အပိုင်း ၆၄
Viewers 23k

Chapter 64


မှားယွင်းသော အချက်ပေးမှုပါပေ။ ရှုယုယီသည် ထိုအရာကို မြင်ခဲ့စဉ်က အသက်သေတော့မည်ထင်၍ မြေကြီးပေါ်သို့ပင် ပြုတ်ကျခဲ့ရလေသည်။


သို့သော် ထန်ချောင်းချောင်းအတွက်ကတော့ ထိုမှိုသည် အဖိုးတန်ရတနာတစ်ခုကဲ့သို့ ဖြစ်နေလေသည်။


"ကျွန်မတို့ ခုနကပဲ မျှစ်တွေတူးထားတာ...အခုလည်း ဝါးမှိုကိုတွေ့ပြန်ပြီ...ဒီတောအုပ်က တကယ့်ကို ရတနာသိုက်ကြီးပဲ..."


ရှုယုယီ၏နှလုံးသားလေးသည် တုန်ယင်နေဆဲဖြစ်၍ မယုံကြည်သည့်အလား ခပ်တိုးတိုး ရေရွတ်နေမိသည်။


"ရှုယုယီဆိုတဲ့ငါက မှိုပွင့်သေးသေးလေးကြောင့် တကယ်ပဲကြောက်သွားခဲ့ရတယ်ပေါ့...ငါ့ရဲ့ ဂုဏ်သိက္ခာတော့ ဘယ်နားသွားရှာရပါတော့မလဲ..."


ဝေ့ရီချီက ထန်ချောင်းချောင်းနားသို့ တိုးကာ နှုတ်ခမ်းကို လျက်လိုက်သည်။


"ကျွန်တော်တို့ ဒါကို ဘယ်လိုစားကြမလဲ..."


ထန်ချောင်းချောင်းက ရယ်လိုက်သည်။


"ဘယ်လိုစားစား ဒီမှိုက အရသာရှိနေမှာ...ဒါပေမယ့် စတူးလုပ်စားတာကတော့ အာဟာရအရှိဆုံးပဲ..."


ထန်ချောင်းချောင်းနှင့် ဝေ့ရီချီတို့ နှစ်ဦးသားသည် ခေါင်းချင်းဆိုင်၍ မည်သို့စားသင့်ကြောင်း တိုင်ပင်ပြီးသောအခါ ထန်ချောင်းချောင်းသည် ခေါင်းကိုလှည့်၍ ရှုယုယီအား အော်လိုက်သည်။


"အော်နေတာ ရပ်ပါတော့...အခုချက်ချင်း မြန်မြန်ထပြီး မျှစ်တွေ ဆက်ရှာဦး..."


【မှိုကိုမြင်တုန်းက ထန်ချောင်းချောင်းရဲ့ မျက်လုံးတွေ တောက်ပသွားတာကို ကြည့်ဦး ဟားဟားဟားဟား...】


【ချောင်းပေါင်က မျှစ်တွေနဲ့ ဝါးမှိုကိုကိုင်ထားတာ ရှဉ့်လေးက အိမ်ကို စားစရာတွေ ပြန်သယ်သွားတဲ့ပုံနဲ့တူလိုက်တာ ချစ်စရာလေး...】


【ဟားဟားဟား...ရှုယုယီ သေလောက်တဲ့အထိ ကိုယ့်ကိုယ်ကိုယ်သနားနေတာကို ဘယ်သူမှ ဂရုမစိုက်ကြဘူး...ထန်ချောင်းချောင်းနဲ့ ဝေ့ရီချီတို့က ဝါးမှိုကို ဘယ်လိုစားရမလဲဆိုတာပဲ အာရုံစိုက်နေကြတာ...】


ထန်ချောင်းချောင်းသည် ရှာနိုင်သမျှ ဝါးမှိုများကို ဆွဲနှုတ်လိုက်၍ ဘေးနား၌ ဆက်ရှာနေလိုက်သေးသည်။ ခဏကြာသောအခါ မျှစ်များစွာနှင့် ဝါးမှိုအနည်းငယ်ကို ထပ်ရှာတွေ့သွားသည်။


"ရှေ့ဆက်သွားကြရအောင်...ဒီ ဝါးတောအုပ်က ထူတော့ အနီးအနားမှာ စမ်းချောင်းရှိလောက်တယ်..."


