Chapter 81
ထန်ချောင်းချောင်းသည် တစ်ခါတစ်ရံ၌ ဤလွှမ်းမိုးတတ်သော ဥက္ကဌအတွက် သူမသည် မထိုက်တန်ဟု ထင်မိ၍ သူနှင့် လိုက်ဖက်ညီမှုမရှိဟု ခံစားရမိသည်။
"ဒါဆို ကျွန်မလဲပြီးရင် ဘယ်သူ့ဆီကို ပြန်ပေးရမလဲ..."
ထန်ချောင်းချောင်းက သာမာန်အတိုင်းပင် မေးလိုက်သည်။
ရှန်းယွဲ့က ခပ်တည်တည်ပင် ပြန်ပြောလိုက်သည်။
"ပြန်ပေးစရာမလိုဘူး...ငါတို့ရှန်းမိသားစုက ဘယ်တော့မှ အဝတ်အစားတွေကို ငှားမဝတ်ဘူး..."
ရှန်းယွဲ့သည် ထိုအင်္ကျီကို ချက်ချင်းပင် ဝယ်လိုက်ခြင်းဖြစ်သည်။
ထန်ချောင်းချောင်းသည် ပါးစပ်အနည်းငယ်ပွင့်ကာ ရှန်းယွဲ့ကို ငေးကြည့်လိုက်မိသည်။
"ဒီလို အရေးကြီးတဲ့ကိစ္စကို ဘာဖြစ်လို့ စောစောတည်းက မပြောတာလဲ..."
ပြဲသွားသောအင်္ကျီသည် ငှားရမ်းထားခြင်းဖြစ်သည်။ ထိုအဝတ်အစားအတွက်လည်း မည်မျှပင် ပြန်ပေးရဦးမည်မသိပါ။
ရှန်းယွဲ့သည် ထန်ချောင်းချောင်း၏ ဝမ်းနည်းနေသောမျက်လုံးများကို ပြန်ကြည့်ရင်း မသက်မသာဖြစ်လာသည်။ ထို့ကြောင့် ဘေးမှ ဘူးတစ်ခုကိုယူကာ ထန်ချောင်းချောင်းကိုပေးလိုက်သည်။
"ဒါဘာလဲ..."
ထန်ချောင်းချောင်းက ဘူးကိုယူကာဖွင့်လိုက်သည်။ အထဲ၌ရှိနေသည်မှာ လေလံပွဲမှ ကျောက်စိမ်းလက်ကောက်လေးဖြစ်နေသည်။
"ဒီလက်ကောက်လေး...တကယ်တော့ ရသွားတဲ့လူက ရှင်ဖြစ်နေတာကိုး..."
ထန်ချောင်းချောင်းက ထိုလက်ကောက်ကိုကိုင်ကြည့်လိုက်ရာ အေးစက်မှုကို ခံစားလိုက်ရသည်။
"ကျွန်မကို ပေးမလို့လား..."
ရှန်းယွဲ့၏မျက်နှာကတော့ ခပ်တည်တည်ပင်။
"ငါသိမ်းထားလည်း ငါ့အတွက် အကျိုးမရှိဘူးလေ..."
ထန်ချောင်းချောင်းက သံသယစိတ်ဖြင့် မေးလိုက်သည်။
"အကျိုးမရှိရင်လည်း ဘာဖြစ်လို့ ဝယ်သေးလဲ..."
ရှန်းယွဲ့က ပြောလိုက်သည်။
"ပွဲမှာ အရမ်းလှတဲ့ လေလံပစ္စည်းတွေရှိနေတာပဲ...ပြီးတော့ ငါကလည်း ပိုက်ဆံလှူရမှာပဲလေ...တစ်ခုခုဝယ်လိုက်တာ ပိုမကောင်းဘူးလား..."
ထန်ချောင်းချောင်းက ပြန်မေးသည်။
"ဒါဆိုလည်း ဘာဖြစ်လို့ ကျွန်မကိုပေးတာလဲ..."
"ဘာဖြစ်လို့ မေးခွန်းတွေအများကြီးမေးနေတာလဲ..."
ရှန်းယွဲ့က မျက်မှောင်ကျုံ့ကာ ခပ်ဆတ်ဆတ်ပြောလိုက်သည်။
"မင်းမလိုချင်ရင်လည်း လွှင့်သာပစ်လိုက်..."
