Chapter 86
ည ၈နာရီတွင် Live လွှင့်မည့် ချန်နယ်ကို အချိန်တိကျစွာ စဖွင့်လိုက်၍ အင်တာနက်ပေါ်မှာ လူများစွာသည် ချက်ချင်းပင်ဝင်ရောက်လာကြသည်။
Live လွှင့်ခြင်းစတင်ပြီဆိုသည်နှင့် တစ်ပြိုင်နက် မိုက်ခ်သည် အလုပ်ဆန်ဆန်အပြုံးကို တောက်ပစွာပြုံးလိုက်၍ ပြောလိုက်သည်။
[ဒီနေ့ ကျွန်တော်နဲ့အတူ Live ထဲကိုရောက်ရှိနေတာကတော့ အရမ်းကိုလှပတဲ့ အမျိုးသမီးလေး---ထန်ချောင်းချောင်း ပဲဖြစ်ပါတယ်ခင်ဗျား...ကြိုဆိုပေးလိုက်ကြပါဦး ပရိသတ်ကြီးရေ...ဒီနေ့ ကျွန်တော်တို့နှစ်ယောက်အတူတူ အရသာရှိတဲ့ အစားအသောက်တွေကို ပြသပေးမှာဖြစ်ပါတယ်...မုန့်နဲ့ ထူးခြားတဲ့ အစားအစာတွေလည်း ပါတာမို့လို့ မလွတ်တမ်း စောင့်မျှော်ကြည့်ရှုပေးကြပါဦးခင်ဗျ...]
ထန်ချောင်းချောင်းက မိုက်ခ်၏စကားများကိုသေချာနားထောင်ကာ ပရိသတ်များကို အပြုံးချိုချိုလေးဖြင့် နှုတ်ဆက်လိုက်သည်။
【ငါက ချောင်းပေါင်အတွက်ပဲလာခဲ့တာ...ငါက အရင်ဆုံးရောက်တဲ့လူပဲ...】
【မိုက်ခ်ရဲ့ Live လွှင့်တဲ့ ချန်နယ်က နာမည်ကြီးတွေကိုပဲခေါ်တယ်...】
【ဒီနေ့ ဘာ စပယ်ရှယ်အစားအသောက်တွေရောင်းမှာလဲ...】
မိုက်ခ်က အထုပ်သေးလေးတစ်ထုပ်ကို ကောက်ယူလိုက်သည်။
"ဒီနေ့ရဲ့ ပထမဆုံးပစ္စည်းကတော့ လျိုဟေးယာရဲ့ ဘဲလည်ပင်း ဘဲခြေထောက်နဲ့ ဘဲလျှာတို့ပဲ ဖြစ်ပါတယ်..."
မိုက်ခ်က ဘဲ၏အကြောင်းများကိုဆက်ပြောရန်ပြင်လိုက်သော်လည်း ထန်ချောင်းချောင်းက အထုတ်တစ်ထုတ်ကို ဆွဲဖောက်ကာ ဘဲခြေထောက်တစ်ချောင်းကိုထုတ်၍ ကင်မရာရှေ့မြှောက်ပြကာ ပြောလိုက်သည်။
"ကြည့်ကြည့်ရအောင်...ဘဲခြေထောက်ကတကယ်ကိုကြီးပြီး အရိုးလည်းမပါဘူး...သူက အစပ်နဲ့ အစပ်လျော့ဆိုပြီး အရသာနှစ်မျိုးရှိပါတယ်..."
"ကျွန်မလက်ထဲကဟာက အစပ်ပါ...ကြည့်ရတာနဲ့တင် အရသာတော်တော်ရှိပုံပေါ်နေပြီ...ကျွန်မ တစ်ခုစမ်းစားကြည့်လိုက်မယ်..."
