Chapter 76
လမ်းပေါ်မှ အလှပဆုံးမိန်းကလေး
Douban မှ ပို့စ်တစ်ခုသည် လိုင်းပေါ်၌ ပလူပျံကာ နာမည်ကြီးသွားသည်။
[T/N: Douban သည် စာအုပ်၊ ရုပ်ရှင်၊ တီဗီ၊ ဂိမ်း နှင့် အခြားအကြောင်းအရာများ၏ အချက်အလက်များဖြန့်ဝေနိုင်သော တရုတ်လူမှုရေးဆက်သွယ်မှုကွန်ယက်တစ်ခုဖြစ်သည်]
"ငါမယုံနိုင်ဘူး...ငါဒီနေ့ တာ့ဟမ်ကို သွားရင်းနဲ့ လမ်းမှာ လက်လုပ်ပန်ကိတ်တွေဝင်ဝယ်တာ...ဘာလဲစဉ်းစားကြည့်ကြ...လက်လုပ်ပန်ကိတ်တွေရောင်းနေတဲ့လူက ထန်ချောင်းချောင်းဖြစ်နေတယ်..."
【လူမှားနေတာမဟုတ်တာသေချာလား...ဒါမှမဟုတ် ရုပ်တူတဲ့လူများလား...ထန်ချောင်းချောင်းက ဘာဖြစ်လို့ လက်လုပ်ပန်ကိတ်ရောင်းနေမှာလဲ...】
【တကယ်ပြောရရင် ငါတော့မယုံဘူး...】
【ရှိူးအသစ်အတွက် ရိုက်ကူးရေးလုပ်နေတာများလား...】
【ပုံမမြင်ရရင် မယုံနိုင်ဘူး...】
"စိတ်မပူပါနဲ့...ပုံတွေ ဒီမှာရှိတယ်..."
မူလပို့စ်တင်သူသည် တစ်ဆက်တည်းပင် ပုံများတင်ပေးလိုက်သောအခါ လိုင်းပေါ်မှလူများသည် ပုံထဲမှ မိန်းကလေးမှာ ထန်ချောင်းချောင်းမှန်း သေချာမှတ်မိသွားကြသည်။
ပုံထဲမှ အမျိုးသမီးသည် အပြာနှင့်အဖြူရောင်ဂါဝန်ကို ဝတ်ဆင်ထား၍ အလွန်ခေတ်မှီကာ စတိုင်ကျနေသည်။ သို့သော် သူမသည် ထိုဂါဝန်ဖြင့် အလှဓာတ်ပုံများရိုက်ကူးနေခြင်းမဟုတ်ပဲ လမ်းဘေးဈေးဆိုင်လေး၌ ပန်ကိတ်များကို မီးဖိုပေါ်၌ ဖြန့်နေခြင်းကိုသာ သေချာအာရုံစိုက်နေသည်။
"ရှိုးအတွက်ရိုက်နေတာမဟုတ်ပဲ ဆိုင်ပိုင်ရှင်ကို ကူပေးနေတာလို့ ထန်ချောင်းချောင်းကပြောတယ်...ဒါပေမယ့် လူတွေက သူ့ကို ဆိုင်ပိုင်ရှင်လို့ပဲထင်နေကြတော့ မတတ်နိုင်ပဲ နာမည်ကြီးသွားတာပေါ့...ထန်ချောင်းချောင်းလုပ်တဲ့ ခေါက်ဆွဲအေးကတော့ တကယ်ကို ---အရမ်း---ကောင်းလွန်းတယ်---တကယ် သွားရည်ကျစရာပဲ---အရမ်း အရသာရှိတယ်..."
