Chapter 87
အထူးစပယ်ရှယ်နှိုးစက်သံ
ထန်ချောင်းချောင်းသည် လက်များကို ခေါင်းပေါ်သို့မြှောက်၍ ကင်မရာကို ချစ်တယ် ဟူသော အမူအရာ လုပ်ပြလိုက်သည်။ သူမသည် ပြုံးပြနေသော်လည်း လက်တစ်ဖက်တွင် ကြက်ပေါင်တစ်ချောင်းကို ကိုင်ထားလျက်သားဖြစ်နေသည်။
【အား အား အား အား အား အား ချောင်းပေါင်က ချစ်ဖို့ကောင်းလိုက်တာ...ချစ်တယ်.. 】
【ထန်ချောင်းချောင်းရဲ့ အချစ်က ကြက်ပေါင်ပဲ ဟားဟားဟား...】
【ငါ ဓာတ်ပုံရိုက်ထားလိုက်တယ်...အနုပညာရှင်တွေ လက်နဲ့ အသည်းပုံလုပ်ပြတဲ့ သမိုင်းမှာ အထူးဆန်းဆုံး အသည်းပုံပဲ...】
မိုက်ခ်သည် တော်တော်လေး စိတ်ထဲ၌ ခံစားသွားရသဖြင့် မနေနိုင်ပဲ မေးလိုက်သည်။
"ချောင်းချောင်း ငါ့ရဲ့ စတူဒီယိုထဲမှာ အလုပ်လုပ်သွားသမျှ နာမည်ကြီး အများကြီးထဲမှာ မင်းက အလုပ်အကြိုးစားဆုံးပဲ...ဘယ်လိုစိတ်မျိုးထားပြီး ဒီလိုကြိုးစားနေရတာလဲ..."
"ဟုတ်လား..."
ထန်ချောင်းချောင်းက ပွင့်ပွင့်လင်းလင်းပင် ပြောလိုက်သည်။
"ကျွန်မက ဘာမှတော့သိပ်မစဉ်းစားပါဘူး...ကျွန်မက ဒီလိုရောင်းပေးခကို တစ်သိန်းလောက် တောင်းပေမယ့် တချို့တွေက တစ်သိန်းထက်ပိုပြီး ပေးတာတောင်ရှိတယ်...ကျွန်မ ဒီလို ပစ္စည်းတွေရောင်းပေးဖို့အတွက် လူတွေက ပိုက်ဆံတွေအများကြီး ကုန်ကျထားရတာ...အဲ့ဒီတော့ ကျွန်မရဲ့ လုပ်ဆောင်ချက်ကလည်း အဲ့ဒီကုန်ကျထားတဲ့ပိုက်ဆံတွေနဲ့ ထိုက်တန်အောင် လုပ်ပေးသင့်တယ်မဟုတ်လား..."
"ဒါပေမယ့် တကယ်ပိုပြီး အရေးကြီးတဲ့အချက်ကတော့ ဒီစားစရာတွေကလည်း တကယ်အရသာရှိနေတယ်လေ...ဥပမာ ဒီကြက်ပေါင်ဆိုရင် အရမ်းနူးညံ့ပြီး အရမ်းအရသာရှိတယ်...ဒီနေ့ ကျွန်မတို့ အထုပ် ငါးသောင်းလောက်ကို တစ်ဝက်လျှော့ဈေးနဲ့ရောင်းဖို့ ပြင်ဆင်ထားပါတယ်...ဝယ်ရမယ့် link ကို အခုချက်ချင်းတင်ပေးလိုက်ပါတော့မယ်နော်...အဆင်သင့်ဖြစ်ကြပြီလား..."
【အယ်ဒီတာရေ ကျေးဇူးပြုပြီး စကရင်ပေါ်မှာ "အလုပ်ကြိုးစားခြင်း" ဆိုတဲ့စာလေးထည့်ပေးပါ...】
【ထန်ချောင်းချောင်းရဲ့စကားတွေက အရမ်းလက်တွေ့ကျတယ်...တကယ်လည်း လူတွေက သူ့ကို ပိုက်ဆံပေးတယ်ဆိုရင် အလုပ်ကို သေချာလုပ်ရမှာပဲမဟုတ်ဘူးလား...】
【မဟုတ်ဘူး...မင်းမှားနေပြီ အပေါ်ကလူ...တကယ့်အကြောင်းရင်းက အစားအသောက်တွေ အရသာရှိလွန်းလို့...ဟားဟားဟား...】
...
