အပိုင်း ၇၈
Viewers 24k

Chapter 78

ဇွန်းတစ်ချောင်း


ထိုအချိန်မှစ၍ ချမ်ပျောင်သည် အားသည့်အချိန်တိုင်း "ကျွန်ုပ်တို့မိသားစု" ရိုက်ကွင်းသို့သွားကာ ထန်ချောင်းချောင်း၏လက်ရာ အစားအသောက်များကို လာစားနေတော့သည်။ ချမ်ပျောင်သည် လာသည့်အခါတိုင်း သူ၏လည်ပင်းကြီးနီရဲလာသည်အထိ ဝူလင်းနှင့် ရန်စောင်လေ့ရှိကြသော်လည်း ဘယ်တော့မှတော့ နှင်ထုတ်မခံရပေ။


ချမ်ပျောင်က အခန်းအနည်းငယ်ပင် ဝင်၍ ရိုက်ကူးလိုက်သေးသည်။ ဝူလင်းတစ်ယောက် အလွန်ဒေါသထွက်သွားသည်ကတော့ ပြောစရာမလိုပေ။ ရိုက်ကူးရေးဝန်ထမ်းများကို အပြစ်တင်ရန်ပင်လုပ်လိုက်သေးသည်။ သို့သော်လည်း နောက်ဆုံးတွင်တော့ ဝူလင်းသည် ချမ်ပျောင်ရိုက်ထားသည့်အခန်းကို မဖျက်ပဲ ဇာတ်ကားထဲ ထည့်လိုက်သည်။


ပို၍အံ့ဩဖွယ်ကောင်းသည်က နှစ်ပေါင်းများစွာမပျောက်ပဲရှိနေသော ချမ်ပျောင်၏ အစာအိမ်ပြဿနာသည် ဤအချိန်၌ ပြန်မထလာခြင်းဖြစ်သည်။ ပါးစပ်က အရသာခံ၍ရနေကာ စားစရာအားလုံးကလည်း မွှေးကြိုင်နေသည်။ စားသောက်ခြင်းသည် ချမ်ပျောင်အတွက် ခက်ခဲသောအရာတစ်ခု မဟုတ်တော့ချေ။


ရိုက်ကွင်းမှ နေ့ရက်များသည် ပုံမှန်အတိုင်းပင်လည်ပတ်ကာ အချိန်များက လျင်မြန်စွာကုန်ဆုံးသွားကြသည်။ ရုပ်ရှင်ရိုက်ကူးရေးသည် တစ်ချိန်တည်း အဖွဲ့သုံးဖွဲ့ ခွဲထားသည်။ ရိုက်ကူးရေးဝန်ထမ်းများက တစ်ပြိုင်နက်အလုပ်လုပ်သောကြောင့် တိုးတက်မှုကလည်း မြန်ဆန်သည်။ မကြာခင်မှာပဲ ဇာတ်ကားထုတ်လုပ်ရေးသည် ပြီးဆုံးသွားတော့သည်။


နောက်ဆုံးအခန်း၌ ကျောက်မိသားစု၏ သမီးသုံးယောက်သည် ဘဝ၏ အနိမ့်အမြင့်များကို ကြုံတွေ့ပြီးနောက်တွင် အဖေနှင့်အမေရှိရာ အိမ်သို့ ပြန်လာခဲ့ကြသည်။


ထိုအချိန်တွင် အဖေနှင့်အမေသည် တစ်ခေါင်းလုံးဆံပင်များဖြူနေပြီဖြစ်၍ သမီးသုံးယောက်သည်လည်း သက်လတ်ပိုင်းအရွယ်ရောက်နေကြပြီဖြစ်သည်။ သူတို့၏မျက်နှာများသည် ငယ်ရွယ်မနုပျိုကြတော့သော်လည်း ပို၍ ရင့်ကျက်လာကာ တာဝန်သိတတ်နေကြပြီဖြစ်သည်။


