Chapter 57
နောက်တစ်နေ့တွင် မနေ့ညက ထန်ချောင်းချောင်း နောက်ယောင်ခံ အလိုက်ခံရကြောင်းကို ရိုက်ကူးရေးတစ်ဖွဲ့သားလုံးသိသွားကြသည်။ ရဲက တစ်ည စစ်ဆေးပြီးသောအခါ စုံစမ်းစစ်ဆေးမှုသည် ရှင်းလင်းသွားပြီဖြစ်သည်။
နောက်ယောင်ခံလိုက်သူသည် ရိုက်ကူးရေးအဖွဲ့မှ အလုပ်သမားတစ်ဦးဖြစ်သော်လည်း ထိုလူသည် အရင်ကလည်း မင်းသမီးများ၏ ဓာတ်ပုံများကို ခိုးရိုက်သည်ကို မိသွားဖူးသည်။ သို့သော် ထိုလူမှာ ကင်မရာအဖွဲ့၏ခေါင်းဆောင်နှင့် ခင်သောကြောင့် သတိသာအပေးခံလိုက်ရ၍ ပစ္စည်းသယ်ခြင်း စသည့် လက်တိုလက်တောင်း အလုပ်များ လုပ်ရန်အဖွဲ့ထဲ၌ ဆက်ရှိနေခဲ့သည်။
ထိုကဲ့သို့ရှိနေခြင်းက ထိုလူအား အဖွဲ့သားပုံစံဖြင့် ရိုက်ကွင်း၌ လျှောက်သွား၍ ရနေစေခဲ့သည်။ မည်သူကမှ သူ့အား စောင့်ကြည့်မနေခဲ့ပေ။
ထိုလူသည် ဤတစ်ခေါက်တွင်တော့ ထန်ချောင်းချောင်းအား ပစ်မှတ်ထားကာ တစ်ပတ်ကျော်မျှ ထန်ချောင်းချောင်းအား လျို့ဝှက်စွာ ဓာတ်ပုံများလိုက်ရိုက်ခဲ့သည်။ ထိုကဲ့သို့ တဏှာစိတ်မျိုးသည် နားလည်ရခက်ပေသည်။ နောက်ယောင်ခံလိုက်သူသည် ဓာတ်ပုံများကို သူကိုယ်တိုင်ကြည့်ရန်အတွက်သာ ရိုက်သည်မဟုတ်ပဲ အရိုက်ခံရသူကိုလည်း ပြသချင်သေးသည်ဖြစ်သည်။ ထိုလူသည် အမှောင်ထဲ၌ ပုန်းကွယ်၍ ထန်ချောင်းချောင်း၏ ထိုပုံများကိုမြင်လိုက်ရသောအခါ ကြောက်လန့်၍ဖြူဖျော့သွားသည့်ပုံကိုလည်း ချောင်းကြည့်ရန် စောင့်နေခဲ့သည်။
သို့သော် ထိုလူသည် ထန်ချောင်းချောင်းအား တစ်ယောက်တည်းရှိသည်ထင်ခဲ့၍ စီစီတီဗီကင်မရာများကို မကြောက်ခဲ့သော်လည်း ထန်ချောင်းချောင်းအား သန်စွမ်းသည့်လူဟူ၍တော့ မထင်ခဲ့ချေ။ ယခုတော့ ထိုလူသည် ရဲနှင့် စကားပြောလိုက်ရသည့်အပြင် ထန်ချောင်းချောင်းကြောင့်လည်း ခေါင်း၌ဒဏ်ရာရခဲ့သေးသည်။
ရိုက်ကွင်းမှလူများအားလုံးသည်လည်း ကြောက်လန့်နေကြသည်။ ထိုကဲ့သို့သောလူမျိုးသည် သူတို့၏အလုပ်ထဲ၌ပင် ပုန်းအောင်းနေခဲ့သည်မဟုတ်လား။ ရဲများသည် ထိုနောက်ယောင်ခံလိုက်သူ၏ အိမ်၌ အမျိုးသမီးအနုပညာရှင်များ၏ ဓာတ်ပုံများစွာရှာတွေ့ခဲ့သည်ဟူ၍လည်း သတင်းထွက်နေသည်။
ယခင်တည်းက အမျိုးသမီးအနုပညာရှင်များသည် သူတို့၏ လိင်အမျိုးအစားကြောင့် ဤအနုပညာအသိုင်းအဝိုင်း၌ ကျင်လည်ရန် ခက်ခဲခဲ့သည်ဖြစ်ရာ ယခုတွင်တော့ သူတို့အနား၌ရှိနေသော အလုပ်သမားများကိုပင် သတိထားရတော့မည့်ပုံ ပေါ်နေတော့သည်။
ရဲများသည် လှေကားမှ ဗီဒီယိုကို မဖော်ပြခဲ့သော်လည်း ထိုသတင်းကိုကြားသည့် ဖန်များက ပေါက်ကွဲနေကြလေသည်။ ဖန်များသည် Weibo ပေါ်၌ ရိုက်ကူးရေးအဖွဲ့အား မကောင်းသည့်လူများ အဖွဲ့ထဲသို့မရောက်စေရန် ဝန်ထမ်းစိစစ်ရေးကို ပို၍ တင်းကျပ်ရန် ပြောနေကြသည်။
"ငါကြောက်လိုက်တာ သေတော့မယ် ချောင်းချောင်းရယ်..."
