အပိုင်း ၈၂
Viewers 23k

Chapter 82

 အိမ်မှကြိုဆိုခြင်းအခမ်းအနား


စံအိမ်ထဲတွင် ဧည့်ခန်းမှအခြေအနေသည် အနည်းငယ် အဆင်မပြေဖြစ်နေသည်။


ရှန်းယွဲ့၏အမေသည် ရုတ်တရက် တရုတ်သို့ ပြန်လာ၍ ဤသို့ မထင်မှတ်သည့်ပုံစံဖြင့် သူတို့ရှေ့၌ ပေါ်လာလိမ့်မည်ဟု ထန်ချောင်းချောင်း ဘယ်တုန်းကမှ မတွေးဖူးခဲ့ချေ။


"သား အမေပြန်လာပြီလေ...မင်းအံ့ဩသွားလား..."


မဒမ်ရှန်းသည် ဘယ်ကျွန်းမှပြန်လာသည်လဲ မည်သူမျှမသိနိုင်ပါ။ သူမသည် ဓာတ်ပုံရိုက်ရန် သတ်လတ်ပိုင်းအမျိုးသမီးများဝတ်ဆင်လေ့ရှိသည့် ကမ်းခြေဦးထုပ်အကြီးကြီးနှင့် လှပသော ပိုးပုဝါကို ဆင်ယင်ထားသည်။


ရှန်းယွဲ့သည်လည်း သူ့အမေပေါ်လာသည်ကို အံ့ဩနေသည်။


"အမေတရုတ်ကို ပြန်လာမယ်ဆိုတာ ဘာဖြစ်လို့ ကြိုမပြောတာလဲ...ပြောရင် ဒရိုင်ဘာလွှတ်ပြီး ကြိုခိုင်းလို့ရတာပေါ့..."


မဒမ်ရှန်းက ဦးထုပ်နှင့် ပိုးပုဝါကိုချွတ်ကာ သူ့ခြေထောက်နားမှ လက်ဆွဲသေတ္တာနှင့်အတူ အန်တီဝမ်ကိုပေးလိုက်သည်။


"မင်းကို အံ့ဩသွားစေချင်လို့လေ...ကြိုပြောရတာ ပျင်းစရာကောင်းပါတယ်...အဲ့ကျရင် မင်းက ငါ့ကိုအရူးလုပ်ဦးမှာ...ငါမသိဘူးမထင်နဲ့..."


မဒမ်ရှန်းက ထပ်ပြောလိုက်သည်။


"ပြီးတော့ ငါလမ်းတွေမေ့ပြီး ဒရိုင်ဘာကလာကြိုရလောက်အောင်လည်း မအိုသေးပါဘူး...မင်းမသိလို့နော်...နိုင်ငံခြားမှာ မင်းအမေကို လမ်းမှာစကားလိုက်ပြောတဲ့လူတွေအများကြီး...မင်းအမေရဲ့အလှက မပျက်စီးသေးဘူး..."


ရှန်းယွဲ့က မျက်မှောင်ကျုံ့လိုက်သည်။


"အမေက နိုင်ငံခြားမှာ ခန္ဓာကိုယ်ကို အနားယူနေရတာမဟုတ်ဘူးလား...ဒီမှာ ဘာလာလုပ်နေတာလဲ..."


မဒမ်ရှန်းက လက်ခါပြလိုက်သည်။


"ငါ့အသက်အရွယ်မှာ ရောဂါအသေးစားလေးတွေ မရှိတဲ့လူရော ဘယ်သူရှိလို့လဲ...ပြီးတော့ ငါ ‌ကောင်းကောင်းအနားယူပြီးသွားပြီလေ..."


"အမေ တရုတ်ပြည်ကိုပြန်ရောက်နေတာ အစ်ကိုကြီးရောသိလား..."


"သူ့ကိုမပြောရသေးဘူး...မင်းဆီကိုပဲ အရင်လာခဲ့တာ..."


