Chapter 73
: အရက်မူး
မကြာခင်မှာပဲကော့တေးသည် စားပွဲပေါ် ရောက်ရှိခဲ့ပြီး ကျန်းကုန်းကျွီက ဖန်ခွက်ကိုမြှောက်လိုက်ကာ "မင်းရိုက်ပေးတဲ့ ကြော်ငြာကြောင့် ငါ့တို့ရဲ့ အချိုရည်တွေတော်တော်ရောင်းကောင်းခဲ့တယ်.. အဲ့ဒါကြောင့် မင်းကိုကျေးဇူးတင်ချင်လို့ ညစာစားဖို့ဖိတ်လိုက်တာ” ဟုပြောသည်။
“ကြော်ငြာအတွက်စီစဥ်ထားတာတွေကကောင်းတယ်.. အချိုရည်ကလည်းတကယ်အရသာရှိပြီး အကျိုးသက်ရောက်မှုရှိတယ်" ဟု ထန်ချောင်းချောင်းက နှိမ့်ချပြီး ပြောသည်။
ကျန်းကုန်းကျွီသည် နည်းနည်းစိတ်လှုပ်ရှားနေပုံရသည်။
“မဟုတ်ဘူး.. မင်းသာ အဲ့ဒီကြော်ငြာကို မရိုက်ဘူးဆိုရင် အချိုရည်အသစ်က ဒီလောက်မြန်မြန်ကျော်ကြားမှုကို ရမှာမဟုတ်ဘူး"
“အဲ့ဒါကြောင့် ငါမင်းကိုဒီခွက်နဲ့ဂုဏ်ပြုပါတယ်" ဟု ပြောပြီးတဲ့နောက်မှာ ကျန်းကုန်းကျွီက ဖန်ခွက်ကို မြှောက်ပြီး သောက်ခဲ့သည်။
ဒီ “အသေးလေး” က တော်တော်သောက်နိုင်တာပဲ။
ထန်ချောင်းချောင်းသည် မဝံ့မရဲနဲ့ မိုဂျိတိုကော့တေးတစ်ငုံလောက်သောက်ကြည့်ခဲ့၏။ အရသာက မင့်အရွက်အနံ့နဲ့ချိုပြီး လတ်ဆတ်နေခဲ့သည်။ တစ်ငုံလောက်သောက်ပြီးနောက်မှာ သမုဒ္ဒရာလှိုင်းလုံးတွေရဲ့အနံ့ကိုရှုရိုက်လိုက်ရသလိုခံစားရသည်။
သူမ ဖန်ခွက်တစ်ဝက်လောက်ကို တကျိုက်တည်းသောက်ပစ်ခဲ့သည်။
သူမသည်ခွက်ကိုချပြီး ပြုံးလိုက်သည်။ "တကယ်တော့ ရှင်ကျွန်မကိုကျေးဇူးတင်စရာမလိုပါဘူး.. ရှင့်ဆီကပိုက်ဆံကိုယူတယ်.. ပိုက်ဆံရပြီးတော့ ကျွန်မရဲ့အလုပ်ကိုကောင်းကောင်းလုပ်ရမှာပဲ.. အဲ့ဒါကျွန်မရဲ့တာဝန်ပဲ”
‘ဟုတ်တယ် ကျွန်မမှာတာဝန်ယူစိတ်ရှိတယ်’
ကျန်းကုန်းကျွီရဲ့ နှလုံးသားထဲမှာရှိတဲ့ ထန်ချောင်းချောင်းရဲ့ပုံရိပ်က ပိုပြီးထင်ရှားလာခဲ့၏။
ထန်ချောင်းချောင်းသည်ဆက်ပြောခဲ့၏။ “တကယ်တော့ကျွန်မကရှင့်ကိုအတူစားဖို့ဖိတ်သင့်တာ"
ကျန်းကုန်းကျွီ အံ့အားသင့်သွားခဲ့၏။
“မင်းကကျွန်တော့်ကိုဖိတ်ချင်တာလား"
ထန်ချောင်းချောင်းက ခေါင်းငြိမ့်ခဲ့သည်။ " ရှင့်ရဲ့ကြော်ငြာတွေကြောင့် ကျွန်မကပိုပြီးအောင်မြင်ကျော်ကြားလာခဲ့တယ်.. အဓိကမြို့ကြီးတွေနဲ့ စူပါမားကတ်တွေမှာ ကျွန်မရဲ့ပုံတွေပေါ်လာခဲ့တယ်.. ဒါပေမယ့် အရေးအကြီးဆုံးအချက်ကတော့ ရှင်ကျွန်မအတွက် ရှေ့နေငှားပေးတာကိုကျေးဇူးတင်ပါတယ်”
