Chapter 85
Live လွှင့်ခြင်း
ညက ထန်ချောင်းချောင်း အိပ်မပျော်၍ သူ့ခြေထောက်ကို နှိပ်ပေးမည်ပြောသည်ကို ရှန်းယွဲ့မှတ်မိသည်။ အနှိပ်ခံရသည်မှာ အစကတော့ နာသော်လည်း နောက်တော့ တဖြည်းဖြည်း နေသားကျသွားကာ သူ့ကိုယ်သူပင် မသိလိုက်ပဲ အိပ်ပျော်သွားခဲ့သည်။
နိုးလာသောအခါ ညက ထန်ချောင်းချောင်းဆွဲထားသော သူတို့နှစ်ယောက်ကြားမှ မျဉ်းသည် ပျောက်ကွယ်သွားကာ ထန်ချောင်းချောင်းက ရှန်းယွဲ့ဘက်သို့ အတင်းတိုးကပ်နေသည်။
ဤသည်မှာ တိတ်ဆိတ်၍ လိမ္မာပုံလေးပေါက်နေသော အိပ်ပျော်နေသည့် ထန်ချောင်းချောင်းကို ရှန်းယွဲ့ ပထမဆုံးတွေ့ဖူးခြင်းဖြစ်သည်။ ထန်ချောင်းချောင်းသည် သူ့ဆီလာ၍ လည်ပင်းညှစ်မည်ကို စိုးရိမ်နေစရာမလိုတော့ပေ။
ရှန်းယွဲ့ ထန်ချောင်းချောင်းအား သေချာကြည့်လိုက်သည်။ သူမ၏ သေးငယ်သော မျက်နှာလေးသည် ဖြူဝင်း၍ သန့်စင်နေသည်။ ပွနေသောဆံပင်များက နှာခေါင်းနားရောက်နေကာ ထန်ချောင်းချောင်းက အိပ်နေရင်းနှင့်ပင် နှာခေါင်းထိပ်ကို ပွတ်လိုက်သည်။
ထန်ချောင်းချောင်း အိပ်မက်မက်နေသည်လား မပြောနိုင်သော်လည်း ထန်ချောင်းချောင်းသည် အိပ်နေရင်းက နေရာရွေ့ကာ သူမ၏လက်က ရှန်းယွဲ့ကို ပို၍ တင်းကျပ်စွာ ဖက်လိုက်သည်။
သူမ အိပ်နေပုံမှာ ကပိုကယိုဖြစ်နေ၍ ရှပ်အင်္ကျီ၏ လည်ပင်းက အောက်သို့လျှောကျကာ အတွင်းမှ ဖြူဝင်းသောအသားအရည်က တစ်ဝက်တစ်ပျက်ပေါ်နေသည်။ ရှန်းယွဲ့က အောက်သို့ငုံ့ကြည့်လိုက်ရာ ရှပ်အင်္ကျီအဖြူအောက်မှ မို့မောက်နေသော ရင်နှစ်စုံနေရာကြားကို ခပ်ရေးရေး မြင်လိုက်ရသည်။
ရှန်းယွဲ့သည် ထိုအချိန်မှပင် သူ့လက်မောင်းကိုထိနေသည့် နူးညံ့၍ပျော့ပျောင်းသောအရာက ဘာလဲ ဆိုသည်ကို သိသွားတော့သည်။ မျက်နှာသို့ အပူရှိန်က ဆောင့်တက်သွားပြီး မျက်နှာကျက်သို့ ကြည့်ကာ အောက်သို့ မငုံ့ရဲဖြစ်သွားသည်။
သူသည်လည်း အရွယ်ရောက်ပြီးသောအမျိုးသားတစ်ယောက်ဖြစ်၍ လိုအပ်သောအင်္ဂါအစိတ်အပိုင်းများကလည်း အကောင်းအတိုင်း ရှိနေသေးသည် မဟုတ်ပါလား။ သူသည် သူ့ရင်ခွင်ထဲရောက်နေသော မွှေးပျံ့၍ နွေးထွေးသောကျောက်စိမ်းရုပ်လေးကို မည်သို့ သည်းခံနိုင်ပါမည်နည်း။
ရှန်းယွဲ့ သူ၏ ခန္ဓာကိုယ်အောက်ပိုင်းက တင်းကျပ်လာသည်ကို ခံစားလိုက်မိသည်။ ထန်ချောင်းချောင်းသာနိုးလာလျှင် အရှက်မကွဲစေရန် သူမ၏လက်ကို အသာအယာတွန်းဖယ်၍ ခန္ဓာကိုယ်ကို တစ်ဖက်သို့ စောင်းပေးရန် ကြိုးစားလိုက်သည်။
