Chapter 77
ဝူလင်းစိတ်ထဲ တစ်မျိုးဖြစ်သွားသည်။ ထိုလူ့ကိုကြည့်ရသည်မှာ အလွန်ရင်းနှီးနေသည့်ပုံ ပေါက်နေသည်။
မောက်လီက မေးလိုက်သည်။
"ဒီနေ့ ချောင်းချောင်းက ဘယ်အခန်းကို ရိုက်နေရတာလဲ..."
"မင်းလာတာ တကယ် တိုက်တိုက်ဆိုင်ဆိုင်ပဲ...ခဏနေကျရင် ဟင်းချက်တဲ့အခန်းရိုက်တော့မှာ...ထန်ချောင်းချောင်းဟင်းချက်တဲ့အချိန်ဆို တစ်ဖွဲ့လုံးရဲ့ အပျော်ဆုံးအချိန်ပဲ...ပြီးရင် အရသာရှိတာတွေ စားကြရတော့မှာလေ..."
ဝူလင်းက ပြောလိုက်သည်။
မောက်လီ: "ကျွန်မရော တစ်ခန်းလောက် ဝင်ရိုက်လို့ရလား..."
"စီစဉ်ပေးလို့ရပါတယ်...ဒါပေမယ့်..."
ဝူလင်းက နှာခေါင်းစည်းနှင့် လူကို လှမ်းကြည့်လိုက်သည်။
"အရံနည်းနည်းလည်း လိုနေသေးတယ်...မင်းရဲ့ လက်ထောက်ကို စီစဉ်ခိုင်းရင်ရော..."
နှာခေါင်းစည်းနှင့်လူက ချက်ချင်းပင် ပြန်ပြောလိုက်သည်။
"မင်း ဆုတောင်းလေ..."
ဝူလင်းက မျက်ခုံးကိုမြှင့်လိုက်သည်။
"ဟား...တကယ်ပဲ မင်းဖြစ်နေတာကိုး ချမ်ပျောင်..."
ချမ်ပျောင်သည် ဦးထုပ်နှင့် နှာခေါင်းစည်းကို ချွတ်လိုက်သည်။
"ငါက ဘာဖြစ်နေလို့လဲ...မင်းကို ငါက အရံတွေအလကားပေးမယ်ထင်နေရင်တော့ စိတ်တောင်မကူးနဲ့..."
မောက်လီသည် ခေါင်းကိုက်လာသည်။
"ရှင်ဒီကိုလာရင် အေးအေးဆေးဆေးပဲနေပြီး မျက်နှာမပြဘူး လို့ ပြောထားတယ်မဟုတ်ဘူးလား..."
"ဒါရိုက်တာနှစ်ယောက်...စိတ်ထိန်းကြပါ...လူတွေအများကြီးကြည့်နေကြပြီ..."
ဒါရိုက်တာနှစ်ယောက် ဘာဖြစ်နေကြသည်ကို သိသူရော မသိသူရောတို့သည် အလုပ်များကိုရပ်၍ လှမ်းကြည့်နေကြသည်။
ဝူလင်း: "မင်း ဒီကို ဒုက္ခပေးဖို့ရောက်လာတာလား..."
ချမ်ပျောင်: "မင်းကို ဂရုစိုက်ဖို့ ငါ့မှာအချိန်တောင်မရှိဘူး...ဒီကိုလာတာလည်း မင်းနဲ့ ဘာမှမဆိုင်ဘူး..."
ဝူလင်းက မျက်မှောင်ကျုံ့လိုက်သည်။
"ထန်ချောင်းချောင်းကိုရှာဖို့လာတာလား...မင်းက ငါ့ဆီကနေ အချောင်နှိုက်ဖို့ လာတာပဲကွ...အရှက်မရှိတာ..."
