Chapter 66
ကျီးကန်း၏လက်စားချေမှု
【ဝမ်ရှင်းအာက လူစကား နားမလည်ဘူးလား မသိ... အစ်ကိုပေါင်က နင့်ကို အပျင်းတစ်မနေဘဲ အလုပ်ထလုပ်လို့ ပြောတာဟဲ့】
【သူက တကယ့်ကို သစ်သားခေါင်းပဲနော်... သူ့ကို ကြည့်ရတာ တကယ် စိတ်တိုလာပြီ】
ကောပေါင်က စိတ်ရှည်ရှည်ထားပြီး သည်းခံလိုက်ကာ မီးမွှေးရန်အတွက် သစ်ကိုင်းခြောက်များ လိုက်ရှာလိုက်သည်။
ချောင်းထဲမှ ငါးက သူတို့နှင့် နီးနေသည်ဟု ထင်ရသော်လည်း ဖမ်းရန် ခက်ခဲလှသည်။ အချိန်အတော်ကြာ တဖျတ်ဖျတ် ခုန်နေကြသော်လည်း သူတို့မှာ ဘာကိုမှ မဖမ်းမိသေး။
ဝမ်ရှင်းအာက သူမ ခန္ဓါကိုယ်ပေါ်မှ ရွှံ့များကို သန့်ရှင်းပြီး၍ ခံစားချက် ပိုကောင်းလာသည်။ သူမ၏စိတ်အခြေအနေသည်လည်း ပိုတိုးတက်လာ၍ မင်းသမီးလေး တစ်ယောက်ကဲ့သို့ ကမ်းဘေးတွင် ထိုင်ကာ လက်ညှိုးထိုးပြနေသည်။
"အိုး... ဘယ်ဘက်မှာ တစ်ကောင်ရှိနေတယ်... ဒါပေမယ့် ရှင်က ညာဘက်ကို သွားနေတာကိုး"
"အိုး... ရတော့မလို့ပဲ"
ကျန်းယန်က ငါးကိုမဖမ်းနိုင်လဲ သူမထိုးပြသည့် နေရာကိုလည်း မရှာနိုင်သည့်အတွက် အနည်းငယ် ဒေါသထွက်လာခဲ့သည်။
"မင်းက ဆူလွန်းတယ်... မင်းက ငါးတွေကို ခြောက်လွှတ်နေတာပဲ"
ဝမ်ရှင်းအာက ခပ်တိုးတိုး ရေရွတ်လိုက်သည်။
"ငါက ကြင်ကြင်နာနာနဲ့ ကူညီပေးတာကို တန်ဖိုးမထားတတ်ဘူး... ကောင်းလား ဆိုးလားတောင် မသိတတ်ဘူး"
သူမ လုံလုံလောက်လောက် ရေစိမ်ပြီး၍ ကမ်းပေါ်တက်လိုက်သည့်အချိန်တွင် သူမခြေထောက်ကို မတင်လိုက်သည်နှင့် သူမ၏ ခြေသလုံးတွင် လက်ညှိုးအရွယ် ပျော့ပျော့အိအိ ရှည်မျောမျော တစ်ကောင်တစ်ကောင် ကပ်တွယ်နေသည်ကို တွေ့လိုက်ရသည်။
"အား"
ဝမ်ရှင်းအာက တုန်လှုပ်သွားပြီး ကြောက်ရွံ့မှုဖြင့် အော်ဟစ်လိုက်သည်။ ထိုအော်သံက အလွန် ကြောက်မက်ဖွယ်ကောင်းသောကြောင့် တောအုပ်ထဲမှ ငှက်တစ်အုပ်ပင် လန့်ကာပျံသွားကြလေသည်။
ကျန်းယန်က အလျင်အမြန်ရောက်လာကာ မေးလိုက်သည်။ "ဘာဖြစ်တာလဲ"
ဝမ်ရှင်းအာက တုန်လှုပ်နေသော လက်များဖြင့် မျက်ရည်များကျကာ ပြောလိုက်သည်။