"ဟင့်အင်း ဒါကျွန်မဟာ...ကျွန်မအတွက်ပစ္စည်းလေ..."
ထန်ချောင်းချောင်းသည် ဘူးကို တင်းကျပ်စွာဖက်ထားလိုက်သည်။
"ယွမ်တစ်သန်းကို လွှင့်ပစ်စရာလား...ရှင်က မိုးကြိုးပစ်ခံရမှာမကြောက်ဘူးပဲ..."
ရှန်းယွဲ့၏မျက်လုံး၌ အပြုံးရိပ်လေးသမ်းသွားသည်။
ထန်ချောင်းချောင်းသည် ကျောက်စိမ်းလက်ကောက်လေးကို အိန္ဒြေမပျက် ယူလိုက်ကာ ခဏမျှ သေချာကြည့်လိုက်သည်။ ပြီးမှ လက်ကောက်ဝတ်ပေါ်၌ ဝတ်ကာ ရှန်းယွဲ့ဘက်သို့ လှည့်လိုက်သည်။
"ကျွန်မနဲ့လိုက်လား..."
ရှန်းယွဲ့သည် မျက်လုံးများပင့်ကြည့်လိုက်သည်။ ထန်ချောင်းချောင်း၏ လက်သည် သေးသွယ်၍ ဖြူဝင်းနေကာ လက်ကောက်၏အရွယ်ကလည်း ကွက်တိလေးတော်နေသည်။ ကျောက်စိမ်းအဖြူကလည်း ကြည်လင်နေကာ မီးရောင်အောက်တွင် ထန်ချောင်းချောင်း၏လက်နှင့် တစ်သားတည်းလိုဖြစ်နေသည်။ လှပလွန်း၍ ရှန်းယွဲ့၏နှလုံးသားကို လှုပ်ခါသွားစေသည်။
ရှန်းယွဲ့ ဘာမှပြောသည်ကို မကြားသောကြောင့် ထန်ချောင်းချောင်းသည် ဘေးသို့ကြည့်လိုက်သောအခါ ရှန်းယွဲ့၏ နက်မှောင်၍ စူးရှသောမျက်လုံးများဖြင့် အကြည့်ချင်းဆုံသွားသည်။ သူမ၏နှလုံးသား၌ ရုတ်တရက် ကျဉ်သွားသကဲ့သို့ ခံစားလိုက်ရ၍ ကျောက်စိမ်းလက်ကောက်ဝတ်ထားသော လက်ကောက်ဝတ်သည်လည်း ပူလာသလို ခံစားလိုက်ရသည်။
နှစ်ယောက်သည် စက္ကန့်အနည်းငယ်မျှ အကြည့်ချင်းဆုံသွားပြီးမှ ပြတင်းပေါက်များဘက်ကို ခေါင်းကို ပြိုင်တူ လှည့်လိုက်ကြသည်။
ရှေ့ခန်းမှ ဒရိုင်ဘာကတော့ ထူးဆန်းသောတစ်စုံတစ်ရာကို ခံစားလိုက်ရသည်။
...
"ကျွန်ုပ်တို့မိသားစု" ကိုရိုက်ကူးရန် ထန်ချောင်းချောင်းသည် စံအိမ်မှ အချိန်အနည်းငယ် ထွက်သွားခဲ့ရသည်။ ထို့ကြောင့် ဟင်းသီးဟင်းရွက်ခြံထဲမှ ဟင်းသီးဟင်းရွက်များသည် ကောင်းမွန်စွာ ထိန်းသိမ်းမခံရပဲ ပျက်စီးကုန်မည်က်ု စိုးရိမ်နေမိသည်။
မမျှော်လင့်စွာပင် ဟင်းသီးဟင်းရွက်ခြံလေးသည် ကောင်းမွန်၍ အသီးအနှံများစွာ ဖြစ်ထွန်းနေသည်။ ကြက်လေးများသည်ပင် အရွယ်ရောက်နေကြပြီဖြစ်ကာ ကြက်မနှစ်ကောင်ဆိုလျှင် ဥပင် ဥနေကြပြီဖြစ်သည်။
ထန်ချောင်းချောင်းသည် ကြက်ခြံထဲမှ ပူနွေးသော ကြက်ဥနှစ်လုံးကိုယူကာ ပြုံး၍ အန်တီဝမ်အား ပြောလိုက်သည်။
"ဒီကြက်မနှစ်ကောင်ကို သေချာဂရုစိုက်ရမယ်..."
