Chapter 68
ပျားသလက်အရသာ ပြောင်းဖူးစေ့များ
သူတို့သုံးယောက်လုံးသည် ပန်းတိုင်ဆီကိုရောက်အောင် ရှေ့ဆက်သွားနေကြသည်။ ပရိုဂရမ်အဖွဲ့မှ သတ်မှတ်ထားသောအချိန်ထက်ကျော်လွန်ရန် သိပ်မလိုတော့ပေ။
အနည်းငယ်လျှောက်ပြီးသည်နှင့် လမ်းတစ်ဝက်လောက်ရောက်သောအခါ တခြားအဖွဲ့ကို တွေ့ကြလေသည်။
ကောပေါင်၊ ကျန်းယန်နှင့် ဝမ်ရှင်းအာတို့သည်လည်း ဒီညအတွက် ထောက်ပံ့ရာနေရာမှာ အနားယူနေကြပေမယ့် ထန်ချောင်းချောင်းလောက် ကံမကောင်းကြပေ။ ညနေပိုင်းလောက်မှာ တောရိုင်းဟင်းသီးဟင်းရွက်များကို တွေ့ခဲ့ပြီး အဆာပြေရန် စွပ်ပြုတ်အဖြစ် ချက်ပြုတ်စားခဲ့ကြသည်။ သူတို့သည် ယနေ့မနက်နိုးလာပြီးနောက်ပိုင်း ဘာမှမစားကြရသေး။ ဝမ်ရှင်းအာသည် ယခုအထိ ပျော့ခွေယိုင်နေပြီး ငေးငိုင်သောမျက်ဝန်းများဖြင့် တုတ်ချောင်းလေးကို ကိုင်ထားသည်။
သို့သော်လည်း သူတို့အားလုံး ထန်ချောင်းချောင်းနှင့် သူမ၏အဖွဲ့အားတွေ့လိုက်ရချိန်တွင် သူတို့မျက်နှာထက်ရှိ အမူအရာများသည် အံ့အားသင့်ဖွယ်ဖြစ်သွားကြလေသည်။
သူတို့သည် ရှက်ရွံ့နေကြသော်လည်း ထန်ချောင်းချောင်းအဖွဲ့မှ သုံးယောက်လုံးသည် ယခုအထိ စိတ်ဓာတ်အားမာန်တက်ကြွနေကြဆဲဖြစ်၏။ သူတို့၏ အကျ်ီများသည် ဝင်လာတုန်းကအတိုင်းပင် ဖြစ်ကြသည်။
ပို၍စိတ်တိုစရာကောင်းသည်က ထန်ချောင်းချောင်းအဖွဲ့ထဲမှ သုံးယောက်လုံးသည် လက်ထဲမှာ ခပ်ထူထူကြံသကြားများကို ကိုင်ထားကြပြီး ဝါးစားနေကြသည်ပင်ဖြစ်၏။
သူတို့ လမ်းမှာ ကြံအစုလိုက်ကို ကြုံတွေ့ခဲ့ပြီး သစ်သီးရည်များသည်လည်း အလွန်ချိုမြိန်၏။ အနည်းငယ်ကို ချိုးယူကာ ကိုက်ဖြတ်ခဲ့ကြပြီး အမှိုက်များကိုတော့ ထွေးထုတ်ခဲ့ကြသည်။ အမှိုက်အမျိုးအစားများကို ခွဲ့ဖို့ပြဿနာအား စိတ်ပူနေစရာမလိုလှ။ ဒါသည် အလွန်အံ့သြဖွယ်ကောင်းလေ၏။
ကောပေါင်သည် သူတို့ပါးစပ်ထဲမှ ကြွပ်ဆတ်သော ကြံသကြားများကို မနာလိုအားကျစွာဖြင့် ကြည့်နေလေသည်။ သူတို့၏ မျိုချသောအသံများကိုပင် ကြားနေရ၏။
