Chapter 59
ထန်ချောင်းချောင်းက သူမ၌ ဝိဉာဉ်စွမ်းအင်များ ရှိနေသေးသည်ဟု ကိုယ့်ကိုယ်ကိုယ် တွေးလိုက်သည်။ သို့သော်လည်း ထိုအနာက မည်သို့ဖြစ်မည်ကို မပြောနိုင်ဖြစ်နေသည်။
သို့သော်လည်း ဆေးထိုးရန်ကတော့ လုံးဝမလိုအပ် ဟု ထန်ချောင်းချောင်း ထင်နေမိသည်။
"မင်းမသွားချင်ရင်လည်း သွားရမယ်..."
ရှန်းယွဲ့က သူ၏ခြေထောက်ကို လက်ညှိုးထိုးပြလိုက်သည်။
"ငါ့ရဲ့ ခြေထောက်က ဒီလိုဖြစ်သွားတာ မင်းကြောင့်လည်းပါတယ်...ဆေးရုံသွားဖို့ ငါ့ကို အဖော်လိုက်လုပ်ပေးရမယ်..."
"ကျွန်မ..."
ထန်ချောင်းချောင်းသည် အလွန်ပင် နောင်တရသွားမိသည်။ ဤကဲ့သို့ ဖြစ်မည်မှန်းသာသိခဲ့လျှင် သူမ၏ အခန်းသို့သာ ပြန်၍ အေးအေးဆေးဆေးအိပ်နေလိုက်မည်သာဖြစ်သည်။
ထို့ကြောင့်ပင် လီကျိသည် အိပ်ယာပေါ်မှ ဆွဲနှိုးခြင်းခံလိုက်ရကာ လူနာနှစ်ယောက်အား ဆေးရုံသို့ လိုက်ပို့ရတော့သည်။
တစ်ဦးက လက်၌ဒဏ်ရာရထား၍ တစ်ဦးက ခြေထောက်၌ ဒဏ်ရာရထားကြသည်။
သူတို့သည် ရှန်းယွဲ့၏ကားဖြင့် ဆေးရုံသို့ သွားလိုက်ကြသည်။ ထန်ချောင်းချောင်းကတော့ ရှန်းယွဲ့ဘေး၌ထိုင်ကာ တတွတ်တွတ်ပြောနေသည်။
"ကျွန်မ ဆေးထိုးဖို့ တကယ်မလိုပါဘူး...ရှင့်ဘာသာရှင်ပဲ အထဲဝင်ပြီး ဆရာဝန်နဲ့သွားပြလိုက်...ကျွန်မ အပြင်က စောင့်နေမယ်..."
"ဆေးရုံမှာ လူတွေက အများကြီးရှိနေမှာ...ကျွန်မဘယ်သူလဲဆိုတာ သိသွားကြရင် မကောင်းဘူး...ပြီးတော့ လူတွေက အနုပညာရှင်တွေအရေပြားလေးနည်းနည်းပွန်းသွားတာကိုတောင် လိုင်းပေါ်တင်ချင်နေကြတာ...ကျွန်မ အဲ့ဒီလိုကိစ္စနဲ့ နာမည်ကြီးသွားရင် netizen တွေကလည်း ကျွန်မကို မျက်ရည်ချူတယ်ဆိုပြီး ပြောကြဦးမယ်...လူတွေ ဂရုစိုက်တာ ခံနေရဦးမှာ..."
ရှန်းယွဲ့က ပြောလိုက်သည်။
"စိတ်မပူပါနဲ့...ငါတို့က အချက်အလက်တွေကို သေချာလျှို့ဝှက်ထားပေးတဲ့ private ဆေးရုံကိုသွားမှာပါ...မင်းဒဏ်ရာရတာကို သတင်းဖြန့်ဖို့နေနေသာသာ မင်းကို ဘယ်သူမှတောင် ဓာတ်ပုံရိုက်ကြမှာမဟုတ်ဘူး..."
အား...ဒီသူဌေးတွေနဲ့တော့ ခက်လိုက်တာ...
