Chapter 84
ရှန်းယွဲ့: "မင်းက လူတွေကိုအကဲခတ်တာ တော်တော်ရိုးအတာပဲ.. အမေ့ကို မင်းတွေ့တာ နှစ်ခါပဲရှိသေးတယ်...သူတကယ် ဘယ်လိုလူလဲဆိုတာ မင်းမသိပါဘူး..."
ရှန်းယွဲ့ မကျေမနပ်ဖြစ်သွားသည်။
လူတစ်ယောက်ကို မျက်နှာတည့်တည့် စော်ကားသည့်လူမျိုးလည်း လောကမှာ ရှိသေးသည်လား...
ရှန်းယွဲ့စိတ်ဆိုးလိမ့်မည်မဟုတ်ဟု ထန်ချောင်းချောင်းက သေချာနေပုံရသည်။
ထန်ချောင်းချောင်း စပ်စုချင်စိတ်များပေါက်လာသည်။
"အဲ့ဒါဆို ရှင့်အမေက ဘယ်လိုလူမျိုးလဲ..."
ရှန်းယွဲ့က လှောင်ရယ်ရယ်လိုက်သည်။
"မင်းမြင်နေရတာက သူ့ရဲ့ အပြင်ပုံပန်းပဲလေ...အမေက ခေါင်းမာတယ်...တခြားလူတွေကို အရမ်းထိန်းချုပ်တယ်...ပြီးတော့ အရမ်းလည်း ဒရာမာတွေများတယ်...စိတ်ထားလေးကောင်းပြီး အမြဲပျော်နေတတ်တဲ့လူက ရှန်းအုပ်စုရဲ့ ဥက္ကဌဖြစ်လာနိုင်မယ်လို့ မင်းထင်လို့လား..."
ထန်ချောင်းချောင်းက နှုတ်ခမ်းများကို တင်းတင်းစေ့လိုက်သည်
"ကျွန်မတော့ အဲ့ဒီလိုမထင်ပါဘူး...အမေက ကြင်နာတတ်ပြီး စကားများတဲ့ အဖွားအိုတစ်ယောက်လို့ပဲ ထင်တယ်..."
ထန်ချောင်းချောင်းပြောနေဆဲတွင် အိပ်ခန်းတံခါးမှ တံခါးခေါက်သံတစ်ခု ရုတ်တရက်ထွက်လာသည်။
နှစ်ယောက်သားသည် ခဏမျှ တိတ်ဆိတ်သွားကြသည်။
"သားနဲ့သမီး...အိပ်နေကြပြီလား..."
မဒမ်ရှန်း၏အသံက တံခါးအပြင်မှ ထွက်ပေါ်လာသည်။
ရှန်းယွဲ့နှင့် ထန်ချောင်းချောင်းသည် အမှောင်ထဲတွင် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။ သူတို့သည် အိပ်ချင်ယောင်ဆောင်၍ မကြားသလိုနေလိုက်ဖို့လုပ်သော်လည်း မဒမ်ရှန်းက သူတို့အိပ်နေသည်ကို မယုံသည့်ပုံဖြင့် တံခါးကို ဆက်ခေါက်နေသည်။
"အမေ ဝင်လာလို့ရလား..."
"ဘာလုပ်ကြမလဲ..."
ထန်ချောင်းချောင်းက အသံကိုနှိမ့်၍ မေးလိုက်သည်။
ရှန်းယွဲ့က ထထိုင်လိုက်သည်။
"စောင်နဲ့ ခေါင်းအုံးကို ဗီရိုထဲမှာ အရင်ဖွက်လိုက်..."
"အင်း...ကောင်းတယ်..."
