Chapter 71
လီကျိသည် စားပွဲပေါ်မှ ဝါးခြင်းကို လျင်မြန်စွာ ယူလိုက်ပြီး တောက်ပစွာပြုံးကာ “သူဌေ.. မရီး.. ဒါက ကျွန်တော့်သူငယ်ချင်းပေးလိုက်တဲ့ ဂဏန်းတွေ.. တကယ်အကောင်းဆုံး အမွှေးထူတဲ့ ဂဏန်းတွေ.. ဒါတွေနဲ့ ကျွန်တော် သူဌေးတို့ကို ဂုဏ်ပြုပါ့မယ်”
ရှန်းယွဲ့သည် ထိုအရာအား နှစ်ခါမြောက်ကြည့်လိုက်ပြီး “လွှတ်ပေးလိုက်ပါ.. မင်းပဲယူလိုက်” သူတို့၏အတွေးကို မသိဘူးလို့မထင်ပဲ ဒါဟာ ပျော်စရာတစ်ခုသာဖြစ်သည်။
“သူဌေးက အကြင်နာမဲ့လိုက်တာ” လေးယောက်သားသည် ထန်ချောင်းချောင်းအား စိတ်အားထက်သန်စွာကြည့်ကာ ပြောသည်။
ထန်ချောင်းချောင်းသည် သူတို့၏ တင်းမာသောအကြည့်တွေနှင့် အကြည့်ခံနေရပြီး “ဒီမှာနေပြီး အတူစားသွားကြတာ ပိုကောင်းပါတယ်” ဟု ရှန်းယွဲ့က ပြောလိုက်သည်။
“ကောင်းပြီ”
လေးယောက်လုံးဟာ အသံပြိုင်တူဖြင့် ချက်ချင်းတုံ့ပြန်လေသည်။
ရှန်းယွဲ့ ဘာစကားမှမဆိုနိုင်တော့ပေ။ သူတို့သည် အထွေထွေမန်နေဂျာအဆင့်သာဖြစ်သည်။ ဘာလို့ သူ့ပုံစံက အရင်က ကမ္ဘာကြီးနဲ့ မထိတွေ့ခဲ့ဖူးသလိုဖြစ်နေရပါလိမ့်။
ရှက်စရာပဲ။
ထန်ချောင်းချောင်းက ဂဏန်းထည့်ထားသောခြင်းကို မီးဖိုချောင်ထဲသို့ ယူသွားလိုက်သည်။ ဒီဂဏန်းတွေဟာ တကယ့်ကို ထိပ်တန်းအဆင့်ဖြစ်ပြီး ပထမဆုံးကြည့်လိုက်သည်နှင့် အဝါရောင်အနှစ်တွေပြည့်နေသည်ကိုတွေ့ရသည်။ ဒီအချိန်သည် ဂဏန်းစားလို့ကောင်းသည့်အချိန်ဖြစ်ပြီး ထန်ချောင်းချောင်းကိုယ်တိုင်လည်း အရသာရှိသည့် ဂဏန်းကိုတွေးမိသည်နှင့် သွားရည်ယိုရသည်။
အခုထိ ဂဏန်းတွေအများကြီးရှိနေသေးသည်။ ထန်ချောင်းချောင်းသည် ခဏလောက်တွေးပြီး သုံးပုံတစ်ပုံကိုယူကာ စစ်မှန်သည့် ဂဏန်းပေါင်းကိုလုပ်ဖို့ချိန်လိုက်သည်။
ကျန်သည့်ဂဏန်းများသည် ဂဏန်းအစာသွတ်လိမ္မော်ဖြစ်ပြီး ဂဏန်းခေါက်ဆွဲဖြစ်သည်။
ဂဏန်းအစာသွတ်လိမ္မော်သည် ဆုန်းမင်းဆက်မှာ အရောင်၊ အနံ့၊ အရသာနှင့် စုံလင်သော နာမည်ကြီးသည့်ဟင်းလျာဖြစ်သည်။ နှစ်ပေါင်းရာကျော်ကြာမြင့်ခဲ့ပြီးဖြစ်သော်လည်း ယခုခေတ်လူများကြားထဲတွင်ပါ အသက်ဝင်နေသေးသည့် ဟင်းချက်နည်းပင်ဖြစ်လေသည်။
ရွှေရောင်လိမ္မော်သီးများအတွက် အပေါ်ပိုင်းအနည်းငယ်ကို လှီးဖြတ်ပြီး လိမ္မော်အသားကို ဖြတ်ယူကာ လိမ္မော်ရည်အနည်းငယ်ကိုတော့ ချန်ထားရသည်။