မဒမ်ရှန်းသည် သူမ၏သားအကြီးအကြောင်းကြားလိုက်ရသောအခါ ဒေါသထွက်သွားသည်။ သူမ၏သားအကြီးသည် အလွန်စိတ်ပျော့၍ ပြဿနာမရှာရလျှင် မနေနိုင်သော သူ့မိန်းမပြောသမျှကို ခေါင်းငြိမ့်နေသူဖြစ်သည်။ မဒမ်ရှန်းသည် ထိုကိစ္စများကိုသိသော်လည်း အလွန်ပျင်းနေသောကြောင့် ဝင်မပါခဲ့ချေ။ 


ထန်ချောင်းချောင်းသည် မဒမ်ရှန်း ဝင်လာထဲက မတ်တပ်ထရပ်နေမိသည်။ သူမ မဒမ်ရှန်းနှင့် ဗီဒီယိုဖုန်း ပြောဖူးသော်လည်း တကယ့်လူနှင့် တွေ့ရသည့်အခါ အနည်းငယ် ထူးဆန်းနေမိသည်။ ရှန်းယွဲ့၏ ကြည်လင်သောအသားအရည်သည် သူ့အမေထံမှ အမွေရထားခြင်းဖြစ်မည်။


မဒမ်ရှန်း၏မျက်နှာပေါ်မှာ အရေးအကြောင်းများကို ဖုံးကွယ်၍မရသော်လည်း မဒမ်ရှန်းသည် ငယ်ရွယ်စဉ်က အလွန်ချောမောလှပသည့် အမျိုးသမီးဖြစ်ခဲ့သည်ကို ထန်ချောင်းချောင်း တစ်ချက်ကြည့်ရုံနှင့်ပင် သိနိုင်ပေသည်။


သို့သော် မဒမ်ရှန်းကဲ့သို့ တက်ကြွ၍ ရဲတင်းသောစိတ်နေစိတ်ထားရှိသည့် အမျိုးသမီးသည် ခေါင်းမာ၍ ဂျီးများကာ အဆိပ်ပြင်းသည့် သားကို မည်သို့များ ပြုစုပျိုးထောင်ခဲ့သည်မသိပေ။


မဒမ်ရှန်းက ရှန်းယွဲ့ရှိရာနေရာသို့ တည့်တည့်လျှောက်လာသည်။ ရှန်းယွဲ့က သူ့အမေသည် မတွေ့ရသည်မှာ အလွန်ကြာပြီဖြစ်သောကြောင့် သူ့အားဖက်ရန်လာသည်ထင်၍ သက်ပြင်းကြီးစွာ ချလိုက်သည်


သို့သော် အမေသည် ဖက်ရန်အဆင်သင့်လက်ဆန့်တန်းထားသော ရှန်းယွဲ့ဆီသို့မလာပဲ ထန်ချောင်းချောင်းဆီသို့ လျှောက်သွားလေသည်။ မဒမ်ရှန်းက ထန်ချောင်းချောင်း၏ လက်ကိုဆွဲယူကာ ဆိုဖာပေါ်၌ ထိုင်ခိုင်းလိုက်သည်။


"အမေ ဒီတစ်ခေါက် တရုတ်ပြည်ကို ပြန်လာတာ ချောင်းချောင်းကိုတွေ့ဖို့ အဓိကလာခဲ့တာ..."


ရှန်းယွဲ့: ???


အမေ့ရဲ့ကလေးအစစ်ကဘယ်သူလဲ....


ထန်ချောင်းချောင်း ‌အနေအထိုင် အနည်းငယ် ကျဉ်းကျပ်လာသဖြင့် ရှန်းယွဲ့ကို လှမ်းကြည့်လိုက်သည်။ သူမသည် လူကြီးများနှင့် သိပ်မရင်းနှီးချေ။ မူလပိုင်ရှင်၏မိဘများသည်လည်း ထန်ချောင်းချောင်းအပေါ် မည်သောအခါမှ မကောင်းခဲ့သည်မဟုတ်လား။


မဒမ်ရှန်း ထန်ချောင်းချောင်းကို ခြေဆုံးခေါင်းဆုံး သေချာအကဲခတ်လိုက်သည်။


"သမီးကို အမေနိုင်ငံခြားမသွားခင်ကပဲ အမြန်တွေ့လိုက်ရတာ မှတ်မိတယ်...မတွေ့ရတာကြာသွားတော့ သမီးက ပိုတောင်လှနေတာပဲ..."