【ငါမပြုံးပဲမနေနိုင်တော့ဘူး...ထန်ချောင်းချောင်းက တစ်ချက်လေးလှုပ်လိုက်တာနဲ့ ချက်ချင်းပဲ လက်လုပ်ပန်ကိတ်ဆိုင်ပိုင်ရှင်ဖြစ်သွားတော့တာပဲ...】
【ဒါကမှ တကယ့်ကို နာမည်ကြီး အမျိုးသမီး အနုပညာရှင်ရဲ့ လမ်းပေါ်ရိုက်ကွက်ပဲ...ဟန်ဆောင်နေတာတွေ ဘာမှမပါဘူး...ဟားဟားဟား...】
【ငါလည်း အခု တာ့ဟမ်မြို့ဆီ ရောက်နေတာ...ငါကျတော့ ဘာဖြစ်လို့ ထန်ချောင်းချောင်းကို လမ်းပေါ်မှာ မတွေ့ခဲ့ရတာလဲ...】
ပုံများတင်လိုက်သည့်ချက်ချင်းပင် ပို့စ်သည် အလွန်နာမည်ကြီးသွား၍ Weibo ပေါ်သို့တောင် ရောက်သွားတော့သည်။ ခဏကြာသောအခါ လိုင်းပေါ်မှလူများသည် ထန်ချောင်းချောင်းရောင်းနေသော လက်လုပ်ပန်ကိတ်နှင့် ခေါက်ဆွဲအေးပုံများ အပြင် ၃၆၀ဒီဂရီ ဗီဒီယိုများပါ တင်လာကြသည်။ ထန်ချောင်းချောင်း၏ အဝတ်အစားသည် နာမည်ကြီးအမျိုးသမီးအနုပညာရှင်၏ပုံပန်းနှင့် အလွန်ကိုက်ညီနေသော်လည်း သူမ၏လက်များသည်လည်း ဈေးဆိုင်လေးနှင့် တစ်သားတည်းဖြစ်နေသည်။ တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် လူများက ထန်ချောင်းချောင်းကို အဘယ်ကြောင့် ဆရာတစ်ဆူဟု သတ်မှတ်ထားကြသည်ကို သိနိုင်ပေသည်။
【ထန်ချောင်းချောင်းက ဘာတွေဖြစ်နေတာလဲ...ဘာဖြစ်လို့ ရယ်စရာကောင်းပြီး အဓိပ္ပာယ်မရှိတဲ့ကိစ္စတွေကပဲ သူ့ဆီမှာ ခဏခဏဖြစ်နေတာလဲ...】
【အရမ်းမိုက်တယ်...အခုတလော ငါ့ရဲ့ ပျော်ရွှင်မှုနဲ့ အစားအသောက်ဗီဒီယိုတွေရဲ့ အရင်းအမြစ်က ထန်ချောင်းချောင်းပဲ...】
【+၁...ထန်ချောင်းချောင်းရဲ့ အချက်အပြုတ်ဗီဒီယိုတွေကိုပဲ ငါခဏခဏ ပြန်ကြည့်နေမိတယ်...】
...
ချမ်ပျောင်နှင့် မောက်လီတို့သည် ဈေးဆိုင်ဘေးသို့ လျှောက်လာကြသည်။ လူများက ထန်ချောင်းချောင်းကိုပဲ ကြည့်နေကြ၍ သူတို့ကို မည်သူမှ အာရုံမစိုက်ကြချေ။
သံမီးဖိုပြားသည် မီးအရှိန်ဖြင့် တရှဲရှဲဖြစ်နေသည်။ ထန်ချောင်းချောင်းသည် လက်ကောက်ဝတ်ကို လှည့်၍ ကြက်ဥကို ကျွမ်းကျင်စွာ လှန်လိုက်ကာ ပြောလိုက်သည်။
"မင်းက ကြက်ဥအကျက်လိုချင်တာမလား...အစ်မ မှတ်မိတယ်..."
"ဟုတ်ကဲ့..."