“ရှေ့နေ?" ကျန်းကုန်းကျွီက အံ့အားသင့်သွားခဲ့သည်။ “ငါမင်းအတွက်ရှေ့နေငှားမပေးခဲ့ပါဘူး”
“မငှားခဲ့ဘူးလား" ကောလဟာလတွေအတွက်ရှေ့နေစာကိုပို့ခဲ့တာ ရှန်လုံးဥပဒေကုမ္ပဏီပင်ဖြစ်သည်။ ထန်ချောင်းချောင်းက အံ့အားသင့်သွားခဲ့၏။
“အဲ့ဒါငါမဟုတ်ဘူး.. ငါတို့တွေအဲ့ဒါကိုပရိသတ်အဖွဲ့ထဲမှာဆွေးနွေးခဲ့တယ်.. အားလုံးကဘယ်သူလုပ်တယ်ဆိုတာကိုမသိကြဘူး.. မင်းလည်း အဲ့ဒါဘယ်သူလုပ်တယ်ဆိုတာကိုမသိဘူးပေါ့"
‘အဲ့ဒါက သူ မဟုတ်ဘူးတဲ့လား.. ဒါဆို ဘယ်သူက ရှေ့နေကိုငှါးခဲ့တာလဲ’
“ငါအမှားလုပ်မိသွားပြီ” ထန်ချောင်းချောင်းက အဲ့ဒီအကြောင်းကိုစဉ်းစားပြီးနောက်မှာ သူမရဲ့အတွေးထဲမှာအဖြေက ထင်ထင်ရှားရှားပေါ်လာခဲ့သည်။
ကျန်းကုန်းကျွီကလည်း ထိုပြဿနာကို ဂရုမစိုက်တော့ပဲ အခြားအကြောင်းအရာတစ်ခုကို စဥ်းစားနေသည်။ ဒါပေမယ့် သူ့ပါးစပ်ကနေတော့ ဘာမှထုတ်မပြောခဲ့ပါ။ သူ့ရဲ့လက်တွေကိုပဲ ပွတ်နေခဲ့သည်။
ဒီတစ်ချိန်မှာတော့ သူကော့တေးတွေမှာခဲ့တာကို နောင်တရနေ၏။ လုံးဝ စိတ်လှုပ်ရှားဖို့မကောင်းချေ။ လောင်ပိုင်ကန် တစ်ပုလင်းလောက်မှာခဲ့သင့်ခြင်းဖြစ်သည်။
[T/N - လောင်ပိုင်ကန်ဆိုတာက ပြောင်းဖူးနဲ့လုပ်ထားတဲ့ တရုတ်အရက်တစ်မျိုးဖြစ်ပြီး အရမ်းပြင်းပါတယ်]
ထန်ချောင်းချောင်းက အရက်ကိုစွဲနေပုံရပြီး နောက်ထပ် မိုဂျိတို မှာခဲ့သည်။
သူမသည် ကျန်းကုန်းကျွီက ပြောဖို့တွန့်ဆုတ်တွန့်ဆုတ်ဖြစ်နေတာကိုတွေ့သွားပြီး တိုက်ရိုက်ပဲမေးလိုက်သည်။ "ရှင်တခုခုပြောမလို့လား"
ကျန်းကုန်းကျွီက အကျပ်ရိုက်သွားခဲ့ပြီး ပိုပြီးစိုးရိမ်ပူပန်သွားသည်။ သူက သူ့ဘာသာ အားတင်းပြီး သူ့စိတ်ကို ပြင်ဆင်ပြီးတဲ့နောက်မှာ ပြောဖို့ဆုံးဖြတ်ခဲ့သည်။
"ဆရာနဲ့ အမျိုးသမီး.. စောင့်ခိုင်းမိတဲ့အတွက်တောင်းပန်ပါတယ်.. အခုအစားအသောက်တွေချပေးလို့ရပြီလားဗျ"
ထိုအချိန်မှာပင် ဝိတ်တာရဲ့အသံပေါ်လာပြီး ကျန်းကုန်းကျွီရဲ့ အင်အားတွေ ရုတ်တရက်ပျောက်သွားခဲ့သည်။
"ဟုတ်ကဲ့" အစားအသောက်တွေနောက်ဆုံးရောက်တဲ့အခါ ထန်ချောင်းချောင်းရဲ့ မျက်လုံးတွေကျယ်သွားခဲ့သည်။