ထန်ချောင်းချောင်းသည် ကြံရာမရဖြစ်သွားကာ နှုတ်ခမ်းကိုသာ စူထားလိုက်မိသည်။
ရှန်းယွဲ့က ထန်ချောင်းချောင်း၏ မသက်မသာဖြစ်နေသော မျက်နှာကိုကြည့်၍ ပြောလိုက်သည်။
"မင်း ဆေးထိုးခံရမှာကြောက်တယ်ဆိုလည်း ကြောက်တယ်လို့သာ ဝန်ခံလိုက်ပါ..."
ထန်ချောင်းချောင်းက အော်လိုက်သည်။
"ဘာကိုဝန်ခံရမှာလဲ...ထန်ချောင်းချောင်းက လူတွေကိုတောင် ကောင်းကင်ထိရောက်အောင် ကန်လာတာ...ဆေးထိုးတာလေးကို ဘာလို့ ကြောက်ရမှာလဲ..."
ထန်ချောင်းချောင်း၏မျက်နှာသည် ထိုသို့အပြောခံလိုက်ရသဖြင့် ရှက်နေသည့်ပုံပေါ်နေသည်။ ရှန်းယွဲ့ကတော့ ပွဲကြည့်၍ကောင်းနေလေသည်။ ထန်ချောင်းချောင်းသည် မည်သို့များ အရှုံးပေးနိုင်မည်နည်။
ဆေးထိုးတာက ဘယ်လောက်နာမှာမို့လို့လဲ...
ရှန်းယွဲ့က အနည်းငယ်ပြုံးလိုက်သည်။
"မကြောက်ဘူးဆိုရင်လည်း ပြီးတာပဲလေ..."
ဆေးရုံသို့ရောက်သောအခါ ရှန်းယွဲ့သည် စကားတစ်ခွန်းမှမပြောပဲ အရေးပေါ်အဆောင်ထဲသို့ တန်းဝင်သွားသည်။
ထန်ချောင်းချောင်းသည် ဆရာဝန်၏မျက်နှာချင်းဆိုင်၌ ထိုင်ကာ ကြောက်နေမိသည်။
ဆရာဝန်သည် ထန်ချောင်းချောင်း၏လက်ပေါ်၌ ရှိသော ပလာစတာကို ဆွဲခွာလိုက်သည်။ ထန်ချောင်းချောင်းက ပြောလိုက်သည်။
"ဒဏ်ရာက ဘာမှမပြင်းထန်ဘူးလို့ ကျွန်မ ပြောပါတယ်...ဆရာ လိမ်းဆေးလေးသာ ပေးလိုက်ပါနော်...ဒီဒဏ်ရာလေးက မနက်ဖြန်ဆို အသားမာတက်ပြီး ကောင်းသွားတော့မှာပါ..."
ဆရာဝန်က ခပ်တည်တည်ပင်ပြောလိုက်သည်။
"ဒီဒဏ်ရာက ပေါ့သေးသေးမဟုတ်ဘူး...ဘေးနားတွေက နီရဲပြီးယောင်နေတာ...ပိုးဝင်တာဆိုရင် အချိန်လွန်မှ နောင်တရနေရမယ်..."
ထန်ချောင်းချောင်းသည် မျက်ရည်မထွက်ပဲ ငိုနေမိတော့သည်။
"ဆေးမထိုးရတဲ့ တခြားနည်းလမ်းမရှိတော့ဘူးလား ဆရာရယ်...ပါးစပ်ထဲထည့်လို့ရတဲ့ မေးခိုင်ကာကွယ်ဆေး မရှိဘူးလား..."
ဆရာဝန်: "မင်းက ဆရာဝန်လား...ငါက ဆရာဝန်လား..."
ရှန်းယွဲ့ကတော့ ဘာမှမတတ်နိုင်သည့်ပုံဖြင့် ခေါင်းခါလိုက်သည်။
"ဆရာ...သူပြောတာကို နားထောင်မနေပါနဲ့...ထိုးစရာရှိတာ မြန်မြန်ထိုးလိုက်ပါ..."