ထန်ချောင်းချောင်းသည် စိတ်ကိုနှစ်၍ သေချာကြိုးစားခဲ့သည်။ ထန်ချောင်းချောင်းတစ်ယောက် Live လွှင့်နေရင်းဖြင့် အစားအစာများကို ဦးဆောင်ကာ စားပြခဲ့ခြင်းကြောင့် အွန်လိုင်း၌ဝယ်၍ရသည်နှင့်တစ်ပြိုင်နက် ပစ္စည်းများအားလုံးသည် အကုန်ရောင်းထွက်သွားကုန်သည်။
ထန်ချောင်းချောင်းသည် ရောင်းချ၍ရသည့် ရလဒ်များအကြောင်းကြားလိုက်သောအခါ ရယ်လိုက်သည်။
"ကျွန်မတော့ ဘဝအတွက် ပန်းတိုင်အသစ်ကို ရှာတွေ့ပြီထင်တယ်..."
မိုက်ခ်သည် ရုတ်တရက် အလုပ်မရှိတော့မည့်အကြောင်းကို စဉ်းစားမိကာ တုန်လှုပ်သွားသည်။
Live လွှင့်ခြင်းသည် ပြီးဆုံးကာလည်းနီးပြီဖြစ်သောကြောင့် မိုက်ခ်သည် ပစ္စည်းများရောင်းချခြင်းကို ရပ်ဆိုင်းလိုက်တာ ထူးဆန်းစွာပြောလိုက်သည်။
"ကဲ ခဏလောက်နားလိုက်ကြရအောင်...အခု ဖန်တွေနဲ့ သူငယ်ချင်းတွေအတွက် အထူးအံ့ဩဖွယ် ကိစ္စလေးရှိနေပါတယ်...ဒီနေ့ လိုင်းပေါ်မှာ တန်ဖိုးအများဆုံးဝယ်ယူခဲ့တဲ့ ပရိသတ်တစ်ယောက်က ထန်ချောင်းချောင်းနဲ့ စကားပြောနိုင်ပြီး ချောင်းချောင်းဆီက အထူးသီးသန့် လက်ဆောင်တစ်ခုကိုလည်း ရယူနိုင်မယ့် အစီအစဉ်ဖြစ်ပါတယ်..."
【ငါဒါကို မသိခဲ့ဘူး...အခု အော်ဒါတွေတင်လို့ရသေးလား...】
【သနားစရာသရဲလေး...မင်းမဝယ်နိုင်ပါဘူး...ဒါမျိုးက သူဌေးတွေပဲ လုပ်နိုင်မှာ】
မိုက်ခ်က လက်ထောက်ကမ်းပေးလိုက်သော ပရိသတ်များ၏ အဝယ်စာရင်းကိုကြည့်၍ ပြုံးလိုက်သည်။
"ထိပ်ဆုံးနာမည်နှစ်ခုက ချောင်းချောင်းရဲ့ အမာခံဖန်တွေပဲ...ဝယ်ထားတဲ့ အရေအတွက်က ဘယ်လောက်မှသိပ်မကွာဘူး...ဒုတိယနေရာက 'ချောင်းပေါင်လက်ထဲမှကြာပွတ်လေး' က ပထမနေရာထက် ယွမ် တစ်သောင်းလောက်ပဲနည်းသွားတာ...ပထမနေရာက လူကို ဆက်သွယ်မရရင် ဒုတိယနေရာရတဲ့ ပရိသတ်ကို အလိုအလျောက်လွှဲပြောင်းပေးလိုက်ပါမယ်..."
ထန်ချောင်းချောင်းသည် ကျန်းကုန်းကျွီ၏ လိုင်းပေါ်မှ နာမည်ကိုကြားသောအခါ သိပ်မအံ့ဩမိချေ။ အံ့ဩဖွယ်ကောင်းသည်က သူမ၏ပရိတ်သတ်ထဲတွင် ကျန်းကုန်းကျွီထက် ပိုက်ဆံပိုသုံးနိုင်၍ ပိုရက်ရောသော ပရိသတ်ရှိနေခြင်းပင်ဖြစ်သည်။
"ပထမနေရာကလူရဲ့ နာမည်က ဘာလဲ..."