ကျန်းကုန်းကျွီက အခုလောလောဆယ်တော့ သူပြောချင်တာကိုမျိုသိပ်ထားရမည်ဖြစ်သည်။
ထန်ချောင်းချောင်းက တရုတ်အစားအစာတွေကို အကြိုက်ဆုံးဖြစ်သည်။ သို့သော် အနောက်တိုင်းအစားအစာတွေမှာလဲစိတ်ဝင်စား၏။ သူမက အကုန်လုံးကို စားကြည့်ချင်တာလို့ပြောရင်ပိုမှန်ပါလိမ့်မည်။
သူမက အဖြူရောင်ဆော့စ်နဲ့နွားငယ်သားကိုစားကြည့်ခဲ့သည်၊ ဆော့စ်က အရမ်းနူးညံ့ပြီး နူးညံ့တဲ့အမဲသားဘေးမှာ သေချာပတ်ထားသည်။ အပြင်အဆင်ကလည်းလှပီးအရသာရှိ၏။
ခရုဟင်းကလည်း အရမ်းအရသာရှိသည်။ ခရုက နူးညံပြီး အရသာရှိကာ စားလိုက်တဲ့အခါမှာ အနှစ်တွေနဲ့ပြည့်နေပြီး ခရင်မ်အရသာကိုလည်းရသည်။
ထန်ချောင်းချောင်းက တစ်ကိုက်လောက်ကိုက်ပြီးတော့ ကျန်းကုန်းကျွီကို ကြည့်လိုက်သည်။
“ရှင် ဘာပြောချင်ခဲ့တာလဲ"
“ကျွန်တော်..."
ကျန်းကုန်းကျွီရဲ့ တွန့်ဆုတ်တွန့်ဆုတ်လုပ်နေမှုက ထန်ချောင်းချောင်းကို အနေခက်စေသည်။ သူ့အတွက်ပြောဖို့ အရမ်းခက်တယ်ဆိုရင် ပုံမှန်အားဖြင့် ပိုက်ဆံချေးတာတို့ဖြစ်သည်။ ဒါပေမယ့် သေချာတာကတော ကျန်းကုန်းကျွီက ပိုက်ဆံလိုမှာမဟုတ်။
“ရှင်ကျွန်မနဲ့ချုပ်ထားတဲ့ စာချုပ်ကို ဖျက်မလို့မဟုတ်ဘူးမလား" ထန်ချောင်းချောင်းက မဝံမရဲမေးလိုက်သည်။ “ဒါကအလုပ်ဖြုတ်တဲ့အနေနဲ့ ကျွေးတာလား"
အဲ့လိုဆိုရင် သူမပိုစားလိမ့်မည်။
ကျန်းကုန်းကျွီ အံ့အားသင့်သွားခဲ့၏။ "အဲ့လိုမဟုတ်ပါဘူး.. ဘာကြောင့်အဲ့လိုထင်ရတာလဲ"
ဘယ်လိုတောင်တွေးလိုက်တာလဲ။
“ဒါဆိုရင် ရှင်ဘာလို့အဲ့လောက်ရှက်နေတာလဲ.. ရှင်ဘာလိုလဲဆိုတာပဲပြောပါ"
အဲ့လိုကြားပြီးတဲ့နောက်မှာ ကျန်းကုန်းကျွီက သူ့ရဲ့ ဇွန်းနဲ့ ခက်ရင်းကို ချပြီးတော့ လေးလေးနက်နက်မေးလိုက်သည်။ "မင်းကိုယ့်ကိုဘယ်လိုမြင်လဲ"
ထန်ချောင်းချောင်းရဲ့ မျက်လုံးဝိုင်းဝိုင်းလေးတွေကို မှိတ်လိုက်ဖွင့်လိုက်လုပ်ပြီး "တကယ်ပဲ အမှန်အတိုင်းကြားချင်တာလား"
“ဒါပေါ့"
ထန်ချောင်းချောင်းက သူမရဲ့ နှုတ်ခမ်းတွေကိုဖိပြီး ပြောလိုက်သည်။ "ရှင့်မှာ စိတ်အားထက်သန်မှုနဲ့ ကြိုတင်တွေ့မြင်နိုင်စွမ်းရှိတယ်.. ပြီးတော့ ရှင်က လူတွေကိုကြည့်တဲ့နေရာမှာတော်တယ်”