ထန်ချောင်းချောင်းသည် တစ်ညလုံးနီးပါး အိပ်မရခဲ့ပေ။ ယခုမှသာ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေခြင်းဖြစ်သည်။ သူမသည် သိုးခြေထောက်ကြီးတစ်ချောင်းကိုလည်း ကိုင်ထားသည်ဟု အိပ်မက်မက်နေသေးသည်။
သို့သော် သူမ မမှုပါ။ ထန်ချောင်းချောင်းသည် ထို သိုးခြေထောက်ကို ကိုက်ရန်ပြင်လိုက်ချိန်တွင် လက်ကြီးတစ်ခုက ရုတ်တရက် ကောင်းကင်မှရောက်လာ၍ သူမ၏လက်ထဲမှ သိုးခြေထောက်ကို ဆွဲလုရန်ကြိုးစားတော့သည်။
ထန်ချောင်းချောင်း စိတ်တိုလာသည်။ ထို သိုးခြေထောက်သည် သူမအပိုင်ဖြစ်သည်။ သူမပိုင်သောအရာကို မည်သူမှ ယူ၍ မရစေရပေ။
ထန်ချောင်းချောင်းသည် အရှေ့သို့ခုန်၍ သိုးခြေထောက်ကို ဆွဲယူကာ ပါးစပ်ကိုဖွင့်၍ ကိုက်ချပစ်လိုက်သည်။
ထိုအချိန်၌ ကောင်းကင်မှ "အား..." ဟူသော အသံနက်ကြီးထွက်ပေါ်လာကာ သိုးခြေထောက်ကို ကောင်းကောင်းကိုက်နေသော ထန်ချောင်းချောင်းကို လန့်သွားစေသည်။
ပို၍ထူးဆန်းသည်က ထန်ချောင်းချောင်း၏ လက်ထဲမှ သိုးခြေထောက်သည် လူလက်အဖြစ်သို့ ပြောင်းသွားခြင်းပင် ဖြစ်သည်။
ထို့နောက် ချက်ချင်းပင် သူမ၏ နှဖူးကို အားနှင့် တွန်းခြင်း ခံလိုက်ရသည်။
နာကျင်မှုကြောင့် ထန်ချောင်းချောင်း၏ မျက်လုံးသည် မျက်ရည်များဝဲ၍ ပွင့်လာသည်။ တစ်ချက်ကြည့်လိုက်ရုံနှင့်ပင် သူမသည် ရှန်းယွဲ့၏ လက်မောင်းကို တင်းကျပ်စွာကိုင်ထား၍ လက်မောင်းပေါ်မှာလည်း ထင်းနေသော သွားရာကြီးတစ်ခုကို တွေ့လိုက်ရသည်။
ထိုသွားရာသည် နီရဲနေသည်။ ထိုသို့ဖြစ်အောင်ကိုက်ထားသော ပါးစပ်သည် တော်တော်ပင် အားပြင်းမည်ဖြစ်ကြောင်း ထန်ချောင်းချောင်း မြင်ရုံနှင့်ပင် သိနိုင်သည်။
ထန်ချောင်းချောင်း မျက်လုံးများပင့်၍ ကြည့်လိုက်သောအခါ ရှန်းယွဲ့၏ ဒေါသမျက်နှာနှင့် အကြည့်ချင်းဆုံသွား၍ ထန်ချောင်းချောင်း၏ နှလုံးသားက တုန်လှုပ်သွားသည်။ မဟုတ်မှလွဲရော ရှန်းယွဲ့၏လက်မောင်းကို ကိုက်လိုက်သောအရာသည်.....
သို့သော် သူမက အဆီပြည့်ဝနေသော သိုးခြေထောက်ကို သေချာမြင်တွေ့လိုက်ခြင်းပါ....
ရှန်းယွဲ့က အံ့ကြိတ်ကာပြောလိုက်သည်။
"မင်းက ခွေးလား...မင်း အိပ်မက်မက်ပြီး လူတွေကို ဒီလိုပဲ လျှောက်ကိုက်တာလား..."