ဝေ့ရီချီက ကုတ်အင်္ကျီကိုချွတ်၍ မျှစ်စို့များနှင့် ဝါးမှိုများကို ထုပ်လိုက်သည်။ သူတို့သည် ဝါးပင်အချို့ကိုလည်း ခုတ်၍ နွယ်ပင်များနှင့် ချည်ကာ ထည့်စရာများအဖြစ် ယူဆောင်ခဲ့ကြသည်။


ဝေ့ရီချီသည် မှိုလေးကြောင့် သူကြောက်လန့်သွားရသည့်အကြောင်းကို ပြောမဆုံးဖြစ်နေလေသည်။ သူသည် လွယ်လွယ်နှင့် ကြောက်တတ်သူမဟုတ်ကြောင်းကို သက်သေပြရန် ခြေထောက်များအောက်သို့လည်း မကြာခဏ ကြည့်နေသေးသည်။


နောက်ဆုံးတွင်တော့ ရှုယုယီ တစ်စုံတစ်ခုကို ရှာတွေ့သွားလေသည်။


"ဒီမှာကြည့်...ငါလည်း မှိုတွေ တွေ့ပြီ..."


ရှုယုယီက သေနေသော သစ်ပင်ကြီးတစ်ပင်ကိုလက်ညှိုးထိုး၍ စိတ်လှုပ်ရှားစွာအော်ပြောလိုက်သည်။ ထိုသစ်ပင်ကြီးအောက်၌ မှိုပွင့်ပေါ်၌ အဖြူရောင်အစက်လေးများပါသော အဝါဖျော့ရောင်မှိုများ တစ်စုတစ်ဝေးတည်း ရှိနေကြသည်။


ရှုယုယီက အမြန်ပြေးကာ ဆွတ်ယူမည်အလုပ်တွင် ထန်ချောင်းချောင်းက ချက်ချင်းပင် သူ့ရှေ့၌ ရပ်လိုက်သည်။


"ဒါက အဆိပ်ရှိတဲ့မှိုအမျိုးအစားတွေ...စားလိုက်ရင် မိသားစုတစ်စုလုံးတောင် သေသွားနိုင်တဲ့အမျိုးတွေ..."


ရှုယုယီက ချက်ချင်ပင် နောက်သို့ ဆုတ်လိုက်မိသည်။


"ဒါက အဆိပ်ရှိတာ သေချာလို့လား...အဆိပ်ရှိတဲ့မှိုတွေက အရောင်တောက်တယ်ဆို..."


"ရှင်မယုံရင် စားကြည့်လေ..."


ရှုယုယီက တကယ်ပင် စမ်းကြည့်ဖို့လုပ်နေသေးသည်။


"ယူနန်မှာ စားလိုက်ရင် လူတွေ ကနေကြတာ တွေ့ဖူးတယ်...ငါ အမြဲစားကြည့်ချင်ခဲ့တာ..."


ထန်ချောင်းချောင်းသည် ရှုယုယီအား ဆွံ့အစွာကြည့်လိုက်သည်။ သူသည် တကယ်ပင် ဘာမှမသိနားမလည်သည့် သူဌေးသားဆိုသည်မှာ ငြင်းဖွယ်ရာမရှိပါချေ။


သူ တော်တော်တုံးတာပဲ...