ချမ်ချင်းက ထန်ချောင်းချောင်း၏ လက်မောင်းကိုင်ကာ ပိုပိုသာသာပြောလိုက်သည်။
"ငါ့မျက်နှာလေးက ဒီလောက်လှတာ...အဲ့ဒီကောင်က နင့်ကို ခိုးဓာတ်ပုံရိုက်ပြီးရင် ငါ့ဆီကိုသေချာပေါက်လာတော့မှာ...အဲ့အခါကျရင် ငါ့ရဲ့ ဖြူစင်မှုလေးတွေ ဆုံးရှုံးကုန်တော့မှာ..."
ထန်ချောင်းချောင်း: အဲ့ဒီလိုပြောနေတုန်းမှာ အရမ်းနောင်တရတဲ့ပုံ မပေါ်နေလို့မရဘူးလား...
"ချောင်းချောင်း...နင် တခြား အပြင်အလုပ်လေး ဘာလေးလုပ်ဖို့ စိတ်ကူးမရှိဘူးလား..."
ချမ်ချင်က မေးလိုက်သည်။
ထန်ချောင်းချောင်း ရုတ်တရက် လန့်သွားမိသည်။ ဤရုပ်ရှင်ဘုရင်မ၌ ထူးဆန်းသောပြဿနာများရှိတတ်ပေသည်။
"အစ်မ ဘာပြောချင်တာလဲ..."
ချမ်ချင်း: "ငါနင့်ကို တကယ် ငါ့ရဲ့ သက်တော်စောင့်အနေနဲ့ ခန့်ထားချင်လို့..."
ထန်ချောင်းချောင်း: "???"
"နင်က ဟင်းချက်လည်းအရမ်းကောင်းတယ်လေ...နင်ချက်သမျှက အရသာအရမ်းရှိတယ်...နင်သာ ငါ့ဘေးမှာရှိရင် ငါ ဘာကိုမှ ကြောက်တော့မှာမဟုတ်ဘူး..."
"အစ်မက နောက်ဆုံးတော့ ဟင်းချက်ကောင်းတာကို လိုချင်နေတာမလား..."
ထန်ချောင်းချောင်းက ချမ်ချင်၏ မျက်နှာဖုံးကို မညှာမတာပင် ဆွဲခွာလိုက်တော့သည်။
ချမ်ချင်းက တစ်ချက်တွန့်သွားပြီးမှပြောလိုက်သည်။
"ချောင်းချောင်းက ငါ့စိတ်ကို အသိဆုံးပဲ..."
"ထန်ချောင်းချောင်း...စကားများမနေနဲ့ စရိုက်ဖို့ပြင်တော့..."
ဒါရိုက်တာက အော်လိုက်သည်။
"လာပါပြီ..."