သူတို့သည် အဘယ်ကြောင့် တောရိုင်းကြံသကြားများကို မတွေ့ခဲ့သနည်း။
သူသည် ခြောက်သွေ့သောနှုတ်ခမ်းအား စုဝိုင်းလိုက်ပြီး ပြုံးကာ မေးသည်။
“ငါတို့ မင်းတို့နဲ့ ကြံတွေ လဲစားလို့ရမလား”
သူသည် သူတို့၏ ဥစ္စာများကို ဘာအတွက်ကြောင့်မှမဟုတ်ပဲ တောင်းလိုက်ရခြင်းကို ရှက်ရွံ့သွားမိသည်။
ရှုယုယီသည် ကျယ်လောင်စွာမေးသည်။ “ဘာကို လဲချင်တာလဲ”
ကျန်းယန်က “လဲဖို့အတွက် ဆားရှိတယ်” ဒါသည် ထောက်ပံ့ရာနေရာတွင် သူတို့တွေ့ခဲ့ခြင်းဖြစ်လေသည်။
“ဆား..” ရှုယုယီနှင့် ဝေ့ရိချီတို့သည် တစ်ယောက်ကိုတစ်ယောက်ကြည့်ကာ ပြုံးလိုက်ကြပြီး “ငါတို့မှာ ငရုတ်သီးမှုန့်.. ငရုတ်ကောင်းမှုန့်နဲ့ ဟင်းခတ်အမွှေးအကြိုင်ငါးမျိုးရှိတယ်.. ကြိုက်လား”
ကောပေါင်ဟဲနှင့် ကျန်းယန်သည် အံ့သြသွားကြ၏။
“မမျှတဘူး” ဝမ်ရှင်းအာက အော်ပြောသည်။
“နင်တို့အတွက် ထောက်ပံ့ရာနေရာက ဘာလို့ အဲ့လောက်အများကြီးရှိနေရတာလဲ”
ရှုယုယီသည် လေချွန်သံဖြင့် ပြန်ပြောသည်။
“ကလေးမ.. မင်းမှားနေပြီ.. ဒါက ထောက်ပံ့ရာနေရာက ရလာတာမဟုတ်ဘူး.. ငါတို့ဥစ္စာတွေပဲ”
ဝမ်ရှင်းအာသည် ထေ့ငေါ့စွာ ရယ်မောလိုက်ပြီး “ဒါဆို ဒါတွေက ဘယ်ကလဲ.. လမ်းဘေးက ကောက်လာတာလို့တော့ မပြောနဲ့နော်”
“အစ်မချောင်းချောင်းက သူမဘာသာ ဝယ်လာတာ” ဝေ့ရိချီက ပြောသည်။
“ထန်ချောင်းချောင်းက ဝယ်ခဲ့တာ..” ဝမ်ရှင်းအာက မျက်မှောင်ကြုတ်လိုက်ပြီး “သူမက ဘယ်လိုလုပ် ပစ္စည်းအများကြီး သယ်လာနိုင်တာလဲ.. ငါတို့မှာ ပစ္စည်းတစ်ခုပဲ ယူပိုင်ခွင့်ရှိတယ်လို့ စည်းကမ်းသတ်မှတ်ထားတယ်မဟုတ်ဘူးလား.. ဒါပြစ်ဒဏ်ကျူးလွန်တာပဲ.. ပြပွဲအဖွဲ့သားတွေကို ရှင်းပြပေးဖို့ မေးရတော့မယ်”
(ဝမ်ရှင်းအာသည် နှမြောတွန့်တိုနေဆဲဖြစ်သည်။ သူမ ထန်ချောင်းချောင်းကို တွေ့လိုက်သည့်အခိုက်အတန့်တွင် သူမသည် ယင်နှင့်ယန်အားဖြင့် ထူးဆန်းဖွယ်ကောင်းခဲ့သည်။)
(သူမသည် ပြပွဲမှ တခြားအရာများကို မမြင်နိုင်ခဲ့ချေ။ ထန်ချောင်းချောင်း မည်သည့်အရာကို သယ်ဆောင်လာသလဲဆိုတာကို မသိခဲ့ပေ။)
