Chapter 56
“အဲ့အချိန်တုန်းက တခြားနည်းလမ်းမရှိဘူးလေ။ ကျွန်မတို့ လုံခြုံရေးကို ခေါ်တဲ့ချိန်ကြရင် သူက ထွက်ပြေးသွားလောက်ပြီ။”
ထန်ချောင်းချောင်းသည် အသံသေးသေးလေးဖြင့် ပြောလေသည်။
“လူတွေ သူတို့ထွက်ပြေးချင်တိုင်းသာ ထွက်ပြေးလို့ရရင် ဟိုတယ်စောင့်ကြည့်ခန်းတွေက ဘာအတွက်လဲ?”
ရှန်ယွဲ့ပြောချလိုက်သည်။
“ခု ကင်မရာတွေနေရာတိုင်းမှာရှိတယ်။ သူဝေးဝေးပြေးနိုင်မယ်လို့ မင်းထင်နေတာလား။ မင်းဦးနှောက်ကိုမသုံးဘူးလား။”
“ဟုတ် ဟုတ် ကျွန်မသိပါပြီ။ ကျွန်မနောက်ဆို မဆင်မခြင်မလုပ်တော့ပါဘူး ဆရာရှန်ရယ်”
ထန်ချောင်းချောင်း လျင်မြန်စွာခေါင်ငြိမ့်၍ ပြောလိုက်သည်။ ကြည့်ရသည်မှာ ကျောင်းသားကောင်းတစ်ယောက်နှင့်ပင် တူလေသည်။
ထန်ချောင်းချောင်း၏ အဖြေသည် လွန်စွာ ဝတ်ကျေတမ်းကျေနိုင်လေသည်။ ပျော်ရွှင်နေသည့်ပုံတောင်ပေါက်နေသည်။
သူ သူမ၏လုံခြုံရေးကို စိတ်ပူနေသည်လား...
ရှန်းယွဲ့ အနည်းငယ် မသက်မသာဖြင့် ရပ်လိုက်လေသည်။ သူစကားစမြည်ပြောသည့်ပုံဖြင့် မေးလိုက်သည်။
“ဒီနေ့ ရုပ်ရှင်ရိုက်တာ ဘယ်လိုနေလဲ?”
ထန်ချောင်းချောင်းပျော်ရွှင်စွာဖြင့်ပြောလေသည်။ “အရမ်းကို ချောမွေ့နေတာပဲ။ ဒါရိုက်တာလည်းကောင်းတယ်၊ သရုပ်ဆောင်တွေလည်းကောင်းတယ်။ ကျွန်မစားချင်တာလည်းစားလို့ရတယ်။”
‘ကြည့်ရတာ ထွက်လာပြီပဲ။ သူမပျော်နေတယ်’
ရှန်းယွဲ့ အစမ်းသဘောဖြင့် မေးလိုက်လေသည်။ “ဒီနေ့ ရိုက်ကွင်းကို ပရိတ်သတ်တွေ လာသေးလား?”
ထန်ချောင်းချောင်းမေးလိုက်သည် “ရှင်ဘယ်လိုသိလဲ...” ။ သူသည် သူမကို လာတွေ့သည် မဟုတ်ဟု ပြောခဲ့သော်လည်း သူ သူ့ကိုယ့်သူ ဖော်ထုတ်နေပေသည်။
“အဲ့ပျင်းစရာကောင်းပြီ’ အတင်းပြောတတ်တဲ့ မီဒီယာတွေက ကိုယ့်ဖုန်းထဲမှာ ပေါ်လာတယ်လေ။ ကိုယ် မတော်တဆ နဲနဲ ကြည့်မိသွားတာ” ရှန်းယွဲ့သည် “မတော်တဆ” ဟူသော စကားကို အလေးပေးပြောလေသည်။
သူကြည့်ဖို့ ဖိအားပေးခံရရုံသာဖြစ်သည်။ အများကြီး မတွေးပါနှင့်။
ဥက္ကထရှန်၏ ကျိုးလွယ်သော လူငယ်နှလုံးသားလေးကို ကာကွယ်ရန်အတွက် ထန်ချောင်းချောင်းသည် သူ့ကို မဖော်ထုတ်ရန်ဆုံးဖြတ်လိုက်ပြီး ပြုံးလိုက်သည်။ “အဲ့တာက ဖန်တွေအတွက် ရှားပါးတဲ့ လည်ပတ်မှုတစ်ခုလေ၊ ကျွန်မသူတို့နဲ့ ဖက်ထုပ်လုပ်စားကြတယ်။”
“ကိုယ်က ဘာလို့ အရင်က မင်းဖက်ထုပ်လုပ်တာကို မမြင်ဘူးရတာလဲ?”