ထန်ချောင်းချောင်းသည် ထိုသို့ကြားလိုက်ရသောအခါ မတတ်နိုင်ပဲ ပျော်သွားမိသည်။ နှုတ်ခမ်းထောင့်များဖြင့် ပြုံး၍ပြောလိုက်သည်။


"မဒမ်က အရမ်းမြှောက်နေပါပြီ..."


"ဘာဖြစ်လို့ အခုထိ ငါ့ကို မဒမ်လို့ ခေါ်‌နေတာတုန်း..."


မဒမ်ရှန်းကပြောလိုက်သည်။


"မင်းတို့လက်ထပ်ထားတာပဲ တစ်နှစ်ကျော်နေပြီ...ငါ့ကို ခေါ်တဲ့အသုံးအနှုန်း ပြောင်းသင့်ပြီလေ..."


"ရှင်..."


ထန်ချောင်းချောင်းက ဘာပြောရမည်မသိဖြစ်ကာ အကူအညီတောင်းသည့်အနေဖြင့် ရှန်းယွဲ့ကို လှမ်းကြည့်လိုက်သည်။


ရှန်းယွဲ့ အနည်းငယ်မျက်မှောင်ကြုတ်၍ သူ့အမေကို တားရန် ပါးစပ်ဟလိုက်သော်လည်း မဒမ်ရှန်းက ဆက်၍ပြောလိုက်သည်။ 


"သမီးနဲ့ အမေနဲ့က အဆက်အ‌ဆံသိပ်မရှိလို့ ခဏတော့ သမီး ရှိုးတိုးရှန့်တန့်ဖြစ်နေမှာ အမေသိပါတယ်...ဒါပေမယ့် အကျင့်ဖြစ်လာအောင်တော့ လုပ်ယူရမှာပေါ့..."


ထန်ချောင်းချောင်းက မဒမ်ရှန်း၏ တကယ့်စိတ်ရင်းနှင့်ပြောနေဟန်တူသည့် မျက်လုံးများကို ကြည့်လိုက်သည်။ ထို့နောက် ခဏမျှ နှုတ်ဆိတ်နေပြီးမှ တိုးတိုးလေးပြောလိုက်သည်။


"အမေ..."


ထန်ချောင်းချောင်းကိုယ်တိုင်က ရှေးဟောင်းသံယောက်ချိုအဖြစ်သာမွေးဖွားလာသောကြောင့် အဖေရော အမေရောမရှိချေ။ ထို့ကြောင့် မဒမ်ရှန်းအား "အမေ" ဟုခေါ်ရခြင်းမှာ နစ်နာစရာတော့မရှိချေ။ ထိုသို့ခေါ်လိုက်ရခြင်းမှာ တကယ်တော့ ပျော်စရာပင်ကောင်းနေသေးသည်။


မဒမ်ရှန်းသည်လည်း ချက်ချင်းပင် ပျော်ရွှင်သွားကာ ထန်ချောင်းချောင်း၏လက်များကို ပို၍ တင်းကျပ်စွာဆုပ်ကိုင်လိုက်သည်။


ရှန်းယွဲ့၏နှလုံးသားသည်လည်း လှုပ်ခါသွားကာ သူ့အမေ တရုတ်ပြည်သို့ပြန်လာခြင်းသည် မကောင်းသောကိစ္စမဟုတ် ဟု ရုတ်တရက် ထင်လာမိသည်။


မဒမ်ရှန်းက ထန်ချောင်းချောင်းကိုကြည့်လေ၊ ပို၍ သဘောကျလေ ဖြစ်နေသည်။ သူမ ထန်ချောင်းချောင်း၏ လက်များကို ပွတ်ကာပြောသည်။


"ဘာဖြစ်လို့ သမီးရဲ့အသားလေးတွေက မိတ်ကပ်မပါတာတောင် ကြည်ပြီး ကောင်းနေရတာလဲ...ဘာ အသားအရည်ထိန်းသိမ်းတဲ့ပစ္စည်းတွေသုံးတာလဲ...သမီးတို့လို နာမည်ကြီးတွေက ကိုယ်ပိုင်အလှအပဆရာဝန်တွေ ရှိကြတာလား..."