ကျန်းကုန်းကျွီက ချီးကျူးခံရပြီး နည်းနည်းရှက်သွားခဲ့သည်။
ထန်ချောင်းချောင်းက မဝံ့မရဲနဲ့ ပြောလိုက်သည်။ "တစ်ခါတစ်ရံမှာ မင်းဟာ တုန်လှုပ်ခြောက်ခြားတဲ့ စိတ်ထားမျိုး ပေါ်နေတတ်တယ်"
ကျန်းကုန်းကျွီက စိတ်မတိုပဲ နည်းနည်းစိတ်လှုပ်ရှားသွားခဲ့သည်။ "ဒါဆိုရင်လည်း အဲ့လိုလူမျိုးကို မင်းဘယ်လိုမြင်လဲ"
ကျန်းကုန်းကျွီရဲ့ စိတ်လှုပ်ရှားနေတဲ့ အပြုအမူကိုတွေ့ပြီးတဲ့နောက်မှာ "အာ.. ရှင်ဘာမေးချင်လဲဆိုတာ ကျွန်မသိတယ်" ထန်ချောင်းချောင်းက လိမ္မာပါးနပ်တဲ့အကြည့်နဲ့ ပြောလိုက်သည်။
ကျန်းကုန်းကျွီက စကားထစ်ထစ်နဲ့ပြောသည်။ "မင်း.. မင်းခန့်မှန်းမိတယ်ပေါ့?"
ထန်ချောင်းချောင်းကပြောသည်။ "ရှင်ကျွန်မကို တစ်ယောက်ယောက်နဲ့ မိတ်ဆက်ပေးစေချင်တာမလား"
ကျန်းကုန်းကျွီ : ???
"ရှင့်ရဲ့ ထူးဆန်းတဲ့အလေ့အကျင့်ကြောင့် ရှင့်နဲ့သင့်တော်မယ့်သူရှာဖို့ခက်ခဲတယ်။။ ဒါပေမယ့် ဖျော်ဖြေရေးနယ်ပယ်မှာရှိတဲ့သူတွေက ပိုပြီးမျက်စိပွင့်ပြီး ရှင့်ရဲ့ဖြစ်တည်မှုကိုပိုပြီးလက်ခံကြတယ်.. အဲ့ဒါကြောင့် ရှင်က ကျွန်မကို ရှင်နဲ့ဝါသနာတူတဲ့သူကို မိတ်ဆက်ပေးဖို့ တောင်းဆိုနေတာ" ဟု ထန်ချောင်းချောင်းက ယုံကြည်ချက်ရှိရှိ ပြောလိုက်သည်။
ကျန်းကုန်းကျွီက သူ့ရဲ့လက်ကို မြန်မြန်ဝှေ့ယမ်းပြီး "မဟုတ်ဘူး..မင်းအထင်လွဲနေတာ" ဟုပြောသည်။
‘ဘာ? ဘာဝါသနာ? အဲ့ဒါကအမှားသက်သက်ပဲ’
ထန်ချောင်းချောင်း "အဲ့လိုမဟုတ်ဘူးဆိုရင် ဘာကိုပြောချင်တာလဲ"
ကျန်းကုန်းကျွီက တစ်ချိန်ထဲမှာပဲ သူမကို ကြိုက်နေတယ်ဆိုတာကိုပြောပြချင်ခဲ့သည်။ သူ ထန်ချောင်းချောင်းကို ရှိုးမှာတွေ့ပြီးကတည်းက သူမရဲ့ လက်နှစ်ဖက်နဲ့ ဝက်ကြီးတွေကိုသယ်တဲ့အပြုအမူနဲ့ လူအကြီးကြီးတွေကိုကန်တဲ့အပြုအမူက သူ့ကိုဆွဲဆောင်ခဲ့သည်။
အစမှာတော့ သူက သူ့မရဲ့ ပရိသတ်ပဲလို့ထင်ခဲ့ပေမယ့် နောက်မှာတော့ သူမကို ကြော်ငြာရိုက်ဖို့ ကမ်းလှမ်းခဲ့သည်။ ဒါပေမယ့် သူမနဲ့တွေ့ပြီးတဲ့နောက်မှာ သူမက ဖန်သားပြင်မှာထက် အပြင်ကပိုပြီး ချစ်ဖို့ကောင်းတယ်ဆိုတာကိုသိခဲ့ရသည်။