ရှန်းယွဲ့သည် သူ၏အသံ မည်မျှခါးတူးနေသည်ကို မသိဘဲ ပြောလေသည်။
ထန်ချောင်းချောင်း အံ့အားသင့်သွားလေသည်။ “ရှင်စားချင်ရင် ကျွန်မတို့ ပြန်ရောက်တဲ့အခါ ရှင့်အတွက်ကျွန်မလုပ်ပေးမယ်လေ”
အဲ့တာ ကောင်းတာပေါ့။
ထန်ချောင်းချောင်း သူမ၏ဖန်များအကြောင်းပြောသောအခါ သူမ၏နဖူးမြင့်တက်သွားသည်။ “ကျွန်မရဲ့ သကြားယုန်လေးတွေက တော်တော်ချစ်ဖို့ကောင်းတယ်။ သူတို့က ရိုက်ကွင်းမှာစောင့်နေပြီး ညဘက် ကျွန်မကို ဟိုတယ်ပြန်လိုက်ပို့ပေးတယ်လေ။”
ရှန်းယွဲ့ မျက်မှောင်ကြုတ်လိုက်လေသည်။ “မင်းဖန်တွေ ဆိုရင်တောင် ဂရုစိုက်သင့်တယ်။ သူတို့တွေထဲက တစ်ချို့က သေချာပေါက် ကြင်နာပေးစရာ မလိုပါဘူး။ အထူးသဖြင့် ယောက်ျားလေးတွေပဲ။”
“စိတ်မပူပါနဲ့” ထန်ချောင်းချောင်းဂရုမစိုက်ပေ။ “ဖန်တွေကအရမ်းကောင်းတယ်၊ ယောက်ျားလေးဖန်တွေလည်း တော်တော်ကောင်းပါတယ်။ ဒီနေ့ ယောက်ျားလေးဖန်တစ်ယောက်ရှိတယ်။ ရှင်ယုံမှာမဟုတ်ဘူး။ သူကလေ အဖျော်ယမကာ ကုမ္ပဏီရဲ့ သူဌေးပဲ၊ ကြော်ငြာရိုက်ပေးဖို့တောင် မေးနေတာ”
‘ဘာ’
ရှန်းယွဲ့သည် အဲ့သူသည် ထန်ချောင်းချောင်းကို ကာကွယ်ပေးလိုက်သည့်သူ ဖြစ်မည်ဟု သူဘာသူတွေးလိုက်သည်။ သူဝတ်စားထားသည်များသည် တစ်ခြားသောဖန်များဖြင့် ကွဲပြားလေသည်။
ထို့နောက် သူတွေးလိုက်သည်။ အဲ့သူသည် “ကြာပွတ်လေး” ဟုခေါ်သည့် သူများလား?
တစ်ကိုယ်ကောင်းဆန်ခြင်းအတွက် အတုအယောင် အတွေးများဖြစ်လေသည်။
“လူတွေရဲ့ လှည့်ကွက်တွေကို သတိထား။ ရည်မွန်တဲ့ လူတွေဟာ ဖောက်ပြားတဲ့သူတွေဆိုတာ မကြားဖူးဘူးလား?”
ရှန်းယွဲ့၏ ရင်ဘက်ထဲ အနည်းငယ် မွန်းကြပ်နေလေသည်။
"ရှင့်နှလုံးသားက လူဆိုးရဲ့နှလုံးသားဖြစ်နေပြီ..."
ထန်ချောင်းချောင်းက မကျေမနပ်ဖြစ်ကာ သူမ၏လက်များကို အနည်းငယ် နှိပ်နယ်နေလိုက်သည်။
"ကျွန်မမှာလည်း ကျွန်မကို အရမ်းသဘောကျတဲ့ဖန် ရှိလို့မရဘူးလား..."
"မင်းက ရိုးအနေတာပဲ..."
