အခန်း ၁၃၄ ပြန်လည်ပေါင်းဆုံခြင်း (အပိုင်း ၁)
"အလောင်းတွေကို ဖျက်ဆီးနေတာ"
စူးချင်းက အေးတိအေးစက်
ပြန်ဖြေလိုက်သည်။
ထိုစကားကို ကြားပြီးနောက်
လူအိုကြီးချင်တစ်ယောက် ထိတ်လန့်သွားရပြန်သည်။
အလောင်းတွေကို အဲ့လို
ကိုင်တွယ်ဖြေရှင်းတာကို သူ ပထမဆုံးအကြိမ် ကြားဖူးခြင်းပဲ။ အလောင်းကို မတွေ့ရတော့
သဲလွန်စ မကျန်တော့ဘူးပေါ့၊ ဒါက အကောင်းဆုံးနည်းလမ်းပဲ။
စူးချင်း သူ့ကို
ထိတ်လန့်တုန်လှုပ်စေတာ ဒါပထမဆုံးအကြိမ် မဟုတ်ပေမယ့် တကြိမ်တိုင်းစီက အရင်တကြိမ်စီထက်
မထင်မှတ်လောက်အောင် ပိုအံ့သြစေခဲ့တယ်။
"ဆေးသောက်တော့"
အဘိုးအိုက ရေကို
အားလုံး မော့သောက်လိုက်သော်လည်း ဆေးသောက်ရန် ငြင်းဆန်နေဆဲဖြစ်သောကြောင့် စူးချင်း၏အသံတွင်
စိတ်မရှည်တော့သည့် အရိပ်အယောင်များ ပါလာခဲ့သည်။
“ဒီဆေးကို
မင်း သိမ်းထားသင့်တယ်၊ သေတော့မယ့်သူအတွက် အလဟသ အဖြစ်မခံပါနဲ့တော့”
သခင်ကြီးချင်က
စိတ်ပျက်လက်ပျက်ဖြစ်နေပုံရပြီး ဆေးကို စူးချင်းထံသို့ ပြန်ပေးလိုက်သည်။ စူးချင်းက သူမ၏မျက်ခုံးကို ပင့်တင်လိုက်ပြီး
"အခုထိ သေချင်နေသေးတာလား?"
“ဒီတလောကလုံးက
ဧကရာဇ်ပိုင်တဲ့ နယ်မြေတွေပဲ။ ငါ ဘယ်လို လွတ်မြောက်နိုင်မှာလဲ? ငါ မင်းတို့ကို မငြိစွန်းစေချင်ဘူး။
ငါ ဧကရာဇ်မင်းမြတ်ကို အသက်ရှင်လျက် တွေ့နိုင်သရွေ့ ဝမ်မိသားစုကို နှိမ်နင်းဖို့
အခွင့်အရေး ရလာမှာပါ”
အဘိုးကြီးချင်က
ကောင်းကင်ကို ဦးညွှတ်လိုက်သည်။ သူက လက်ရှိဧကရာဇ်အတွက် မျှော်လင့်ချက်များ ရှိနေသေးပုံရသည်။
“အဘိုးကြီး၊
ကိုယ့်ကိုကိုယ် လှည့်စားနေတာကို ရပ်လိုက်တော့၊ လူတစ်သောင်းရဲ့လျှောက်တင်လွှာက အမတ်ချုပ်ဝမ်ရဲ့
လက်ထဲကို ရောက်သွားပြီ၊ အဲ့တော့ ခင်ဗျားရဲ့ တိုင်းပြည်ကို သစ္စာဖောက်တဲ့
ရာဇ၀တ်မှုကို အတည်ပြုပြီး နေလောက်ပြီ၊ ဧကရာဇ်က ခင်ဗျားကို လွှတ်ပေးမှာ မဟုတ်ဘူး”
ကျိရွှေရှန့်က
သံချပ်ကာဝတ်တပ်သားများ၏အလောင်းပေါ်မှ တွေ့ရှိခဲ့ရသော လျှို့ဝှက်စာတစ်စောင်နှင့်အတူ
သူတို့နားသို့ ရောက်လာခဲ့သည်။ ဝမ်ယွိလင်က လမ်းတလျှောက်မှ လူတစ်သောင်း၏လျှောက်တင်လွှာများကို
စုဆောင်းစေပြီး အရင်ပို့ခိုင်းကာ ချင်ဖုန်းမြို့တော်သို့ ရောက်မည့်အချိန်တွင် သူ့ကို