မောက်လီသည် ဒါရိုက်တာနှစ်ယောက်ကြားတွင် ဘာလုပ်ရမည်မသိဖြစ်နေကာ သူမ မမှားသော်လည်း အမှားတစ်ခုကိုလုပ်မိပြီ ဟု ခံစားနေရသည်။
ထိုအချိန်၌ ထန်ချောင်းချောင်းသည် အပြင်မှ အသံများကြား၍ မီးဖိုထဲမှ ပြေးထွက်လာသည်။
"အစ်မလီ...ဒါရိုက်တာချမ်...ဘာဖြစ်လို့ ဒီကိုရောက်နေကြတာလဲ..."
"ဟင်...ဘာဖြစ်နေကြတာလဲ..."
မောက်လီသည် ထန်ချောင်းချောင်းကို ဘေးသို့ဆွဲခေါ်၍ စကားအနည်းငယ်ပြောလိုက်သည်။
ထန်ချောင်းချောင်း: "ဟင်..."
ဖြစ်ပုံက ဤကဲ့သို့ဖြစ်သည်။ ဝူလင်းနှင့် ချမ်ပျောင်တို့သည် တက္ကသိုလ်အတန်းဖော်များဖြစ်ကြသည်။ သူတို့နှစ်ယောက်သည် အတော်ခင်ကြကာ နှစ်ယောက်အတူ အတန်းများလစ်၍ ရုပ်ရှင်များရိုက်ခဲ့ကြဖူးသည်။ ဘွဲ့ရပြီးသောအခါ ရုပ်ရှင်တစ်ခုကို နှစ်ယောက်တူတူရိုက်၍ ဒါရိုက်တာအသိုင်းအဝိုင်းထဲသို့ ဝင်ခဲ့သည်။ ပထမ၌ လူသိမများကြသော်လည်း နှစ်ယောက်လုံးက ကြိုးစားရသည်ကို ကြိုက်သည်။ နောက်ပိုင်းတွင် သူတို့နှစ်ယောက်သည် ရုပ်ရှင်တစ်ကားကို တွဲ၍ထုတ်လုပ်ကြသော်လည်း ထိုဇာတ်ကား၏ ဒုတိယတစ်ဝက်၌ ဖန်တီးမှုပိုင်းနှင့်ပတ်သတ်၍ အကြီးအကျယ် သဘောမတူဖြစ်ခဲ့ကြ၍ နှစ်ယောက်သား ဘယ်လိုမှ ညှိနှိုင်းမရခဲ့ကြချေ။
ဝူလင်းက ခေါင်းမာသောကြောင့် ဇာတ်ကားမှ နှုတ်ထွက်လိုက်သည်။ ချမ်ပျောင်က ဇာတ်ကားကို သူတစ်ယောက်တည်း၏ အကြံဉာဏ်ဖြင့် ပြီးဆုံးအောင် ရိုက်လိုက်သည်။ ထိုဇာတ်ကားသည် ပွဲတော်၌ပြသခံရပြီး လူသစ်ဆုကိုပင် ရရှိခဲ့သည်။ ချမ်ပျောင်က ရုပ်ရှင်၏ဖန်တီးသူနေရာတွင် ဝူလင်း၏အမည်ကိုပါ ထည့်သွင်းပေးခဲ့သော်လည်း ဝူလင်းကတော့ ထိုဇာတ်ကား၌ သူပါဝင်ကြောင်းကို လုံးဝဝန်မခံခဲ့ချေ။
ချမ်ပျောင်သည် လူသစ်ဆုကို ရရှိပြီးသောအခါ ရုပ်ရှင်ဇာတ်ကားများရိုက်ကူးခြင်းဘက်ကို လှည့်ခဲ့၍ ဆုများ တစ်ဆုပြီးတစ်ဆု ရရှိခဲ့သည်။ ဝူလင်းကတော့ နှစ်အနည်းငယ်မျှ တိတ်ဆိတ်နေပြီးမှ ဇာတ်လမ်းတွဲများရိုက်သည့်ဘက်သို့ ခြေချခဲ့သည်။