အန်တီဝမ်ကပြုံးလိုက်သည်။
"ကျွန်မ နေ့တိုင်း ဥတွေကောက်တယ်...သခင်က ဒီဥတွေကို အရမ်းကြိုက်တယ်လေ...ဒီဥတွေက နိုင်ငံခြားကသွင်းတဲ့ဥတွေထက် ပိုကောင်းတယ်တဲ့..."
တကယ်တော့ မည်သည့်ဝိဉာဉ်က သူတို့ကိုအားဖြည့်ပေးနေသည်ဆိုခြင်းက ပိုအရေးကြီးသည်မဟုတ်လား။
ထန်ချောင်းချောင်းကပြောလိုက်သည်။
"တစ်လုံးကို အကောင်ဖောက်ဖို့ ထားပြီး တစ်လုံးကို ဒီနေ့စားလိုက်ကြမယ်..."
ထို့နောက် ဟင်းသီးဟင်းရွက်ခြံထဲသို့သွား၍ ရေစိုနေသော ဟင်းရွက်အချို့ကို ကောက်ယူရင်းပြောလိုက်သည်။
"အန်တီဝမ် ကျွန်မ မရှိတဲ့အချိန်မှာ ဒီခြံလေးကို ထိန်းသိမ်းပေးထားတဲ့အတွက်ကျေးဇူးတင်ပါတယ်...အန်တီထိန်းသိမ်းပေးထားလို့သာ ဒီလောက်သန်စွမ်းနေကြတာ..."
"ထိန်းသိမ်းပေးထားတာ ကျွန်မ မဟုတ်ပါဘူး...သခင်ပါ..."
အန်တီဝမ်က ခေါင်းခါရင်းပြောလိုက်သည်။
"မမလေးမရှိတုန်းက သခင်ပဲ ဒီခြံကို နေ့တိုင်းရေလောင်းပြီး ပိုးကောင်တွေဖမ်းပေးတာ..."
ထန်ချောင်းချောင်း အံ့ဩသွားသည်။
"ရှန်းယွဲ့ကလား..."
"မထူးဆန်းဘူးလား...ဒီတစ်အိမ်လုံးမှာ ရှားပါးတဲ့ ပန်းတွေ အပင်တွေနဲ့ပြည့်နေတာ...အဲ့ဒါတွေကိုတော့ သခင် ထိန်းသိမ်းတာ ကျွန်မ တစ်ခါမှ မမြင်ဖူးပါဘူး..."
အန်တီဝမ်ပြောနေစဉ်မှာပင် ရှန်းယွဲ့၏အသံက ရုတ်တရက်ထွက်ပေါ်လာသည်။
"အန်တီဝမ် ခင်ဗျား အဝတ်လျှော်စက်ကိုစောင့်ကြည့်မနေဘူးလား...အခုသွားကြည့်လိုက်..."
အန်တီဝမ်က သူ့ခေါင်းကိုသူ ရိုက်လိုက်သည်။
"ကျွန်မမေ့တော့မလို့...မမလေး ကျွန်မ အရှေ့ခန်းကို သွားလိုက်ပါဦးမယ်..."
အန်တီဝမ်ထွက်သွားသောအခါ ထန်ချောင်းချောင်း ကြက်ဖတစ်ကောင်ကို ဖမ်းလိုက်သည်။ထို့နောက် ရှန်းယွဲ့ဆီသို့ လျှောက်လာ၍ ခါးညွှတ်ကာ ပြုံးပြလိုက်သည်။
"ကျေးဇူးတင်ပါတယ်..."
ရှန်းယွဲ့က ဘာမှမဖြစ်သလိုပင် ပြန်ပြောလိုက်သည်။
"ငါ့ကို ဘာကျေးဇူးတင်စရာလိုလို့လဲ...ဒီမြေက ငါပိုင်တာပဲလေ...အဲ့တော့ ဒီမြေပေါ်က ဟင်းသီးဟင်းရွက်တွေလည်း ငါပိုင်တယ်...ငါပိုင်တဲ့အစားအစာကို ငါထိန်းသိမ်းတာ ဘာထူးဆန်းလဲ..."
ထန်ချောင်းချောင်း ပြုံးကာ ကြက်ဖကိုမြှောက်ပြလိုက်သည်။ ကြက်ဖသည် အားအလွန်ရှိနေ၍ တောင်ပံတဖျတ်ဖျက်ခတ်နေသည်။
"ဒါကို ဒီနေ့စားကြရအောင်..."
