ထိခိုက်ဒဏ်ရာရနေခြင်း မရှိကြောင်း လီဝူက သတိပြုမိသွားသည်။ ထို့ကြောင့် သူက ထိုရဲမက်ကို
အဝတ်ပြန်မဝတ်ပေးခင် တူညီသော ဒဏ်ရာတစ်ပုံကြီးကို ဖန်တီးပေးလိုက်သည်။
"ငါတို့ ဘာဆက်လုပ်ရကြမလဲ?"
သူတို့အားလုံးက
မျက်နှာဖုံးများ စွပ်ထားပြီး လုံခြုံသော အခြေအနေတွင် ရှိနေသော်လည်း လီဝူက သခင်မလေးစူးဟူသော အမည်ကို လုံးဝ မခေါ်ပေ။
သူတို့ရဲ့ပိုက်ကွန်ထဲမှာ
ငါးတွေ ဖမ်းမိနေပြီး သူတို့ရဲ့မျက်နှာကို မမြင်နိုင်ရင်တောင် သူတို့က သတိထားရဦးမှာပါပဲ။
စူးချင်းက အလောင်းများကို လီဝူ တွင်းထားသော ခပ်တိမ်တိမ်တွင်းထဲသို့ ဆွဲချနေပြီး လီဝူ၏မေးသံကို
ကြားသောအခါ သူမက ခေါင်းပင် ပြန်မလှည့်ဘဲ
ပြန်ဖြေလိုက်သည်။
"အဲ့လူကို အကျဥ်းလှည်းပေါ်ကို တင်ထားလိုက်”
လီဝူက စူးချင်းလုပ်ရန်
ကြိုးစားနေသည့်အရာကို ချက်ချင်း နားလည်သွားပြီး အလွန်စိတ်လှုပ်ရှားနေခဲ့သည်။ သူက
ထိုရဲမက်ကို အကျဥ်းလှည်းပေါ် တင်လိုက်ပြီး သူ့သခင်ကြီးကို ချုပ်နှောင်ထားသည့်အတိုင်း
ထိုရဲမက်ကို ချုပ်နှောင်လိုက်သည်။ ထို့နောက် သူက အကျဥ်းလှည်း၏တံခါးကိုပါ
သော့ခတ်လိုက်သည်။
“လှည်းကို
ရှေ့ကို မောင်းသွားလိုက်၊ လမ်းရဲ့အမြင့်ဆုံးမှတ် နေရာအထိ ရောက်အောင်သွားပြီး လှည်းကို
ချောက်ကမ်းပါးထဲ မောင်းချလိုက်”
စူးချင်းက
အေးစက်စွာ အမိန့်ပေးသည်။ လီဝူက ခေါင်းညိတ်ပြလိုက်ပြီး လှည်းကို မောင်းထွက်သွားသည်။
တစ်လီခန့်အကွာတွင် တောင်၏အမြင့်ဆုံးနေရာသို့ ရောက်သွားပြီး လီဝူက လှည်းပေါ်မှ
ဆင်းကာ သူ၏ဓားနောက်ကျောကို အသုံးပြု၍
မြင်းဖင်ကို ရိုက်ချလိုက်သည်။
မြင်းက
နာကျင်စွာဖြင့် ပြေးထွက်သွားသောကြောင့် အကျဥ်းလှည်းက ချောက်ကမ်းပါးဆီသို့ ဦးတည်ကာ
ပြေးထွက်သွားသည်။ နောက်ဆုံးတွင် အကျဥ်းထောင်လှည်းက မြင်းနှင့်အတူ ချောက်ကမ်းပါးထဲသို့
ပြုတ်ကျသွားပြီး အပိုင်းပိုင်း အစစ အကျိုးပဲ့သွားကာ မူလက အကျဥ်းထောင်လှည်းကို
မောင်းလာသော ရဲမက်လည်း အတူ ပါသွားခဲ့သည်။
တစ်ဖက်တွင် ကျိရွှေရှန့်ကို
လိုက်ဖမ်းနေသော စစ်သည်ခေါင်းဆောင်နှင့်
ဒုခေါင်းဆောင်တို့က အလွန်အစွမ်းထက်လှပြီး တစ်ယောက်က ကျိရွှေရှန့်နှင့် တိုက်ခိုက်နေချိန်တွင်