ဘုရင်မင်းမြတ်နှင့် တွေ့ဆုံခွင့်မပြုဘဲ အမတ်ချုပ်ကြီးထံ တိုက်ရိုက် လွှဲအပ်ရန်
လျှို့ဝှက် အမိန့်ပေးထားခဲ့သည်။
ထိုလျှို့ဝှက်စာကို
မြင်လိုက်ရချိန်တွင် အဖိုးကြီးချင်၏မျက်လုံးများမှ ဝမ်းနည်းရိပ်များနှင့် ဒေါသအရိပ်အယောင်များ
ထွက်ပေါ်လာသည်။
ဒီမြင်ကွင်းက
လွန်ခဲ့တဲ့ ဆယ့်ခြောက်နှစ်တုန်းကနဲ့ အတူတူပဲ။ စစ်သူကြီးရှောင်းဟမ်က ဒီနည်းလမ်းနဲ့ သေဆုံးခဲ့တာလေ။
ကျိရွှေရှန့်က
အဘိုးကြီးချင်၏မျက်လုံးများကို စိုက်ကြည့်ကာ မေးလိုက်သည်။
"ခင်ဗျားက ဒီမင်းဆက်အပေါ် မျှော်လင့်ချက်တွေ ထားနေသေးတာလား? အဲဒီလို အသုံးမကျတဲ့
အုပ်စိုးရှင်အပေါ် သစ္စာစောင့်ချင်နေသေးတာလား?”
သခင်ကြီးချင်က ကျိရွှေရှန့်၏မေးခွန်းကြောင့်
အံ့အားသင့်နေပြီး အချိန်အတော်ကြာပြီးနောက် သူက မချိပြုံး ပြုံးကာ သူ့ခေါင်းကို ညင်ညင်သာသာ
ခါယမ်းလိုက်သည်။
“ငါ့ရဲ့ဘဝနဲ့
ငါ့ရဲ့သေခြင်းတရားက ငါ့အတွက် အရေးမကြီးပါဘူး။ ငါ လွတ်မြောက်သွားရင် ငါ့ရဲ့မျိုးနွယ်စုထဲက
ရာနဲ့ချီတဲ့လူတွေကို ငြိစွန်းသွားလိမ့်မယ်။ ငါ သေသွားရင် ငါတို့ရဲ့ ဆရာတပည့်
ဆက်ဆံရေးကြောင့် ဧကရာဇ်က သူတို့ကို လွှတ်ပေးနိုင်သေးတယ်”
ကျိရွှေရှန့်က
ထိုင်ချလိုက်ပြီး လူအိုကြီးချင်ကို ကြည့်ကာ အသံတိုးတိုးဖြင့် အကြံပေးလိုက်သည်။
“အဲဒါဖြစ်မှာ
မဟုတ်ဘူး။ ခင်ဗျားရဲ့ရာဇ၀တ်မှုကို အတည်ပြုပြီးတာနဲ့ ခင်ဗျားရဲ့ မျိုးနွယ်စုတွေလည်း
သေရလိမ့်မယ်။ ဒါပေမယ့် ခင်ဗျား အသက်ရှင်နေတာ ဒါမှမဟုတ် ခင်ဗျားရဲ့အလောင်းကို
မြင်ပြီး ခင်ဗျားသေတာကို အတည်မပြုနိုင်သေးသရွေ့ ခင်ဗျားရဲ့မျိုးနွယ်စုတွေက
ဒီလောက်မြန်မြန်သေမှာ မဟုတ်ဘူး”
“ငါ မင်းတို့ကို
ဆွဲမချချင်ဘူး။ ငါက အသက်ကြီးနေပြီ၊ သေခြင်းတရားကို ငါ လက်ခံထားပြီးသားပါ”
သခင်ကြီးချင်က ကျိရွှေရှန့်ကို
ကြင်နာသော အကြည့်ဖြင့် ကြည့်နေပြီး သူ့ခေါင်းကို ဖြည်းညှင်းစွာ ခါယမ်းနေပြန်သည်။
စူးချင်းက
အေးစက်စွာ ဝင်ပြောလိုက်သည်။
"ရှင်က လူသေဖြစ်နေပြီးပြီ"
ချင်ဖုန်းက စူးချင်းကို
စိတ်ရှုပ်ထွေးစွာ စိုက်ကြည့်လိုက်သည်။
သူမက ဘာကြောင့် ဒီလိုပြောနေရတာလဲ?