ထန်ချောင်းချောင်းသည် အခန်းထဲမှ ချက်ချင်းထပြေးသွားချင်သော်လည်း ရှန်းယွဲ့က ကြိုသိနေသည့်အလား တံခါး၌ ပိတ်၍ ထိုင်နေလေသည်။
ထန်ချောင်းချောင်းသည် ဆရာဝန်က သေးသွယ်သော အပ်ကို ဆွဲထုတ်၍ ဆေးဘူးထဲမှဆေးရည်ကို စုပ်ကာ ဆေးထိုးအပ်ထဲမှ လေများကို ညှစ်ထုတ်လိုက်သည်ကို ကြည့်နေမိသည်။ ချွန်ထက်သောအပ်၌ ဆေးရည်များက တစ်စက်စက်ကျနေလေသည်။
ထန်ချောင်းချောင်း၏ အသက်ရှူသံသည် မြန်လာသည်။ နောက်ဆုံးတွင်တော့ ထန်ချောင်းချောင်းသည် ဆေးထိုးခံရခြင်းကို အလွန်ကြောက်ကြောင်း ဝန်ခံရပေတော့မည်။
ဆရာဝန်သည် ထန်ချောင်းချောင်း၏ အင်္ကျီလက်ကို မကာ လက်မောင်းပေါ်၌ အရက်ပြန်နှင့်ပွတ်၍ ပိုးသတ်လိုက်သည်။ ထိုအေးစက်သော အထိအတွေ့က ထန်ချောင်းချောင်းအား တုန်သွားစေသည်။
"ရှန်းယွဲ့..."
ထန်ချောင်းချောင်းသည် မျက်နှာကိုလွှဲကာ နောက်ဆုံးတွင်တော့ မနေနိုင်တော့ပဲ အော်လိုက်မိတော့သည်။
ရှန်းယွဲ့သည် ထန်ချောင်းချောင်း၏အော်သံကိုကြားသောကြောင့် ရှေ့သို့တိုးလာကာ အသံကို နှိမ့်၍ မေးလိုက်သည်။
"ဘာဖြစ်လို့လဲ..."
"ကျွန်မ...ကျွန်မ ကြောက်တယ်..."
ထန်ချောင်းချောင်း၏ မျက်လုံးများတွင် မျက်ရည်များဖြင့် ပြည့်နေလေသည်။
ရှန်းယွဲ့သည် နှုတ်ခမ်းများကို ဖိကိုက်၍ ပြုံးလိုက်သည်။ နောက်ဆုံးတွင်တော့ ထန်ချောင်းချောင်း ဝန်ခံခဲ့ရပြီဖြစ်သည်။
"မင်းကို ငါ့လက်ကို ကိုင်ထားခွင့်ပေးလိုက်မယ်..."
ရှန်းယွဲ့ ပြောပြီးပြီးချင်းမှာပင် ထန်ချောင်းချောင်းသည် ရှန်းယွဲ့၏လက်မောင်းအား ချက်ချင်းပင် ဆုပ်ကိုင်လိုက်တော့သည်။
ထိုသို့ ကိုင်လိုက်သောအခါမှပင် ထန်ချောင်းချောင်း၏ကြွက်သားများသည်ပင် တဆတ်ဆတ် တုန်ခါနေကြကြောင်း ရှန်းယွဲ့သတိထားလိုက်မိသည်။ ရှန်းယွဲ့သည် မနေနိုင်တော့ပဲ နူးညံ့သောအသံဖြင့် ထန်ချောင်းချောင်းအား နှစ်သိမ့်ပေးလိုက်သည်။
"မကြောက်ပါနဲ့...မင်းဘေးမှာ ငါရှိနေတယ်လေ..."
လီကျိသည် အခန်းထောင့်၌ ရပ်ကာ မျက်နှာကို အုပ်ထားမိသည်။ သူတို့ ဆရာဝန်ပြနေကြခြင်းမှာ ခွေးလေးတစ်ကောင်အား ဝိုင်း၍နှိပ်စက်နေသည်နှင့်ပင် တူနေတော့သည်။
ခဏအကြာတွင် အော်သံတစ်သံထွက်လာတော့သည်။
"အား..."