“အဲ့ဒါက ဒီဟာပဲလေ” ရှုယွီရိသည် ထန်ချောင်းချောင်းအား ပုတ်ပြလျက် စစ်ဆေးမေးမြန်းသည့်အဖွဲ့အား ပြရန်မေးလိုက်လေသည်။ ‘ဒီအစ်မကြီးကို ကြည့်ပါဦး’
ထန်ချောင်းချောင်းသည် နဂိုကတည်းက ဘေးဘက်တွင် ရပ်နေခဲ့ပြီး ကြံကို ကိုက်ဝါးနေခြင်းမှာသာ နှစ်မြုပ်နေခဲ့လေသည်။ ကြံသည် သူမ ပုံမှန်စားနေကျပင်ဖြစ်သော်လည်း တစ်ခါကိုက်ပြီးသည်နှင့် ဖရဲသီးစေ့များစားသလို စွဲသွားလေတော့သည်။
ဝမ်ရှင်းအာသည် သူမအား လိမ်နေသည်ဟု သံသယရှိနေသည့်အတွက် အဓိပ္ပာယ်မရှိသည်များကို မပြောချင်တော့ပေ။ သူမသည် ဝမ်ရှင်းအာအား သူမ၏ အဖိုးတန် ဟင်းခတ်အမွှေးအကြိုင်ဖန်ဘူးလေးအား တိုက်ရိုက် ပြလိုက်လေသည်။
ဝမ်ရှင်းအာ၏ မျက်နှာအမူအရာသည် အလွန်ရုပ်ဆိုး၏။ မြက်တောချုံတောထဲကို သွားသည့်အချိန်မှာ မည်သူက ဒီလိုအရာကို သယ်ဆောင်လာဖို့ တွေးမည့်မည်နည်း။
ထန်ချောင်းချောင်းသည် တကယ်ကို ထူးဆန်းပေလွန်းသည်။
သို့သော်လည်း ဝမ်ရှင်းအာသည် ရှုယွီရိက သူတို့ လမ်းတစ်လျှောက်စားခဲ့သော ငါးကင်အစပ်၊ ဝါးမှိုနှင့်လုပ်ထားသော လိပ်စွပ်ပြုတ်၊ စပျစ်ပင်နှင့် ငရုတ်ကောင်းယုန်သားများကို ဖော်ပြပြောဆိုသည့်အခါတွင် မနာလိုစိတ်ဖြစ်မိရသည်။
သူမသည် တစ်နေ့လုံးအတွက် ကောင်းမွန်သည့်အစားအစာအား မစားခဲ့ရသေး။ သူမ၏ အစာအိမ်သည် အလွန်ဆာမင်းသဖြင့် ကြွက်တက်ကာ ဗိုက်အောင့်နေသော်လည်း သူတို့မှာတော့ အရသာရှိသောအစားအသောက်များအား စားသောက်နေကြလေသည်။
သူမနှင့် ထန်ချောင်းချောင်းသည် တစ်ယောက်နှင့်တစ်ယောက်တွေ့ကြဖို့အတွက် အမှန်တကယ်ကို မသင့်တော်လှပေ။
သို့သော်လည်း ထန်ချောင်းချောင်းကို မနှောင့်ယှက်ဖို့အတွက် သတိပေးခံထားရသည့်အတွက် သူမသည် ကိုယ့်ကိုယ်ကိုသာ ညည်းညူနိုင်၏။
ထန်ချောင်းချောင်းသည် ဆားမလိုကြောင်းကို ကောပေါင်သိသည်နှင့် ခါးသက်စွာပြုံးလိုက်ပြီး “ဒါဆို ငါတို့မှာ မင်းတို့နဲ့ လဲဖို့အတွက် တကယ်ဘာမှကိုမရှိဘူး”