ထန်ချောင်းချောင်းသည် အမြန်ထကာ စောင်ကိုလိပ်၍ ဗီရိုထဲသို့ ထိုးထည့်လိုက်သည်။
ရှန်းယွဲ့က ကုတင်တစ်ဖက်သို့တိုးကာ ထန်ချောင်းချောင်းအတွက် ကုတင်တစ်ဝက် နေရာပေးလိုက်သည်။
"မင်းဝတ်ထားဝာာတွေ အမေမမြင်အောင် ကုတင်ပေါ်တက်ခဲ့..."
"ဟုတ်သားပဲ..."
ထန်ချောင်းချောင်းသည် ကုတင်ပေါ်သို့ မဆိုင်းမတွတက်လိုက်သည်။ အမျိုးသမီးတစ်ယောက်သည် သူ့အိပ်ယာ၌ သူအိပ်ရန် အခြားလူ၏ အဝတ်အစားများကို ငှားဝတ်ရန် မလိုအပ်သည်မဟုတ်လား။
ထိုအချိန်၌ ရှန်းယွဲ့သည် မီးဖွင့်၍ အသံကိုမြှင့်ကာပြောလိုက်သည်။
"ဝင်ခဲ့ပါ..."
မဒမ်ရှန်းသည် တံခါးကိုတွန်းဖွင့်လိုက်သောအခါ ကုတင်ပေါ်၌ ဘေးချင်းယှဉ်၍ လှဲနေကြသော လူနှစ်ယောက်ကို မြင်မှ မျက်နှာက ပြုံးရယ်သွားသည်။
"အမေ အနှောင့်အယှက်ပေးသလိုဖြစ်နေလား..."
ထန်ချောင်းချောင်းက အခုမှနိုးလာသကဲ့သို့ ဟန်ဆောင်လိုက်သည်။ သူမသည် မျက်လုံးများကိုပွတ်ကာ စောင်အောက်မှ ခေါင်းထွက်ကြည့်လိုက်သည်။
"အမေ...ဘာဖြစ်လို့လဲ..."
မဒမ်ရှန်းက အခန်းကို လှည့်ပတ်ကြည့်၍ အေးဆေးစွာပင်ပြောလိုက်သည်
"ဘာမှမဖြစ်ပါဘူး...သမီးတို့ ညလယ်စာမုန့်လေးဘာလေးများ စားဦးမလားလို့ လာမေးတာ...သမီးတို့စားချင်ရင် အန်တီဝမ်ကို တစ်ခါတည်း တူတူချက်ခိုင်းမလို့..."
ရှန်းယွဲ့သည် သူ့အမေ၏ အဓိပ္ပာယ်မရှိသော အကြောင်းပြချက်ကိုကြားသောအခါ ပါးစပ်အဟောင်းသားဖြင့် ပြောလိုက်သည်
"ကျွန်တော်တို့မစားတော့ပါဘူး...အမေ့ဘာသာပဲ စားလိုက်ပါ..."
မဒမ်ရှန်းက သူ့သားကို မျက်စောင်းထိုးကာ ထန်ချောင်းချောင်းကိုကြည့်ရန် ကုတင်နားသို့ လျှောက်လာရင်း ပြောလိုက်သည်။
"ချောင်းချောင်း...သမီးရောစားမလား...အမေ မှိုဖြူနဲ့လီလီပန်းဆန်ပြုတ် လုပ်ခိုင်းလိုက်မယ်လေ..."
မဒမ်ရှန်းက သူမနားရောက်လာသည်ကို တွေ့သောအခါ ထန်ချောင်းချောင်းသည် အမြန်စဉ်းစားလိုက်၍ ထထိုင်ကာ အတင်းညှစ်၍ ရယ်လိုက်သည်။
"သမီးလည်း မစားတော့ပါဘူး...သမီး ဝိတ်ကိုထိန်းရမယ်လေ...မဟုတ်ရင် ကင်မရာထဲမှာ စိတ်ပျက်စရာကောင်းလောက်အောင် ဝနေလိမ့်မယ်..."