ရှန်းယွဲ့က ခပ်ဆတ်ဆတ်ပြောလိုက်သည်
"ကုမ္ပဏီမှာ အလုပ်လုပ်မနေတဲ့သူဌေးက မင်းကိုတော့ တမင်သပ်သပ်ကို ကြော်ငြာရိုက်ဖို့ ဖိတ်ခေါ်တယ်...ပြီးတော့ မင်းရဲ့ရိုက်ကွင်းဆီကိုလည်း ဖန်တွေနဲ့ အတူ လာသေးတယ်...တစ်ချက်ကြည့်ရုံနဲ့တင် အဲ့ဒီကောင်မှာ တခြားအကြံဉာဏ်တွေရှိနေတယ်ဆိုတာ သိသာတယ်..."
ထန်ချောင်းချောင်းသည် ရှန်းယွဲ့အား မျက်လုံးကိုပင့်၍ ကြည့်လိုက်သည်။ ရှန်းယွဲ့၏ မျက်မှောင်များက ကျုံ့နေကြကာ သူ့မျက်နှာမှာလည်း သကြားလုံးအခိုးခံလိုက်ရသော ကလေးငယ်ကဲ့သို့ဖြစ်နေသည်။
"ရှင် ဒီလိုပုံဖြစ်နေရင်တော့ ရှင် မနာလိုဖြစ်နေတာလို့ ကျွန်မ ထင်လိုက်မှာနော်..."
"ငါက မနာလိုဖြစ်တယ် ဟုတ်လား..."
ရှန်းယွဲ့သည် ဆတ်ခနဲ အမြန်ထထိုင်လိုက်၍ အသက်ရှူသံကလည်း ပြင်းနေကာ မျက်နှာသည် တစ်မျိုးပြီးတစ်မျိုးပြောင်းနေလေသည်။
ဘယ်သူ့အတွက် မနာလိုဖြစ်နေရမည်နည်း။ ထန်ချောင်းချောင်းအတွက် မနာလိုဖြစ်နေရမည်လား။
ဝေးပါသေးတယ်။
ရှန်းယွဲ့က ခြောက်ကပ်စွာပြောလိုက်သည်။
"စိတ်ကူးတွေယဉ်မနေပါနဲ့...ငါက မင်း ရောင်းစားခံလိုက်ရမှာကို စိတ်ပူနေတာ...ဟိုကောင်က မင်းကိုရောင်းစားပြီးရတဲ့ ငွေတွေရေနေတာကို မင်းက ကူမိနေဦးမယ်..."
"ကျွန်မကို ရောင်းစားရဲတဲ့လူက ဒီကမ္ဘာမှာ မမွေးသေးပါဘူး..."
ထန်ချောင်းချောင်းက အေးအေးဆေးဆေးပင် ပြန်ပြောလိုက်သော်လည်း ရှန်းယွဲ့၏တုံ့ပြန်မှုက ဤမျှကြီးမားနေလိမ့်မည်ဟူ၍တော့ သူမ မမျှော်လင့်ထားခဲ့မိချေ။
ရှန်းယွဲ့၏မျက်နှာက ရေခဲတုံးကဲ့သို့ ပြန်လည်အေးစက်တင်းမာသွားပြန်လေသည်။
"ကောင်းကင်ရှိမှန်းတောင်မသိပဲ ဘဝင်မြင့်နေတဲ့လူတွေကတော့ ပြန်ခံရမှာပဲ..."
"ရှင် ခံရ မခံရတော့ ကျွန်မမသိဘူး...ဒါပေမယ့် ရှင် တစ်ခုခုစားချင်နေမယ်ဆိုတာတော့ ကျွန်မသိတယ်..."
ထန်ချောင်းချောင်းသည် ရှန်းယွဲ့၏ လိပ်တင်ထားသော ဘောင်းဘီများကို ဂရုတစိုက် ပြန်ဖြေချပေးလိုက်သည်။
ရှန်းယွဲ့က မျက်နှာကို တစ်ဖက်သို့လှည့်လိုက်သည်။
"ငါပြောပြီးပြီမဟုတ်ဘူးလား...ငါ ညစာစားပြီးပါပြီဆို..."
သို့သော် ရှန်းယွဲ့ ထိုသို့ ပြောလိုက်စဉ်မှာပင် အခန်းထဲ၌ "ဂွီ" ဆိုသောအသံကြီးက မြည်လာတော့သည်။
ထန်ချောင်းချောင်းက မျက်တောင်တစ်ချက်ခတ်ကာ ပြုံးလိုက်သည်။
"ဒါပေမယ့် ရှင့်ရဲ့ဗိုက်ကတော့ ဆန္ဒပြနေပြီ..."