"မျှော့... ကျွန်မခြေထောက်ပေါ်မှာ မျှော့တစ်ကောင် ရှိနေတယ်... ကယ်ပါအုံး"
"မြန်မြန်လေး... အဲ့ဒါကို ဖယ်ပေးပါ"
"အထဲကို သွေးစုပ်နေတာ"
ကျန်းယန်က တွယ်ကပ်နေသော မျှော့ကို ကြည့်ကာ ဆံပင်များ ထောင်လာသလိုပင်။ သူ လက်လှမ်းကာ ဖယ်ပေးတော့မည် အပြုတွင် ကောပေါင်က သူ့ကို အချိန်မီ ဟန့်တားလိုက်သည်။
"မလှုပ်နဲ့... အားနဲ့ ဖယ်ရင် မျှော့ရဲ့ ပါးစပ်အပိုင်းက ဒဏ်ရာထဲမှာ ကျန်ရစ်နေလိမ့်မယ်... ဒါဆို ပိုပြီး ဒုက္ခများသွားမှာ"
ထိုအကြောင်းကို ဝမ်ရှင်းအာ ကြားလိုက်ချိန်တွင် သူမ ခန္ဓါကိုယ် တစ်ခုလုံးက ပို၍ပင် တုန်လှုပ်သွားသည်။ "ကျွန်မ ဘာလုပ်ရမှာလဲ"
ကောပေါင်: "ကျန်းယန်... မင်းက မျှော့နားက နေရာကို ဖြည်းဖြည်း ရိုက်ပေး... သူခွာသွားအောင် ငါမီးမြှိုက်လိုက်မယ်"
ဝမ်ရှင်းအာက သူမ၏ ခြေသလုံးကို လုံးဝပင် မကြည့်ရဲပါပေ။ သူတို့ မည်သည့် နည်းလမ်းကို သုံးပါစေ သူမက သူတို့ မျှော့ကိုသာ ခွာထုတ် သွားစေချင်နေသည်။
ကောပေါင်က မျှော့အနားကို မီးခြစ်ဖြင့် ရှို့ကာ ဝမ်ရှင်းအာ၏ ခြေသလုံးကို ဆက်တိုက် ပုတ်ပေးနေသည်။ ထိုနည်းလမ်းက အမှန်တကယ် ထိရောက်ပြီး အဆုံးတွင် မျှော့လည်း ကွာကျသွားသည်။
ကံကောင်းစွာဖြင့် ၎င်းကို အချိန်မီ သိလိုက်ရသဖြင့် ဒဏ်ရာကလည်း မနက်ပေ။ သုံးယောက်ထဲတွင် ကောပေါင်၏ အဝတ်များသာ သန့်ရှင်းနေသေးသည်။ သူက ရှပ်အင်္ကျီမှ အဝတ်ပိုင်းလေးကို ဖြဲကာ သူမ၏ ဒဏ်ရာကို စည်းပေးလိုက်သည်။
ဝမ်ရှင်းအာက ကြောက်ရွံ့မှုမှ ပြန် သက်သာမလာခဲ့သေးပေ။ သူမက ဆက်ပြီး ရှိုက်ကာ ငိုနေဆဲပင်။ "ပရိုဂရမ်က ဧည့်သည်တွေရဲ့ လုံခြုံမှုကို လုံးဝမစဥ်းစားပေးဘူး... ဒီလို အန္တရာယ်များတဲ့ နေရာကို ရွေးထားပြီး ဆေးဝါးတွေကျ ဘာလို့ မထောက်ပံ့ပေးတာလဲ... ကျွန်မသာ ကူးစက်ခံရရင် ဘယ်လိုလုပ်မှာလဲ"
ကောပေါင်က သူမကို ကြင်နာစွာ သတိပေးလိုက်သည်။
"ငါတို့ မလာခင်ကတည်းက သဘောတူညီမှုမှာ လက်မှတ်ထိုးပေးပြီးသားပဲ... အဲ့အထဲမှာ ဖြစ်လာနိုင်တဲ့ အန္တရယ်များတဲ့ ကိစ္စတွေလည်း ရေးထားတယ်"