ကျန်တစ်ယောက်က လျှို့ဝှက်လက်နက်များဖြင့် ပစ်ပေါက်နေခဲ့သည်။ သူတို့နှစ်ဦး၏ပူးပေါင်းဆောင်ရွက်မှုက
အားကောင်းလှပြီး ရင်ဆိုင်ရန် ခက်ခဲလှသည်။
အစပိုင်းတွင် ကျိရွှေရှန့်က
သူတို့၏ထောင်ချောက်ထဲသို့ ကျလုနီးပါး ဖြစ်သွားခဲ့သည်။ သို့သော်လည်း အချိန်အတော်ကြာ
တိုက်ခိုက်ပြီးနောက် ကျိရွှေရှန့်က သူတို့၏လှည့်ကွက်ကို နားလည်လာခဲ့သည်။
လျှို့ဝှက်လက်နက်များဖြင့်
ပစ်ခတ်နေသော စစ်သည်ထံမှ ထူးဆန်းသော အသံတစ်သံ ထွက်လာပြီးနောက်တွင် သူ့ကို ရင်ဆိုင်တိုက်ခိုက်နေသောလူက
ကြိုတင် ရှောင်တိမ်းသွားတက်သည်။
သူတို့၏ ညှိနှိုင်းရေးစွမ်းရည်ကို
ဖော်ထုတ်နိုင်ပြီးနောက်တွင် ကျိရွှေရှန့်က သူ့၏ခွန်အားကို အပြည့်အဝ အသုံးပြုခဲ့သည်။
လျှို့ဝှက်လက်နက် ပစ်သတ်သူ၏ အော်သံကို ကြားရသောအခါ သူက သူ၏ ကိုယ်ခံပညာများထဲမှ လူကပ်သော နည်းလမ်းကို အသုံးပြုကာ သူ့ရှေ့မှ လူဆီသို့
ချည်းကပ်လိုက်သည်။ ထို့နောက် သူက ထိုလူကို လူသားဒိုင်းကာအဖြစ် အသုံးပြုကာ
လျှို့ဝှက်လက်နက်များ ထိမှန်စေခဲ့သည်။
တဦးကို ကိုင်တွယ်ပြီးနောက်တွင်
ကျိရွှေရှန့်က ထိုလူ၏အလောင်းကို
လျှို့ဝှက်လက်နက်များ ပစ်ခတ်နေသော လူဆီသို့ လှမ်းပစ်လိုက်ပြီး သူ့အတွက်
အကာအကွယ်အဖြစ် အသုံးပြုလိုက်သည်။ ထိုနောက် သူက အလောင်းနှင့်အတူ ပြေးဝင်သွားကာ
တစ်ဖက်လူ၏လက်နက်ကို သူ့၏ရတနာဓားဖြင့် ရိုက်ချလိုက်ပြီး ထိုလူ့ကိုပါ တစ်ခါတည်း
သတ်ပစ်လိုက်သည်။
ထိုလူနှစ်ယောက်ကို ဖြေရှင်းပြီးနောက်တွင်
ကျိရွှေရှန့်က စူးချင်းနှင့် တခြားသူများကို စိတ်ပူပြီးသောကြောင့်
ထိုအလောင်းနှစ်လောင်းကို လက်တစ်ဖက်စီမှ ဆွဲကိုင်ကာ အမြန်ပြန်လာခဲ့သည်။
သူ
ပြန်ရောက်ချိန်တွင် စူးချင်းက အလောင်းများကို အတူတကွ စုပုံထားပြီး ဖြစ်နေသည်ကို မြင်လိုက်ရသောကြောင့်
ကျိရွှေရှန့်တစ်ယောက် စိတ်သက်သာရာရသွားပြီး သက်ပြင်းချလိုက်သည်။ စူးချင်း
အလောင်းပျော်ဆေးမှုန့် ဖြန်းရာတွင် ပိုအဆင်ပြေစေရန်အတွက်
သူက သူ ပြန်သယ်လာသော အလောင်းနှစ်လောင်းကို တွင်းထဲသို့ ပစ်ချပေးလိုက်သည်။
“ရှင်
ဒါကို ကိုင်တွယ်လိုက်တော့၊ ကျွန်မ လူအိုကြီးချင်ကို သွားကြည့်လိုက်မယ်"