ပြည့်ဖြိုးသောဂဏန်းများကို လင်ပန်းပေါ်တွင် ပေါင်းပြီးသည်နှင့် ထန်ချောင်းချောင်းသည် ကျွမ်းကျင်စွာဖြင့် ဂဏန်းအသားများ၊ ဥများ၊ အနှစ်များကို ခြစ်ထုတ်သည်။ ဂျင်းနှင့် ဝိုင်ထည့်ကာ မွှေကြော်နေသောအိုးထဲတွင် ငရုတ်ကောင်းများကိုထည့်သည်။
ကြော်နေစဥ်အတွင်းမှာ လုပ်ပုံလုပ်နည်း ညင်သာသင့်ပြီး ဂဏန်းဥနှင့် အနှစ်များများသည် ပုံမပျက်သွားဖို့လိုသည်။ ထိုမှသာ ပြန့်ကြဲမနေပဲ ကြည့်ကောင်းမည်ဖြစ်၏။
အနံ့ထွက်လာသည်အထိ မွှေကြော်ပြီးနောက်မှာ လိမ္မော်အရည်နှင့် လိမ္မော်အသားများကို ကြော်ထားသောဂဏန်းအသားများနှင့် အတူတကွပေါင်းထည့်သည်။ အနီရောင်သည် အလွန်ကြည့်ကောင်းသည်။ နောက်ဆုံးတွင်တော့ ကော်ရည်များကို လောင်းထည့်ပြီး ပူစီပေါင်းများကဲ့သို့ ကြွတက်လာကြလေသည်။ ထို့နောက် လိမ္မော်သီးအခေါင်းပေါက်ထဲသို့ထည့်ကာ အဖုံးပိတ်ပြီး အပူချိန်များများတင်ကာ ငါးမိနစ်ခန့်ပေါင်းသည်။
ဂဏန်းခေါက်ဆွဲလုပ်နည်းသည်လည်း ဂဏန်းအစာသွတ်လိမ္မော်နှင့် ဆင်တူသော်လည်း လိမ္မော်အသားကိုတော့ မွှေကြော်စရာမလို။ ခေါက်ဆွဲသည် ထန်ချောင်းချောင်း၏ လက်လုပ်ခေါက်ဆွဲအပါးဖြစ်ပြီး ရနံ့သင်းကြိုင်သည့် လိမ္မော်ရောင်အမှုန့်နှင့်အတူ ခေါက်ဆွဲများကို လောင်းထည့်ကာ အစိမ်းရောင်ကြက်သွန်နီအနည်းငယ်ကိုဖြူး၍ စားသုံးရန်သာဖြစ်သည်။
“လာကြတော့”
ထန်ချောင်းချောင်း အမြန်ပြင်ဆင်ပြီးနောက် ဂဏန်းဟင်းသည် စားပွဲပေါ်အသင့်ဖြစ်သည်။
ဂဏန်းအစာသွတ်လိမ္မော်နှင့် ဂဏန်းခေါက်ဆွဲထည့်ထားသောပန်းကန်လုံးများသည် အားလုံး၏အရှေ့တွင် နေရာယူပြီးဖြစ်ကာ အမွှေးထူထူဂဏန်းပေါင်းကတော့ စားပွဲ၏အလယ်မှာရှိလေသည်။
လီကျိနှင့် တခြားသူများသည် ထိုအရာကိုစောင့်မျှော်နေတာကြာခဲ့ပြီပင်ဖြစ်၏။ ယခုဆိုလျင် နူးညံ့သောဂဏန်းအစာသွတ်လိမ္မော်က သူတို့လက်ထဲရှိနေတော့ စားဖို့ သင့်လျော်သွားခဲ့လေသည်။
လိမ္မော်ကို တူးဖော်ထားသောအနားကွတ်သည် စက်ဝိုင်းပုံစံဖြစ်ပြီး လိမ္မော်သည် အဖြူရောင်ကြွေထည်ပန်းကန်ပြား၏အလယ်တွင် ရှိလေသည်။ အဖုံးဖွင့်လိုက်သည်နှင့် ဂဏန်းဥ၊ အနှစ်နှင့် အသားတို့သည် လိမ္မော်သီး၏အတွင်းသားနှင့် ရောစပ်နေပြီးဖြစ်သည်။ သူတို့သည် ထူးခြား၍ ကြွယ်ဝသော ရနံ့များအား ရရှိလိုက်ကြသည်။