ရှန်းယွဲ့ ထန်ချောင်းချောင်း၏ လက်ရာကို မစားရသည်မှာ အနည်းငယ်ကြာပြီဖြစ်၍ လည်ချောင်းက လှုပ်ရှားသွားသည်။(တံတွေးမြိုချတာ)
"ဘယ်လိုလုပ်စားမှာလဲ..."
ထန်ချောင်းချောင်းက မျက်လုံးကိုဝေ့လိုက်သည်။
"အရမ်းနာမည်ကြီးတဲ့ သူတောင်းစားကြက်သားဟင်း လုပ်စားမယ်..."
ကြက်ဖသည် နှစ်ပေါင်ခန့်အလေးချိန်ရှိနေသောကြောင့် အသားသည် အလွန်နူးညံ့၍ အရသာရှိနေမည်ဖြစ်သည်။
ထန်ချောင်းချောင်းက လျင်မြန်စွာပင် ကြက်ကိုအမွှေးနှုတ်၍ သန့်စင်ကာ ဆန်အရက်၊ဆီ၊ ပဲငံပြာရည်၊ ဆား၊ ငါးမျိုးစပ်ဟင်းခတ်အမွှေးအကြိုင်နှင့် အခြား ဟင်းခတ်မှုန့်များနှင့် ကြက်၏ အတွင်းရော အပြင်ရောကို အရသာနယ်ကာ ပလပ်စတစ်နှင့်ထုပ်၍ နှစ်နာရီခန့် အရသာနှပ်ထားလိုက်သည်။
ထို့နောက် ကြာပွင့်ခြောက်များကို ရေစိမ်၍ ပုစွန်ကို ဆေးကြောကာ ဝက်ပေါင်၊ မှို၊ မျှစ်စို့နှင့် ဂုံးများကို တောက်တောက်စဉ်း၍ ကြော်ပြီး အအေးခံထားလိုက်သည်။ ပြီးနောက် ထိုကြော်လှော်ထားသည်များကို ကြက်ဗိုက်ထဲသို့ အဆာသွပ်လိုက်သည်။
နေုက်တစ်ဆင့်အနေဖြင့် ကြက်ကို ပိုမွှေးကြိုင်စေရန်နှင့် မတူးသွားစေရန်ထောပတ်ဆီများနှင့် တစ်ကိုယ်လုံးသုတ်လိုက်သည်။
ထို့နောက် ကြာရွက်တစ်ရွက်ဖြင့် ကြက်ကို ထုပ်ကာ ကြိုးဖြင့် တင်းတင်းစည်းလိုက်သည်။
ထန်ချောင်းချောင်းက အဝါရောင်ရွှံ့များကို မသုံးပဲ အဖြူရောင်ဂျုံကိုသာသုံး၍ ကြက်ကို မံလိုက်သည်။ ကြာရွက်ကို တင်းတင်းထုပ်ကာ မီးဖိုထဲ၌ နှစ်နာရီခန့် ထည့်၍ ကင်ထားလိုက်သည်။
ကြက်ကိုကင်ထားစဉ်တွင် ငရုတ်ပွအစာသွပ်နှင့် မှို့သီးနှင့်ဂုံးကောင်စွပ်ပြုတ်ကိုလည်း ချက်ပြုတ်လိုက်သေးသည်။
ရှန်းယွဲ့က ထမင်းစားပွဲ၌ပင် ထိုင်နေပြီဖြစ်၍ အခါပေါင်းမရေတွက်နိုင်အောင်ပင် လည်ဆန့်၍ မီးဖိုထဲသို့ လှမ်းလှမ်းကြည့်နေမိသည်။
မုန့်ဖုတ်သည့်ဗန်းကိုကိုင်၍ ထန်ချောင်းချောင်းထွက်လာသောအခါ ရှန်းယွဲ့၏မျက်လုံးများချက်ချင်းပင် တောက်ပ သွားကြသည်။
မုန့်ဖုတ်ဗန်းထဲတွင် ဂျုံလုံးအကြီးကြီး တစ်ခုရှိနေသည်။ ထိုဂျုံတုံးကြီးသည် အရွယ်ကြီးမားသော ပေါင်မုန့်ကဲ့သို့ ရွှေညိုရောင်သမ်းသည်အထိ ဖုတ်ထားသည်။
ထန်ချောင်းချောင်းက တူအသေးလေးတစ်လက်ကိုကိုင်၍ ထိုဂျုံတုံးကို ရှန်းယွဲ့ရှေ့သို့ချလိုက်ကာ တူကို ကမ်းပေးလိုက်သည်။
"အပြင်အခွံကွဲသွားတဲ့အချိန်က ကြက်ရဲ့ဝိဉာဉ် ထွက်ပြေးလွတ်မြောက်သွားတဲ့အချိန်ပဲ...ဒီလို မြင့်မြတ်တဲ့အလုပ်ကို ရှင့်ကို လုပ်ခွင့်ပေးလိုက်မယ်..."
