Chapter 75
ထန်ချောင်းချောင်းက အေးနေသောခေါက်ဆွဲများနှင့် လက်လုပ်ကိတ်မုန့်လေးများ ရောင်းချနေသော အန်တီ့ရဲ့ စျေးဆိုင်လေးကို ငုံ့ကြည့်လိုက်သည်။
"အန်တီ ဒီမှာစျေးရောင်းရတာ အဆင်ပြေရဲ့လား" ထန်ချောင်းချောင်းက စကားစရင်း မေးကြည့်သည်။
"မဆိုးပါဘူး.. ဒီစျေးဆိုင်လေးကို အန်တီ့သမီး ကျောင်းစရိတ်နဲ့ ဘွဲ့ရဖို့အတွက် ဖွင့်ခဲ့တာလေ"
အန်တီက ဂုဏ်ယူသော မျက်နှာထားဖြင့်ပြောလေသည်။
"တကယ်တော့ အိမ်မှာလဲ ပိုက်ဆံလုံလောက်ပါတယ်.. ဒါပေမဲ့ အန်တီ ဒီတိုင်းကြီးမနေနိုင်ဘူးလေ.. ဒါကြောင့် ပိုက်ဆံနည်းနည်းပဲရရ များများပဲရရ အန်တီ့အတွက် လုံလောက်ပါတယ်"
စကားပြောနေတုန်း အန်တီ့ရဲ့ လက်ကိုင်ဖုန်းက မြည်လာတော့ အန်တီက ဖုန်းကို ပြန်ဖြေသည်။ စက္ကန့်အနည်းငယ်လောက် နားထောင်ပြီးတော့ “သော့ကို ဘာလို့မယူလာတာလဲ.. အလျင်လိုနေသလား.. ကောင်းပြီ.. စောင့်နေလေ.. ငါပြန်လာခဲ့မယ်" ဟု အော်ပြောလိုက်သည်။
သူမက ကပျာကယာ ထရပ်လိုက်ပြီး "သမီးရေ ဆိုင်ကိုကြည့်ဖို့ ကူညီပေးလို့ရမလား.. အန်တီ့ ယောကျာ်းက သော့ယူလာဖို့ မေ့ခဲ့လို့.. ပြီးတော့သူအလျင်လိုနေလို့ အန်တီပြန်မှရမှာမို့ပါ.. ဒါကြော င့်အန်တီ့ကို ခဏလေး ဆိုင်ကူစောင့်ပေးထားပါနော်သမီး"
ထန်ချောင်းချောင်း အနည်းငယ်ရှက်ရွံ့သွားသည်ကိုမြင်လိုက်ရသဖြင့် "စိတ်မပူပါနဲ့၊.. အန်တီက လူလိမ်မဟုတ်ပါဘူး.. ဒီနားကလူတိုင်းက အန်တီ့ကိုသိတယ်.. အန်တီ ဒီမှာစျေးဆိုင်ဖွင့်နေကြပါ” ဟု ထပ်ပြောသည်။
ထန်ချောင်းချောင်းက အဖွဲ့ဆီ တစ်ချက် ကြည့်လိုက်ပြီး ဖန်းယွမ်ပြန်လာတာကို မတွေ့သဖြင့် ခေါင်းညိတ်ကာ "ဟုတ် သွားပါ ရပါတယ်" ဟုပြောလိုက်သည်။
"ကျေးဇူးပါ.. အန်တီပြန်လာရင် ပန်ကိတ်ကျွေးပါ့မယ်နော်” ဟု အန်တီက နောက်ဆုံးမှာခဲ့ပြီးနောက် ခပ်မြန်မြန်ပင် ထွက်သွားသည်။
စျေးဆိုင်မှာ အရမ်းမကြီးလှသော်လည်း သန့်ရှင်းသပ်ရပ်လှသည်။ ထန်ချောင်းချောင်းက တကယ်လို့ သူမသာ မင်းသမီးဖြစ်မနေခဲ့ရင် ဒီလိုစားသောက်ဆိုင်လေး ဖွင့်တာလည်း မဆိုးပါဘူးလို့တောင်တွေးမိသည်။ သူမ ဆိုင်ရှေ့မှာ ထိုင်စောင့်ပေးနေတုန်းမှာပဲ ကောင်မလေး တစ်ယောက်က ခပ်သွက်သွက်လေး လျှောက်လာသည်။