"အိုး ဟုတ်သားပဲ...သမီးက မင်းသမီးဆိုတာ မေ့သွားတယ်...အမျိုးသမီးအနုပညာရှင်တွေက ခန္ဓာကိုယ် ထိန်းသိမ်းရတာ အတော်ခက်မှာပဲနော်...အမေနားလည်တယ်..."
မဒမ်ရှန်းက ပြုံးလိုက်သည်
"ဟုတ်ပြီလေ...သမီးမစားဘူးဆိုရင် အမေလည်း မစားတော့ဘူး..."
"အန်တီဝမ်လည်း အလုပ်ပင်ပန်းပါတယ်..."
ထန်ချောင်းချောင်းက "ပျော်ရွှင်နေသည့်ပုံ" ပေါက်အောင် အတင်းပြုံးနေရသည်။
ရှန်းယွဲ့က မျက်နှာဗလာဖြင့်ပြောလိုက်သည်။
"အမေ ဘာပြောချင်သေးလို့လဲ..."
"မပြောတော့ပါဘူး...အိပ်ကြတော့...မင်းတို့နှစ်ယောက်ရဲ့ ကမ္ဘာလေးကို အမေ မနှောင့်ယှက်တော့ပါဘူး..."
မဒမ်ရှန်းက ပြုံးလိုက်သည်။
မဒမ်ရှန်းသည် တံခါးဆီသို့ ပြန်လျှောက်သွားသည်။ ထန်ချောင်းချောင်းက မဒမ်ရှန်း ပြန်ထွက်သွားသည်ကိုစောင့်ပြီးမှ အိပ်ယာပေါ်မှခုန်ဆင်းကာ တံခါးကို လော့ပြေးချ၍ သက်ပြင်းရှည်ကြီး ချလိုက်သည်။
ရှန်းယွဲ့ပြောသည်မှာ မှန်ပေသည်။ မဒမ်ရှန်းသည် ထင်သလောက် မရိုးသားသည်မှာတော့ အမှန်ပေ။
သူမ ဒီကိုရောက်နေခြင်းသည် ထန်ချောင်းချောင်းတို့အား စမ်းသပ်ရန်ဖြစ်သည်မှာ သိသာနေသည်။ မဒမ်ရှန်းသည် တစ်စုံတစ်ခုကိုများ သတိထားသွားမိသည်လား။
ထန်ချောင်းချောင်း ဗီရိုထဲမှ စောင်နှင့်ခေါင်းအုံးကို ပြန်ယူ၍ ကြမ်းပေါ်၌ ခင်းလိုက်ပြန်သည်။
ရှန်းယွဲ့က နှုတ်ခမ်းများကို လှုပ်လိုက်သော်လည်း ဘာမှမပြောလိုက်ချေ။
သူ့အမေ၏ ပုံစံနှင့်ဆိုလျှင် ဤညသည် အေးချမ်းသောည ဖြစ်မည်မဟုတ်တော့ပါ။
ဤတစ်ခေါက် အကြောက်ကြီးကြောက်ပြီးသွားရသောအခါ ထန်ချောင်းချောင်းသည် စကားပြောချင်စိတ်မရှိတော့ချေ။ သူမသည် မျက်လုံးများသာအမြန်မှိတ်၍ မနက်မိုးလင်းမှသာ ပြန်ဖွင့်ချင်တော့သည်။
ထန်ချောင်းချောင်း ဆယ်မိနစ်ခန့် လှဲပြီးသောအခါ မဒမ်ရှန်း ရောက်လာပြန်သည်။
နှစ်ခါဆက်တိုက်တောင်လား...
"ဟူး..."