နောက်ဆုံးတော့ ရှုယုယီအား ဝေ့ရီချီက ဆွဲခေါ်လာရတော့သည်။


ဝေ့ရီချီသည် လမ်း၌ သစ်အယ်ပင်တစ်ပင်ကိုတွေ့ကာ ဟင်းသီးဟင်းရွက်ရိုင်းများအချို့ကိုလည်း တူးဖော်ခဲ့သေးသည်။ လူတိုင်း၏အဝတ်အစားမှ အိတ်များသည် ဖောင်းကားနေတော့သည်။ အိတ်ထဲထည့်၍ မဆန့်သည်များကို ကြိုးနှင့်ချည်၍ သယ်လာကြသည်။


【သူတို့တွေက တောရိုင်းထဲမှာ ရှင်သန်ဖို့သွားကြတာလား...ဟင်းသီးဟင်းရွက် သွားတူးကြတာလား...】


【သူတို့တွေ စားစရာ သောက်စရာမရှိမှာကို ငါက စိတ်ပူနေမိတာ...အခုတော့ သူတို့ရှာတွေ့ထားတာတွေက ငါစားရင်တောင် ကုန်တော့မှာမဟုတ်ဘူး...】


【ငါ ဒီကို လာတာ အနုပညာရှင်တွေ ညည်းညူပြီး ဒုက္ခရောက်တာကို ကြည့်ဖို့ လာခဲ့တာ...အခုတော့ ထန်ချောင်းချောင်း ဦးဆောင်တဲ့လူတွေက အကုန်အေးအေးဆေးဆေးပဲ ဖြစ်နေကြတယ်...】


【အပေါ်ကလူ...မင်း ဒီလိုပြောတာ နောက်တစ်ဖွဲ့ကို မတွေ့ရသေးလို့ဖြစ်မယ်...နောက်တစ်ဖွဲ့ကတော့ မင်းဆန္ဒကို ဖြည့်ပေးနိုင်လိမ့်မယ်...】


ဝမ်ရှင်းအာသည် နာကျင်နေပုံပေါ်နေ၍ လမ်းလျှောက်ရင်းဖြင့် လက်ထဲမှ ပိုးကောင်ကာကွယ်သည့်ဆေးဘူးကို ဖြန်းနေသည်။


"ဒီပိုးကောင်တွေက ဘာဖြစ်လို့ ကျွန်မနောက်ကိုပဲ လိုက်နေကြတာလဲမသိဘူး..."


ကောပေါင်က ဝမ်ရှင်းအာရှေ့မှလျှောက်၍ ညင်သာသည့် လေသံဖြင့် ပြောလိုက်သည်။


"မင်းက မိတ်ကပ်တွေအများကြီးလိမ်းထားပြီး ရေမွှေးနံ့ကလည်း အရမ်းပြင်းတော့ ပိုးကောင်တွေကို ဆွဲဆောင်သလိုဖြစ်နေလို့ နေမှာပေါ့..."


"ဘာဖြစ်တယ်...ဒီမိတ်ကပ်တွေကလည်း ပိုးကောင်တွေကို ဆွဲဆောင်နိုင်တာလား..."


ဝမ်ရှင်းအာသည် ပိုးကောင်များ၏ နှိပ်စက်ခြင်းကို ခံနေရလေသည်။ ပိုးကောင်ကာကွယ်သည့်ဆေးကလည်း ဘာမှသိပ်မကာကွယ်ပေးနိုင်သလိုဖြစ်နေသည်။


ဝမ်ရှင်းအာသည် မနေနိုင်တော့ပဲ ပိုးကောင်များကို ဖယ်ရှားရန် လက်များကို စိတ်တိုတိုနှင့် ဝှေ့ယမ်းလိုက်သည်။ သို့သော် မတော်တဆဖြင့် သစ်ကိုင်းပေါ်မှ လျှောတောတောနှင့် အနည်းငယ်ကပ်စေးသော အရာတစ်ခုနှင့် ထိမိသွားသည်။ ထိုအရာသည် တစ်ချက်ကြည့်ရုံဖြင့် ခူကောင်မှန်း သိသာနေလေသည်။


ဝမ်ရှင်းအာသည် ချက်ချင်းပင် အော်ဟစ်ကာ ထိုခူကောင်ကို ဖယ်ထုတ်ရန် လက်ကို ရှေ့နောက် လွှဲခါနေတော့သည်။


ကောပေါင်က ဝမ်ရှင်းအာ၏နောက်သို့ လှမ်းကြည့်၍ ခပ်ဆတ်ဆတ်ပြောလိုက်သည်။


"သတိထား...နောက်မဆုတ်လိုက်နဲ့..."