ထန်ချောင်းချောင်းက အချိန်မဆွဲပဲ ဘဲခြေထောက်တစ်ဝက်ကို ကိုက်လိုက်သည်။ ထို့နောက် မျက်လုံးကိုမှေးကာ အနည်းငယ် ဝါးလိုက်သည်။
"စစားလိုက်ချိန်တုန်းကတော့ အစပ်အရသာကို မခံစားရဘူး...အစပ်အရသာတော်တော်ပေါ့နေသလိုပဲ...ဒါပေမယ့် ဝါးရင်းနဲ့မှ အစပ်အရသာက တဖြည်းဖြည်းပေါ်လာတာ...သူ့အစပ်က အရမ်းလည်းမစပ်ဘူး...စားကောင်းရုံလေးပဲ...အရိုးတွေကလည်း လွယ်လွယ်ကူကူထုတ်လိုက်လို့ရပြီးတော့ အလယ်မှာလည်း ဘဲအကြောလေးတစ်ခုပါသေးတယ်...စားရတာ စေးစေးပိုင်ပိုင်နဲ့ တကယ်အရသာရှိတယ်..."
မိုက်ခ်: ...
ဘာလို့များ ဒီကောင်မလေးက ထုံးစံကို မလိုက်နာနေရတာလဲ...
ယခု၌ နာမည်ကြီးအနုပညာရှင်တော်တော်များများက Live လွှင့်ခြင်းများကို လုပ်လာသောကြောင့် မိုက်ခ်သည် နာမည်ကြီးအနုပညာရှင်မျိုးစုံကို တွေ့ဖူးနေပြီဖြစ်သည်။ ထိုထဲမှ နာမည်ကြီးအများစုမှာ စကားသိပ်မပြောပဲ မိုက်ခ်ပြောသမျှကိုသာ "အင်း..." သို့မဟုတ် "ဟုတ်တယ်..." တို့နှင့်သာ သံယောင်လိုက်နေတတ်ကြသည်။ အနုပညာရှင်များသည် မျက်နှာလေးပြရုံနှင့် ပိုက်ဆံများ အိတ်အပြည့်ရနိုင်သည်မဟုတ်ပါလား။
သို့သော် မိုက်ခ်သည် သူ့စိတ်ထဲရှိသမျှကို ထုတ်ပြော၍မဖြစ်ပေ။ ထိုအနုပညာရှင်များ၏ ဖန်များကို သွားဆွ၍မရသောကြောင့် အချိန်အများစုတွင် မိုက်ခ်သည် Live များကို တစ်ယောက်တည်းသာစကားပြောနေရသည့်အပြင် အနုပညာရှင်များကို မဆီမဆိုင် ချီးကျူးမြှောက်ပင့်ပေးနေရသည်။
ထန်ချောင်းချောင်းကိုလည်း ထိုကဲ့သို့ပင်ထင်ထားသော်လည်း သူမ၏ အပြုအမူက မိုက်ခ်ကို အံ့အားသင့်သွားစေသည်။
ထန်ချောင်းချောင်းက မိုက်ခ်ကို လှမ်းကြည့်လိုက်သည်။
"ဘာဖြစ်လို့ ဘာမှဆက်မပြောတော့တာလဲ..."
"ဪ..."
မိုက်ခ်သည် အနည်းငယ် စိတ်ပြန်ငြိမ်သွားသည်။
"ဟုတ်တယ်...ဒီဘဲခြေထောက်က အရမ်းအရသာရှိတာ...ပြီးတော့ ချောင်းချောင်းကလည်း အားလုံးအတွက် စားပြပြီးသွားပြီ..."
ထန်ချောင်းချောင်းက ဆက်ပြောလိုက်သည်။
"ဒီဘဲလျှာကိုလည်း ကျွန်မ ပြမယ်...ဒီအထုပ်လေးထဲမှာ ၁၀ချောင်းတောင်ပါတာ...ကျွန်မကိုယ်တိုင်ရေကြည့်ပြီးသွားပြီ...အရမ်းတန်တယ်နော်..."
"အရောင်ကိုလည်းကြည့်ပါဦး...နီရဲပြီး ဆီလေးတွေ စိုနေတာ...အရသာက စပ်စပ်လေးနဲ့ ကိုက်လိုက်တိုင်း နူးညံ့နေတာပဲ...အရိုးနုကလဲ တကယ်ဝါးလို့ကောင်းတယ်...ဝါးလိုက်တာနဲ့ လျှာပေါ်မှာ အရည်တွေ ပေါက်ထွက်သွားမှာ..."
