Chapter 67
တကယ်တော့ ကင်မရာသမားသည်လည်း ခုနက အနည်းငယ်ကြောက်လန့်သွားခဲ့သော်လည်း သရဲဝင်ပူးဟန်ဆောင်သည့်အခန်းကို တာဝန်အရ ရိုက်ကူးလိုက်ရသည်။
ထန်ချောင်းချောင်း၏မျက်နှာသည် ရုတ်တရက် ပြန်ပြောင်းသွားသည်။
ငါဘာဖြစ်လို့ ရုတ်တရက်ကြီး ကိုယ့်ဘာသာကိုယ် ကြော်ငြာမိသွားပါလိမ့်...
【ဘုရား ဘုရား...ခုနက ထန်ချောင်းချောင်းရဲ့ မျက်လုံးတွေကြောင့် ငါတကယ်ကြောက်သွားတာ...သူ သရုပ်ဆောင်တာ အရမ်းကောင်းတာပဲ...】
【သကြားယုန်လေးတွေရေ...သရုပ်ဆောင်ဖို့အတွက် ချောင်းပေါင်ရဲ့မျက်လုံးပြောင်းသွားတာ အရမ်းမြန်တယ်နော်...】
【ဒါရိုက်တာတွေရေ...ထန်ချောင်းချောင်းကို လေ့လာကြည့်ကြပါ...သူ့ကိုပေးရမယ့် လခက အရမ်းကိုနည်းတယ်...ပြီးတော့ ပိုအရေးကြီးတာက ထန်ချောင်းချောင်းရဲ့ ဟင်းချက်စွမ်းရည်က တကယ်ကို ထိပ်တန်းပဲနော်...】
【ဟားဟားဟားဟား...ဒီလူသုံးယောက်ပေါင်းရဲ့ IQ က ဆယ်နှစ်သားကလေးရဲ့ IQ လောက်တောင် ရှိမှာမဟုတ်ဘူး...သူတို့တွေက ဒီလိုဂိမ်းမျိုးကို ကစားဖို့တောင် တုံးလွန်းပါတယ်...】
【ဒီထဲကလူတွေ ငယ်ငယ်တုန်းက "ရူးနေသောယုန်" ဆိုတဲ့ ကာတွန်းကိုကြည့်ဖူးကြလား...ဇာတ်လမ်းက ကလေးတစ်သိုက်ကို ယုန်တွေက ဝင်ပူးတာ...ငယ်ငယ်တုန်းကတော့ အဲ့ဒီကာတွန်းက ငါအရမ်းကြောက်ရတဲ့ အရိပ်ဆိုးကြီးပဲ...ငါ့ရဲ့ကျောင်းကလည်း ဘာဖြစ်လို့များ မူလတန်းကလေးတွေကို အဲ့ဒီလို horror ဇာတ်လမ်း ပြလဲမသိပါဘူး...ထန်ချောင်းချောင်းရဲ့ အမူအယာက ငါ့ကို ချက်ချင်းပဲ အဲ့ဒီဇာတ်လမ်းကို ပြေးမြင်စေမိတယ်...】
【ငါလည်းကြည့်ဖူးတယ်...ငါငယ်ငယ်တုန်းကလည်း အရမ်းကြောက်ခဲ့ရတာ...ထန်ချောင်းချောင်း ဒီယုန်ကို သေချာ အရသာရှိရှိလေး ချက်ပါနော်...မဟုတ်ရင် ငါတို့ကြောက်ရတာ မတန်ဘူးဖြစ်သွားမယ်...】
ထန်ချောင်းချောင်းနှင့် ဝေ့ရီချီတို့က သူ့အား စနောက်နေမှန်း ရှုယုယီသိသွားသောအခါ ပြောဆို၍မပြီးနိုင်တော့ပဲ သူ့နှလုံးသားသည် အလွန်နာကျင်သွားရကြောင်း ပြောနေတော့သည်။ ယခုကဲ့သို့ ထိတ်လန့်သွားရမှုကြောင့် ယုန်သားများများစားမှရတော့မည် ဟူ၍လည်း အကျပ်ကိုင်နေသေးသည်။
