Chapter 83
မဒမ်ရှန်းသည် အလွန်ထူးဆန်းအံ့ဩဖွယ်ရာကို ကြားလိုက်ရသဖြင့် ပါးစပ်တစ်ဝက်ပွင့်သွားသည်။
"ငါ့ရဲ့ ဂျီးများပြီး အသန့်ကြိုက်လွန်းတဲ့ သားက ဒီဟင်းသီးဟင်းရွက်တွေကို ဂရုစိုက်တယ်တဲ့လား..."
ထန်ချောင်းချောင်းက ခေါင်းငြိမ့်ပြလိုက်သည်။
"အမလေး...ငါ့သားကို တစ်စုံတစ်ခုကများ ဝင်ပူးနေသလား..."
မဒမ်ရှန်းက ပိုပိုသာသာ ပြောလိုက်သည်။
မလှမ်းမကမ်းမှ ရှန်းယွဲ့က လှမ်းပြောလိုက်သည်။
"ကျွန်တော်ကြားတယ်နော်..."
မဒမ်ရှန်းက လျစ်လျူရှုကာ ယခုည စား၍ရမည့် လတ်ဆတ်နေသော ဟင်းသီးဟင်းရွက်များကို ခူးရန် ထန်ချောင်းချောင်းကို ဆွဲခေါ်သွားသည်။
မဒမ်ရှန်းက သူ့ချွေးမ၏လက်ရာကို စားချင်နေသည်မှာ ကြာပြီဖြစ်သည်။
ညနေ၌ ထန်ချောင်းချောင်းသည် မဒမ်ရှန်းအတွက် စားပွဲနှင့်အပြည့် ဟင်းလျာများ ချက်ပြုတ်ပြင်ဆင်ပေးထားသည်။ ငရုတ်သီးတောက်တောက်စင်းနှင့်ချက်ထားသောငါးခေါင်းဟင်း၊ ငရုတ်ပွနှင့်ချက်ထားသော အမဲမိုးခိုသား၊ မျှစ်စို့အခြောက်များ၊ ဆောင်းဖရဲသီးများနှင့်ချက်သော ဘဲသားစွပ်ပြုတ်တို့အပြင် မှိုများ၊ ဂေါ်ဖီထုပ်နှင့် ဟင်းနုနွယ်များကိုလည်း ချက်ပြုတ်ကြော်လှော်ထားသည်။
အဓိကအစားအစာမှာ တရုတ်နံနံနှင့် ဝက်သားအစာသွပ်ထားသော ဖက်ထုပ်ဖြစ်သည်။ မဒမ်ရှန်းသည် မြောက်ပိုင်းသူဖြစ်သောကြောင့် ခရီးသွားနေသည်ပဲဖြစ်စေ၊ အိမ်မှာပဲဖြစ်စေ ဘယ်အခမ်းအနားမဆို ဖက်ထုပ်စားရသည်ကို အလွန်နှစ်ခြိုက်လေသည်။
"အို ဟင်းပွဲတွေအများကြီးပါလား..."
မဒမ်ရှန်းသည် ပန်းကန်များဖြင့် ပြည့်နေသော စားပွဲကိုကြည့်ကာ နှလုံးသားက လှုပ်ခါသွားသည်။
"အမေက နိုင်ငံခြားကို အကြာကြီးရောက်နေတော့ တရုတ်အစားအစာတွေကို လွမ်းနေမှာပဲ ဆိုပြီး များများလုပ်ထားလိုက်တာ..."
ထန်ချောင်းချောင်းက ပြုံးပြလိုက်သည်။
"ဟင်းပွဲတွေကို အမေကြိုက်ရဲ့လား..."
"အိုး ကြိုက်တာပေါ့..."
မဒမ်ရှန်း၏ မျက်လုံးများက တောက်ပနေကြသည်။
"ဟင်းတိုင်းက အမေ့အကြိုက်တွေကြီးပဲ..."