သို့သော် ထိုအော်သံသည် ထန်ချောင်းချောင်း၏ အော်သံမဟုတ်ပါ။ ရှန်းယွဲ့၏အော်သံသာ ဖြစ်ပေသည်။
အရိုးဌာနသို့ရောက်သွားသောအခါ ဆရာဝန်သည် ရှန်းယွဲ့၏ဒဏ်ရာများကို လေးနက်သောမျက်နှာဖြင့် စစ်ဆေးလိုက်သည်။
"ဘာဖြစ်လာတာလဲ...လက်မောင်းကလည်း အညှစ်ခံထားရတယ်...ခြေချောင်းကလည်း အညိုအမည်းတောင်စွဲနေပြီ..."
ဆရာဝန်က ထန်ချောင်းချောင်းအား မေးလိုက်သည်။
"ဒါ အိမ်တွင်းအကြမ်းဖက်မှုတော့ မဟုတ်ပါဘူးနော်..."
ထန်ချောင်းချောင်းက လက်များကိုဝှေ့ယမ်းကာ ငြင်းနေရသည်။ ကြီးမားသော နားလည်မှုလွဲခြင်းသာဖြစ်ပါသည်။
ထန်ချောင်းချောင်းသည် သူမ၏လက်မောင်းထဲသို့ ဆေးထိုးအပ်စိုက်ဝင်သွားချိန်တွင် လက်ထဲ၌ရှိနေသော ရှန်းယွဲ့၏လက်မောင်းအား မရည်ရွယ်ပဲ ညှစ်လိုက်မိသွားခြင်းဖြစ်သည်။ ထန်ချောင်းချောင်း၏ စွမ်းအားများကို မထိန်းချုပ်ထားမိသောကြောင့် ရှန်းယွဲ့၏လက်မောင်း၌ လက်ချောင်းရာကြီး ငါးခု ထင်သွားတော့သည်။
ထန်ချောင်းချောင်းသည် သူမကိုယ်သူမ အနည်းငယ် အပြစ်ရှိသည်ဟု ခံစားရ၍ ခေါင်းငုံ့ထားလိုက်သည်။
ရှန်းယွဲ့သည် ထန်ချောင်းချောင်း၏ညှိုးငယ်နေသော မျက်နှာကိုကြည့်၍ မတော်တဆထိခိုက်သွားကြောင်း ရှင်းပြလိုက်ရသည်။ ဆရာဝန်သည်လည်း သိပ်မယုံသည့်ပုံဖြင့် သွေးလည်ပတ်မှုအားကောင်းစေရန်နှင့် အညိုအမည်းဒဏ်ရာများပျောက်စေရန် လိမ်းဆေးအချို့ပေးလိုက်သည်။
ကားပေါ်သို့ ပြန်ရောက်ကြသောအခါ ရှန်းယွဲ့ကပြောလိုက်သည်။
"အခုတော့ မင်းကြောင့် ငါ့ရဲ့ ခြေထောက်ရော လက်ရော ဒဏ်ရာရသွားရပြီ...ဘယ်လိုလုပ်ကြမလဲ..."
"ရှင်သာ ကျွန်မကို ဆေးရုံအတင်းမလာခိုင်းရင် ဘာမှဖြစ်မှာမဟုတ်ဘူး..."
ထန်ချောင်းချောင်းက တိုးတိုးလေးပြောလိုက်သည်။
"ဘာတွေ တိုးတိုး တိုးတိုး ပြောနေတာလဲ..."
ထန်ချောင်းချောင်း: "ရှင်ဘာလိုချင်လို့လဲ..."
ရှန်းယွဲ့သည် ပါးစပ်ကို လက်ဖြင့်အုပ်လိုက်သည်။
"ဘာမှလုပ်ဖို့မလိုပါဘူး...ဒါပေမယ့် နောက်နှစ်ရက်မှာတော့ ငါ့ဖို့ တစ်နေ့ကို ထမင်းသုံးခါပြင်ပေးဖို့ မင်းကို ဒုက္ခပေးရမယ်..."