ထန်ချောင်းချောင်းက သဘောတူလိုက်သည်။ ထို့ကြောင့် ည၌ ယုန်သားနှင့် နွယ်ငရုတ်သီးရိုင်းဟင်းလျာကို ချက်ပြုတ်လိုက်သည်။
နွယ်ပင်ငရုတ်သီးသည် လမ်းဘေးမှ ခူးလာခဲ့ခြင်းဖြစ်သည်။ အရောင်က အစိမ်းရောင်ရှိကာ စီချွမ်ငရုတ်သီးနှင့် ယှဉ်လျှင် နွယ်ပင်ငရုတ်သီး၏အရသာက ပိုနူးညံ့၍ ပါးစပ်ထဲ၌ ကြာရှည်စွဲကျန်ခဲ့ကာ အနံ့ကလည်း သိပ်မပြင်းပေ။
ယုန်သားကလည်း အလွန်နူးညံ့သည်။ နွယ်ပင်ငရုတ်သီးထည့်၍ ချက်လိုက်သောအခါ နွယ်ပင်ငရုတ်သီး၏ အစပ်အရသာက ယုန်သား၏ အညှီနံ့ကို ဖုံးအုပ်သွားသည်။ စားသောအခါ လျှာပေါ်၌ အထုံအရသာအနည်းငယ်ခံစားရသော်လည်း အများကြီးမဟုတ်ပဲ အရသာက အလွန်ကောင်းလေသည်။
သုံးယောက်သားသည် အရသာရှိရှိစားသောက်ပြီးကြသောအခါ တစ်ယောက်တစ်လှည့်စီ ကင်းထစောင့်ရန် အစီအစဉ်ချ၍ အိပ်ယာဝင်သွားကြတော့သည်။ ညသည် အေးအေးချမ်းချမ်းပင် ကုန်ဆုံးသွားသည်။
မနက်၌ ထပြီးသောအခါ ရှုယုယီသည် တစ်ကိုယ်ရည်ကိစ္စများကိုဖြေရှင်းရန် ပြေးထွက်သွားပြီးသောအခါ စိတ်လှုပ်ရှားနေသော ပုံဖြင့် ပြန်ရောက်လာလေသည်။
"ငါဘာတွေ့လာတယ်လို့ ထင်လဲ..."
ရှုယုယီက လက်ကိုဆန့်ပြလိုက်ရာ လက်ဝါးထဲ၌ အစိမ်းရောင်ငှက်ဥများကိုတွေ့လိုက်ကြရသည်။
"ငါအပေါ့သွားတဲ့သစ်ပင်ပေါ်မှာရှိနေတာ...သိပ်လည်းမမြင့်တော့ ငါ သစ်ပင်ပေါ်တက်ပြီး ယူလာလိုက်တာ...အခုငါတို့ မနက်စာရပြီ..."
ရှုယုယီက ဝံ့ကြွားသောအသံဖြင့်ပြောလိုက်သည်။ နောက်ဆုံးတော့ သူသည် အစားအစာအချို့ကို ရှာနိုင်ခဲ့လေပြီဖြစ်သည်။
ထန်ချောင်းချောင်းက မျက်မှောင်ကျုံ့လိုက်သည်။
"ဒါ ဘာငှက်ရဲ့ဥလဲ ရှင်သိရဲ့လား..."
ရှုယုယီက စိတ်မဝင်စားပေ။
"ဘာငှက်ရဲ့ဥပဲဖြစ်ဖြစ် အရေးမကြီးဘူးလေ...ငါတို့စားလို့ရရင် ပြီးတာပဲပေါ့..."
ထန်ချောင်းချောင်းက ရှင်းပြလိုက်သည်။
"ဒါ ကျီးကန်းဥတွေ..."
"ဘာဖြစ်လို့လဲ...ကျွန်တော်တို့ ကျီးကန်းဥကို စားလို့မရဘူးလား..."
