Chapter 80
ရွှေရောင်ရေသူမဝတ်စုံ
ထန်ချောင်းချောင်း ဖန့်ယွမ်အား သံသယမျက်လုံးများနှင့်ကြည့်၍ သူမနောက်မှလိုက်ကာ ခန်းမအပြင်သို့ ထွက်လာလိုက်သည်။
လူရှင်းသောလမ်းကြားတစ်ခုသို့ရောက်သောအခါ ထန်ချောင်းချောင်းကမေးလိုက်သည်။
"ဘာဖြစ်လို့ ငါ့ကို အပြင်ကိုဆွဲခေါ်လာတာလဲ..."
ဖန့်ယွမ်က ဒေါသသံဖြင့်ပြောလိုက်သည်။
"ဘိုးဘေး...ရှင့်စကတ်က ဒီလိုဖြစ်နေတာ...ဒီပုံစံနဲ့ အုပ်စုဓာတ်ပုံရိုက်ချင်လို့လား..."
ထန်ချောင်းချောင်းက လက်မခံချင်သည့်ပုံဖြင့် ပြန်ပြောလိုက်သည်။
"ဘာပဲဖြစ်ဖြစ် ငါက အနောက်တန်းမှာ ရပ်နေရမှာပဲ...ဘယ်သူကမှ ငါ့ကို ဂရုစိုက်နေတာမဟုတ်ဘူး..."
"မဖြစ်ဘူး...မဖြစ်ဘူး...အဝတ်အစားချက်ချင်းလဲမှ ဖြစ်မှာ...ဒါက ဖက်ရှင်ပါတီလေ...ဒီလိုပုံနဲ့ အနာဂတ်မှာ ဖက်ရှင်အသိုင်းအဝိုင်းထဲ ဘယ်လို ဝင်တိုးလို့ရတော့မှာလဲ..."
ဖန့်ယွမ်သည် အခန်းကဒ်တစ်ခုကို ထုတ်ကာ ထန်ချောင်းချောင်းကိုပေးလိုက်သည်။
"လေးထပ်က ဒီအခန်းဆီကိုသွားလိုက်...အဲ့ဒီမှာ လဲဝတ်ဖို့ အဝတ်အစားအပိုတစ်စုံရှိတယ်..."
ထန်ချောင်းချောင်းသည် အခန်းကဒ်ကို ဆုပ်ကိုင်ကာ ဖန့်ယွမ်၏ ပါးဖောင်းဖောင်းများကို ဆွဲညှစ်လိုက်သည်။
"လိမ္မာတဲ့ ဝတုတ်လေး...နင်ဘာတွေလုပ်နေတာလဲ...ငါ့ကို ရောင်းစားဖို့ကြံနေတာလား..."
ဟိုတယ်ခန်းမှ အခန်းကဒ်ကို ယူလာဖို့ဆိုသည်မှာ မပြောပဲသိရမည့် စည်းမျဉ်းတစ်ခုပင်မဟုတ်လား။
ဖန့်ယွမ်သည် ထန်ချောင်းချောင်း၏လက်ထဲမှ ရုန်းထွက်ကာ ပါးများကိုပွတ်၍ ပြောလိုက်သည်
"မိုးကောင်းကင်နဲ့မြေကြီးကိုတိုင်တည်ပါတယ်...ဘယ်သူက ရှင့်ကိုရောင်းရဲမှာလဲ...ကျွန်မကသေချင်နေတာမှမဟုတ်တာ..."
"အဲ့ဒါလီကျိပြောတာ..."
ဖန့်ယွမ်က ရှင်းပြလိုက်သည်။
"လီကျိက စင်ပေါ်ကနေကြည့်နေတာ...အစ်မရဲ့ စကတ်လည်းပြဲသွားရော သူက ကျွန်မကို မတ်ဆေ့ခ်ျလှမ်းပို့တာ...လေးထပ်မြောက်ကအခန်းကိုသွားပြီး အဝတ်အစားအသစ်လဲတတ်လို့ရတယ်တဲ့..."