ကံမကောင်းစွာပင် ကောပေါင်သတိပေးသည်က နောက်ကျသွားခဲ့သည်။ ဝမ်ရှင်းအာသည် သူမနောက်မှ ရွှံ့အိုင်ထဲသို့ နင်းမိသွားသည်။ ထိုမျှနှင့် မပြီးသေးချေ။ ဝမ်ရှင်းအာသည် သူမနှင့်အနီးဆုံးဖြစ်သည့် ကျန်းယန်အား လှမ်းဆွဲလိုက်သောကြောင့် ကျန်းယန်လည်း မထိန်းနိုင်ဖြစ်ပြီး သူ့ခြေထောက်တစ်ဝက်သည်လည်း ရွှံ့ထဲသို့ ကျသွားလေသည်။


ကောပေါင်၏ ပုံမှန်အားဖြင့် ကြင်နာတတ်‌သော မျက်နှာသည်ပင် အလွန်ရုပ်ဆိုးနေတော့သည်။ သူတို့အား မကူညီနိုင်သည့်အပြင် ပို၍ပင် ဒုက္ခများပေးနိုင်သည့် ဤမျှ ညံ့ဖျင်းသောမိန်းမမျိုးလည်း ရှိသေးသည်လား။


【ဟာ သွားပြီ...အဲ့မိန်းမကတော့ သေလိုက်ပါတော့...】


【ဝမ်ရှင်းအာက သူ့ဘာသာသူ ဒုက္ခရှာရတာ အားမရလို့ ဘာဖြစ်လို့ ကျန်းယန်ကိုပါ ဆွဲခေါ်နေတာလဲ...ဒီအဖွဲ့ထဲမှာ အဲ့ဒီမိန်းမကို ငါ တော်တော်ကြည့်မရဘူး...】


ကောပေါင် သက်ပြင်းချလိုက်၍ လူနှစ်ယောက်ကို ဆွဲထူလိုက်သည်။ ကံကောင်းစွာပင် ထိုရွှံ့အိုင်က ညွန်များမဟုတ်ပေ။ ညွန်များသာ ဖြစ်နေပါက ရိုက်ကူးရေးသည် စောစီးစွာပင် အဆုံးသတ်သွားပေလိမ့်မည်။


ဝမ်ရှင်းအာ၏ ခန္ဓာကိုယ်အောက်ပိုင်းသည် ညှီစော်နံ့သည့် ရွှံ့များဖြင့် ပေနေတော့သည်။ သူမသည် မြေပေါ်၌ ထိုင်၍ ထိုနေရာ၌ပင် အော်ငိုနေတော့သည်။ သူမ ဤရှိုးကို ဆက်မရိုက်ပဲ အိမ်ကိုသာ ပြန်‌ချင်နေမိတော့သည်။


ကျန်းယန်၏မျက်နှာသည်လည်း ရှုံ့မဲ့နေသော်လည်း သူတို့အားလုံးသည် ကင်မရာရှေ့၌ပင် ရှိနေကြသေးသည်မဟုတ်လား။ ပရိသတ်များက ကြည့်နေကြဆဲဖြစ်ရာ သူတို့၏ဒေါသကို ထိန်း၍ ဝမ်ရှင်းအာ အား နှစ်သိမ့်ပေးလိုက်ရသည်။


"မငိုပါနဲ့...ငါတို့ ထောက်ပံ့ရေးစခန်းကိုရောက်ရင် အဝတ်အစားအသစ်တွေ တွေ့လောက်မှာပါ..."


