Chapter 58
“ကြည့်ရှုသူနှုန်းက မူရင်းအကောင့်ပေါ်မှာပဲ မူတည်တာ.. မင်းဘာသာ တီဗီအလုံးပေါင်း ၁၀၀နဲ့ ဖွင့်ထားလည်း အကောင့်မရှိရင် အလကားပဲ” ရှန်းယွဲ့သည် လီကျိအား မညှာမတာလှောင်ပြောင်လိုက်ကာ မြင့်မားလွန်းသည့် ရည်မှန်းချက်အား ချိုးနှိမ်လိုက်သည်။
လီကျိသည် “ဒါဆိုလည်း ကျွန်တော် မရီးကို အသံလွှင့်အစီအစဥ်ကနေ အားပေးလို့ရတာပဲ” ဟု ပြန်ပြောသည်။
“ငါမင်းကို ရှာခိုင်းထားတဲ့ ကိုယ်ရံတော်ရော” ရှန်းယွဲ့၏အကြည့်သည် ယခုအချိန်ထိ ထန်ချောင်းချောင်းထံသို့ပင် ရှိနေဆဲဖြစ်သည်။
“စီစဥ်ပြီးပါပြီ.. ကျွန်တော် အကောင်းဆုံးကိုယ်ရံတော်ကို ရှာပေးပါမယ်လို့ ကတိပေးပါတယ်.. ကျွန်တော့်မရီးရဲ့ လုံခြုံရေးကို ကျွန်တော် လုံးဝ အာမခံနိုင်ပါတယ်.. မနေ့ညကလိုအဖြစ်မျိုး ထပ်မဖြစ်စေရပါဘူး”
လီကျိသည် အင်တာနက်ပေါ်တွင် ထန်ချောင်းချောင်း၏ ပေါက်ရောက်မှုအား တွေ့ခဲ့ရသည်။ ထို့နောက် ကိုယ်ရံတော်ရှာခြင်းသည်လည်း သူမအတွက် ထင်သလောက် အကူအညီမဖြစ်စေကြောင်းကို ခံစားမိခဲ့သည်။
ဖန့်ယွမ်သည် ထန်ချောင်းချောင်းအား လက်ကိုင်ပန်ကာလေးအား လှမ်းပေး၍ ပြောသည်။ “ချောင်းချောင်း.. ဆံပင်ကို မှုတ်လိုက်ဦး.. ဒီသိုးမွေးအကျ်ကြီးကို ချွတ်ပြီး အေးအေးလူလူနေ”
ထန်ချောင်းချောင်းသည် မီးလောင်ပြီးနောက် ကျောက်မိသားစုပြန်လာသည့် အခန်အားရိုက်ရန် စောင့်နေခြင်းဖြစ်သည်။ ထို့ကြောင့် သူမ၏မျက်နှာသည် မည်းမှောင်ပြီး ညစ်ပေနေသော်လည်း မဆေးကြောနိုင်။ သိုးမွှေးအကျ်အားဖယ်ကာ အနားယူရုံသာတတ်နိုင်ခဲ့သည်။
ထိုအချိန်တွင် မီးလောင်သည့်အခန်းတွင်ပါဝင်သော ဇာတ်ပို့နှစ်ယောက်၊သုံးယောက်သည် လမ်းလျှောက်လာကြရင်း သူတို့၏အကျ်များအားချွတ်ကာ ချွေးသုတ်နေကြသည်။
ငယ်ရွယ်သောမင်းသားများသည် အားကစားရုံသို့ နေ့တိုင်းသွားကြသောကြောင့် သန်မာကျစ်လျစ်သော ကိုယ်ခန္ဓာကို ပိုင်ဆိုင်ထားသည်။ လှပသော ခါးသိမ်နှင့် ချောမောသောမျက်နှာကို ပိုင်ဆိုင်ထားသော မင်းသားတစ်ယောက်လည်း ရှိသေး၏။ ထန်ချောင်းချောင်းသည် မတတ်သာပဲ သူတို့ပြန်သွားသည်အထိ ငေးကြည့်နေခဲ့မိသည်။ ထို့နောက် သူမ၏အကြည့်အား အင်တင်တင်ဖြင့် ရုပ်သိမ်းလိုက်ရသည်။