ထန်ချောင်းချောင်းက ပြင်ဆင်ရန် ပြေးသွားတော့သည်။
ယခုရိုက်မည့်အခန်းသည် ကျောက်ရှောင်းရှန့်အတွက် အလွန်အရေးကြီးသောအခန်းဖြစ်၍ သူမဘဝ၏ ကြီးမားသောအချိုးအကွေ့လည်းဖြစ်သည်။
ကျောက်ရှောင်းရှန့်သည် ကျောက်မိသားစု၏ သမီးသုံးယောက်ထဲ၌ အလေးထားမခံရဆုံးသမီးဖြစ်သည်။ သူမသည် မိဘများ၏ အရေးပေးခြင်းကို ခံချင်သော်လည်း ကိစ္စတော်တော်များများသည် သူမ၏ဆန္ဒနှင့် ဆန့်ကျင်၍သာ ဖြစ်လေ့ရှိကြသည်။ ဥပမာအားဖြင့် ဤဇာတ်ဝင်ခန်းတွင် ကျောက်ရှောင်းရှန့်သည် သတိလက်လွတ်မှုတစ်ခုကြောင့် မိသားစုတစ်ခုလုံးကို ပျက်စီးစေမိတော့မတတ် ဖြစ်သွားခဲ့ရသည်။
ဇာတ်လမ်းမှာ ကျောက်ရှောင်းရှန့်သည် အိမ်ကိုတစ်ယောက်တည်း စောင့်နေစဉ်တွင် အခန်းထဲ၌ မီးထွန်းညှိထားခဲ့သည်။ အခန်းအပြင်သို့ ခဏထွက်သွားသောအခါ မီးကို ကုန်စင်အောင် မငြှိမ်းသတ်ခဲ့သောကြောင့် မီးသည် အနီးရှိ အဝတ်စကိုစွဲသွားတော့သည်။ ကျောက်ရှောင်းရှန့် ပြန်ရောက်လာသောအခါ အိမ်ထဲမှ မီးခိုးလုံးကြီးများပင် ထွက်နေကြပြီဖြစ်သည်။
ကျောက်ရှောင်းရှန့်သည် အလွန်ကြောက်သွားမိသည်။ ဤအိမ်ကိုသာ မီးက ဖျက်ဆီးသွားပါက သူမ၏မိဘများရှေ့၌ ပို၍ အရှက်ရ ရတော့မည်ဖြစ်သည်။
ထို့ကြောင့် ကျောက်ရှောင်းရှန့်သည် မီးလောင်နေသော အိမ်ထဲသို့ အကြိမ်ကြိမ် အခါခါဝင်ကာ ရနိုင်သမျှ ပစ္စည်းအများစုကို မီးလွတ်ရာသို့ ရောက်ရန်ကြိုးစားခဲ့သည်။ သို့သော်လည်း နောက်ဆုံးတွင်တော့ ထိုကြိုးစားမှုများသည် အရာမထင်ခဲ့ပေ။ နောက်ပိုင်းတွင် ကျောက်ရှောင်းရှန့်သည် ထိုမတော်တဆမှုကြောင့်ပင် အိမ်မှ ထွက်ခွာလာခဲ့ရသည်။
ထန်ချောင်းချောင်းသည် ကျောက်ရှောင်းရှန့် မီးထဲသို့ပြေးဝင်သောအခန်းကို ရိုက်ရတော့မည်ဖြစ်သည်။ အစီအစဉ်မှာ စီးကရက်အချို့ကို မီးညှိကာ ရိုက်ကူး၍ ပြီးမှသာ စပယ်ရှယ်တည်းဖြတ်ခြင်းများဖြင့် မီးတောက်များ ထည့်မည်ဖြစ်သည်။ သို့သော် အခန်းအနည်းငယ်ရိုက်ပြီးသောအခါ ရင်တုန်လှုပ်ရှားဖွယ်ကောင်းသည့် ခံစားမှုများ ဖြစ်မလာပေ။ ဒါရိုက်တာသည် အလွန်အမင်းပင် စိတ်ပျက်နေလေသည်။
ထန်ချောင်းချောင်းက ဒါရိုက်တာနားသို့ လျှောက်သွားကာ မဆိုင်းမတွပင် ပြောလိုက်သည်။
"ဒါရိုက်တာ...တကယ့် မီးအစစ်သာ ရှို့လိုက်ပါ..."
