Chapter 79
သို့သော် မျှော်လင့်ထားသည့် လက်ခုပ်သံများကြားလိုက်ပြီးနောက်တွင် ခန်းမသည် ခဏမျှ တိတ်ဆိတ်သွားကာ ထို့နောက် တစ်ခန်းလုံး ရုတ်တရက် ရယ်သံများထွက်လာတော့သည်။
အန်နာသည် အဘယ်ကြောင့် ရယ်သံများထွက်လာသည်ကို နားမလည်ဖြစ်ကာ သူမ၏အပြင်အဆင်များမှားသွား၍လား ဟုစိုးရိမ်၍ လန့်လာမိသည်။
ခန်းမရှေ့ရှိ တီဗီမျက်နှာပြင်ကို သေချာကြည့်လိုက်သောအခါ အန်နာ၏ဘေးတွင်ထိုင်နေသော ထန်ချောင်းချောင်း၏ပုံကလည်း ကင်မရာထဲဝင်၍ တီဗီ၌ပေါ်နေသည်ကို မြင်လိုက်ရသည်။ ထိုအချိန်တွင် ထန်ချောင်းချောင်းသည် ကိတ်မုန့်တစ်စိတ်လုံးကို လက်ထဲ၌ ကိုင်ထားလျက်ရှိသည်။
ထန်ချောင်းချောင်းသည် သူမကို ကင်မရာကရိုက်နေမှန်းမသိလိုက်ချေ။ ပွဲကြေငြာသူပြောသည့်စကားအနည်းငယ်ကိုသာကြားလိုက်၍ ထန်ချောင်းချောင်းဘေးမှ ရင်ဘတ်ကြီးကြီးကောင်မလေးက မတ်တပ်ထရပ်လိုက်သည်ကိုသာ သိလိုက်သည်။
ထန်ချောင်းချောင်းက ဘာဖြစ်နေသည်ကို မသိလိုက်ပဲ ထိုအချိန်၌ သူမ၏စိတ်က သူမ ကိတ်မုန့်တစ်ခုလုံးယူလိုက်သည်ကို အခြားလူများမြင်သွားမည်ကိုသာ စိုးရိမ်နေမိသည်။ ထို့ကြောင့် ထန်ချောင်းချောင်းသည် ဘာမှမစဉ်းစားပဲ ကိတ်မုန့်တစ်ခုလုံးကို ပါးစပ်ထဲသို့ ထိုးထည့်လိုက်သည်။
သက်သေကို ဖျောက်ဖျက်ပစ်ရမည်မဟုတ်လား။
နှုတ်ခမ်းပေါ်မှ နှုတ်ခမ်းနီမပျက်စေရန် ပါးစပ်ကို အကျယ်ဆုံးဟလိုက်သည်။ ကိတ်မုန့်သည် ထန်ချောင်းချောင်း၏ပါးစပ်ထဲသို့ တစ်ခုလုံးဝင်၍ ပျောက်ကွယ်သွားသည်။ ထို့နောက် ဇွန်းကိုချက်ချင်းချ၍ ပါးစပ်ပလုတ်ပလောင်းနှင့် ဝါးနေတော့သည်။
ကိတ်မုန့်က ထူထဲစေးကပ်နေသည်မှာ အံ့ဩစရာမရှိပါ။ ကိတ်မုန့်သည် အပြင်၌ ပျစ်နှစ်သော စတော်ဘယ်ရီယိုထူထူရှိ၍ အတွင်းက ချိစ်များအများအပြားရှိနေကာ ချိုရဲအီတောက်နေသည်။ ဤအချိုမုန့်ကို ပြုလုပ်သူသည် နိုင်ငံခြားမှ မုန့်လုပ်သူသာ ဖြစ်လိမ့်မည်။ ကိတ်မုန့်သည် ချိုလွန်း၍ စားရင်းနှင့် သေတောင်သွားနိုင်သည်။
သို့သော် ထိုကိတ်မုန့်တစ်ခုလုံးကို ထန်ချောင်းချောင်း တစ်လုပ်တည်းနှင့် စားပစ်လိုက်သည်ကို အခြားဧည့်သည်များအကုန် မြင်လိုက်ကြရသည်။
လူတိုင်းသည် အံ့ဩကုန်ကြသည်။
ဤအမျိုးသမီး၏ပါးစပ်သည် အဆုံးမရှိသည့် ချောက်ကြီးပေလား...သူမသည် ဘယ်လိုလုပ်၍ ဤကိတ်မုန့်တစ်ခုလုံးကို အိန္ဒြေမပျက်စေပဲ မျိုချနိုင်ပါသနည်း...