တောက်တောက်စင်းထားသော ငရုတ်သီးအနီရောင်များက အလွန်ဆွဲဆောင်နေသောကြောင့် မဒမ်ရှန်းသည် ငရုတ်သီးတောက်တောက်စင်းငါးခေါင်းဟင်းဆီသို့ တူကို အရင်လှမ်းလိုက်သည်။
ငါးသည် တောက်တောက်စင်းထားသော ငရုတ်သီးအနီရောင်များဖြင့် ချက်ပြုတ်ပြင်ဆင်ထားခြင်းသည်။ ငါးအသားက နူးညံ့ကာ စေးထန်းနေ၍ ပါးစပ်ထဲ၌ပင် အရည်ပျော်သွားမတတ်ဖြစ်နေသည်။ အနှစ်ကလည်း မွှေးကြိုင်၍ အနည်းငယ်စပ်ကာ အချဉ်အရသာလေးလည်း ပါဝင်သောကြောင့် ထမင်းစားမြိန်စေသည်။
"အရသာရှိလိုက်တာ..."
မဒမ်ရှန်းက ချက်ချင်းပင် လက်မထောင်ပြလိုက်သည်။
ထန်ချောင်းချောင်းက ပြုံးကာ ပြောလိုက်သည်။
"ဒီငရုတ်သီးက သမီးကိုယ်တိုင်စိုက်ထားတဲ့ ငရုတ်သီးကိုအချဉ်ဖောက်ထားတာလေ...ရေခဲသေတ္တာထဲမှာ ဖန်ဘူးနဲ့ အပြည့်ရှိတယ်...အမေကြိုက်ရင် ပြန်ရင် နည်းနည်းယူသွားပါလား...ဟင်းချက်လို့ အဲ့ဒါလေးနည်းနည်းထည့်ချက်ရင် အရမ်းအရသာရှိတာ..."
မဒမ်ရှန်းသည် ပါးစပ်က နားရွက်နှစ်ဖက်နားထိရောက်အောင်ပြုံးကာ အမဲမိုးခိုသားကို ယူလိုက်ပြန်သည်။ အသားသည် အစောကြီးထဲက ကြို၍ ပြောင်းကော်မှုန့်ထဲတွင် နှပ်ထားသောကြောင့် ချောမွေ့၍ နူးညံ့နေသည်။ အစိမ်းရောင်ငရုတ်ပွများကလည်း ခြံထဲမှ လတ်လတ်ဆတ်ဆတ်ခူးထားသောကြောင့် မွှေးကြိုင်၍ အစပ်အရသာလေးရှိနေသည်။ ဟင်း၏အစပ်သည် အနေတော်ပင်ဖြစ်သည်။
မဒမ်ရှန်းသည် မြောက်ပိုင်းသူဖြစ်သော်လည်း ငယ်စဉ်ကတည်းက စပ်သောအစားအစာများကို နှစ်သက်ခဲ့သည်။ သို့သော် သူမ၏နှလုံးက အခြေအနေသိပ်မကောင်းသောကြောင့် ဆရာဝန်က အစပ်များများမစားသင့်ကြောင်း ရှင်းပြထားသည်။ ထို့ကြောင့် သူမ၏မိသားစုသည် သူမ၏ကျန်းမာရေးကိုထိခိုက်မည်စိုးသောကြောင့် မစပ်သောအစားအစာများကိုသာ ချက်ပြုတ်ကျွေးတော့သည်။
သို့သော်လည်း ယခု ထန်ချောင်းချောင်းပြုလုပ်ထားသော ဟင်းနှစ်ခွက်သည် အစပ်အရသာလေးမပျောက်သွားပဲ အရမ်းလည်း မစပ်ပေ။ မဒမ်ရှန်း၏ ဝမ်းဗိုက်အတွက် အနေတော်လေးသာ ချက်ပြုတ်ထားသည်။
မျှစ်စို့ခြောက်များ၊ဆောင်းဖရဲသီးများနှင့်ချက်ပြုတ်ထားသော ဘဲသားစွပ်ပြုတ်သည် တစ်နာရီကျော်ကြာအောင် ချက်ထားခြင်းဖြစ်သည်။ ဘဲသားကို အလွန်နူးညံ့၍ ပျော့ပျောင်းနေအောင် နှပ်ထားသည်။ စွပ်ပြုတ်ရည်က အရသာရှိ၍ အဆီအနှစ်ပြည့်ဝသော်လည်း အီလောက်အောင်လည်း အဆီမများချေ။ မျှစ်စို့ခြောက်နှင့် ဆောင်းဖရဲသီးများသည် ဘဲသားစွပ်ပြုတ်၏ အရသာကို ပိုလေးပင်အောင် ပံ့ပိုးပေး၍ အလုတ်တိုင်းက အရသာရှိနေတော့သည်။ ဤရာသီ၌ ဘဲသားစွပ်ပြုတ်တစ်ပန်းကန်သည် အလွန်အာဟာရရှိသော အစားအစာပင်ဖြစ်သည်။