"အစ်မက လီကျိကို မယုံဘူးလား..."
ဖန့်ယွမ်က ထပ်မေးလိုက်သည်။
ထန်ချောင်းချောင်းသည် ဖန့်ယွမ်အား မသင်္ကာသည့် မျက်လုံးများဖြင့် ကြည့်လိုက်သည်။
"နင်နဲ့ လီကျိက ဘယ်တုန်းက ဒီလောက်ရင်းနှီးသွားကြတာလဲ..."
ဖန့်ယွမ်၏မျက်နှာက ရှက်သွေးဖြန်းသွားသည်။
"ဘာပြောတာလဲ...အစ်မကြောင့် ကျွန်မ သူနဲ့ ဆက်ဆံခဲ့ရတာလေ..."
"ဟုတ်လို့လား..."
ထန်ချောင်းချောင်းက စနောက်သည့်ပုံဖြင့် ပြုံးလိုက်သည်။ သူမ၏လက်ထောက်မျက်နှာသည် နီရဲ၍ ပေါက်ကွဲတော့မလိုပင်ဖြစ်နေသည်။
ဖန့်ယွမ်က ထန်ချောင်းချောင်းကိုတွန်းလိုက်သည်။
"အချိန်တွေဖြုန်းမနေနဲ့လေ...အပေါ်တက်ပြီး အင်္ကျီသွားလဲတော့..."
ထန်ချောင်းချောင်းက အရေးမစိုက်သည့်ပုံဖြင့် လက်ခါပြလိုက်သည်
"ထားလိုက်ပါတော့...ငါအခုလဲလိုက်ရင်တောင် နောက်ကျနေပြီ...လူတွေက ငါတစ်ယောက်တည်းအတွက်ကိုစောင့်နေမှာမဟုတ်ဘူးလေ..."
ဖန့်ယွမ်က စိတ်တိုတိုနှင့် ခြေဆောင့်လိုက်သည်။
"သူတို့ မဂ္ဂဇင်းရဲ့သူဌေးနဲ့ အယ်ဒီတာချုပ်က စကားပြောကြဦးမှာလို့ လီကျိကပြောတယ်...ဓာတ်ပုံက တော်တော်နဲ့ရိုက်ဦးမှာမဟုတ်ဘူး...နောက်မကျသေးဘူး..."
ထန်ချောင်းချောင်း: "ဒါဆိုလည်း စောစောတည်းကပြောပါလား..."
ထန်ချောင်းချောင်းသည် စကတ်ကိုမကာ ဒေါက်ဖိနပ်များနှင့် ဓာတ်လှေကားဆီသို့ ပြေးသွား၍ လေးလွှာဆီသို့ တည့်တည့်မတ်မတ်တက်သွားလိုက်သည်။
ထို့နောက် အခန်းကိုရှာတွေ့၍ တံခါးဖွင့်လိုက်သည်။ အခန်းတွင်းမှ မီးကဖွင့်ထားပြီးသားဖြစ်နေသောကြောင့် အထဲ၌ လူရှိနေပုံရသည်။
ထန်ချောင်းချောင်းသည် ဖြေးညင်းစွာ အခန်း ထဲသို့ဝင်သွားရာ ပြင်သစ်ပုံစံပြတင်းပေါက်ရှေ့၌ ထိုင်နေသော ရင်းနှီးသည့် ပုံစံကိုတွေ့လိုက်ရသည်။
သူမ အော်လိုက်မိသည်။
"ရှန်းယွဲ့..."
အလွန်ပြောင်ရောင်နေသော ဝတ်စုံကိုဝတ်ဆင်ထားသော ရှန်းယွဲ့သည် သူ၏ ဘီးတပ်ကုလားထိုင်ကို လှည့်လိုက်သည်။
ထန်ချောင်းချောင်း၏ပုံစံကို မြင်သောအခါ ရှန်းယွဲ့သည် မျက်မှောင်ကျုံ့လိုက်သည်။ ထန်ချောင်းချောင်းသည် စကတ်ကို မထားဆဲဖြစ်၍ ပုံစံက ကပိုကယိုပုံပေါက်နေသည်။
"မင်းက ဘာဖြစ်လို့ မင်းကိုယ်မင်း အမြဲအရှက်ရအောင် လုပ်နေတာလဲ..."