ထိုအခိုက်အတန့်တွင်
လီဝူက ငိုယိုရင်း ပြန်ပြေးလာသည်။ သူ့သခင်ကြီး နိုးနေသည်ကို မြင်လိုက်ရသောကြောင့် သူက
မြေကြီးပေါ် ဒူးထောက်ပြီး စိတ်လှုပ်ရှားစွာ အော်ခေါ်လိုက်သည်။
"သခင်ကြီး!"
သူ့အပေါ် နှစ်ပေါင်းများစွာ
သစ္စာစောင့်သိခဲ့သော ကျေးကျွန်ကို မြင်လိုက်သောအခါ ချင်ဖုန်း၏မျက်လုံးများတွင်
မျက်ရည်များ ပြည့်လျှံလာသည်။ သူက တုန်ရီနေသောလက်ဖြင့် လီဝူ၏ပခုံးကို ပုတ်လိုက်သည်။
"အားလုံး ပြီးပြီလား?"
စူးချင်းက လီဝူကို လှမ်းမေးလိုက်သည်။
သူမက ထိုကဲ့သို့ ခွဲခွာမှုနှင့် သေဆုံးမှုများကို သိပ်ဂရုမစိုက်ဘဲ သူမ စီစဉ်ထားသည့်အရာများကိုသာ
ဂရုစိုက်လေ့ရှိသည်။
“ပြီးပြီ။
အကျဥ်းထောင်လှည်းကို ချောက်ကမ်းပါးပေါ်ကနေ မောင်းချလိုက်တယ်၊ လှည်းက အပိုင်းပိုင်း
ကျိုးပဲ့သွားပြီ”
လီဝူက အခြေအနေကို ချက်ချင်း ပြန်တင်ပြလိုက်သည်။
သူက စူးချင်းကို လေးစားသဘောကျနေပြီး သူ့အသံက သူ့သခင်ကို ဆက်ဆံသကဲ့သို့ စူးချင်းကို
တရိုတသေ ဆက်ဆံနေမှန်း သိသနေသည်။
“ကောင်းတယ်!”
စူးချင်းက လီဝူ့ကို
ခေါင်းညိတ်ပြလိုက်ပြီး ကျိရွှေရှန့်ကို တစ်ချက်လှမ်းကြည့်လိုက်သည်။
"ရှင် အလောင်းတွေကို ကိုင်တွယ်ပြီးပြီလား?"
"ပြီးပြီ၊ သူတို့ရဲ့လက်နက်တွေတော့ ရှာဖို့ခက်တဲ့ နေရာတစ်ခု ရွေးပြီး မြှုပ်ထားလိုက်တယ်။
မြေပြင်ပေါ်ကနေ သွေးတွေကိုလည်း ရှင်းပြီးပြီ။ ငါတို့ အခု သွားလို့ ရပြီ"
ကျိရွှေရှန့်က
သူ့ဘက်မှ အခြေအနေကို ပြောပြလိုက်သည်။ သူက ထိုလက်နက်များကို နှမြောနေမိသော်လည်း သူ့ထံတွင်
ရွေးချယ်စရာ မရှိခဲ့ပေ။ ထိုလက်နက်များကို သိမ်းဆည်းသွားလျှင် သူ ဖော်ထုတ်ခံရနိုင်သောကြောင့်
နှလုံးသားထဲမှ နာကျင်မှုကို သည်းခံကာ ထိုလက်နက်များကို မြှုပ်နှံလိုက်ရုံသာ သူ
တက်နိုင်တော့သည်။
ကျိရွှေရှန့်က ရှေ့တိုးလာပြီး
အဘိုးကြီးချင်ကို သူ့နောက်ကျောပေါ် ထမ်းတင်လိုက်သည်။ သူက အရပ်ရှည်ပြီး သန်မာသောကြောင့်
အဘိုးကြီးကို ကျော်ပေါ်တင်ကာ လမ်းလျှောက်နေသော်လည်း သူ့အရှိန်ကို မထိခိုက်စေခဲ့ပေ။
အဘိုးကြီးချင်ကတော့
သူ့စိတ်ထဲမှ သက်ပြင်းချလိုက်မိပြန်သည်။
စူးချင်းက
စိတ်ပူနေပြီး အထပ်ထပ် စစ်ဆေးနေကာ သဲလွန်စမကျန်တော့ကြောင်း သေချာစေပြီးမှ