ထန်ချောင်းချောင်း: အရင်ကလည်း ဒုက္ခမပေးတာ ကျလို့...
စကားပုံအရ ရှန်းယွဲ့၏ခြေချောင်းများနှင့် လက်မောင်း၌ ဒဏ်ရာရထားသောကြောင့် ထန်ချောင်းချောင်းသည် ဝက်ခြေထောက်များ များစွာဝယ်ကာ အမျိုးမျိုးချက်ပေးလိုက်သည်။
အနီရောင်အချဉ်ဖောက်ထားသောတို့ဖူးနှင့် ဝက်ခြေထောက်ဟင်းလျာသည် နီရဲ၍ ဆီများသောအရောင်ထွက်နေသည်။ အချဉ်ဖောက်ထားသောတို့ဖူး၏အနံ့က ဝက်ခြေထောက်များထဲသို့ စိမ့်ဝင်နေသောကြောင့် အရသာကို ပို၍လေးပင်စေကာ စားရသည်မှာလည်း မအီတော့ချေ။ ဝက်ခြေထောက်များသည်လည်း နူးအိနေအောင် ပေါင်းထားသောကြောင့် တစ်ချက်ကိုက်လိုက်ရုံနှင့်ပင် အရိုးနှင့်အသား ကွဲသွား၍ ပါးစပ်ထဲ၌ အသား၏အနံ့အရသာများနှင့် ပြည့်သွားစေသည်။
ဆောင်းရာသီဖရဲသီး၊ ကြာစွယ်နှင့် ဝက်ခြေထောက်များရော၍ ပြုတ်ထားသော စွပ်ပြုတ်သည် သုံးနာရီခန့်ကြာအောင် တည်ရသည်။ ဆောင်းရာသီဖရဲနှင့် ကြာစွယ်တို့၏အနံ့နှင့် ဝက်ခြေထောက်၏အနံ့တို့သည် လိုက်ဖက်စွာပင် ပေါင်းစည်းသွားကြသည်။ စွပ်ပြုတ်သည် သောက်လိုက်လျှင် လန်းဆန်းသွားစေကာ ရနံ့ကလည်း မွှေးကြိုင်လွန်းလှသည်။ ဤစွပ်ပြုတ်သည် အလွန်ပင် ခွန်အားပြည့်ဝစေသော စွပ်ပြုတ်ဖြစ်ပေသည်။
ထိုဟင်းလျာများအပြင် ဝက်လက်အစပ်ပေါင်း၊ ဝက်လက်အေး စသည်တို့အပြင် နောက်ဆုံး၌ ထန်ချောင်းချောင်းသည် ရှန်းယွဲ့၏ရှေ့၌ ပဲပိစပ်နှင့်မြေပဲဝက်လက်စတူး တစ်ပန်းကန်ကို ချပေးလိုက်ပြန်သည်။
ရှန်းယွဲ့၏မျက်နှာသည် အနည်းငယ်ပင် ပြာနှမ်းလာတော့သည်။
ငါက နို့တိုက်နေရတဲ့ မိခင်လား...
........