ထန်ချောင်းချောင်းသည် တစ်လုတ်စာကြံအား ထွေးထုတ်လိုက်ပြီး သူမ၏အနောက်မှ ကြံအား ယူကာ ကောပေါင်ဆီသို့ ရက်ရောစွာ ကမ်းပေးလိုက်သည်။ “ဒီကြံအပိုင်းကို နင်တို့အားလုံးယူလို့ရတယ်”
ကောပေါင်သည် ရယ်မောလိုက်ပြီး “သဘောကောင်းလိုက်တာ” ဟုပြောသည်။
ထန်ချောင်းချောင်းသည် ပြုံးလိုက်ကာ “စီနီယာကော.. ရှင့်အကြောင်းကို အများကြီးကြားထားပါတယ်.. ကျွန်မလည်း စီနီယာဆီက သင်ယူဖို့အတွက် အခွင့်အရေးရမယ်လို့ မျှော်လင့်ပါတယ်” ဟုပြောသည်။
ကောပေါင်သည် ပြုံးလိုက်ပြီး “လွယ်ပါတယ်.. ကျွန်တော် ဖျော်ဖြေတဲ့အခါကျရင် လက်မှတ်ပို့လိုက်မယ်လေ” ဟုဆိုသည်။
ယခုဆိုလျင် အဖွဲ့နှစ်ဖွဲ့သည် ပေါင်းစည်းသွားခဲ့ပြီး တစ်လမ်းတည်းသွားနေကြပြီပင်ဖြစ်၏။ အနိုင်ရရှိဖို့အတွက် အရင်ဦးဆုံးရောက်ရန်မလိုပေ။
ပရိုဂရမ်အဖွဲ့မှ ပြုလုပ်ထားသည့် နောက်ဆုံးပန်းတိုင်သည် တောအပြင်ဘက်မှသာဖြစ်၏။ သူတို့သည် သိပ်သည်းသောတောနက်ထဲမှ ဖြည်းဖြည်းချင်းထွက်လာကြလေသည်။
သူတို့အားလုံး တောထဲမှထွက်လာပြီးသည်နှင့် မျက်လုံးများ ပြူးကျယ်သွားကြသည်။ ထိုအချိန်တွင် သူတို့၏ အသက်ရှုသံများသည် ပို၍ချောမောညင်သာလာကြောင်း ခံစားမိလိုက်ကြသည်။
သူတို့သည် တစ်နာရီခွဲကျော်ကြာသည်အထိ လမ်းလျှောက်ခဲ့ကြပြီး ကြီးမားသောပြောင်းဖူးစိုက်ခင်းကြီးအား ဖြတ်ကျော်ခဲ့ကြလေသည်။ ယခုအချိန်သည် ပြောင်းဖူးရိတ်သိမ်းသောရာသီဖြစ်၏။ ပြောင်းဖူးညှာတံများသည် နှစ်မီတာထက်ရှည်လျားကြပြီး ထူထဲကာ သန်မာကြကာ အောက်သို့ လေးပင်စွာ တွဲကျနေ၏။
ရှုယုယီသည် တချို့တလေကို ကောက်ယူချင်သော်လည်း ထန်ချောင်းချောင်းနားမှာ ရပ်သွား၏။
“ဒါတောရိုင်းမဟုတ်ဘူး”
ရှုယုယီသည် အမြဲ မထီမဲ့မြင်လုပ်တတ်ပြီး “မြည်းကြည့်ဖို့အတွက် နှစ်ခုလောက်ပဲယူမှာပါ.. အများကြီးမှမဟုတ်တာ.. သိမှာမဟုတ်ပါဘူး”
‘တိုက်ရိုက်ကြည့်နေကြတဲ့သူတွေ ရှိတယ်လေ.. အဲ့ဒါက သိသွားမှာပဲမဟုတ်လား’
ထန်ချောင်းချောင်းက “ပိုင်ရှင်ကို မပြောပဲယူရင် ခိုးတာပဲ” ဟုပြောသည်။