သူတို့နောက်သို့ လိုက်လာကာ ထိုနေရာမှ ထွက်ခွာလာခဲ့သည်။
လူအိုကြီးချင်က သူ့စိတ်ထဲတွင်
သက်ပြင်းချနေခဲ့သည်။
သူက စူးချင်းနဲ့ ကျိရွှေရှန့်ရဲ့အစီအစဉ်ကို
နားလည်ပါတယ်။ ဒါပေမယ့် ဒီကလေးတွေကတော့ ဝမ်ယွင်လင်ကို နားမလည်ကြဘူးလေ။ ဝမ်ယွင်လင်က
ဘာကိုမှ လွယ်လွယ်နဲ့ မယုံတက်ဘူး။ အလောင်းက သူ့အလောင်းအစစ်ဖြစ်နေရင်တောင် အဲ့လူက အလွယ်တကူ
မယုံဘဲ ထပ်စုံစမ်းမယ့်သူမျိုးပါ။
သူက ဒီကလေးတွေ သူ့ကြောင့်
ပါဝင်ပတ်သတ်လာမှာကို မလိုလားဘူး။
အချိန်အတော်ကြာ
လမ်းလျှောက်နေပြီးနောက် လူအိုကြီးချင်က ကျိရွှေရှန့်ကို ခပ်တင်းတင်း အမိန့်ပေးလိုက်သည်။
“ငါ့ကို
ချထားခဲ့တော့။ မင်းတို့ ငါ့ကို ကယ်တင်ဖို့ မလိုအပ်ဘူး"
“အဘိုးကြီး၊
အဲဒီသစ်သားသေတ္တာထဲမှာ ဘာတွေပါတာလဲ? ခင်ဗျားက ဘာလို့ ကျွန်တော့်ကို အဲ့သေတ္တာပေးရတာလဲ?"
ကျိရွှေရှန့်က
အချို့သောအကြောင်းအရာများကို ရှင်းလင်းသင့်ပြီဟု ခံစားမိလိုက်သောကြောင့် လူအိုကြီးချင်၏အမိန့်ကို
နားမထောင်ဘဲ ထိုအစား မေးခွန်းဖြင့် တုံ့ပြန်လိုက်သည်။ အဘိုးကြီးချင်က ခဏတာမျှ
နှုတ်ဆိတ်နေခဲ့ပြီး အချိန်အတော်ကြာပြီးမှ “ဘာလို့လဲဆိုတော့ မင်းက အဲဒီလူနဲ့
ခပ်ဆင်ဆင်တူနေလို့ပဲ"
"ဘယ်သူနဲ့တူတာလဲ?"
သခင်ကြီးချင်၏စကားကို
ကြားလိုက်ချိန်တွင် ကျိရွှေရှန့်က စိတ်လှုပ်ရှားသွားပုံရပြီး သူ့အသံကပင် တုန်လှုပ်နေပုံရသည်။
လူအိုကြီးချင်ကို ကိုင်ဆောင်ထားသော သူ့လက်က ပိုတင်းကျပ်နေပြီး သူ့က လူအိုကြီး၏အဖြေကို
စောင့်မျှော်နေပုံရသည်။
သခင်ကြီးချင်၏အသံကလည်း
ဝမ်းနည်းဒေါသများနှင့် ပြည့်နှက်နေပြီး “မင်းက ငါ့ရဲ့မွေးစားသမက်
ဖြစ်တဲ့ စစ်သူကြီးရှောင်းနဲ့ တူတယ်၊ သူက တိုင်းပြည်ကို ကာကွယ်ပေးခဲ့တဲ့ ရဲရင့်ပြီး
မယုံကြည်နိုင်အောင် သတ္တိရှိတဲ့ စစ်သူကြီးတစ်ယောက်လေ”
ကျိရွှေရှန့်၏အာဒမ်ပန်းသီးက
လိမ့်တက်လာပြီး သူ့နှလုံးသားက တဟုန်ထိုး ခုန်နေသောကြောင့် သူက သူ့၏စိတ်လှုပ်ရှားမှုကို
မထိန်းချုပ်နိုင်တော့ပေ။ ထို့အပြင် သူ့လည်ချောင်းက တစ်စုံတစ်ခုကြောင့်
ဆို့နင့်နေပုံရသည်။
"ကလေး၊ မင်းက... မင်းရဲ့သူရဲကောင်းဆန်တဲ့စရိုက်က သူ့နဲ့ အရမ်းတူတယ်"
သခင်ကြီးချင်၏အသံတွင်