တစ်ခန်းလုံး ရယ်သံများဖြင့် ပြည့်သွားသည်။
ထိုအချိန်တွင် လေလံပွဲသို့ မည်သည့်ပစ္စည်းကို အန်နာလှူဒါန်းသည်ဆိုသည်ကို မည်သူမျှ စိတ်မဝင်စားတော့ချေ။
အန်နာသည် ဒေါသဖြင့် ခြေဆောင့်ကာ ထန်ချောင်းချောင်းကို မမြင်အောင် မျက်စောင်းထိုးလိုက်သည်။
ထိုမိန်းမသည် မထင်မှတ်ထားစွာပင် လည်ပတ်လွန်းလှသည်...သူမသည် လေလံပွဲအတွက် ဘာပစ္စည်းမျှပင်မယူလာပဲ အန်နာ၏ တောက်ပမှုကို ခိုးယူသွားပေသည်...
အန်နာ၏ မျက်နှာသည် အိုးဖင်ကဲ့သို့ပင် မည်းနေတော့သည်။
အန်နာ့ထံမှ မျက်စောင်းထိုးခံလိုက်ရပြီးနောက်တွင် ထန်ချောင်းချောင်းသည်သူမ၏အဖြစ်အပျက်ကို ကင်မရာ၌ပါသွားပြီ ဟု သိလိုက်သည်။ ထို့ကြောင့် ရုတ်တရက် ဘာကိုမှ မမြင်နိုင်ဖြစ်သွားသည်။
"အစ်ကိုချမ်နဲ့ ဖန့်ယွမ်ရေ...ကျွန်မတောင်းပန်ပါတယ်..."
ထန်ချောင်းချောင်း၏ဘေးပတ်ဝန်းကျင်မှလူများသည် သူမကို ကြည့်ကာ သက်ပြင်းချလိုက်ကြသည်။ အရှေ့တန်းမှ လီကျိသည်ပင် လှည့်ကြည့်ကာ သံမဏိမဖြစ်လာနိုင်သော သံကို မုန်းတီးသကဲ့သို့ သက်ပြင်းချ လိုက်သည်။
ထန်ချောင်းချောင်း အခြား ဘာပြဿနာများ ရှာဦးမည်နည်း။
သူမသည် ကို့ယိုကားယားနှင့် ယဉ်ကျေးသောအပြုံးကိုသာ ပြုံးပြနေလိုက်နိုင်သည်။
ထိုအချိန်တွင် တိုက်ရိုက်ထုတ်လွှင့်နေသည့်နေရာ၌လူများ၏စကားများက ပို၍ပင်ဆိုးနေသည်။
【ထန်ချောင်းချောင်းရေ...မင်းကတော့ ငါ့ကိုအရယ်လွန်ပြီးသေအောင်လုပ်နေတာပဲ...ငါသေရင် ငါ့ရဲ့ ပုရွက်ဆိတ်ခြံကို ဆက်စောင့်ရှောက်ပေးမှာလား...】
【ထန်ချောင်းချောင်း...ငါမင်းရဲ့အိမ်မှာ မုန့်လာစားလို့ရလား...တစ်ဇွန်းပဲစားမှာပါ...】
【တခြား အမျိုးသမီးအနုပညာရှင်တွေက ဇွန်းဖျားလေးတွေနဲ့ပဲစားနေကြတာ...ထန်ချောင်းချောင်းရဲ့ပါးစပ်ကတော့ အဆုံးမရှိတဲ့တွင်းကြီးပဲ...ဟားဟားဟား...】
【အဓိပ္ပာယ်မရှိတာတွေမပြောနဲ့...ချောင်းပေါင်မှာ အဆုံးမရှိတဲ့တွင်း ပါးစပ်မရှိပါဘူး...မင်းသတိထားနေပါ...ချောင်းပေါင်ကမင်းငိုသွားအောင်လုပ်နိုင်တယ်...】
【သူ့နှုတ်ခမ်းနီကတော့ မပျက်သွားပါဘူး...ဒါပေမယ့် ကိတ်မုန့်တစ်ခုလုံးကြီးဝင်နိုင်အောင်ကို သူ့ပါးစပ်က အဲ့လောက်ကျယ်မယ်လို့ ငါမထင်ထားခဲ့ဘူး...】
【အားးးးးးးးးးးးး...】
【Douban က လူတွေက ထန်ချောင်းချောင်းကို နာမည်ပြောင်အသစ်ပေးထားတယ်...ထန်ဇွန်းတစ်ချောင်းတဲ့...ဟားဟားဟား...】
သကြားယုန်လေးများ: ထန်ဇွန်းတစ်ချောင်းဟုတ်လား...ဟုတ်ပြီ...ဒါ နာမည်ပြောင်အသစ်ပဲ..."