ရှန်းယွဲ့ ထန်ချောင်းချောင်း၏စကားကြောင့် လက်တွန့်သွားသည်။ သူ တူကိုလှမ်းယူ၍ ခဏမျှရပ်ပြီးမှ နှုတ်ခမ်းကို တင်းတင်းစေ့ကာ လက်မြှောက်၍ ဂျုံအခွံကိုခွဲချလိုက်သည်။
ဂျုံသည် အလွန်မာနေအောင် ဖုတ်ထားသောကြောင့် ထိုအခွံကွဲသွားရန် သူ အားစိုက်၍ နှစ်ခါ သုံးခါလောက် တူနှင့်ခွဲလိုက်ရသည်။ အထဲမှ ကြာရွက်များပေါ်လာသောအခါ မွှေးရနံ့များကို စတင်ရနေပြီဖြစ်သည်။
ကြာရွက်ကိုချည်ထားသော ကြိုးများဖြေလိုက်၍ ကြာရွက်များကို ဖယ်လိုက်သောအခါ မွှေးကြိုင်နေသော အနံ့သည် အငွေ့တထောင်းထောင်းထ၍ ထွက်ပေါ်လာသည်။
ကြာရွက်များအလယ်၌ရှိနေသည်ကတော့ နီရဲအောင် ကင်ထားသော ကြက်ပင်ဖြစ်သည်။ ထောပတ်များသည်လည်း ကျက်ကာ အရည်ပျော်ကျသွားပြီဖြစ်သည်။ ကြက်၏အရေပြားများသည် အဆီတဝင်းဝင်းဖြစ်နေ၍ ဗန်း၏အောက်ခြေ၌လည်း အချိုရည်များနှင့် ပြည့်နေသည်။
ရှန်းယွဲ့ သုံးလေးခါလောက် အသက်ပြင်းပြင်းရှူလိုက်သည်။ သူ ကြက်တစ်ကောင်လုံးကိုကြည့်၍ ရုတ်တရက် ဘယ်ကစ၍စားရမည် မသိတော့ချေ။ ထန်ချောင်းချောင်းက ကြက်ပေါင်တစ်ချောင်းကို ဆွဲဖြုတ်ကာ ပေးလိုက်သည်။
ရှန်းယွဲ့ ထန်ချောင်းချောင်းအား တစ်ချက်ကြည့်၍ ကြက်ပေါင်ကိုလှမ်းယူကာ ခါလိုက်သည်။ ကြက်ပေါင်မှ ဟင်းအနှစ်များစီးကျနေဆဲရှိသည်။
ထို့နောက် တစ်ကိုက်ကိုက်လိုက်သည်။ ကြက်သားသည် ကြွပ်ရွ၍ အဆီပြည့်ကာ နူးညံ့ပြီး ပြည့်ဝနေသည်။ အကာအရံအလွှာများစွာဖြင့် ထုပ်ထားသောကြောင့် ကြက်သား၏ မူလအရသာအပြင် ကြာရွက်များ၏အနံ့များနှင့် ဝက်ပေါင်၊ မျှစ်စို့၊ မှိုများ၏ ရနံ့ပေါင်းစုံက ကြက်သားထဲတွင် စိမ့်ဝင်နေကြသည်။ အလုတ်တိုင်းသည် အရသာရှိသော ဟင်းနှစ်များဖြင့် ပြည့်နေသောကြောင့် တစ်လုတ်ပြီးတစ်လုတ် မရပ်မနားပဲ စားချင်နေမိသည်။
ထန်ချောင်းချောင်သည်လည်း ကြက်ပေါင်တစ်ချောင်းကို အရသာရှိစွာစားနေသည်။ သူမကကြက်ပေါင်ကို အရိုးနုများပါမကျန် ပြောင်စင်အောင်စားလိုက်သည်။