ကြက်ဥမှာထားသော ကောင်လေးသည် ရှက်သွေးဖြန်းသွားသည်။
တက္ကသိုလ်မှ ဘွဲ့ရပြီးပြီးချင်း ချမ်ပျောင်သည် ဒါရိုက်တာအဖြစ် အလုပ်ခွင်ထဲသို့ တန်းဝင်ခဲ့သည်။ အလုပ်များက အလွန်များပြား၍ နေ့နှင့်ညပင် မခွဲခြားနိုင်အောင် ဖြစ်ခဲ့ရသည်။ ချမ်ပျောင်သည် အစားကို အချိန်မှန်မစား၍ ပြင်းထန်သောဝမ်းဗိုက်ရောဂါများလည်း ဖြစ်ခဲ့ရသည်။ ယခုတော့ ချမ်ပျောင်၏လက်ထောက်သည် သူ့အတွက်ဆိုလျှင် ဆန်ပြုတ်အပျော့စားကိုသာ မှာပေးတော့သည်။ ချမ်ပျောင့်အတွက်တော့ စားစရာဆိုသည်မှာ ပျော်ရွှင်မှုကိုခံစားရန်မဟုတ်ပဲ အသက်ဆက်ရှင်နိုင်စေရန် ဝမ်းဗိုက်ကိုဖြည့်တင်းဖို့သာဖြစ်သည်။
အထူးသဖြင့် ဤကဲ့သို့သော လမ်းဘေးစားသောက်ဆိုင်များကိုဆိုလျှင် ချမ်ပျောင်သည် ဖြတ်သွားလျှင် မျက်လုံးတစ်ချက် ဝေ့ကြည့်ရုံမျိုးသာရှိသည်။
သို့သော် ယခုအချိန်တွင်တော့ ချမ်ပျောင်သည် လေထဲမှ အနံ့များကိုရှူရှိုက်၍ ဘဝ၏ပထမဆုံးအကြိမ်အဖြစ် ထိုလမ်းဘေးဆိုင်မှ အစားအသောက်ကို မြည်းစမ်းချင်စိတ်များဖြစ်ပေါ်လာသည်။
"ဦးလေး...ဦးလေးရော ဝယ်ချင်လို့လား..."
ကလေးမလေးတစ်ယောက်က စိတ်အားထက်သန်စွာဖြင့် နေရာနည်းနည်း တိုးပေးလိုက်သည်။
"ဦးလေးဝယ်ချင်တယ်ဆိုရင် မြန်မြန်မှာထားလိုက်...ဒါက ထန်ချောင်းချောင်းကိုယ်တိုင်လုပ်နေတာ...ဒါပြီးရင် ဒီလိုအခွင့်အရေးမျိုးနောက်တစ်ခါရတော့မှာမဟုတ်ဘူး..."
ထိုအချိန်တွင် ထန်ချောင်းချောင်း ခေါင်းမော့ကြည့်လိုက်သည်။ မောက်လီက နှာခေါင်းစည်းဝတ်ထားသော်လည်း ထန်ချောင်းချောင်းက တစ်ချက်ကြည့်ရုံနှင့် မှတ်မိသွားသည်။
မောက်လီကလည်း မျက်တောင်တစ်ချက်ခတ်၍ ထန်ချောင်းချောင်းအားပြန်ကြည့်ပြီး ဆိုင်းဘုတ်ကို လက်ညှိုးထိုးကာ တိုးတိုးလေး ပြောလိုက်သည်။
"ငါတို့နှစ်ယောက်လုံး လက်လုပ်ပန်ကိတ် ဝယ်ချင်လို့..."
ထန်ချောင်းချောင်းက ရယ်ကာ ပြောလိုက်သည်။
"ဟုတ်ပြီ...ဒါဆိုရင် ဒီက အမျိုးသမီး နဲ့ ဒီက အမျိုးသားနှစ်ယောက်က နောက်ဆုံးဈေးဝယ်သူတွေပါပဲရှင်...ကျွန်မ ဒီမှာ ဆက်မရောင်းတော့ပါဘူး...'