ငါ့ရဲ့ အိုင်ဒေါမှာ ထူးဆန်းတဲ့ နာမည်ပြောင်တွေအများကြီးရှိနေရင် ဘာလုပ်ရမလဲ...
ဖန်များ: ပိုပြီးတော့ ဆိုးတဲ့ နာမည်ပြောင်တွေ ပေးလိုက်...
ထိုအချိန်တွင် ပွဲကြေငြာသူသည် ပါးစပ်က နားရွက်တက်ချိတ်အောင် ရယ်နေပြီဖြစ်သည်။ ဤပွဲသည် ကျင်းပသည်မှာ နှစ်နာရီခန့်ကြာနေပြီဖြစ်၍ ပွဲတစ်လျှောက်လုံး လေလံတင်ခြင်း၊ စကားပြောခြင်းနှင့် လေလံထပ်တင်ခြင်းများနှင့်ပင် ပြည့်နေရာ ပွဲကြေငြာသူလည်း အနည်းငယ် ပင်ပန်းငြီးငွေ့နေပြီဖြစ်သည်။
သို့သော် ထန်ချောင်းချောင်း၏ မရည်ရွယ်သောအဖြစ်အပျက်လေးက ပျင်းရိဖွယ်ကောင်းနေသော ပွဲကို ရယ်မောစရာလေး ထည့်ပေးလိုက်သကဲ့သို့ဖြစ်သွားသည်။ ဧည့်သည်များ ပြန်လည်တက်ကြွလန်းဆန်းလာစေရန် ဤကိစ္စမှလွဲ၍ အခြားဘယ်အရာကမှ လုပ်နိုင်မည်မဟုတ်ပါ။
ပွဲကြေငြာသူက ပြောလိုက်သည်။
"ကျွန်တော်တို့ပွဲရဲ့ မုန့်တွေက အရမ်းအရသာရှိပုံပေါ်ပါတယ်...စားပွဲပေါ်က မုန့်တွေ အခုထိ နေရာမရွေ့ကြသေးတာ ထန်ချောင်းချောင်းလုပ်လို့ ကျွန်တော်တို့ မြင်လိုက်ရပြီ...စားကြပါ...စားကြပါ...မုန့်တွေကို မဖြုန်းတီးကြပါနဲ့..."
ကိတ်မုန့်အား ထန်ချောင်းချောင်းစားလိုက်သည်ကို မြင်သောအခါ အခြားဧည့်သည်များဆီကိုလည်း စားချင်စိတ်များ ကူးစက်သွားသည်။ ဧည့်သည်များသည် မုန့်များကို တစ်ခုပြီး တစ်ခု ယူစားနေကြတော့သည်။
သို့သော် လူတိုင်းသည် တစ်စုံတစ်ခုကို မေ့နေကြဟန်တူသည်။ သူတို့သည် အန်နာ့အား မေ့သွားကြသည် မဟုတ်ပါလား။
ဤအဖြစ်အပျက်ပြီးသွားသောအခါ ပွဲသည်ပုံမှန်အတိုင်းပင် ဆက်လက်ကျင်းပနေသည်။
ဤတစ်ကြိမ်၌ ကျောက်စိမ်းလက်ကောက်တစ်ခုကို လေလံတင်နေသည်။ ထန်ချောင်းချောင်းက စင်နှင့်ဝေးနေ၍ တီဗီမျက်နှာပြင်မှပင် မြင်နေရသော်လည်း ထိုလက်ကောက်သည် ပြောင်လက်တောက်ပ၍ အသေးစိတ်ကာ ဖြူဝင်းနေသည်ကို အထင်အရှားမြင်နေရသည်။
ထန်ချောင်းချောင်း၏အရင်ဘဝ၌ ကျောက်စိမ်းသည် ကောင်းကင်နှင့်မြေကြီး၏ ဓာတ်များပါဝင်၍ ကျင့်ကြံသူတာအိုဆရာများ၏ အကြိုက်ဆုံး ဝိဉာဉ်ပစ္စည်းများထဲမှ တစ်ခုဖြစ်သည်။ ထန်ချောင်းချောင်းသည်လည်း ကျောက်စိမ်းကို အလွန်နှစ်သက်မိသည်။
သို့သော် လူအများအပြားကလည်း ကျောက်စိမ်း၏ တန်ဖိုးကိုသိ၍ ဈေးခေါ်မှုများက မြင့်သထက် မြင့်လာသည်။ ထို့ကြောင့် ထန်ချောင်းချောင်းသည် ကျောက်စိမ်းကိုကြိုက်သော်လည်း မဝယ်နိုင်ပဲ လေလံတင်သည်ကိုသာ ထိုင်ကြည့်နေရလေသည်။
"ငါးသိန်း..."