အထူးသဖြင့် အဖွဲ့ဆီကိုနောက်ဆုံးသွားပြီးတဲ့နောက်မှာ သူမက သူ့အတွက် နည်းနည်းကွဲပြားနေတယ်လို့ ခံစားခဲ့ရသည်။ အဲ့ဒါကြောင့် ဒီတစ်ကြိမ်မှာတော့ သူမကို ဖွင့်ပြောမယ်လို့ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ဒါပေမယ့် အခုတော့ သူလုံးဝမပြောနိုင်တော့ပါ။
သူမှားချင်မှားမှာပဲလို့တွေးမိနေတာကြောင့်ဖြစ်၏။ သူရိုက်ကွင်းကိုလာတဲ့ခဏအတွင်းမှာပဲ ထန်ချောင်းချောင်းက သူ့ကိုမှတ်မိနေတာကြောင့် သူမလည်း သူ့ကိုစိတ်ဝင်စားနေတယ်လို့တွေးနေခဲ့မိတာကြောင့်ဖြစ်သည်။
သို့သော် အခုပြောပြီးတဲ့နောက်မှာ အဲ့ဒါက မမှန်ဘူးလို့ခံစားနေရသည်။ ထန်ချောင်းချောင်းက သူတွေးထားသလို သူ့ကို ထူးထူးခြားခြားဆက်ဆံမနေဘူးဆိုတာကို ခံစားမိလိုက်သည်။
ထန်ချောင်းချောင်းကတော့ သူ့ရဲ့အဖြေကိုဆက်စောင့်နေတုန်းဖြစ်၏။
သူ တည်ငြိမ်စွာပြုံးပြီး ပြောလိုက်သည်။ “ငါတို့တွေ သူငယ်ချင်းဖြစ်လို့ရမလား"
"ငါတို့ကသူငယ်ချင်းဖြစ်နေပြီပဲ" ထန်ချောင်းချောင်းက ရယ်ခဲ့သည်။ "ရှင်က ဒါကိုပြောချင်နေတာလား"
"ဟုတ်တယ် ငါတို့က သူငယ်ချင်းတွေပဲ" ပရိသတ်ကနေ သူငယ်ချင်းဖြစ်ခွင့်ရတာလည်း ကြီးမားတဲ့တိုးတတ်မှုသာဖြစ်၏။
ညစာစားပြီးတဲ့နောက်မှာ ကျန်းကုန်းကျွီက ထန်ချောင်းချောင်းကို ပြန်ပို့ပေးချင်ခဲ့သည်။
သို့သော် သူစားသောက်ဆိုင်ရဲ့အပြင်ကိုထွက်ထွက်ချင်းမှာပဲ အနက်ရောင်ဝတ်ဆုံနဲ့လူ ရောက်လာခဲ့သည်။
ကျန်းကုန်းကျွီက ဂရုတစိုက်နဲ့ မေးလိုက်သည်။ "ခင်ဗျားက ဘယ်သူလဲ"
ထန်ချောင်းချောင်းက သေချာကြည့်ပြီးတော့ "အဲ့ဒါက ကျွန်မရဲ့ သက်တော်စောင့်ပါ.. နင်က ဘာလို့ဒီမှာရှိနေတာလဲ"
•"ကျွန်တော့်ရဲ့ တာဝန်က သူဌေးကတော်ကို အချိန်တိုင်း နေရာတိုင်းမှာ ကာကွယ်ဖို့ပါ" လို့ သက်တော်စောင့်ကလေးလေးနက်နက်ပြောသည်။ "ကားက ဟိုမှာစောင့်နေပါတယ်.. ကျွန်တော် အဲ့ဒီကိုခေါ်သွားပေးပါမယ်"
ကျန်းကုန်းကျွီက မလှမ်းမကမ်းမှာ ပါကင်ထိုးထားတဲ့ အနက်ရောင်ကားကိုတွေ့သွားသည်။
အဲ့ဒါကြောင့် ထန်ချောင်းချောင်းက ပြန်လှည့်ပြီး ကျန်းကုန်းကျွီကို နှုတ်ဆက်လိုက်သည်။
"ရှင်ကျွန်မကို ပြန်ပို့စရာမလိုပါဘူး.. ကိုယ့်ဘာသာကိုပဲ ပြန်လိုက်မယ်"
သူမက ရုတ်တရက် မူးဝေဝေဖြစ်ပြီး လဲကျသွားခဲ့သည်။
"သတိထားပါ" ကျန်းကုန်းကျွီက ကူညီပေးချင်သော်လည်း သူ့ရဲ့ သက်တော်စောင့်က ဆွဲဖယ်လိုက်၏။