ထန်ချောင်းချောင်းသည် သူမကိုယ်သူမ ငုံ့ကြည့်လိုက်သည်။
"ဒီတစ်ခါတော့ ရှင် ကျွန်မကို အပြစ်တင်လို့မရဘူး... အန်နာဆိုတဲ့တစ်ယောက်က ကျွန်မကို အရင် ရန်လာစတာ..."
ရှန်းယွဲ့က ခပ်တိုးတိုးညည်းညူလိုက်သည်။
"အဲ့ဒါ မင်းပါးစပ်ကို မင်းမထိန်းနိုင်လို့ မဟုတ်ဘူးလား..."
"ကျွန်မ ရည်ရွယ်ပြီးလုပ်တာမှမဟုတ်တာ..."
ထန်ချောင်းချောင်းသည် ပြောလိုက်ပြီးမှ တစ်စုံတစ်ခုမှားနေသည်ကို ခံစားလိုက်ရ၍ မေးလိုက်သည်။
"ရှင်က ဘာဖြစ်လို့ အကြောင်းစုံကိုသိနေတာလဲ...အဲ့နေရာမှာရှင်ရှိနေတာလား...ရှင့်ကိုလည်း မတွေ့မိပါဘူး..."
ရှန်းယွဲ့: "ငါက မင်းခေါင်းပေါ်မှာ ရှိနေခဲ့တာလေ..."
"ခေါင်းပေါ်မှာ..."
ထန်ချောင်းချောင်းသည် ခဏမျှ စဉ်းစားလိုက်သည်။ ခန်းမသည် အပေါ်ထပ်နှင့်အောက်ထပ် ခွဲခြားထား၍ အပေါ်ဆုံးတွင် အလွန်အရေးပါသောလူများအတွက် VIP အခန်းများရှိသည်။
လီကျိတစ်ယောက် ရှေ့ဆုံးတန်း၌ မီဒီယာသူဌေးများနှင့်အတူ တစ်တန်းတည်းရှိနေသည်မှာ မဆန်းတော့ပါ။ တကယ်တော့ လီကျိသည် ရှန်းယွဲ့ကိုယ်စား ရှိနေခြင်းပင်ဖြစ်သည်။
ထန်ချောင်းချောင်းကပြောလိုက်သည်။
"ရှင့်ကုမ္ပဏီက ဒီလို အနုပညာကိစ္စတွေကိုလည်း လာတက်တယ်ဆိုတာ ကျွန်မမသိဘူး...ရှင့်ရဲ့စီးပွားရေးက တော်တော်ကျယ်ပြန့်တာပဲ..."
"ငါ့မှာ စီးပွားရေးတွေအများကြီးရှိတာ မင်းမသိလို့ပါ..."
ရှန်းယွဲ့က တစ်လုံးချင်းပြောလိုက်သည်။
"မင်း ဒီကို အဝတ်အစားလဲဖို့ လာတာမဟုတ်ဘူးလား...စကားပြောနေဖို့ အချိန်ရှိလို့လား..."
"ဟုတ်တယ်..."
ထန်ချောင်းချောင်းသည် အခုမှ လာရင်းကိစ္စကိုသတိရသွားသည်။
"အဝတ်အစားတွေက ဘယ်မှာလဲ..."