ထန်ချောင်းချောင်းသည် အပေါ်ကိုမော့၍ သက်ပြင်းချလိုက်သည်။ ထိုအဖွားအိုသည် လေယာဉ်ပေါ်၌ ဆယ်နာရီကျော်ကြာအောင် စီးလာရသည်မဟုတ်ပါလား။ အဘယ်ကြောင့် ယခုထိ မအိပ်ချင်နေရသနည်း။
ရှန်းယွဲ့ကတော့ ဤအခြေအနေကို အစောကြီးထဲက မျှော်မှန်းပြီးသားဖြစ်သောကြောင့် မအံ့ဩတော့ချေ။
ထန်ချောင်းချောင်းသည် စောင်နှင့်ခေါင်းအုံးကို ဖွက်ရပြန်သည်။
ဤတစ်ခေါက် မဒမ်ရှန်း၏အကြောင်းပြချက်က မနက်၌ သူတို့ထထချင်းစားနိုင်ရန် မနက်ကျ ဘာစားမည်လဲ ဟု လာမေးခြင်းဖြစ်သည်။
အရေးမပါသော ကိစ္စတစ်ခုသာဖြစ်သည်။
သို့သော် ထိုအခေါက်ကလည်း နောက်ဆုံးမဟုတ်ပေ။ မကြာမီမှာပင် မဒမ်ရှန်း ပြန်ရောက်လာပြန်သည်။
ဤတစ်ခေါက်တွင်တော့ ထန်ချောင်းချောင်းသည် အိပ်ချင်ယောင်ဆောင်နေလိုက်ကာ ရှန်းယွဲ့ကိုသာ သူ့အမေနှင့် စကားပြောခိုင်းလိုက်တော့သည်။
မဒမ်ရှန်းကို အခန်းအပြင်ရောက်အောင် ပို့ပြီးသောအခါ ထန်ချောင်းချောင်းသည် ရှန်းယွဲ့ကို ခါးသီးစွာ ပြုံးပြလိုက်သည်
"အခုတော့ ကျွန်မ ရှင့်ကိုယုံသွားပြီ...ရှင့်အမေက တော်တော်ခက်တာပဲ...အခုရော ထပ်လာဦးမှာလား..."
ရှန်းယွဲ့က ဖြည်းဖြည်းပြောလိုက်သည်။
"ဒီည မလာရင်တောင် မနက်ဖြန်ညကျ လာဦးမှာပဲ..."
ထန်ချောင်းချောင်းသည် စိတ်ရှုပ်ရှုပ်နှင့် လက်များကို ဝှေ့ယမ်းကာ ဒေါသတကြီးပြောလိုက်သည်။
"အိပ်ရတာကလဲ စစ်တိုက်နေရသလိုပဲ...ရှင့်အမေက ရှေးခေတ်ဗျူဟာတွေသုံးပြီး လူတွေကို အိပ်မရအောင် လုပ်နေတာပဲ..."
ထို့နောက် ရုတ်တရက် ရှန်းယွဲ့ကိုမေးလိုက်သည်
"ကျွန်မ ကုတင်ပေါ်မှာအိပ်ပြီး စောင်က နေရာရွေ့နေရင် ရှင်အဆင်ပြေမလား..."
ရှန်းယွဲ့က ရှက်သွားသည့်ပုံဖြင့် ခဏ ရပ်သွားသည်။
"ဒါက ခဏပါပဲလေ...အမေက မကြာခင် သွားတော့မှာပဲ..."
"ကျေးဇူးတင်ပါတယ်...ပြီးတော့ ရှင့်အိပ်ယာကလည်း အကြီးကြီးပဲကို...သိပ်မကျပ်လောက်ပါဘူး..."
ထန်ချောင်းချောင်းက အမြန်ပြောလိုက်သည်။
သူမသည် ကုတင်အလယ်၌လည်း လက်ဖြင့် မျဉ်းတစ်ကြောင်းဆွဲလိုက်သည်။
"ဟိုဘက်ကနေ ဒီအထိက ရှင့်အပိုင်...ဒီကနေ ဒီအထိက ကျွန်မအပိုင်..."