နောက်ဆုံးတွင် သူတို့သည် ပြန်လည်ဆုံတွေ့သည့်အထိမ်းအမှတ်ဖြင့် ညစာတူတူစားကြသည်။


ထိုပြန်လည်ဆုံတွေ့သည့်ညစာစားသောအခန်းကို ဝူလင်းနှင့် ချမ်ပျောင်တို့ အတူတွဲ၍ ရိုက်ကူးကြသည်။ ထန်ချောင်းချောင်း မီးဖိုချောင်အင်္ကျီဝတ်သည်မှစ၍ ကြက်ကိုသတ်ခြင်း၊ ငါးခုတ်ထစ်ခြင်း၊ ဖက်ထုပ်လုပ်ခြင်း၊ ပေါက်စီများပေါင်းခြင်း နှင့် စားသောက်ဖွယ်ရာများ စားပွဲပေါ်ရောက်သည်အထိ တစ်ခန်းချင်းစီ သေချာရိုက်ကူးကြသည်။


ကျောက်မိသားစုသည် ချမ်းသာနေပြီဖြစ်သောကြောင့် ကြက်၊ ဘဲနှင့် ငါးတို့ မရှားပါး

တော့ပေ။ သို့‌သော် ခေါက်ဆွဲပြုတ်နှင့် ပန်ကိတ်များကတော့ ကျောက်မိသားစုအတွက် မပါမဖြစ် ပါရပုံကိုပြ၍ ကျောက်မိသားစု အပြင် ထိုခေတ်အခါက လူများ၏ဘဝကို မီးမောင်းထိုးပြထားသည်။ မည်မျှကြီးမားသော ဒုက္ခများကိုကြုံတွေ့ရပါစေ၊ စိတ်ဝိဉာဉ်၌အခြေတွယ်နေသည့် အချို့သောအရာများကတော့ ဘယ်တော့မှ ပြောင်းလဲသွားမည်မဟုတ်ချေ။


ရလဒ်အနေဖြင့် "ကျွန်ုပ်တို့မိသားစု" ဇာတ်လမ်းတွဲသည် ထိုညစာစားပွဲ၌ စကားပြောခြင်း၊ ရယ်မောခြင်းများဖြင့် အဆုံးသတ်သွားခဲ့သည်။


ဤဇာတ်လမ်းတွဲသည် ထန်ချောင်းချောင်း၏ ပထမဆုံးဇာတ်လမ်းတွဲ ဟု ပြော၍ရသည်။ ထို့ကြောင့် ရိုက်ကူးရေးပြီးဆုံးသွားသောအခါ လူတိုင်းကို နှုတ်ဆက်ဖို့ ထန်ချောင်းချောင်း တွန့်ဆုတ်နေမိသည်။


ရိုက်ကူးနေသည့်အချိန်၌တော့ လူတိုင်းသည် မိသားစုကဲ့သို့ တရင်းတနှီးရှိကြသော်လည်း ကွဲကွာပြီးသည့်နောက်တွင် ဘယ်တော့မှ ပြန်တွေ့နိုင်မည်ကို မည်သူမျှ မသိကြပါ။


"ဟင်း....ချောင်းချောင်းရေ...ငါနင်နဲ့ မခွဲနိုင်ဘူး..."


ချမ်ချင်းက အနားရောက်လာကာ မျက်ရည်များဖြင့် ငိုနေရင်းက ထန်ချောင်းချောင်းကို ရုတ်တရက်ဖက်လိုက်သည်။


ထန်ချောင်းချောင်းသည်လည်း ရုတ်တရက် ငိုချမိသွားသည်။ သူမ၏ ဇာတ်ကားထဲမှ အကြီးဆုံးအစ်မသည် တစ်ခါတစ်ရံ အနိုင်ကျင့်တတ်သော်လည်း ယခုခွဲခွာရတော့မည့် အချိန်ရောက်တော့လည်း စိတ်မသက်မသာဖြစ်ရသည်ပင်။


"ဗြဲ...ချောင်းချောင်း...နင်ချက်တာတွေ ငါဘယ်တော့မှ ပြန်စားရတော့မှာလဲ..."