အလွန့်အကျွံဝမ်းနည်းနေသော အရိပ်အယောင်များ ပါဝင်နေပြီး သူက စကားမဆုံးခင်
အကြိမ်ပေါင်းများစွာ အံကြိတ်နေကာ ဆက်ပြောနေရင်း နောက်ဆုံးတွင် မျက်ရည်များ စီးကျလာသည်။
လွန်ခဲ့သော ဆယ့်ခြောက်နှစ်တာ
ကာလအတွင်း သခင်ကြီးချင်က သူတို့ကို ရှာဖွေရန် အမြဲ ကြိုးစားနေခဲ့သည်။ သို့သော် အချိန်များ
ကြာလာပြီဖြစ်သော်လည်း သူတို့နှင့်ပတ်သက်သည့် သတင်းလုံးဝမရှိဘဲ ကောက်ရိုးပုံထဲတွင်
အပ်ရှာနေရသလို ဖြစ်နေခဲ့သည်။
ကျိရှောင်ယင်ကို တွေ့ရပြီးနောက်တွင်
အဘိုးအို၏ဆန္ဒများက ပို၍ပင် ထိန်းမနိုင် သိမ်းမရ ဖြစ်လာခဲ့သည်။ သူက ကျိရွှေရှန့်နှင့်
ကျိရှောင်ယင်တို့ကို သူ၏မွေးစားမြေးလေးနှင့် မြေးမလေးဖြစ်စေချင်သည့်
မျှော်လင့်ချက်ကို ဝိုးတဝါး ဆုပ်ကိုင်ထားမိသည်။
သူက ထိုသေတ္တာထဲမှ
ပစ္စည်းကို သူ့မြေးအတွက် သိမ်းဆည်းပေးထားရသူ ဖြစ်ပြီး သူအသက်ရှင် နေချိန်တွင် သူ့မြေးလေးကို
ရှာကာ ကိုယ်တိုင်ကိုယ်ကျ ပေးနိုင်ရန် မျှော်လင့်ခဲ့ဖူးသည်။
“ကျွန်တော်လည်း
ရိုးဖြောင့်တဲ့ စစ်သူကြီးရှောင်းလို လူတစ်ယောက် ဖြစ်လာဖို့ မျှော်လင့်မိပါတယ်။ ဒါပေမယ့်
အဲဒီသစ်သားသေတ္တာက ခင်ဗျားရဲ့မြေးအတွက် ဆိုမှတော့ ခင်ဗျားကိုယ်တိုင်က သူ့ကို
ပေးသင့်တယ်”
ကျိရွှေရှန့်က
သူ့စိတ်ထဲမှ စိတ်လှုပ်ရှားမှုကို မျိုသိပ်ထားနိုင်ပြီ ဖြစ်သော်လည်း သူ့အသံက
အနည်းငယ် တုန်ယင်နေသေးသည်။
"သူ့ဆီကို ကိုယ်တိုင်ပေးရ မှာလား?"
အဘိုးအို၏မျက်လုံးများက
ခဏတာအတွင်း မှေးမှိန်းသွားသည်။
သူ လူ မှားနေပြီလား?
"ဟုတ်တယ်။ အရင်ဆုံး ခင်ဗျား အသက်ရှင်နေဖို့ လိုတယ်။ တခြားအရာတွေကို စိတ်မပူပါနဲ့။
ကျွန်တော်တို့ ခင်ဗျားအတွက် အထောက်အထားတစ်ခု ပြင်ဆင်ထားပြီးပါပြီ။ ခင်ဗျားကို
ဘယ်သူမှ မှတ်မိမှာ မဟုတ်ဘူး"
ကျိရွှေရှန့်က
သူ၏စိတ်လှုပ်ရှားမှုကို လုံးတ ပြန်ထိန်းနိုင်လိုက်ပြီး အဘိုးအိုကို လေးနက်သော
အသံဖြင့် ထပ်ပြောလိုက်သည်။
"ခင်ဗျား အသက်ရှင်နေသရွေ့ ခင်ဗျား တွေ့ချင်နေတဲ့လူကို တွေ့နိုင်သေးတယ်။ ခင်ဗျား
အသက်ရှင်နေသရွေ့ သူ့အဖေ့အတွက် လက်စားချေပေးဖို့ မျှော်လင့်ချက်တွေ ရှိနေလိမ့်မယ်"
ပဲ့တင်ထပ်လူနီးပါး
အားမာန်ပါသောအသံက သန္နိဋ္ဌာန်ချထားသော ဆုံးဖြတ်ချက်များ ပြည့်နေသလို ခံစားရစေပြီး လူအိုကြီးချင်ကို