【ဝမ်ရှင်းအာက ငိုဖို့ကျ ရှက်မနေဘူးနော်... ကောပေါင်က သူ့ကို ရေထဲမှာ ပိုးမွှားတွေ ရှိနိုင်လို့ အကြာကြီး မစိမ်ဖို့ သတိပေးသားပဲ... သူ့ခြေထောက်တွေ အဲ့မှာ စိမ်ထားလို့ မျှော့တွယ်ခံရတာ】
【ဒီရှိုးမှာ ဧည့်သည်အားလုံး ပါဝင်မဲ့အချိန်မှာ ပရိုဂရမ်အဖွဲ့က ဖြစ်နိုင်ချေရှိတဲ့ အန္တရယ်တွေ အကြောင်း ပြောထားပြီးသား ဖြစ်မှာပဲ... စာချုပ်ကို လက်မှတ်ထိုးပြီး နစ်နာကြေးတွေလည်း အများကြီး ရထားပြီးပြီ... အခုကျ ဘာလို့ သူတို့ကို ခေါ်နေရတာလဲ】
【ပြီးတော့ ဝမ်ရှင်းအာက ကိုယ်တိုင် လုပ်ခဲ့တာနော်... သူဘာလုပ်တာကိုမှ မမြင်ဘူး... သူက တစ်ချိန်လုံး အော်နေတော့တာပဲ 】
【သနားစရာ ကောပေါင်နဲ့ ကျန်းယန်လေးကပဲ သူ့အရှုပ်တွေ တစ်လမ်းလုံး ရှင်းပေးနေရတယ်... အခုထိ သူတို့က ရေတောင် မသောက်ရသေးဘူး】
ဝမ်ရှင်းအာက အချိန်အတော်ကြာ ငိုကြွေးနေပြီး ကောပေါင်က ရေအနည်းငယ်ကို ငှက်ပျောရွက်များဖြင့် ကြိုလိုက်သည်။ ကျန်းယန်က ငါးတစ်ကောင် ဖမ်းမိသွားပြီး ခဏမျှ ချက်လိုက်သည်။ ၎င်းက သုံးယောက်မျှစားရန်အတွက် မလုံလောက်ပါချေ။
ဝမ်ရှင်းအာက ရေထဲတွင် မျှော့များ ရှိနိုင်သည်ဟု တွေးလိုက်သည်။ ၎င်းက ကြိုချက်ပြီးလျှင်တောင် သူမက မသောက်ချင်တော့ပေ။ သူမက ငါးပြုတ် အနည်းငယ်မျှကိုသာ စားလိုက်နိုင်သည်။ ၎င်းက လုံးဝ အရသာ မရှိဘဲ ညှီနံ့ အနည်းငယ်ပင် ရနေသေးသည်။
ကောပေါင်နှင့် ကျန်းယန်က အမှန်တကယ် ဗိုက်ဆာနေကြပြီး သူမကို ဂရုစိုက်ရန် အင်အား မရှိတော့ပါပေ။ သူတို့က ကျန်သော ငါးပြုတ်ကို အပြောင်ရှင်းလိုက်ကြသည်။
ထိုအချိန်၌ ထန်ချောင်းချောင်း အဖွဲ့က ထောက်ပံ့နေရာသို့ ရောက်သွားလေပြီ။
ထန်ချောင်းချောင်း၏အဖွဲ့မှ လူသုံးယောက်တို့သည် နေမဝင်ခင်မှာပင် ပရိုဂရမ်အဖွဲ့ ပြုလုပ်ပေးထားသည့် ထောက်ပံ့ရေးနေရာဆီသို့ ရောက်သွားကြသည်။
"ပရိုဂရမ်အဖွဲ့က နောက်ဆုံးတော့ စိတ်ကောင်းရှိသွားကြပြီ...ဒီမှာ ငါတို့အတွက် ရေနဲ့ ဟင်းအိုးကိုတောင် ထားပေးထားကြတယ်..."