မဒမ်ရှန်းက ဟင်းပွဲများကို တစ်မျိုးပြီးတစ်မျိုးမြည်းစမ်းကြည့်ပြီးမှ တရုတ်နံနံနှင့် ဝက်သားဖက်ထုပ်ကို ယူလိုက်သည်။ ဖက်ထုပ်သည် အပြင်ဂျုံသားပါးပါးလေးနှင့် အဆာများစွာထည့်ထားသောကြောင့် အတွင်းမှ အစိမ်းရောင်အဆာများကိုပင်မြင်နေရသည်။ မဒမ်ရှန်းက ဖက်ထုပ်ကို ချိုချဉ်ဆော့စ်ထဲသို့နှစ်လိုက်၍ ပါးစပ်ထဲသို့ ထည့်လိုက်သည်။
တရုတ်နံနံက မွှေးကြိုင်၍ ခံတွင်းရှင်းသွားစေသည်။ အဆာသွပ်ထားသောအသားများက ဝါး၍ကောင်းသည်။ ဖက်ထုပ်ထဲတွင် အလွန်အရသာရှိသော စွပ်ပြုတ်ရည်လေးလည်း ပါသေးသည်။
မဒမ်ရှန်းက ခံစားချက်များစွာဖြင့် သက်ပြင်းချလိုက်သည်။
"ဒီဖက်ထုပ်က ဒီဆောင်းဦးမှာ ငါ ပထမဆုံးစားရတဲ့ ဖက်ထုပ်ပဲ..."
ထန်ချောင်းချောင်းသည် ဟင်းသီးဟင်းရွက်အချို့ကိုယူ၍ မဒမ်ရှန်း၏ပန်းကန်ထဲသို့ထည့်ပေးလိုက်သည်။
"ဒါဆိုရင် ထပ်စားပါဦး အမေ..."
မဒမ်ရှန်းက အစားကိုသာ တစိုက်မတ်မတ်စားနေသော ရှန်းယွဲ့ကိုကြည့်၍ မနေနိုင်ပဲ ပြောလိုက်သည်။
"ချောင်းချောင်းက အရမ်းသိတတ်တာပဲ...ကြည့်ပါဦး ရှန်းယွဲ့ကို...သူက ဒီက အဖွားအိုကြီးကို ဂရုစိုက်တော့တာမဟုတ်ဘူး...သူ့ကို နှစ် ၂၀ ကျော် ပြုစုပျိုးထောင်ခဲ့ရတာ အလကားပဲ..."
ရှန်းယွဲ့က ပါးစပ်ထဲမှ ဘဲသားများကို မျိုချပြီးမှ ဟင်းနုနွယ်တစ်ဖက်ကို တူဖြင့် ပျင်းရိပျင်းတွဲလှမ်းယူရင်း ပြောလိုက်သည်။
"ကျွန်တော်ငယ်ငယ်တုန်းကရော အမေက အဲ့လိုတွေ လုပ်ဖို့ သင်ပေးခဲ့လို့လား..."
"..."
မဒမ်ရှန်းက ရှန်းယွဲ့၏စကားကြောင့် လည်ပင်း နင်သွားသည်။
သူပြောတာလည်း ဟုတ်ပေတာပဲ...
ရှန်းယွဲ့က ဟင်းနုနွယ်ပန်းကန်တစ်ဝက်လောက်ကို ယူသွားသောကြောင့် မဒမ်ရှန်း သည်းမခံနိုင်ဖြစ်သွားသည်။ သူမ တူကို အလျင်အမြန်လှုပ်ရှား၍ အစားများကို ယူလိုက်သည်။ မဟုတ်လျှင် သူမ၏ ကျေးဇူးမသိတတ်သော သားက ကုန်စင်အောင် စားသွားပေလိမ့်မည်။
စားသောက်ပြီးသောအခါ သူတို့သုံးယောက်သည် ထိုင်၍ ခဏမျှ တီဗီကြည့်နေလိုက်ကြသည်။
ဆယ်နာရီကျော်သောအခါ မဒမ်ရှန်းက အချိန်ကိုကြည့်၍ လက်ဆန့်ကာ ပြောလိုက်သည်။
"အိပ်ဖို့အချိန်တောင်ရောက်ပြီပဲ...အသက်ကြီးလာရင် နောက်ကျအောင် မနေနိုင်တော့ဘူး...မင်းတို့နှစ်ယောက်လည်း စောစောသွားအိပ်သင့်တယ်..."