ကောပေါင်က ဝင်ပြောလိုက်သည်။ စကားလုံးအနည်းငယ်ဖြင့် နှစ်သိမ့်ပေးပြီးသောအခါ သူတို့သည် ဝမ်ရှင်းအာ အား ဆွဲထူ၍ ရှေ့သို့ ဆက်သွားလိုက်ကြသည်။


သူတို့အားလုံးသည် ဝမ်ရှင်းအားကိုညှာ၍ နှေးကွေးစွာ လျှောက်နေကြခြင်းမဟုတ်ပေ။ အချိန်ကြာမြင့်စွာ စားစရာ သောက်စရာ မရသောအခါ လူ၏ခန္ဓာကိုယ်သည် ပင်ပန်းလာသည်ပင်ဖြစ်သည်။


နောက်ဆုံးတွင်တော့ သူတို့သည် ဇီးသီးရိုင်းပင်တစ်ပင်ကို တွေ့သွားကြသည်။ ကောပေါင်နှင့် ကျန်းယန်တို့သည် အလွန်ပျော်ရွှင်စွာဖြင့် ဇီးသီးများကို ခူးလိုက်ကြသည်။ သူတို့သည် ဇီးသီးများကို အင်္ကျီသန့်သည့်နေရာဖြင့် ပွတ်ကာ စားလိုက်ကြသည်။


ဝမ်ရှင်းအာကတော့ ဇီးသီးကိုကိုင်ကာ မျိုချမရဖြစ်နေလေသည်။ ထိုအသီးကို ရေမဆေးပဲ သူမ မည်သို့ စားနိုင်ပါမည်နည်း။


ကောပေါင်က မျက်နှာသေဖြင့်ပြောလိုက်သည်။


"ဂျီးများမနေနဲ့လေ...ခန္ဓာကိုယ်ထဲကို ရေမဖြည့်ပေးရင် ရေဓာတ်ခန်းခြောက်သွားလိမ့်မယ်..."


ဝမ်ရှင်းအာ၏ ပါးစပ်များသည် ရှုံ့မဲ့သွားကြသည်။ သို့သော် ခဏမျှ စဉ်းစားပြီးသောအခါတွင်တော့ ဇီးသီးအချို့ကို နာကျင်စွာ ဝါးလိုက်တော့သည်။


ဤအဖွဲ့က ရေဓာတ်အနည်းငယ်ရရန်အတွက် ဇီးသီးများကို အားပြုနေရသော်လည်း ထန်ချောင်းချောင်း၏အဖွဲ့ကတော့ စမ်းချောင်းလေးတစ်ခုကို ရှာတွေ့သွားကြပြီဖြစ်သည်။


စမ်းချောင်းထဲ၌ ငါးအချို့ ကူးခတ်နေကြသည်။


"ဒီမှာ စားစရာအသားတွေရှိတယ်..."


ရှုယုယီက ဖိနပ်များကိုချွတ်ကာ ငါးဖမ်းရန် ရေထဲသို့ ဆင်းသွားလိုက်သည်။ သို့သော် ငါးများက အလွန်ပင် ချော်နေကြသည်။ ငါးဖမ်းရသည်မှာ မလွယ်ကူပါချေ။


ဝေ့ရီချီကတော့ သဘောပေါက်စပြုနေပြီဖြစ်သည်။


ထို့ကြောင့် ထန်ချောင်းချောင်းဘက်သို့လှည့်၍ သနားစဖွယ်အကြည့်လေးဖြင့် ကြည့်လိုက်သည်။


အစ်မချောင်းချောင်းကယ်မှသာ ဝေ့ရီချီ အသားစားရမည်ဖြစ်ပေသည်။


ထန်ချောင်းချောင်းသည် တုတ်တစ်ချောင်းကိုရှာ၍ အဖျားကို ချွန်ကာ စမ်းချောင်းဘေး၌ ရပ်လိုက်သည်။ ထို့နောက် အချိန်ကောင်းကိုစောင့်၍ ငါးတစ်ကောင်ကို တုတ်နှင့် လျင်မြန်စွာ ထိုးချလိုက်တော့သည်။


ရှုယုယီ: "..."