ရှန်းယွဲ့သည် သေသွားချင်လောက်သည်အထိ ရှက်သွားမိသည်။ အခုချက်ချင်းပင် သူဝင်သေရန် မြေကြီး၌ တွင်းတစ်ခုပေါ်လာလျှင်ကောင်းမည်ဟု ဆုတောင်းနေမိတော့သည်။
ထန်ချောင်းချောင်းသည် သူမ၏ အပြုံးကို မနည်းထိန်းချုပ်လိုက်ရသည်။ ထန်ချောင်းချောင်းသာ ပြုံးနေပါက ရှန်းယွဲ့သည် မျက်နှာပို၍ ညိုမည်းသွားတော့မည်ဖြစ်သည်။
"သွားကြမယ်...ကျွန်မအခန်းထဲသွားပြီး ကျွန်မ တစ်ခုခု ချက်ပေးမယ်..."
ထူးဆန်းပေသည်။ ထန်ချောင်းချောင်းသည် ရှန်းယွဲ့နှင့်တွေ့သည့်အခါတိုင်း ညလယ်ခေါင်၌ တစ်ခုခု ချက်ပြုတ်ရမြဲ ဖြစ်နေသည်။
ရှန်းယွဲ့ကတော့ ခေါင်းမာနေဆဲပင်။
"မင်းက အရမ်းတောင်းဆိုနေမှတော့လည်း ငါက စိတ်မပါပဲ စားပေးရတော့မှာပေါ့..."
ထန်ချောင်းချောင်းသည် ရှန်းယွဲ့၏ နီရဲနေသော နားရွက်များကိုကြည့်၍ မပြုံးမိစေရန် အောင့်ထားရသည်မှာ ပါးများပင် နာလာတော့သည်။
ထန်ချောင်းချောင်း ရှန်းယွဲ့အား သူမ၏အခန်းဆီသို့ တွန်းသွားလိုက်သည်။ အချိန်သည် အလွန်နောက်ကျနေပြီဖြစ်သောကြောင့် ကော်ရစ်ဒါ၌ အခြားလူများနှင့် မတော်တဆတွေ့မည်ကို စိတ်ပူစရာမလိုပေ။
ထန်ချောင်းချောင်း၏ အခန်းထဲ၌ မီးဖိုချောင်အသေးလေးရှိသည်။ ထန်ချောင်းချောင်းသည် ရေခဲသေတ္တာကိုဖွင့်၍ ပစ္စည်းများကို မွှေနှောက်ရှာလိုက်သည်။ ဟင်းချက်ရန် ပစ္စည်းများက သိပ်မရှိချေ။ ကြက်ဥအနည်းငယ်၊ မှိုနည်းနည်း၊ ပြောင်းဖူးတစ်ပိုင်း၊ အာလူးတစ်လုံး၊ မုန်လာဥနီတစ်လုံးနှင့် အမဲသားပြားတစ်ဝက် စသည့် လက်ကျန်ပစ္စည်းများသာ ရှိနေသည်။
ပစ္စည်းများက အနည်းငယ်သာကျန်သောကြောင့် ကြက်ဥထမင်းကြော် ပြုလုပ်ရန် ဆုံးဖြတ်လိုက်သည်။
ပထမဆုံးအနေဖြင့် ထန်ချောင်းချောင်းသည် မှိုနှင့် မုန်လာဥနီကို တောက်တောက်စဉ်းကာ ပြောင်းဖူးကို အတုံးသေးလေးများတုံး၍ လှီးဖြတ်ထားသော အမဲသားတုံးလေးများနှင့် ရောကြော်လိုက်သည်။ ထမင်းကြော်ပြုလုပ်ရန် အကောင်းဆုံးနည်းလမ်းမှာ ထမင်းကြမ်းကို အသုံးပြုခြင်းဖြစ်သည်။ ချက်ပြီးကာစ ထမင်းသည် ပျော့လွန်း၍ ကြော်လိုက်လျှင် ကပ်၍ အလုံးကြီးဖြစ်သွားတတ်သည်။