အနောက်မှလူများအားလုံးက ရုတ်တရက် အော်ဟစ်ညည်းညူလိုက်ကြသည်။
ထန်ချောင်းချောင်းသည် လက်လုပ်ပန်ကိတ်နှစ်ခုကို အမြန်လုပ်၍ မောက်လီနှင့် သူမ၏အဖော်ကို ပေးလိုက်သည်။ ထိုအချိန်တွင်ပင် ဆိုင်ပိုင်ရှင် ပြန်ရောက်လာသည်။
ထန်ချောင်းချောင်း စိတ်အေးသွားသည်။
"အန်တီ ပြန်ရောက်လာပြီပဲ..."
အန်တီက ထပ်ခါ ထပ်ခါ တောင်းပန်နေလေသည်။
"ကျွန်မ တောင်းပန်ပါတယ်...မိသားစုက အချိန်ကြာနေလို့..."
ထန်ချောင်းချောင်းသည် ယောင်းမကို အန်တီ၏လက်ထဲသို့ အလျင်အမြန်ထည့်လိုက်သည်။
"အန်တီ့အစား အမှာတချို့ကို ကျွန်မပဲ လုပ်ပေးလိုက်တယ်...ပိုက်ဆံကို QR code ကို စကန်လုပ်ပြီး ပေးသွားကြတာ...ပိုက်ဆံတွေ အန်တီ့ထဲဝင်ရဲ့လား..."
အန်တီက အနည်းငယ်နားမလည်ဖြစ်နေပုံ ပေါ်နေသည်။
"အဲ့ဒါကြောင့် ကျွန်မရဲ့ဖုန်းက တစ်ချိန်လုံး အသံတွေထွက်နေတာကိုး...ဘာဖြစ်နေတာလဲ လို့ ကျွန်မကတွေးနေတာ...သမီးလုပ်ပေးထားတာဖြစ်နေတာကိုး...ကျေးဇူးအရမ်းတင်ပါတယ်ကွယ်..."
"ဒါပေမယ့် ဘာဖြစ်လို့ လူတွေ ဒီလောက်တောင်များနေတာလဲ..."
အန်တီ၏ဆိုင်သည် ဘယ်တုန်းကမှ ဤမျှရောင်းမကောင်းခဲ့ချေ။
မထွက်သွားသေးသော ဈေးဝယ်သူများက အန်တီ့ကို ရှင်းပြလိုက်သောအခါ အန်တီသည် နောက်ဆုံးတော့ သူမ၏ဆိုင်ကိုစောင့်ပေးနေသော ကောင်မလေးသည် နာမည်ကြီးတစ်ယောက်ဖြစ်ကြောင်းကို သိသွားတော့သည်။
အန်တီက ပေါင်ကိုပုတ်ကာပြောလိုက်သည်။
"သမီးက နာမည်ကြီးတွေနောက်ကိုအမြဲလိုက်နေတဲ့လူနဲ့ မတူဘူးလို့ အန်တီ အစတည်းကပြောသားပဲ...သမီးမှာ နာမည်ကျော်ရုပ်ရည်မျိုးရှိပြီးသား..."
ထန်ချောင်းချောင်း: "...အန်တီ ခုနကပြောတာတော့ အဲ့လိုမဟုတ်ပါဘူး..."