‘စွဲမက်စရာအရမ်းကောင်းတာပဲ’
ထိုကဲ့သို့ ကျင့်ကြံခြင်းနယ်ပယ်ရှိဖြစ်ရပ်မျိုးကို သူမ၏အတိတ်ဘဝတွင် မတွေ့ခဲ့ချေ။ ဝဝတုတ်တုတ်စားဖိုမှုးများသည် သူတို့ပူလာသောအခါ မီးဖိုခန်းအနောက်ဘက်တွင် အကျ်များချွတ်ထားလေ့ရှိကြသော်လည်း သူတို့ကိုတွေ့သောအခါ သူမသည် အမြင်များ ညစ်ပေဖုံးလွှမ်းသွားမည်ကို ကြောက်ရွံ့ခဲ့သည်။ သူမတွင် ရုပ်ချောသောသူများအား တွေ့နိုင်ရန် အခွင့်အရေးမရခဲ့ချေ။
အထူးသဖြင့် ဒီနေ့တွေ့ခဲ့သလိုလူများကိုပင် သူမမှာ တွေ့မြင်နိုင်ခြင်းမရှိချေ။
ဖန့်ယွမ်သည် ဘာမှမပြောသာတော့ပဲ ချောင်းနှစ်ချက်ဟန့်လိုက်ကာ သတိပေးလိုက်သည်။ “ချောင်းချောင်း.. မျက်လုံးကို ထိန်းဦး.. မသိသာစေနဲ့”
“ငါ့မျက်လုံးက ဘာဖြစ်နေလို့လဲ” ထန်ချောင်းချောင်းသည် အေးဆေးတည်ငြိမ်စွာဖြင့်ပြောသည်။
“ယောကျ်ားတွေကကျတော့ မိန်းကလေးတွေကို ပွင့်ပွင့်လင်းလင်းကြည့်လို့ရတယ်.. မိန်းကလေးတွေကကျတော့ ထင်မြင်ချက်လေးတောင် ပေးလို့မရဘူး.. ငါက ရုပ်ချောတဲ့ ယောကျ်ားလေးတွေကိုတောင် ကြည့်လို့မရတော့ဘူးလား.. ငါ့မျက်လုံးက စစ်မှန်တဲ့နှစ်သက်ခြင်းမျိုးနဲ့ကြည့်တာလေ.. အလှတရားအတွက် သဘောကျတာလေ.. လူတိုင်းမှာ အဲ့လိုရှိတာပဲ”
သူမသည် တဏှာရာဂကြီးမားနေခြင်းမဟုတ်။
ရှန်းယွဲ့သည် သူရှိနေသောနေရာကနေ ထန်ချောင်းချောင်း၏စကားလုံးများကို မကြားရချေ။ အပေါ်ပိုင်းအဝတ်ဗလာဖြစ်နေသော ယောက်ျားများထံသို့ သူမ၏မျက်လုံးများ ရွေ့လျားသွားသည်ကိုသာ မြင်လိုက်ရသည်။
ထိုအချိန်တွင် လီကျိသည် ထန်ချောင်းချောင်းအား မရိုးသားဟန်ဖြင့် ကြည့်လိုက်သည်။ ထိုပုံစံသည် သူ၏ သူဌေးခေါင်းပေါ်တွင် ခွဲဖြာနေသော အကိုင်းအခက်များနှင့်တူသည်။ ဒီလိုစိမ်းစိုပြီး တောက်ပနေတဲ့ အရွက်တွေဟာ အရမ်းကို လျော်ကန်နေတာမဟုတ်လေဘူးလား။
“အဲ့မင်းသားတွေပုံစံက တကယ်မသင့်လျော်လိုက်တာ.. ဒီမှာ ကောင်မလေးငယ်ငယ်လေးတွေအများကြီးရှိနေတာ သူတို့မသိဘူးလား.. သူတို့ရဲ့ ဖောင်းပွနေတဲ့ ခန္ဓာကိုယ်တွေကို ဘယ်သူက ကြည့်ချင်မှာလဲ” လီကျိသည် သူ၏သူဌေးမျက်နှာအားကြည့်ကာ စိတ်ဆိုးမာန်ဆိုးဖြင့် ပြောလိုက်သည်။