အလုအယက်ဈေးခေါ်မှုများကြားတွင် လီကျိ၏ရင်းနှီးသောအသံ ထွက်ပေါ်လာသည်။
တစ်စုံတစ်ယောက်ကပြောလိုက်သည်။
"ငါးသိန်းခွဲ..."
"ခြောက်သိန်း..."
လီကျိက အော်လိုက်သည်။
ဈေးခေါ်မှုများအပြီးတွင် ကျောက်စိမ်းလက်ကောက်သည် အလွန်မြင့်သော တစ်သန်း ဈေးဖြင့် လီကျိအပိုင်ဖြစ်သွားသည်။ ထိုဈေးနှုန်းသည် လေလံတင်သော ပစ္စည်းများအားလုံးထဲတွင် အမြင့်ဆုံးဈေးလည်းဖြစ်သည်။
လီကျိကို ဤမျှချမ်းသာ၍ ဟန်ဆောင်မှုကင်းမည်မှန်း ထန်ချောင်းချောင်း မထင်ထားခဲ့မိပါ။
ရှည်လျားသောလေလံပွဲကြီး ပြီးဆုံးသွားသောအခါ လူတိုင်းစောင့်မျှော်နေကြသော အနုပညာများ ဓာတ်ပုံတူတူရိုက်ကြမည့် အစီအစဉ်သို့ ရောက်ရှိလာသည်။
နာမည်ကြီးအနုပညာရှင်များသည် တစ်ယောက်ပြီးတစ်ယောက် စင်ပေါ်သို့ တက်လာကြသည်။ အန်နာက စူပုပ်သောမျက်နှာဖြင့် ထန်ချောင်းချောင်းနောက်မှ လိုက်လာသည်။ ထန်ချောင်းချောင်းကြောင့် ဤည၌ သူမ၏မျက်နှာကို ပြရမည့် အခွင့်အရေး ဆုံးရှုံးသွားခဲ့ရသည် မဟုတ်ပါလား။
အန်နာ ဖြေဆည်မရဖြစ်နေသည်။
ထန်ချောင်းချောင်း စင်၏လှေကားထစ်များပေါ်သို့တက်လိုက်ရာ အန်နာက ထန်ချောင်းချောင်းအနောက်မှ ကြမ်းပေါ်၌တရွတ်တိုက်နေသော ဂါဝန်အစကို လှမ်းကြည့်လိုက်သည်။ ထို့နောက် အန်နာသည် မတော်တဆပုံဖြင့် ခြေထောက်ကို ဆန့်၍ ထန်ချောင်းချောင်း၏ ဂါဝန်စပေါ်သို့ တက်နင်းလိုက်တော့သည်။
ထန်ချောင်းချောင်း စကတ်ကိုမကာ သတိနှင့် လှေကားများကို တစ်ထစ်ချင်းတက်နေသော်လည်း ရုတ်တရက် "ဗြိ" ဟူသောအသံကို ကြားလိုက်ရသည်။ တစ်ချိန်တည်းမှာပင် အနောက်မှ စကတ်သည် တစ်စုံတစ်ခုနှင့်ဆွဲထားလိုက်သလို တင်းသွားသည်။ ထန်ချောင်းချောင်းသာ ခြေထောက်ခိုင်ခိုင်ရပ်မနေပါက ခြေလှမ်းများမှား၍ လဲပင်ကျသွားနိုင်သည်။
သူမ စိတ်ကိုငြိမ်ငြိမ်ထားကာ အနောက်သို့လှည့်ကြည့်လိုက်သည်။ အန်နာ၏အနက်ရောင်ဒေါက်ဖိနပ်က ထန်ချောင်းချောင်း၏ စကတ်အနားစပေါ်ကို နင်းထားသည်။ ဖိနပ်၏ချွန်နေသောဒေါက်ကြောင့် စကတ်သည် ခပ်ရှည်ရှည် ပြဲသွားသည်။
လှေကားထစ်များ၏မီးအလင်းရောင်က မှိန်နေကာ လူတော်တော်များများကလည်း စင်ပေါ်ရောက်နေသော နာမည်ကြီးအနုပညာရှင်များကိုသာ ကြည့်နေကြသည်။ လူအချို့သာ ထန်ချောင်းချောင်းတို့ရှိသောနေရာကို သတိထားမိကြမည်ဖြစ်သည်။
ထိုလူအများသတိမပြုသည်ကို အမှီပြု၍ အန်နာသည် ထန်ချောင်းချောင်းကို အရှက်ခွဲရန် ကြံစည်လိုက်ခြင်းဖြစ်သည်။