ထန်ချောင်းချောင်းကမေးလိုက်သည်။
မိုက်ခ်က ဖတ်ပြလိုက်သည်။
"အရူးမလေးချောင်း၏ပထမတန်းစားဥယျာဉ်မှူး..."
"အရူးမလေးချောင်း၏ပထမတန်းစားဥယျာဉ်မှူး ဟုတ်လား..."
ထန်ချောင်းချောင်းက ပြန်၍ ရေရွတ်လိုက်သည်။ သူမသည် ဘယ်လိုများ အရူးမလေး ဖြစ်သွားပါလိမ့်။
ထိုအချိန်၌ ရှန်းယွဲ့သည် ထန်ချောင်းချောင်းသည် Live ကို tablet ၌ ကြည့်နေရင်းက လူကြားထဲတွင် သူ၏ လိုင်းပေါ်မှနာမည်ကို ထန်ချောင်းချောင်းခေါ်လိုက်သည်ကို ကြားလိုက်ရသည်။ ရှန်းယွဲ့သည် ရှက်လွန်းသဖြင့် မြေကြီးထဲသာ နစ်ဝင်သွားချင်တော့သည်။
ထိုသို့ဖြစ်ရခြင်းမှာ ဖန်ဂရု၏ခေါင်းဆောင် ရှောင်ရှောင်ဆိုသူက ဂရုထဲသို့ဝင်လာသူများကို နာမည်အတင်းပြောင်းခိုင်းသောကြောင့်ဖြစ်သည်။
ထို့ကြောင့် ရှန်းယွဲ့သည် သိပ်မစဉ်းစားပဲ ခေါင်းထဲပေါ်လာသည့် နာမည် ကောက်ပေးလိုက်ခြင်းဖြစ်သည်။ ယခုတော့ လူကြားထဲ၌ အရှက်ကွဲရပေပြီ။
ဤသို့ ဖြစ်မည်မှန်းသာသိခဲ့လျှင် "မိုက်မဲလွန်းသောထန်ချောင်းချောင်း" ဟူသော နာမည်မျိုး ရွေးခဲ့မိမည်ဖြစ်သည်။
ရှန်းယွဲ့တစ်ယောက် နောင်တရနေဆဲတွင် ဖုန်းသံမြည်လာသည်။ Live ထဲတွင် မိုက်ခ်နှင့် ထန်ချောင်းချောင်းတို့သည် ပထမနေရာမှလူ၏ဖုန်းကို ခေါ်နေကြပြီဖြစ်ရာ ထိုဖုန်းသည် ရှန်းယွဲ့၏ဖုန်း ဖြစ်နေလေသည်။
ကိုင်ရမည်လား မကိုင်ရမည်လား...
ထန်ချောင်းချောင်းသည် ဤဖုန်း၏နံပါတ်ကိုမသိသော်လည်း ရှန်းယွဲ့၏အသံကိုတော့ မှတ်မိမည်ပင်။
သို့သော် ရှန်းယွဲ့မကိုင်လိုက်ပါက မိုက်ခ်က ဆုကို ဒုတိယနေရာဖြစ်သော ကြာပွတ် ကျန်းကုန်းကျွီကို ပေးလိုက်ပြန်ဦးမည်ဖြစ်သည်။
ထိုကြာပွတ်သည် သိပ်မယုံရပေ။ ဤအခွင့်အရေးမျိုးကို သူ့ကိုပေးလိုက်၍ လုံးဝမဖြစ်ချေ။
မိုက်ခ်သည် ဖုန်းမှ တတီတီ မြည်သံကို နားထောင်၍ စိတ်မကောင်းစွာပြောလိုက်သည်။
"ကြည့်ရတာ ကျွန်တော်တို့ရဲ့ ပထမနေရာကပရိသတ်က ဖုန်းမကိုင်ဘူးထင်တယ်...ဒါဆိုရင် ကျွန်တော်တို့ ဆုကို ဒုတိယနေရာဆီ..."