ရှုယုယီက ပြုံး၍ စတီးအိုးကို ပုတ်ပြလိုက်သည်။
"ဒါနဲ့ ဟင်းချက်စားလို့ရတယ်..."
ရှုယုယီသည် ထန်ချောင်းချောင်း၏ဟင်းချက်လက်ရာဖြင့် လုံးဝလွှမ်းမိုးသွားခြင်း ခံလိုက်ရ၍ နောက်ထပ် ဘာစားရမည်ကိုသာပင် စဉ်းစားနေမိသည်။
ထန်ချောင်းချောင်းက ထောက်ပံ့ရေးနေရာရှိ ပစ္စည်းများကို လှန်လှောကြည့်၍ ပြောလိုက်သည်။
"ရွက်ဖျင်တဲကို အရင်ထိုးလိုက်ရအောင်...ပြီးရင် ဒီညတော့ ဒီမှာပဲနေလိုက်ကြမယ်..."
အခြားလူများကလည်း ငြင်းစရာမရှိ၍ သုံးယောက်သားသည် တက်ညီလက်ညီဖြင့် ရွက်ဖျင်တဲများ ထိုးလိုက်ကြသည်။ ထန်ချောင်းချောင်းက တဲတစ်ခုတွင် အိပ်၍ ကျန်နှစ်ယောက်က နောက်တဲတစ်ခုတွင် အိပ်ကြမည်ဖြစ်သည်။
တဲများထိုးပြီးသောအခါ နေသည် တောင်၏တစ်ဖက်သို့ ပျောက်ကွယ်လုနီးပါး ဖြစ်နေလေပြီ။ ထန်ချောင်းချောင်းသည် လုံးဝမမှောင်သွားခင်၌ ညစာစီစဉ်ရန် ဆုံးဖြတ်လိုက်သည်။
သူတို့သည် ဒီည ယုန်သားစားရမည်ဖြစ်သည်။
ဟုတ်ပေသည်။ ထန်ချောင်းချောင်းသည် လမ်း၌ ယုန်ဝတုတ်လေးတစ်ကောင်ကို ဖမ်းမိခဲ့လေသည်။
"ယုန်က ချစ်ဖို့ကောင်းလိုက်တာ...ငါ အခုပဲ စားချင်လာပြီ..."
ထန်ချောင်းချောင်းက ယုန်ကို သတ်မည်အလုပ်တွင် ဝေ့ရီချီက လက်မြှောက်ကာ သူလုပ်ပေးမည်ဟုပြောလိုက်သည်။
"အစ်မချောင်းချောင်း...ကျွန်တော်လုပ်ပေးမယ်လေ..."
"ဟမ်..."
ရှုယုယီက ဝေ့ရီချီအား အံ့ဩစွာကြည့်လိုက်သည်။
ဝေ့ရီချီ ရူးနေပြီလား...
ရှုယုယီကတော့ စားနိုင်သော်လည်း ထိုကဲ့သို့ သတ်ဖြင်းဖြတ်ခြင်းများလုပ်ခိုင်းလျှင်တော့ လုံးဝလုပ်မည်မဟုတ်ပါ။
ထန်ချောင်းချောင်းကလည်း သံသယရှိစွာ မေးလိုက်သည်။
"နင်က လုပ်နိုင်လို့လား..."