ဒါရိုက်တာသည် ရင်ထဲ၌ အလွန်ခံစားသွားမိသည်။ သရုပ်ဆောင်အများစုသည် ဤကဲ့သို့သော အန္တရာယ်ရှိသည့် ရိုက်ခန်းများကို ရှောင်ရှားလေ့ရှိသည်။ အထူးသဖြင့် သရုပ်ဆောင်အငယ်များဆိုလျှင် ပို၍ပင် လက်ရှောင်ကြသည်။ သူတို့၏ အရေပြားလေး အနည်းငယ်ပွန်းသွားသည် ဆိုလျှင်တောင်မှပင် Weibo ပေါ်သို့ ချက်ချင်းတင်၍ ဒါရိုက်တာအား နာမည်ဖျက်တော့သည်။ မတော်တဆမှုတစ်ခုခုသာဖြစ်လျှင်တော့ ဆိုဖွယ်ရာမရှိတော့ချေ။
ယခုတော့ ထန်ချောင်းချောင်းက မီးအစစ်ကိုလုပ်ရန် သူမကိုယ်တိုင် စပြောလာလေသည်။ အခြားအဖွဲ့သားများနှင့် တိုင်ပင်ပြီးသောအခါ ဒါရိုက်တာသည် မီးအစစ်ပြုလုပ်ရန် ဆုံးဖြတ်လိုက်တော့သည်။
အဖွဲ့သည် အိမ်ထဲ၌ မီးအနည်းငယ် လောင်ကျွမ်းစေလိုက်သည်။ သို့သော် မီးကို မကြီးသွားစေရန်တော့ အကာအကွယ်များ သေချာ လုပ်ထားသည်။
ထန်ချောင်းချောင်းသည် အပေါ်အင်္ကျီထူထူကို ဝတ်ထားသော်လည်း မီးလောင်နေသော အိမ်ထဲသို့ မဝင်ခင်တွင် ကိုယ်လုံးပေါ်သို့ ရေများ လောင်းသွားလိုက်သေးသည်။ ထိုမှလွဲ၍ ထန်ချောင်းချောင်းကိုယ်ပေါ်၌ အခြား မည်သည့်အကာအရံမှ မပါချေ။
သူမသည် အိမ်ထဲမှ ရနိုင်သမျှ ပစ္စည်းများကို ဆွဲထုတ်ရန် အခေါက်ခေါက်အခါခါ ဝင်လိုက် ထွက်လိုက် လုပ်နေသည်။ အချို့ရွာသားများက မီးငြိမ်းစေရန် လာကူပေးကြသော်လည်း မီးက ပြင်းလွန်း၍ ရေသည်ပင် မကူနိုင်ဖြစ်နေလေသည်။
အိမ်ထဲသို့ အခါများစွာ ဝင် ထွက်ပြီးသောအခါ ထန်ချောင်းချောင်းသည် ဖရိုဖရဲနှင့် ချွေးများပြန်နေပြီဖြစ်သည်။
ပို၍ မသက်မသာဖြစ်စေသည်က ကြီးမားသော မီးခိုးလုံးကြီးများပင်ဖြစ်သည်။ အိမ်အပြင်မှ ရိုက်ကူးရေးအဖွဲ့သားများသည်ပင် မီးခိုးကြောင့် အသက်ရှူကျပ်နေကြသော်လည်း ထန်ချောင်းချောင်းကတော့ အစမှအဆုံးအထိ လုံးဝ မရပ်ချေ။
ဒါရိုက်တာက ရပ်ရန် မပြောမချင်း သူမ သည်းခံနိုင်ပါသည်။
ထိုအချိန်၌ ရိုက်ကွင်းအပြင်မှ ဖန်အချို့သည်ပင် အဝေးမှလှမ်းကြည့်ရင်း စိတ်ပူလာကြသည်။
ထန်ချောင်းချောင်းတစ်ယောက် မီးလောင်သည့်အိမ်ထဲသို့ ခေါက်တုံ့ခေါက်ပြန် ဝင်နေသည်ကို ရှန်းယွဲ့သည်လည်း မလှမ်းမကမ်းမှ ကြည့်နေလေသည်။ ရှန်းယွဲ့သည် ရိုက်ကွင်းနေရာနှင့် ဝေးနေသည်တောင်မှ ယနေ့ကဲ့သို့ ပူလောင်သောနေ့၌ ထူထဲသောမီးခိုးများနှင့် မီးအနည်းငယ်သည် ရှန်းယွဲ့၏တစ်ကိုယ်လုံးအား ပူလာစေသည်။
လီကျိက သည်းမခံနိုင်တော့ကာ ပြောလိုက်သည်။
"ဘာဖြစ်လို့ မရီးက ဒီလို ဒုက္ခကို ခံနေရတာလဲ..."