ကြက်ပေါင်ကိုကိုက်ပြီးသွားသောအခါ ထန်ချောင်းချောင်းသည် ကြက်၏ဗိုက်ကိုဖွင့်၍ အတွင်းမှ အဆာများကို ကော်ယူလိုက်သည်။ ပုစွန်၊ မှို၊ ဝက်ပေါင်နှင့် ဂုံးကောင်များသည် ဖယောင်းကဲ့သို့ နူးညံ့နေကြသည်။ ထိုအဆာများသည် ကြက်၏အချိုရည်များကို စုပ်ယူထားသောကြောင့် အရသာက ပို၍လေးပင်နေသည်။
ရှန်းယွဲ့ ကြက်ပေါင်များကိုစားပြီးသောအခါ မဝသေးပဲ ကြက်ရင်ဖုံတစ်ခြမ်းကိုပါ ထပ်ယူလိုက်သည်။
ထန်ချောင်းချောင်းက ဂျုံပြားကြော်ထဲတွင် ညှပ်ထားသော ငရုတ်ပွအစာသွပ်တစ်ခုကို ယူလိုက်သည်။ ငရုတ်ပွသည် အပြင်၌ ကြွပ်ရွ၍ အတွင်းသားက နူးညံ့နေသည်။ အဆာသွပ်ထားသော ဝက်သားတောက်တောက်စင်းများကလည်း အရသာရှိသည်။ မုန်ညင်း၏လတ်ဆတ်သောအရသာကိုလည်း ခံစားရကာ ငရုတ်ပွကလည်း အစပ်အရသာလေး အနည်းငယ်ရှိနေသဖြင့် ထမင်းနှင့်တွဲစားရန် အလွန်လိုက်ဖက်နေတော့သည်။
ဆီများသော ဟင်းနှစ်ခွက်ကိုစားပြီးသောအခါ အအီပြေစေရန် မှို့သီးနှင့်ဂုံးကောင်စွပ်ပြုတ်ကို တစ်ခွက်စီသောက်လိုက်ကြသည်။ မှို့သီး၏ မွှေးရနံ့နှင့် ဂုံးကောင်၏ နူးညံ့မှုတို့သည် လိုက်ဖက်ညီလှသည်။ စွပ်ပြုတ်ပူပူနွေးနွေးကို တစ်ဇွန်းခပ်သောက်လိုက်လျှင်ပင် ကောင်းလွန်း၍ လျှာများပင် ပြတ်ထွက်သွားတော့မလို ဖြစ်သွားရသည်။
ရှန်းယွဲ့သည် အစားအသောက်ကောင်းများစားပြီးသောအခါ မထိန်းနိုင်တော့ပဲ ထန်ချောင်းချောင်းကဲ့သို့ပင် ဘီးတပ်ကုလားထိုင်ပေါ်၌ ခြေပစ်လက်ပစ်ဖြစ်သွားသည်။
"ရှင့်ကို ကျွန်မက ဖျက်ဆီးလိုက်သလိုဖြစ်နေပြီ...အဲ့ဒါမဖြစ်သင့်ဘူး..."
ထန်ချောင်းချောင်းက သက်တောင့်သက်သာရှိလှသော ကုလားထိုင်မှ ထရန် သူမကိုယ်သူမ တွန်းအားပေးရင်း ပြောလိုက်သည်။
"စားသောက်ပြီးတိုင်း ခြေလှမ်း ၁၀၀ လျှောက်ရင် ၉၉နှစ်အထိ အသက်ရှည်မယ်တဲ့..."
ရှန်းယွဲ့: "မင်း ဘာလုပ်ချင်လို့လဲ..."
"ရှင်နဲ့တူတူ ပြန်လည်လေ့ကျင့်ရေးနေရာကိုသွားချင်တယ်..."
ထန်ချောင်းချောင်းက မေးခွန်းများဆက်တိုက်မေးလိုက်သည်။
"အခုရော ရှင့်ရဲ့ ပြန်လည်သန်စွမ်းအောင်လေ့ကျင့်ရေးက ဘယ်အခြေအနေရှိနေပြီလဲ...ဘယ်လောက်ဝေးဝေးရောက်အောင် လမ်းလျှောက်နိုင်နေပြီလဲ..."
