Chapter 65
ဝါးခွက်ထဲမှ လိပ်သားစွပ်ပြုတ်
ထို့နောက်တွင် သူမက တုတ်ချောင်းအသေးကို လက်များဖြင့် စတင် ပွတ်လိုက်သည်။ သူမ၏ အရှိန်က အတော် မြန်လှသဖြင့် အခြားသူများက အဆုံးသတ်ပုံရိပ်ကိုသာ မြင်လိုက်ရသည်။
အချိန်တိုအတွင်းမှာပင် သစ်သားချောင်းလေးထံမှ အဖြူရောင် မီးခိုးများ ထွက်လာပြီး အချိန်နှင့်အမျှ မီးပွားလေးများ ထွက်ပေါ်လာတော့သည်။ မီးပွားလေးများ တုတ်ချောင်းအောက်မှ မြက်ခြောက်ပေါ်ကို ကျသည်နှင့် ရုတ်တရက် ဆိုသလိုပင် မီးတောက်လေးများ တောက်လာခဲ့သည်။
ရှုယုယီက ဤအချိန်၌ လုံးလုံး လက်ခံသွားပေပြီ "အခုကစပြီး မင်းကို အဖေလို့ပဲ ခေါ်တော့မယ်"
ထန်ချောင်းချောင်း: "ကျေးဇူးပါ... ဒါပေမယ့် ရှင့်လိုသားမျိုး မွေးဖို့ ကျွန်မက ငယ်လွန်းသေးတယ်"
ရှုယုယီက သူ့မျက်နှာကို ထိကာ ပြောလိုက်သည်။ "မင်းဘာလို့ အားလုံး လုပ်နိုင်နေရတာလဲ... မင်းလို မိန်းကလေးမျိုး တစ်ခါမှ မတွေ့ဖူးဘူး"
ထန်ချောင်းချောင်းက အမူအယာမဲ့စွာ ရှိနေပြီး သူ့ကို ပြန်ပြောလိုက်သည်။
" မိန်းကလေးတိုင်းက ပြိုင်ဘက်ကင်းတွေပဲ... ဒါပေါ့... ရှင် ကျွန်မလို လူမျိုး မတွေ့ဖူးသေးဘူး... ရှင်မှ ကျွန်မကို မသိတာ"
【ဟားဟားဟား... ရှုယုယီကတော့ စနောက်တဲ့နေရာမှာ ကျရှုံးသွားပြီ... ထန်ချောင်းချောင်းက သံမဏိရဲ့ သမီးတော်ပဲ】
【ခုနက ငါပြောလိုက်တဲ့ ထန်ချောင်းချောင်း သူ့အဖွဲ့သားတွေကို လှည့်စားလိမ့်မယ်လို့ ပြောတဲ့စကားကို ပြန်သိမ်းလိုက်ပြီနော်... သူက သူတို့အားလုံးထက်ကို ပိုတော်နေရုံပဲ】
【ငါနားလည်သွားပြီ... အခြားသူတွေက ရှင်သန်နေထိုင်ရေးအတွက် တောထဲကို သွားကြတာ... ထန်ချောင်းချောင်းကတော့ အစားအသောက်ရှိုး လွှင့်ဖို့အတွက် သွားတာပဲ】
ထို့နောက် ဝေ့ရီချီနှင့် ရှုယုယီတို့က လက်များဖြင့် ကိုင်၍ ငါးကင်နေပြီး ထန်ချောင်းချောင်းသည်လည်း ရေသာခိုမနေခဲ့ပေ။ သူမက အတော်လေး ထူကာ နှစ်ဖက်လုံးတွင် ပကတိ အတိုင်း ဖြစ်နေသည့် ဝါးလုံး သုံးခုကို ယူလိုက်သည်။ ထို့နောက် အလယ်ပိုင်းကို ဖြတ်ကာ ဖြတ်ထားသော အပိုင်းကို အပိတ်တစ်ခုစီ ရှိစေခဲ့ပြီး ကျောက်တုံးနှစ်ခု၏ အလယ်ပေါ်တွင် တင်လိုက်သည်။ သူမက ကျောက်တုံးနှစ်ခုအောက်တွင် မီးမွှေးလိုက်ပြီး ဝါးပြွန်များက ယာယီ အိုးလေးများသဖွယ် ဖြစ်သွားခဲ့သည်။
ထန်ချောင်းချောင်း ဝါးလုံးများ ကိုင်တွယ်ခြင်း လုပ်ငန်းစဥ်တစ်ခုလုံးက ချောမွေ့ကာ လွယ်လွယ်ကူကူဖြင့် ပြီးသွားသည်။ ရှုယုယီက ထိုတောခုတ်ဓါးကို ယူလာခဲ့သော်လည်း အမှန်တကယ်တွင် ၎င်း၏ အသုံးဝင်ပုံကို သေသေချာချာ မစဥ်းစားခဲ့ပေ။