ရှန်းယွဲ့သည် ဖျော့တော့အေးစက်သော ရောင်ဝါများအား ထုတ်လွှတ်နေခဲ့သည်။ ထန်ချောင်းချောင်းသည် ယခင်က ရှန်းလျန့်နှင့် မပြတ်သားသောဆက်ဆံရေးရှိခဲ့သည်ဟု ကြားဖူးခဲ့ပြီး သူမအား ပိန်ပါး၍ ချောမောသည့်ပုံစံအား သဘောကျသည်ဟု ထင်ခဲ့မိသည်။ ထို့နောက်မှာတော့ ရှန်းလျန့်ပေါ်ထားသည့် သူမ၏အပြုအမူသည် သူ၏အတွေးများအား လွင့်ပြယ်သွားစေခဲ့သည်။
‘သူမက တကယ်ပဲ ဒီလိုသန်မာတဲ့ယောက်ျားတွေကိုပဲ ကြိုက်တာလား’
‘အဲ့ဒီဖုဖောင်းနေတဲ့ ကြွက်သားတွေက ဘာများအဲ့လောက်လှနေလို့လဲ’
‘ဒီမိန်းကလေးရဲ့အကြိုက်က အရင်ကလို ဆိုးရွားတုန်းပါပဲ’
ရှန်းယွဲ့သည် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် အေးစက်စွာဖြင့် လှည့်လာလိုက်သည်။ သူသည် သူ၏ဘီးတပ်ကုလားထိုင်ကိုဆွဲရင်း စီရင်ချက်ချလိုက်သည်။ “မင်းကိုယ်ရံတော်ရှာတွေ့ရင် သူတို့ရဲ့ အတွင်းစိတ်ကို ပိုပြီးသတိထားသင့်တယ်”
လီကျိသည် နားလည်စွာဖြင့် “နားလည်ပါပြီခင်ဗျ” ဟုပြောလိုက်သည်။
မမျှော်လင့်စွာပင် ထန်ချောင်းချောင်းက အတော်လေး သန်မာနေသည်။ ဤဆက်ဆံရေး၌ ထန်ချောင်းချောင်းက ဩဇာကြီးသူဖြစ်ပုံရသည်။
ထိုသို့ဆိုလျှင် မည်သူက အပေါ်မှဖြစ်၍ မည်သူက အောက်က ဖြစ်သနည်း။
လီကျိက မေးစေ့ကို ပွတ်ကာ စဉ်းစားနေမိသည်။
ဒါက အရေးကြီးတဲ့ မေးခွန်းပဲ...
"အား အစ်မရဲ့လက်က ဘာဖြစ်တာလဲ ချောင်းချောင်း..."
ဖန့်ယွမ်က အလန့်တကြားပြောလိုက်သည်။
ရှန်းယွဲ့ ပြန်ရန် လှည့်ထွက်သွားသွားချင်းမှာပင် ထန်ချောင်းချောင်းသည် ချည်ထိုးအနွေးထည်ကို ချွှတ်ကာ လျှပ်စစ်ပန်ကာအသေးလေးကိုကိုင်၍ မျက်နှာကို လေမှုတ်နေသောကြောင့် သူမ၏ လက်ကောက်ဝတ်က ပေါ်နေသည်။
ထန်ချောင်းချောင်းသည် အရောင်ရင့်ရင့် ချည်အနွေးထည်ကို ဝတ်ထားသောကြောင့် မည်သူကမှ သတိမထားလိုက်မိကြချေ။ သို့သော် ယခုမှပင် ထန်ချောင်းချောင်းသည်လည်း သူမ၏ ညာဘက်လက်ကောက်ဝတ်ပေါ်မှ ဒဏ်ရာကို မြင်လိုက်မိတော့သည်။ အနီရင့်ရောင်သွေးများသည် ခဲပင်ခဲနေလေပြီဖြစ်သည်။ ထိုဒဏ်ရာမှာ ထန်ချောင်းချောင်း မီးထဲ၌ ပြေးလွှားနေစဉ်က ရခဲ့ခြင်းဖြစ်ပေမည်။ ဘယ်အရာနှင့် ထိမိသွားလဲတော့ မည်သူမျှ မသိနိုင်ပါ။
ဖန့်ယွမ်က စိတ်ပူစွာပြောလိုက်သည်။
"သံချေးတက်နေတဲ့ သံဖြစ်နေရင် ဘယ်လိုလုပ်မလဲ...ပိုးဝင်သွားလိမ့်မယ်..."