ထန်ချောင်းချောင်းသည် ပြန်ရောက်လာသည့်အချိန်တည်းက ပြန်လည်သန်စွမ်းအောင် လေ့ကျင့်ရေးကိုသာမှတ်မိနေမိသည်။ ရှန်းယွဲ့ထံမှ အမြန်လွတ်မြောက်ချင်နေမိသည်လား။
ရှန်းယွဲ့က ခပ်တိုးတိုးပြောလိုက်သည်။
"ပြန်လည်သန်စွမ်းအောင်လုပ်ဖို့က တစ်ညတည်းနဲ့ လုပ်လို့မရဘူးလို့ ဒေါက်တာလျိုက ပြောတယ်လေ...ဒါမျိုးက အချိန်ယူရမှာ..."
"ဪ..."
ထန်ချောင်းချောင်းက ခုံကိုမှီ၍ ပြန်ထိုင်လိုက်ကာ မေးလိုက်သည်။
"ဒါဆို ချိုင်းထောက်တွေကိုရော ဘယ်အချိန်လောက်သုံးနိုင်မယ်လို့ ဒေါက်တာလျိုကပြောလဲ..."
"ငါမသိဘူး..."
"ကျွန်မ ဒေါက်တာလျိုကို မေးလိုက်မယ်..."
"သူ အခု တရုတ်မှာမရှိဘူး..."
ထန်ချောင်းချောင်း: "ဘယ်သွားလို့လဲ..."
ရှန်းယွဲ့ကပြောလိုက်သည်။
"ဟောပြောပွဲတစ်ခုကို တက်ဖို့ ဂျာမနီကိုသွားတယ်...တော်တော်နဲ့ ပြန်ရောက်ဦးမှာမဟုတ်ဘူး..."
ထန်ချောင်းချောင်းက ခပ်တိုးတိုးရေရွတ်နေမိသည်။
"အဲ့အဖိုးကြီးက ရှင့်ခြေထောက်တွေကို ပြန်ကောင်းအောင်လုပ်ပေးဖို့က သူ့အတွက် အရေးအကြီးဆုံးကိစ္စပဲလို့ ပြောထားတယ်မဟုတ်ဘူးလား...အခုကျတော့ တိုင်းပြည်မှာတောင် မရှိတော့ဘူး...တော်တော် တာဝန်ယူမှုမရှိတာပဲ..."
"အခု ဒီမှာ မင်းရှိနေတယ်မဟုတ်ဘူးလား..."
"ဟုတ်တယ်..."
ထန်ချောင်းချောင်း၏ အရှူံမပေးလိုစိတ်များက ပြန်လည်နိုးထလာသည်။
"ရှင့်အတွက် လေ့ကျင့်ဖို့အစီအစဉ်ကို အသေးစိတ် ကျွန်မဆွဲပေးမယ်..."
ရှန်းယွဲ့ကတော့ လုပ်ချင်စိတ်သိပ်မရှိချေ။
သူတို့နှစ်ယောက် စကားပြောနေချိန်တွင် တံခါးမှ ရုတ်တရက် ကျယ်လောင်သောအသံကြီးတစ်ခု ပေါ်လာသည်။
"အံ့ဩသွားလား..."
---
[T/N: သူတောင်းစားကြက်သားဟင်းသည် ကြက်သားထဲသို့ အဆာများသွပ်ကာ ရွှံ့နှင့် ကြာရွက်များ(သို့မဟုတ် ငှက်ပျောရွက်၊ ဝါးရွက်များကိုလည်း အစားသုံးနိုင်သည်) ဖြင့် ထုပ်ပိုး၍ မီးအေးအေးဖြင့် ကင်ရသော တရုတ်ဟင်းလျာတစ်ခုဖြစ်သည်။ အရွက်များနှင့် ရွှံ့များကိုသုံး၍ ပြင်ဆင်ရသောကြောင့် အိမ်၏ပြင်ပ၌ပင် လွယ်လွယ်ကူကူလုပ်၍ရကာ သူတောင်းစား၊ အိမ်ခြေရာမဲ့လူများပင် ပြုလုပ်နိုင်သော ဟင်းလျာဖြစ်၍ သူတောင်းစားကြက်သားဟင်း ဟု နာမည်တွင်သွားခြင်းဖြစ်သည်။မြန်မာနဲ့အခေါ်အဝေါ်ကွဲတယ်
Xxxxxxxx