ထန်ချောင်းချောင်းက အပြစ်ရှိသူ၏အပြုံးလေးပြုံးကာ ရှန်းယွဲ့၏ လက်မောင်းကို ဖြည်းဖြည်းလေး ချလိုက်သည်။ လက်မောင်းမှ သံသယရှိဖွယ် ကိုက်ရာကို သူမ၏တံတောင်ဆစ်ဖြင့် သေချာသုတ်ပေးလိုက်သောလည်း တံတောင်ဆစ်၌ပေနေသော သွားရည်များဖြင့် ထပ်သုတ်လိုက်မိသလိုဖြစ်သွားသည်။
ရှန်းယွဲ့၏ မျက်နှာထားက ပို၍ပင် ဆိုးလာသည်။
သက်သေအထောက်အထားများစွာရှိနေသောကြောင့် ထန်ချောင်းချောင်းသည် ငြင်းဆန်ဖို့ ရှက်နေကာ စနောက်သကဲ့သို့ ပြောလိုက်သည်။
"ဒါလေးက မတော်တဆ သေးသေးလေး ဖြစ်သွားတာပါ...ပှံမှန်ဆိုရင် ကျွန်မက သိမ်သိမ်မွေ့မွေ့လေးအိပ်တာ..."
ရှန်းယွဲ့က သူ့ပေါင်ပေါ်သို့ ဖိထားဆဲဖြစ်သော ထန်ချောင်းချောင်း၏ခြေထောက်ကို လက်ညှိုးထိုးပြလိုက်သည်။
"ဒါက သိမ်မွေ့တာလား..."
"အို တောင်းပန်ပါတယ်..."
ထန်ချောင်းချောင်းက ခြေထောက်ကို အမြန်ပင် ဖယ်လိုက်သည်။
ထန်ချောင်းချောင်းအိပ်ပျော်နေစဉ်က သက်တောင့်သက်သာရှိသော အနွေးဓာတ်တစ်ခုကို ပွေ့ဖက်ထားမိသည်ဟု ခံစားနေရသည်မှာ မဆန်းတော့ပါ။ ထိုအနွေးဓာတ်က ရှန်းယွဲ့ ဖြစ်နေသည်လေ။
ထန်ချောင်းချောင်းက မျက်လုံးများကို ဝေ့၍ ဝမ်းနည်းသည့်လေသံဖြင့် ရှင်းပြလိုက်သည်။
"ကျွန်မ ဒီအိပ်ယာနဲ့ အသားမကျလို့ ဒီလိုဖြစ်သွားတာနေမှာပါ...လူတွေက မရင်းနှီးတဲ့နေရာမှာ အိပ်ရင် ဒီလို ထူးဆန်းတာတွေ လုပ်တတ်ကြတာပဲ..."
ရှန်းယွဲ့က ရယ်မိတော့မလိုပင် ဖြစ်သွားသည်။ မနက်စောစောစီးစီး အဓိပ္ပာယ်မရှိတာတွေ ပြောနေသည်ပဲ။ သူမ ဤမျှ နှစ်ခြိုက်စွာအိပ်ပြီးမှ အိပ်ယာနှင့် မရင်းနှီးဘူးတဲ့လား...
ထန်ချောင်းချောင်းက ရှန်းယွဲ့၏ မယုံမကြည်ဖြစ်နေသောမျက်နှာကို ကြည့်ကာ စိတ်တိုလာမိသည်။
"ပြောရရင် အဲ့ဒါ ရှင့်ကြောင့်ပဲလေ...ညက ရှင့်ခြေထောက်ကို ကျွန်မ အကြာကြီး နှိပ်ပေးနေခဲ့တာ...ရှင်ကကျ သက်တောင့်သက်သာလေး အိပ်ပျော်သွားပြီး ကျွန်မကကျတော့ ပင်ပန်းပြီး ခါးတောင်နာသွားတယ်..."
"အဲ့ဒါကြောင့် ရှင့်ကိုကိုက်မိသွားတာလေ...အဲ့ဒါ ဘာများထူးဆန်းလို့လဲ...ဘာဖြစ်လို့ အဲ့ဒီလောက်တောင် ဖြစ်ပျက်နေတာလဲ..."