ကောင်မလေးက ထန်ချောင်းချောင်းကို သံသယဖြစ်သလိုကြည့်လာသဖြင့် ဦးထုပ်ကို အောက်ငိုက်စိုက်ချလိုက်ပြီး သတိမထားမိအောင်နေလိုက်သည်။
ကောင်မလေး “အန်တီမရှိဘူးလား"
ထန်ချောင်းချောင်း "အန်တီက အိမ်မှာ လုပ်စရာတစ်ခုရှိလို့ပြန်သွားတယ် မကြာခင်ပြန်လာလိမ့်မယ်" ဟုပြောလိုက်သည်။
"ဒါဆို ကျွန်မ မှာခဲ့တဲ့ မုန့် နဲ့ ခေါက်ဆွဲအေးရပီလား.. ခုနက ကျွန်မ သူမကို မှာခဲ့တာ"
ထန်ချောင်းချောင်းကြည့်လိုက်တော့ စားပွဲပေါ်မှာ မုန့်များက အဆင်သင့် ရှိမနေပေ။
"မလုပ်ရသေးဘူးထင်ပါတယ်.. ကျွန်မပိုက်ဆံပေးပြီးပြီ.. ခုက အလျင်လိုနေလို့"
ကောင်မလေးက နာရီကိုတစ်ချက်ကြည့်လိုက်ပြီး “အစ်မဒီမှာရှိတာပဲ.. ကျွန်မအတွက်လုပ်ပေးလို့ရမလား.. အခုအမြန်လိုနေလို့ပါ" ဟုပြောသည်။
ထန်ချောင်းချောင်းတစ်ယောက် တုန်လှုပ်သွားပြီး "ဟင်"
ကောင်မလေးက “အစ်မ မလုပ်နိုင်ဘူးလား"
ထန်ချောင်းချောင်းက မျက်မှောင်ကျုတ်လိုက်ပြီး “အင်း....."
ကောင်မလေးက သူမလက်လေးကို လှမ်းဆွဲပြီး သနားကမားဖြင့် "ဒါဆို ညီမအတွက်တစ်ခုလောက်လုပ်ပေးပါ.. ညီမ ဒီနေ့ ဘာမှမစားပဲ ညီမ idol ကိုတွေ့ရဖို့ စောင့်နေခဲ့တာပါ.. အခု ဗိုက်ဆာလို့သေမတတ်ဖြစ်နေပါပြီ’. အခုစားပြီး မြန်မြန်သွားမှရမယ်.. နို့မို့ဆို သူထွက်သွားလိမ့်မယ်ရှင်.. နောက်ဆုံးတော့ ဒီနေ့မှာသူကိုတွေ့ခွင့်ရရမယ်”
အခုတော့ ဒါကမှ တကယ့်ကို ကြယ်လေးတွေ လိုက်ဖမ်းတဲ့ ကောင်မလေးရောက်ရှိလာခဲ့ခြင်းဖြစ်သည်။
ထန်ချောင်းချောင်းလည်း သူမ ဘယ်လိုဖြစ်ပြီး အလည်လာရာမှ မုန့်လုပ်ရောင်းတဲ့ အခြေအနေ ဖြစ်သွားလဲမသိပေ။ သူမ မတုံ့ပြန်နိုင်ခင်မှာပဲ ထောပတ်တွေကို သံပြားတွေပေါ်ဖြန့်လိုက်သည်။ အသင့်လုပ်ပြီးသား ဂျူံကြမ်းတွေရှိနေတာကြောင့် သူမကိုယ်တိုင် ဂျုံနယ်ဖို့ မလိုအပ်ပေ။
မုန့်ဖြူထဲမှာ ဆီပါပြီးသားဖြစ်တာကြောင့်
ဆီထည့်ရန်မလိုပေ။