မိုက်ခ် စကားမဆုံးခင်မှာပင် ဖုန်းက ဆက်သွယ်၍ရသွားကာ အသံဩဩနှင့် ခပ်ရှရှ အမျိုးသားအသံကို လူတိုင်းကြားလိုက်ရသည်။
"ဟေး..."
မိုက်ခ် အံ့ဩသွားသည်။
"ဖုန်းကိုင်လိုက်ပါပြီ...ဟယ်လို လူကြီးမင်းခင်ဗျာ...အစ်ကိုက ထန်ချောင်းချောင်းရဲ့ ဖန်ပါလားခင်ဗျ..."
တစ်ဖက်မှ အသံရပ်သွားသည်။
ထန်ချောင်းချောင်းက စဉ်းစားနေသည်။
ဘာဖြစ်လို့ တိတ်ဆိတ်သွားရတာလဲ...ဖြေဖို့အဆင်မပြေလို့လား...
ရှန်းယွဲ့: "အဲ့လို ပြောလို့ရပါတယ်..."
ထန်ချောင်းချောင်းက မျက်မှောင်ကျုံ့လိုက်သည်။
ဘာပြောလို့ရပါတယ်လဲ...
ထို့နောက် ထန်ချောင်းချောင်းကမေးလိုက်သည်။
"ဘာဖြစ်လို့ ရှင့်ရဲ့အသံက ရှတတကြီးဖြစ်နေတာလဲ...နားထောင်ရတာ တစ်ယောက်ယောက်က သူ့လည်ပင်းကို သူ့ဘာသာသူပြန်ကိုင်ပြီး ပြောနေသလိုပဲ..."
တစ်ဖက်က ရှင်းပြသည်။
"ကျွန်တော် မကြာသေးခင်ကမှ ဖျားထားလို့ပါ...လည်ချောင်းက အခုထိ သိပ်မကောင်းသေးလို့..."
တစ်ဖက်လူက ချောင်း နှစ်ခါဆိုးလိုက်သည်။
"ဒါကြောင့်ကိုး..."
မိုက်ခ်က နားလည်သွားသည့်ပုံဖြင့် ပြောလိုက်သည်။
"ကျွန်တော်ထင်တာ အစ်ကိုက အခုပဲ ရောင်းသမျှပစ္စည်းတိုင်းကို အထုပ်တစ်ထောင်လောက် ဝယ်သွားတယ်နော်...တစ်ယောက်တည်း စားကုန်ပါ့မလားဗျ..."
ရှန်းယွဲ့က ခပ်ပြတ်ပြတ်ပြောလိုက်သည်။
"မိသားစုက လူများလို့ပါ..."
တကယ်တော့ လူမများပါချေ။ လီကျိကတော့ ပျော်လွန်း၍ ထခုန်နေဦးမည်ထင်သည်။ သူဌေးက တစ်ရုံးလုံးအတွက် မုန့်များ အလကားပေးဦးမည်လေ။
မိုက်ခ်က ဆက်ပြောသည်။
"လူကြီးမင်းက ပစ္စည်းတွေအများကြီးဝယ်ထားတာဆိုတော့ ထန်ချောင်းချောင်းရဲ့ အမာခံပရိသတ်ထင်တယ်နော်...အစ်ကိုက ထန်ချောင်းချောင်းအပေါ် ဘယ်လောက်သစ္စာရှိလဲဆိုတာသိအောင် ကျွန်တော်တို့ ဂိမ်းလေးတစ်ခုလောက် ကစားချင်တယ်ဗျ...အစ်ကို ဒီဂိမ်းကိုနိုင်တာနဲ့ ထန်ချောင်းချောင်းကိုယ်တိုင် အသံသွင်းထားတဲ့ အထူး နှိုးစက်သံကို အစ်ကို ရမှာပါ..."
"ဒီလို မေးခွန်းတွေအများကြီးမေးမယ်ဆိုတာကို ဘာဖြစ်လို့ အစောကြီးထဲက မပြောတာလဲ..."