ထမင်းများကို ဒယ်အိုးထဲသို့ လောင်းထည့်လိုက်သောအခါ လျင်မြန်စွာပင် ပြန့်ကျဲသွားကြသည်။ ထန်ချောင်းချောင်းသည် လက်ကောက်ဝတ်ကို အသုံးပြုကာ ဒယ်အိုးကို ဆတ်ခနဲ ကြွပေးလိုက်သည်။ အဖြူရောင်ထမင်းသည် အနီရောင်ဥနီ၊ အဝါရောင်ပြောင်းဖူး၊ အညိုရောင်မှို၊ အမဲသားတုံးများနှင့် ရောကာ လေထဲသို့ ခုန်သွားကြပြီးမှ ဒယ်အိုးထဲသို့ အစီအရီ ပြန်ကျလာကြသည်။ ထိုမြင်ကွင်းမှာ အရောင်အသွေးစုံလှ၍ အလွန်လှပလေသည်။
ထိုကဲ့သို့ ခဏခဏမြှောက်ပေးနေသောအခါ ထမင်းသည် ပူနွေးစပြုလာ၍ ပျစ်နှစ်သော ဟင်းအနှစ်တစ်ဇွန်းကိုထည့်လိုက်သည်။ ထိုဟင်းအနှစ်သည် ဟင်းအနှစ်အခဲတုံး၊ အာလူးနှင့် မုန်လာဥနီများအသုံးပြု၍ ချက်ပြုတ်ထားခြင်းဖြစ်သည်။ အရသာပြည့်ဝ၍ အနည်းငယ်စပ်သော အရသာရှိသည်။
အညိုရင့်ရောင် ဟင်းအနှစ်ဆော့စ်သည် ထမင်းစေ့များအားလုံးကို ဖုံးအုပ်သွား၍ တမူထူးခြားသည့် ဟင်းအနှစ်၏ရနံ့က လေထဲသို့ ပျံ့နှံ့လာသည်။
ဟင်းအနှစ်အမဲသားထမင်းကြော်ကို အဖြူရောင်ကြွေပန်းကန်ထဲသို့ ထည့်လိုက်သည်။ ဤထမင်းပွဲသည် စားရန် အဆင်သင့်ဖြစ်လေပြီလား?
မဖြစ်သေးပါ။ အရေးကြီးဆုံးအဆင့်ကို လုပ်ရန် ကျန်နေပါသေးသည်။
ထန်ချောင်းချောင်းသည် ကြက်ဥသုံးလုံးကို ခလောက်ကာ အကြော်ဒယ်အိုး၏အောက်ခြေနှင့် ဘေးနှုတ်ခမ်းတို့ကို ဆီပါးပါးသုတ်လိုက်သည်။
ကြက်ဥများကို ဒယ်အိုးထဲ ထည့်ပြီးသောအခါ တူများနှင့် အမြန်မွှေပေးလိုက်သည်။ ကြက်ဥ၏အောက်ခြေက အနည်းငယ်ကျက်လာသောအခါ လက်ကိုင်ကို အနည်းငယ်မ၍ ဒယ်အိုးကိုစောင်းကာ ယောက်မဖြင့် ဥများကို ဘေးသို့တွန်းပြီး ကြက်ဥများကို ပုံလာအောင်ပြုလုပ်လိုက်သည်။
တစ်ချိန်တည်းမှပင် ကြက်ဥများ ဒယ်အိုး၌မကပ်စေရန် ဒယ်အိုးကို ညင်သာစွာ လှုပ်ပေးနေရသည်။ ကြက်ဥတောင် ဖြစ်လာသောအခါ ထန်ချောင်းချောင်းသည် ဒယ်အိုးကို လှုပ်၍ ကြက်ဥကို တစ်ဖက်သို့လှန်လိုက်သည်။
ကြက်ဥကြော်သည် ရွှေဝါရောင်သမ်းနေ၍ ချောမွေ့သော မျက်နှာပြင်ရှိနေသည်။ ဒယ်အိုးထဲ၌ နေရာရွေ့နေရ၍ တစ်စစီ ပြန့်သွားမည်မဟုတ်ပါ။