မဒမ်ရှန်းသည် အသားအရည်ထိန်းသိန်းခြင်းနှင့် အလှအပတို့ကို ယခုအချိန်အထိ သေချာဂရုစိုက်ဆဲဖြစ်သည်။ ထန်ချောင်းချောင်းကလည်း ထိုသို့ဂရုစိုက်သည်ကို သဘောကျသည်။ အမျိုးသမီးတစ်ယောက်သည် အသက် ၈၀ အရွယ်၌ပင် ကျက်သရေရှိ၍ လှပနေရမည်ဖြစ်သည်။


ထန်ချောင်းချောင်းက ပြုံး၍ပြောလိုက်သည်။


"သမီးသုံးတဲ့ ပစ္စည်းတွေက ဘာမှမထူးဆန်းပါဘူး...ရိုးရိုးတံဆိပ်တွေပါပဲ...ပြီးတော့ သမီးမှာ အလှအပဆရာဝန်လည်း မရှိပါဘူး..."


"အဲ့ဒါ သမီးရဲ့ သဘာဝအလှကို ဖုံးကွယ်လို့မရလို့ပေါ့..."


မဒမ်ရှန်းက လွှတ်ခနဲပြောလိုက်သည်။


"အာ...အဲ့လိုပြောလို့ရပါတယ်..."


"အားဟားဟား..."


ထန်ချောင်းချောင်းက မျက်နှာကိုအုပ်၍ ရှက်ရယ်ရယ်လိုက်သည်။


ရှန်းယွဲ့သည် ထိုအရာများကိုမြင်သောအခါ ဘာမှမပြောနိုင်ပဲ ကောင်းကင်သို့ မော့ကြည့်ကာ သည်းမခံနိုင်ဖြစ်လာသည်။


ထန်ချောင်းချောင်းက ထပ်ပြောလိုက်သည်။


"သမီးက အသားအရည်ကောင်းအောင် အစားအသောက်ကိုပဲ အားပြုစားတာများတယ်...သမီးအသိုင်းအဝိုင်းထဲမှာတော့ နာမည်ကြီးအလှဆရာဝန်တွေကို သိတဲ့လူတွေရှိပါတယ်...အမေလိုအပ်ရင် သူတို့ကို မိတ်ဆက်ခိုင်းလို့ရတယ်..."


"ဟုတ်ပြီလေ..."


မဒမ်ရှန်းက စိတ်ပါဝင်စားစွာပြောလိုက်သည်။


"ဒါပေမယ့် အမေက မင်းရဲ့ အစားအသောက် ဆိုတာကို ပိုစိတ်ဝင်စားတယ်...ဘာပဲပြောပြော သဘာဝအလှကပဲ အကောင်းဆုံးမဟုတ်လား..."


မျှော်လင့်ထားသည့်အတိုင်းပင် အသားအရည်ထိန်းသိမ်းခြင်းနှင့် အလှအပတို့အကြောင်း စပြောသည်နှင့် မရင်းနှီးသော အမျိုးသမီးနှစ်ယောက်တို့သည် ချက်ချင်းပင် ခင်မင်ရင်းနှီးသွားကြတော့သည်။


ထိုအချိန်၌ အန်တီဝမ်က အခန်းထဲဝင်လာကာ ပြောလိုက်သည်။


"မဒမ်...မဒမ့်အခန်းကို ကျွန်မ ရှင်းပြီးပါပြီ..."


"ဟမ်...အမေက ဒီမှာနေချင်သေးတာလား..."