ထို့နောက် သူတို့သည် သေးငယ်သောဇွန်းကိုယူ၍ ပါးစပ်ထဲသို့ တစ်လုတ်စာထည့်လိုက်သည်။ ဂဏန်း၏အရသာရှိမှုနှင့် လိမ္မော်၏ ချိုမြမှုနှင့် ချဥ်ပြုံးပြုံးအရသာသည် ပြီးပြည့်စုံစွာ ရောစပ်လျက်ရှိနေကြသည်။ အရသာသည် နူးညံ့ပြီး ကောင်းမွန်သည်။ ဒါသည် ခံတွင်းအရသာအတွက် နောက်ဆုံးသောနှစ်သက်မှုဖြစ်၏။ လိမ္မော်အခွံ၏ ပြင်းထန်သောအရသာကိုတောင် ခံစားနိုင်ပေမယ့် ဆိုးရွားသောအရသာမဖြစ်စေပဲ လတ်ဆတ်သောခံစားချက်ကို ရရှိစေသည်။
ဂဏန်းအစာသွတ်လိမ္မော်၏ ပန်းကန်လေးသည် အလွန်နည်းပါးသည်ကတော့ နှမြောစရာပင်ဖြစ်သည်။ တစ်ဇွန်းစာလေးစားပြီးသည်နှင့် ကုန်သွားခဲ့သည်။
သူတို့၏အာရုံတွေကို ဂဏန်းခေါက်ဆွဲဆီသို့ ပြောင်းရန်လိုအပ်လာလေသည်။ သူတို့သည် ဂဏန်းဥနှင့် ဂဏန်းသားများကို ခေါက်ဆွဲဆီသို့ ပျံ့နှံ့စေပြီး ရွှေရောင်လွှမ်းနေသောခေါက်ဆွဲများပေါ်သို့ ဖြည်းညင်းစွာ မွှေနှောက်သည်။
တူနှင့် စက်ဝိုင်းပုံစံမွှေပြီး ခေါက်ဆွဲအထပ်လိုက်ကို လုံးယူကာ ပါးစပ်ထဲသို့သွင်းသည်။ ပြင်းထန်သောရနံ့နှင့် ဂဏန်းသားများနှင့် ဂဏန်းဥများ၏ ဖွံ့ဖြိုးချိုမြိန်သောအရသာသည် သူတို့၏ လျှာဖျားထိပ်တွင် ခုန်ပေါက်နေကြသည်။ ဂဏန်းအစာသွတ်လိမ္မော်ကို လုံလောက်စွာမရရှိသည့် မကျေနပ်ချက်က လုံးလုံးပျောက်ကွယ်သွားခဲ့သည်။
လီကျိနှင့် တခြားသူများသည် ခေါက်ဆွဲစားကြခြင်းဆီသို့သာ နှစ်မြုပ်ထားကြ၏။ အချိန်နဲ့အမျှ စားသောက်သောအသံများ ထွက်ပေါ်လာခဲ့သည်။ ဂဏန်းခေါက်ဆွဲ၏စားမြိန်ရည်သည် အရသာရှိပြီး ကြွယ်ဝကောင်းမွန်၏။ တကယ်ကို စွဲလမ်းဖွယ်ကောင်းသည်။
“မရီး.. ဒါအရမ်းအရသာရှိတယ်.. ကျွန်တော့်ဘဝရဲ့ စားဖူးသမျှ ဂဏန်းဟင်းတွေထဲမှာ အကောင်းဆုံးပဲ”
“ကံကောင်းလို့ ငါတို့ ဒီဂဏန်းတွေကို ပို့ပေးခဲ့တာ.. ငါတို့လက်ထဲမှာသာ ထားထားရင် ဒီလောက်ကောင်းတဲ့ အရာကို သိမှာတောင်မဟုတ်ဘူး”
“ဟုတ်တယ်.. မင်းပြောတာမမှားဘူး”
ရှန်းယွဲ့၏ မျက်ခုံးမွှေးသည် စိတ်တိုမှုကြောင့် အနည်းငယ်တွန့်မသွားမချင်း လူနည်းစုသည် သက်တန့်များဖြာကျကာ အူမြူးနေကြသည်။ သူတို့ ဂဏန်းကို ထန်ချောင်းချောင်းကိုမဟုတ်ပဲ ရှန်းယွဲ့ကိုပဲ ပေးသင့်တာမဟုတ်လား။