ရှန်းယွဲ့၏ နှုတ်ခမ်းများက အနည်းငယ်တွန့်ကွေးကာ ပြုံးသွားကြသည်။
မီးများပိတ်လိုက်သောအခါ အခန်းသည် အမှောင်ကျသွားပြန်သည်။
မဒမ်ရှန်းကြောင့် ခဏခဏနိုးနေရသောကြောင့် ယခုအခါတွင် ထန်ချောင်းချောင်း အိပ်ချင်စိတ်မရှိတော့။
သူမနှင့် ရှန်းယွဲ့သည် အနည်းငယ်နေရာခြားနေသော်လည်း ကုတင်တစ်ခုတည်းပေါ်၌ လှဲနေကြသည်မဟုတ်လား။ ထိုအမျိုးသား၏ နွေးထွေးသော ထွက်သက်များက သူမဆီသို့ ရောက်လာ၍ ရှန်းယွဲ့အနည်းငယ်မျှ လှုပ်လျှင်လည်း ထန်ချောင်းချောင်း သိနေမိသည်။
ဘယ်လိုမှ လျစ်လျုရှု၍မရပါလား...
အချို့အရာများသည် အရေးမကြီးသော်လည်း အတွေးများတွေးမိလိုက်သည်နှင့်တစ်ပြိုင်နက် ထိန်းမရတော့ချေ။
ထန်ချောင်းချောင်းနှင့် ရှန်းယွဲ့၏ ဆက်ဆံရေးသည် စာရွက်ပေါ်၌သာ လင်မယားအရာမြောက်၍ ထိုအကြောင်းကိုလည်း လျှို့ဝှက်ထားသေးသည်။ သူတို့အကြောင်းကို လူတော်တော်များများ မသိကြချေ။ ထန်ချောင်းချောင်းသည် ရှန်းယွဲ့ကို သူငယ်ချင်းဟုသာ မြင်မိ၍ တစ်ခါတစ်ရံ သူတို့၏ တကယ့်အကြောင်းမှန်ကို မေ့မေ့သွားမိသည်။ သူမ၏စိတ်ထဲ၌ ရှန်းယွဲ့၏ခြေထောက်များ လုံးဝပြန်ကောင်းလာမည့်အချိန်ကိုစောင့်၍ ငြိမ်းအေးစွာလမ်းခွဲကာ ကိုယ့်လမ်းကိုယ်လျှောက်ကြရန်ကိုသာ မျှော်လင့်နေမိသည်။
သို့သော် ဘာကြောင့်မှန်းမသိပဲ အနာဂတ်၌ ရှန်းယွဲ့နှင့် ဝေးရမည်ကို တွေးလိုက်လျှင် အနည်းငယ် တွန့်ဆုတ်ချင်သလို ဖြစ်နေသည်။
ထန်ချောင်းချောင်း သူ့ကိုယ်သူ လန့်သွားသည်။
သူမသည် ဤနံစော်သော အမှိုက်ထုပ် ရှန်းယွဲ့ကို တကယ်ပဲ သံယောဇဉ်တွယ်နေမိပြီလား...
သူမသည် အကျင့်ဖြစ်သွားသည်လား...
လူသားများ၏ ခံစားချက်များသည် အလွန်ပင် ရှုပ်ထွေး၍ စိတ်ညစ်စရာကောင်းလွန်းလှပါသည်။
ရှန်းယွဲ့သည် မျက်လုံးများမှိတ်ထားသော်လည်း သူ့ဘေးက အမျိုးသမီးက မသက်မသာဖြင့် လှုပ်လှုပ်ရွရွဖြစ်နေသည်ကို ခံစားနေမိသည်။
ထို့ကြောင့် ရှန်းယွဲ့က အသံနက်နက်ဖြင့် မေးလိုက်သည်
"မင်း ဘာလုပ်ချင်လို့လဲ...ဘာဖြစ်လို့ ငါ့ကို တစ်ချိန်လုံး စိုက်ကြည့်နေတာလဲ..."