ထန်ချောင်းချောင်းကတော့ အေးအေးဆေးဆေးပင် လက်ခါပြလိုက်သည်။
"အပိုတွေလုပ်မနေပါနဲ့...အခု နာတောင်မနာတော့ဘူး..."
ထန်ချောင်းချောင်းတို့ ပြောနေသည်များကို ကြားသောကြောင့် ဒါရိုက်တာသည်လည်း အနားရောက်လာကာ ထန်ချောင်းချောင်း၏ လက်ကို ကြည့်လိုက်သည်။ တကယ်တော့ ဒဏ်ရာသည် အနည်းငယ်နက်သော်လည်း အနီရင့်ရောင်သွေးများဖြင့် ဖုံးနေသောကြောင့် သိပ်မနက်သည့်ပုံ ပေါ်နေခြင်းဖြစ်သည်။
"ဆေးရုံသွားပြီး ဆေးအရင်သွားထိုးလိုက်ပါလား..."
ဆေးထိုးရမှာလား...လုံးဝမထိုးနိုင်ဘူး...
ထန်ချောင်းချောင်းက ကြောက်လန့်တကြားဖြင့် လက်များကို ဝှေ့ယမ်းလိုက်သည်။
"မလိုပါဘူး...ကျွန်မတို့ အခုပဲ ရိုက်ကွင်းပြန်စတော့မှာကို...ဒီအခန်းက မြန်မြန်ပြီးမှရမှာ...တခြားလူတွေကြိုးစားထားရတာကို ကျွန်မကြောင့်နဲ့တော့ နောက်ကျကုန်အောင် မလုပ်ပါနဲ့..."
ဒါရိုက်တာက မြင်သောအခါ ဆက်၍ မတိုက်တွန်းတော့ပဲ ရိုက်ကူးရေးစတင်ရန် အလုပ်သမားများကိုသာ အမြန် အသင့်ပြင်ခိုင်းလိုက်တော့သည်။
"ချောင်းချောင်း...အစ်မ တကယ် ဆေးရုံမသွားချင်ဘူးလား..."
ထန်ချောင်းချောင်း ရိုက်ကူးရမည့်အခန်းပြီးသွားသည်နှင့် ဒါရိုက်တာက ချက်ချင်းပင် ပြန်၍ နားခိုင်းလိုက်တော့သည်။ ဟိုတယ်သို့အပြန်လမ်းတွင် ဖန့်ယွမ်က တကျီကျီနှင့် ထန်ချောင်းချောင်းအား ဆေးရုံသွားရန် တိုက်တွန်းနေလေသည်။
ထန်ချောင်းချောင်းကတော့ အနည်းငယ် ခြစ်မိသွားရုံပင် ဖြစ်၍ အရေးမကြီးဟု ခံပြောနေသည်။ ဖန့်ယွမ်က အစိုးရိမ်လွန်နေခြင်းသာဖြစ်သည် ဟုလည်း ထင်နေသည်။
ဖန့်ယွမ်က မည်မျှပင် တိုက်တွန်းနေစေကာမူ ထန်ချောင်းချောင်းက ငြင်းနေသောကြောင့် ဖန့်ယွမ်လည်း ဘာမှမတတ်နိုင်တော့ချေ။
ထန်ချောင်းချောင်းသည် အခန်းထဲသို့ ဝင်မည့်ဆဲဆဲတွင် ခဏမျှ စဉ်းစားလိုက်သည်။ ရှန်းယွဲ့ ပြန်ရောက် မရောက် မသိသောကြောင့် ထန်ချောင်းချောင်းသည် မျက်နှာချင်းဆိုင်အခန်းသို့ လျှောက်သွားလိုက်သည်။