ချမ်ချင်းက ထိုစားစရာကိစ္စအကြောင်းပြောသောအခါ ပို၍ကျယ်လောင်စွာပင် အော်ငိုနေတော့သည်။


ထန်ချောင်းချောင်း၏မျက်ရည်များ ရုတ်တရက် ရပ်သွားသည်။


"အစ်မ...ကျွန်မနဲ့မခွဲချင်တာ ဒါကြောင့်လား..."


ချမ်ချင်းက ငိုရင်းပြောလိုက်သည်။


"အင်း..."


ထန်ချောင်းချောင်း: "...ဒီလောက်အချိန်တွေအများကြီးကြာခဲ့တာတောင်မှ ပေးဆပ်ခဲ့ရတဲ့အချစ်က တန်ဖိုးမရှိခဲ့ပါလား..." (1)


ထန်ချောင်းချောင်းသည် ယခု ပို၍နာမည်ကြီးလာသဖြင့် အလုပ်များက ပိုပိုများလာသည်။ ရုပ်ရှင်၏နောက်ဆုံးညစာစားပွဲ၌ပင် ပြီးဆုံးအောင်မနေနိုင်ပဲ နာမည်ကြီးမဂ္ဂဇင်းမှ ပြုလုပ်သည့် အနုပညာရှင်ပရဟိတညစာစားပွဲကိုတက်ရောက်ရန် မြို့သို့‌ လေယာဉ်ဖြင့် အမြန်ပြန်ရသည်။


"ဒီ ညစာစားပွဲက ဘာအတွက်လဲ..."


ထန်ချောင်းချောင်းသည် လေယာဉ်ပေါ်မှဆင်းကာ အစ်ကိုချမ် မောင်းသည့်ကားပေါ်သို့ တက်၍ မော်ဒယ်စတူဒီယိုသို့သွားသည်။ ထိုမှတစ်ဆင့် အနည်းငယ်မျှပင် မနားရပဲ ညစာစားပွဲသို့ ချက်ချင်းဆက်သွားရသည်။


အစ်ကိုချမ်က ထန်ချောင်းချောင်းကို နောက်ကြည့်မှန်မှတစ်ဆင့်ကြည့်ကာ ရှင်းပြလိုက်သည်။


"ဒီ ညစာစားပွဲက နင့်အတွက် အနုပညာအသိုင်းအဝိုင်းမှာ အသိမိတ်‌ဆွေတွေပိုရဖို့ လှေကားတစ်စင်းပဲ...ဒီလိုဟာတွေဆီသွားရတာ အရမ်းအကျိုးရှိတယ်..."


ထန်ချောင်းချောင်း ထိုစကားများကြားသောအခါ မျက်မှောင်ကြုတ်လိုက်သည်။


"ဒါက ဟန်ပြပရဟိတကြီး မဟုတ်ဘူးလား..."


"ပရဟိတဆိုတာကတော့ လုပ်ရမှာပဲလေ...ပိုက်ဆံနည်းနည်းပါးပါးလှူလိုက်ရင်ပြီးပါတယ်...ဒါပေမယ့် တကယ်‌အရေးကြီးတာက နာမည်ကြီးစီးပွားရေးသမားတွေပဲ...အနုပညာရှင်တွေရဲ့အလုပ်က ဒီညစာစားပွဲကို နာမည်ကြီးအောင်လုပ်ပေးဖို့ပဲလေ..."


"အဲ့လိုဆိုတော့ ဘယ်အကျိုးရှိတော့မလဲ..."


အစ်ကိုချမ်က ခေါင်းငြိမ့်လိုက်သည်။


"ပရဟိတညစာစားပွဲလို့သာပြောနေပေမယ့် ဘယ်သူက အမှန်ကိုမသိလို့လဲ...နာမည်ကြီးသရုပ်ဆောင်တွေအတွက်ကတော့ ဘယ်သူတွေ ဘာအဝတ်အစားဝတ်တယ်...သူတို့ဆီကို ကင်မရာချိန်နေရဲ့လား နဲ့ အဲ့ဒီပွဲမှာ ဘယ်သူနဲ့တွေ့တယ်ဆိုတာကပဲ ပိုအရေးကြီးနေတာပဲ..."