ဝေ့ရီချီက မေးလိုက်သည်။
"ကျီးကန်းတွေက လက်စားချေစိတ်အရမ်းပြင်းထန်တာ...သူ့ရဲ့ဥတွေကို ရှင်ယူသွားတယ်ဆိုတာ သိရင် သူရှင့်ဆီကို လက်စားချေဖို့ လာရင်လာနိုင်တယ်..."
ရှုယုယီ: "မင်းက ဘာဖြစ်လို့ ကျီးကန်းတွေကို အဲ့လောက်ကြောက်နေရတာလဲ..."
ထန်ချောင်းချောင်းက မျက်ခုံးများကိုပင့်လိုက်သည်။
"ကျီးကန်းတွေ ဒီမှာမရှိတုန်းတော့ ရှင်ဘယ်ကြောက်မလဲ..."
ရှုယုယီသည် ရုတ်တရက် သူ့လက်ထဲမှ ဥများသည် အလွန်ပူလောင်သော အာလူးများကဲ့သို့ ခံစားလာရသည်။
"ဒါဆိုလည်း ငါပြန်ထားလိုက်မယ်..."
"ပြန်ထားမယ် ဟုတ်လား...ဘယ်လိုလုပ် ရတော့မှာလဲ..."
ထန်ချောင်းချောင်းက အေးအေးဆေးဆေးပင် ဥများကို လှမ်းယူလိုက်သည်။
"ရှင် အကုန်ယူလာပြီးပြီပဲ...ကျွန်မတို့ စားလိုက်မှ ကောင်းမှာပေါ့..."
ရှုယုယီ: "???"
ဒါဆိုလည်း ဘာဖြစ်လို့ ငါ့ကိုခြောက်လှန့်နေသေးတာလဲ...
【ရှုယုယီရဲ့ မျက်နှာကြီးက ရယ်ရလိုက်တာ...ထန်ချောင်းချောင်းလုပ်လို့ သူ့ခမျာ စားရမလား မစားရမလား မသိဖြစ်နေပြီ...】
【ထန်ချောင်းချောင်း: သွားပြန်ထားလို့မရတော့တာမို့လို့ စားမှကိုဖြစ်မယ်...】
ထန်ချောင်းချောင်းသည် ငှက်ဥများကို ချက်ပြုတ်လိုက်၍ သုံးယောက်သည် တစ်ယောက် တစ်နေရာ ထိုင်စားလိုက်ကြသည်။ ပြီးသောအခါ ထန်ချောင်းချောင်းက လူတိုင်းကို ပစ္စည်းများ မြန်မြန်သိမ်းခိုင်းလိုက်သည်။
ရှုယုယီသည် ကောင်းကင်သို့ သတိကြီးစွာမော့ကြည့်လိုက်သော်လည်း ကျီးကန်းကိုတော့ ငှက်မွှေးပင် မမြင်ရချေ။ ထန်ချောင်းချောင်း သူ့ကို ထပ်၍ ခြောက်လှန့်နေခြင်းသာဖြစ်ပေလိမ့်မည်။ ကျီးကန်းများသည် ဘယ်လိုလုပ် လက်စားချေခြင်းကို သိနိုင်မည်နည်း။ ရယ်စရာပင်ဖြစ်တော့သည်။
ရှုယုယီသည် ယခုမှပင် စိတ်အေးသွားရသည်။ သို့သော် ထိုအချိန်မှာပင် "ဗတ်" ဆိုသောအသံနှင့်အတူ ရှုယုယီ၏နှဖူးပေါ်သို့ ပျော့စိစိအရာတစ်ခု ပြုတ်ကျလာသည်။
ဒုက်ခပဲ...
ရှုယုယီသည် ထိုပြုတ်ကျလာသောအရာကို လက်ဖြင့် သုတ်လိုက်သည်။ ထိုအရာမှာ မီးခိုးနှင့်အဖြူရောင်ရောနေသည်။ ရှုယုယီက နှာခေါင်းနားသို့ယူ၍ နမ်းကြည့်လိုက်သောအခါ မျက်နှာသည် ရှုံ့မဲ့၍ အလွန်အမင်းပင်ရုပ်ဆိုးသွားတော့သည်။
"ငှက်ချေးတွေပဲ..."