ဝေ့ရီချီကတော့ ကြိုးစားကြည့်ရန် စိတ်ထက်သန်နေလေသည်။
"အစ်မ ဟင်းချက်တာကို ကျွန်တော်ခဏခဏမြင်နေရတာ...ကျွန်တော်ကိုယ်တိုင်လည်း လုပ်ကြည့်သင့်တယ်လို့ တွေးမိလို့..."
ထန်ချောင်းချောင်းက ဝေ့ရီချီအား သဘောကျစွာ ကြည့်လိုက်သည်။
"နင်က သိတတ်တဲ့စိတ်ရှိသားပဲ...ငါ့ကို အစ်မလို့ခေါ်ဖို့ ထိုက်တန်သွားပြီ...ဒီနားကိုလာခဲ့..."
ဝေ့ရီချီက တက်ကြွနေပုံပေါ်သော်လည်း ရှုယုယီကတော့ ထိုနေရာမှ တိတ်ဆိတ်စွာ နေရာရွှေ့သွားလိုက်သည်။
ဝေ့ရီချီသည် ယုန်ကို လှမ်းယူ၍ ခပ်ဝေးဝေးသို့လျှောက်သွားလိုက်သော်လည်း ထန်ချောင်းချောင်းက စိတ်မချပဲ သူ့နောက်မှ လိုက်သွားလိုက်သည်။ ထို့နောက် နှစ်ယောက်သားသည် ရှုယုယီအား ကျောပေး၍ မြေကြီးပေါ်၌ ဆောင့်ကြောင့်ထိုင်ကာ ယုန်ကို မည်သို့ လုပ်ရမည်လဲ ဆွေးနွေးနေကြသည်။
ရှုယုယီသည် မီးပုံရှေ့၌ တစ်ယောက်တည်းထိုင်နေလေသည်။ ထန်ချောင်းချောင်းတို့ လုပ်နေကြသည်ကို ဘာမှမမြင်ရသောကြောင့် စပ်စုချင်နေမိသည်။ လည်ပင်းကို ဆန့်ကြည့်သော်လည်း ဘာမှမတွေ့ရပေ။ ရှုယုယီသည် ထန်ချောင်းချောင်းက အသံတိုးတိုးဖြင့် ဖြည်းဖြည်းပြောနေသည်ကိုသာ ကြားနေရသည်။
"ဒီနေရာကနေ သွေးကိုထုတ်ပစ်ရင် ပိုမြန်တယ်..."
"ဟုတ်တယ်..."
"တစ်ချက်တည်းနဲ့ သေအောင်လုပ်ရမှာနော်..."
"ခြေထောက်ကို ပြောင်းပြန်ကိုင်ပြီး ခြေထောက်နေရာကနေ ခုတ်လိုက်...အဲ့ဒါမှ လုံးဝ အရေခွံဆုတ်လို့ရသွားမှာ..."
"ဟုတ်တယ်...စိတ်မပူပါနဲ့..."
အရေခွံဆုတ်ရမယ်?
ရှုယုယီသည် ထိုမြင်ကွင်းကို မြင်ယောင်ကြည့်လိုက်၍ ရုတ်တရက် တုန်သွားမိသည်။
ထန်ချောင်းချောင်းသည် သွား၍ရန်စရန် မလွယ်ကူပါချေ။
"ဝေါင်း...သေသပ်လိုက်တာ..."
ဝေ့ရီချီထံမှ ရံဖန်ရံခါ အော်သံများထွက်လာသည်။ သူ့အသံမှ တက်ကြွမှုကို နားထောင်ရုံနှင့်ပင် ဝေ့ရီချီတစ်ယောက် ပျော်ရွှင်အံ့ဩနေသည်ကို သိနိုင်ပေသည်။
ထန်ချောင်းချောင်းက ခပ်တိုးတိုးနှင့် ညင်သာစွာပြောလိုက်သည်။
"ယုန်လေးရေ...နောက်ဘဝမှာ အရမ်းမတုံးနဲ့နော်...လူတွေကိုမြင်ရင် မြန်မြန်သာပြေး...မဟုတ်ရင် နင် အစားခံရလိမ့်မယ်..."