သို့သော်လည်း ထိုဓါး သူမဆီသို့ ရောက်သွားအခါ ၎င်း၏ လုပ်ဆောင်ချက်များကို ရိုးရိုးရှင်းရှင်းပင် အသုံးပြုသွားခဲ့သည်။
ထန်ချောင်းချောင်း၏ ရှေ့တွင် သူနှင့် ဝေ့ရီချီမှာ မူကြို ကလေးများသာပင်။ ယခုမှ မူကြိုတက်ခါစလို ဖြစ်သွားခဲ့ရသည်။
ထန်ချောင်းချောင်းက လိပ်ဝဝကြီးကို အပိုင်းလေးများပိုင်းကာ ဆေးကြောပြီးနောက် အတုံးလေးများ တုံးပြီး ဝါးဘူးများထဲတွင် အနည်းငယ် အပူပေးလိုက်သည်။
သူမက သူမ၏ မှော်ဆန်သော အရသာ မှုန့်ဘူးကို ထုတ်၍ အောက်ခြေသို့ လှည့်လိုက်ပြီး ဝါးဘူး တစ်ခုစီသို့ ဆီအနည်းငယ် လောင်းထည့်လိုက်သည်။
ရှုယွီရီ ရှောခ့်ရသွားပြန်သည်။ "ဖာခ့် ဆီတောင် ပါတာလား"
ဆီပူလာသောအခါ ထန်ချောင်းချောင်းက ဝါးဘူးများအတွင်းသို့ ကြက်သွန်ဖြူ အနည်းငယ်ကို ကြိတ်ကာ ထည့်လိုက်သည်။
ရှုယွီရီ: "မင်းမေကြီးတော်... ကြက်သွန်ဖြူရော ပါသေးတာလား"
ထန်ချောင်းချောင်းက သူ အံ့အားတသင့် ဖြစ်နေခြင်းကို လျစ်လျူ ရှုထားပြီး ယခုလေးတင်မှ လုပ်ထားသော သစ်သားတူများဖြင့် ကြက်သွန်ဖြူများကို လှန်လှောနေသည်။ အနံ့လေး ထွက်လာသောအခါ သူမက လိပ်သားများကို အပိုင်း သုံးပိုင်းပိုင်းကာ ဝါးဘူးအတွင်းသို့ ထည့်ကာ ကြော်လိုက်သည်။ နောက်တွင် သူမက အပိုင်းလေးများ ပိုင်းထားသော ဝါးရင်းမှိုများ၊ မျှစ်များကို ဝါးဘူးများအတွင်းထည့်ကာ ရေလောင်းထည့်ပြီး ပဲပိစပ်အနှစ်၊ ဆားနှင့် ငရုတ်ကောင်းတို့ကို ဖြူး၍ အဖုံးအုပ်လိုက်ပြီး ပွက်ပွက်ဆူစေလိုက်သည်။
ရှုယုယီက သေလောက်အောင် သိချင်သွားရသည်။ ဒီ အရသာမှုန့်ဘူးက ဘယ်လိုတောင်လား... ဒိုရေမွန်ရဲ့ အိတ်ကပ်နဲ့ အတူတူလောက်ပဲ...
"မင်းရဲ့ အရသာမှုန့်ဘူးထဲမှာ ဘယ်နှမျိုးတောင် ပါတာလဲ... မီးဖိုချောင်ထဲက အရသာ ထည့်တဲ့ပစ္စည်းတွေ အကုန် ယူလာတာလား"
ထန်ချောင်းချောင်းက အလွန် တည်ငြိမ်နေသည်။ "မချဲ့ကားလွန်းပါနဲ့"
"ဘယ်က ဝယ်ခဲ့တာလဲ... ပြည်ပက မှာတာလား... မိုက်လိုက်တာ... ဘာလို့ ငါတစ်ခါမှ မတွေ့ဖူးရတာလဲ"
ရှုယုယီ၏ မျက်လုံးထဲတွင် ထန်ချောင်းချောင်း လက်ထဲမှ စတီးဘူးက အလွန် နည်းပညာမြင့်သော ပစ္စည်း ဖြစ်နေလေသည်။
ဝေ့ရီချီလည်း နားများကို သေသေချာချာ အာရုံစူးစိုက်ထားကာ နားထောင်နေသည်။ သူက ပြန်သွားလျှင် သူ့အတွက် တစ်ခုဝယ်ထားရန် စီစဥ်ထားခဲ့သည်။
ထန်ချောင်းချောင်း: "ရီဝူစျေးကလေ... စျေးပိတ်ခါနီးအချိန်မှာ ဝယ်ရင် 9ယွမ်ကျတယ်... ဘယ်မှာ သွားဝယ်ရမှန်း မသိရင် မဝယ်နဲ့"
ရှုယုယီ: ???