မုန့်အောက်ခြေက အရောင်ပြောင်းလာတဲ့ အချိန်မှာတော့ ထိပ်တည့်တည့်မှ ဖိလိုက်ပီး ဖွဖွလေးဖြစ်အောင်လုပ်လိုက်သည်။
နှစ်ဖက်လုံး ကျက်သွားတဲ့အချိန်မှာတော့ ရွှေအိုရောင်လေးသန်းလာပြီး သံပြားပေါ် ဟိုဘက်ဒီဘက် လှည့်ပေး လိုက်သည်။ ထို့နောက် ကြက်ဥတစ်လုံးကို ခွဲထည့်လိုက်တော့ သံပြားပေါ်တွင် ကြက်ဥကြော်သံလေးများ ထွက်ပေါ်လာသည်။ အနှစ်က ဝိုင်းဝိုင်းလေးဖြင့် အကာလေးမှာ ဖြူဖြူကျက်ကျက်လေး ဖြစ်နေပြီး ဘေးပတ်ပတ်လည်တွင် ပူပေါင်းလေးများ ဆူပွက်နေသည်။
ကောင်မလေးမှာလည်း ထန်ချောင်းချောင်းရဲ့ ကျွမ်းကျင်လှသော ချက်ပြုတ်နည်းကြောင့် ထွက်လာသော မွှေးရနံ့လေးများကိုပင် အငမ်းမရ ရှုရှိုက်နေသည်။
"ကျွန်မ ကြက်ဥကို တစ်ဝက်ကျက်ပြီး ဝက်ပေါင်ခြောက်နဲ့ အစပ်ဆော့ နည်းနည်းထည့်မယ်"
"ရစေရမယ်"
ထန်ချောင်းချောင်းသည် ချက်ပြုတ်ရာမှာ ပိုပိုကောင်းမွန်လာပြီး ဝက်ပေါင်ခြောက်နှစ်ခုကို အပြားလိုက်ကြော်လိုက်သည်။ ဝက်ပေါင်ခြောက်မှာ ပါးလွှာပြီး အနားစွန်းများပင် ကြေတွန့်သွားသည်။ ဝက်ပေါင်ခြောက်မှာ ဆီထွက်များသည့်အပြင် အနီရောင်ရဲရဲလေးတောက်လာပြီး အနံ့ မွှေးမွှေးလေးတွေ ထွက်လာသည်။
နောက်တစ်ဆင့်အနေနဲ့ သူမက အစပ်ဆော့ကို ကိတ်ပေါ်ဆမ်းလိုက်ပြီး ဆလပ်ရွက်နှစ်ရွက်ကို ခင်းလိုက်သည်။ ထို့နောက် ဝက်ပေါင်ခြောက်နဲ့ ကြက်ဥကို ထိပ်မှာတင်လိုက်သည်။ နောက်ဆုံးမှာတော့ မုန့် အိတ်ထဲဖြန့်ထည့်လိုက်တော့ ဝက်ပေါင်ခြောက်နံမွှေးမွှေး လေးဖြင့် မုန့်မှာ စားဖို့အဆင်သင့် ဖြစ်နေလေသည်။
ကောင်မလေးက ဗိုက်ဆာနေလို့ မုန့်လိပ်ကို ရလိုက်တာနဲ့ ချက်ချင်း စားလိုက်သည်။
မုန့်ရဲ့ အပြင်ဘက်အလွှာက အလွန်ကြွပ်ဆတ်ပြီး အတွင်းပိုင်းကတော့ အလွန်နူးညံ့သည်။ မုန့်မှာ အလွှာများစွာရှိပြီး ကြွပ်ရွသည်။
၀က်ပေါင်ခြောက်က ငန်ငန်လေးနဲ့ မွှေးကြိုင်နေသည်။ ပထမတစ်ကိုက်ကိုတော့ အဆီအနှစ်တွေနဲ့ အရသာရှိပြီး ကြက်ဥအနှစ်ကို ကိုက်လိုက်ပြီးတဲ့အခါမှာ နောက်တစ်ကိုက်ကိုတော့ ကြက်ဥမကျက်တစ်ကျက် ပျော့ပျော့ကို မြည်းကြည့်သည်။ အရသာက စေးကပ်ချောမွေ့ပြီး နူးညံ့သည်။ အစပ်ဆော့စ်နဲ့ ၀က်ပေါင်ခြောက်ကို ဆလတ်ရွက်ဖြင့် ထုပ်ပိုးလိုက်တဲ့အခါ ကြွယ်ဝသော အရသာက သူမ၏ လက်ညှိုးကို လှုပ်ရှားလာစေသည်။