ထိုအချိန်၌ နေသည် ကွယ်သွားပြီဖြစ်၍ တောအုပ်သည် တဖြည်းဖြည်း မှောင်စပြုလာသည်။ မှောင်မည်းသောတောအုပ်သည် အရိပ်များဖြင့် ပြည့်နေသည်။ ထန်ချောင်းချောင်းနှင့် ဝေ့ရီချီတို့သည် ယုန်သတ်သည့်နေရာ၌ ခေါင်းစိုက်နေကြဆဲဖြစ်သည်။တဖြည်းဖြည်းနှင့် အသံများကပျောက်သွား၍ တိတ်ဆိတ်သွားလေသည်။
ညနေမှောင်ရီတရောအချိန်သည် သဘာဝလွန်အရာများ၏ အချိန်ဖြစ်ကြောင်း ရှုယုယီကြားဖူးသောကြောင့် မည်းမှောင်သော တောအုပ်ထဲသို့ စူးစိုက်ကြည့်လိုက်ကာ မလှမ်းမကမ်းမှ လူနှစ်ယောက်၏ နောက်ကျောများကို လှမ်းကြည့်ရင်းဖြင့် ရုတ်တရက် ရှုယုယီ၏နှလုံးခုန်သံများသည် မြန်လာတော့သည်။
ရှုယုယီသည် တံတွေးမျိုချကာ မေးလိုက်သည်။
"ထန်ချောင်းချောင်း...ဝေ့ရီချီ...မင်းတို့ အဆင်ပြေကြရဲ့လား..."
ထိုအချိန်၌ ထန်ချောင်းချောင်းနှင့် ဝေ့ရီချီတို့သည် တဖြည်းဖြည်းနှင့် ရှုယုယီဘက်သို့ လှည့်လာသည်။ နှစ်ယောက်လုံး၏လက်များသည် သွေးများပေနေ၍ မျက်နှာများသည်လည်း ခံစားချက်မဲ့နေကြသည်။ မီးပုံမှ အလင်းရောင်ဖြင့် သူတို့နှစ်ယောက်ကိုကြည့်ရသည်မှာ ခြောက်ခြားဖွယ်ကောင်းနေလေသည်။
ထန်ချောင်းချောင်းက အေးစက်စွာပြောလိုက်သည်။
"ရှုယုယီ..."
"မင်းဘာလုပ်နေတာလဲ..."
ရှုယုယီသည် စကားများပင် ထစ်အစပြုလာသည်။
ထန်ချောင်းချောင်းက ပြုံးကာ "ဟီးဟီးဟီးဟီးဟီး..." ဟုပြောလိုက်သည်။ ထို့နောက် သွေးများပေနေသော လက်များကို ကွေးကာပြောလိုက်သည်။
"ကျွန်တော်က အရမ်းချစ်ဖို့ကောင်းတာ...ဘာဖြစ်လို့ ကျွန်တော့်ကို စားချင်နေကြတာလဲ..."
ထန်ချောင်းချောင်း၏မျက်လုံးများထဲ၌ မုန်းတီးမှုများကို မြင်လိုက်ရ၍ ရှုယုယီလည်း လန့်သွားမိသည်။
"မင်း ဘယ်သူလဲ...မင်းက ထန်ချောင်းချောင်းမဟုတ်ဘူးလား..."
ထန်ချောင်းချောင်း: "ကျွန်တော် ခုနကပဲ ခင်ဗျားရှေ့မှာ ခုန်ပေါက်နေသေးတယ်လေ...ကျွန်တော့်ကို မမှတ်မိတော့ဘူးလား..."