ထန်ချောင်းချောင်းက တစ်ထုပ်ကိုစားပြီး၍ နောက်တစ်ထုပ် ထပ်ဖောက်လိုက်သည်။ စားနေရင်းဖြင့် ပြောပြနေသည်။
"စူပါမားကတ်တွေမှာရောင်းတဲ့ ဘဲလျှာတွေက အရမ်းဈေးကြီးတယ်နော်...ဒါပေမယ့် ဒီနေ့ လျိုဟေးယာရဲ့ ဘဲလျှာတွေက တစ်ဝက်လျှော့ဈေးနဲ့ပေးနေတာနော်...ပုံမှန်ဈေးရဲ့တစ်ဝက်နဲ့ အိမ်ကိုအရောက်ပို့ပေးမှာ..."
"မုန့်လိုလည်းစားလို့ရသလို ထမင်းနဲ့လည်း တွဲစားလို့ရပါတယ်...ခေါက်ဆွဲပြုတ်ရင်လည်း တစ်ထုပ်လောက်ဖောက်ထည့်လိုက်ရင် ခေါက်ဆွဲလည်း အရသာပိုရှိသွားရော..."
မိုက်ခ်: "ချောင်းချောင်းက အကုန်ပြောသွားတော့ ကျွန်တော်တောင် ပြောစရာမကျန်တော့ဘူး..."
【ဟားဟားဟားဟား မိုက်ခ်ရဲ့ မျက်နှာကြီးက ရယ်ရလိုက်တာ...သူ ရုတ်တရက် ဘာမှလုပ်စရာမရှိတော့ပဲ သူ့ရဲ့ live လွှင့်တဲ့အလုပ်က ပျက်စီးသွားပြီလို့ ထင်နေပုံရတယ်...】
【ထန်ချောင်းချောင်းက မိုက်ခ်ထက် အလုပ်ပိုကြိုးစားနေတယ်...ဘယ်သူက ဝါရင့်သတင်းကြေငြာသူလဲ...ငါရယ်နေရပြီ...】
【ချောင်းပေါင်ရဲ့စကားတွေက အရမ်းဆွဲဆောင်နေတာပဲ...ငါ တစ်ပါကင်မှာထားလိုက်ပြီ...】
【အစားအသောက်ကိစ္စဆိုရင် ထန်ချောင်းချောင်းကို ဘယ်သူမှ မယှဉ်နိုင်ဘူး...】
...
မိုက်ခ်သည် နတ်ဆိုးကိုမယုံချေ။ နောက်ရောင်းရမည့်ပစ္စည်းသည် အစပ်ပြားများဖြစ်သည်။ ဤအစပ်ပြားများကို ထန်ချောင်းချောင်းစားနိုင်လိမ့်မည်ဟုလည်း မိုက်ခ် မယုံချေ။
"နောက် ပစ္စည်းကတော့ အရမ်းကြီးတဲ့ အစပ်ပြားတွေပဲဖြစ်ပါတယ်...ဒီအစပ်ပြားတွေက အရသာရှိတယ်...စပ်ပြီး ခံတွင်းရှင်းစေတယ်...စစားလိုက်တာနဲ့ ရပ်နိုင်တော့မှာမဟုတ်ဘူးနော်...ချောင်းချောင်း မင်း ဒါကိုတော့ ဒီတိုင်းထားလိုက်လို့ရတယ်နော်...စားပြစရာမလိုဘူး..."
"ရပါတယ်..."
ထန်ချောင်းချောင်းက မျက်နှာအရောင်လုံးဝမပြောင်းသွားပဲ အကြီးကြီး ကိုက်စားလိုက်သည်။
"ဒါက တို့ဖူးနဲ့လုပ်ထားတာ...အရမ်းဝါးလို့ကောင်းတယ်...အပေါ်မှာ အနီရောင်အစပ်ဆီတွေသုတ်ထားပြီး နှမ်းတွေလည်း အများကြီးဖြူးထားတယ်...ပြီးတော့ အရမ်းစပ်တယ်..."