ကောင်မလေးက လက်လုပ်ကိတ်မုန့်တစ်ဝက်ကို စားလိုက်ပြီး "ဒီမုန့်က အရမ်းအရသာရှိပြီး လတ်ဆတ်တာပဲ" ဟုဆိုသည်။
ထန်ချောင်းချောင်းက နှုတ်ခမ်းစွန်းဖျားမှာ ကွေးတက်သွားခဲ့သည်။ ထိုအချိန်ထိ ခေါက်ဆွဲအေး လုပ်နေဆဲဖြစ်၏။
သံပန်းကန်ပြားပေါ်မှာ ဆီအနည်းငယ်ဖြန်းကာ ခေါက်ဆွဲအေးကို ပြားပြားလေးကပ်ပြီး အပူနည်းနည်းဖြင့် ကြော်သည်။ ဂျုံမှုန့်တွေ ဖောင်းလာတဲ့အခါမှာတော့ ကြက်ဥတစ်လုံးကိုခွဲပြီး အမြန်ပြားစေဖို့ ယောက်မကိုအသုံးပြု၍ မုန့်တစ်ခုလုံးပေါ်မှာ ဖြန့်ခင်းသည်။ ထို့နောက် လှန်လိုက်ပြီး ကြက်ဥအရည်နဲ့ တစ်ဖက်ကို မုန့်ညက်အောက်မှာကြော်ထားသည်။
မိန်းကလေးက သူမ ခေါက်ဆွဲအေးကို ချိုချဉ်လေး လိုချင်တယ်လို့ ပြောသည်။ ထို့ကြောင့် ထန်ချောင်းချောင်းက ချိုချဉ်ဆောစ့်နဲ့ ပွတ်တိုက်ပေးကာ ကြက်သွန်နီတွေကို အတုံးသေးသေးလေးများလှီးပြီး မုန့်ညက်တွင် မျဉ်းဖြောင့်အတိုင်းစီကာ နံနံပင်နဲ့ခေါက်ဆွဲအေးကို ခေါက်ထားလိုက်သည်။
အဲ့အချိန်မှာ ကြက်ဥပြုတ်သွားပြီဆိုတော့ အပြင်အလွှာပေါ်မှာ ငံပြာရည်အလွှာကိုလည်းထပ်ဆမ်းပေးသည်။ ပြီးတော့ အစိတ်စိတ်အမွှာမွှာဖြစ်အောင် လှီးဖြတ်ပြီး နောက်ဆုံးမှာ ရှာလကာရည်နည်နည်းဖြန်းကာ စက္ကူဇလုံတစ်ခုထဲသို့ထည့်ပြီး ဝါးချောင်းနှစ်ချောင်းထည့်ကာ ပြီးသွားသည်။
ခေါက်ဆွဲအေးကို သင့်ပါးစပ်ထဲသို့ တိုက်ရိုက်ထည့်စားနိုင်ပါသည်။ခေါက်ဆွဲသားက ချောမွေ့ပြီး ဆောစ့်က ချဉ်သောရနံ့ကို ထုတ်ပေးသည်။ ကြက်သွန်နီအစိမ်းကို အအေးခံထားတဲ့ ခေါက်ဆွဲခြောက်ရဲ့အပူနဲ့ရောမွှေပြီးတော့ ထူးခြားပြီး အနည်းငယ်စပ်သောအရသာကို ဖန်တီးပါသည်။ ခေါက်ဆွဲအေးနှင့် ပေါင်းလိုက်တဲ့အခါ တစ်ချက်ကိုက်ပြီးနောက် စိတ်ကြွဆေးပြာကဲ့သို့ထူးထူးခြားခြားဖြစ်အောင် ဖန်တီးထားပါသည်။