အန်တီသည် ထန်ချောင်းချောင်းနှင့် ဓာတ်ပုံတွဲရိုက်ချိန် ချမ်ပျောင်နှင့် မောက်လီတို့က ပန်ကိတ်ကို စားရန်ပြင်လိုက်ကြသည်။
ချမ်ပျောင်သည် လက်လုပ်ပန်ကိတ်ကို သေချာကြည့်လိုက်သည်။ အစိမ်းရောင်ဆလပ်ရွက်၊ အနီရောင်ဝက်ပေါက်ခြောက် နှင့် အဝါဖျော့ရောင်ကြက်ဥကြော်များကို ရွှေရောင်ပန်ကိတ်ဖြင့် လွှမ်းခြုံထားသည်။ ဝင်းပနေသော အရောင်အဆင့်ဆင့်က လူများကို အရင်ဆုံး အမြင်ဖြင့် ပျော်ရွှင်မှုကို ပေးနေသည်။
အစမ်းသဘောဖြင့် အနံ့ကိုရှူရှိုက်ကြည့်လိုက်သောအခါ ချမ်ပျောင် ထင်ထားသကဲ့သို့ ဆီများနေသည့်အနံ့မရပေ။ မွှေးကြိုင်သောပန်ကိတ်၏ရနံ့ကြောင့် သူ တံတွေးမျိုချလိုက်သည်။
မောက်လီက အချိန်အတော်ကြာတည်းကပင် ပန်ကိတ်ကို အားရပါးရကိုက်၍ စားနေပြီဖြစ်၍ ချမ်ပျောင် ချီတုံချတုံဖြစ်နေသည်ကိုတွေ့သောအခါ မောက်လီက ပြောလိုက်သည်။
"ဒါရိုက်တာ...ကြည့်နေတာက ဘာအကျိုးမှမရှိဘူး...စားလိုက်လေ...ရှင်စားပြီးရင် သိသွားလိမ့်မယ်...ထန်ချောင်းချောင်းရဲ့ ဟင်းချက်လက်ရာက အရမ်းကောင်းတာ..."
ချမ်ပျောင်က သေချာ တစ်ကိုက်ကိုက်လိုက်သည်။ ပန်ကိတ်သည် ကြွပ်ရွ၍ ပွပွလေးဖြစ်နေကာ ဝက်ပေါင်ခြောက်များက အနှစ်များများဖြင့် အရမ်းလည်း မငန်ပေ။ ကြက်ဥများက နူးညံ့၍ ဆလပ်ရွက်ကလည်း လတ်လတ်ဆတ်ဆတ်ရှိလှသည်။
ချမ်ပျောင်၏လျှာသည် ဤကဲ့သို့ အရသာရှိသော ခံစားမှုကို မရခဲ့သည်မှာ အချိန်အတော်ကြာခဲ့ပြီဖြစ်သည်။ ယခုတော့ ရိုးရှင်းသည့် လက်လုပ်ပန်ကိတ်လေးက သူ၏ အရသာခံနိုင်မှုများကို နိုးထစေခဲ့ပြီဖြစ်သည်။
ချမ်ပျောင်သည် မယုံနိုင်သောမျက်နှာထားဖြင့် ပန်ကိတ်ကို တစ်ကိုက်ပြီး တစ်ကိုက်စားနေရာ နောက်ဆုံး ဆလပ်ရွက်လေးတစ်ရွက်ပင် မကျန်တော့ချေ။
မောက်လီက ချမ်ပျောင်ကိုဘေးမှ ကြည့်နေသည်။ ထန်ချောင်းချောင်း၏ ဟင်းချက်လက်ရာများသည် မှော်ဆန်လွန်းနေသည်မှာ အလွန်ပင် အံ့ဩဖွယ်ဖြစ်သည်။
ထန်ချောင်းချောင်း စိတ်လှုပ်ရှားနေသောအန်တီနှင့် ပတ်ဝန်းကျင်မှ လူအုပ်ကြီး ကျေနပ်အောင် ဓာတ်ပုံများရိုက်ပေးပြီးသောအခါ ဖန့်ယွမ်နှင့် မောက်လီကိုခေါ်၍ အလျင်အမြန် ထွက်လာခဲ့တော့သည်။
ဘေးမှသွားလာနေသောလူများထံမှ စိတ်ဝင်စားမှု ထပ်မရစေရန် ထန်ချောင်းချောင်းတို့သည် ထိုနေရာမှ ထွက်၍ ရိုက်ကွင်းဆီသို့ တိုက်ရိုက်သွားလိုက်ကြသည်။
ရိုက်ကွင်းသို့ရောက်မှသာ မောက်လီသည် ထန်ချောင်းချောင်းနှင့် သူ့ဘေးမှ လူကို မိတ်ဆက်ပေးရန် အချိန်ရတော့သည်။
"ဒါက ဒါရိုက်တာချမ် လေ..."