"ဪ...ဟုတ်ကဲ့..."
ထန်ချောင်းချောင်းက ထိုင်းမှိုင်းနေသောပုံဖြင့် ပြောလိုက်သည်။
ရှန်းယွဲ့ကတော့ တိတ်ဆိတ်နေသည်။
မဒမ်ရှန်း၏မျက်လုံးများသည် သူတို့နှစ်ယောက်ကို အပြန်အလှန်ကြည့်၍ မျက်စိများ မှေးစင်းကာ ပြောလိုက်သည်။
"မင်းတို့နှစ်ယောက်...တစ်ခန်းတည်းအိပ်ကြတာရော ဟုတ်ရဲ့လား..."
"အဓိပ္ပာယ်မရှိတာ..."
ရှန်းယွဲ့က မျက်နှာအိုအိုဖြင့် ပြောလိုက်သည်။
ထန်ချောင်းချောင်းက ခေါင်းငြိမ့်လိုက်သည်။
"ဒါဆို ဘာဖြစ်လို့ သွားမအိပ်ကြသေးတာလဲ..."
မဒမ်ရှန်းက ရှန်းယွဲ့၏ ဘီးတပ်ကုလားထိုင်ကို တွန်းကာ ပြောလိုက်သည်။
ထန်ချောင်းချောင်း: "သမီးတို့ ခဏလောက် တီဗီဆက်ကြည့်ချင်သေးလို့ပါ..."
မဒမ်ရှန်းက ပြောသည်။
"တီဗီက ဘာများကောင်းလို့လဲ...လူငယ်တွေက အချိန်ကောင်းတွေကို မဖြုန်းသင့်ဘူး..."
ထန်ချောင်းချောင်း: "..."
'မဒမ်ရှန်း၏ မျက်နှာထားက ဘာကိုဆိုလိုချင်နေတာပါလိမ့်...'
"သွားရအောင်..."
ရှန်းယွဲ့က သူ့ဘီးတပ်ကုလားထိုင်ကို တွန်းရန် လျှောက်လာသော ထန်ချောင်းချောင်းကို ကြည့်လိုက်သည်။
မဒမ်ရှန်း၏ သံသယမျက်လုံးများအောက်တွင် သူတို့နှစ်ယောက်သည် ရှန်းယွဲ့၏အခန်းဆီသို့ တူတူလျှောက်သွားကြတော့သည်။
အခန်းထဲမှ တစ်ခုတည်းသော ကုတင်ကိုကြည့်၍ ထန်ချောင်းချောင်းနှင့် ရှန်းယွဲ့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
ရှန်းယွဲ့သည် ထန်ချောင်းချောင်း၏မသက်မသာဖြစ်နေသောမျက်နှာကို လှမ်းကြည့်၍ သူကပင် အရင်စပြောလိုက်သည်။
"မင်း အိပ်ယာပေါ်မှာအိပ်လိုက်ပါ...ငါ ဒီ ကုလားထိုင်ပေါ်မှာပဲအိပ်လိုက်မယ်..."
ရှန်းယွဲ့၏ ဘီးတပ်ကုလားထိုင်သည် လှဲလျောင်းလို့ရသည့် ကုလားထိုင်အဖြစ် ပြောင်းလဲ၍ရသည်။
ထန်ချောင်းချောင်းက ချက်ချင်းပြန်ပြောလိုက်သည်။
"ဟင့်အင်း...ဘီးတပ်ကုလားထိုင်ပေါ်မှာ ရှင် တစ်ညလုံးအိပ်ရင် ခန္ဓာကိုယ်က အဆင်မပြေဖြစ်လိမ့်မယ်...ရှင့်ခန္ဓာကိုယ်က အစတည်းက ကောင်းနေတာမဟုတ်ဘူး...လုံးဝမဖြစ်ဘူး...ရှင့်အတွက်ကျွန်မ စိတ်မကောင်းဖြစ်နေရလိမ့်မယ်..."
ရှန်းယွဲ့ကပြောသည်။
"ဒါဆို မင်းက ဘယ်လိုအိပ်ချင်လို့လဲ..."
"လွယ်ပါတယ်...ကျွန်မ ကြမ်းပေါ်မှာ အိပ်လိုက်မှာပေါ့..."