"ခေါက်ဆွဲအေးက ပိုအရသာရှိတယ်" ကောင်မလေးက မရပ်နိုင်သေးပဲ "ကျွန်မကို နောက်ထပ် ခေါက်ဆွဲအေး လုပ်ပေးပါ" ဟုပြောသည်။
ထန်ချောင်းချောင်းက "မင်းရဲ့ idol ကို လိုက်ဖို့ အလျင်လိုနေတာမဟုတ်ဘူးလား" ဟုပြောသည်။
"ကျွန်မကို နောက်တစ်ခုထပ်လုပ်ပေးပါ"လို့ မပြောမီ မိန်းကလေးရဲ့ မျက်နှာမှာတော့ ငြိတွယ်မှုအချို့ ရှိနေသည်။
အဲ့အချိန်မှာ အခြားစုံတွဲတစ်တွဲက အမွှေးရနံ့ရလို့ ရောက်ရှိလာသည်။
“အရမ်းမွှေးတာပဲ.. ခေါက်ဆွဲအေး အရမ်းစားချင်တယ်"
"သူဌေးရေ.. ငါတို့ ခေါက်ဆွဲအေးနဲ့ လက်လုပ်ကမုန့် တစ်ခုလိုချင်တယ်.. ကြက်ဥနဲ့ ဝက်အူချောင်းကို ထည့်ပြီး အစပ်ဆော့စ်အစား ကြက်သွန်ဖြူ များများထည့်ပေးပါ.. ကျေးဇူးတင်ပါတယ်နော်"
“…” ထန်ချောင်းချောင်းက လှည့်ပတ်ကြည့်သည်။
'အန်တီ မြန်မြန်ပြန်လာမယ်လို့ မပြောဘူးလား'
အဲ့ဒါကြောင့် ဖန်းယွမ်နဲ့ မောက်လီက ထန်ချောင်းချောင်းရှိရာသို့ ပြန်ရောက်တဲ့အခါ သူမကို ဘယ်မှာမှမတွေ့ရပေ။ စားသောက်ဆိုင်တစ်ဝိုက်မှာတော့ ဝိုင်းဖွဲ့စားသောက်နေတဲ့လူတွေကိုသာ တွေ့သည်။
"ချောင်းချောင်း ဘယ်မှာလဲ" မောက်လီက မေးသည်။
ဖန်းယွမ်က ဆွံအသွားသည်။ “မသိဘူးသူဒီမှာစောင့်နေမယ်လို့ပြောထားတယ်" ထိုအချိန်မှာ သူတို့ဘေးနားမှာရှိတဲ့ဆိုင်မှ အလွန်ရင်းနှီးတဲ့အသံကိုကြားလိုက်ရသည်။
"အားလုံးပဲ စိတ်မပူကြပါနဲ့.. ဒီကြက်ဥနဲ့ ၀က်ပေါင်ခြောက် ရယ် ကြက်သွန်ရယ်ကို မှာထားတာ ဘယ်သူလဲ"
လူတစ်ယောက်က စိတ်လှုပ်ရှားစွာနဲ့ သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး "အဲ့တာ ကျွန်တော်မှာထားတာပါ.. ခေါက်ဆွဲအေး" ဟုပြောသည်။
ဖန်းယွမ်နှင့် မောက်လီတို့ကအချင်းချင်းပြန် ကြည့်နေကြသည်။ ပြီးတဲ့နောက်မှာ မုန့်ဆိုင်ဆီကို သွားကြသည်။
‘ဟေ့ ဒါက ထန်ချောင်းချောင်းမဟုတ်ရင် တခြားဘယ်သူဖြစ်နိုင်မှာလဲ’
သူမက မုန့်တွေ၊ ကြက်ဥကြော်နဲ့ ဆောစ့်တွေကို လက်နှစ်ဖက်နဲ့လျင်မြန်စွာဖြန့်ပြီး ဆိုင်ရှေ့မှာ အလွန်ကျွမ်းကျင်စွာ လှုပ်ရှားနေသည်။ ပတ်ဝန်းကျင်ရှိ ဖောက်သည်များအားလုံးက ကြီးကျယ်ခမ်းနားသော ဖျော်ဖြေမှုကို ကြည့်ရှုနေသလို သူမကို စူးစူးစိုက်စိုက် စိတ်အားထက်သန်စွာ ကြည့်နေကြသည်။