ထန်ချောင်းချောင်းက နှုတ်ခမ်းများကိုမဲ့လိုက်သည်။


"ကြားရတာ ပျင်းစရာကြီး..."


ဤကဲ့သို့ ဟန်ဆောင်ညစာစားပွဲများတက်မည့်အစား ထန်ချောင်းချောင်းသည် အိမ်ပြန်၍ ပရိသတ်များနှင့်ပိုထိတွေ့မှုရစေရန် ဟင်းသာချက်ပြနေချင်သည်။


သို့သော် ကုမ္ပဏီက ထိုညစာစားပွဲစီစဉ်သူများနှင့် စာချုပ်ချုပ်ထားပြီး ဖြစ်သည်။


အစ်ကိုချမ်က လေးနက်သည့်မျက်နှာဖြင့်ပြောသည်။


"ဒါ နင့်ရဲ့ ပထမဆုံး ဖက်ရှင်ပွဲနော်...နင့်ရဲ့ သိက္ခာမကျအောင်ထိန်းပြီး ပြဿနာမရှာနဲ့..."


ထန်ချောင်းချောင်းက တည်တည်ငြိမ်ငြိမ်ပင်ပြန်ပြောလိုက်သည်။


"ကတိပေးပါတယ်...ကျွန်မ ထန်ချောင်းချောင်းသည် ဤကဲ့သို့ အရေးကြီးသောပွဲများတွင် အိန္ဒြေသိက္ခာအပြည့်နှင့် နေနိုင်ပါသည်..."


သို့သော် အစ်ကိုချမ်သည် သူ့အနုပညာရှင်၏ နောက်ကြောင်းရာဇဝင်ကို ပြန်စဉ်းစားမိသောအခါ မတတ်နိုင်ပဲ ချွေးပြန်နေမိသည်။


အစ်ကိုချမ်က ညစာစားပွဲရှိရာသို့ ထန်ချောင်းချောင်းကို လိုက်ပို့၍ ကောင်းကောင်းမွန်မွန်နေရန် အကြိမ်ကြိမ်ပြောဆိုပြီးမှ ကားပေါ်မှ ဆင်းခွင့်ပေးလိုက်သည်။


ကော်ဇောနီပေါ်၌လျှောက်ရခြင်းသည် ဤဖက်ရှင်ပွဲ၏ ပထမဆုံးထူးခြားချက်ဖြစ်သည်။ ပုံမှန်အားဖြင့် ပိုအရေးကြီးသောသူများသည် နောက်ကျမှ ထွက်လာလေ့ရှိကြသည်။ ထန်ချောင်းချောင်းကိုတော့ အလယ်နေရာလောက်၌ထွက်ရန် စီစဉ်ထားကြသည်။


ပရဟိတပွဲသည် နာမည်ကြီးအနုပညာရှင်များနှင့် တောက်ပနေသည်။ အပြင်၌ ရှည်လျားသောကော်ဇောနီကြီးရှိကာ ထိုကော်ဇောတစ်ဖက်တစ်ချက်၌ ဖန်များအပြည့်ရှိနေသည်။ ပွဲ၏ကော်ဇောနီပေါ်သို့ရောက်သောအခါ ကင်မရာများကိုင်ထားသော သတင်းထောက်များက လက်မှတ်နံရံရှေ့၌ ရှိနေကြသည်။


ကော်ဇောနီဆီသို့ ထန်ချောင်းချောင်းမရောက်ခင်တွင် နွေးထွေးမှုကို ခံစားလိုက်ရကာ ဖန်များက အလုအယက် အော်ဟစ်နေကြသည်။


ဖန့်ယွမ်က ပုဝါကိုယူကာ ထန်ချောင်းချောင်း၏ဂါဝန်ပေါ်မှ လွှမ်းပေးလိုက်၍ ထပ်မေးလိုက်သည်။ 


"ချောင်းချောင်း...ဒီနေ့ ငါတို့ရဲ့ ပန်းတိုင်ကဘာလဲ..."


ထန်ချောင်းချောင်းက ပြုံးကာပြောလိုက်သည်။


"တိတ်ဆိတ်ပြီး လှပတဲ့ကောင်မလေးလို နေဖို့..."