ရှုယုယီသည် တုန်ယင်စွာဖြင့် လက်ညှိုးထိုးလိုက်သည်။
"မင်း...မင်းကို ယုန်က ဝင်ပူးနေတာလား...မင်းမှားနေပြီ...မင်းကိုသတ်တာ ငါမဟုတ်ဘူး..."
ဝေ့ရီချီကလည်း တည်ငြိမ်သောမျက်နှာဖြင့်ပြောလိုက်သည်။
"ကျွန်တော့်ကို မသတ်ချင်ဘူးဆိုရင် ဘာဖြစ်လို့ ကျွန်တော့်အသားကိုရော စားချင်နေတာလဲ..."
"မင်းက တစ်ချိန်တည်းမှာ လူနှစ်ယောက်ကိုတောင် ဝင်ပူးနိုင်တာလား..."
ရှုယုယီ၏မျက်လုံးများက ပြူးကျယ်လာကြကာ အသံပင်မထွက်နိုင်တော့ပဲ ရွက်ဖျင်တဲထဲသို့ ချက်ချင်း ပြေးဝင်သွားတော့သည်။
"သရဲ!...'"
ထို့နောက် ခဏမျှတိတ်ဆိတ်သွားတော့သည်။
ဆယ်စက္ကန့်ကြာသောအခါ
ရုတ်တရက် အော်ရယ်လိုက်သံများ ထွက်လာ၍ ထန်ချောင်းချောင်းသည် မြေကြီးပေါ်၌ လှိမ့်နေတော့မတတ် ဖြစ်နေကာ ဝေ့ရီချီသည်လည်း မျက်ရည်များသုတ်နေရသည်။
"ဟားဟားဟား...သူတကယ်ကြောက်သွားမှာပါလို့ ငါပြောသားပဲ..."
ထန်ချောင်းချောင်းသည် ရယ်ရလွန်း၍ နာနေသောဗိုက်ကိုကိုင်တာ ပြုံး၍ပြောလိုက်သည်။
ဝေ့ရီချီလည်း လက်ခံသွားရတော့သည်။ သိပ်မကြာခင်က ထန်ချောင်းချောင်းသည် ထိုစိတ်ကူးကိုရခဲ့၍ တကယ်ပင် လုပ်ပြသွားခဲ့သည်။
အထူးသဖြင့် ထန်ချောင်းချောင်း၏ သရုပ်ဆောင်စွမ်းရည်မှာ တကယ်ပင် ကောင်းမွန်ပါသည်။ ဝေ့ရီချီသည်ပင် ခဏမျှ ကြောက်သွားမိသေးသည်။
ထန်ချောင်းချောင်းသည် ခဏမျှ အသက်ရှူနေပြီးမှ ရုတ်တရက် ကင်မရာဘက်သို့လှည့်ကာ တစ်ချက်ပြုံးလိုက်ကာ တည်တည်ငြိမ်ငြိမ်နှင့် ပြောလိုက်သည်။
"ကျွန်မနာမည်က ထန်ချောင်းချောင်းပါ...သရုပ်ဆောင်တစ်ယောက်ပါ...ဒါရိုက်တာတွေနဲ့ ထုတ်လုပ်သူတွေ ကျွန်မရဲ့စွမ်းရည်ကိုကြည့်ပြီး သဘောကျရင် ခေါ်နိုင်ပါတယ်နော်...ကျွန်မက ဘယ်လိုနေရာမှာမဆို horror ကားတွေမှာတောင်မှ သရုပ်ဆောင်နိုင်ပါတယ်ရှင်...ပြီးတော့ ကျွန်မက အချက်အပြုတ်လည်းရတယ်...အလုပ်တွေလည်း အများကြီးလုပ်နိုင်ပြီး လူတစ်ယောက်စာ လစာပဲယူမှာပါ...ကျွန်မကို ငှားမယ်ဆိုရင် အရမ်းစရိတ်သက်သာမယ်နော်..."
Xxxxxxx