ထန်ချောင်းချောင်းသည် ချီးမွမ်းခံရ၍ အလွန်ပျော်နေလေသည်။ “ကြိုက်ရင် ထပ်စားကြနော်”
ရှန်းယွဲ့သည် မကြည်မလင်တွေးလိုက်သည်။ ‘ထပ်စားကြနော်..” သူတို့လေးယောက်ကြောင့် ရှန်းယွဲ့သည် ဝဝလင်လင် မစားခဲ့ရပေ။
ထန်ချောင်းချောင်းသည် ရှောင်တင်းဝိုင်နှင့်အတူ နီရဲသည်အထိ ပေါင်းထားသောအမွှေးထူထူဂဏန်းပေါင်းကို ယူလိုက်သည်။ သူမသည် ဂဏန်းခြေထောက်တွေကို တစ်ခုချင်းစီဖြုတ်ပြီး ဂဏန်းအခွံကိုခွာကာ အသားတွေကိုယူပြီး ဂဏန်းဥနှင့် အနှစ်များကို ခြစ်ထုတ်ကာ နောက်ဆုံးတွင် ဂဏန်းအခွံနှင့် ခြေထောက်ကို ပုံမပျက်စေပဲ အတူတကွပြန်ထားလိုက်သည်။
ဒါသည် အနုပညာပင်ဖြစ်ပေ၏။
ထန်ချောင်းချောင်းသည် ပထမဆုံးအသားနွှင်ထားသည့် ဂဏန်းအား ရှန်းယွဲ့ထံသို့ ကမ်းပေးလိုက်သည်။ ရှန်းယွဲ့သည် သူမအား မသိသာသောအပြုံးဖြင့် အံ့အားသင့်စွာ ကြည့်လိုက်သည်။
မဆိုးပါဘူး။ သူ၏ လက်အောက်ငယ်သားတွေထက်အရင် ဦးစားပေးဖို့တော့ သူမသိသည်။
ထန်ချောင်းချောင်းသည် ဂရုမစိုက်ဟန်ဖြင့် “ရှင်က အစာစားတာကို ဇီဇာကြောင်လိုက်တာ.. ဂဏန်းကို ဘယ်လိုစားရမလဲဆိုတာ မသိဘူးလား.. ကျွန်မ ရှင့်ကို နွှာပေးပြီးပြီလေ.. ဒီတိုင်းစားရုံပဲကို..” ဟု ပြောလိုက်သည်။
ရှန်းယွဲ့၏နှုတ်ခမ်းများ ရုတ်တရက်တင်းတင်းေစ့သွားရပြီး “ဒါက ဂဏန်းပဲလေ.. စိတ်အနှောင့်အယှက်ဖြစ်စရာမလိုပါဘူး”
ထန်ချောင်းချောင်းသည် သူမ၏ မျက်ခုံးပင့်တင်ကာ ပြောလိုက်သည်။ “ဒါဆိုလည်း ကိုယ့်ဟာကိုယ် နွှင်ပေါ့” ပြောပြီးသည့်နောက် သူမသည် ပေးခဲ့သောပန်းကန်ပြားကို ပြန်ယူရန်လုပ်နေသည်။
ရှန်းယွဲ့သည် ပြန်ချလိုက်ပြီး “ပြန်ယူစရာမလိုဘူး”
“မြန်မြန်လုပ်.. ရှင့်ရဲ့ ကြေးများတဲ့ပါးစပ်က ဂဏန်းအများကြီးနဲ့တောင်မှ မလုံလောက်နိုင်သေးဘူး” ဟုပြောကာ ထန်ချောင်းချောင်း ရယ်မော၍ ခေါင်းရမ်းလိုက်သည်။
ပွဲကြည့်ပရိတ်သတ်လေးယောက်သား သူတို့အချင်းချင်းပြန်ကြည့်နေလ်ုက်ကြ၏။ သူတို့၏မျက်လုံးများသည် တစ်ခုတည်းကိုသာ ပြောပြနေ၏။ “ဒါက ကျီစယ်နေတာပဲ.. ဟုတ်တယ်မလား.. ဟုတ်တယ်မလား”
ထန်ချောင်းချောင်းသည် လီကျိကို မမေးခင် အမွှေးထူဂဏန်းကို ယူစားလိုက်ပြီး “ဗိုက်ပြည့်ပြီလား.. တော်ပြီလား”
လီကျိသည် ဖြည်းညင်းစွာဖြင့် ပြန်ပြောသည်။ “ဟို.. ဟိုဟာလေ…”