ဖန့်ယွမ်: "ဟုတ်တယ်..."


အဘယ်ကြောင့်ဆိုသော် သူမသည် ထန်ချောင်းချောင်းဖြစ်နေသည်မဟုတ်လား။ အခြားနာမည်ကြီးအနုပညာရှင်များစွာတက်ရောက်သော ခမ်းနားသည့်ပွဲကြီးတွင် ထန်ချောင်းချောင်း အမှားအယွင်းလုပ်မိမည်စိုးသောကြောင့် အစ်ကိုချမ်နှင့် ဖန့်ယွမ်တို့သည်ထပ်ခါထပ်ခါ သတိပေးနေရသည်။


ထန်ချောင်းချောင်းသည် စကတ်ကိုမကာ ကော်ဇောနီပေါ်သို့ ဖြည်းညင်းစွာ လျှောက်လာလိုက်သည်။


"ထန်ချောင်းချောင်း..."


"ချောင်းပေါင်...ငါတို့ ဒီမှာ..."


"ချောင်းပေါင်...မင်းက အလှဆုံးပဲ..."


"ငါတို့ မင်းကို ချစ်တယ်...."


ထန်ချောင်းချောင်း၏သကြားယုန်လေးများလည်း ရောက်နေကြကာ လူအုပ်နှင့်ယှဉ်လျှင် လူနည်းစုဖြစ်နေကြသော်လည်း သူတို့အသံကတော့ လူကြားထဲတွင် မပျောက်သွားပေ။ သူတို့သည် ဆိုင်းဘုတ်ကို မြင့်မားစွာ မြှောက်ကိုင်ထားကြ၍ သူတို့၏အော်သံက ထန်ချောင်းချောင်း၏နားစည်ကိုပင် ဖောက်သွားတော့မလို ဖြစ်နေသည်။


ထန်ချောင်းချောင်းသည် သူတို့ကို လက်ဆက်ပြနေလိုက်သည်။


သကြားယုန်လေးများသည် အလွန်စိတ်လှုပ်ရှားလွန်း၍ တချို့မှာ မေ့ပင်လဲကုန်ကြသည်။ ယနေ့၌ ချောင်းပေါင်သည် အလွန်လှပနေပေသည်။


ထန်ချောင်းချောင်းသည် အဖြူနှင့်အမည်းရောင် အလုံးပုံစံများပါသော ခါးပြတ်အင်္ကျီနှင့် ရှည်လျားသောစကတ်ကိုဝတ်ဆင်ထားရာ သွယ်လျသောလည်တိုင်၊ ဖြောင့်မတ်သော ပခုံးများနှင့် ကျက်သရေရှိသော ညှပ်ရိုးများကို တစ်ချက်ကြည့်ရုံနှင့်ပင် ရှင်းလင်းစွာ မြင်ရနိုင်သည်။ ခေါင်းပေါ်တွင် ဆံထုံးကို ခပ်မြင့်မြင့်ထုံးထား၍ ကျန်ရှိနေသောဆံပင်များကို လှိုင်းများဖြင့် ကောက်ထားသည်။ ဤရှေးခေတ်ဆန်သောပုံစံကြောင့် သူမ အလွန်ချစ်စရာကောင်းနေပေသည်။


ထန်ချောင်းချောင်း သူမ၏ဖန်များကို လက်မှတ်များထိုးပေး၍ သိမ်မွေ့သောအပြုံးလေးဖြင့် ဓာတ်ပုံများတွဲရိုက်ပေးပြီးသောအခါ နှုတ်ဆက်လိုက်၍ ခန်းမထဲသို့ ဝင်လာလိုက်သည်။


ထိုင်ခုံပေါ်မှ နာမည်စာရွက်ကြောင့် သူမထိုင်ရမည့်နေရာကို ရှာတွေ့သွားသည်။ ထိုင်ခုံမှာ အလယ်တန်း၏ညာဘက်တွင်ရှိ၍ အလွန်ကောင်းမွန်သောနေရာဖြစ်သည်။