"ငါ့ကြောင့် ဟုတ်လား..."
ရှန်းယွဲ့က သူ့နှာခေါင်းကိုသူ လက်ညှိုးထိုးပြ၍ မယုံနိုင်စွာ မေးလိုက်သည်။
ထန်ချောင်းချောင်းက ခေါင်းငြိမ့်လိုက်သည်။
"ဟုတ်တယ်လေ...ရှင် နည်းနည်းလေးတော့ ကိုယ်ချင်းစာဦးမှပေါ့..."
ရှန်းယွဲ့သည် ရင်ဘတ်ကို ဆုပ်ကိုင်လိုက်သည်။ ထန်ချောင်းချောင်း၌ ရှန်းယွဲ့ကို ရင်ဘတ်ပင်နာလာအောင် ဒေါသထွက်အောင်လုပ်နိုင်သည့်အစွမ်းရှိသည်။
ထန်ချောင်းချောင်းက သူမ၏လက်ကို ပြန်မြှောက်ပြလိုက်သည်။
"ရှင့်ကို ကျွန်မရဲ့လက်ကို ပြန်ကိုက်ခွင့်ပေးမယ်လေ..."
ရှန်းယွဲ့သည် ထန်ချောင်းချောင်း၏ ဖြူဖွေး၍ နူးညံ့နေသော လက်မောင်းကို ကြည့်ကာ တကယ်ကိုက်လိုက်ရန်ပင် စဉ်းစားနေမိသည်။
သို့သော် ထန်ချောင်းချောင်းက ဆက်ပြောလိုက်သည်။
"ဒါပေမယ့် ရှင် ပါးစပ်တောင်မဖွင့်နိုင်တာ ကျွန်မသိပါတယ်...ရှင်မလုပ်နိုင်ပါဘူး..."
ဘယ်သူပြောလဲ...
"ကဲ...မဟုတ်တာတွေပြောနေတာတော်ပြီး မြန်မြန်အိပ်ယာထတော့..."
ထန်ချောင်းချောင်းသည် ခုနကပင် အိပ်ချင်မူးတူးဖြစ်နေသော်လည်း ချက်ချင်းပင် လန်းဆန်းတက်ကြွလာသည်။
ရှန်းယွဲ့က ကုတင်ပေါ်၌ လှဲကာ သူ့ရင်ဘတ် ပြန်၍ တည်ငြိမ်သွားစေရန် ငြိမ်ငြိမ်နေနေလိုက်သည်။
တော်ပါပြီ...ယောင်္ကျားကောင်းဆိုတာ မိန်းမတွေနဲ့ ရန်မဖြစ်သင့်ဘူးမဟုတ်လား...
နှစ်ယောက်လုံး မျက်နှာသစ်ပြီးသောအခါ ရှန်းယွဲ့က အပြင်သို့အရင်ထွက်၍ အခြေအနေကြည့်လိုက်သည်။ မဒမ်ရှန်းက အရှေ့ခန်းတွင် အန်တီဝမ်နှင့် စကားပြောသည်မှာ သေချာသည်ဆိုတော့မှ ထန်ချောင်းချောင်းက ရှန်းယွဲ့၏အဝတ်အစားများနှင့် အောက်ထပ်ရှိ သူမ အခန်းသို့သွားကာ အင်္ကျီသွားလဲနိုင်တော့သည်
မဒမ်ရှန်းက ရှန်းယွဲ့နှင့် ထန်ချောင်းချောင်းတို့ နည်းနည်းကြာကြာအိပ်မည်ဟု ပြောထားသောကြောင့် အန်တီဝမ်ကပဲ မနက်စာပြင်ထားသည်။
ထန်ချောင်းချောင်းက အပြစ်ရှိသူလိုပြောလိုက်သည်။
"မနက်ဖြန်ကျရင်တော့ သမီးစောစောထပြီး အမေ့ကို မနက်စာကောင်းကောင်းလုပ်ပေးပါမယ်...'
မဒမ်ရှန်းက ဘာမှမဖြစ်သည့်ပုံနှင့် လက်ခါပြလိုက်သည်။
"မဟုတ်တာ...သမီးတို့လို လူငယ်တွေက များများအိပ်သင့်တယ်...အထူးသဖြင့် ညကလို လေ့ကျင့်ခန်းတွေလုပ်ပြီးတဲ့အချိန်ဆို မောနေမှာပေါ့...အမေနားလည်တယ်..."