"ဒါပေမယ့် တကယ်အစပ်စားနိုင်တဲ့လူတွေပဲ ဒါကိုဝယ်ဖို့ ကျွန်မ ပြောချင်ပါတယ်...အစပ်မစားနိုင်တဲ့လူတွေကတော့ သတိနဲ့စားကြပေါ့နော်...ဒါမှမဟုတ် သူ့ရဲ့ အရသာနောက်တစ်မျိုးဖြစ်တဲ့ ချိုစပ်အရသာလေးကို ဝယ်စားလို့ရပါတယ်...ဒီချိုစပ်လေးက အရမ်းလည်း မစပ်ပဲ အချိုအရသာလေးလည်း နည်းနည်းပါတယ်...အိမ်မှာပဲစားစား ခရီးသွားရင်းနဲ့ပဲစားစား တီဗီကြည့်ရင်းနဲ့ပဲစားစား အကုန်အဆင်ပြေတယ်နော်..."
【ဝူး...ခံဖူးတဲ့လူတစ်ယောက်အနေနဲ့ ထန်ချောင်းချောင်းပြောတာကို လုံးဝသဘောတူတယ်...အစပ်မစားနိုင်ရင် အစပ်အရသာကို လုံးဝမဝယ်နဲ့...အစပ်က မင်းဗိုက်တွေကိုတောင်နာစေတဲ့အထိ စပ်တာ...】
【ထန်ချောင်းချောင်းက အရမ်းရိုးသားတာပဲ...လူတိုင်းကို ဝယ်ဖို့ အတင်း ဆွယ်မနေဘူး...】
【အခါပေါင်းများစွာ ခံဖူးလို့ ငါသဘောတူတယ်..ဈေးပေါတိုင်း အကုန်လိုက်ဝယ်နေရင် မကောင်းဘူး...】
【ချောင်းပေါင်ပြောတာကိုနားထောင်ပြီး ချိုစပ်အရသာပဲ ဝယ်လိုက်မယ်...】
"ဟုတ်ပြီ ရဲဘော်တို့...နောက်တစ်ခုကိုဆက်ကြည့်လိုက်ရအောင်...ယွင်လောတံဆိပ် ခရုခေါက်ဆွဲ ဖြစ်ပါတယ်...ခရုခေါက်ဆွဲကို လူတိုင်းစားဖူးကြမှာပေါ့နော်...သူက နာမည်အကြီးဆုံးအသင့်စား အစားအစာထဲက တစ်ခုဖြစ်နေတယ်မဟုတ်လား...ဒီတံဆိပ်နဲ့ ခရုခေါက်ဆွဲကတော့ အဆာပလာတွေ အများကြီးပါတယ်...၈မျိုးတောင်ပါတာ...မြေပဲရယ် တို့ဖူးခြောက်ရယ် မျစ်ချဉ်ရယ် မုန်လာဥခြောက်ရယ်...ပြီးတော့ ဒီနေ့သာ မှာမယ်ဆိုရင် အရသာစိမ်ထားတဲ့ ကြက်ဥကိုလည်း လက်ဆောင်ရဦးမှာပါ..."
"ပရိသတ်တို့ ဝယ်လို့ကတော့ လုံးဝနောင်တမရစေရဘူးနော်...ဒီဟာတွေက အရသာ ရှိ မရှိကို ကျွန်မလည်း မပြောနိုင်သေးဘူး...စားကြည့်မှသိမှာ...ကျွန်မ ထန်ချောင်းချောင်းရဲ့ ပါးစပ်က ပရိသတ်ကြီးတို့ကို မညာဘူးဆိုတာတော့ သိကြတယ်လား...အခုပဲ ချက်ချင်းစားပြပြီး ပရိသတ်တွေကို ပြောပြမယ်နော်..."