ရှန်းယွဲ့က စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားသည်။
"မင်းသဘောလေ...ပြီးရင်တော့ ငါ့ကို ယဉ်ကျေးမှုမရှိဘူးတို့ ဘာတို့ မပြောနဲ့ပေါ့..."
"မပြောပါဘူး..."
ထန်ချောင်းချောင်းက အေးအေးဆေးဆေးပင် ပြန်ပြောလိုက်သည်။
"ကြမ်းပေါ်မှာ စောင်နှစ်ထပ်ခင်းလိုက်ရင် ပျော့ပျော့ပျောင်းပျောင်းရှိမှာပါ...အိပ်ယာနဲ့ ဘာမှမထူးဘူး..."
ထို့နောက် ထပ်မေးလိုက်သည်
"စောင်က ဘယ်မှာလဲ..."
ရှန်းယွဲ့က အဝတ်လဲခန်းသို့ လက်ညှိုးထိုးပြလိုက်သည်။
"နံရံနဲ့ကပ်နေတဲ့ဗီရိုကြီးထဲမှာ စောင်အပိုတွေရှိတယ်..."
ထန်ချောင်းချောင်း စောင်သွားယူလိုက်သည်။ ထို့နောက် ရှန်းယွဲ့၏အိပ်ယာဘေးတွင် စောင်နှစ်ထပ်နှင့် ခေါင်းအုံးတစ်လုံးကို ခင်းလိုက်သည်။
ထန်ချောင်းချောင်းက ခေါင်းအုံးကိုပုတ်ကာ နေရာတကျထားလိုက်သည်။
"ဒီမှာ...သက်တောင့်သက်သာရှိသွားပြီ...ရှင့်အမေပြန်သွားရင် ကျွန်မအခန်းဆီ ပြန်လို့ရပြီ..."
ရှန်းယွဲ့က သူမ ပြောနေသည်ကို နားထောင်ကာ ပြောလိုက်သည်။
"မင်း အရင်ရေသွားချိုးချေ..."
"အယ်...ကျွန်မရဲ့ ညအိပ်အင်္ကျီကို အပေါ်ထပ်ယူလာဖို့ မေ့သွားတယ်..."
ထန်ချောင်းချောင်းက သူ့ခေါင်းကိုသူပုတ်ကာ မတ်တပ်ထရပ်လိုက်သည်။
"အောက်ထပ်ဆင်းပြီး သွားယူလိုက်ဦးမယ်..."
ရှန်းယွဲ့က အမြန်ပြောလိုက်သည်။
"မဖြစ်ဘူး...မင်းကို အမေတွေ့သွားရင် ဘယ်လိုလုပ်မလဲ...သူက ဘေးခန်းမှာနေနေတာ...ဒီအချိန်ဆို သူက သေချာပေါက်နိုးနေဦးမှာ..."
ထန်ချောင်းချောင်းက မျက်မှောင်ကျုံ့လိုက်သည်။
"ဒါဆို ဘယ်လိုလုပ်ရမလဲ.. အန်တီဝမ်ကို ယူလာခိုင်းလိုက်ရမလား..."
"အန်တီဝမ်ယူလာမယ်ဆိုရင်လည်း အမေ့အခန်းရှေ့ကနေ ဖြတ်လာရမှာပဲလေ...အမေတွေ့သွားနိုင်တယ်..."
ရှန်းယွဲ့က မျက်နှာကိုရှုံ့မဲ့၍ သေချာစဉ်းစားနေသော ထန်ချောင်းချောင်းကိုကြည့်၍ လက်သီးဆုပ်ဖြင့်ပါးစပ်အုပ်ကာ ချောင်းတစ်ချက်ဆိုးပြီး အကြံပေးလိုက်သည်
"မင်း စိတ်မရှိဘူးဆိုရင်တော့ ငါမဝတ်ရသေးတဲ့ ရှပ်အင်္ကျီတစ်ထည် ငှားမယ်လေ..."
ထန်ချောင်းချောင်း၏ မျက်လုံးများတောက်ပသွားသည်။
"ကောင်းတာပေါ့...ကျွန်မ စိတ်မရှိပါဘူး..."
ဘာဖြစ်လို့ အဲ့ဒါကို စောစောမပြောရတာလဲ...