ရှန်းယွဲ့က အိပ်ခန်းဆီသို့ လက်ညှိုးထိုးပြလိုက်သည်။
ထန်ချောင်းချောင်းသည် အိပ်ခန်းထဲသို့ဝင်သွားလိုက်ရာ ကုတင်ပေါ်၌ ရွှေရောင်စီးကွင့်များထိုးထားသည့် ငါးမြီးဂါဝန်တစ်ထည်ကို တွေ့လိုက်ရသည်။ ထိုဂါဝန်ကို မြင်မြင်ချင်း သဘောကျသွားမိသည်။
ထို့ကြောင့် အခန်းတံခါးကိုပိတ်ကာ အမြန်ပင် ထိုဂါဝန်ကိုလဲဝတ်လိုက်သည်။ ဂါဝန်သည် ထန်ချောင်းချောင်းအတွက် တိုင်း၍ချုပ်ထားသကဲ့သို့ပင် ကွက်တိတော်နေသည်။
ဂါဝန်ကိုဝတ်ပြီးသောအခါ ခပ်မြင့်မြင့်စည်းထားသော ဆံပင်ကို ဖြေချလိုက်သည်။ လှိုင်းထနေသော ဆံပင်ပွပွများက ရုပ်ရည်ကို ပို၍ တင့်တယ်လှပသွားစေသည်။
"ဒီလိုက ကြည့်ကောင်းလား..."
ထန်ချောင်းချောင်းသည် တံခါးဖွင့်၍ အပြင်သို့ထွက်လာကာမေးလိုက်သည်။
ရှန်းယွဲ့သည် မျက်လုံးပင့်ကြည့်လိုက်သောအခါ နှလုံးသားက ရုတ်တရက်လှုပ်ရှားသွားသည်။ သူ့ရှေ့မှ ထန်ချောင်းချောင်းသည် သွယ်လျ၍ ပြေပြစ်လှပသောခန္ဓာကိုယ်နှင့် တကယ်ပင် ရေသူမလေးနှင့်တူနေသည်။ သူမကိုကြည့်ရသည်မှာ ရွှန်းစိုတောက်ပနေပေသည်။
ရှန်းယွဲ့သည် ထိုဂါဝန်ကို စမြင်တည်းက ထန်ချောင်းချောင်းနှင့်လိုက်ဖက်မည်ဟု ထင်ခဲ့ရာ ယခု သူထင်သည့်အတိုင်းပင် မှန်နေတော့သည်။
သို့သော် ပြဿနာက ရှန်းယွဲ့သည် ရုတ်တရက်ပင် ထန်ချောင်းချောင်းအား ထိုဂါဝန်ကို အပြင်သို့ မဝတ်သွားစေချင်တော့ပေ။ ဤအလှကို သူတစ်ယောက်တည်းပင် မြတ်နိုးခံစားနေမိချင်နေသည်။
ထန်ချောင်းချောင်းက သူ့ဆီကို လျှောက်လာသည်။
"ဘာဖြစ်လို့ ဘာမှပြန်မပြောတာလဲ...ဒီလိုက လှလား မလှဘူးလား လို့..."
ရှန်းယွဲ့က ဘေးသို့ အကြည့်လွှဲလိုက်သည်။
"အကုန်တူတူပါပဲ...ခုနကနဲ့ ဘာမှမထူးဘူး..."
ထန်ချောင်းချောင်းက ရှန်းယွဲ့ကို စိုက်ကြည့်လိုက်သည်။
"ရှင် ဒီနေ့ မျက်ကပ်မှန်မတပ်ထားဘူးလား...မျက်စိက မမြင်ရဖြစ်နေတာလား..."
တကယ်တော့ ထန်ချောင်းချောင်းသည် ပြောစရာမလိုအောင်ပင် လှပနေပါသည်။
"ဒါနဲ့ ရှင့်အခန်းထဲမှာ ဘာဖြစ်လို့ မိန်းမအဝတ်အစားတွေရောက်နေတာလဲ..."
ထန်ချောင်းချောင်းက မျက်မှောင်ကျုံ့ကာ ရှန်းယွဲ့ကို ကြည့်လိုက်သည်။ ထို့နောက် အခန်းကို လှည့်ပတ်ကြည့်လိုက်သည်။
"ဒီနေရာက ရှင့်မယားငယ်ကို ဖွက်ထားတဲ့နေရာလား..."
ရှန်းယွဲ့က ထန်ချောင်းချောင်းကို ပြန်ကြည့်လိုက်သည်။
"မင်းက တကယ်ပဲ ငါ့ကို မယားငယ်ကို ဖွက်ထားစေချင်နေတာလား..."