ဖန်းယွမ်ရဲ့ မျက်နှာဝိုင်းဝိုင်းပေါ်မှာ မေးခွန်းတွေနဲ့ပြည့်နေသော်လည်း မောက်လီက အဲ့မြင်ကွင်းကို မြင်နေရတာ မအံ့ဩတော့ပေ။ သူမက ပြုံးပြီး ခေါင်းခါလိုက်သည်။
ထန်ချောင်းချောင်းလုပ်ထားတဲ့ လက်လုပ်မုန့်များစွာနဲ့ ခေါက်ဆွဲအေးတွေကို လူတွေများစွာက ဝန်းရံထားသည်။ သူမရဲ့ နဖူးမှာလဲချွေးစေးတွေ စီးကျနေသည်။ သူမက ဘာမှမလုပ်နိုင်ပဲ နဖူးကို လက်နောက်ပြန်နဲ့ ညင်သာစွာပွတ်သပ်ပြီး သူမရဲ့ဦးထုပ်ကို အနည်းငယ်မြှောက်လိုက်တာက တောက်ပလုံးဝိုင်းသော မျက်လုံးတစ်စုံကို ပေါ်လွင်စေသည်။
မိန်းကလေးတစ်ယောက်က ထန်ချောင်းချောင်းကို အချိန်အကြာကြီး စေ့စေ့ကြည့်ပြီး မယုံနိုင်တဲ့ လေသံမျိုးနဲ့ "ရှင်က ထန်ချောင်းချောင်းလား?"
ထန်ချောင်းချောင်း ရုတ်တရက် ဘာမှပြန်မပြောနိုင်ပဲဖြစ်သွားသည်။
အဲ့ဒီမိန်းကလေးရဲ့စကားက လူအုပ်ကြားထဲမှာ ဟိန်းထွက်သွားပြီထင်ရသည်။ ကျန်တဲ့လူတွေက ထန်ချောင်းချောင်းကို ဂရုတစိုက်ကြည့်နေကြသည်။
“ဟုတ်မယ်ထင်တယ်”
“ဒါတကယ် နာမည်ကြီးသရုပ်ဆောင် ထန်ချောင်းချောင်းနဲ့ တူတာပဲ”
“ငါ ချောင်းပေါင်ကို တွေ့ရပြီလား.. ဘုရားရေ”
“ရိုက်ကွင်းရှိတာလား.. ဒါရိုက်တာရော”
လူအုပ်ကြီးသည် စိတ်လှုပ်ရှားလာကြသည်။ အားလုံးသည် နောက်လှည့်ကြည့်ပြီး ဘေးပတ်ပတ်လည်မှာ ဖွက်ထားသောကင်မရာများ ရှိမရှိ ရှာကြသည်။
ဒါကို ဖန်းယွမ်တွေ့သွားသည့်အခါမှာတော့ ထန်ချောင်းချောင်းကို ကာကွယ်ဖို့ လျင်မြန်စွာ ရှေ့တိုးသွားလိုက်သည်။
အခု သူမကို သိသွားကြတဲ့အတွက် ထန်ချောင်းချောင်းက သူမရဲ့ ဦးထုပ်ကို ချွတ်လိုက်ပြီး ဖန်းယွမ်ရဲ့ လက်မှ တစ်ရှုးကိုယူကာ နဖူးမှ ချွေးများကို သုတ်လိုက်သည်။
လူတိုင်းက ပိုပြီးစိတ်လှုပ်ရှားလာကြသည်။ အစက သူတို့သည် လက်လုပ်မုန့်ဝယ်ဖို့ပဲရောက်လာကြခြင်းဖြစ်သည်။ အခုလို ကျော်ကြားတဲ့သူနဲ့ တွေ့ရမယ်လို့ ဘယ်သူက ထင်ခဲ့မှာလဲ။ ထို့အပြင် အခုလို နာမည်ကြီးတစ်ယောက်က မုန့်နဲ့ ခေါက်ဆွဲအေးတွေကို ကိုယ်တိုင်လုပ်သည်တဲ့။