အခုမှ မိုက်ခ်၏ Live လွှင့်နေသော ချန်နယ်ထဲကို ဝင်လာသူများသည် ကြီးမားသော အနီရောင် ခရုခေါက်ဆွဲပန်းကန်ကြီးကို တွေ့လိုက်ရသည်။ ထန်ချောင်းချောင်းသည် ကင်မရာရှေ့၌ ခေါက်ဆွဲအကြောင်းကို ပျော်ရွှင်စွာပြောနေကာ တစ်ချိန်တည်းမှာပင် အစားအသောက်၏အရသာကိုလည်း ပြောပြနေသည်။
"ဒီခေါက်ဆွဲက ချက်ပြုတ်ဖို့လည်း အရမ်းလွယ်ကူပါတယ်...ငါးမိနစ်လောက်ပြုတ်လိုက်တာနဲ့ ပျော့သွားရော...နူးညံ့ပြီးတော့ ဝါးလို့လည်းကောင်းတယ်...တို့ဖူးခြောက်နဲ့ မြေပဲတွေကလည်း ကြွပ်ကြွပ်လေးနဲ့ ဝါးလိုက်တိုင်း တဂျွတ်ဂျွတ်ဖြစ်နေမှာ...ဟင်းရည်ထဲစိမ်စားရင် ပိုတောင်ကောင်းသေးတယ်...အရသာစိမ်ထားတဲ့ကြက်ဥကလည်း အရသာချိုချိုလေးနဲ့ ဝါးလို့ကောင်းတယ်..."
ထန်ချောင်းချောင်းက အရသာစိမ်ထားသောကြက်ဥကို ဟင်းရည်ထဲစိမ်၍ ပါးစပ်ထဲ ထည့်လိုက်သည်။
"ကျွန်မဟင်းရည်ထပ်သောက်လိုက်ဦးမယ်...အရမ်းအရသာရှိတာပဲ..."
ထန်ချောင်းချောင်းသည် ဟင်းရည်ကကောင်းလွန်း၍ တမ်းတမ်းစွဲဖြစ်သွားသည်။
"အရသာကလေ အရမ်းလတ်ဆတ်ပြီး တကယ်ကောင်းတယ်..."
"လူတိုင်းအရမ်းစိတ်ပူနေတဲ့ အနံ့အကြောင်းကိုပြောရရင် အနံ့က တော်တော်လေးကို မွှေးပြီး ပြင်းပါတယ်...ဒါပေမယ့် အရည်က ဆီနီတွေပဲမဟုတ်ပဲ အနှစ်ပြည့်ပြည့်ဝဝရှိပါတယ်နော်...အရည်က အရမ်းမစပ်ပေမယ့် အရမ်းမွှေးတယ်...စပ်တာစားချင်ရင် ကိုယ့်ဘာသာကိုယ် ငရုတ်သီးရည် ထပ်ထည့်စားလို့ရပါတယ်...စိတ်မကောင်းစရာက ကြက်ဥကြော်တော့မပါဘူး အထုပ်ထဲမှာ...အိမ်မှာ ကိုယ့်ဘာသာကိုယ် ကြော်စားလိုက်ကြပေါ့နော်...ကြက်ဥကို အရည်တွေစုပ်ဝင်နိုင်အောင် အပေါ်ခွံလေးကို နည်းနည်းတူးတူးလေးကြော်လိုက်ရင် အရမ်းကို ပြီးပြည့်စုံသွားမှာ..."