【ကြည့်ရတာ ထန်ချောင်းချောင်းက စျေးဆစ်ခဲ့တဲ့ ပုံပဲ... ဟားဟားဟား.. လူကြီးတွေလို ဖြစ်လွန်းသွားပြီ】
【မင်းလိုတဲ့ ပစ္စည်းကို ပြည်ပက တင်သွင်းတယ် .... ကြည့်ရတာ ငါတို့ဝယ်လာတဲ့ တင်သွင်း ပစ္စည်းတွေအားလုံးက ရီဝူစျေးမှာ ရောင်းတာပဲ... ဂုဏ်ယူနေတဲ့ မျက်နှာ】
ထိုအရသာဘူးက ချမ်းသာသော သခင်လေး နှင့် နာမည်ကျော်စတားဖြစ်သော ရှုယုယီကို ကမ္ဘာသစ်တစ်ခု ဖွင့်လှစ်ပေးခဲ့သည်။
ငါးကြင်းရိုင်းကို အပူမျှဥ်းမျှဥ်းဖြင့် ကင်ထားခဲ့သည်။ ငါးအရေခွံက အနည်းငယ် ကွေးတက်လာပြီး အထဲမှ ဖြူဖွေးပြီး နူးညံ့သော အသားပေါ်ထွက်လာကာ မီးကြွမ်းနေသော ရနံ့လေးက လေထဲတွင် ပျံ့နှံ့လာခဲ့သည်။
ထန်ချောင်းချောင်းက အပူကို ကြည့်လိုက်ပြီးနောက် ငရုတ်သီးမှုန့်နှင့် ဇီရာစေ့ အနည်းငယ်ကို ကင်ထားသော ငါးအသားပေါ်တွင် ဖြူးလိုက်သည်။ ၎င်းက ချက်ချင်းပင် ငါးကင်နှင့် ပေါင်းစပ်သွားလေသည်။ အနံ့ပြင်းပြင်းလေးက ထပ်ပေါင်း၍ မြင့်တက်လာခဲ့ပြီး လူအနည်းစု၏ နှလုံးသားကို ကြမ်းကြမ်းတမ်းတမ်း ခုန်လှုပ်သွားစေခဲ့သည်။
အစပ်အရသာက အမှန်တကယ်ပင် လူသားသမိုင်းတွင် အကြီးအကျယ်ဆုံးသော တီထွင်မှုများထဲမှ တစ်ခု ဖြစ်ပေသည်။ ငါးကြင်း၏ အပြင်ဘက် အရေခွံက ကြွပ်ရွလာသည်အထိ ကင်ထားသော်လည်း အထဲမှ အသားကမူ အလွန်အမင်း နူးညံ့ကာ အထူးသဖြင့် အတွင်းဘက်ဆုံး ဝမ်းဗိုက်နေရာမှ သဘာဝ ငါးစွပ်ပြုတ် အချို့ကို သယ်ဆောင်ထားသည်။ ဆားက ငါး၏ နူးညံ့မှူနှင့် အရည်ပြည့်မှုတို့ကို အပြည့်အဝ လှုံ့ဆော်ပေးသည်။ အနံ့လေးက လျှာဖျားပေါ်တွင် လှည့်လည် ခုန်ပေါက်နေပြီး ငရုတ်သီးမှုန့်နှင့် ဇီရာစေ့တို့ အစပ်အရသာ နှင့် တွဲစပ်နေခြင်းက မဆုံးနိုင်တော့ပေ။
ထန်ချောင်းချောင်းသည်လည်း ကင်မရာမန်းကို ထိုင်ခိုင်းကာ အတူစားသောက်စေသည်။ ကင်မရာမန်းက သူတို့နောက်မှ အချိန်အကြာကြီး လိုက်ပါခဲ့ပြီးနောက်တွင် နွမ်းနယ်နေခဲ့သည်။ သူ့ကိုယ်ပိုင် အစာခြောက်များ ယူလာသော်လည်း ထိုအနံ့မွှေးသော လတ်လတ်ဆတ်ဆတ် ငါးကင်လေးနှင့် မည်သို့ နှိုင်းယှဥ်နိုင်ပါမည်နည်း။ ထို့ကြောင့် ကင်မရာမန်းက ကင်မရာ ကိုင်ထားလျက်ပင် သူတို့အားလုံး အရသာ ရှိသော ငါးကင်ကို စားသောက်နေခဲ့သည်။