ထန်ချောင်းချောင်းက ရှန်းယွဲ့ကို စိုက်ကြည့်နေသည်ကို လူမိသွားသောကြောင့် ရှက်ကာ ထထိုင်လိုက်သည်။
"ကျွန်မ အိပ်မရလို့..."
"အဲ့ဒီတော့..."
တကယ်တော့ ရှန်းယွဲ့သည်လည်း စိတ်ဂနာမငြိမ်ဖြစ်နေသည်ပင်။ ထန်ချောင်းချောင်းက သူ့ကို တစ်ချိန်လုံးကြည့်နေမှတော့ ရှန်းယွဲ့သည် မည်သို့ အိပ်နိုင်မည်နည်း။
ထန်ချောင်းချောင်း: "လေ့ကျင့်ခန်းလုပ်ရအောင်..."
ရှန်းယွဲ့: "..."
ထန်ချောင်းချောင်းက မီးဖွင့်ကာ ကုတင်ပေါ်၌ ဒူးထောက်ထိုင်လိုက်၍ ပြောလိုက်သည်။
"ရှင့်ခြေထောက်ကို နှိပ်ပေးမယ်...ကျွန်မတို့နှစ်ယောက်လုံး အိပ်ရတာမှမဟုတ်ပဲ..."
ပြောနေရင်းပင် ထန်ချောင်းချောင်း၏လက်များက ရှန်းယွဲ့၏ခြေထောက်ကို လှမ်းကိုင်နေပြီဖြစ်သည်။
ညသန်းခေါင်တွင် အရွယ်ရောက်ပြီးသော အမျိုးသားနှင့် အမျိုးသမီးတို့သည် ကုတင်တစ်ခုတည်းပေါ်တွင် ရှိနေကြသည်။ သို့သော် သူတို့သည် စောင်အောက်၌စကားပြောခြင်း သို့မဟုတ် ခြေထောက်ပြန်လည်ကောင်းမွန်စေရန် အလုပ်ဆန်ဆန် နှိပ်နယ်ပေးနေခြင်း တို့ကိုသာ လုပ်နေသည်။
လူတွေကိုသာ ထိုအကြောင်းပြောလျှင် မည်သူမှ ယုံကြမည်မထင်ပါ။
ထန်ချောင်းချောင်းသည် သူ၏ အပိုစွမ်းအားများကို ယခုမှပင် ထုတ်သုံးနေပုံရသည်။ ဤတစ်ခေါက်တွင် အရင်ကထက်ပင် အားကောင်းနေသေးသည်။ ထို့အပြင် ရှန်းယွဲ့၏ ခြေထောက်များကလည်း နာကျင်မှုကို ခံစားနေနိုင်ပြီဖြစ်သည်။ ထို့ကြောင့် ထန်ချောင်းချောင်း ဖိလိုက်တိုင်း ရှန်းယွဲ့သည် နာကျင်မှုဖြင့် အံ့ကြိတ်နေရသည်။
"အား...ဖြည်းဖြည်းလုပ်ပါ..."
ထန်ချောင်းချောင်းက အားပေးလိုက်သည်။
"သည်းခံ...သည်းခံ...ရလဒ်ကောင်းတွေမလာခင် နာကျင်မှုကို အရင်ခံစားရမှာပေါ့..."
ရှန်းယွဲ့၏မျက်နှာက ရှုံ့မဲ့သွားသည်။
"အား..."
ထန်ချောင်းချောင်းသည် ခပ်ကြမ်းကြမ်းပင် စနှိပ်လိုက်သည်။ ရှန်းယွဲ့သည် ခုနက အတွေးလေးများ နည်းနည်းရှိလျှင်တောင် ယခု အကုန်ပျောက်ကွယ်သွားပြီဖြစ်သည်။
...