ထန်ချောင်းချောင်းက သိချင်စိတ်ဖြင့်မေးလိုက်သည်။
"ညက သမီးတို့ လေ့ကျင့်ခန်းလုပ်တာ အမေ ဘယ်လိုသိသွားတာလဲ..."
ထန်ချောင်းချောင်းနှိပ်သည်က အသံကျယ်သွားလို့များလား...
ရှန်းယွဲ့က သက်ပြင်းချကာ ပုစွန်ဖက်ထုပ်တစ်ခုကို ထန်ချောင်းချောင်း၏ ပန်းကန်ထဲသို့ ထည့်ပေးလိုက်သည်။
"အစားသာ စားစမ်းပါ..."
အမေသည် အခန်းထောင့်က ခိုးနားထောင်၍သာ သိနေခြင်းဖြစ်မည်...
မဒမ်ရှန်း၏မျက်နှာမှ အပြုံးက ဝင်းပနေသည်။
ကြည့်ပါဦး...တစ်ညလေးအိပ်လိုက်တာနဲ့ ပြောင်းလဲသွားလိုက်တာ...ဆက်ဆံရေးတွေတိုးတက်သွားလိုက်တာများ ဒီဂျစ်တူးကောင်လေးက သူ့မိန်းမပန်းကန်ထဲကို ဟင်းတွေတောင်ထည့်ပေးနေပြီ...
သူမ ဆက်ကြိုးစားရမည်...
နောက် နှစ်ရက် သုံးရက်အထိ ရှန်းယွဲ့ပြောသကဲ့သို့ပင် မဒမ်ရှန်းသည် သူတို့နှစ်ယောက်နောက်သို့ တကောက်ကောက်လိုက်နေသည်။ ညရောက်လျှင်လည်း အကြောင်းပြချက်အမျိုးမျိုးပေး၍ အခန်းကို လာလာပြီး စစ်ဆေးတတ်သည်။
ထို့ကြောင့် မတတ်နိုင်တော့ပဲ ထန်ချောင်းချောင်းသည် ရှန်းယွဲ့၏ကုတင်ပေါ်သို့ တက်အိပ်ရတော့သည်။
ရှန်းယွဲ့သည်လည်း ထန်ချောင်းချောင်း၏ အအိပ်ကြမ်းခြင်းနှင့် အသားကျလာသည်။ မနက်မိုးလင်း၍ ထန်ချောင်းချောင်း၏ ခြေထောက်က ခေါင်းရင်းသို့ရောက်နေလျှင်တောင်မှ သူ မအံ့ဩတော့ချေ။
နောက်ဆုံး မဒမ်ရှန်းပြန်သွားသောအခါတွင်တော့ ထန်ချောင်းချောင်းနှင့် ရှန်းယွဲ့တို့သည် ပြန်လည်မွေးဖွားလာသကဲ့သို့ ခံစားရကာ ပျော်ရွှင်စွာ ပြန်ပို့လိုက်ကြသည်။
ထန်ချောင်းချောင်းသည်မဒမ်ရှန်းအတွက် သူမ၏ အိမ်လုပ်ဟင်းအနှစ်များ၊ အချဉ်ဖောက်ထားသော ငရုတ်သီးများ၊ ဝက်သားပေါင်းများအပါအဝင် လတ်လတ်ဆတ်ဆတ်ဟင်းသီးဟင်းရွက်များကို ကားနောက်ခန်းနှင့် အပြည့် ထည့်ပေးလိုက်သည်။
ပစ္စည်းများကို ကားပေါ်သို့ တင်နေရင်းဖြင့် ထန်ချောင်းချောင်းက မဒမ်ရှန်းကိုပြောလိုက်သည်။
"အမေ ဟင်းသီးဟင်းရွက်တွေ ထပ်စားချင်ရင် တစ်ယောက်ယောက်ကို အချိန်မရွေးလွှတ်ပြီး ယူခိုင်းလိုက်လို့ရတယ်နော်..."
"အေးပါကွယ်..."
မဒမ်ရှန်းက ထန်ချောင်းချောင်း၏လက်ကို လှမ်းကိုင်လိုက်သည်။
"သမီးက အလုပ်တွေ အမြဲရှုပ်နေတာ အမေသိပါတယ်...ဒါပေမယ့် သမီးအားရင် ရှန်းယွဲ့နဲ့တူတူ အရင်အိမ်အဟောင်းကို လာခဲ့ပါဦး..."