"အရသာ ရှိလိုက်တာ... အရသာ ရှိလွန်းလို့ ငိုမိတော့မယ်"
ရှုယုယီက ထိုကဲ့သို့ အကြမ်းထည်ဆန်သော ငါးကင်ကို ပထမဦးဆုံး စားဖူးခြင်း ဖြစ်သည်။ သူက အစာအိမ်ကို ဖြည့်ရုံသာ ရည်ရွယ်ခဲ့သော်လည်း ထိုငါးက အပြင်ဘက်တွင် ကြွပ်ရွကာ အထဲတွင် နူးညံ့နေမည်ဟု မထင်ထားခဲ့ပေ။ အရသာက လတ်ဆတ်ပြီး စပ်သည်။ သူက စားသောက်နေခြင်းကို လုံးဝပင် မရပ်တန့်နိုင်တော့။
ဝါးဘူး လိပ်သားစွပ်ပြုတ်က ပြီးပြည့်စုံစွာ ချက်ပြုတ်ပြီးလေပြီ။ ထို အဆင့်မြင့် ပါဝင်ပစ္စည်းများက အမှန်ကယ်တွင် အရိုးရှင်းဆုံး ချက်ပြုတ်နည်းသာ လိုအပ်ပေသည်။
လိပ်သားကိုယ်၌က အလွန် အာဟာရပြည့်ဝသော ပါဝင်ပစ္စည်း ဖြစ်နေပြီး ဝါးရင်းမှိုက အမြဲတမ်းလိုလိုပင် အရသာကို တိုးမြင့်သွားစေသည်။ ၎င်းက ရှုပ်ထွေးသော ချက်ပြုတ်နည်းများနှင့် အရသာမှုန့်များစွာလည်း မလိုအပ်ပါချေ။ ပါဝင်ပစ္စည်းများအားလုံး၏ umami အရသာကို စွပ်ပြုတ်ထဲတွင် ပျော်ဝင်သွားအောင် နှပ်ပေးရုံသာ။
အခွံပျော့လိပ်က မာသော အပေါ်လွှာ ရှိပြီး ချောမွေ့သော အရသာရှိသည်။ အရသာ အရှိဆုံးအပိုင်းမှာ ခါးဆစ်ပိုင်းဖြစ်ပြီး အလွန်အမင်း ဆူဖြိုးလှသည်။ စားလိုက်သောအခါ အသားများက ပါးစပ်ထဲသို့ ရောက်သွားပြီး လိပ်ခွံမာမာကြီးသာ ကျန်ခဲ့တော့သည်။
ဝါရင်းမှို၏ အရသာက ကြွပ်ဆတ်သည်။ လတ်လတ်ဆတ်ဆတ် မျှစ်များက လန်းဆန်းစေကာ ချိုမြသည်။ ထိုအစားအသောက် ကိုယ်တိုင်ကပင် မူးယစ်သွားစေရန် လုံလောက်သည်။
လူများစွာက ပျော်ပျော်ရွှင်ရွှင် စားသောက်ခဲ့ကြပြီး အဆုံးတွင် စွပ်ပြုတ်အရည်ကိုပင် ပြောင်စင်သည်အထိ လျှက်ခဲ့ကြသေးသည်။
ရှုယုယီက လုံလောက်သည်ဟုပင် မခံစားရပေ။
"စားရတာ မဝဘူး... ဒါပေမယ့် ကံဆိုးတာက အခွံပျော့လိပ် တစ်ကောင်ပဲ ဖမ်းမိခဲ့တယ်"