ထန်ချောင်းချောင်းကရှင်းပြသည်။ "Show ရိုက်နေတာမဟုတ်ပါဘူး.. ဆိုင်ပိုင်ရှင်အဒေါ်က မကြာခင် ပြန်လာတော့မှာပါ.. ကျွန်မက သူ့ဆိုင်ကို ခဏလာစောင့်ပေးတာပါ"
ဖန်းယွမ်က တိုးတိုးလေးပြောသည်။ “ အရင်သွားကြရအောင်.. မဟုတ်ရင် ကြာရင်လူတွေပိုများလာလိမ့်မယ်"
ထန်ချောင်းချောင်းက "ဒါပေမယ့် အန်တီ ပြန်မလာသေးဘူး.. ငါသူ့ကို ကတိပေးထားတယ်.. ပြီးတော့ order တွေ အများကြီးလည်း မပြီးသေးဘူး.. အားလုံးပဲကျေးဇူးပြုပြီး တန်းစီပေးကြပါ” ဟုပြောသည်။
တခြားနည်းလမ်းမရှိပေမယ့် ကံကောင်းစွာပဲ သူတို့နားက လူတွေက အရမ်းစည်းစနစ်ကျသည်။ ဒါပေမယ့် အခုတော့ သူတို့အားလုံးက သူတို့ရဲ့ အော်ဒါကို စောင့်နေချိန်မှာ ဖုန်းနဲ့ရိုက်နေကြသည်။ သူတို့၏အာရုံက ခေါက်ဆွဲအေးပြုလုပ်တဲ့သူဆီကို ရောက်သွားကြသည်။
မောက်လီက ထန်ချောင်းချောင်းဟာ တကယ်ကို အံ့သြဖွယ်ကောင်းပြီး ချီးကျူးဖွယ်ကောင်းသူလို့ထင်ပြီး ဘေးနားမှာ ရပ်လိုက်သည်။
"သူငယ်ချင်းတစ်ယောက်က ဒီပွဲကိုလာလည်တယ်လို့ ပြောခဲ့တယ်မလား”
မောက်လီက အသံကြားလို့ နောက်ကို လှည့်ကြည့်လိုက်ပြီး “ဒါရိုက်တာ မင်းဘာလို့ဒီကိုရောက်နေတာလဲ"
မောက်လီရိုက်နေတဲ့ရိုက်ကွင်းနားကိုလာတဲ့ လူက ဒါရိုက်တာဖြစ်သည်။ သူက မေးသည်။
“သူငယ်ချင်း ဘယ်မှာလဲ”
မောက်လီက ပြုံးပြပြီး အစားအသောက်ဆိုင်ရှေ့မှာအလုပ်များနေတဲ့ ထန်ချောင်းချောင်းကို လက်ညှိုးထိုးပြလိုက်သည်။
“ဘယ်အချိန်ကစပြီး လမ်းဘေးဆိုင်ဖွင့်တဲ့ သူငယ်ချင်းတွေရှိသွားရတာတုန်း”
ဒါရိုက်တာ နားလည်မှုလွဲနေတာကိုမြင်တော့ မောက်လီက အဖြစ်အပျက်တွေကို စာကြောင်းအနည်းငယ်နဲ့ ရှင်းပြလိုက်သည်။
ချန်းပေါင်က သိချင်စိတ်ဖြစ်သွားသည်။ နာမည်ကြီးအမျိုးသမီးတစ်ယောက်က လမ်းဘေးမှာ ခေါက်ဆွဲအေးနဲ့ လက်လုပ်ပန်ကိတ်တွေကိုလုပ်နေသည်။ တီဗီရှိုး မဟုတ်တာရော သေချာလို့လား။
သူကလမ်းလျှောက်ရင်းစူးစမ်းကြည့်သည်။ သို့သော် သူ့နှာခေါင်းမှာတော့ မွှေးကြိုင်တဲ့အနံ့ကို ရနေသည်။
—
Xxxxxxx