ကောပေါင်သည် သံယောင်လိုက်ကာ “ထန်ချောင်းချောင်းပြောတာမှန်တယ်.. ငါတို့ သူများပစ္စည်းတွေကို ထိကိုင်လို့မရဘူး”
နှစ်ယောက်လုံးသည် အလေးအနက်ပြောနေကြသည့်အတွက် ရှုယုယီလည်း သူ၏အတွေးများကို လွင့်ပြယ်သွားစေလိုက်လေသည်။
ပိုင်ရှင်ကို အနှောင့်အယှက်ဖြစ်စေတာက လူအုပ်ရဲ့ အသံပင်ဖြစ်ပေလိမ့်မည်။ အဘိုးအိုကြီးနှင့် ကောင်မလေးသည် ပြောင်းဖူးခင်းထဲမှ ထွက်လာသည်။
ထန်ချောင်းချောင်းသည် အရှေ့တိုးကာ မေးလိုက်သည်။ “အဘိုး.. ဒါအဘိုးရဲ့ ပြောင်းဖူးခင်းလား”
အဘိုးအိုက ပြုံးပြပြီး “ဟုတ်တယ်” ဟု ဖြေသည်။
“ကြည့်ရတာ အရမ်းကောင်းတာပဲ.. ဒီနှစ်တော့ သီးနှံရိတ်သိမ်းချိန် ပိုကောင်းမယ်ထင်တယ်”
အဘိုးအိုသည် ပြုံးပြလိုက်သော်လည်း အနည်းငယ် ခါးသက်သောအပြုံးအဖြစ်ပြောင်းလဲသွားပြီး “ရိတ်သိမ်းကောင်းလည်း အသုံးမတည့်ပါဘူး.. ရောင်းစားလို့မှ မရတာ” ဟု ပြောလေသည်။
ဝေ့ရိချီသည် စပ်စုစွာဖြင့် “ဘာလို့လဲ” ဟု မေးလိုက်သည်။
“ပမာဏက အရမ်းများပြီး ရောင်းတဲ့အခါကျရင် စျေးနှုန်းက နည်းလို့” ဟု အဘိုးအိုက သက်ပြင်းတစ်ချချနှင့်ပြောသည်။
အဘိုးအို၏ ထိုစကားသည် ရုတ်တရက်ဆိုသလို လေထုကို လေးပင်မှုတွေ သယ်ဆောင်လာစေသည်။ ဒီလိုကောင်းမွန်တဲ့ ပြောင်းဖူးသည် ပိုင်ရှင်ကို ပျော်ရွှင်မှုတွေ မရစေမှန်း ဘယ်သူမှ မသိထားခဲ့ပေ။
အဘိုးအိုသည် တစ်ဖက်သို့လှည့်ပြီး ငါးခု သို့မဟုတ် ခြောက်ခုစာလောက် ပြောင်းဖူးကို ခူးကာ ထန်ချောင်းချောင်း၏ လက်ထဲသို့ ထည့်ပေးသည်။ မျက်နှာထက်မှာလည်း ရိုးစင်းသောအပြုံးကို ပိုင်ဆိုင်ထားသည်။
“ဒါတွေကို စားကြည့်”
(အဘိုးက သဘောကောင်းလိုက်တာ)
(ဘာလို့ စျေးလျှော့ပြီး ရောင်းမှာလဲ.. ဒီက ပြောင်းဖူးတွေက အရမ်းစျေးကြီးတာကို.. ငါအကုန်ဝယ်လိုက်မယ်)
ထန်ချောင်းချောင်းသည် စိတ်မကောင်းဖြစ်နေပုံရသည်။ ဒီအဘိုးသည် ပြောင်းဖူးခင်းကြောင့် တစ်နှစ်ပတ်လုံး အလုပ်ရှုပ်နေခဲ့သော်လည်း အခုတော့ စျေးလျှော့ပြီး ရောင်းရင်ရောင်း၊ မဟုတ်ရင်လည်း လုံးဝ မရောင်းပဲနေရုံသာ တတ်နိုင်တော့သည်။