"ဪ..."
ဒါရိုက်တာ၏နာမည်ကိုကြားသောအခါ ထန်ချောင်းချောင်း အံ့ဩသွားသည်။
"ရှင်က ရွှေကြက်ဖဆုကို ရသွားတဲ့ အရမ်းတော်တဲ့ ဒါရိုက်တာပဲ..."
ထန်ချောင်းချောင်းက လက်ဆွဲနှုတ်ဆက်ရန် လက်ကို အရင်ဆန့်တန်းပေးလိုက်ချိန်တွင် ချမ်ပျောင်သည် ပန်ကိတ်အကြောင်းကို စဉ်းစားနေဆဲဖြစ်၍ ထန်ချောင်းချောင်း၏လက်ကိုဆွဲယူကာ ဝမ်းသာအားရ နှုတ်ဆက်လိုက်သည်။
"ပန်ကိတ်က တကယ် အရသာရှိတယ်..."
ထန်ချောင်းချောင်းက ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ်..."
မောက်လီ: "ဒါရိုက်တာချမ်ဆီက မင်းရဲ့အစားအစာက အရသာရှိတယ်ဆိုတဲ့ စကားထွက်လာဖို့က မလွယ်ဘူး...ဒါရိုက်တာကြီးက ဘုန်းကြီးလိုပဲ အစားအရမ်းရွေးတာ..."
ထိုအချိန်တွင် မလှမ်းမကမ်းမှတစ်ယောက်က ဒါရိုက်တာကို လှမ်းခေါ်လိုက်သောကြောင့် ချမ်ပျောင်က ပြောလိုက်သည်။
"မင်းတို့ စကားပြောနှင့်ကြ...ငါ ဘာဖြစ်တာလဲ သွားကြည့်လိုက်ဦးမယ်..."
ဖန့်ယွမ်က ဖုန်းကိုထုတ်ကြည့်ပြီး ချမ်ပျောင် ထွက်သွားသောအခါ ထန်ချောင်းချောင်းကိုပြောလိုက်သည်။
"အသေအချာပါပဲ...အစ်မ ခေါင်းစီးသတင်းပေါ် ရောက်နေပြန်ပြီ..."
လမ်းဘေးဈေးဆိုင်လေး၌ လက်လုပ်ပန်ကိတ်များရောင်းခဲ့သောကြောင့် သတင်းခေါင်းစဉ်များက ထန်ချောင်းချောင်းအကြောင်း ဖော်ပြပြီးသည့်နောက်တွင် သူမ၏ သကြားယုန်လေးများသည် ဆိုင်များရှေ့တွင် ထန်ချောင်းချောင်း၏ ကာတွန်းပုံများကို လိုက်ကပ်ထားကြသည်။ ပုံများသည် သကြားကပ်ဖရုံသီးတုတ်ထိုးကိုကိုင်ထားသောပုံများ၊ ရောင်းချနေသည့်ပုံများအပြင် ဗေဒင်ဆိုင်ခန်းများနှင့် ဖုန်းစတစ်ကာရောင်းသည့်ဆိုင်များရှေ့မှာပါ ကပ်ထားကြသည်။
ထန်ချောင်းချောင်း၏နှုတ်ခမ်းများ တွန့်သွားသည်။
"ဘယ်လို တုံးအတဲ့ ဖန်တွေလဲ...သူတို့ရဲ့အိုင်ဒေါကို ဒီလိုလုပ်တဲ့ ဖန်ဆိုတာ ရှိလို့လား...သူတို့က ဘယ်သူ့ကို အားပေးနေကြတာလဲ..."
ထန်ချောင်းချောင်းသည် ခဏမျှစဉ်းစားပြီးမှ ပို့စ်တစ်ခုကိုတင်လိုက်သည်။
"စီးပွားရေးကိုတောင့်တင်းအောင်လုပ်ပြီး လမ်းပေါ်က အလှပဆုံးမိန်းကလေးဖြစ်အောင်လုပ်မယ်..."