ဤကဲ့သို့ အဖြစ်အပျက်များစွာကြုံပြီးသည့်နောက်တွင် ရှုယုယီသည် ဒူးထောက်၍ ထန်ချောင်းချောင်းအား "အဖေ" ဟုပင် ခေါ်လိုက်ချင်တော့သည်။


【ဒါ ငါ့အစ်မချောင်းပဲ...လူတွေ သူ့ကို မကောင်းမပြောကြနဲ့ ဟားဟားဟား...】


ထန်ချောင်းချောင်းသည် ငါးသုံးကောင်ကို ဆက်တိုက်ဖမ်းလိုက်၍ ကျောက်တုံးတစ်တုံးကိုလှန်ကာ လိပ်ဝဝတစ်ကောင်ကိုလည်း ရှာတွေ့သွားသည်။


သူမသည် ငါးများကို ကိုင်၍ဆေးကြောကာ သစ်သားချောင်းများနှင့် ထိုးထားလိုက်သည်။


ဝေ့ရီချီက မီးခြစ်ဖြင့် မီးဖိုလိုက်၍ ငါးများကို ကင်ရန် မီးပုံပေါ်၌ တင်ထားလိုက်သည်။


ရှုယုယီကတော့ ဘေးတွင်ထိုင်ကာ လောဘကြီးသည့်ပုံဖြင့် လက်များကို ပွတ်နေသည်။


"ဆားလေးရှိရင် ပိုကောင်းမှာ...ဆားသာမပါရင် တစ်ခုခုလိုနေသလိုပဲ..."


ထိုအချိန်၌ ထန်ချောင်းချောင်းသည် သူမ၏ခါး၌ချိတ်ထားသော အိတ်လေးကို ဆွဲဖြုတ်လိုက်သည်။ ထိုအိတ်ထဲမှ သံဗူးအရှည်လေးတစ်ခုကိုထုတ်၍ အဖုံးကို အနည်းငယ်ဟလိုက်သည်။


"ဒီမှာ ဆား...ငရုတ်သီးမှုန့်ရော ထည့်ချင်သေးလား...တကယ်တော့ ငါးကင်ကို ဇီရာမှုန့်ဖြူးလိုက်ရင် အရမ်း‌မွှေးတာ..."


ရှုယုယီ နှင့် ဝေ့ရီချီ: ???


ကြည်လင်​နေ​သော စမ်း​ချောင်း​လေးက ​တောင်များအကြား တပွက်ပွက်အသံ ဆူ​နေပြီး စိမ်းလန်း​နေ​သော သစ်ပင်များကလည်း နှစ်ဖက်လုံးတွင် ဝန်းရံထား​လေသည်။ 


နက်​စောက်လှ​သော ​တောင်တန်းကြီး​၏ အလှ​အောက်တွင် ထန်​ချောင်း​ချောင်း၊ ​ဝေ့ရီချီနှင့် ရှုယွီရီ တို့က ​ချောင်း​လေး​ဘေးမှ ​နေရာ ပြန့်ပြန့်​လေး​တွင် မီး​မွှေးကာ ငါးကင်​နေခဲ့သည်။


ထန်​ချောင်း​ချောင်းက သူမခါးရှိ အိတ်က​လေးမှ အရသာမှုန့်သံဘူး​လေးအား ​စိတ်​အေးလက်​​အေး အမူအယာဖြင့် ထုတ်ယူလိုက်ခြင်း​ကြောင့် အခြားဧည့်သည်နှစ်ဦးနှင့် သူတို့​​နောက် လိုက်ပါ​နေ​သော ကင်မရာမန်းပါ ကြက်​သေ​သေသွားကြ​တော့သည်။ 


အထူးသဖြင့် ရှုယုယီ၏ မျက်လုံးများမှာ ​ပေါက်ကွဲထွက်​တော့မတတ်ပင်။ သူ့အမူအယာက တိုက်ရိုက် ထုတ်လွှင့်မှုမှ ကြည့်ရှုသူများကို ​ချက်ချင်း ကျေနပ်အားရ ဖြစ်သွား​စေခဲ့သည်။