ရှန်းယွဲ့က မျက်ခုံးများပင့်ကာ မေးလိုက်သည်။


မဒမ်ရှန်းက ရှန်းယွဲ့အား မျက်စောင်းထိုးလိုက်သည်။


"ဘာလဲ...ငါက ငါ့သားနဲ့နေချင်လို့လေ...မနေရဘူးလား..."


ရှန်းယွဲ့က ပွင့်ပွင့်လင်းလင်းပင်ပြောလိုက်သည်။


"အဆင်မပြေဘူးလေ..."


"ဟင်း...စကားပုံတွေအတိုင်းပါပဲ...မင်းက မိန်းမရတော့ အမေ့ကိုမေ့ပြီပေါ့...အရင်တုန်းကဆိုရင် ငါဒီမှာနေလည်း မင်း ဘာမှမဖြစ်ပါဘူး..."


မဒမ်ရှန်းသည် သူ့မျက်လုံးထောင့်မှ မရှိသောမျက်ရည်များကို ဟန်ဆောင်ကာသုတ်လိုက်သည်။


ရှန်းယွဲ့ကတော့ မတုန်မလှုပ်ပင်။ သူ့အမေ၏ လှည့်ကွက်များသည် ရှန်းယွဲ့ကို မလှည့်စားနိုင်ကြတော့ချေ။


သို့သော် ထန်ချောင်းချောင်းကတော့ မဒမ်ရှန်းဝမ်းနည်းသွားသည်ကြည့်၍ စိတ်ပူလာမိသည်။ ထို့ကြောင့် ရှန်းယွဲ့အား မကျေနပ်သောအသံဖြင့် လှမ်းပြောလိုက်သည်။


"ဘာဖြစ်လို့ ဒီလိုပြောရတာလဲ...အမေ ဒီမှာနေတာ ဘာထူးဆန်းလို့လဲ..."


"ချောင်းချောင်းကမှ ငါ့အပေါ်သိတတ်သေးတယ်...ငါ့ရဲ့ ကျေးဇူးမသိတတ်တဲ့သားနဲ့တော့ကွာပါ့..."


မဒမ်ရှန်းက ချက်ချင်း ထရပ်လိုက်သည်။


"ချောင်းချောင်း...အမေ ရေချိုးပြီး အင်္ကျီလဲလိုက်ဦးမယ်...ပြီးမှ စကားဆက်ပြောကြတာပေါ့..."


ထန်ချောင်းချောင်းလည်း ရိုကျိုးစွာဖြင့် "ဟုတ်ကဲ့..." ဟုပြောလိုက်သည်။


မဒမ်ရှန်း အပေါ်ထပ်သို့ တက်သွားပြီးနောက်တွင် ရှန်းယွဲ့သည် ထန်ချောင်းချောင်းအာ စိုက်ကြည့်၍ ပြောလိုက်သည်။


"မင်း ရူးနေလား..."


ထန်ချောင်းချောင်းသည် ထိုစကားကြောင့် ကြောင်သွားသည်။


"ရှင်သာ ရူးနေတာ..."


ရှန်းယွဲ့က ပြုံးလိုက်သည်။


"အမေသာ ဒီမှာနေပြီး လက်ထပ်ထားတဲ့ငါတို့နှစ်ယောက်က တစ်ယောက်က အပေါ်ထပ်မှာအိပ်ပြီး တစ်ယောက်က အောက်ထပ်မှာအိပ်နေတာ မြင်ရင် ဘာဖြစ်သွားမယ်ထင်လဲ..."


ထန်ချောင်းချောင်း၏မျက်လုံးများ ရုတ်တရက် ဝိုင်းစက်သွားသည်။


"အို ကျွန်မမေ့သွားတာ..."


'သေရော...သွားပြီ...'


ထန်ချောင်းချောင်းက အမြန်မေးလိုက်သည်။


"အမေသာသိသွားရင် ဘာဖြစ်သွားနိုင်လဲ..."


ရှန်းယွဲ့က အေးစက်သောလေသံဖြင့် ပြောလိုက်သည်။


"အမေ့မှာ ရောဂါ ကြီးကြီးမားမားမရှိပေမယ့် နှလုံးက သိပ်မကောင်းဘူး...စိတ်လှုပ်ရှားစရာတွေဆို ခံနိုင်ရည်ရှိမှာမဟုတ်ဘူး..."