ထန်ချောင်းချောင်းသည် သူမ၏ ဖန်များနှင့် စကားပြောနေရင်း ပစ္စည်းများကိုပါ တစ်ခါတည်း မိတ်ဆက်ပေးသွားသည်။ သူမ၏ပါးစပ်သည် တစ်ချိန်လုံးလှုပ်ရှားနေရသည်။ တစ်ဖက်တွင်တော့ ဘေးက မိုက်ခ်သည် ဘာမှမပြောနိုင်ပဲ ကြောင်အနေရသည်။
ထန်ချောင်းချောင်း၏ အပြုအမူများသည် မိုက်ခ်၏ထင်မြင်ချက်ကို ကျော်လွန်သွားပြန်ပြီဖြစ်သည်။ ထန်ချောင်းချောင်းသည် ခရုခေါက်ဆွဲကို အနည်းငယ်ပဲ ဟန်ပြစားလိမ့်မည်ဟု မိုက်ခ်ထင်ထားခဲ့သည်။ ထိုသို့လုပ်သည်က ပုံမှန်ပင်မဟုတ်လား။ ရောင်းစရာပစ္စည်းကလည်း များစွာကျန်နေသေးသောကြောင့် အစားအစာများကို အကုန်စားပြနိုင်မည်မဟုတ်ချေ။ သို့သော် ထန်ချောင်းချောင်းသည် သူမ၏ရှေ့ရှိ ခေါက်ဆွဲပန်းကန်ကို ကုန်လုနီးပါး စားပစ်လိုက်သည်။
ထန်ချောင်းချောင်းက လုံလောက်သည်ဟူ၍ပင် မထင်သေးချေ။
"မိုက်ခ် ခုနက ဘဲခြေထောက်နဲ့ ဘဲလျှာနည်းနည်းယူပေးပါလား...အဲ့ဒါတွေကိုပါ ဒီခေါက်ဆွဲထဲထည့်စားလိုက်ရင် အရမ်းအရသာရှိသွားမှာ..."
မိုက်ခ်က ကြောင်တောင်တောင်ဖြင့် ခေါင်းငြိမ့်ကာ ဘေးမှ အကူဆီမှ ဘဲခြေထောက်နှင့် ဘဲလျှာနှစ်ထုပ်ကို လှမ်းယူပေးလိုက်သည်။
ထန်ချောင်းချောင်းသည် အထုပ်များကိုဖောက်ကာ ဘဲခြေထောက်နှင့် ဘဲလျှာကို ခရုခေါက်ဆွဲ၏ဟင်းရည်ထဲသို့ ထည့်စိမ်၍ တစ်ခုပြီး တစ်ခုကို အလွန်စိတ်ကျေနပ်သောမျက်နှာဖြင့် ပါးစပ်ထဲထည့်နေသည်။
【ထန်ချောင်းချောင်းက တကယ်စားနိုင်တာပဲ...】
【ငါမထိန်းချုပ်နိုင်တော့ဘူး...အခုပဲ ခရုခေါက်ဆွဲထပြုတ်လိုက်မိပြီ...ငါ့အခန်းဖော်တွေ အခုချက်ချင်းပြန်မရောက်လာဖို့ဆုတောင်းရမှာပဲ...ခေါက်ဆွဲနံ့က တစ်ဆောင်လုံးပြည့်နေပြီ...】
【ဘုရားရေ...ထန်ချောင်းချောင်းက တစ်ပန်းကန်လုံးကို ကုန်အောင် စားလိုက်တာပဲ...မိုက်ခ်တောင် တစ်လုတ် နှစ်လုတ်ပဲဝင်စားလိုက်ရတယ်...ထန်ချောင်းချောင်းက တကယ်အလုပ်ကြိုးစားတာပဲ...】
ထို့နောက်တွင်တော့ မိုက်ခ်သည် ကြေငြာပေးသူနေရာကို ထန်ချောင်းချောင်းဆီသို့ လုံးဝလွှဲပြောင်းပေးလိုက်၍ အရံနေရာ၌သာ ကူပေးတော့သည်။ ထန်ချောင်းချောင်းကလည်း ရေထဲမှငါးကဲ့သို့ ပစ္စည်းအမျိုးမျိုးကို ကျွမ်းကျင်သွက်လက်စွာ ရောင်းချပေးနေသည်။
"ဒီသစ်ချသီးက အန်ဟွေ့ဒေသက ထွက်တာပါ...အစေ့တွေက ကြီးပြီး အနှစ်ပြည့်တယ်...ကြွပ်ကြွပ်လေးနဲ့ ချိုလည်းချိုတယ်...အရမ်းလတ်ဆတ်တယ်နော်...ကျွန်မတို့ အတတ်နိုင်ဆုံး မြန်မြန် ပို့ဆောင်ပေးမှာပါ..."