သက်တော်စောင့်က ယဥ်ယဥ်ကျေးကျေးနဲ့ ထန်ချောင်းချောင်းရဲ့ လက်မောင်းကို လက်တစ်ဖက်နဲ့ထူပေးပြီး "စိတ်မပူပါနဲ့ ဆရာကျန်း.. သူဌေးကတော်ထန်းကို အိမ်ကိုဘေးကင်းကင်းနဲ့ရောက်အောင်ပို့ပေးလိုက်ပါမယ်" လို့ပြောသည်။ အဲ့ဒီနောက်မှာတော့သူက သူဌေးကတော်ထန်းကို အနက်ရောင်ကားဆီ တွဲခေါ်သွားခဲ့သည်။
ကျန်းကုန်းကျွီ အဲ့ဒါကို မြင်တော့ သူတို့နောက်ကနေ မလိုက်ခဲ့ပါ။ အနက်ရောင်ကားကိုပဲ စိုက်ကြည့်နေခဲ့၏။ အရမ်းမှောင်နေတာကြောင့် ကားအတွင်းပိုင်းကိုတော့ မမြင်နိုင်ပေမယ့် ကားထဲမှာတစ်ယောက်ယောက်ရှိတယ်လို့ခံစားနေရသည်။ ပြီးတော့ အဲ့ဒီလူက ဩဇာရှိတဲ့သူပဲဖြစ်လိမ့်မည်။
ထန်ချောင်းချောင်းက ကားတံခါးကိုဖွင့်လိုက်ပြီးတော့ သူမကို ထူးထူးဆန်းဆန်းကြည့်နေတဲ့ ကားနောက်ခုံမှာထိုင်နေသော ရှန်းယွဲ့ကို တွေ့သွားသည်။
သူမကားထဲကိုဝင်လိုက်ပြီး ကားတံခါးကိုပိတ်လိုက်ကာ "ရှင်ဘာလို့ ဒီမှာရှိနေတာလဲ.. ကျွန်မကို လာကြိုတာလား"လို့ ပြုံးပြီး မေးလိုက်သည်။
ရှန်းယွဲ့က သူမဆီက အရက်နံ့ရတော့ နှာခေါင်းရှုံ့သွား၏။ "သောက်ခဲ့တာလား"
"ကော့တေးနည်းနည်းပဲသောက်ခဲ့တာပါ.. အရမ်းကောင်းတဲ့မိုဂျိတိုလေ" ထန်ချောင်းချောင်းက သူမရဲ့သေးသွယ်တဲ့ လက်မနဲ့လက်ငြိုးကိုထိပြပြီး ဟန်အမူအရာလုပ်ပြခဲ့သည်။
"အဲ့လောက်ပြင်းတဲ့ အရက်ကို မင်းက နည်းနည်းလေးလို့ပြောချင်သေးတာလား" ဟု ရှန်းယွဲ့က ဆူပုပ်နေတဲ့ မျက်နှာနဲ့ပြောခဲ့သည်။
အပျိုနဲ့ လူပျို အတူတူနေပြီး သူမကို အရက်တွေအများကြီးသောက်ခွင့်ပေးရလား။ အဲ့တစ်ယောက်ကတော်တော်မလွယ်ပြီး အကြင်နာတရားမရှိတာပဲ။
ကံကောင်းလို့ပေါ့။ သက်တော်စောင့်ကိုလွှတ်လိုက်မိလို့။ မဟုတ်ရင်ဘာတွေဆက်ဖြစ်မလဲသိမှာမဟုတ်ဘူး။ ဒီအမျိုးသမီးကလည်းတော်တော်မလွယ်တာပဲ။ မရင်းနှီးတဲ့အမျိုးသားတွေကိုလည်း ဖော်ဖော်ရွေရွေဆက်ဆံတယ်။
ရှန်းယွဲ့က ကားရဲ့အပြင်ဘက်ကိုကြည့်လိုက်သည်။ ကျန်းကုန်းကျွီက အဲ့ဒီမှာရပ်ပြီး သူတို့ကိုကြည့်နေတုန်းပင်။ ဒရိုင်ဘာကိုတိုးတိုးလေးပြောလိုက်၏။ "မောင်းတော့"
ကားက စားသောက်ဆိုင်ဆီကနေ မြန်မြန်မောင်းထွက်သွားသည်။
Xxxxxx