ထန်ချောင်းချောင်းက ဒဲ့တိုးပင် ပြန်ဖြေလိုက်သည်။
"မဖွက်ထားစေချင်ပါဘူး..."
ရှန်းယွဲ့: "ဘာဖြစ်လို့လဲ..."
သူမ၏နှလုံးသားထဲတွင် ရှန်းယွဲ့ ရှိနေသေးပုံရသည်။
ထန်ချောင်းချောင်းက တုံးတိတိပင်ပြောလိုက်သည်။
"ကျွန်မ ဦးထုပ်အစိမ်းရောင်တွေမကြိုက်ဘူး...ရုပ်ဆိုးတယ်..."
ရှန်းယွဲ့: ...
ရှန်းယွဲ့သည် စိတ်က သိပ်မရှည်ချေ။
"အောက်ကိုဆင်းတော့...မင်းကို လူတိုင်းက စောင့်နေတယ်လို့ ထင်မနေနဲ့..."
ထန်ချောင်းချောင်း သူ့နဖူးသူပြန်ရိုက်လိုက်သည်။ ရှန်းယွဲ့ကို တွေ့လိုက်သောအခါ သူမ လုပ်ရမည့်အလုပ်ကိုပင် မေ့သွားမိသည်။
သူမ တံခါးဆီသို့ ခပ်လေးလေးလျှောက်သွား၍ တံခါးလက်ကိုင်ကို ကိုင်ပြီးမှ ရုတ်တရက် ခေါင်းကိုလှည့်ရာ ရှန်းယွဲ့ကိုပြောလိုက်သည်။
"ဒါပြီးရင် ကျွန်မကိုစောင့်နေ...ကျွန်မတို့ အိမ်ကိုတူတူပြန်ကြမယ်..."
အစ်ကိုချမ်က ကုမ္ပဏီသို့ ပြန်သွားပြီဖြစ်သောကြောင့် ရှန်းယွဲ့၏ကားနှင့် ပြန်ရလျှင် ထန်ချောင်းချောင်းဖို့ အကောင်းဆုံးဖြစ်သည်။
ရှန်းယွဲ့၏ နှလုံးသားသည် ဒုတ်ခနဲ တစ်ချက်ခုန်သွား၍ ပြောလိုက်သည်။
"ကောင်းပြီလေ..."
အိမ်ကိုတူတူပြန်ကြမယ်...
ရှန်းယွဲ့သည် ထိုစကားများကို စိတ်ထဲ၌ ရွတ်ဆိုနေမိ၍ နှုတ်ခမ်းထောင့်စွန်းများကလည်း တွန့်ကွေးကာ ပြုံးမိသွားသည်။
ထန်ချောင်းချောင်း ခန်းမထဲသို့ ပြန်ဝင်လာလိုက်သည်။ စင်ပေါ်မှ အယ်ဒီတာချုပ်သည် အာဘောင်အာရင်းသန်သန်ဖြင့် မိန့်ခွန်းပြောနေဆဲဖြစ်သည်။ ထန်ချောင်းချောင်းကတော့ စင်ပေါ်သို့ တိတ်တဆိတ်တက်၍ အခြားလူများထံမှ ဂရုစိုက်ခြင်းမခံရပဲ ဓာတ်ပုံကိုသာ မြန်မြန်ရိုက်ပြီးချင်နေတော့သည်။
သို့သော် မမျှော်လင့်ထားစွာပင် ခန်းမထဲသို့ ဝင်လိုက်လျှင်ပင် ဆလိုက်မီးများက ထန်ချောင်းချောင်းပေါ်သို့ ကျလာသည်။
ထန်ချောင်းချောင်း၏မူလစတိုင်သည် ရှေးဆန်၍ ချစ်စရာကောင်းသည်။ သို့သော် ဤရွှေရောင်ဂါဝန်ကို လဲဝတ်ပြီးသောအခါ အပြင်အဆင်သည် လုံးဝပြောင်းလဲသွားသည်။ နီရဲသောနှုတ်ခမ်းများနှင့် ရွှေရောင်ရေသူမဂါဝန်နှင့်အတူ ဂါဝန်ပေါ်မှ စီးကွင့်များကလည်း တလက်လက်တောက်ပနေ၍ မီးရောင်အောက်တွင် ထန်ချောင်းချောင်း၏ ခန္ဓာကိုယ်အလှအပများကို ပေါ်လွင်နေစေသည်။ ထန်ချောင်းချောင်း၏ လှပသောပုံစံသည် အိပ်မက်တစ်ခုကဲ့သို့ အလွန်ပင် လှပနေတော့သည်။