ရှုယုယီ အပေါ်သို့မော့ကြည့်လိုက်ရာ သူ့ခေါင်းပေါ်၌ ကျီးကန်းတစ်ကောင်သည် သစ်ပင်ပေါ်၌ နားနေသည်ကိုတွေ့လိုက်ရသည်။ ထိုကျီးကန်းသည် ရှုယုယီအား ချက်ချင်းပင်ထိုးဆင်းလာတော့မလို စူးရဲစွာကြည့်နေလေသည်။
ပို၍ထိတ်လန့်ဖွယ်ကောင်းသည်က ထိုကျီးကန်းနားသို့ အခြားကျီးကန်း နှစ်ကောင် သုံးကောင် လာနားလိုက်ခြင်းဖြစ်သည်။
ဘုရားရေ...သူတို့က အုပ်စုတောင်ဖွဲ့နေကြပြီ...ငါ့ကိုအဖွဲ့လိုက်တိုက်ခိုက်ကြတော့မယ်ထင်တယ်...
"မြန်မြန်...အမြန်ပြေးကြရအောင်...ရှုယုယီ...ရှင့်သူငယ်ချင်းတွေလာနေပြီ..."
ထန်ချောင်းချောင်းက အိတ်ကို နောက်ကျော၌လွယ်ကာ လက်ကို ဝှေ့ယမ်းပြလိုက်သည်။ ဝေ့ရီချီကတော့ စ၍ပင်ပြေးနေပြီဖြစ်သည်။
ရှုယုယီသည်လည်း ကရှူးမူးထိုးပြေးကာ အော်ပြောလိုက်သည်။
"ဘာဖြစ်လို့ ငါ့ပေါ်ကိုပဲ ချေးပါချတာလဲ...မင်းတို့နှစ်ယောက်လည်း စားခဲ့တာပဲကို..."
ထန်ချောင်းချောင်းက နောက်လှည့်မကြည့်ပဲ အော်ပြောလိုက်သည်။
"ရှင့်ဆံပင်ကို သူတို့ရဲ့အိမ်သာလို့ထင်သွားလို့နေမှာပေါ့..."
ရှုယုယီက အော်ပြောလိုက်သည်။
"သေလိုက်ပါတော့..."
【ငါရယ်ရတာသေတော့မယ်...】
【ထန်ချောင်းချောင်းပြောတာ ငါလည်းတွေးမိတယ်...ရှုယုယီရဲ့ ဆံပင်အရောင်က ငှက်ချေးရဲ့အရောင်နဲ့တူနေတာကိုး...ဒီလိုဆံပင်အရောင်ကို အဖွားကြီးရဲ့ ဆံပင်ဖြူရောင် လိူ့မခေါ်နဲ့တော့...ငှက်ချေးရောင်လို့ပဲခေါ်ကြမယ်...ဟားဟားဟားဟား...】
【ရယ်ရလိုက်တာဟယ်...ရှုယုယီကိုကြည့်ရတာ သနားစရာလေး...ငှက်ဥကိုရှာရတာ မလွယ်ဘူး...ဒါပေမယ့် သူ့ကို ငှက်က ပြန်ဖမ်းမိသွားရှာတယ်...ရင်နာစရာပဲ...】
【ရှုယုယီက လမ်းအမှားကြီးဆီ ပြေးသွားတယ်...နောက်ဆုံးတော့လည်း သူက ငတုံးက ငတုံးပါပဲ ဟားဟားဟားဟား...】
【ငါသိချင်လိုက်တာ...သူတို့သုံးယောက်လုံး ဥတွေကို စားတာပဲကို...ဘာဖြစ်လို့ ကျီးကန်းတွေက ရှုယုယီကိုပဲ လိုက်နှောင့်ယှက်နေတာလဲ...】
【သေချာစဉ်းစားကြည့်ရင် ရှုယုယီ ငှက်သိုက်ကိုသွားနှိုက်တုန်းက သူ့အနံ့ကျန်ခဲ့လို့ဖြစ်မယ်...ကျီးကန်းတွေက အနံ့ကိုလိုက်ပြီး ဒီကို ရောက်လာကြတာနေမယ်...ကျီးကန်းလိုငှက်တွေက လက်စားချေချင်စိတ်အရမ်းပြင်းကြလို့ လွယ်လွယ်နဲ့ သွားမဆွသင့်ဘူး...】
【ငါ နောက်ထပ် အသိပညာတစ်ခု ထပ်တိုးသွားရပြီ...ရှုယုယီရေ မင်းက အသုံးဝင်ပါသေးတယ်...】
...