ရှန်းယွဲ့: "ဗီရိုဆီသွားယူလိုက်...ပြီးရင် လျှော်ပြီးမှ ပြန်ပေးနော်..."
ထန်ချောင်းချောင်းက တိုးတိုးလေး ရေရွတ်လိုက်သည်။
"ကပ်စေးကလည်း နည်းလိုက်တာ...ကုမ္ပဏီဥက္ကဌက ရှပ်အင်္ကျီလေးတစ်ထည်ကို တွန့်တိုနေရတယ်လို့..."
ရှန်းယွဲ့ပြောသော ရှပ်အင်္ကျီအဖြူကို ဗီရိုထဲ၌ ထန်ချောင်းချောင်းရှာတွေ့သွားသည်။
ရေချိုးခန်းထဲတွင် ရေချိုးရန်ပစ္စည်းအပိုများရှိနေသည်။ သို့သော် ထန်ချောင်းချောင်းသည် ရေချိုးခန်းအပြင်၌ရှိနေသော အမျိုးသားကို တွေးမိ၍ ရေကို အချိန်ဆွဲ၍ မချိုးဖြစ်တော့ပေ။ အလျင်အမြန်သာ ပြီးအောင်ချိုးလိုက်သည်။
"ကျွန်မပြီးပြီ..."
ထန်ချောင်းချောင်းက ပြောလိုက်သည်။
ရှန်းယွဲ့သည် ရေချိုးခန်းထဲမှ ထန်းချောင်းချောင်းထွက်လာသံကိုကြား၍ မော့ကြည့်လိုက်သည်။ သူသည် ရုပ်ရှင်တွေထဲကလို ထန်ချောင်းချောင်း၏ သွယ်လျသောခြေထောက်များကို တွေ့ရမည်ဟု စဉ်းစားနေမိသည်။
သို့သော် ရှန်းယွဲ့၏မြင်ကွင်းထဲကို ဝင်လာသည်က ဘောင်းဘီပွပွကြီးတစ်စုံသာဖြစ်နေသည်။
ထန်ချောင်းချောင်းသည် ရှပ်အင်္ကျီအဖြူအောက်၌ ရှန်းယွဲ့၏ မီးခိုးရောင်ဘောင်းဘီကို ဝတ်ထားခြင်းဖြစ်သည်။ ဘောင်းဘီသည်ပွလွန်းနေ၍ ရှည်လည်းရှည်လွန်းကာ ကြမ်းကိုတိုက်နေသောကြောင့် ဘောင်းဘီအောက်ခြေကို အခါပေါင်းများစွာ လိပ်တင်ထားရသည်။
"ဘာဖြစ်လို့ ဘောင်းဘီဝတ်ထားတာလဲ..."
ထန်ချောင်းချောင်းက အောက်ကိုငုံ့ကြည့်လိုက်သည်။
"ရှပ်အင်္ကျီဘေးမှာတွေ့လို့လေ...ဒါကိုလည်း လျှော်ပြီးမှ ပြန်ပေးမှာပါ...ကျွန်မ ဝတ်လို့မရဘူးလား...သိပ်မတွန့်တိုပါနဲ့..."
ရှန်းယွဲ့: ...
ရှန်းယွဲ့သည် ခေါင်းကိုမော့ကာ သူ့ကိုယ်သူ ရယ်လိုက်မိသည်။
သူ ဘယ်လိုအတွေးများကို တွေးနေမိပါလိမ့်...
ထန်ချောင်းချောင်းဟူသောအမျိုးသမီးသည်
ရုပ်ရှင်ဖန်သားပြင်ပေါ်၌ မည်မျှပင် လှပနေပါစေ၊ သူမ၏ အဘိဓာန်၌ "နူးညံ့ခြင်း" ဟူသော စကားလုံးက ဘယ်တော့မှ ရှိလာမည်မဟုတ်ချေ။
ထန်ချောင်းချောင်းကတော့ ရှန်းယွဲ့၏နှလုံးသားထဲ၌ လှိုင်းများရိုက်ခတ်နေသည်ကိုမသိပဲ ဆံပင်မှရေများကိုသုတ်ကာ ပြောလိုက်သည်
"ရှင်ရေသွားချိုးတော့လေ...ကျွန်မ ကူပေးရဦးမလား..."
ရှန်းယွဲ့က ခပ်တည်တည်ပင်ပြောလိုက်သည်။
"မလိုပါဘူး...ငါ့ဘာသာငါ လုပ်နိုင်ပါတယ်..."