【ဆရာရှုက အခု သူ့မျက်စိ​တွေ မှား​နေပြီလားလို့ ထင်​နေတာ ​နေမယ် LOLLL】


【ဟားဟားဟား ထန်​ချောင်း​ချောင်း ခါးမှာ ချိတ်ထားတဲ့ ရတနာက တကယ်​တော့ အရသာမှုန့် ဖြစ်​နေခဲ့တာကိုး】


【ထန်​ချောင်း​ချောင်းလို အစားကြိုက်သူ​လေးအတွက် ထင်ထားသလိုပဲ​နော်... ​တောနက်ထဲ ​ရောက်​နေရင်တောင် ဘဝမှာ အ​ရးအကြီးဆုံးက စား​ကောင်း ​သောက်​ကောင်းဖို့ပဲ】


【​ချောင်း​ပေါင်​လေးက အမြဲတမ်း အများအမြင်နဲ့ ဆန့်ကျင်ဘက် ကဒ်​တွေ ထုတ်ပြ​နေ​တော့တာပဲ... သူ​လေးက တကယ် ရယ်ရတာ】


【​ကျေးဇူးပြုပြီး သူမနဲ့ အတူ သည်းခံလိုက်ပါနော်... ငါ့အိုင်​ဒေါလ်ရဲ့ စတိုင်က ဒီလို ဖြစ်​နေပြီ (မျက်နှာကို အုပ်လျက်)】


【တကယ်​တော့​လေ ထန်​ချောင်း​ချောင်းဆီက ​မျှော်လင့်ထားတဲ့ အတိုင်းပဲ... သူက ဘယ်သွားသွား အစားအ​သောက်နဲ့ကို မကင်းနိုင်ဘူး】


【ဒါက ​တောရိုင်းထဲက survival show​နော် အိမ်မှာ ကစား​နေတာ မဟုတ်ဘူး... ထန်​ချောင်း​ချောင်းက အရသာမှုန့် ပုလင်းကိုပဲ ယူလာတယ်​ပေါ့... ​ပေါ့​ပေါ့တန်တန် ​နေလွန်းတယ်... Task​တွေကိုသာ တစ်​ယောက်တည်း လုပ်ရရင် သူ့ရဲ့ အသင်း​ဖော်​တွေကိုပါ လှည့်စားရ​တော့မှာ... အရသာမှုန့်အရူးမ】


ရှုယုယီက ထို​မေးခွန်းကိုသာ တိုက်ရိုက် ​​မေးလိုက်သည်။


 "မင်းက ​တောထဲမှာ အသက်ရှင်ဖို့ ဒီပစ္စည်းကိုပဲ ယူလာတာလား... ငါတို့နဲ့သာ အဖွဲမကျရင် မီး​တောင် ​မွှေးနိုင်ပါ့မလား... အနည်းဆုံး​တော့ မရှိမဖြစ် လိုအပ်တဲ့ ပစ္စည်း​ကိုတော့ ယူလာအုံးမှ​ပေါ့"


"မီး​မွှေးရတာ ခက်လို့လား" ထန်​ချောင်း​ချောင်းက ​မေးလိုက်သည်။


ထို့​နောက် သူမက သစ်ကိုင်း​ခြောက်​လေး တစ်ခုကို ရှာ​တွေ့သွားပြီး သစ်ကိုင်း​အောက်တွင် မြက်​ခြောက် ဖွာဖွာ​လေးများကို ထားလိုက်သည်။ ထို့​နောက် သူမက ပို​သေး​သော တုတ်​ချောင်းကိုယူကာ သစ်ကိုင်း​​ခြောက်ချောင်းထံမှ သူမ​ဖောက်ထား​​သော အ​ပေါက်​လေးနှင့် ခပ်မတ်မတ် ညှိယူလိုက်သည်။ ထို့​နောက်တွင် သူမက တုတ်​ချောင်း​အ​သေးကို လက်များဖြင့် စတင် ပွတ်လိုက်သည်။ သူမ၏ အရှိန်က အ​တော် မြန်လှသဖြင့် အခြားသူများက အဆုံးသတ်ပုံရိပ်ကိုသာ မြင်လိုက်ရသည်။


Xxxxxxx