【ဟာ...ထန်ချောင်းချောင်းရဲ့အလှတွေက ပေါက်ကွဲထွက်ကုန်ပြီ...】
【ဒီဂါဝန်ကပိုလှတယ်...ရွှေရောင်ရေသူမလေးလိုပဲ...】
【ဝူး ဝူး ချောင်းပေါင်က လှလိုက်တာ...ငါငိုနေပြီ...ငါ စကားလုံးနှစ်လုံးပဲပြောချင်တယ်...ချစ်တယ်...】
【သူ့အပြင်အဆင်တွေအကုန်လုံးက ငါ့ရင်ထဲထိတယ်...ချောင်းချောင်းရေ စင်ပေါ်ကိုသာ အမြန်ပြေးတက်သွားတော့...】
......
ထိုအချိန်တွင် ထန်ချောင်းချောင်းသည် အတန်းနောက်ကျနေ၍ ခိုးဝင်လာကာမှ ဆရာမက မိသွားသကဲ့သို့ ခံစားနေရသည်။
သို့သော် မည်မျှပင်ရှက်နေစေကာမူ ကြောက်လန့်သည့် အမူအယာ ပြ၍မဖြစ်ပေ။ စင်ပေါ်နှင့် စင်အောက်မှ လုပ်ဖော်ကိုင်ဖက်များစွာ ကြည့်နေကြသောကြောင့် သူမ၏စိတ်ကို သေလောက်အောင်ပင် ထိန်းချုပ်ထားရသည်။
ထန်ချောင်းချောင်း နှုတ်ခမ်းများတွန့်ကွေးရုံ ပြုံးလိုက်၍ တည်ငြိမ်အေးဆေးသောအမူအယာနှင့် စင်ပေါ်သို့ ဖြည်းဖြည်းလျှောက်လာလိုက်သည်။
ထိုအချိန်တွင် လူတိုင်းသည် သူ့နေရာသူ ယူပြီးနေကြပြီဖြစ်သည်။ အရှေ့နှစ်တန်းက အမျိုးသမီးအနုပညာရှင်များဖြစ်၍ အနောက်သုံးတန်းက အမျိုးသားများဖြစ်သည်။ ထန်ချောင်းချောင်း၏နေရာက ဒုတိယတန်း၏အစွန်ဆုံးတွင်ဖြစ်သည်။
အုပ်စုဓာတ်ပုံရိုက်ပြီးသောအခါ ပွဲပြီးပါတီတစ်ခုရှိသေးသည်။ လူတိုင်းသည် ခင်သည် မခင်သည်ကို လျစ်လျူရှု၍ အားလုံးအတူ သောက်စား၍ ကခုန်နေကြသည်။
ထန်ချောင်းချောင်းကတော့ ဆက်မနေတော့ချေ။ ဖန့်ယွမ်ကိုပြောကာ ပွဲမပြီးခင်တွင်ပင် ကားပါကင်ဆီသို့ အသာလေးလစ်ထွက်လာခဲ့သည်။ ရှန်းယွဲ့က ကားထဲတွင် အသင့်စောင့်နေသည်။
"ပင်ပန်းလိုက်တာ..."
ထန်ချောင်းချောင်းသည် ကားထဲသို့ရောက်ရောက်ချင်း စိတ်အေးသွား၍ သက်ပြင်းရှည်ကြီးကို ချလိုက်သည်။
"ဒီလိုပွဲမျိုးတွေတက်ရတာက တစ်နေကုန်ရုပ်ရှင်ရိုက်ရတာထက် ပင်ပန်းတယ်..."