သူမသည် ပွင့်နေတဲ့ ပြောင်းဖူးကို ချိုးဖဲ့ယူကာ ပြောင်းဖူးစေ့အနည်းငယ်ကိုယူ၍ သူမ၏ ပါးစပ်ထဲသို့ ထည့်သွင်းလိုက်လေသည်။ ချိုမြိန်၍ လတ်ဆတ်၏။ ဒါပေမယ့်လည်း ဒီလိုအရသာရှိတဲ့အရာက မြေကြီးထဲမှာ ဆွေးမြေ့သွားနိုင်တယ်တဲ့လား။
လူတွေနဲ့ နတ်ဘုရားတွေကြားက ရိုးရှင်းတဲ့ နာကြည်းမှုပင်ဖြစ်သည်။ သည်းခံဖို့ အလွန်ခဲယဥ်း၏။
ထန်ချောင်းချောင်းသည် နောက်တစ်ခါ ထပ်မေးသည်။
“အဘိုး တိုက်ရိုက်ထုတ်လွှင့်ဖူးလား.. လူတော်တော်များများက တိုက်ရိုက်ထုတ်လွှင့်မှုမှာဆိုရင် ပစ္စည်းကောင်းတွေ ရောင်းကြတယ်လေ”
အဘိုးအို၏ မျက်နှာပေါ်မှ ပါးရေတွန့်ကြောင်းများသည် နက်နဲပြီး သူစကားပြောလိုက်ချိန်မှာ ဆတ်ခနဲ လှုပ်သွားသည်။ “ငါက ဘယ်လိုလုပ် အဲ့လိုအရာတွေကို နားလည်မှာလဲ.. အလုပ်ဖြစ်မှာမဟုတ်ပါဘူး.. ဒါပေမယ့် ငါတို့ရွာက လူငယ်တွေကတော့ လုပ်ကြတယ်.. ငါ့သားရောပဲ.. အဲ့လောက်အသုံးမဝင်ဘူး… လူတွေက ငါတို့ကို မသိကြသလို ငါတို့ကပြောင်းဖူးကောင်းတယ်ဆိုတာလည်း မယုံကြဘူး.. လဝက်ကျော်တော့ အဲ့လောက်မရောင်းရခဲ့ဘူး.. အချိန်ကုန်တာပဲ အဖတ်တင်ပြီး အကျိုးလည်းမရှိဘူး”
အဘိုးအိုပြောသည့်စကားများသည် အမှန်တကယ်ကို ပြဿနာတစ်ရပ်ဖြစ်ပေသည်။ ယခုဆိုလျင် နည်းမျိုးစုံနှင့် တိုက်ရိုက်ထုတ်လွှင့်တာတွေများလာသည့်အတွက် ကြည့်ရှုသူများသည် ဖမ်းစားခံနေရလေသည်။ ထို့အပြင် ကြေညာထားသော မူဝါဒလမ်းစဉ်အတိုင်း သူတို့ကြော်ငြာချင်သည့် စီးပွါးရေးကိုသာ ကြော်ငြာမည်ဖြစ်သည်။ ဝေးလံတဲ့ တောင်ပေါ်ဒေသက လယ်သမားများသည် ကြော်ငြာကိစ္စမှာ အနည်းငယ်သာ သက်ရောက်မှုရှိသည့်အတွက် တောင်စွန်းတစ်နေရာမှာသာ နှစ်မြုပ်ခံနိုင်ရပြီး မည်သူမှ အာရုံစိုက်ကြမည်မဟုတ်ပေ။
သို့သော် ထိုကဲ့သို့ အရသာရှိသည့် ပြောင်းဖူးသည် အစားအစာအနေနှင့် တန်ဖိုးထားခြင်းမခံရသည့်အတွက် ထန်ချောင်းချောင်းသည် ဒီတိုင်းရပ်ကြည့်မနေနိုင်ပေ။