"တောရိုင်းထဲ၌ရှင်သန်ခြင်း" ၏ တိုက်ရိုက်ထုတ်လွှင့်မှုစတည်းက ကျော်ကြားမှုသည် မထင်ထားလောက်အောင်ပင် မြင့်တက်ခဲ့သည်။ တိုက်ရိုက်ထုတ်လွှင့်သည့် ချန်နယ်ထဲမှ ကြည့်ရှုသူများသည်လည်း တဖြည်းဖြည်း တိုးလာ၍ ထိုရှိုးနှင့်သက်ဆိုင်သော သတင်းခေါင်းစီးများအရေအတွက်သည်လည်း သန်း ၁၀၀ ကျော်သွားသည်။
ဤရှိုး၏တည်းဖြတ်ထားသောဗားရှင်းကို မထုတ်လွှင့်ခင်မှာပင် netizen အများအပြားသည် သူတို့ကိုယ်တိုင် ရိုက်ယူထားသော အခန်းများကို တင်ထားကြသည်။
တစ်ချိန်တည်းမှာပင် ထိပ်ဆုံးရှာဖွေချက် ၁၀ ခု၌လည်း ဤရှိုးနှင့်ပင်ပြည့်နေတော့သည်။
သို့သော် အခြား ခေါင်းစီးများ၌တွင်မူ:
#ဝမ်ရှင်းအာနှင့် ကျန်းယန်တို့ ရွှံ့တွင်းထဲပြုတ်ကျခြင်း#
#ဝမ်ရှင်းအာ မျှော့တွယ်ခံရခြင်း#
#ပြင်ပ၌ရှင်သန်နိုင်ခြင်းစွမ်းရည်အစစ်#
စသည်နှင့် အခြားသတင်းခေါင်းစီးများသည် ဝမ်ရှင်းအာတို့အားလှောင်ပြောင်နေကြသော်လည်း ထန်ချောင်းချောင်းနှင့်ပတ်သတ်သည့် ခေါင်းစီးများကတော့ အလွန်ပင် ကွဲပြားနေလေသည်။
#ဘုရင်မထန်ချောင်းချောင်း ကြေးဆုတံထပ်နှစ်ခုရသွားခြင်း#
#ထန်ချောင်းချောင်း၏ မှော်ဟင်းခတ်မှုန့်ဘူး#
#ထန်ချောင်းချောင်း၏တောတွင်းခရီးစဉ်#
#ထန်ချောင်းချောင်း၏နောက်ဆုံးထွက် တောတွင်း၌ စားသောက်ပြသောဗီဒီယို#
#ထန်ချောင်းချောင်း၏ horror ရုပ်ရှင်သရုပ်ဆောင်မှု#
#ထန်ချောင်းချောင်း၏ ဆံပင်အရောင်အဓိပ္ပာယ်ဖော်မှု: ငှက်ချေးအဖြူရောင်#
......
ထိုခေါင်းစီးများကိုမြင်သူများက နားမလည်ကြပေ။
ဒါက တောတွင်းမှာရှင်သန်ကြရတဲ့ရှိုးပေါ့?...ဘာဖြစ်လို့ ထန်ချောင်းချောင်းရဲ့စတိုင်က အရမ်းကို ထူးခြားနေရတာလဲ?...