အတိတ်မှ သူငယ်ချင်းနှစ်ယောက်သည် တဖြည်းဖြည်းနှင့် ဝေးကွာသွားခဲ့ကြသည်။
ချမ်ပျောင်သာ သူ၏ဒုက္ခပေးသောဝမ်းဗိုက်၏အလိုကို မလိုက်ခဲ့လျှင် ဤနေရာသို့လာ၍ ဒေါသထွက်နေစရာမလိုပေ။
ထန်ချောင်းချောင်းသည် မျက်လုံးမည်းသော
ကြက်ကဲ့သို့ဖြစ်နေကြသော ယောင်္ကျားကြီးနှစ်ယောက်ကို ကြည့်လိုက်သည်။ ထို့နောက် သူတို့နားသို့ပြေးသွားကာ မီးဖိုထဲသို့ ဆွဲခေါ်၍ ခုံပေါ်၌ အတင်းထိုင်ခိုင်းလိုက်သည်။
"ရန်ဖြစ်မနေကြပါနဲ့...ရှင်တို့နှစ်ယောက်လုံးက နာမည်ကြီးဒါရိုက်တာတွေပဲကို...ရှင်တို့သုံးယောက်လုံး ဧည့်သည်သရုပ်ဆောင်အနေနဲ့ ဝင်ရိုက်လိုက်ရင် ဘယ်လိုလဲ..."
မောက်လီ: "ကျွန်မတော့ သဘောတူတယ်..."
ချမ်ပျောင်ရော ဝူလင်းရောက သူတို့နဲ့ မတန်သည့်ပုံစံလို ငြင်းဆန်လိုက်ကြသည်။
ထန်ချောင်းချောင်း: "ရှင်တို့မှာ မပြောပဲနဲ့ နားလည်နိုင်မှုလေးတော့ ရှိသေးသားပဲ..."
"ကဲ...ရှင်တို့နှစ်ယောက်သာ စားသောက်ဆိုင်မှာ လာစားသူတွေအဖြစ် ဧည့်သည်သရုပ်ဆောင်လုပ်ပေးရင် ရှင်တို့မှာသမျှ ကျွန်မ ချက်ပေးမယ်..."
"ဝက်အသည်းခေါက်ဆွဲ..."
ထန်ချောင်းချောင်းက သူတို့်မှာချင်တာမှာလို့ရသည်ဟု ပြောလိုက်သည့်အခါ ဝူလင်းရော ချမ်ပျောင်ရောက ထိုဟင်းလျာကို ပြိုင်တူပြောလိုက်ကြသည်။
"ရှင်တို့နှစ်ယောက်က စိတ်ချင်းဆက်နေကြပြန်ပြီ..."
ထန်ချောင်းချောင်းက မျက်လုံးများမှေးစင်းကာပြောလိုက်သည်။
ဝူလင်းနှင့် ချမ်ပျောင်တို့သည် ရှက်သွားသော မျက်နှာများဖြင့် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။
ဝူလင်းက ခဏရပ်ပြီးမှ မနေနိုင်ပဲ လှောင်ပြောင်လိုက်သည်။
"မင်းရဲ့ အစာအိမ်က တစ်ဝက်လောက်ပျက်စီးနေပြီလို့ငါကြားတယ်...နေ့တိုင်း ဆန်ပြုတ်ပဲ သောက်နေရတာဆို...တခြားအစားအစာတွေ မင်း စားရဲလို့လား...မင်း အစာအိမ်ပေါက်သွားမှာမကြောက်ဘူးလား..."
ချမ်ပျောင်ကလည်း ပြန်ပြောလိုက်သည်။
"ငါ့ရဲ့ အစာအိမ်အကြောင်း မင်းစိတ်ပူစရာမလိုပါဘူး..."