ဤမျှအချိန်တွေကြာပြီးသောအခါ ရှန်းယွဲ့သည် တခြားလူ၏အကူအညီမပါပဲ ရေချိုးနိုင်နေပြီဖြစ်သည်။ ထို့အပြင် သူ၏အိမ်သာနှင့် ရေချိုးခန်းကိုလည်း သူ၏လက်ရှိအခြေအနေနှင့်အဆင်ပြေစေရန် ပြုပြင်ပေးထားသည်။
ထန်ချောင်းချောင်း: "ဟုတ်ပါပြီ...သတိထားဦး..."
ရေချိုးခန်းထဲမှ ရှန်းယွဲ့ထွက်လာသောအခါ ထန်ချောင်းချောင်း ကြမ်းပေါ်၌ လှဲနေပြီဖြစ်သည်။
ရှန်းယွဲ့က ကုတင်ပေါ်တက်တာ ထန်ချောင်းချောင်းရှိသည့်ဘက်၌ အိပ်လိုက်သည်။
"ငါ မီးပိတ်လိုက်တော့မယ်..."
"အင်း..."
မီးများပိတ်သွားသောအခါ အခန်းသည်လည်း တိတ်ဆိတ်သွားသည်။ လူနှစ်ယောက်၏ အသက်ရှူသံတိုးတိုးကိုသာ ကြားနေရတော့သည်။
ထန်ချောင်းချောင်းသည် မှောင်မည်းနေသော မျက်နှာကျက်ကို ပြူးကျယ်နေသောမျက်လုံးများဖြင့်ကြည့်ကာ သူမဘေးမှ အမျိုးသား၏အသက်ရှူသံကို နားထောင်နေမိသည်။ သူမဘေး၌ တကယ့်အမျိုးသားတစ်ယောက်ရှိနေသည်ကို အခုမှပင် ထန်ချောင်းချောင်း သတိထားမိတော့သည်။
"ရှန်းယွဲ့...ရှင်အိပ်ပျော်သွားပြီလား..."
ထန်ချောင်းချောင်းက မနေနိုင်ပဲမေးလိုက်သည်။
ရှန်းယွဲ့က ခပ်တိုးတိုးပြန်ပြောသည်။
"မပျော်သေးဘူး..."
ထန်ချောင်းချောင်းသည် တစ်ဖက်သို့လှည့်လိုက်ရာ ရှန်းယွဲ့၏...ခြေထောက်နှင့် မျက်နှာချင်းဆိုင်လျက်သားဖြစ်သွားသည်။
"ရှင့်အမေက ဒီမှာ ဘယ်နှရက်နေမှာလဲ..."
ရှန်းယွဲ့က လက်ကို ခေါင်းအောက်သို့ပို့ကာ ပြောလိုက်သည်။
"အလွန်ဆုံးနေမှ နှစ်ရက် သုံးရက်ပါ...အမေက ဒီအိမ်ကိုသိပ်မကြိုက်ဘူး...အရင်အိမ်က တိတ်တိတ်ဆိတ်ဆိတ်ရှိတာကိုပဲကြိုက်တာ..."
"ရှင့်ရဲ့စိတ်နေစိတ်ထားကလေ ရှင့်အမေနဲ့ လုံးဝမတူဘူး..."
ရှန်းယွဲ့ပြန်မပြောနိုင်ခင်မှာပင် ထန်ချောင်းချောင်းက ထပ်ပြောလိုက်သည်။
"ရှင့်အမေလိုမျိုး လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါးနေနိုင်တဲ့စိတ်ရဲ့ တစ်ဝက်လောက်ပဲ ရှင့်မှာရှိရင်တောင် တော်တော်ကောင်းမှာ..."
ရှန်းယွဲ့: "မင်းက လူတွေကိုအကဲခတ်တာ တော်တော်ရိုးအတာပဲ.. အမေ့ကို မင်းတွေ့တာ နှစ်ခါပဲရှိသေးတယ်...သူတကယ် ဘယ်လိုလူလဲဆိုတာ မင်းမသိပါဘူး..."
ရှန်းယွဲ့ မကျေမနပ်ဖြစ်သွားသည်။
လူတစ်ယောက်ကို မျက်နှာတည့်တည့် စော်ကားသည့်လူမျိုးလည်း လောကမှာ ရှိသေးသည်လား...
Xxxxxx