ထိုသတင်းများကိုနှိပ်ကြည့်လိုက်သောအခါ ဖန်များက ထန်ချောင်းချောင်း၏အခန်းများကို ဗီဒီယိုအရှည်တစ်ခုဖြစ်အောင် တည်းဖြတ်ထားသော ဗီဒီယိုတစ်ခုဆီသို့ရောက်သွားသည်။
ဗီဒီယို၏အစပိုင်းတွင် သာယာသော နောက်ခံတေးဂီတသံပေါ်ထွက်လာသည်။ ထန်ချောင်းချောင်းသည် အားမာန်အပြည့်နှင့် ဆူးခြုံများကိုထွင်းကာ လမ်းရှင်း၍ တုတ်တစ်ချောင်းတည်းဖြင့် ငါးသုံးကောင်ကို ထိုးစိုက်၍ဖမ်းလိုက်သည်။
ထန်ချောင်းချောင်းက သန်မာသောလူကြီးအား ကောင်းကင်ဆီသို့ပင် မြောက်သွားစေသည်အထိ ကန်လိုက်သော ဗီဒီယိုသည် အင်တာနက်ပေါ်၌ နာမည်ကြီးသွားဖူးသော်လည်း ထိုဗီဒီယိုသည် စီစီတီဗီကင်မရာနှင့်သာ ရိုက်ထားခြင်းဖြစ်သောကြောင့် သေချာမမြင်ရပဲ လူများက အစစ်လား အတုလား ဝေခွဲမရဖြစ်နေခဲ့ကြရသည်။
သို့သော် ဤတစ်ခေါက်တွင်တော့ ထန်ချောင်းချောင်းသည် သူမ၏ သန်စွမ်းလွန်းသောအားအင်နှင့် သဘာဝတရားနှင့် တစ်သားတည်း လိုက်လျောညီထွေစွာနေနိုင်သည့် စွမ်းရည်များကို ရုပ်ထွက်ကောင်းသည့် ကင်မရာ၌ သေချာပြသနေပြီဖြစ်သည်။
ထန်ချောင်းချောင်းသည် တကယ်ပင် သန်မာပါပေသည်။
သို့သော်လည်း netizen များ၏ ထန်ချောင်းချောင်း၏ စွမ်းရည်များကို အံ့ဩ၍ အားကျနေကြချိန်မှာပဲ စတိုင်က ချက်ချင်းပြောင်းသွားကာ နောက်ခံတေးဂီတကလည်း ရယ်စရာဖြစ်လာသည်။
အခြားဧည့်သည်များက ဓားများ၊ မီးခြစ်များနှင့် အခြား တောထဲ၌ရှင်သန်ရန် အသုံးလိုသည့်ပစ္စည်းများယူလာကြချိန်၌ ထန်ချောင်းချောင်းသည် ဟင်းခတ်မှုန့်ဘူး ကိုသာ ယူလာခဲ့သည်။ ထန်ချောင်းချောင်းသည် ၉ယွမ်ဖြင့် ပစ္စည်း ၉မျိုး ထည့်နိုင်သည်ဟု ဂုဏ်ယူစွာ ပြောနေလေသည်။
Netizen များ: ???