မောက်လီက ထန်ချောင်းချောင်း၏ကလေးဆန်သော စာသားကိုလှမ်းကြည့်ကာပြောလိုက်သည်။
"ဖန်တွေကို အပြစ်မတင်နဲ့လေ...ဒါတွေက အကုန်နင့်ကြောင့်ပဲ ဖြစ်နေတာကို..."
ထန်ချောင်းချောင်း: ...
"သေပါတော့..."
ထိုနာမည်ကြီးမှုသည် အချိန်ခဏလေးအတွင်းမှာပင် ငြိမ်သွားသော်လည်း ထန်ချောင်းချောင်းကတော့ ရုပ်ရှင်ရိုက်ကွင်းများ၌ပင် စိတ်နှစ်ထားနေရတုန်းဖြစ်သည်။
သို့သော် ချမ်ပျောင်ကတော့ ပထမတစ်ခါစားပြီးရုံနှင့်ပင် လက်လုပ်ပန်ကိတ်၏အရသာကို မေ့မရဖြစ်သွားခဲ့သည်။ ထို့နောက် သူ၏လက်ထောက်ကို ထိုပန်ကိတ်ဆိုင်မှအန်တီဆီမှ ထပ်ဝယ်ခိုင်းခဲ့သော်လည်း သူစားခဲ့ရသောပန်ကိတ်၏အရသာနှင့် မတူတော့ချေ။
ထန်ချောင်းချောင်းသည် ယခု "ကျွန်ုပ်တို့မိသားစု" ရိုက်ကွင်း၌ ရှိနေသည်ဟု ချမ်ပျောင် ကြားမိထားသည်။ ထိုရှိုး၏ဒါရိုက်တာ ဝူလင်းအကြောင်းစဉ်းစားမိသောအခါ ချမ်ပျောင် အတွေးနယ်ချဲ့မိနေတော့သည်။
ရိုက်ကွင်းသို့ သွားရမည်လား...မသွားရမည်လား...
"အကုန်လုံးအဆင်သင့်ဖြစ်နေပြီ...ရိုက်ကွက် ၂၃၆ ရဲ့ ပထမဆုံးရိုက်ချက် စမယ်..."
အိမ်၌ မတော်တဆ မီးလောင်အောင်လုပ်မိပြီး မကြာခင်မှာပင် ကျောက်ရှောင်းရှန့်သည် အထုပ်ဆွဲ၍ အိမ်မှ တစ်ယောက်တည်း ဆင်းလာခဲ့သည်။ နယ်မြို့လေးတစ်မြိုသို့ရောက်၍ စားသောက်ဆိုင်တစ်ဆိုင်၌ ပန်းကန်ဆေးသည့်အလုပ်ကို ဝင်လုပ်ခဲ့သည်။ ထို့နောက် သူမသည် တဖြည်းဖြည်းနှင့် ယောက်မကို ကိုင်ကာ သူမ၏အစွမ်းအစကိုပြသရင်းဖြင့် မီးဖိုထဲ၌ အလေးစားရဆုံး စားဖိုမှူးတစ်ယောက် ဖြစ်လာခဲ့သည်။
သို့သော် အိမ်မှ ကျောက်ရှောင်းရှန့်ထွက်ပြေးသွားပြီးသည့်နောက်တွင် မိသားစုတစ်ခုလုံးသည် အလွန်စိတ်ပူခဲ့ကြရသည်။
ဤအခန်းတွင် အကြီးဆုံးသမီး ကျောက်ရှောင်းလျန်သည် စားသောက်ဆိုင်၌ စားနေခဲ့သည်။ သူမ၏ညီမ၏လက်ရာ ရင်းနှီးသောအရသာကို သတိထားမိသွားသောကြောင့် ကျောက်ရှောင်းလျန်သည် မထင်မှတ်ပဲ ကျောက်ရှောင်းရှန့်နှင့် ပြန်လည်ဆုံတွေ့ခဲ့ရသည်။
ဝူလင်းသည် လူတိုင်းကို ရိုက်ကွက်အကြောင်း အကျဉ်းချုံးပြောပြ၍ "အက်ရှင်..." ဟု အော်တော့မည့်ဆဲဆဲမှာပင် သူ့လက်ထောက်က နားရွက်နားသို့ ကပ်ကာ တစ်စုံတစ်ခုပြောလိုက်သည်။
"ဒီကို မောက်လီရောက်နေတယ် ဟုတ်လား..."