ထန်ချောင်းချောင်းက ပြောလိုက်သည်။


"ရှင်ပြောတာက အမေသာ သိသွားရင် ကျွန်မတို့ တစ်ခန်းစီ ခွဲအိပ်နေလို့ အမေ ရောဂါရသွားနိုင်တယ်ပေါ့..."


"မင်းက ဘယ်လိုထင်လို့လဲ..."


"ကျွန်မတို့ ဘယ်လိုလုပ်ကြမလဲ...ရှင့်အစ်ကိုကြီးကို ဖုန်းဆက်ပြီး အမေ့ကို သူနဲ့အတူလာနေခိုင်းဖို့ ပြောကြည့်မလား..."


ရှန်းယွဲ့က ခေါင်းခါလိုက်သည်။


"မဖြစ်နိုင်ဘူး...အမေက ငါ့ကိုအချစ်ဆုံးဆိုတော့ သူပြန်လာရင် ငါ့ကို သေချာတွေ့ချင်နေမှာ...ပြီးတော့ အမေက မရီးကို သိပ်သဘောမကျလို့ အစ်ကိုကြီးအိမ်ကို သိပ်သွားလေ့မရှိဘူး..."


"ကျွန်မတို့ ဘယ်လိုလုပ်ရင်ကောင်းမလဲ..."


ထန်ချောင်းချောင်းက ခဏမျှစဉ်းစားကာ လက်ခုပ်တီးလိုက်သည်။


"ကျွန်မ ခဏလောက် အပြင်မှာသွားနေရင်ဘယ်လိုလဲ...အလုပ်ရှိလို့ ညပြန်မလာနိုင်ဘူး လို့ပြောလိုက်မယ်လေ..."


ရှန်းယွဲ့က ထိုအကြံဉာဏ်ကိုလည်း ငြင်းပယ်လိုက်သည်။


"အမေ့ကို ဘာမှမသိဘူးလို့ မထင်နဲ့...သူ့မှာလည်း အနုပညာအသိုင်းအဝိုင်းက အဆက်အသွယ်တွေ ရှိတယ်..."


"မဖြစ်ဘူး...မဖြစ်ဘူး..."


ထန်ချောင်းချောင်းသည် ယခုမှပင် အတော်စိတ်ပူလာသည်။ 


"ကျွန်မတို့ ဘာမှလုပ်လို့မရရင်လည်း အမှန်ကိုပဲ ပြောလိုက်ကြမယ်လေ...အမေ့ကိုကြည့်ရတာ ကျန်းမာရေးတော်တော်ကောင်းနေတဲ့ပုံပါ..."


"ဒါပေမယ့် တစ်ခုခုဖြစ် မဖြစ်ဆိုတာ ပြောလို့မရဘူး..."


"ဒါဆို ဘာလုပ်ကြမလဲ..."


"နည်းလမ်းတွေတော့ ရှိတယ်လေ..."


"ဘာလဲ..."


ထန်ချောင်းချောင်းက ရှန်းယွဲ့နားတိုးကပ်သွား၍ မေးလိုက်သည်။


ရှန်းယွဲ့က အေးဆေးသောပုံနှင့်ပင်ပြောလိုက်သည်။


"အမေက ဒီမှာ တစ်ရက် နှစ်ရက်လောက်ပဲ အကြာဆုံးနေပြီး အရင်အိမ်ဆီပြန်မှာ...အဲ့ဒီတော့ ဒီနှစ်ရက်လောက်ကို ဖုံးကွယ်ပြီး နေလိုက်မယ်လေ..."


"ရှင်ဆိုလိုတာက တူတူအိပ်ဖို့လား..."


ရှန်းယွဲ့က ချောင်းခြောက်ဆိုးလိုက်သည်။


"မလုပ်ချင်ပေမယ့်လည်း ငါ့အခန်းကို မင်းနဲ့ ဝေမျှပေးပါမယ်လေ..."