ရှန်းယွဲ့ကပြောသည်။
"မင်း ဒီအလုပ်ကို ဆက်လုပ်နေမယ်ဆိုရင်တော့ အနာဂတ်မှာလည်း ဒီလိုမျိုးတွေ ဆက်လုပ်နေရဦးမှာပဲ..."
"ဘယ်သူပြောလဲ...တကယ်တော်တဲ့ အနုပညာရှင်တွေ သိုသိုသိပ်သိပ်နေနေကြတာ အများကြီး...ပရိသတ်အတွက် စေတနာထားပြီး သေချာလုပ်ပေးနေသရွေ့ ဒီလို မူးရူးနေတဲ့ ဟန်ပြပွဲတွေ တက်စရာမလိုဘူး..."
ထို့နောက် ထန်ချောင်းချောင်းသည် ဖုန်းကိုဖွင့်ကာ အင်တာနက်ပေါ်၌ သူမ၏ ဝတ်စုံနှစ်စုံအကြောင်းဆွေးနွေးနေကြသည်ကို ကြည့်လိုက်သည်။
ကံကောင်းစွာပင် ရွှေရောင်ရေသူမဂါဝန်ကို အမြန်လဲလိုက်သောကြောင့် အင်တာနက်ပေါ်မှလူများ၏ ဝေဖန်ချက်များမှာ သိပ်မဆိုးသွားပေ။ သူမ၏ဂါဝန်ပြဲသွားသောအရှက်ရမှုအကြောင်းကို ပြောနေကြသူသိပ်မရှိသောကြောင့် ထန်ချောင်းချောင်း အတော်စိတ်သက်သာရာရသွားသည်။
သကြားယုန်လေးများကလည်း ထန်ချောင်းချောင်း၏ ကျက်သရေရှိ၍လှပသောပုံများ ပျံ့နှံ့သွားရန် အစွမ်းကုန်ကြိုးစားနေကြသည်။
သတင်းခေါင်းစီးများ၌ ရှိနေသော #ကိတ်မုန့်တစ်လုတ်ထန်ချောင်းချောင်း ကိစ္စကိုတော့ လျစ်လျူရှုထားရန်သာ တတ်နိုင်တော့သည်။ အင်တာနက်ပေါ်မှလူများ အီမိုဂျီများလုပ်သည့်အခါ သူမအပေါ် ညှာတာစိတ်ထားပါစေ ဟူ၍သာ ထန်ချောင်းချောင်း ဆုတောင်းနေမိသည်။
ထန်ချောင်းချောင်းသည် ဖန်များပြုပြင်ထားသော ပုံအချို့ကိုကြည့်၍ ပျော်ရွှင်စွာပြောလိုက်သည်။
"ဒီဂါဝန်ကို ဘယ်သူရွေးထားတာလဲ...ရွေးတဲ့လူက ကြည့်တတ်သားပဲ...လူတိုင်းက လှတယ်ပြောနေကြတယ်..."
ရှန်းယွဲ့ကမေးလိုက်သည်။
"မင်းကရော အရမ်းကြိုက်လား..."
ထန်ချောင်းချောင်းက ခေါင်းငြိမ့်လိုက်သည်။
"ငါကလွဲရင် တခြားဘယ်သူ့ဆီမှာ ဒီလိုအကောင်းကြိုက်တတ်တဲ့မျက်စိရှိတယ်လို့ မင်းထင်လဲ..."
လူများ၌သာ အမြီးရှိနေမည်ဆိုလျှင် ရှန်းယွဲ့၏အမြီးသည် တစ်စုံတစ်ခုကိုမျှော်လင့်စောင့်စားနေသော ခွေးလေး၏အမြီးကဲ့သို့ ထောင်မတ်ကာ တလှုပ်လှုပ်ယမ်းနေမည်ဖြစ်သည်။
ထန်ချောင်းချောင်း: ...
Xxxxxxxxxx