ဘယ်နေရာကရောက်လာမှန်းမသိသော တက်သစ်စလေးက ဤပရဟတိတပွဲသို့လာ၍ စားသောက်ကာ သူမ၏ အာရုံစိုက်ခံရမှုကို လုချင်နေသည်တဲ့လား...
နင်အခုရော နာမည်ကြီးချင်သေးလား...
အန်နာသည် ရင်ထဲမှ ကျိတ်၍ လှောင်လိုက်သည်။ လူကြားထဲ၌ ထန်ချောင်းချောင်း မှောက်လျက်လဲသည်ဖြစ်စေ၊ စကတ်ပြဲသွားသည်ဖြစ်စေ အန်နာ၏ မုန်းတီးမှုများကိုတော့ အနည်းငယ်လျော့ပါးသွားစေမည်ဖြစ်သည်။
ထန်ချောင်းချောင်းသည် ဤကိစ္စနှင့်ပတ်သတ်၍ ဘာမှပြန်လုပ်ရဲမည်မဟုတ်ဟု အန်နာ ယုံကြည်နေမိသည်။
ထိုမိန်းမသည် ဤကဲ့သို့သောအဝတ်အစားမျိုးအတွက် ပိုက်ဆံပင်ပေးနိုင်ရဲ့လားမသိပါ။ သူမကိုကြည့်ရသည်မှာ ဖက်ရှင်လောကထဲသို့ ဝင်မတိုးနိုင်သည့် သရဲတစ်ကောင်နှင့်တူနေသည်။ ထိုဝတ်စုံသည် လမ်းဘေးအပ်ချုပ်ဆိုင်လေးမှ ဝယ်လာသည်ပင် ဖြစ်နိုင်ပေသည်...
ထန်ချောင်းချောင်းသည် အန်နာ၏ခြေထောက်ကို လှမ်းကြည့်၍ ဘာဖြစ်နေသည်ကို သိသွားသည်။
သူမသည် အန်နာ့ကို အေးစက်သောမျက်လုံးများဖြင့် မှေးစင်း၍ကြည့်ကာ တစ်ချက်ရယ်လိုက်သည်။ လက်များက စကတ်ကို ကိုင်ထားရာမှ တင်းတင်းဆုပ်၍ ပြန်ဆွဲလိုက်ပြီး သူမ၏ညာခြေထောက်ကို အန်နာ၏ ခြေထောက်ရှိရာနေရာသို့ တိတ်တဆိတ်ရွှေ့လိုက်သည်။
ထန်ချောင်းချောင်း၏ ခြေထောက်ရွှေ့လိုက်မှုကို စကတ်က ကာပေးထားသကဲ့သို့ ဖြစ်နေသောကြောင့် အန်နာသည်ပင် သတိမထားလိုက်မိချေ။
ထန်ချောင်းချောင်းသည် ညာဘက်ခြေထောက်၏ ဒေါက်ဖိနပ်ကိုအနည်းငယ်မလိုက်၍ အန်နာ၏ ဒေါက်ဖိနပ်ကို တိုက်လိုက်သည်။ တစ်ချိန်တည်းမှာပင် အန်နာ၏ခြေထောက်အောက်မှ စကတ်စကို ပြန်ဆွဲယူလိုက်သည်။
ထန်ချောင်းချောင်းသည် သူ့ခွန်အား၏ ၃၀% ခန့်သာသုံးလိုက်သော်လည်း အန်နာကတော့ သူ့ခြေချောင်းများသည် နာကျင်မှုကြောင့် ထုံသွားသကဲ့သို့ပင် ခံစားလိုက်ရသည်။ အန်နာသည် ခြေထောက်ကို ချက်ချင်းမလိုက်သော်လည်း အခြားတစ်ဖက်ကပါ ဟန်ချက်ပျက်သွားလိမ့်မည်ဟု မထင်လိုက်မိချေ။
အန်နာသည် အတော်ကျပ်သောစကတ်ကိုဝတ်ထားသောကြောင့် ခြေထောက်များက ဟန်ချက်ပျက်သွားသောအခါ ခန္ဓာကိုယ်တစ်ခုလုံး ထိန်းမရဖြစ်သွားတော့သည်။ ခန္ဓာကိုယ် နောက်သို့လန်၍ လှေကားပေါ်မှ ခြေလက် လေးချောင်းစလုံးမြောက်ကာ အလွန်ရှက်ဖို့ကောင်းစွာပင် ပြုတ်ကျသွားတော့သည်။
"အို ဘယ်လိုဖြစ်လို့ ပြုတ်ကျသွားတာလဲ...အဆင်ပြေရဲ့လား..."