ထန်ချောင်းချောင်းသည် ယခုတလော နာမည်ကြီးနေသော်လည်း သူမ၌ ပြစရာ ဇာတ်ကားမရှိသေးချေ။ ‌အရှေ့တန်း၌ထိုင်နေကြသော လူများကတော့ နာမည်ကြီး ရုပ်ရှင်ဇာတ်ကားအနည်းငယ် ရှိထားပြီးသော လူများဖြစ်သည်။


ခန်းမထဲတွင် အလယ်၌ စားစရာအနည်းငယ်ရှိနေသော စားပွဲဝိုင်းလေးများကို နေရာချထားသည်။ ဧည့်သည်များက ထိုစားပွဲဝိုင်းလေးများဘေးပတ်ပတ်လည်၌ ထိုင်နေကြသည်။


ထန်ချောင်းချောင်း ဘေးဘီဝဲယာကို အကဲခတ်လိုက်သည်။ စားပွဲ၌ သူမနှင့်သိသူ တစ်ယောက်မှမရှိချေ။ အမှန်က မောက်လီသည်လည်း ဤပွဲသို့တက်ရောက်ရန် ဖိတ်ကြားခံရသော်လည်း မောက်လီက နိုင်ငံခြား၌ ကြော်ငြာသွားရိုက်စရာရှိ၍ လာရန်အချိန်မရှိခဲ့ချေ။ တကယ်တော့ မောက်လီသည် ဤကဲ့သို့သောပွဲမျိုးကို အခေါက်ခေါက်အခါခါ တက်ရောက်ပြီးသားဖြစ်သောကြောင့် စိတ်ပျက်နေခြင်းသာဖြစ်သည်။


ထန်ချောင်းချောင်း အရှေ့တန်းသို့ လှမ်းကြည့်လိုက်သည်။ အိုး၊ သူမနှင့်သိသူ တစ်ယောက်မှမရှိ ဆိုသည်မှာ မမှန်ပါချေ။ လီကျိလည်း ဤသို့ ရောက်နေသည်။


လီကျိသည် ရှေ့ဆုံးတန်း၌ထိုင်ကာ သူ့ဘေးမှ ခပ်ဝဝသူဌေးတစ်ယောက်နှင့် စကားပြောနေသည်။ ထိုသူဌေးကို ထန်ချောင်းချောင်းသိသည်။ ဤပွဲကိုစီစဉ်သော မီဒီယာကုမ္ပဏီ၏ ဥက္ကဌဖြစ်သည်။


လီကျိသည် မီဒီယာ၏ ခေါင်းဆောင်ဘေး၌ ထိုင်နေသည်။ လီကျိသည် အမြဲတမ်း ဤကဲ့သို့ ခမ်းနားသောစတိုင်နှင့်နေတတ်သည်လားဟု ထန်ချောင်းချောင်းပင် ဇဝေဇဝါ ဖြစ်သွားသည်။


"အိုး...လေလံပွဲအတွက် တစ်ခုခုယူလာသေးလား..."


ထန်ချောင်းချောင်း အသံကြားသောအခါ ခေါင်းလှည့်ကြည့်လိုက်သည်။ သူမဘေး၌ထိုင်နေသော အမျိုးသမီးက သူမကို စကားပြောနေခြင်းဖြစ်သည်။


ဝိုး...


ထန်ချောင်းချောင်းသည် ထိုအမျိုးသမီး၏ညှပ်ရိုးအောက်နှင့် ချက်အ‌ပေါ်နေရာ၌ရှိနေသော ရင်နှစ်မြွှာကို မတတ်နိုင်ပဲ လှမ်းကြည့်လိုက်မိသည်။


ထိုရင်အစုံသည် အလွန်ပင် ခမ်းနားနေသော်လည်း တင်းကျပ်လွန်းလှသည်။ သွေးကြောများသည် ပေါက်ကွဲထွက်မတတ်ဖြစ်နေသည်။


ထန်ချောင်းချောင်း ဘေးဘီသို့အနည်းငယ်ကြည့်ပြီးမှ အကြည့်ကို ပြန်ချကာ ခေါင်းခါ၍ပြောလိုက်သည်။


"ဟင့်အင်း..."