ရှန်းယွဲ့သည် ထန်ချောင်းချောင်းနှင့် ရက်အနည်းငယ်နေခဲ့သည်။ သို့သော် အရမ်းတော့ အဆင်မပြေပေ။ ထန်ချောင်းချောင်းသည် အမြဲ ပါပါရာဇီတွေထံ ဓာတ်ပုံရိုက်ခံရမည်ကို ကြောက်နေသည်။ ထပ်ပေါင်းပြောရလျှင် ရှန်းယွဲ့၏ခြေဖဝါးများသည် နာကျင်မှုကို စတင်ခံစားလာရပြီး ဒေါက်တာလျူသည် ရှန်းယွဲ့ကို ပေကျင်းသို့ ချက်ချင်း ပြန်လာရန် တိုက်တွန်းသည့် ဖုန်းကောများ ဆယ့်ရှစ်ကောတောင် ပြုလုပ်ထားသည်။ ရှန်းယွဲ့၏ အခြေအနေသစ်အတွက် ကျွမ်းကျင်သော ပါရဂူများနှင့် ဆွေးနွေးပွဲကျင်းပချင်နေသည်။
ထို့ကြောင့် ရှန်းယွဲ့သည် ပေကျင်းသို့ ပြန်ရန်လေယာဉ်ပေါ်တတ်ရတော့သည်။ သူလေယာဉ်ပေါ်မသွားခင်တွင် ထန်ချောင်းချောင်းသည် သူ့ကို ပန်းရောင်နေ့လည်စာဘူးလေးထုပ်ပေးလိုက်သည်။
“ ရှင်လေယာဉ်ပေါ်ကအစားစာတွေ မစားချင်ရင် ဒီဟာကိုစားလိုက်နော် ”
ရှန်းယွဲ့ဖွင့်လိုက်သောအခါ ဝက်ခြေထောက်များကို မြင်လိုက်ရသည်။
ဒီတစ်ခါ နှပ်ထားသော ဝက်ခြေထောက်များဖြစ်သည်။
“မင်းတမင်လုပ်နေတာလား?” ရှန်းယွဲ့သည် ဝက်ခြေထောက်များကို ရက်အတော်ကြာအောင် အကျွေးခံ၍ အခု သူမြင်နေသမျှသည် ဝက်ခြေထောက်များသာဟု ခံစားလိုက်ရသည်။
“ ဒီဟာကို ကျွန်မရဲ့ အထူးလျို့ဝှက်ချက်ပြုတ်နည်းနဲ့ ငါးနာရီကျော်ကြာအောင် ချက်ပြုတ်ထားတာ ” ထန်ချောင်းချောင်းသူမ၏ နူးညံ့သော အဖြူရောင် လက်ငါးချောင်းကို ဆန့်ထုတ်၍ လေးလေးနက်နက် ပြောလိုက်သည်။ “ ရှင် မစားချင်ဘူးဆိုရင် ကျွန်မကို ပြန်ပေးလေ ”
လီကျီသည် ဒီဖက်တိုးလာ၍ မျက်နှာချိုသွေးသော အပြုံးဖြင့် ပြောလေသည်။ “ မရီး သူဌေးက အဲ့တာကို စားရတာကို ငြီးငွေ့နေပြီိ။ ကျွန်တော့ကို ပေးပါလား။ ကျွန်တော် စားနိုင်သလောက်များများ စားမှာပါ။ ”
ထန်ချောင်းချောင်း၏ အချက်အပြုတ်စွမ်းရည်သည် တကယ့်ကို အံ့သြစရာကောင်းလေသည်။ သူသည် သူဌေး၏ အစားအစာတွေကို သုံးရက်တွင် ပါးစပ်အပြည့်ဖြင့် စားခဲ့ရသည် သူ အချိန်တိုင်း အဲ့သည်အကြောင်းသာ တွေးနေမိတော့သည်။
“ ကောင်းပြီလေ ကျွန်မ ရှင့်ကိုပေးလိုက်မယ်။ ” ထန်ချောင်းချောင်းသည် ရှန်းယွဲ့ဆီမှ ပြန်ယူရန် သူမ၏လက်ကို ဆန့်ထုတ်လိုက်သည်။
ရှန်းယွဲ့သည် သူမ၏လက်ကို ရှောင်၍ နေ့လည်စာဘူးကို ကျစ်ကျစ်ဆုပ်ကိုင်လျက် လီကျီကို အေးစက်စွာ ပြောလိုက်သည်ꩻ “ မင်း အာဖရိကကို သွားပြီး အဲ့မှာ အစားအစာတွေကို စမ်းစားချင်နေတယ်လို့ ငါထင်တယ်။ ”