ချမ်းသာသောဇနီးမယားဖြစ်ရသည်မှာ ဤမျှပင် ခက်ခဲသည်လား။ မည်သို့ပင်ဖြစ်စေ ထန်ချောင်းချောင်းသည် ရှန်းမိသားစုထဲသို့ လက်ထပ်၍ ဝင်ရောက်ထားသည်ပဲ မဟုတ်လား။
ရှန်းယွဲ့၏ မျက်နှာက ခံစားချက်မဲ့နေသော်လည်း နှလုံးသားကတော့ အလွန်လှုပ်ခါနေမိသည်။
"အဲ့ဒါ သူကိုယ်တိုင် တောင်းဆိုထားတာပဲလေ..."
......
“ရှောင်းရှန့်.. မြန်မြန်ထွက်လာခဲ့.. မီးများတယ်”
အပြင်မှ ရွာသူရွာသားအချို့သည် စိုးရိမ်တကြီးအော်ခေါ်သည်။
ကျောက်ရှောင်းရှန့်သည် အခန်းထဲတွင်သာ ရှိနေသေး၏။ သူမ၏ မိဘနှင့် ညီအစ်မများ၏ ပစ္စည်းများ လောင်ကျွမ်းသွားလို့မဖြစ်ချေ။
သူမ၏မျက်နှာသည် ချွေးများ၊ မီးခိုးငွေ့များ၊ မျက်ရည်များနှင့် ပေကျံနေခဲ့သည်။ သူမသည် လက်ထဲမှ တွန့်ကြေနေသော အိတ်နှင့်အတူ သေတ္တာအား မြဲမြံစွာ ကိုင်ဆောင်ထားဆဲဖြစ်သည်။ အထဲမှပါရှိသောအရာများသည် အဖိုးထိုက်လားဟုပင် သူမ မသိခဲ့ချေ။
ကျောက်ရှောင်းရှန့်သည် တံခါးဆီသို့ လျင်မြန်စွာသွားလိုက်ချိန်မှာ သူမ၏ ချည်ထည်အင်္ကျီ သည် မီးလောင်ပေါက်ရာများနှင့် ပြည့်နှက်သွားခဲ့သည်။ သူမ၏ ကျစ်ဆံမြီးအဖျားပိုင်းလေးများသည်လည်း မတော်တဆ မီးလောင်သွားခဲ့ပြီး အနံ့စူးရှသော လောင်ကျွမ်းသည့်အနံ့များ ထွက်ပေါ်လာခဲ့သည်။
ကျောက်ရှောင်းရှန့်သည် မီးလောင်နေသောအိမ်ထဲမှ ယိမ်းထိုးကာပြေးထွက်သွားစဥ် လက်ထဲမှ သယ်ဆောင်လာသောပစ္စည်းများသည် ကြမ်းပြင်ထက်သို့ လွတ်ကျသွားသဖြင့် အထဲသို့ လျင်မြန်စွာ ပြန်ဝင်သွားခဲ့သည်။ ထိုအချိန်တွင် ရွာသားများသည် သူမအား ပြင်းထန်စွာ ပြန်ဆွဲထားခဲ့သည်။
“မင်းပြန်ဝင်လို့ မရတော့ဘူး.. ဝင်မယ်ဆိုရင် သေသွားလိမ့်မယ်.. ဒီပစ္စည်းတွေက အရေးကြီးတာလား ဘဝက အရေးကြီးတာလား”
ကျောက်ရှောင်းရှန့်သည် ခြေကုန်လက်ပန်းကျနေပြီဖြစ်သည်။ သူမသည် မြေပြင်ထက်သို့ လှုပ်ယှက်ခြင်းမရှိ တုံ့ဆိုင်းသွားခဲ့ပြီး မီးတောက်များ၏ ဝါးမျိုခြင်းကို ခံနေရသော သူမ၏နေအိမ်အားကြည့်ကာ ခါးသီးစွာ ငိုကြွေးတော့သည်။
“Cut! အရမ်းကောင်းတယ်”