"အမလေး...ကျေးဇူးတင်ပါတယ်ရှင်..."


ခဏမျှရပ်ပြီးသောအခါ ထန်ချောင်းချောင်းက မျက်မှောင်ကျုံ့၍ ပြောလိုက်သည်။


"ရှင် ကျွန်မကို အသားမယူနဲ့နော်..."


"ဟား..."


ရှန်းယွဲ့က ဘာမှမပြောသော်လည်း သူ့မျက်နှာအမူအယာက "မင်းကစိတ်ပူရမှာလား...ငါက စိတ်ပူရမှာလား..." ဟု ပြောနေသကဲ့သို့ ရှိနေသည်။


ထန်ချောင်းချောင်းသည် စက္ကန့်အနည်းငယ်မျှ စဉ်းစားလိုက်ပြီးမှ ပြုံးကာ ရှန်းယွဲ့ပြောသည်မှာလည်း အဓိပ္ပာယ်ရှိသည်ဟု စဉ်းစားလိုက်မိသည်။


ဘီးတပ်ကုလားထိုင်ပေါ်ရောက်နေသော ရှန်းယွဲ့ကို အဘယ်ကြောင့် ကြောက်နေရမည်နည်း။


ထိုကိစ္စကို ဖြေရှင်းပြီးသွားသောအခါ ထန်ချောင်းချောင်း ချက်ချင်းပင် စိတ်အေးသွား၍ မေးလိုက်သည်။


"ရှင့်အမေက ဘာစားရတာကြိုက်လဲ...အမေ့အတွက် ဒီည အိမ်ပြန်လာတဲ့ အခမ်းအနားလုပ်ပေးမလို့..."


ရှန်းယွဲ့က ပြောသည်။


"သူက အစပ်ကြိုက်တယ်...ဒါပေမယ့် ဆရာဝန်က ဆီများတာနဲ့ ငန်တဲ့အစာတွေ တတ်နိုင်သမျှ မစားဖို့ပြောထားတယ်..."


"ဟုတ်ပြီ..."


ထန်ချောင်းချောင်းသည် ထိုအကြောင်းကို စိတ်ထဲ၌ မှတ်ထားလိုက်သည်။


မဒမ်ရှန်းသည် အပေါ်ထပ်မှနေ၍ စံအိမ်အနောက်ဘက်မှ ဟင်းသီးဟင်းရွက်ခြံကို မြင်သွားသည်။ သူမသည် အလွန်စိတ်လှုပ်ရှားသွားသဖြင့် ရေချိုးပြီးသောအခါ ထိုခြံထဲသို့ အပြေးသွားလိုက်သည်။


ခြံထဲသို့ရောက်သောအခါ လေထဲတွင် တလွင့်လွင့်ဖြစ်နေသော ဟင်းရွက်များကို ပွတ်သပ်၍ ပါးစပ်မှလည်း တတွတ်တွတ် ချီးကျူးနေမိသည်။


"အို ဒီ ဟင်းသီးဟင်းရွက်ခြံလေးက သေချာကို ထိန်းသိမ်းပြုစုထားတာပဲ..."


"အမေက ပန်းတွေ ရှားပါးပင်တွေစိုက်ရတာမကြိုက်ဘူး...အရင်က ဟင်းသီးဟင်းရွက်တွေစိုက်ဖူးပေမယ့် ဒီ‌ဟာတွေလောက် မသန်စွမ်းဘူး..."


မဒမ်ရှန်းက ထန်ချောင်းချောင်းကို အဖိုးတန်ရတနာလေးကဲ့သို့ ကြည့်လိုက်သည်။


ထန်ချောင်းချောင်းက ပြုံး၍ပြောလိုက်သည်။


"အဲ့ဒါ ရှန်းယွဲ့ရဲ့ကျေးဇူးတွေလည်းပါပါတယ်...သမီး အိမ်မှာမရှိရင် သူပဲ ဒီခြံကို ထိန်းသိမ်းပေးထားတာ..."


Xxxxxxx