ဝေ့ရီချီက မီးပုံဘေးကို ထိုးဆွနေပြီး ပြောလိုက်သည်။
"အစ်ကိုယုယီ မဝသေးရင် ဒါစားလို့ ရသေးတယ်"
သူက ငါးကင်၏ အောက်၌ မြေစာဥ အရိုင်းများကို မီးဖိုထဲ မြှုပ်ထားခဲ့သည်။ ထန်ချောင်းချောင်းက မြေစာဥတစ်လုံးချင်းစီအတွက် အပေါက်တစ်ပေါက်စီ ဖောက်ပေးထားခဲ့သည်။ ထိုအပေါက်ကိုသာ မဖွင့်ပါက မီးပြင်းပြင်းက မြေစာဥ၏ အစိုဓါတ်များကို အငွေ့ပျံသွား စေလိမ့်မည်။ ၎င်းက ဖောင်းလာပြီး ပေါက်ကွဲသွားစေနိုင်သေးသည်။
သူတို့ ငါးကင်နှင့် လိပ်သားစွပ်ပြုတ် စားနေချိန်တွင် မြေစာဥများကလည်း အဆင်သင့် ဖြစ်နေပေပြီ။
မီးဖုတ်ပြီးနောက် မြေစာဥ၏ အပေါက်များက ပိုကြီးလာပြီး အပြင်ဘက်အလွှာကိုပင် လွယ်လွယ်ကူကူ ခွာနိုင်သွားကာ ချိုမြပြီး နူးညံ့သော ရွှေဝါရောင် အသားကို မြင်လိုက်ရသည်။
ယခုလေးတင် ဖုတ်ထားသော မြေစာဥများမှာ အနည်းငယ် ပူနေသေးသော်လည်း အံ့အားသင့်ဖွယ် အရသာက ရှုယုယီကို အခွံခွာနေရင်းပင် အော်ဟစ်မိသွားစေသည်။ တစ်ချိန်တည်းမှာပင် သူက နောက်ထပ်မြေစာဥများဆီ လက်လှမ်းလိုက်သေးသည်။
ထန်ချောင်းချောင်းက မြေစာဥ အခွံများပေါ်တွင် ပြာများဖြင့်ဖုံးကာ သူ့ကို သတိပေးလိုက်သည်။ "အရမ်းမစားနဲ့လေ... အများကြီးစားရင် ရေဆာလိမ့်မယ်"
"ဝူးဝူး... သိပြီ" ရှုယွီရီက ပါးစပ်ထဲတွင် မြေစာဥများ သွပ်လက်စဖြင့် ခေါင်းငြိမ့်ပြီး ခပ်မြန်မြန် သဘောတူလိုက်သည်။
【ဒါက တောရိုင်းဘဝ ရှင်သန်ရေး မဟုတ်တော့ဘူး... ဒါက သေချာပေါက် လျှာဖျှားပေါ်က တောရိုင်းခရီးပဲ】
【ဗိုက်ဆာလာပြီ... ငါတယ် ဗိုက်ဆာလာပြီ... ငါ့ကို တွန်းအား မပေးနဲ့ ထန်ချောင်းချောင်း ငါတကယ် ဝိတ်ကျချင်နေတာ】
【ချောင်းပေါင် လက်ထဲ ရောက်လာတာ မှန်သမျှ အရသာ ရှိတဲ့ အစားအသောက်တွေ ဖြစ်သွားတာပဲ】
【ထန်ချောင်းချောင်းရဲ့ လက်စွမ်းက တော်တော်ထက်တယ်နော်... အချိန်လုံလုံလောက်လောက်သာ ပေးရင် သူဝါးအိမ်ငယ်လေးတစ်ခုပါ ဆောက်နိုင်လိမ့်မယ်လို့ ခံစားနေရတယ်】
...