ကျိရွှေရှန့် ပြန်ရောက်သည်ကို
မြင်လိုက်သော စူးချင်းက အလောင်းပျော်ဆေးမှုန့်များကို သူ့ထံသို့ လှမ်းပေးလိုက်ပြီး
သူမကတော့ လူအိုကြီးချင်၏အခြေအနေကို စစ်ဆေးရန် လျှောက်သွားလိုက်သည်။
ကျိရွှေရှန့်ကတော့
ထိုလူများကို ချက်ခြင်း အရည်ဖျော်ပစ်မည် မဟုတ်ပေ။ သူက အလောင်းများကို တွင်းထဲသို့
ပစ်ချပြီး အလောင်းပျော်ဆေးမှုန့်များ မလောင်းချခင် သူတို့၏ခန္ဓာကိုယ်ပေါ်မှ
ငွေနှင့် အသုံးဝင်မည့်ပစ္စည်းကောင်းများကို ရှာဖွေလိုက်သေးသည်။
သခင်ကြီးချင်၏ခန္ဓာကိုယ်က
မူလကတည်းက အခြေအနေ မကောင်းဘဲ ထိုလူများက သူ့ကို ရက်အနည်းငယ်ကြာ ညှဉ်းပန်းနှိပ်စက်ခဲ့သောကြောင့်
သူက ပို၍ပင် အားနည်းလာခဲ့သည်။ သူ့၏ နံရိုးများက ကျိုးနေပြီး ပြင်ပဒဏ်ရာများကလည်း
ပြင်းထန်လွန်းလှသည်။ ကံကောင်းထောက်မစွာဖြင့် ထိုလူများက သူ့ကို
ရိုက်နှက်သောအခါတွင် သူ သေသွားမည်ကို စိုးရိမ်သောကြောင့် သူ့အသက်ကို
မထိခိုက်စေမည့် ပြင်ပဒဏ်ရာများကိုသာ ရစေခဲ့သည်။
စူးချင်းက ရှောင်ချီကို
လီဝူပေးခဲ့သော လင်ဇီးဖြင့် ဆေးပြုလုပ်ပေးရန်
တောင်းဆိုလိုက်သည်။ ထိုအချိန်အတောအတွင်း သူမက လူအိုကြီး၏ ပြင်ပဒဏ်ရာများကို
အရင် ကုသပေးနေခဲ့သည်။ သူမက သူ့ခန္ဓာကိုယ်ပေါ်သို့ အနီရောင်ဆေးလိမ်းပေးလိုက်ပြီး အမာရွတ်များကို
ဖယ်ရှားပေးနိုင်မည့်ခရင်မ်ကိုပါ အသုံးပြုခဲ့သည်။
"သခင်၊ ဆေးရပါပြီ"
စူးချင်း လူအိုကြီးချင်၏ဒဏ်ရာများကို
ကုသနေစဉ်မှာပင် ရှောင်ချီ၏အသံကို ကြားလိုက်ရပြီး သူမ၏လက်ထဲတွင် အညိုရောင်ဆေးလုံးတစ်လုံး
ပေါ်လာခဲ့သည်။
သခင်ကြီးချင်က
သတိလစ်နေပြီး ဆေးမသောက်နိုင်သောကြောင့် စူးချင်းက သူ့ကို ရေဖြင့် တောက်ကာ ပြန်နှိုးလိုက်သည်။
လူအိုကြီးချင်က
သူ့မျက်လုံးများကို ဖွင့်လိုက်သော်လည်း သူ မြင်ရသမျှက မှုန်ဝါးဝါး ဖြစ်နေသေးသည်။
တိမ်တိုက်ထဲမှ လူတစ်ယောက်က သူ့ကို ကြည့်နေပြီး ထိုမျက်လုံးတစ်စုံက
နွေးထွေးမှုမရှိဘဲ လုံးဝ အေးစက်နေသော်လည်း သခင်ကြီးချင်ကို ချက်ချင်း
ပြန်လည်လန်းဆန်းလာစေခဲ့သည်။
အဘိုးအိုက
မယုံကြည်နိုင်စွာ ထထိုင်လိုက်ပြီး ဇဝေဇဝါဖြင့် "သခင်မလေးစူးလား?"