လီကျီသည် အာဖရိကမှ နောက်ထပ်ခြိမ်းခြောက်မှု ရရှိလိုက်သည်။ သူ မလွတ်မြောက်နိုင်ပေ။
ထန်ချောင်းချောင်းသည် သူ၏အစားအစာကို ကာကွယ်နေသည့် ရှန်းယွဲ့၏ပုံစံကို ကြည့်၍ သဘောကျနေသည်။
“ ကျွန်မ နောက်ထပ် ဝက်ခြေထောက်ကိုချက်ပြုတ်နည်း ရှာတွေ့ခဲ့ရင် ကျွန်မ ပြန်ရောက်တဲ့အခါ ရှင့်အတွက် လုပ်ပေးမယ် ”
ရှန်းယွဲ့သည် သူမကို ဆွံအနေသော အကြည့်တစ်ချက်သာ ပေးလေသည်။ သူ့မျက်နှာအမူအရာက ထိုဟာကို ငြင်းပယ်ပုံရသော်လည်း သူလေယာဉ်ပေါ်ရောက်ချိန်တွင် လီကျီသည် နှပ်ထားသော ဝက်ခြေထောက်များကို သူ့ boss ကသူ့ကို တစ်ကိုက်တောင်မကျွေးဘဲ အကုန်စားလိုက်သည်ကို ဗလာအကြည့်ဖြင့်သာ ကြည့်နေလိုက်တော့သည်။
......
ထန်ချောင်းချောင်း၏ ရုပ်ရှင် ရိုက်ကူးခြင်းသည် ချောမွေ့နေပေသည်။ တစ်နေ့တွင် သူမသည် အရင်က သူမ၏ ကောမာရှယ်ရုပ်ရှင်ကို ရိုက်ကူးသော ဒါရိုက်တာမှ ဖုန်းခေါ်လာခြင်းကို လက်ခံရရှိလေသည်။
ဒါရိုက်တာသည် ဒီတစ်ကြိမ်တွင် ရသစုံရှိုးတစ်ခုတွင် ပါဝင်စေချင်သည်။ သူသည် ထန်ချောင်းချောင်းနှင့် တွဲလုပ်ရာတွင် အချိန်ကောင်းလေးရခဲ့သောကြောင့် သူ သူမသည် ဒီရှိုးအတွက် သင့်တော်သည်ဟုခံစားရသောကြောင့် သူသူမကို ပါဝင်ရန် ချက်ချင်း ဖိတ်ခေါ်ခဲ့ခြင်းဖြစ်သည်။
ရှိုး၏အမည်သည် “ ကန္တာရတွင် ရှင်သန်ခြင်း ” ဖြစ်သည်။ ရှိုး၏နာမည်သည် ကြယ်ပွင့်များအတွက် တွေ့ကြုံရမည့် အခြေအနေကို ညွှန်ပြနေသည်။
ထန်ချောင်းချောင်းသည် အစ်ကို ချမ်ကို ပြောပြလိုက်ရာ သူသည် ထုံးစံအတိုင်း သဘောတူလေသည်။ ထန်ချောင်းချောင်း အပိုင်းတစ်ပိုင်းစာသာ ရိုက်ကူးရလျှင်တောင် သူမ ပါဝင်သင့်ပြီး သူမ၏မျက်နှာပြပေးသင့်သည်။ ဒါမှသာ သူမ ရိုက်ကူးရေး လုပ်နေစဉ်တွင် အင်တာနက်သုံးသူများသည် သူမကို မမေ့စေရန် ဖြစ်သည်။ ဒါ့အပြင် ထန်ချောင်းချောင်းသည် ထိုအချိန်တွင် အခြားလုပ်စရာတစ်ခုခု ရှိမှာမို့လား?
“ကျွန်တော်တို့ မ်ိသားစု” သည် ဇာတ်လမ်းတွင် အကူးအပြောင်းကြောင့် သူမသည် နောက်နှစ်ရက် သုံးရက်ထိ ဘာမှလုပ်စရာမရှိပေ။ ပြောစရာပင်မလိုချေ။ ထန်ချောင်းချောင်းသည် ကမ်းလှမ်းမှုကို လက်ခံလိုက်လေသည်။
Xxxxxxx