လူများစွာက စားသောက်ကြပြီးနောက် ထန်ချောင်းချောင်းက "တောင်ကို မီးမြှိုက်မယ်" နှင့် " လူသားများကို ကံဆိုးမိုးမှောင် ကျခြင်း" မျိုး မဖြစ်လိုသောကြောင့် စမ်းချောင်းထဲမှ ရေဖြင့် မီးငြှိမ်းလိုက်သည်။
ထန်ချောင်းချောင်းက ကောင်းကင်ကို ကြည့်လိုက်သည်။ "ထောက်ပံ့နေရာကို မြန်မြန် ရှာမှ ဖြစ်မယ်... မဟုတ်ရင် ကောင်းကင်ကြီးက အမိုးနဲ့ မြေပြင်က အကာ ဖြစ်သွားလိမ့်မယ်"
ထိုအချိန်တွင် ကောပေါင် ၊ ကျန်းယန်နှင့် ဝမ်ရှင်းအာတို့ အဖွဲ့ကလည်း စမ်းချောင်းလေးတစ်ခုကို တွေ့သွားခဲ့သည်။
သူတို့ သုံးယောက်က ပင်ပန်းလာသည်အထိ လမ်းလျှောက်နေရပြီး ရွံ့များထဲ လဲကျခဲ့ခြင်းကြောင့် ညစ်ပတ်ပေရေနေခဲ့သည်။ အထူးသဖြင့် ဝမ်ရှင်းအာပင်။ ထို ညစ်ပတ်ပြီး နံစော်နေသော ရွံ့များက ခြောက်နေပြီး သူမအရေပြားပေါ်တွင် ကပ်နေကြသည်။ သူမ စိတ်အထင်မျှသာ ဖြစ်မည်လား မသိသော်လည်း ဝမ်ရှင်းအာ သူမ၏ ခန္ဓါကိုယ်မှ ယားကျိကျိ ဖြစ်လာသလိုပင်။
သူမက အဆုံးတွင် ရေတွေ့လိုက်ရသောအခါ ငိုချင်မိသွားသည်။ ပထမဆုံး သူမတွေးသည့်အရာမှာ ရေသောက်ရန် မဟုတ်ဘဲ ခန္ဓါကိုယ်ပေါ်မှ ရွှံ့များကို အပြေးသွားဆေးရန်သာ ဖြစ်သည်။
စမ်းချောင်းလေးအတွင်းသို့ ရောက်သည်နှင့် ကောပေါင်က သူမနောက်မှ အေးတိအေးစက် ပြောလိုက်သည်။ "ဆေးကြောဖို့ အောက်ဘက်ကို သွားတာ ကောင်းမယ်... ငါတို အပေါ်ဘက်မှာ ရေသောက်ဖို့ လိုတယ်"
ဝမ်ရှင်းအာက မပျော်မရွှင် ကြည့်လိုက်သော်လည်း သူမလည်း ထိုစမ်းချောင်းမှ ရေကို သောက်ဖို့လိုသည်ဟု တွေးလိုက်သည်။ သူမက သည်းခံကာ ဖိနပ်များကို ကိုင်လျက် အောက်ဘက်သို့ ဆင်းသွားတော့သည်။
ကောပေါင်က စမ်းချောင်းလေး တဝိုက်တွင် စူးစမ်းရင်း ရေခွက်အဖြစ် အသုံးပြုလောက်မည့် တစ်ခုခုကို ရှာဖွေနေခဲ့သည်။ သို့သော်လည်း ထိုနေရာက အဖိခံထားရသည့် လမ်းကြောင်းလေးသာ ဖြစ်နေသည်။ သူက ငှက်ပျောပင် ခပ်ကြီးကြီး တစ်ပင်ကိုသာ ရှာတွေ့ခဲ့သည်။
သူက ရွေးချယ်စရာ မရှိဘဲ ရေခွက်အဖြစ် ခေါက်ကာ သုံးနိုင်မည့် ငှက်ပျောရွက် ခပ်ကြီးကြီး တစ်ရွက်ကိုသာ ခူးလိုက်ရသည်။
ငှက်ပျောရွက်များဖြင့် ပြန်လာသောအခါ ကျန်းရန်က ငါးဖမ်းရန် ကြိုးစားနေချိန်တွင် ဝမ်ရှင်းအာမှာ ခြေထောက်များကို ရေစိမ်ရင်း ထိုင်နေဆဲပင်။
ကောပေါင်က ငှက်ပျောရွက်များကို မြေပေါ်တွင် ချကာ စိတ်အခြေအနေ မကောင်းဟန်ဖြင့် ပြောလိုက်သည်။ "ဒီလို စမ်းချောင်းတွေမှာ ရေအကြာကြီး မစိမ်တာ အကောင်းဆုံးပဲ... အဲ့ဒီအထဲမှာ ပိုးမွှားတွေ ရှိနေနိုင်တယ်"
ဝမ်ရှင်းအာက စမ်းချောင်းလေး၏ ရေအေးအေးလေးထဲမှ မရွေ့ချင်တော့ပေ။ သူမက ၎င်းကို တစ်ချက်သာ စိုက်ကြည့်၍ ပြောလိုက်သည်။
"မဟုတ်ပါဘူး... ဒီနေရာက ရေက အတော်လေး သန့်တယ်"
ကောပေါင် ပြောစရာ မဲ့သွားသည်။
Xxxxxxx