ဗီဒီယို၏ နောက်တစ်ခန်းမှာ တောတွင်း၌ ထန်ချောင်းချောင်းသည် စားစရာအမျိုးမျိုးကို လုပ်ဆောင်နေသည့် ပုံများဖြစ်သည်။ သူမသည် ဝါးထဲ၌ ရေများရှာတွေ့ခြင်း၊ အိုးမပါပဲ ဟင်းချက်ပြခြင်း အစရှိသည်တို့ကို လုပ်ပြနေသည်။
အခြားအဖွဲ့၏ သနားဖွယ်ကောင်းသော အဖြစ်အပျက်များနှင့်ယှဉ်လျှင် ထန်ချောင်းချောင်းသည် တောတွင်း၌ အိမ်ကဲ့သို့ သက်တောင့်သက်သာဖြစ်နေလေသည်။ ထန်ချောင်းချောင်းတို့ကိုကြည့်ရသည်မှာ အလွန်ပင် အေးဆေးနေလေသည်။
သို့သော် ထန်ချောင်းချောင်း၊ ဝေ့ရီချီနှင့် ရှုယုယီတို့ ကျီးကန်းလိုက်ခြင်းခံရချိန်တွင်တော့ လူတိုင်းသည် အနည်းငယ် သက်တောင့်သက်သာဖြစ်သွားရလေသည်။
နောက်ဆုံးတွင်တော့ ထန်ချောင်းချောင်း ဒုက္ခရောက်မည့်အချိန်သို့ ရောက်လာချေပြီ။
ရလဒ်အနေဖြင့် ထန်ချောင်းချောင်း၏ရုပ်ပုံလွှာသည် သန်မာသောကင်းကောင်မိန်းကလေး၊ ကျွမ်းကျင်သောအစားအသောက် blogger နှင့် ဟာသမယ် တို့အဖြစ်တို့ အခါခါ ခုန်ကူးနေတော့သည်။
ထန်ချောင်းချောင်းသည် ကင်းကောင်ဘာဘီရှိ ကြည့်ရှုသူများရင်ခွင်ထဲမှ သူမ၏ရုပ်သွင်သည် မြှင့်တင်ခြင်းခံခဲ့ရသည်ကို မသိခဲ့ချေ။ သူမ၊ ရှုယွီရီ၊ ဝေ့ရိချီတို့နှင့် ကင်မရာသမားများသည် ကျီးကန်းများသကဲ့သို့ ပတ်ပတ်လည်ဝိုင်း၍ ပြေးနေကြလေသည်။
အနောက်မှာကျန်ခဲ့သော ရှုယုယီသည် ကျီးကန်းများ၏ လေဝှေ့ခြင်းကို အကြိမ်ကြိမ်ခံနေရသည်။ သူသည် ခါးသက်သက်မျက်နှာထားဖြင့် အော်ဟစ်လိုက်သည်။
“ကျီးကန်းတွေကို မုန်းလိုက်တာ”
ထန်ချောင်းချောင်းသည် သူ့အား လေးနက်သောမျက်နှာဖြင့် နှစ်သိမ့်ပေးလေသည်။
“နင်က နင့်မာနကို စွန့်လွှတ်ပြီး အားလုံးကို ကာကွယ်ပေးနေတာပဲ”
ဝေ့ရိချီကလည်း နောက်ပြောင်လျက် “ဟုတ်တယ်.. အစ်ကိုယုယီ.. ကျွန်တော် အစ်ကို့ရဲ့ တစ်ကိုယ်ကောင်းမဆန်ပဲ အနစ်နာခံမှုတွေကို အမြဲအမှတ်ရနေမှာ”
ရှုယုယီသည် သူ့ခေါင်းကို ဒေါသဖြင့် ပုတ်လိုက်ပြီး “ကလေးလေး.. မင်းက ပျော်ပျော်ကြီးပြေးနေတာပဲ.. မင်းအစ်ကိုအတွက် ကာပေးဖို့ ဘာလို့မတွေးရတာလဲ” သူသည် ထန်ချောင်းချောင်းကိုတော့ ထိုကဲ့သို့ မပြောဝံ့သောကြောင့် အငယ်ဖြစ်သည့် ဝေ့ရိချီကိုသာ တိုက်ခိုက်လေတော့သည်။
ဝေ့ရီချီသည် ထန်ချောင်းချောင်း၏အနောက်မှပုန်းနေပြီး သူမအနောက်မှ ခေါင်းပြူထွက်လာကာ ပြုံး၍ “ကျွန်တော်ကာပေးလည်း အလကားပဲလေဗျာ.. ကျီးကန်းက အစ်ကို့ကိုပဲ ရှာနေတာ”
“သေစမ်း.. မပုန်းနဲ့” ရှုယုယီနှင့် ဝေ့ရိချီတို့သည် ထန်ချောင်းချောင်းအား ပတ်ပတ်လည်ဝိုင်းထားလျက်ရှိသည်။ ထန်ချောင်းချောင်းသည် အကူညီမဲ့နေစွာနှင့် သူတို့အား သုံးနှစ်သားကလေးများသကဲ့သို့ ကြည့်နေလိုက်သည်။
Xxxxx