ဖန့်ယွမ်က မြင်သောအခါ ထန်ချောင်းချောင်းနောက်သို့ လိုက်သည်ကို ရပ်လိုက်သည်။ ဖန့်ယွမ်သည် ထန်ချောင်းချောင်းနှင့် ရှန်းယွဲ့တို့၏ ဆက်ဆံရေးကိုသိလိုက်ရသောအခါ ပထမတော့ အလွန်အံ့ဩသွားခဲ့ရသည်။ သို့သော် ဤလောက၌ ပါးစပ်ကို တင်းကျပ်စွာပိတ်ထားရန်က အရေးအကြီးဆုံး စည်းမျဉ်းဖြစ်သည်။ အနုပညာရှင်၏ လျှို့ဝှက်ချက်များနှင့် ကိုယ်ရေးကိုယ်တာကိစ္စများအကြောင်းကို တစ်ခွန်းမှပင် ထုတ်ပြော၍မရပေ။
ထန်ချောင်းချောင်းသည် သူမကို လီကျိပေးထားသော သော့ကဒ်ကို ထုတ်၍ တံခါးထဲသို့ ညင်သာစွာ ထိုးထည့်လိုက်သည်။
အခန်းသည် ဧည့်ခန်းပါ ပါသော suite အခန်းဖြစ်သည်။ ယခင်က ရှန်းယွဲ့အား ဂရုစိုက်ပေးရန် လီကျိက အပြင်ခန်း၌ အိပ်သော်လည်း ယခုတွင်တော့ လီကျိက အခြားအခန်းသို့ ရွှေ့သွားပြီဖြစ်သည်။
အပြင်ခန်း၌ မည်သူမှမရှိကာ မီးများကလည်း မှောင်နေသည်။
ထန်ချောင်းချောင်းသည် တံခါးကို တွန်းဖွင့်လိုက်ရာ တံခါးကို နောက်ကျောပေး၍ လက်တစ်ဖက်ဖြင့် အလေးတုံးကို မြှောက်လိုက် ချလိုက်လုပ်နေသော ရှန်းယွဲ့ကို တွေ့လိုက်ရသည်။
ထန်ချောင်းချောင်းက မေးလိုက်သည်။
"ရှင်ဘာလုပ်နေတာလဲ..."
ရှန်းယွဲ့သည် ထန်ချောင်းချောင်း၏ ရုတ်တရက်ထွက်ပေါ်လာသောအသံကြောင့် လန့်သွားလေသည်။ နဂိုတည်းကပင် အနည်းငယ်ယောင်နေသော ရှန်းယွဲ့၏လက်သည် အလေးကို ကောင်းစွာမကိုင်နိုင်တော့ပဲ အလေးသည် ရှန်းယွဲ့၏ ဘယ်ဘက်ခြေမပေါ်သို့ တည့်တည့်ကျသွားလေတော့သည်။
"အား..."
ရှန်းယွဲ့သည် ချက်ချင်းပင် နာကျင်စွာအော်ဟစ်လိုက်သည်။ ခြေမကို ထိသွားသည့်အချိန်မှာပင် ရှန်းယွဲ့သည် နှလုံးက တင်းကျပ်သွားသည်ကို ခံစားလိုက်ရ၍ တစ်ကိုယ်လုံးသည် ထုံကျင်သွားသည်။
ထန်ချောင်းချောင်းသည် ရှန်းယွဲ့နားသို့ အမြန်ပြေးသွားလိုက်၍ ဘေး၌ ထိုင်ကာ ရှန်းယွဲ့၏ခြေထောက်ကို မြှောက်ကြည့်လိုက်သည်။
"ဘာဖြစ်သွားတာလဲ...ဘယ်နေရာကို ထိသွားတာလဲ...ဘာဖြစ်လို့များ ရှင်က ဒီလောက် နမော်နမဲ့ နိုင်ရတာလဲ..."
ရှန်းယွဲ့ကိုကြည့်ရသည်မှာ အလွန်နာကျင်နေသည့်ပုံပေါ်နေသည်။
"မင်းက ဒီမှာ ခိုးကြောင်ခိုးဝှက်နဲ့ ဘာလာလုပ်နေတာလဲ..."
ထန်ချောင်းချောင်းက အပြစ်ကင်းစင်သည့် မျက်နှာလေးဖြင့် ပြောလိုက်သည်။
"အပြင်မှာ မီးတွေကမှောင်နေတော့ ရှင်အိပ်နေတယ်ထင်လို့ အသံမထွက်အောင်လာရင်းနဲ့ ခိုးလာသလိုဖြစ်သွားတာပါ..."