သူမ၏ မျက်လုံးများသည် ပြိုးပြိုးပြက်ပြက်ဖြစ်သွားပြီး သူမသည် ကိုယ့်ခေါင်းကို ရိုက်လိုက်လေသည်။ “ကျွန်မ အဘိုးကို တိုက်ရိုက်ထုတ်လွှင့်ပြီးရောင်းဖို့ ကူညီပေးမယ်”
အဘိုးအိုက ပြောသည်။ “အာ.. ကူညီပေးမယ်လား”
ရှုယုယီသည် “ဒါကောင်းတဲ့ အကြံပဲ.. ကျွန်တော့်ကိုပါထည့်လိုက်” ဟုပြောသည်။
ဝေ့ရိချီလည်း သူ့လက်ကိုမြှောက်ပြီး “ကျွန်တော်လည်း ကူညီချင်တယ်” ဟုဆိုသည်။
ကောပေါင်နှင့် ကျန်းယန်သည်လည်း ကန့်ကွက်ချက်မရှိပဲ ပါဝင်ဖို့ ဆန္ဒရှိကြောင်းပြောသည်။
ဝမ်ရှင်းအာ၏ နှုတ်ခမ်းသည် တွန့်သွား၏။ သူတို့ဘာလို့ ဒုက္ခရှာနေကြတာလဲ။ သူတို့ရဲ့ တာဝန်ကို အဆုံးသတ်ဖို့လုပ်နေကြတာပဲ။ အခုတော့ သူမသည် ဟိုတယ်ကိုပြန်ပြီး ကောင်းကောင်းမွန်မွန်ရေချိုးချင်သည်။ နှစ်ခြိုက်စွာ အိပ်စက်ချင်ပြီး ဒီလို တစ္ဆေလိုဆိုးရွားသည့် နေရာအား ထပ်မလာချင်တော့ပေ။
သို့သော်လည်း သူတို့ငါးယောက်လုံး လက်မြှောက်လိုက်တာကိုကြည့်ပြီး သူမသာ ဆန့်ကျင်ဘက်ပြောလိုက်လျင် ကြည့်ရှုသူတွေ သူမကို ကဲ့ရဲ့ကြမည်ဖြစ်သောကြောင့် သူမသည် လက်ကို အားမရှိသလိုနှင့် မြှောက်လိုက်သည်။
ထန်ချောင်းချောင်းသည် အဘိုးအိုကို သူမတို့၏ တည်နေရာဖြစ်သည့် ဒါရိုက်တာစောင့်နေသော နေရာသို့ ခေါ်ဆောင်သွားခဲ့သည်။
ဒါရိုက်တာသည် ထန်ချောင်းချောင်းက အဘိုးအိုကို ပြောင်းဖူးရောင်းလို့ရအောင် ကူညီပေးမည်ဖြစ်ကြောင်းကို တိုက်ရိုက်ထုတ်လွှင့်သောမှန်သားပြင်မှ ကြည့်ပြီးခဲ့ပြီဖြစ်သည်။ သူသည် တွေဝေခြင်းမရှိပဲ လက်ခံလိုက်၏။ ဒီလို ကောင်းမွန်သည့်အရာမျိုးကို လုပ်ဆောင်ခြင်းသည် အပြုသဘောဆောင်ခြင်းသီးသန့်ပေမဟုတ်ပဲ ပွဲ၏ ကြော်ငြာအတွက်လည်း ကောင်းမွန်သည်။
ဘာအတွက်ကြောင့် မလုပ်ပဲ နေရမှာလဲ။
ထို့ကြောင့် ထန်ချောင်းချောင်းနှင့် အဖွဲ့သားများသည် အဘိုးအို၏ အိမ်သို့ ရွေ့ပြောင်းသွားကြသည်။ သူ့သားသည် အိမ်မှာ အလုပ်လုပ်နေခြင်းဖြစ်ပြီး ကြီးမားသောလူအုပ်ကြီးက ကင်မရာများ သယ်ဆောင်ကာ ရောက်လာသည်ကို တွေ့လိုက်ရသည်။ သားလုပ်သူသည် ရုတ်တရက်ဆိုသလို ထိတ်လန့်သွားခဲ့ရသည်။
Xxxxxx