မောက်လီက "ကျွတ်" ဟူသောအသံကို နှစ်ခါမျှလုပ်ပြီးမှ ပြောလိုက်သည်။
"ဒါရိုက်တာဝူ...ရှင်က ဒါရိုက်တာချမ်ကို အခုထိ ဂရုစိုက်နေတာပဲ...သူ့ရဲ့ အခုအခြေအနေအကြောင်းကို သေချာသိနေတာ..."
"ဘယ်သူက သူ့ကို ဂရုစိုက်နေလို့လဲ...ငါ့မှာ အချိန်ပိုတွေရှိနေတာမဟုတ်ဘူး...တစ်ယောက်ယောက်က တခြားလူတွေမသိမှာစိုးလို့ သူ့အကြောင်းကို သူ့ဘာသာသူ တစ်နေကုန်တစ်နေခန်း လိုက်ဖြန့်နေတာလေ..."
ချမ်ပျောင်က ဝူလင်းကိုမျက်စောင်းထိုးလိုက်သည်။
"မင်းကို သတင်းတွေပေါ်မရောက်အောင် ငါက ပိတ်မိနေသလို ဖြစ်နေလို့လား...တကယ်တော့ မင်းကို ဘယ်သူကမှလည်း စောင့်မကြည့်နေဘူး..."
ထန်ချောင်းချောင်းနှင့် မောက်လီတို့သည် ပါးစပ်များအုပ်ကာ ရယ်လိုက်ကြသည်။ နာမည်ကြီးဒါရိုက်တာကြီးနှစ်ယောက်သည် ပါးစပ်ကြမ်းသည်ကို သူတို့နားလည်ကြသည်။ ထို့အပြင် ထိုနှစ်ယောက်သည် ပါးစပ်ကသာပြောဆိုနေကြသော်လည်း ပြန်မတည့်ချင်သောကြောင့် ရန်ဖြစ်နေကြခြင်းမဟုတ်ပါ။ မည်သူကမှ အရင်ခေါင်းငုံ့အရှုံးမပေးချင်သောကြောင့်သာ ပြန်ပေါင်းစည်းမရဖြစ်နေခြင်းဖြစ်သည်။
"ဒါရိုက်တာနှစ်ယောက် ရန်ဖြစ်မနေကြပါနဲ့တော့..."
ထန်ချောင်းချောင်းက ပြောလိုက်သည်။
"ရှင်တို့နှစ်ယောက်အတွက် ကျွန်မ ဝက်အသည်းခေါက်ဆွဲ လုပ်တော့မယ်...ဒါပေမယ့် ရှင်တို့သဘောတူထားတာကို လုပ်ရမယ်နော်...ကျွန်မ စားသောက်ဆိုင်ရဲ့ ဧည့်သည်တွေက ရှင်တို့သုံးယောက်ပဲ..."
ချမ်ပျောင်သည် အတန်ကြာ စိတ်လွန်ဆွဲမိနေသော်လည်း နောက်ဆုံးတွင်တော့ သူ့လျှာအတွက် သဘောတူလိုက်သည်။
ဤဇာတ်လမ်းတွဲသည် ဝူလင်းကိုယ်တိုင်ရိုက်ကူးနေသော ဇာတ်လမ်းတွဲဖြစ်သည်။ သို့သော် ထန်ချောင်းချောင်းသာပါဝင်ပါက ဇာတ်လမ်းတွဲသည် နာမည်ကြီးမည်သာဖြစ်သည်။ ထို့ကြောင့် ဝူလင်းလည်း မကန့်ကွက်ပဲ သူ၏လက်ထောက်ဒါရိုက်တာကို ဒါရိုက်တာအဖြစ် ခေတ္တ ရာထူးလွှဲပြောင်းပေးလိုက်သည်။