ရှန်းယွဲ့က မကျေမနပ်ဖြစ်နေသည်။
ထန်ချောင်းချောင်းက မျက်ခုံးကိုပင့်လိုက်သည်။ ဘာလို့များ ဤဖန်၏အသံက ရွံရှာနေပုံပေါက်နေသည်ဟု ထန်ချောင်းချောင်း ထင်နေမိတာပါလိမ့်။ ထိုဖန်သည် အလွန်ပျော်ရွှင်နေရမည်မဟုတ်လား။ သူသည် ထန်ချောင်းချောင်းကို မုန်းတီးနေသူများလား။
"ထန်ချောင်းချောင်းနဲ့ပတ်သတ်တဲ့ အရမ်းလွယ်ကူတဲ့မေးခွန်းလေး သုံးခုပါပဲခင်ဗျ...ခဏနေရင် ချောင်းချောင်းကလည်း စာရွက်ပေါ်မှာ အဖြေတွေ ရေးလိမ့်မယ်...အစ်ကို့ရဲ့အဖြေတွေနဲ့ သူ့အဖြေတူရင် အစ်ကို အနိုင်ရမှာပါ..."
ရှန်းယွဲ့: "ဒါဆိုလည်း မြန်မြန်မေးပါ..."
မေးခွန်းများမေးပြီးသောအခါ ဖုန်းကိုအမြန်ချလိုက်မည်ဟု ရှန်းယွဲ့ စီစဉ်ထားသည်။ ရှန်းယွဲ့သည် အသံကို သိပ်ကြာကြာမထိန်းထားနိုင်တော့ချေ။
"ပထမဆုံးမေးခွန်းက အခုအချိန်အထိ ထန်ချောင်းချောင်းသရုပ်ဆောင်ထားတဲ့ ဇာတ်ကောင်တွေကို ပြောပြပါ...ထန်ချောင်းချောင်းက အဖြေကို အရင်ရေးလိုက်ပါ..."
ထန်ချောင်းချောင်းက မေးခွန်းကို အစောကြီးထဲက သိထားသောကြောင့် အဖြေကို ဘုတ်ပြားပေါ်၌ ရေးလိုက်သည်။
မိုက်ခ်က ထန်ချောင်းချောင်း ဘောပင်ချလိုက်သည်ကိုကြည့်ကာ ပြောလိုက်သည်။
"ဟုတ်ပြီ...အခု ဒီက အစ်ကိုက ဖြေပေးပါဦး..."
ရှန်းယွဲ့က အမြန်ပြောလိုက်သည်။
"ပထမတစ်ခုက ဆက်စီကျတဲ့မြေခွေးမ ရယ်၊ ဒုတိယတစ်ခုက တောရွာက ဟင်းချက်သမလေး...ဒုတိယဟာက ခုထိတော့ မထုတ်လွှင့်ရသေးဘူး..."
အဖြေများက အလွန်ရိုးရှင်းနေကြသည်...
မိုက်ခ်: ???
ဒီဖန်က သူ့အဖြေက ဘာတွေမှားနေလဲဆိုတာတောင် မသိဘူးလား...
မိုက်ခ်သည် ထန်ချောင်းချောင်းဘက်သို့ လှည့်ကြည့်လိုက်ရာ ထန်ချောင်းချောင်း၏မျက်နှာသည်လည်း မေးခွန်းများဖြင့် ပြည့်နေသည့်ပုံ ပေါက်နေသည်။
"ထန်ချောင်းချောင်းရဲ့ အဖြေကိုကြည့်လိုက်ကြရအောင်..."