သူစကားပြောလို့ မပြီးသေးခင် ရှန်းယွဲ့၏ သေမယ်ဆိုသောသတိပေးသည့်အကြည့်အား လက်ခံရရှိလိုက်သည်။ ထို့ကြောင့် ပြတ်သားသော အဖြေအားပေးလိုက်သည်။ “ကျွန်တော်မစားနိုင်တော့ဘူး.. ဗိုက်ပြည့်နေပြီ”
သူဌေး၏အကြည့်က လွန်စွာကြောက်ဖို့ကောင်း၏။
သို့သော်လည်း လူဝကြီးတစ်ယောက်ကတော့ ဗိုက်ပြည့်သေးပုံမရပဲ ရှန်းယွဲ့၏ သတိပေးသည့်အကြည့်ကိုလည်း မမြင်ခဲ့ပေ။ သူသည် ခံစားချက်အပြည့်ဖြင့်ပြောသည်။ “မရီးလုပ်တဲ့ ပျားသလက်ပြောင်းဖူးကို စားရဖို့ အခွင့်အရေးရှိဦးမယ်ဆိုရင် သိပ်ကောင်းမှာပဲ.. Live လွှင့်တာကြည့်ပြီး ကျွန်တော်အရမ်း လောဘတက်သွားမိတာ.. ပြောင်းဖူးတွေအများကြီးဝယ်ပြီး ကုမ္ပဏီကို ပို့ပေးပြီး ဘာမှမလုပ်ပဲ ဒီတိုင်းထားမယ်ဆို နှမြောစရာကြီးလေ”
ရုတ်တရက် ရှန်းယွဲ့ အနည်းငယ်ချောင်းဟန့်လိုက်သည်။
ထန်ချောင်းချောင်းသည် အကြောင်းပြချက်ကို မသိပဲ “ရှင်က ကျွန်မရဲ့ Live ကိုကြည့်ပြီး ပြောင်းဖူးတွေ ဝယ်ခဲ့တယ် ဟုတ်လား”
“အဟွတ် အဟွတ် အဟွတ်” ရှန်းယွဲ့သည် ချောင်းသံကို မြှင့်လိုက်သည်။
လူဝကြီးသည် တုံ့ပြန်မှုမရှိသေးပဲ အမှုမဲ့အမှတ်မဲ့ပြောလိုက်သည်။ “သူဌေးက ဝယ်ခဲ့တာ.. အား.. ဘာလို့ ကျွန်တော့်ကို တက်နင်းတာလဲ”
လီကျိသည် စားပွဲအောက်မှ သူ၏ခြေထောက်ကို ပြန်ရုပ်သိမ်းလိုက်ပြီး လူဝကြီးအား ရှန်းယွဲ့ကို သတိမူမိရန် မျက်စိဖြင့် အချက်ပြပြောဆိုလိုက်သည်။
ထန်ချောင်းချောင်းသည် ရှန်းယွဲ့ကိုကြည့်ပြီး “အဲ့ဒီလူကြီးရဲ့ ပြောင်းဖူးကို ရှင်ဝယ်ခဲ့တာလား” ဟု မေးလိုက်သည်။
ရှန်းယွဲ့သည် လူဝကြီးအား စိန်းစိန်းဝါးဝါး စိုက်ကြည့်လိုက်သည်။ သူ့စိတ်ထဲမှာလည်း စကားလုံးများကို လျင်မြန်စွာ စီရီလိုက်သည်။ ရှန်းယွဲ့သည် ထန်ချောင်းချောင်း၏ အသစ်ထွက်သောရုပ်ရှင်ကို ခိုးကြည့်ကြောင်း သူမထံသို့ အလိမ်ပေါ်သွားခဲ့ရသည်။ Live လွှင့်နေချိန်မှာ သူမကို အထူးတလှယ်အနေနဲ့ ပြောင်းဖူးဝယ်ပေးခဲ့မှန်းသာသိခဲ့ရင် သူ့ဆီမှာ သူမနှင့်ပက်သက်ပြီး အတွေးတစ်ချို့ရှိနေကြောင်းကို ထင်မြင်မိမှာမဟုတ်လား။