"ဟုတ်ကဲ့ အမေ...သမီးတို့ လာခဲ့ပါမယ်..."
ထန်ချောင်းချောင်းက ရိုကျိုးစွာပြောလိုက်သည်။
မဒမ်ရှန်းသည် ထန်ချောင်းချောင်း၏လက်ကို တင်းတင်းဆုပ်ကိုင်ထားကာ သွားဖို့ တွန့်ဆုတ်နေမိသော်လည်း သူမ ဒီမှာ ကြာရှည်စွာနေ၍မရဘူးဆိုသည်ကို သူမ သိနေပါသည်။ ယနေ့ခေတ်တွင် လူငယ်စုံတွဲများသည် မိအိုဖအိုများနှင့် အတူ မနေချင်ကြတော့ချေ။
ရှန်းယွဲ့ကတော့ ဘာမှနားမလည်စွာပင် ပြောလိုက်သည်။
"ကျွန်တော်တို့အကုန် မြို့ထဲမှာရှိနေကြတာပဲ...အမေ ဘာတွေ အချိန်ဆွဲနေတာလဲ..."
"မင်း ဒီလိုပြောနေတာ မရှက်ဘူးလား..."
မဒမ်ရှန်းက ရှန်းယွဲ့၏လက်မောင်းကို လှမ်းရိုက်လိုက်သည်။
"အရင်အိမ်ဆီ မင်းပြန်မရောက်တာ ဘယ်လောက်ကြာနေပြီလဲ...ဟုတ်တယ် ငါတို့ အကုန် မြို့ထဲမှာရှိနေကြပေမယ့် နှစ်နိုင်ငံလောက်ခြားနေတာနဲ့ ဘာမှမကွာဘူး..."
ရှန်းယွဲ့က ဘာမှပြန်မပြောပဲ တိတ်ဆိတ်နေသည်။
မဒမ်ရှန်းက ဆက်၍ ပြောဆိုနေသည်။
"နောက်တစ်ခါကျရင် မင်း ချောင်းချောင်းနဲ့အတူ လာမယ်လို့ အမေမျှော်လင့်တယ်...ဒါမှလည်း ငါတို့အမျိုးတွေနဲ့ သူငယ်ချင်းတွေက ချောင်းချောင်းကို တွေ့နိုင်ကြမှာ..."
"ဟုတ်ကဲ့ပါ..."
ရှန်းယွဲ့က ထူးမခြားနားသည့်ပုံဖြင့် ခပ်အေးအေးပင် ပြန်ပြောလိုက်သည်။
"ကျွန်ုပ်တို့မိသားစု" ရိုက်ကူးပြီးသွားသောအခါ ထန်ချောင်းချောင်းက နှစ်ရက် သုံးရက်မျှ နားနေသော်လည်း အစ်ကိုချမ်ကတော့ ထိုမျှနားနေသည်ကို လွန်လှပြီ ထင်နေသည်။ ပိတ်ရက်ကုန်သောအခါ အစ်ကိုချမ်သည် ထန်ချောင်းချောင်းအား အလုပ်များဆက်တိုက်ပေးတော့သည်။
အရင်တစ်ခေါက်က "တောတွင်း၌ရှင်သန်ခြင်း" အစီအစဉ်၌ တောင်ပေါ်လယ်သမားများ၏ ပြောင်းဖူးများကို live လွှင့်၍ ရောင်းလိုက်ရာ အလွန်အောင်မြင်သွားခဲ့သည်။ သူမ၏ live ကြောင့် အဖိုးအိုမိသားစု၏ ပြောင်းဖူးများ အကုန်ရောင်းထွက်သွားရုံသာမက တစ်ရွာလုံးသိုလှောင်ထားသော ပြောင်းဖူး၏တစ်ဝက်ထိပင် ရောင်းကုန်သွားသည်။
ထို့အပြင် ထိုအကြောင်းသည် သတင်းများပေါ်သို့ရောက်၍ သက်ဆိုင်ရာဌာနများဆီမှ စိတ်ဝင်စားမှုများရခဲ့သည်။ ထို့ကြောင့် လယ်သမားများအတွက် သူတို့၏ သီးနှံထွက်ကုန်များရောင်းချနိုင်ရန် အကူအညီများစွာ ရခဲ့ကြသည်။