ဝူလင်းက မေးလိုက်သည်။
"ဒါရိုက်တာဝူ...ကျွန်မ ရိုက်ကွင်းကို အလည်လာရုံသက်သက်ပါ...ဒါရိုက်တာကြီးတို့ကို အနှောင့်အယှက်ပေးသလို ဖြစ်မနေပါဘူးနော်..."
မောက်လီက အေးဆေးစွာလျှောက်လာရင်း ပြောလိုက်သည်။
ဝူလင်းက ပြုံး၍ပြောလိုက်သည်။
"ရုပ်ရှင်ဘုရင်မက လာလည်တာပဲ...ကျွန်တော်တို့မှာ ဂုဏ်တောင်တက်သေးတယ်...ဘာလို့များ အနှောင့်အယှက်ဖြစ်ရမှာလဲ...ထန်ချောင်းချောင်းကိုကြည့်ဖို့ လာတာလား..."
မောက်လီနောက်မှ ဦးထုပ်နှင့် နှာခေါင်းစည်းတပ်ထားသော လူတစ်ယောက်လည်းပါလာသည်။ ထိုလူသည် ခေါင်းငုံ့၍ ခေါင်းငြိမ့်ပြလိုက်ရာ ဝူလင်းက လှမ်းကြည့်လိုက်သည်။
ဝူလင်းက မေးလိုက်သည်။
"ဒါက..."
မောက်လီ၏မျက်နှာက ဘာမှမပြောင်းလဲသွားချေ။
"ကျွန်မရဲ့ လက်ထောက်ပါ..."
"မင်းရဲ့လက်ထောက်က မင်းထက်တောင် မျက်နှာကို ပိုဖုံးကွယ်ထားရတာလား..."
"သူက ဖျားနေတာ...တခြားလူတွေကို အဖျားမကူးစေချင်လို့..."
---
Translator's Note -
Shǒu zhuā bìng (Chinese: 手抓并) ခေါ် လက်လုပ်ပန်ကိတ်များသည် ထိုင်ဝမ်၌ စတင်ပေါ်ပေါက်လာကာ ဤအစားအသောက်ကို အထူးပြုရောင်းသော ဈေးဆိုင်များကြောင့် နာမည်ကြီးလာခဲ့သည်။ လက်လုပ်ပန်ကိတ်ရောင်းသော ဆိုင်ခန်းလေးများကို မြို့များအနှံ့တွေ့နိုင်ကာ တစ်နေ့လုံး မည်သည့်အချိန်မဆို ဝယ်စားနိုင်သည်။
ပန်ကိတ်များသည် ခဲထားသော သို့မဟုတ် ရေခဲသေတ္တာထဲ ထည့်သိမ်းထားသော အသင့်လုပ်ဂျုံများဖြင့် လုပ်ကာ သံပြားပူပေါ်၌ ထိုဂျုံ၏အနားသားလေးများ ကြွပ်ရွလာသည်အထိ အပူပေးရသည်။ ထိုပန်ကိတ်ပေါ်၌ ဝက်သားမျှင်များ၊ ကြက်ဥကြော်၊ ကြက်အူချောင်း၊ ခရမ်းချဉ်သီး နှင့် ဆလပ်ရွက် အစရှိသည်တို့ကို စိတ်ကြိုက် ထည့်ခိုင်းနိုင်သည့်အပြင် ချိုချဉ်အရသာဆော့စ်ကိုလည်း ဆမ်း၍ စားသုံးနိုင်ပါသည်။
Xxxxxxx