"သစ်ချသီးတွေကို ဒီတိုင်းအခြောက်စားရတာ ပျင်းလာရင် ပယင်းသစ်ချသီးလုပ်နည်းကို ကျွန်မသင်ပေးမယ်...အဖြူရောင်သကြားတွေကို အညိုရောင်သကြားရည်ပျစ်ပျစ်ဖြစ်လာပြီး နည်းနည်းပူဖောင်းလေးတွေထလာတဲ့အထိ အပူပေးရမယ်...အချိုကြိုက်ရင် ပျားရည်တစ်ဇွန်းလောက်ထပ်ထည့်ပြီး ခွာထားတဲ့ သစ်ချသီးတွေကို အဲ့ဒီထဲထည့်ပြီး သေချာရောမွှေပေးရမယ်...နောက်ဆုံးမှာ နှမ်းလေးနည်းနည်းဖြူးပြီး မီးဖိုထဲ ထည့်ဖုတ်လိုက်..."
"ကြည်လင်နေတဲ့သကြားရည်က သစ်ချသီးတွေကို ဖုံးသွားတဲ့အခါ ပယင်းလိုမျိုး ရွှေရောင်လေးဖြစ်လာလိမ့်မယ်...အဲ့ဒါက အရမ်းမွှေးပြီး ချိုလည်းချိုတယ်...အအေးခံပြီးရင် အရမ်းကြွပ်ရွသွားရော...အချိန်သာရှိမယ်ဆိုရင် သေချာပေါက် လုပ်စားကြည့်ကြပါနော်..."
မိုက်ခ်သည် ထန်ချောင်းချောင်း၏ အသေးစိတ်ပြောပြနေသည်ကို နားထောင်ရင်း သူ့လက်ထဲမှ သစ်ချသီးများသည် အရသာပေါ့ပျက်သွားသလို ခံစားလိုက်ရသည်။
လောဘတွေကြီးနေမိပါလား...
အချိန်သာရှိမည်ဆိုပါက ဤနေရာ၌ပင် ထန်ချောင်းချောင်းကို ပယင်းသစ်ချသီးများ ချက်ချင်းလုပ်ပြစေချင်စိတ်များ ပေါ်နေမိသည်။
【ထန်ချောင်းချောင်းရေ တော်ပါတော့...ငါအခုချက်ချင်းဝယ်ချင်နေပြီ...】
【သူဌေးက ထန်ချောင်းချောင်းကို ပိုက်ဆံပိုပေးသင့်နေပြီ...】
【အပေါ်ကလူပြောတာကိုသဘောတူတယ်...ဒီလိုပစ္စည်းလည်းရောင်းပြီး ဟင်းချက်နည်းပါပြောပြနိုင်တဲ့ လူမျိုး ဘယ်မှာရှာနိုင်လို့လဲ...】
ပစ္စည်းများမိတ်ဆက်ပေးသည့်အလုပ်ကို ထန်ချောင်းချောင်းအား လွှဲထားသောကြောင့် မိုက်ခ်သည် လိုင်းပေါ်မှလူများ၏ ကောမန့်များကို ဖတ်ရန်အချိန်ရနေသည်။
"ကြည့်နေတဲ့လူတွေက မင်းကို ပိုက်ဆံပိုပေးဖို့ သူဌေးကိုပြောနေကြတယ်...မင်းက ကောင်းကောင်းရောင်းပေးလို့ ချီးကျူးနေကြတာ..."
ထိုအချိန်၌ ထန်ချောင်းချောင်းသည် ရောင်းရန် နောက်ပစ္စည်းတစ်မျိုးဖြစ်သည့် ကြက်ပေါင်အထုပ်ကို ဖောက်နေခြင်းဖြစ်သည်။ မိုက်ခ်ပြောသည်ကို ကြားသောအခါ ထန်ချောင်းချောင်းသည် ချက်ချင်းပင်ပျော်ရွှင်သွားသည်။ သူမ၏ပရိသတ်များသည် တကယ်ပင် သူမ၏ စိတ်အရင်းအမှန်ကို မြင်နိုင်ကြသည်ပဲ။
Xxxxxx