သူတို့သုံးယောက်သည် ၁၉၈၀ခုနှစ်မှ အဝတ်အစားများဝတ်ကာ ဆိုင်၏ထောင့်၌ နေရာယူလိုက်ကြသည်။
ဝူလင်းနှင့် ချမ်ပျောင်တို့သည် တစ်ချိန်လုံး ကင်မရာနောက်မှ ညွှန်ကြားနေခဲ့ကြသော်လည်း ကင်မရာရှေ့ရောက်သည့်အခါတွင်လည်း ထူးဆန်းမနေကြချေ။ သဘာဝကျကျဖြစ်အောင် နေနိုင်ကြသည်။
"ချွမ်" ဟုခေါ်သော ဝက်အသည်းခေါက်ဆွဲပြုလုပ်ရာတွင် သုံးသည့်ခေါက်ဆွဲမှာ ရောထားသောခေါက်ဆွဲဖြစ်သည်။ ဝူလင်းနှင့် ချမ်ပျောင်တို့ တက္ကသိုလ်တက်ခဲ့ကြသော ဟန်ကျိုးနယ်တဝိုက်တွင် ထိုခေါက်ဆွဲကို "ချွမ်အာ" ဟု ခေါ်ကြသည်။
မြောက်ပိုင်း၌တည်ထားသောစားသောက်ဆိုင်အခင်းအကျင်း၌ တောင်ပိုင်းအစားအစာရှိနေခြင်းမှာ သိပ်တော့ သဘာဝမကျသော်လည်း ထိုသုံးယောက်၏ မျက်နှာပြထားပြီဖြစ်၍ ထိုအသေးစိတ်အကြောင်းအရာလေးများကိုတော့ ဂရုစိုက်နေစရာမလိုတော့ပါ။
ဝက်အသည်းနှင့် ကျောက်ကပ်သည် လတ်လတ်ဆတ်ဆတ်ရှိလှသည်။ ထန်ချောင်းချောင်းသည် သွေးများကို အထပ်ထပ်အခါခါဆေး၍ အသည်းနှင့် ကျောက်ကပ်ကို ပါးပါးလေးများလှီးကာ ဆား၊ ဟင်းချက်ဝိုင်၊ ကော်မှုန့်များကိုသုံး၍ နှပ်ထားလိုက်သည်။
အသည်းနှင့်ကျောက်ကပ်သည် ကြော်ပြီးသောအခါ ဆီစိုစိုလေးနှင့် အနည်းငယ် စေးကပ်ကပ်လေးဖြစ်စေရန် မြင့်မားသောအပူချိန်နှင့် ဆီပူပူထဲတွင် လှိမ့်၍ကြော်ရမည်ဖြစ်သည်။
ထန်ချောင်းချောင်းသည် ဒယ်အိုးပူပူပေါ်တွင် အသည်းနှင့် ကျောက်ကပ်ကို ဆယ်စက္ကန့်ခန့်ကြော်ကာ ကြက်သွန်ဖြူနှင့် ပဲပင်ပေါက်လက်တစ်ဆုပ်စာ၊ ပဲငံပြာရည်အနည်းငယ်၊ ကြက်သားမှုန့်၊ သကြားနှင့် အခြားဟင်းခတ်အမွှေးအကြိုင်တို့ထည့်၍ အနည်းငယ်ထပ်ကြော်လိုက်ပြီး ပန်းကန်ထဲသို့ထည့်လိုက်သည်။
ခေါက်ဆွဲများက လက်ဖြင့် လှိမ့်ရမည်ဖြစ်သည်။ ထို လက်လုပ်ခေါက်ဆွဲများကို ပွက်ပွက်ဆူနေသောရေနွေးထဲထည့်၍ ပြန်ဆယ်ပြီးသောအခါ ထန်ချောင်းချောင်းသည် ဟင်းအနှစ်များကို ခေါက်ဆွဲများပေါ်သို့ တင်လိုက်၍ စားသုံးရန် အဆင်သင့်ဖြစ်ပြီ ဖြစ်သည်။