“ဒီဆေးကို
သောက်လိုက်၊ ကျွန်မ ရှင့်ကို ကုသပေးမယ်ဆိုတဲ့ ကတိကို ဒီနေ့ ဖြည့်ဆည်းပေးမယ်"
စူးချင်းက ဆေးလုံးကို
လူအိုကြီး၏နှုတ်ခမ်းနားသို့ တိုးပေးလိုက်သော်လည်း လူအိုကြီးက သူ့ပါးစပ်ကို မဖွင့်ပေးခဲ့ပေ။
သူက စူးချင်းကို အထိတ်တလန့် ကြည့်နေပြီး စိုးရိမ်တကြီး မေးလိုက်သည်။
"အကျဥ်းထောင်လှည်းကို လုယက်ခဲ့တာလား?"
"ဟုတ်တယ်"
စူးချင်းက ခပ်အေးအေး
ပြန်ဖြေလိုက်ပြီး သူမ၏အမူအရာက မပြောင်းလဲသော်လည်း လူအိုကြီးချင်က ကြောက်လန့်တကြားဖြင့်
“မြန်မြန်ထွက်သွားတော့။ ငါ့အတွက် စိတ်မပူပါနဲ့၊ အဲ့ဒီဝမ်မျိုးရိုးရဲ့ထောင်ချောက်ထဲကို
မကျသွားစေနဲ့။ ငါ့ကို လိုက်ပို့တဲ့ လူတစ်ဝက်လောက်က သံချပ်ကာဝတ်တပ်ဖွဲ့က တပ်သားတွေပဲ”
"သူတို့အားလုံး သေကုန်ပြီ"
စူးချင်းက ဘာအမူအရာမှ
မရှိဘဲ ပြန်ပြောလိုက်ကာ ဆေးကို အဘိုးကြီး၏လက်ထဲသို့
ထည့်ပေးလိုက်ပြီး "ဆေးသောက်လိုက်ပါ"
"အားလုံး...အားလုံး သေကုန်ကြပြီလား?"
စူးချင်း၏စကားက
သခင်ကြီးချင်ကို ပို၍ပင် ထိတ်လန့်စေခဲ့သည်။
သံချပ်ကာဝတ်တပ်ဖွဲ့က
စစ်သည်တစ်ဦးစီက သာမာန်စစ်သည်ဆယ်ယောက်နဲ့ ညီမျှပြီး ဘယ်သူမျှ မတွန်းလှန်နိုင်ဘူးလို့
လူသိများတယ်လေ။ စူးချင်းလို ကလေးမလေးတစ်ယောက်က
စစ်သည်နှစ်ဆယ်ကျော်ကို သတ်နိုင်ပါ့မလား?
“ဟုတ်တယ်”
စူးချင်းက
လူအိုကြီးချင်ကို ရေအိတ်တစ်လုံး ပေးလိုက်ပြီး လူအိုကြီးချင်က စကားမပြောတော့ဘဲ ထိုရေအိတ်ကို
လှမ်းယူလိုက်သည်။ သူက ရေအိတ်ထဲက ရေအားလုံးကို တစ်ချက်တည်း မော့သောက်လိုက်ပြီး
ရေသောက်ပြီးမှသာ သူ အသက်ပြန်ရှင်လာသလို ခံစားလိုက်ရသည်။ သူက ရေတစ်လုတ်ပင် မသောက်ခဲ့ရဘဲ
တစ်နေကုန် နေရောင်နှင့် ထိတွေ့နေရသောကြောင့် ခန်းခြောက်နေသလို ခံစားနေခဲ့ရသည်။
ထိုအချိန်တွင်
အလောင်းပုပ်အနံ့ကဲ့သို့သော အနံအသက်ဆိုးများက လေထုထဲသို့ လွင့်ပျံလာသည်။ အဘိုးအိုက
အပုပ်နံ့ကြောင့် အန်လုမတတ်ဖြစ်သွားပြီး သူ့ခေါင်းကို မော့ကြည့်လိုက်ရာ အမှောင်ထဲတွင်
အလုပ်ရှုပ်နေသော ကျိရွှေရှန့်ကို တွေ့လိုက်ရသည်။ သူက သူ့၏သိချင်စိတ်ကို
မထိန်းနိုင်တော့ဘဲ စူးချင်းကို ထပ်မေးလိုက်သည်။
"သူ ဘာတွေလုပ်နေတာလဲ?"