ထို့နောက် ထန်ချောင်းချောင်းသည် ကြက်ဥကို ပန်းကန်လုံးဖြင့် ပုံသွင်းထားသော ထမင်းကြော်ပေါ်သို့ တင်လိုက်ကာ ထမင်းပွဲကို ပို၍ ပြီးပြည့်စုံသွားစေရန် ဟင်းအနှစ်တစ်ဇွန်းကို ဆမ်းလိုက်သည်။
ထန်ချောင်းချောင်း ဟင်းချက်နေစဉ်တွင် ရှန်းယွဲ့သည် ထန်ချောင်းချောင်းအား ကြည့်နေသည်။ ထန်ချောင်းချောင်း၏ အခန်းထဲ၌ ပစ္စည်းများများစားစားမရှိချေ။ ခရီးဆောင်အိတ်ကြီး နှစ်အိတ်က ကုတင်ခြေရင်း၌ မှီနေကြသည်။ မနေ့က ဖန်များထံမှ ရထားဟန်တူသော လက်ဆောင်ဘူးများက ကုတင်ပေါ်၌ ပုံနေသည်။
ရှန်းယွဲ့ ဘူးများထဲကို ကြည့်လိုက်ရာ သော့ချောင်းများဖြင့် ပြည့်နေသော "ထန်ချောင်းချောင်း" ဟု လက်ရေးနှင့်ရေးထားသော သစ်သားတုံးလေးတွဲလဲခိုနေသည့် သော့ချိတ်လေးကို တွေ့လိုက်ရသည်။
အရင်တစ်ခေါက်က ဖန်များသည် ထန်ချောင်းချောင်းအား ဘာလက်ဆောင်ပို့ရမည်လဲ ဆွေးနွေးကြသောအခါ ဂရုပိုင်ရှင်က ပိုစတာအတွက် တမူထူးခြားသော လက်ရေးပုံစံကို လိုချင်သည်ဟုပြောခဲ့သည်။ ထို့နောက် လက်ရေးလှသော ဖန်များကို အကူအညီတောင်းခဲ့သည်။
ရှန်းယွဲ့သည် မူလတန်းတည်းက လက်ရေးလှ ရေးခဲ့သောကြောင့် ထိုစာလုံးသုံးလုံးကို ရေး၍ ဂရုထဲသို့ပို့လိုက်ရာ ချက်ချင်းပင် အရွေးချယ်ခံလိုက်ရတော့သည်။
ထိုလက်ရေးလှစာလုံးမှာ ထန်ချောင်းချောင်းကို ပေးမည်သာဖြစ်၍ ထိုစာလုံးကို ဘယ်နေရာ၌ အသုံးပြုလဲတော့ ရှန်းယွဲ့ မသိလိုက်ပါ။
ရှန်းယွဲ့သည် သော့ချိတ်လေးကို ညင်သာစွာပွတ်လိုက်မိသည်။ ထန်ချောင်းချောင်းသည် လက်ဆောင်ပေါင်းများစွာထဲမှ ဤလက်ဆောင်လေးကို ရွေးယူခဲ့သောကြောင့် ဤစာလုံးလေးများကို ကြိုက်ပုံရပေသည်။
ဤကဲ့သို့ အသိအမှတ်ပြုခံရမှုလေးကြောင့် ရှန်းယွဲ့ရင်ထဲ၌ အနည်းငယ် ပျော်ရွှင်သွားမိသည်။
"ညစာစားဖို့အချိန်ရောက်ပြီ..."
ထန်ချောင်းချောင်းက ပန်းကန်ပြားကိုကိုင်၍ ရောက်လာကာ အိပ်ယာဘေးရှိ စားပွဲလေးပေါ်သို့ တင်လိုက်သည်။
"ဂျပန်စတိုင် ဥထမင်းကြော်...မြည်းကြည့်လိုက်ဦး..."