နောက်ဆုံးတွင် ဒါရိုက်တာသည် ရပ်တန့်ဖို့ အော်ပြောလာသည်။ သူသည် ထန်ချောင်းချောင်းဆီသို့ ဦးတည်သွားလိုက်ကာ လက်ခုပ်သြဘာများပေးသည်။ ဒီဇာတ်လမ်းတွင် ထန်ချောင်းချောင်းသည် ကျောက်ရှောင်းရှန့်၏ စိုးရိမ်ကြောင့်ကြမှု၊ နာကျင်မှု၊ နောင်တရမှုနှင့် သေဆုံးခြင်းအား ကြောက်ရွံ့မှု၊ စသည်များကို မီးတွင်းထဲသို့ ပြေးဝင်သွားချိန်မှာ ပြသသွားခဲ့သည်။ အရာအားလုံးသည် နေရာတကျမှန်ကန်ခဲ့လေသည်။
နောက်ဆုံးတွင်တော့ မိနစ်ပိုင်းလောက်ကြာမြင့်သွားသည့် ငိုကြွေးရသော ရိုက်ကွက်ရှိခဲ့သည်။ ထန်ချောင်းချောင်းသည် သူမ၏ မျက်လုံးနှင့် နှာခေါင်းဖြင့် ငိုကြွေးခဲ့သည်။ သူမသည် မည်သည့်ရုပ်သွင်မှ မဖော်ဆောင်ခဲ့သော်လည်း သူမ၏ ကူးစက်စေနိုင်သောတန်ခိုးအရှိန်အဝါသည် ထိုအပိုင်းကိုကြည့်သောသူများအားလုံးအား အလွန်အမင်း ကရုဏာသက်စေခဲ့သည်။
ကျန်သည့် အဖွဲ့သားများသည်လည်း သူမ၏သရုပ်ဆောင်မှုကြောင့် အံ့အားသင့်သွားခဲ့သည်။ သူတို့အားလုံးသည် သူမအား လက်ခုပ်သြဘာများ ကိုယ်စီပေးကြသည်။
ထန်ချောင်းချောင်းသည် မတ်တပ်ထရပ်ပြီး စိတ်သက်သာသွားဟန်ဖြင့် သက်ပြင်းချလိုက်သည်။ အားလုံး၏ စိတ်ပါလက်ပါဖြင့် အားပေးသော လက်ခုပ်သြဘာများကိုကြည့်ကာ ရှက်ကိုးရှက်ကန်းဖြင့် ပြုံးလိုက်သည်။
သူမ၏မျက်နှာသည် အိုးမဲများဖြင့် မည်းမှောင်နေသောကြောင့် သေချာမမြင်ရသော်လည်း မျက်ရည်ဝဲနေသောမျက်လုံးများမှာတော့ ကြယ်ပွင့်များသကဲ့သို့ တောက်ပနေခဲ့သည်။
ရှန်းယွဲ့သည် ရုပ်မြင်သံကြားဌာနကို ယနေ့မှာတော့ ခရီးသည်အဖြစ် လည်ပတ်ခဲ့သည်။ သူသည် ထန်ချောင်းချောင်းအား ဒီနေ့ရိုက်ကွင်းကို လာမည်ဟု ပြောထားခြင်းမရှိခဲ့။
သူသည် ထန်ချောင်းချောင်း မမြင်နိုင်မည့် ထောင့်တစ်နေရာတွင် အသံတိတ်စောင့်ကြည့်နေခဲ့သည်။
သူမ မီးတွင်းထဲကို အကြိမ်ကြိမ်ပြေးဝင်သွားသည့် မြင်ကွင်းအား အသည်းအသန်ကြည့်နေခဲ့သည်။ သူမ၏ သရုပ်ဆောင်မှုစွမ်းရည်အား လက်ခုပ်သြဘာပေးကြသည့် ဒါရိုက်တာနှင့်အဖွဲ့သားများအားလည်း ကြည့်နေခဲ့သည်။ သူသည် သူမ၏ မျက်နှာပေါ်မှ အလွန်ထက်မြက်သောအပြုံးအား ကြည့်နေခဲ့သည်။