ဘုတ်ပြားပေါ်၌ ရေးထားသည်က မြတ်နိုးဖွယ်ကောင်းသောမြေခွေးနီမလေး နှင့် အလုပ်ကြိုးစားသောစားဖိုမှူးကျောက်ရှောင်းရှန့် ဟူ၍ ဖြစ်သည်။
【ထန်ချောင်းချောင်းရဲ့မျက်မှာက 'ငါ့မှာမစစ်မှန်တဲ့ဖန်ရှိနေတာလား' ဆိုတဲ့ပုံနဲ့...】
【အဖြေတွေက တူတော့တူတူပါပဲ...ဒါပေမယ့် စကားလုံးအသုံးအနှုန်းမှားသွားတော့ အဓိပ္ပာယ်တွေကပါ လွဲကုန်တာ ဟားဟားဟားဟားဟား...】
【တကယ်တော့ ဖန်ပြောတာက ငါ့စိတ်ထဲက စဉ်းစားနေတဲ့အတိုင်းပဲ...ဒုတိယဟာကတော့ မသေချာသေးပေမယ့် ချောင်းပေါင်ပထမဆုံးသရုပ်ဆောင်ရတဲ့ ဇာတ်ရုပ်ကတော့ တကယ်တစ်မျိုးကြီး...】
မိုက်ခ်က ပထမမေးခွန်းကို အဆုံးသတ်လိုက်သည်
"ဒီဖန်က တကယ်ဟာသဉာဏ်ရှိတာပဲ ဟားဟား...ဆိုလိုချင်တဲ့အဓိပ္ပာယ်ကတူနေလို့ အဖြေက မှန်ကန်ပါတယ်ခင်ဗျာ..."
ထန်ချောင်းချောင်းက ဂရုဏာအပြုံး ပြုံးပြလိုက်သည်။
"လူကြီးမင်းရှင့်...နောက်ဆို အဖြေတွေကို သေချာဂရုစိုက်ပြီး ဖြေပေးပါနော်..."
"ဒုတိယမေးခွန်းက ထန်ချောင်းချောင်းရဲ့ အကြိုက်ဆုံးအစားအစာက ဘာလဲ..."
မေးခွန်းဖတ်ပြီးသောအခါ မိုက်ခ်က ပြောလိုက်သည်။
"ဒါက နည်းနည်းခက်တဲ့ မေးခွန်းပဲ...သကြားယုန်လေးတွေရော မင်းတို့ရဲ့ အိုင်ဒေါက ဘာကိုစားရတာ အကြိုက်ဆုံးလဲ ဆိုတာ သိကြလား..."
ထန်ချောင်းချောင်းက အဖြေကို ဘုတ်ပြားပေါ်၌ ရေးလိုက်သည်။
မိုက်ခ်: "ဖြေလို့ရပါပြီ..."
ရှန်းယွဲ့ကပြောလိုက်သည်။
"ထန်ချောင်းချောင်းမှာ အကြိုက်ဆုံးအစားအစာမရှိဘူး..."
ထန်ချောင်းချောင်း၏မျက်လုံးများတောက်ပသွားသည်။ အဖြေက မှားသွားသည်လေ။
သို့သော် ဖုန်းထဲမှလူက ချက်ချင်းဆက်ပြောလိုက်သည်။
"ဘာဖြစ်လို့လဲဆိုတော့ သူက စားစရာတွေအကုန်လုံးစားရတာကို ကြိုက်နေတာကိုး..."
ထန်ချောင်းချောင်းက ပြုံး၍ ဘုတ်ပြားကို ဖြည်းဖြည်းချင်း လှည့်ပြရင်း ပြောလိုက်သည်။
"အရသာရှိတဲ့ အစားအစာတွေကို ကြိုက်တယ်..."
"အိုး ဒီလောက်စိတ်ချင်းဆက်နေတာတောင်မှ အစ်ကိုက ထန်ချောင်းချောင်းရဲ့ ဖန်မဟုတ်ဘူး လို့ပြောနေသေးတယ်...အရမ်းနှိမ့်ချတာပဲ..."
မိုက်ခ်က ပြောလိုက်သည်။
"တကယ်တော့ ဒီဂိမ်းကိုတောင် အစ်ကိုနိုင်နေပါပြီ...ဒါပေမယ့် နောက်ဆုံးမေးခွန်းလေးတော့ မေးဦးမယ်နော်...ထန်ချောင်းချောင်းအကြောက်ဆုံးအရာက ဘာလဲ..."
တစ်ဖက်မှအသံသည် အနည်းငယ်ဩနေသော်လည်း ထိုအသံကို ရင်းနှီးမှုရှိနေသည်ဟု ထန်ချောင်းချောင်းခံစားနေမိသောကြောင့် တစ်ဖက်လူ၏ ဖြေမည့်အသံကို အစွမ်းကုန် နားစွင့်နေလိုက်သည်။ ထိုလူသာ ထန်ချောင်းချောင်းထင်နေသောလူဖြစ်ပါက ထိုအဖြေကို စဉ်းစားနိုင်ပေလိမ့်မည်။ သို့သော် ဖြစ်နိုင်ပါမည်လား။
'ဆေးထိုးခံရတာ...'