ရှန်းယွဲ့သည် နာလွန်းသဖြင့် အံကြိတ်ထားရကာ ထန်ချောင်းချောင်းက ခြေထောက်ကို မလိုက်သောအခါ ပို၍ပင် နာကျင်သွားရသည်။
"ကျွန်မ ကြည့်ကြည့်မယ်..."
ထန်ချောင်းချောင်းသည် ရှန်းယွဲ့၏ ဖိနပ်ကိုချွတ်၍ ကြည့်လိုက်ရာ ခြေချောင်းလေးသည် အနည်းငယ်ပင် အပြာရောင်သမ်းနေသည်ကို တွေ့လိုက်ရသည်။
ထန်ချောင်းချောင်းက ပွစိပွစိပြောနေသည်။
"ဘာဖြစ်လို့များ ရှင်က အလေးမနေရတာလဲ...ရှင် လေ့ကျင့်ခန်းလုပ်တာ ကျွန်မ တစ်ခါမှလည်း မတွေ့ဖူးပါဘူး..."
ရှန်းယွဲ့က မျက်နှာကို တစ်ဖက်သို့လှည့်လိုက်သည်။
"ငါ လေ့ကျင့်ခန်းတောင်လုပ်လို့မရဘူးလား..."
"လေ့ကျင့်ခန်းလုပ်မယ်ဆိုရင်လည်း သေချာနည်းစနစ်ကျကျ လုပ်ရမယ်လေ...အခု ရှင်က အခန်းထဲမှာ...သံအလေးတုံးကို မနေတယ်...အဲ့ဒါ ရူးနေတာမဟုတ်ဘူးလား...ရှင့်ဘာသာရှင် ခြေထောက်ကိုပိမိဖို့ တောင်းဆိုနေသလိုပဲ..."
ထန်ချောင်းချောင်းက ခပ်တိုးတိုးဖြင့် အပြစ်တင်လိုက်သည်။
"မင်းသာ ရုတ်တရက်ပေါ်မလာရင် ငါ အရမ်းလန့်သွားပြီး အလေးကို ပစ်ချမိမှာမဟုတ်ဘူးလေ..."
ရှန်းယွဲ့ကလည်း အသက်မရှူပဲ ပြန်ပြောလိုက်သည်။
"ရှင်ကိုယ်တိုင်က သေချာမကိုင်ပဲ သူများကို အပြစ်လိုက်တင်နေတာပဲ...အခုတော့ မျက်နှာမှာလည်း ချွေးတွေနဲ့ ရှင်ကိုယ်တိုင်ပဲ နာနေရတာမဟုတ်ဘူးလား..."
"နပေါဦး..."
ထန်ချောင်းချောင်းသည် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွား၍ မျက်လုံးများက တောက်ပသွားကြသည်။
"ရှင် နာကျင်တာကို ခံစားနိုင်နေပြီလား..."
ရှန်းယွဲ့သည်လည်း အလွန်အံ့အားသင့်မိသွားတော့သည်။
ရှန်းယွဲ့သည် သူ၏ အပြာရောင်သမ်းနေသော ခြေချောင်းလေးများကို ကြည့်လိုက်သည်။ နာကျင်မှုသည် ယခုထိ မပျောက်သွားသေးချေ။
ရှန်းယွဲ့၏ခြေထောက်၌ နာကျင်မှုကို ခံစားနေရပြီဖြစ်သည်။ ရှန်းယွဲ့ ၏ယခင်က အကြောများသေနေခဲ့သော ခန္ဓာကိုယ်အောက်ပိုင်းကို ပြန်ခံစား၍ရနေပြီဖြစ်လေသည်။
ထန်ချောင်းချောင်းက ပျော်ရွှင်စွာပြုံး၍ တက်ကြွစွာပြောလိုက်သည်။
"ရှန်းယွဲ့...နောက်ဆုံးတော့ ရှင့်ခြေထောက်တွေ ခံစားမှုကို နည်းနည်း သိလာကြပြီ..."
"ငါ နာကျင်တာကို ခံစားနိုင်နေပြီ..."