မောက်လီ၊ ချမ်ပျောင်နှင့် ဝူလင်းတို့သည် စားသုံးသူများအဖြစ် သရုပ်ဆောင်နေကြသည်။ မည်သူမျှ စကားမပြောကြပဲ ဒါရိုက်တာနှစ်ယောက်က အချင်းချင်း ရန်စောင်နေကြသည်။ အခြေအနေက အနည်းငယ် တင်းမာနေလေသည်။ သို့သော် အဆီနှင့် အနီရောင်ဆော့စ်အနှစ်များနှင့်ရောထားသော ကျောက်ကပ်၊အသည်း ခေါက်ဆွဲသုံးပန်းကန် စားပွဲပေါ်သို့ ရောက်လာသောအခါတွင်ကား စိတ်ဓာတ်များက ရုတ်ချည်းပျော်ရွှင်တက်ကြွသွားကြသည်။
ပန်းကန်လုံးကြီးထဲတွင် အနှစ်များ၊ အသားများဖြင့်ပြည့်နေကာ အောက်မှ ခေါက်ဆွဲများကိုပင် မမြင်ရတော့ချေ။ တထောင်းထောင်းထနေသောအငွေ့များမှ သွားရည်ကျစရာရနံ့များ ရနေသည်။
ပထမဆုံးတစ်လုတ်မှာပင် အရသာက လေးလေးပင်ပင်နှင့် မွှေးကြိုင်နေကာ ဆီများနှင့်လည်း အီမနေပဲ အလွန်အရသာရှိနေသည်။ ဝက်အသည်းနှင့် ကျောက်ကပ်တို့ကို ကြော်ထားသည်မှာ အနေတော်ပင်ဖြစ်သဖြင့် အလွန်ပင် နူးညံ့နေ၍ ညှီသောအနံ့လည်းမရပေ။
အထူးသဖြင့် ပန်းပွင့်ပုံကဲ့သို့လှီးထားသော ကျောက်ကပ်များမှာ အလွန်ပင် အရသာရှိလှသည်။ အသည်းများကိုလည်း ကြော်ပြီးသောအခါ ကင်းမွန်ကဲ့သို့ လိပ်ထားကာ ကြွပ်ရွ၍ လတ်ဆတ်နေသည်။
လက်ဖြင့်လိပ်ထားသော ခေါက်ဆွဲများသည် ဟင်းအနှစ်များဖြင့် ဖုံးနေကာ အနံ့က အရသာရှိ၍ ဝါးလို့လည်း ကောင်းသည်။
ခေါက်ဆွဲကို အနည်းငယ်စားပြီးလျှင် ရေညှိနှင့် မုန်ညင်းဟင်းချိုကို တစ်ဇွန်းခပ်သောက်လိုက်ကြသည်။ ထိုအတွဲအစပ်က အလွန်အရသာရှိကာ ခံတွင်းလည်း ရှင်းသွားစေသည်။
ဝူလင်းသည် ဝက်အသည်းခေါက်ဆွဲကိုစားနေရင်းဖြင့် တက္ကသိုလ်တက်သည့်အချိန်များတုန်းက ည၌ အပြင်သို့ မကြာခဏထွက်ကာ ထိုခေါက်ဆွဲသွားစားသည်ကို စဉ်းစားနေမိသည်။