သူမ လေလံပွဲအတွက် ဘာပစ္စည်းမှ မပါလာခဲ့ပါ။


ဘေးမှအမျိုးသမီးသည် ထန်ချောင်းချောင်းခေါင်းခါလိုက်သည်ကို မြင်သောအခါ ချက်ချင်းပင် စိတ်ဝင်စားမှုမရှိတော့ချေ။ ထန်ချောင်းချောင်းကို ဂရုစိုက်ရန် သူမ၌ အချိန်ပိုမရှိပေ။


ပွဲစသောအခါ နာမည်ကြီးအချို့က စင်ပေါ်တက်၍စကားပြောကာ အချို့က သူတို့၏အဝတ်အစားများကို လေလံပွဲအတွက် ‌လှူကြသည်။ ထိုပွဲမှရသမျှ ပိုက်ဆံအားလုံးကို လှူဒါန်းမည်ဖြစ်သည်။


အချို့စီးပွားရေးသမားများက ပိုက်ဆံတိုက်ရိုက်လှူကာ အချို့ကတော့ သူတို့၏ လက်ဝတ်ရတနာနှင့်အဖိုးတန်ပစ္စည်းများကို လေလံပွဲအတွက်လှူ၍ ပိုက်ဆံရှာပေးကြသည်။


ထန်ချောင်းချောင်းက ထိုအကြောင်းကိုမသိပဲ နှစ်နာရီခန့် ထိုင်နေမိသည်။


သူမသည် စထိုင်တည်းက စားပွဲပေါ်မှာ မုန့်များကို ကြည့်နေမိသည်။


ပွဲကိုစရောက်သည့် ၈နာရီတည်းက သူမ ဗိုက်ဆာနေခဲ့ရာ ယခု ၁၀ နာရီပင်ထိုးနေပြီဖြစ်သည်။ ပွဲကြေငြာနေသူ၏ အခြေအနေအရ ပွဲသည် အတန်ကြာအောင် ပြီးဦးမည့်ပုံ မပေါ်ချေ။


သူမ အခြားလူများကို လေးစားနေမိသည်။ စားပွဲပေါ်မှ စားစရာများကို မည်သူမျှ မထိကြချေ။


ထန်ချောင်းချောင်းသည် အချိန်အတော်ကြာ ‌လေ့လာထားသောကြောင့် စည်းမျဉ်းများကို သိနေပြီဖြစ်သည်။ ကင်မရာရိုက်ချက်များသည် အရှေ့တန်းနှင့် စင်ပေါ်၌ရှိနေသော လူများဆီကိုသာ သွားနေသည်။ အလယ်နှင့် အနောက်တန်း၌ရှိနေသူများကို မည်သူမျှ ဂရုမစိုက်ကြချေ။ သူမ ဘေးဘီနှင့် အနောက်မှလူများကို အကဲခတ်လိုက်ရာ တော်တော်များများသည် ပျင်းရိနေပုံပေါက်ကာ ဖုန်းထဲ၌သာ ခေါင်းစိုက်နေကြသည်။


ထို့ကြောင့် မုန့်ယူစားလိုက်လျှင်လည်း ဘာမှဖြစ်မည်မထင်။


ထန်ချောင်းချောင်းရှေ့၌ ချယ်ရီသီးတစ်ဝက်တင်ထားသော သုံးမြှောင့်ပုံ ပန်းရောင်ချိစ်ကိတ်နှင့် အရသာရှိမည့်ပုံပေါ်သော ယိုများဆမ်းထားသည့် အဖြူရောင်ချောကလက်ချောင်းတစ်ခု ရှိနေသည်။


ထန်ချောင်းချောင်း ခုံ၌ဝင်ထိုင်ချိန်ကပင် ထိုမုန့်များသည် အရသာရှိမည့်ပုံပေါ်နေသည်။


ထန်ချောင်းချောင်း ဇွန်းအသေးလေးတစ်ချောင်းကို ယူ၍ ကိတ်မုန့်၏ သုံးပုံတစ်ပုံနေရာလောက်ကို ပိုင်းယူရန် ထိုးစိုက်လိုက်သည်။


သို့သော် ဇွန်းကိုပြန်မလိုက်သောအခါ ကိတ်မုန့်တစ်ခုလုံးကပါ အပေါ်ကို မြောက်ပါလာသည်။


ထန်ချောင်းချောင်း: ???