တုန်လှုပ်သွားစေခဲ့သည်။
ဟုတ်တယ်၊ သူ
အသက်ရှင်နေမှပဲ သူ တွေ့ချင်တဲ့လူကို တွေ့နိုင်လိမ့်မယ်။ အဲ့တာဆို ရှောင်းဟမ်ရဲ့ပစ္စည်းတွေကို
သူ့ရဲ့သားဖြစ်သူဆီကို ကိုယ်တိုင်ကိုယ်ကျ ပေးဖို့ ကြိုးစားနိုင်လိမ်မ့ယ်။
"ဆေးကို သောက်လိုက်ပါ"
စူးချင်းက
အဘိုးအိုအား ဆေးသောက်ရန် တတိယအကြိမ် တိုက်တွန်းလိုက်ပြီး သူမ၏ အသံက အလွန်စိတ်မရှည်ဖြစ်နေပုံရသည်။
ဒီအဘိုးကြီးက
နာခံမှုမရှိဆုံး လူနာပဲ။
ထိုအချိန်တွင် သခင်ကြီးချင်က
သူ၏တိုက်ပွဲဝင်ချင်စိတ်ကို ပြန်လည်ရရှိသွားပြီး အသက်ရှင်ရန် ဆန္ဒရှိနေပြီ ဖြစ်သည်။
ထို့ကြောင့် သူက ဆေးလုံးကို သူ့ပါးစပ်ထဲသို့ ချက်ခြင်း ပစ်ထည့်လိုက်သည်။ ဆေးလုံးက
သူ့ပါးစပ်ထဲတွင် အရည်ပျော်သွားပြီး ၎င်းက ချိုမြိန်ပြီး မွှေးကြိုင်သော ရနံ့ရှိနေခဲ့သည်။
ဆေးကို လည်ချောင်းမှတဆင့် မျိုချပြီးနောက် သူ့ရင်ဘတ်ထဲမှ လေးလံနေသော ခံစားချက်များ
ပျောက်ကွယ်သွားသလို ခံစားလိုက်ရပြီး သူ့၏ခန္ဓာကိုယ်မှ အားနည်းမှုများနှင့်
ပင်ပန်းနွမ်းနယ်မှုများလည်း အားလုံး ပြေပျောက်သွားတော့သည်။
သူ့တစ်ကိုယ်လုံး
တက်ကြွလန်းဆန်းလာပြီး ဆယ်စုနှစ်တစ်ခု၊ နှစ်ခုစာလောက် ပြန်လည် နုပျိုလာသလို
ခံစားလိုက်ရသည်။ လူအိုကြီးချင်က ကျိရွှေရှန့်၏ပုခုံးကို စိတ်လှုပ်ရှားစွာ
တွန်းလိုက်ပြီး “ငါ့ကို အောက်ချပေးတော့။ ငါ လမ်းလျှောက်လို့ ရပြီ"
ကျိရွှေရှန့်က ခေတ္တ
တုံ့ဆိုင်းနေပြီးမှ အဘိုးအိုကို ဂရုတစိုက် အောက်ချပေးလိုက်သည်။ သိုသော် သူ့လက်က
အဘိုးကြီး၏ဘေးမှ အမြဲကာကွယ်ပေးထားပြီး အဘိုးကြီး လဲကျသွားလျှင် ချက်ချင်း ဖမ်းထိန်းနိုင်ရန်
အဆင်သင့်ဖြစ်နေခဲ့သည်။
စူးချင်းက ကျိရွှေရှန့်ကို
တစ်ချက်လှမ်းကြည့်လိုက်သည်။
အဘိုးအို အပေါ်ထားတဲ့ ကျိရွှေရှန့်ရဲ့သဘောထားက သိသိသာသာ ပြောင်းလဲသွားပြီ။ အရင်တုန်းက သူက အဘိုးအိုကို လေးစားပေမယ့် ခပ်ခွာခွာနေခဲ့တယ်။ အခုတော့ သူ့မျက်လုံးတွေက အဘိုးကြီးဆီကိုပဲ တချိန်လုံး ရောက်နေခဲ့တယ်။ သူက အဘိုးအိုကို ဂရုစိုက်ပေးချင်ပုံရပေမယ့် နီးသွားအောင်လဲ မတိုးသွားရဲပဲ သူ့ဘာသာသူ ဒွိဟဖြစ်နေပေမယ့် သူ့မျက်လုံးထဲက စိုးရိမ်ပူပန်ရိပ်တွေက အရမ်းသိသာနေတယ်။
✍️✍️✍️