ထိုအချိန်က သူငယ်ချင်းနှစ်ယောက်သည် ပိုက်ဆံရှိလျှင် ခေါက်ဆွဲ တစ်ယောက်တစ်ပွဲမှာ၍ အူအပိုများကိုပါ ထည့်ပေးရန် တောင်းခဲ့ကြသည်။ ပိုက်ဆံမရှိသည့်အခါတွင်လည်း တစ်ပွဲကို နှစ်ယောက်အတူစားရန် ဝန်မလေးကြချေ။
ထိုအချိန်တုန်းက သူတို့သည် အလွန်ဖြူစင်ရိုးသားခဲ့ကြသည်။ ယခုတွင်တော့ သူတို့သည် ထုတ်လုပ်သူများ၊ ရင်းနှီးမြှုပ်နှံသူများနှင့် မကြာခဏဆက်ဆံနေရသည်။ ကြီးကျယ်ခမ်းနားသောပွဲကြီးများ၌ပင် စားပွဲများသည် မာနယှဉ်ပြိုင်ခြင်းများနှင့် ပိုက်ဆံစကားများနှင့်သာ ပြည့်နေကြသည်။
သို့သော် သူတို့နှစ်ယောက်သည် ဘာကြောင့်များ ဤအခြေအနေသို့ ရောက်သွားကြရပါသနည်း။ ဝူလင်းသေချာစဉ်းစားကြည့်သောအခါ သူတို့နှစ်ယောက်သည် အလွန်အမင်း မုန်းတီးနေကြခြင်းမဟုတ်ပဲ ထိုစဉ်အချိန်က ငယ်ရွယ်၍ တက်ကြွနေခဲ့ကြ၍သာဖြစ်သည်။
ဝူလင်းသည် ချမ်ပျောင်အား လှမ်းကြည့်လိုက်သောအခါ ချမ်ပျောင်နှင့် အကြည့်ချင်းဆုံသွားသည်။။ ချမ်ပျောင်သည်လည်း ထိုသို့ပင် စဉ်းစားနေမိပုံရကာ သူမျက်လုံးများသည် အနည်းငယ်ပင် နီနေကြသည်။
ချမ်ပျောင်က ရှိုးတိုးရှန့်တန့်ဖြင့်ပြောလိုက်သည်။
"ဒါက ဘာဖြစ်လို့ စပ်နေတာလဲ...မူလအရသာနဲ့မတူဘူး...ထန်ချောင်းချောင်း ငရုတ်သီးတွေအများကြီးထည့်ထားတယ်ထင်တယ်..."
ဝူလင်းက ပြန်ပြောလိုက်သည်။
"ချက်တဲ့လူကို အပြစ်မတင်ပါနဲ့...ဘယ်မှာလဲ ငရုတ်သီးက..."
ချမ်ပျောင်က ခပ်တိုးတိုးရေရွတ်လိုက်သည်။
"ငါ့မျက်လုံးတွေတောင် စပ်နေပြီ..."
မောက်လီက သူတို့နှစ်ယောက်၏ မျက်နှာချင်းဆိုင်မှာ ထိုင်နေသည်။ ဒါရိုက်တာနှစ်ယောက်၏ အခြေအနေ အနည်းငယ်ပြောင်းလဲလာသည်ကို တွေ့သောအခါ မောက်လီသည် နားလည်စွာဖြင့် စားပွဲပေါ်မှ ရေနွေးခွက်ကို ကိုင်မြှောက်လိုက်သည်။
"ကျွန်မတို့ ဝိုင်အစား ရေနွေးကိုပဲ တူတူသောက်လိုက်ရအောင်လေ...အခုကစပြီး အတိတ်က အကြောင်းတွေကို မေ့လိုက်ကြရင် ဘယ်လိုလဲ..."