ရှန်းယွဲ့သည် အဖြေကို ချက်ချင်းတွေးမိလိုက်သော်လည်း စကားလုံးများက ပါးစပ်နားရောက်ကာမှ ပြန်မျိုချလိုက်သည်။
ထန်ချောင်းချောင်းသည် ဆေးထိုးခံရသည်ကိုကြောက်သော်လည်း ထိုအကြောင်းကို အင်တာဗျုးများ၌ ပြောပါမည်လား။
ရှန်းယွဲ့မသေချာပေ။ ထန်ချောင်းချောင်းသာ မပြောထားပါက ထိုအကြောင်းကို သိသည့်လူ ရှိမည်မဟုတ်ချေ။ ထိုအခါ ရှန်းယွဲ့သာ ပြောလိုက်ပါက သူ့ကိုယ်သူ ဖော်ထုတ်လိုက်သလို ဖြစ်သွားလိမ့်မည်။
ထို့ကြောင့် ရှန်းယွဲ့သည် ခဏမျှ စဉ်းစားသလို လုပ်ပြီးမှ ပြောလိုက်သည်။
"သူကြောက်တာက ထန်ဇွန်းတစ်ချောင်း တို့ ကင်းကောင်ဘာဘီတို့လို ပေါက်ကရ နာမည်ပြောင်တွေ အပေးခံရတာ နေမှာပေါ့..."
ထိုအဖြေကို ထန်ချောင်းချောင်းကြားသောအခါ အလွန် စိတ်သက်သာရာရသွားသည်။ သေချာစဉ်းစားကြည့်သောအခါ ရှန်းယွဲ့ဆိုသော ပြဿနာပေးသည့်သရဲက ဘယ်လိုများ ဤအစီအစဉ်ဆီ ရောက်နေနိုင်မည်နည်။
"စိတ်မကောင်းစရာပါပဲခင်ဗျာ...အစ်ကို့အဖြေက မှားသွားပါတယ်..."
ထန်ချောင်းချောင်းက ဘုတ်ပြားကို လှည့်ပြ၍ ပြောလိုက်သည်။
"ဆေးထိုးခံရတာ..."
【ထန်ချောင်းချောင်းက ဆေးထိုးခံရတာကို တကယ်ကြောက်တာလား...ငါလဲ ဟိုလူရဲ့အဖြေကို မှန်တယ်ထင်နေတာ...】
【ဒီလောက်တောင် အားကြီးတဲ့ ထန်ချောင်းချောင်းက ဆေးထိုးခံရတာကိုကြောက်တယ်တဲ့လား...ဘယ်လိုတောင် ဆန့်ကျင်ဘက်တွေဖြစ်နေတာလဲ ဟားဟားဟား...】
【ထန်ချောင်းချောင်းက ဆေးထိုးတာကြောက်တော့ ဘာဖြစ်လဲ...ငါလဲကြောက်တာပဲ...အပ်ကြီးက အသားထဲစိုက်ဝင်သွားတာ တွေးကြည့်ရုံနဲ့တင် ကြောက်လို့ တုန်တောင်တုန်တယ်...】
【ဟိုလူက မေးခွန်းနှစ်ခုတောင် မှန်အောင်ဖြေနိုင်တာပဲ...မဆိုးပါဘူး...သူက သကြားယုန်လေးတွေအတွက် အကောင်းဆုံး ကိုယ်စားလှယ်ပဲ...】
နောက်ဆုံး၌ ရှန်းယွဲ့သည် မေးခွန်းနှစ်ခုကို မှန်ကန်အောင်ဖြေဆိုနိုင်သောကြောင့် စည်းမျဉ်းအရ ထန်ချောင်းချောင်းသည် ရှန်းယွဲ့အတွက် အထူးနှိုးစက်သံကို ချက်ချင်းပင် အသံသွင်းပေးလိုက်သည်။
Xxxxxxx