ထန်ချောင်းချောင်းက ရှန်းယွဲ့၏ရှေ့၌ပင် ကြက်ဥဖောင်းဖောင်းလေးကို ဓားဖြင့် အသာအယာ လှီးလိုက်သည်။ အတွင်းမှ နူးညံ့သော ဥများက ဘေးနှစ်ဖက်သို့ ထွက်ကျလာကာ ရွှေရောင်ဥအနှစ်များက ထမင်းကြော်တစ်ပန်းကန်လုံးကို ဖုံးအုပ်သွားတော့သည်။
ရွှေဝါရောင်ဥထမင်းကြော်သည် တောင်ကုန်းလေးကဲ့သို့ဖြစ်နေကာ ဘေး၌ ဟင်းအနှစ်များလည်းရှိနေသည်။ ထိုအရောင်နှစ်ရောင်သည် တစ်ခုနှင့်တစ်ခုပံ့ပိုးကာ ပန်းချီကားတစ်ကားသဖွယ် ဖြစ်နေတော့သည်။
အလွန်ပင် လိုက်ဖက်ညီသော အရောင်၊ အနံ့နှင့် အရသာတို့ပင်ဖြစ်ပါသည်။
ထန်ချောင်းချောင်း၏ ဟင်းချက်လက်ရာများသည် အမြဲတမ်း ရှန်းယွဲ့၏အရသာဖုများကို နိုးကြားစေသည်ကိုတော့ ရှန်းယွဲ့ ဝန်ခံရပေမည်။
ရှန်းယွဲ့သည် အငွေ့တထောင်းထောင်းထနေသော ထမင်းကြော်များနှင့် ကြက်ဥများကို ဇွန်းနှင့်အပြည့်ကော်ယူလိုက်သည်။ အပေါ်က တုန်တုန်လေးဖြစ်နေသောကြက်ဥ နှင့် အောက်က ဟင်းအနှစ်အမဲသားထမင်းကြော်ဖြစ်သည်။ ကြက်ဥသည် ပါးစပ်ထဲ၌ အရည်ပျော်သွား၍ ပေါ့ပေါးသောအရသာရှိသည်။ အစပ်အရသာနှင့် အမဲသား၊ မုန်လာဥနီ နှင့် ရှီတာခဲမှိုတို့၏ အရသာအမျိုးမျိုးတို့က ရှန်းယွဲ့၏ ပါးစပ်ထဲ၌ ရောစပ်သွားကြကာ တစ်နေကုန် ဟောင်းလောင်းဖြစ်နေသော ဝမ်းဗိုက်အား ချက်ချင်းပင် အဆာပြေသွားစေသည်။
အလွန်ရိုးရှင်းသော ဥထမင်းကြော်ပင်ဖြစ်သော်လည်း ထိုကဲ့သို့ ရိုးရှင်းသောအရာများမှပင် ပျော်ရွှင်မှုအစစ်ကို ရနိုင်ပေသည်။
ထန်ချောင်းချောင်းသည် လဝက်ခန့်မျှ အဝေးသို့ရောက်နေသော်လည်း ဤ ဥထမင်းကြော်တစ်ပန်းကန်က ရှန်းယွဲ့၏ ဆာလောင်နေသော ဝမ်းဗိုက်နှင့် နှလုံးသားနှစ်ခုလုံးတို့ကို ဖြည့်စွမ်းပေးနိုင်သွားသည်။
ရှန်းယွဲ့သည် ထမင်းကြော်ပန်းကန်ကို ထမင်းတစ်စေ့မှပင်မကျန်စေရန် အပြောင်ရှင်းနေစဉ်တွင် ထန်ချောင်းချောင်းက ရှန်းယွဲ့အား မေးထောက်၍ ကြည့်နေမိသည်။ တစ်ခါတစ်ရံ၌ အခြားလူများကို ကျွေးမွေးရခြင်းသည်ပင် ပျော်ရွှင်မှုတစ်ခုဖြစ်ပါသည်။
ရှန်းယွဲ့သည် စားပြီးသွားသောအခါ ထန်ချောင်းချောင်း၏ အခန်းထဲ၌ ဆက်မနေသင့်တော့ချေ။ အခန်းထဲမှ မထွက်ခင်၌ ရှန်းယွဲ့သည် ကုမ္ပဏီ၏ပရောဂျက်က ရက်အနည်းငယ်ကြာဦးမည်ဖြစ်ကြောင်း ပြောလိုက်သည်။ ထို့ကြောင့် ရှန်းယွဲ့သည် ဤသိုတယ်၌ပင် ဆက်နေဦးမည်ဖြစ်၍ ထန်ချောင်းချောင်း၏ရိုက်ကွင်းကိုလည်း လမ်းကြုံလျှင် ဝင်ခဲ့မည်ဟု ပြောသွားသည်။
ရှန်းယွဲ့က "လမ်းကြုံလျှင်" ဟူသောနေရာကို သေချာအသားပေး၍ ပြောသွားလေသည်။
ထန်ချောင်းချောင်း: ...
Xxxxxxx