ဝူလင်းနှင့် ချမ်ပျောင်တို့သည် စက္ကန့်အနည်းငယ်မျှ တုံ့ဆိုင်းနေကြသော်လည်း ခဏအကြာမှာတော့ မျက်နှာအိုအိုဖြင့် သူတို့၏ရေနွေးခွက်များကို မြှောက်ကာ မောက်လီ၏ခွက်နှင့်တိုက်၍ တစ်ချိုးတည်း မော့ချလိုက်ကြသည်။
ဒါရိုက်ဝာာနှစ်ယောက်သည် ရေနွေးခွက်များကိုချ၍ တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်။ ထို့နောက် ပန်းကန်ထဲ၌ အရည်ရော အဆီပါ မကျန်သည်အထိ ခေါက်ဆွဲများကို ပြောင်စင်အောင်စားလိုက်ကြသည်။
နာမည်ကြီးဒါရိုက်တာနှစ်ယောက်နှင့် ရုပ်ရှင်ဘုရင်မသည် ဧည့်သည်သရုပ်ဆောင်အဖြစ် ပါဝင်ပေးကြခြင်းဖြစ်သောကြောင့် ထောင့်၌သာထိုင်နေကြသော်လည်း ကင်မရာများက သူတို့ဆီကိုသာ ဦးတည်နေကြသည်။
ဝူလင်းနှင့် ချမ်ပျောင်တို့ နှစ်ယောက် ပြန်ဆုံတွေ့နေကြသည်ကိုမြင်သောအခါ ရိုက်ကွင်းမှ လူများသည်လည်း တော်တော်စိတ်လှုပ်ရှားနေကြသည်။ သူတို့သည် ဒါရိုက်တာနှစ်ယောက်ကြားမှ ပြဿနာကို အနည်းနှင့်အများသိထားကြကာ ထိုနှစ်ယောက် ယခုထိ မပြေလည်နိုင်ဖြစ်နေကြသည်ကိုလည်း သိထားသည်။ သို့သော် ဝက်အသည်းခေါက်ဆွဲတစ်ပွဲက ဤဆူးနှစ်ချောင်းကို ဖြေရှင်းနိုင်လိမ့်မည်ဟုတော့ လုံးဝ မထင်ထားမိခဲ့ကြပေ။
ဤထန်ချောင်းချောင်းဟူသော အမျိုးသမီးသည် တကယ်ပင် မလွယ်ပါချေ။
ထန်ချောင်းချောင်းသည် မီးဖို၏ပြတင်းပေါက်အသေးလေးမှ တစ်ဆင့် ကြည့်နေကာ သူမ နှလုံးသားသည်လည်း နွေးထွေးနေသည်။
အစားအသောက်၏စွမ်းအားသည် အဆုံးအစမရှိပါ။ ထိုစွမ်းအင်သည် လျှာထိပ်မှနေ၍ လည်ချောင်းကိုဖြတ်ကာ ဝမ်းဗိုက်ဆီသို့ ရောက်သွားသည်။ ထိုသို့ သွားနေစဉ်တွင် နှလုံးသား၏ အစစ်မှန်ဆုံးခံစားချက်များကို နှိုးထနိုင်ကာ နာကျင်နေသောစိတ်အတွက်လည်း အကောင်းဆုံးဆေးတစ်ခွက်ဖြစ်နိုင်သည်။
နောက်ရိုက်ရမည့်အခန်းသည် ကျောက်ရှောင်းလျန်နှင့် ကျောက်ရှောင်းရှန်တို့ ပြန်တွေ့ဆုံကြမည့်အခန်းဖြစ်သည်။ ထိုအခန်းကိုရိုက်ကူးနေစဉ်တွင် ပတ်ဝန်းကျင်မှ ရိုက်ကူးရေးသမားများပင် မျက်ရည်လည်နေကြသည်။
ညီအစ်မနှစ်ယောက်၏ချစ်ခြင်းမေတ္တာကို ခေါက်ဆွဲများနှင့် ပန်းကန်များအလယ်တွင်ပြသလိုက်ခြင်းမှာ နွေးထွေးပီပြင်လွန်းလှသည်။
ဤကမ္ဘာ၏လူ့ဘဝသည် ဤအရာများထက် ဘာမျှ မပိုပါချေ။
---
Translator Note:
1. ဝက်အသည်းခေါက်ဆွဲ
"ချွမ်" ဟုခေါ်သော ခေါက်ဆွဲသည် ရှန်ဟိုင်း-ဟန်ကျိူးဒေသတဝိုက်၌ နာမည်ကြီးသော အစားအစာဖြစ်သည်။ ပုံမှန်အားဖြင့် ထိုခေါက်ဆွဲတွင် ဝက်အသည်းနှင့် ကျောက်ကပ်အပါအဝင် အဆာပလာများစွာ ပါဝင်လေ့ရှိသည်။
Xxxxxxx