ထန်ချောင်းချောင်းက စိတ်ပူနေသောမျက်နှာဖြင့် ပါးစပ်ကိုအုပ်ကာ စင်ပေါ်မှ လှမ်းပြောလိုက်သည်။
အန်နာ ကြမ်းပေါ်၌ ထထိုင်လိုက်ကာ မျက်နှာအမူအယာက ရှုံ့မဲ့၍ ရုပ်ဆိုးနေသည်။ ခြေချင်းဝတ်လိမ်သွားသောကြောင့် အချိန်အတော်ကြာ ထမရဖြစ်နေသေးသည်။
အန်နာသည် ထန်ချောင်းချောင်း၏ အပြစ်ကင်းစင်ပုံပေါ်နေသောမျက်နှာကိုကြည့်၍ ဒေါသကြောင့် ရင်ဘတ်များပင် နာလာသည်။
သို့သော် ခက်သည်က ထန်ချောင်းချောင်း၏ ခြေထောက်သည် မည်သို့ရွေ့သွားမှန်း သူမမသိလိုက်ချေ။
ဘေးပတ်ဝန်းကျင်မှလူများသည် ရုတ်တရက် လန့်သွားကြပြီးမှ အန်နာ့ထံသို့ ကပျာကယာလာကာ တွဲထူပေးလိုက်ကြသည်။
ပွဲကြေငြာသူက အနားရောက်လာကာ မေးလိုက်သည်။
"ဘာဖြစ်သွားတာလဲ..."
ထန်ချောင်းချောင်းက ပြုံးကာ ပြောလိုက်သည်။
"မစ္စအန်နာက လမ်းကိုသေချာမမြင်ဖြစ်သွားတာထင်တယ်...ကျွန်မရဲ့စကတ်ကို မတော်တဆတက်နင်းမိသွားတာ...အဲ့ဒီနောက်တော့ ဘယ်လိုဖြစ်သွားလဲ ကျွန်မမသိလိုက်ဘူး..."
အန်နာ ဒေါသဖြင့် တစ်ကိုယ်လုံးတုန်ယင်နေလေသည်။
"........."
သူမ လူအများ၏ဂရုစိုက်မှုကို ခံချင်သော်လည်း ဤကဲ့သို့တော့ မဟုတ်ချေ။ တကယ်တော့ တကယ် လဲကျရမည့်သူက ထန်ချောင်းချောင်းဖြစ်သည်မဟုတ်လား။
တိုက်ရိုက်ထုတ်လွှင့်သည့် ချန်နယ်ထဲတွင်:
【ငါခဏလောက် သတိမထားလိုက်မိတာ ပွဲကြီးပွဲကောင်းကို လွတ်သွားသလိုပဲ...အန်နာချော်လဲတာ တကယ်ပဲ မတော်တဆမှုလား...】
【ဘယ်လိုပဲဖြစ်ဖြစ် ထန်ချောင်းချောင်းရဲ့ဂါဝန်ကို အန်နာတက်နင်းလိုက်တာပဲ ငါတော့မြင်တယ်...ပြီးတော့ အန်နာက လဲကျသွားရော...အဲ့ဒါ သူ့ဘာသာသူလုပ်တာပဲ...