မဒမ်ရှန်းသည် နံရံကိုမှီကာ နားရွက်ကို နံရံနှင့်ကပ်၍ ဘေးခန်းမှ လှုပ်ရှားသံများကို သေချာနားထောင်နေသည်။
တကယ်တော့ ရှန်းယွဲ့နှင့် ထန်ချောင်းချောင်းတို့ အခန်းခွဲအိပ်သည်ကို မဒမ်ရှန်းသိပြီးသားဖြစ်သည်။ ထိုအကြောင်းကို သူမ ထုတ်မပြောလိုက်သည်က သူတို့နှစ်ယောက် အချင်းချင်းရင်းနှီးစေရန် အချိန်ပေးသင့်သည်ဟု ထင်၍ ဖြစ်သည်။ ထိုနှစ်ယောက်သည် လက်ထပ်တုန်းကလည်း အလျင်အမြန် လက်ထပ်လိုက်ရသည်မဟုတ်လား။
သို့သော် ဤကဲ့သို့ဆက်သွားနေ၍တော့ မဖြစ်ချေ။ ထိုနှစ်ယောက်သည် ပြတင်းပေါက်စက္ကူကိုပင် ပြဲအောင်မလုပ်နိုင်သောကြောင့် မဒမ်ရှန်းကိုယ်တိုင် တွန်းအားပေးမှ ရပေတော့မည်။
ထို့ကြောင့် သူတို့နှစ်ယောက်သည် တစ်ယောက်က ကြမ်းပေါ်၌အိပ်၍ တစ်ယောက်က ဆိုဖာပေါ်အိပ်နေခြင်းမျိုးလုပ်မည်စိုး၍ သူမ သူတို့အခန်းသို့ ခဏခဏသွားကြည့်နေခြင်းဖြစ်သည်။
အခန်းထဲ၌ ဘာပြစ်ချက်မှမတွေ့သော်လည်း မဒမ်ရှန်းသည် စိတ်တိုင်းမကျသေးပဲ နံရံထောင့်မှ နားထောင်နေမိသည်။
ပထမ၌ ဘာသံမှမကြားသော်လည်း နောက်ဆုံးတွင်တော့ လှုပ်ရှားသံများ စကြားလာရသည်။
အသံများသည် သူမ မျှော်လင့်ထားသည်နှင့် ထပ်တူကျနေသည်။ သို့သော် အော်နေသည့်အသံက ဘာလို့များ သူ့သားအသံနှင့်တူနေပါလိမ့်...
လူငယ်စုံတွဲများ၏ ခေတ်ပေါ်စတိုင်ပေလားတော့မသိပါ...
မည်သို့ပင်ဖြစ်စေ ထိုနှစ်ယောက်၏အသံကိုကြားရခြင်းမှာ ကြီးမားသော တိုးတက်မှုဖြစ်သဖြင့် နောက်ဆုံးတော့ မဒမ်ရှန်း စိတ်အေးချမ်းစွာ အိပ်နိုင်ပြီဖြစ်သည်။
နောက်တစ်နေ့ မနက်စောစောတွင်..
ရှန်းယွဲ့မျက်လုံးဖွင့်လိုက်သောအခါ မိုးစင်စင်လင်းနေပြီဖြစ်သည်။ နေ၏အလင်းရောင်က လိုက်ကာများကြားမှ အခန်းထဲသို့ တိုးဝင်နေသည်။
ရှန်းယွဲ့၏ခန္ဓာကိုယ်သည် လေးလံနေသလိုခံစားနေရသည်။ အောက်သို့ငုံ့ကြည့်လိုက်ရာ ထန်ချောင်းချောင်း၏ ကြွေကဲ့သို့ ဖြူဖွေးနေသော လက်က ရှန်းယွဲ့၏ ရင်ဘတ်ပေါ်ရောက်နေသည်။ သူမ၏ခြေထောက်တစ်ဖက်ကလည်း ရှန်းယွဲ့၏ ပေါင်ပေါ်ရောက်နေ၍ ထန်ချောင်းချောင်းသည် ရှန်းယွဲ့အား ဖက်ထားသကဲ့သို့ ဖြစ်နေလေသည်။
Xxxxxxx