အဖိုးအိုကလည်း မီဒီယာအင်တာဗျုးတွင် ထန်ချောင်းချောင်းအား ကျေးဇူးတင်စကားဆိုခဲ့သောကြောင့် အစားအသောက် ထုတ်လုပ်သူများက live လွှင့်ရောင်းချရာတွင် ထန်ချောင်းချောင်း၏ နာမည်ကြီးမှုကို အလေးထားကြသည်။ သူတို့သည် ထန်ချောင်းချောင်းက သူတို့၏ပစ္စည်းများကိုရောင်းပေးမည်လားဟူသော မျှော်လင့်ချက်ဖြင့် မကြာခဏ လာရောက်ကမ်းလှမ်းကြသည်။
ထန်ချောင်းချောင်းသည် သူမ၏ နောက်အလုပ်က အစားအသောက်များကို live လွှင့်၍ ရောင်းချရမည်ကို သိသောအခါ ဘာမှမပြောပဲ သဘောတူလိုက်သည်။ သူမ နှင့် အစ်ကိုချမ်တို့ နှစ်ယောက်သား ယုံကြည်ရမည့် တံဆိပ်များကိုရွေးချယ်ကာ live လွှင့်ရန် ပြင်ဆင်ကြသည်။ Live လွှင့်ရမည့် ချန်နယ်ကလည်း ထန်ချောင်းချောင်းနှင့် အတူတွဲလုပ်ရန် နာမည်ကြီး သတင်းကြေငြာသူတစ်ယောက်ဖြစ်သော မိုက်ခ် ကို ဖိတ်ခေါ်ထားသည်။
Live လွှင့်ရမည့်နေရာသည် မိုက်ခ်၏ စတူဒီယိုထဲတွင် ဖြစ်သည်။ တကယ်လွှင့်မည့်နေ့သို့ရောက်သောအခါ ထန်ချောင်းချောင်းသည် စတူဒီယိုသို့ တစ်နာရီစော၍ ရောက်လာသည်။
မိုက်ခ်သည် ထန်ချောင်းချောင်းကို မြင်သောအခါ အံ့အားသင့်သွားသည်။ သူသည် အခြားနာမည်ကြီး အနုပညာရှင်များစွာနှင့် အလုပ်တွဲလုပ်ဖူးသော်လည်း ဤအသိုင်းအဝိုင်း၌ ထန်ချောင်းချောင်း၏ပုံစံသည် တော်တော်လေး အဆင့်မြင့်၍ ထိပ်တန်းကျသည်ဟု မိုက်ခ်ထင်မိသည်။
ထန်ချောင်းချောင်းသည် လေးထောင့်ပုံစံလည်ပင်းရှိသော ပန်းပွင့်ဒီဇိုင်းဂါဝန်လေးကို ဝတ်ဆင်ထား၍ ရှေးခေတ်ဆန်ကာ ချစ်စရာကောင်းနေသည်။ သို့သော် ယခု live က အစားအသောက်များရောင်းချရမည်ဖြစ်သောကြောင့် အဆက်မပြတ် စားပြနေရမည်ဟု မိုက်ခ်ထင်မိသည်။ ထို့ကြောင့် ဤသို့သော live မျိုး၌ ထန်ချောင်းချောင်းက ဤကဲ့သို့ အကောင်းစားများဝတ်ဆင်လာခြင်းကြောင့် ထန်ချောင်းချောင်းသည် သူမ၏မျက်နှာကို အဓိက ပြရန်သာလာသည် ဟု မိုက်ခ် စဉ်းစားလိုက်မိသည်။
မိုက်ခ် အံ့တော့မဩသွားမိပါ။ သူ ထန်ချောင်းချောင်းအား Live လွှင့်မည့်အစီအစဉ်နှင့် သတိထားရမည့်အချက်များကိုသာ ရှင်းပြလိုက်သည်။
ည ၈နာရီတွင် Live လွှင့်မည့် ချန်နယ်ကို အချိန်တိကျစွာ စဖွင့်လိုက်၍ အင်တာနက်ပေါ်မှာ လူများစွာသည် ချက်ချင်းပင်ဝင်ရောက်လာကြသည်။
Xxxxxxx