ယိုနှင့်ချိစ်များက အလွန်ပျစ်နှစ်နေ၍ ဇွန်းကိုထုတ်မရဖြစ်နေခြင်းဖြစ်မည်။


ထန်ချောင်းချောင်းသည် ဇွန်းကို အနည်းငယ်လှုပ်လိုက်သော်လည်း ကိတ်မုန့်က မကျသွားချေ။ ထိုအချိန်၍ စားပွဲ၌ရှိသော အခြားတစ်ယောက်က ထန်ချောင်းချောင်းကိုကြည့်နေပြီဖြစ်သည်။


ထန်ချောင်းချောင်း မချိပြုံးလေးပြုံးပြလိုက်သည်။ သူမသာ ဆက်လှုပ်နေပါက ရိုင်းသည့်ပုံပေါက်တော့မည်။


ထို့ကြောင့် ကိတ်မုန့်တစ်ခုလုံးကိုမကာ သူမပန်းကန်ထဲသို့ ထည့်လိုက်သည်။


ထိုအချိန်မှာပင် စင်ပေါ်မှ ပွဲကြေငြာသူက ကျယ်လောင်စွာပြောလိုက်သည်။


"အခုလေလံတင်မယ့် ရတနာတွေက မစ္စအန်နာရဲ့ လှူဒါန်းမှုတွေဖြစ်ပါတယ်...မစ္စအန်နာ ဘယ်မှာထိုင်နေတာပါလိမ့်...မတ်တပ်ရပ်ပြီး နှုတ်ဆက်ပေးပါဦးခင်ဗျ..."


အန်နာသည် ဤအချိန်အတွက် တစ်ညလုံးစောင့်နေခြင်းဖြစ်သည်။ သူမ ဆံပင်ကိုသပ်ရပ်အောင်လုပ်ကာ စိတ်လှုပ်ရှားစွာမတ်တပ်ရပ်၍ ဆလိုက်မီးများက သူမကိုထိုးကာ ခန်းမတစ်ခုလုံး၏ စိတ်ဝင်စားမှုက သူမဆီရောက်လာမည့်အချိန်ကို စောင့်နေလိုက်သည်။


ချက်ချင်းပင် သူမ မျှော်လင့်ထားသည့်အတိုင်း ဆလိုက်မီးများက သူမဆီရောက်လာကာ သူမ၏ ပုံက ‌အရှေ့ရှိ တီဗီမျက်နှာပြင်အကြီးကြီးတွင် ‌ပေါ်လာသည်။


Xxxxxxxx


T/N


.1."ဒီလောက်အချိန်တွေအများကြီးကြာခဲ့တာတောင်မှ ပေးဆပ်ခဲ့ရတဲ့အချစ်က တန်ဖိုးမရှိခဲ့ပါလား..." သည် ဟာသအနေဖြင့် ပြောလိုက်ခြင်းဖြစ်သည်။


ထိုစာသားသည် "Legend of Zhen Huan(ကျန်းဟွမ်၏ဒဏ္ဍာရီ)" သို့မဟုတ် Netflix ၌ "Empresses In The Palace(နန်း‌တွင်းမှဧကရီများ)" အမည်ရှိ ရုပ်ရှင်ဇာတ်လမ်းမှဖြစ်သည်။ ဧကရာဇ်သည် သူ၏ ပထမဆုံးချစ်သူနေရာ၌သာ ကျန်းဟွမ်ကို အစားထိုးထားသည်ကိုသိသွားသောအခါ ကျန်းဟွမ်ပြောလိုက်သော နာမည်ကြီးစကားဖြစ်သည်။ စိတ်ပျက်မှုကို ဖော်ပြချင်သည့်အခါမျိုးတွင် သုံးကြသည်။


Xxxxxx