ရှန်းယွဲ့က တစ်ကိုယ်တည်း တီးတိုးရေရွတ်လိုက်သည်။
ရှန်းယွဲ့၏နှလုံးသားသည် အရှိန်အဟုန်ဖြင့်တက်လာသော ပင်လယ်လှိုင်းလုံးကဲ့သို့ ပြင်းထန်စွာ ခုန်နေတော့သည်။
ထန်ချောင်းချောင်းက ရှန်းယွဲ့သည် ပြန်၍ မတ်တပ်ရပ်နိုင်မည်ဟု အခိုင်အမာဆိုကာ အပ်စိုက်ကုသခြင်းနှင့် နှိပ်နယ်ခြင်းများ အမြဲမပြတ် ပြုလုပ်ပေးနေခဲ့သော်လည်း ရှန်းယွဲ့၏ရင်ထဲတွင်တော့ မျှော်လင့်ချက် သိပ်မရှိခဲ့ချေ။ ယခင်ကလည်း ထိုကဲ့သို့သော မျှော်လင့်ချက်များကို အကြိမ်ကြိမ် ရိုက်ချိုးခံခဲ့ရသည်မဟုတ်လား။
သို့သော် ယခုတွင်တော့ ထန်ချောင်းချောင်းပြောသည်မှာ မှန်နေသည်ကို ရှန်းယွဲ့ ဝန်ခံရပေတော့မည်။
ရှန်းယွဲ့သည် တကယ်ပင် ပြန်၍ မတ်တပ်ရပ်နိုင်ရန် မျှော်လင့်ချက်ရှိလာပြီဖြစ်သည်။
ထန်ချောင်းချောင်းက စိတ်လှုပ်ရှားစွာဖြင့် ရှန်းယွဲ့၏လက်ကို ကိုင်လိုက်သည်။
"ကျွန်မရဲ့ နည်းလမ်းတွေက အလုပ်ဖြစ်ပါတယ်လို့ ကျွန်မပြောသားပဲ..."
ရှန်းယွဲ့သည် ထန်ချောင်းချောင်း၏ နူးညံ့သော လက်လေးကို ပြန်ကိုင်၍ တက်ကြွနေသော မျက်လုံးများကိုကြည့်လိုက်ရာ ခြေချောင်းများကပင် သိပ်၍ မနာတော့သလို ခံစားလိုက်ရသည်။
ရှန်းယွဲ့သည် ဘာပြောရမည်မသိပဲ မျက်လုံးကို အောက်ချလိုက်ရာ ထန်ချောင်းချောင်း၏ လက်ဆီသို့ အကြည့်ကရောက်သွား၍ မျက်ခုံးများက မြင့်တက်သွားကြသည်။
"မင်းရဲ့လက်က ဘာဖြစ်တာလဲ..."
ထန်ချောင်းချောင်း၏လက်၌ ပလာစတာနှစ်ခု ကပ်ထားလေသည်။
"ဪ...မီးလောင်တဲ့အခန်းရိုက်တုန်းက ခြစ်မိသွားလို့လေ...အရေးမကြီးပါဘူး..."
ရှန်းယွဲ့က မျက်မှောင်ကျုံ့လိုက်သည်။
"ဘာနဲ့ခြစ်မိသွားမိသွားတာလဲ...ပိုးတွေဝင်နေဦးမယ်..."
"သံလား သစ်သားစလား တစ်ခုခုပဲ...ဘာမှမဖြစ်ပါဘူး..."
ထန်ချောင်းချောင်းက ဘာမှမဖြစ်ဟု ခံစားနေရသော်လည်း ရှန်းယွဲ့ကတော့ ဒေါသအလိပ်လိုက် ထွက်နေတော့သည်။
"သံချေးတက်နေတဲ့သံတွေက ဘယ်လောက်တောင် အန္တရာယ်များလဲ မင်းသိရဲ့လား...မင်း မေးခိုင်ကာကွယ်ဆေး သွားထိုးရမယ်..."
ထန်ချောင်းချောင်းကလက်ကို ပြန်ဆွဲယူကာ ငြင်းလိုက်သည်။
"တကယ် မလိုပါဘူး...ခဏနေရင် ကောင်းသွားတော့မှာကို..."
ရှန်းယွဲ့က မျက်မှောင်ကြုတ်လိုက်သည်။
"မနက်ဖြန်ကျရင် အနာက မကျက်ပဲ ရင်းသွားနိုင်တာပဲလေ..."
"မဖြစ်နိုင်ပါဘူး..."
Xxxxxx