သူ့သူဌေးရှက်နေကြောင်းကို တွေ့ပြီးနောက် လီကျိသည် လျင်မြန်စွာဖြင့် အကြောင်းပြချက်ပေးဖို့လုပ်လိုက်သည်။ “ကျွန်တော်ဝယ်ခဲ့တာ.. ကျွန်တော် မရီးရဲ့ Live ကိုကြည့်ပြီး သူဌေးကိုပြောခဲ့တာ.. သူဌေးက လယ်သမားတွေကိုကူညီတာကောင်းတယ်ဆိုပြီး လက်ခံခဲ့တာ.. ကျွန်တော်တို့ ကုမ္မဏီက အမြဲတမ်း လူမှုရေးလိုအပ်ချက်တွေနဲ့ လယ်သမားတွေကို ကူညီပြီး ကာကွယ်ပေးဖို့ရယ် လူတွေကို အကျိုးပြုဖို့အတွက်ဆို အမြဲ တောင်းဆိုတတ်တယ်လေ”
လူဝကြီးသည် နောက်ဆုံးမှ သတိမူမိသွားပြီး လျင်မြန်စွာ ပြန်ပြောလေသည်။ “ဟုတ်တယ် လီကျိဝယ်ခဲ့တာ”
ထန်ချောင်းချောင်း ရုတ်တရက် ခေါင်းငြိမ့်လိုက်သည်။ ရေခဲတုံးကြီးရှန်းယွဲ့သည် ဘယ်လိုများ သူမကို ပစ္စည်းတွေ ကြင်ကြင်နာနာနဲ့ ဝယ်ပေးနေနိုင်တာပါလိမ့်။ ဒါသည် Live ကြောင့်ပင်ဖြစ်၏။ သူသည် ထိုလယ်သမားများ၏ ပြောင်းဖူးများကို ညှာတာသောအားဖြင့် ဝယ်ခဲ့လေသည်။
ရှန်းယွဲ့၏မျက်နှာ အောက်ချသွားလေသည်။ ဘာလို့များ ထန်ချောင်းချောင်းဆီမှာ “ဒါက မှန်တယ်” ဆိုတဲ့အကြည့်ရှိနေရတာလဲ။ သူ့ပုံစံကို လယ်သမားတွေကို ကူညီပေးတတ်တဲ့ပုံပေါက်နေလို့လား။
လီကျိ ရှန်းယွဲ့၏ မျက်နှာပြောင်းသွားသည်ကိုကြည့်ပြီး စတင်၍ ခေါင်းကိုက်လာလေတော့သည်။ သူ့သူဌေးရဲ့စိတ်သည် ပိုပိုပြီး နားလည်ရခက်လာလေသည်။
ကုမ္ပဏီရဲ့အလုပ်သမားဖြစ်ရတာလည်း ခက်ခဲလိုက်လေခြင်း။
ဂဏန်းဟင်းစားပြီးကြသည်နှင့် လီကျိနှင့် ကျန်လူများသည် ရှန်းယွဲ့၏ ရေခဲတုံးမျက်နှာထားကြောင့် အေးစက်ကုန်ကြသော်လည်း အပြင်ရောက်သောအခါတွင်တော့ “မရီး နောက်တစ်ခေါက်အချိန်ရမှ လာတွေ့မယ်နော်” ဟု အော်ပြောလေသည်။
ရှန်းယွဲ့သည် ကုမ္ပဏီ၏ အာဖရိကသို့ စီးပွားရေးလုပ်ငန်းချဲ့ထွင်မည့် အစီအစဥ်အား အမြန်ဆုံးအစည်းအဝေးလုပ်သင့်ကြောင်း တွေးလိုက်မိသည်။
လီကျိနှင့် တခြားလူများ ပြန်ထွက်သွားပြီးနောက် ထန်ချောင်းချောင်းသည် ရှန်းယွဲ့ထံသို့ လှည့်ပြီး ေပြာလိုက်သည်။
“ကျွန်မ ဗိုက်ပြည့်သွားပြီ.. သူတို့လည်း ပြန်သွားကြပြီဆိုတော့ အခုအလုပ်လုပ်ရတော့မယ်.. ရှင့်ခြေထောက်ကို ကြည့်ရအောင်”
ရှန်းယွဲ့သည် သူမနေ့က ကျွမ်းကျင်ပညာရှင်များနှင့် တိုင်ပင်ခဲ့ကြောင်း ပြောလေသည်။ရလဒ်အနေဖြင့် ဆရာဝန်သည် သူ့ခြေထောက်က အံ့သြဖွယ်ပြောင်းလဲမှုတွေနှင့် ကြုံခဲ့ရကြောင်းပြောခဲ့ပြီး စစ်ဆေးမှုများပြီးမြောက်သွားသည့်တိုင်အောင် အကြောင်းပြချက်ကို သူတို့မပြောနိုင်ခဲ့။
Xxxxxxxx