ထိုသည်ကိုကြည့်ခြင်းအားဖြင့် ရှန်းယွဲ့သည် ထန်ချောင်းချောင်း ယခင်ကပြောထားခဲ့သည်ကို နားလည်သွားခဲ့သည်။ သူမသည် တခြားသူများ၏ နှစ်သက်ခြင်းကို ခံရသည်အား သဘောကျခြင်းဖြစ်သည်။
ချက်ပြုတ်သည့်စွမ်းရည်ဖြစ်ဖြစ်၊ သရုပ်ဆောင်စွမ်းရည်ဖြစ်ဖြစ် ထန်ချောင်းချောင်းသည် အနည်းငယ်သော ချီးမွမ်းစကားကြားရသည်နှင့် သူမ၏ နှလုံးသားအောက်ခြေမှစ၍ ပျော်ရွှင်မှုကို ခံစားရသည်။
သူမသည် ပျော်ရွှင်ခြင်း၊ ဒေါသ၊ ဝမ်းနည်းခြင်းတို့နှင့်အတူ အလွန်ရိုးရှင်းသောဘဝဖြင့် နေထိုင်လျက်ရှိပြီး သူမ၏မျက်နှာထက်တွင်တော့ ပျော်ရွှင်ခြင်းအား တိုက်ရိုက်ဖော်ပြလေ့ရှိသည်။
ထိုရိုးရှင်းမှုသည် အဖိုးထိုက်တန်၏။
“ရင်ထဲထိလိုက်တာ.. မရီးရဲ့ သရုပ်ဆောင်အရည်အချင်းက အရမ်းတော်တာပဲ”
လီကျိသည် သူ၏လက်ကို တဖျပ်ဖျပ်လှုပ်၍ သြဘာပေးလိုက်သည်။ သူသည် သူ၏မရီး ထန်ချောင်းချောင်းကို ရုပ်ရှင်ဖျော်ဖြေရေးနယ်ပယ်တွင်သာ ကျင်လည်နေသည်ဟု ထင်ခဲ့ဖူးသည်။ သို့သော် ယခုအချိန်တွင်တော့ ထန်ချောင်းချောင်းသည် သရုပ်ဆောင်သည့်လုပ်ငန်းအား ဘယ်လောက်ထိနှစ်မြုပ်ထားခဲ့ကြောင်းကို မျက်မြင်တွေ့ရှိသွားခဲ့သည်။ သူမ၏ လေးနက်မှုအား သိမြင်ခဲ့ရ၏။
“သူဌေး.. ကျွန်တော့်ရဲ့ မရီးက သူဌေးရဲ့ အနှစ်သက်ဆုံးမိန်းကလေးဖြစ်ရတာ တန်လိုက်တာ.. သူမက တကယ်သန်မာတာပဲ” လီကျိသည် လက်မထောင်ပြကာ ပြောသည်။
ရှန်းယွဲ့သည် သူ့ထံသို့ အေးတိအေးစက်ဖြင့်သာ ကြည့်လိုက်၏။
“မင်းဒီလိုပြောလို့ အာဖရိကရုံးခွဲအကြောင်းကို မေ့လိုက်မယ်လို့တော့ မထင်နဲ့နော်”
လီကျိသည် ကြေကွဲဝမ်းနည်းစွာဖြင့် “ကျွန်တော် သင်ခန်းစာရပါပြီ သူဌေး.. ဒါပေမယ့် ကျွန်တော့်စကားတွေက ရင်ထဲက လာတာပါ.. မရီးရဲ့ ဇာတ်လမ်းပြတဲ့ထိ စောင့်ပြီး ကြည့်ရှုသူများအောင်လို့ အိမ်မှာရှိတဲ့ တီဗီတွေအားလုံးကို ဖွင့်ထားရမယ်”
“ကြည့်ရှုသူနှုန်းက မူရင်းအကောင့်ပေါ်မှာပဲ မူတည်တာ.. မင်းဘာသာ တီဗီအလုံးပေါင်း ၁၀၀နဲ့ ဖွင့်ထားလည်း အကောင့်မရှိရင် အလကားပဲ”
ရှန်းယွဲ့သည် လီကျိအား မညှာမတာလှောင်ပြောင်လိုက်ကာ မြင့်မားလွန်းသည့် ရည်မှန်းချက်အား ချိုးနှိမ်လိုက်သည်။
Xxxxxxxx