】
【ဟီးဟီး...အန်နာရဲ့ ဒေါက်ဖိနပ်တွေကလည်း အမြင့်ကြီးပဲလေ...သူ အခုမှချော်လဲတာကတောင် တော်တော်ထူးဆန်းနေပြီ...】
【ထန်ချောင်းချောင်းရဲ့စကတ်ကို အန်နာက တမင်သတ်သတ် တက်နင်းတယ်လို့ပဲ ငါတော့ထင်တယ်...ထန်ချောင်းချောင်းသာ သေချာမရပ်နေရင် တကယ်လဲကျမယ့်လူက ဘယ်သူလဲဆိုတာ ပြောမရဘူး...】
【ငါထောက်ခံတယ်】
"အမျိုးသမီးအနုပညာရှင်တွေ ဒီလှေကားတွေပေါ်တက်ရင် ဂရုစိုက်ကြပါ...အထစ်တွေက နည်းနည်းမြင့်တယ်..."
ပွဲကြေငြာသူက အနားလာ၍ အခြေအနေကို စူးစမ်း၍ ခဏမျှစဉ်းစားလိုက်ပြီးသောအခါ ဘာဖြစ်နေကြသည်ကို ခန့်မှန်းနိုင်သွားသည်။ ညစာစားပွဲ၌ ဖြစ်ပျက်ခဲ့သောအကြောင်းကြောင့် အန်နာသည် ထန်ချောင်းချောင်းကို လက်စားချေလိုခြင်းဖြစ်မည်။ ပွဲကြေငြာသူအနေဖြင့် ပရိသတ်ကို ထိန်းရန်လိုသောကြောင့် နှစ်ဖက်လုံးကို နှစ်သိမ့်ကာ အန်နာ၏ခြေထောက်အနာကို ကုသရန် အလုပ်သမားများကို ညွှန်ကြားလိုက်သည်။ ထို့နောက် ထန်ချောင်းချောင်းကိုမေးလိုက်သည်။
"မင်းရဲ့ စကတ်ကိုရော ဘယ်လိုလုပ်မလဲ..."
ထန်ချောင်းချောင်းသည် အန်နာတက်နင်းသွားသော စကတ်ကိုသေချာကြည့်လိုက်သည်။ စကတ်၌ ကွဲရာကြီးတစ်ခုရှိနေကာ သူမ ဆွဲကြည့်လိုက်သောအခါ ပို၍ပင်ပြဲသွား၍ ကွဲရာက ခါးအောက်ပိုင်းနားထိပင်ရောက်နေတော့သည်။ သို့သော် စကတ်အောက်၌ အခံတစ်ထပ်ရှိသေးသဖြင့် သိပ်တော့ စိတ်မပူမိပါ။
ထန်ချောင်းချောင်းသည် ခဏမျှစဉ်းစား၍ စကတ်အောက်ပိုင်းကို အသာအယာဖြဲကာ စကတ်အတိုလေးအဖြစ်ပြောင်းလိုက်ရန် အကြံရသွားသည်။
သို့သော် ဤလှပသောစကတ်ကို နောက်တစ်ခေါက်ပြန်ဝတ်၍ မရတော့မည်ကိုလည်း နှမျောနေမိသည်။ အန်နာ့ထံမှ အလျော်ပြန်တောင်းရမည်လားဟုပင် စဉ်းစားလိုက်မိသည်။
ထိုအချိန်၌ သူမဘေးသို့ ဖန့်ယွမ်ရောက်လာသည်။
ဖန့်ယွမ်သည် အပြင်၌ တိုက်ရိုက်ထုတ်လွှင့်သည်ကိုကြည့်ကာ ဖြစ်သွားသည့် အဖြစ်အပျက်ကို အသေးစိတ်ကြည့်ထားလိုက်သည်။ ထန်ချောင်းချောင်း မတော်တဆဖြစ်သွားသည်ကို တွေ့သောအခါ ဖန့်ယွမ်သည် ခန်းမထဲသို့ အမြန်ဝင်လာ၍ သူမ၏ဂျာကင်ကိုချွတ်ကာ ထန်ချောင်းချောင်း၏ခါးကိုစည်းပေးပြီး စကားအနည်းငယ်ကို ထန်ချောင်းချောင်းနားသို့ ကပ်ပြောလိုက်သည်။
Xxxxxxxxx