Chapter 88
နောက်ဆုံး၌ ရှန်းယွဲ့သည် မေးခွန်းနှစ်ခုကို မှန်ကန်အောင်ဖြေဆိုနိုင်သောကြောင့် စည်းမျဉ်းအရ ထန်ချောင်းချောင်းသည် ရှန်းယွဲ့အတွက် အထူးနှိုးစက်သံကို ချက်ချင်းပင် အသံသွင်းပေးလိုက်သည်။
မိုက်ခ်: "အဆင်သင့်ဖြစ်ပြီလား..."
ထန်ချောင်းချောင်းက လည်ချောင်းရှင်းလိုက်သည်။
"ဖြစ်ပြီ..."
"ဥယျာဉ်မှူးကြီးရယ် ထပြီလားကွယ်...ဖိုးဖိုးနေမင်းကြီးတောင် ထွက်လာပြီလေ...ထပါတော့ကွယ်..."
စစချင်းတုန်းကတော့ ထန်ချောင်းချောင်း၏အသံသည် ချိုသာ၍နူးညံ့နေကာ ပရိသတ်များအားလုံးက ချစ်စရာကောင်းသည် ဟူ၍ တွေးထင်နေကြသည်။ သို့သော် နှစ်စက္ကန့်ပင်မကြာလိုက်ပဲ သူမ၏အသံသည် ရုတ်တရက် ကျယ်လောက်လာတော့သည်။
"ဘာဖြစ်လို့မထသေးတာလဲ...ထတော့...ဟေ့လူ ခင်ဗျား အခုထိမထသေးရင် ပေါက်စီ...ဂျုံချောင်းကြော်...ဖက်ထုပ်ကြော်...တို့ဖူးပူတင်း...အသားဆန်ပြုတ်...အသီးပန်ကိတ် နဲ့ ခေါက်ဆွဲပြုတ်တွေကို ဘယ်လိုစားမလဲ...အခုချက်ချင်း ထတော့..."
ထန်ချောင်းချောင်းသည် ထိုစကားရှည်ကြီးကို ကျယ်လောင်စွာအော်ပြော၍ စားပွဲကိုလည်း နှစ်ချက် ရိုက်လိုက်သေးသည်။ သူမ၏အသံကြောင့် ဘေးမှ မိုက်ခ်ပင် ကြောက်လန့်၍ တုန်သွားသည်။
ခုနကနဲ့ တခြားစီပါပဲလား...
【凸(艹皿艹)ဒီနှိုးစက်သံက အရမ်းကို ကြမ်းတမ်းလွန်းနေပြီ...】
【ချောင်းပေါင်က အစတုန်းကတော့ ချိုသာသံလေးနဲ့ နောက်မှသာ လေ့ကျင့်ရေးတပ်ကြပ်ကြီးဖြစ်သွားတာ ဟားဟားဟား...မဟုတ်ရင် အဲ့အသံချိုချိုလေးနဲ့ဆို လူတွေက ထနိုင်မှာမဟုတ်ဘူး...ငါဆိုရင်လည်း ပိုတောင်အိပ်ချင်သွားဦးမယ်...】
【အစားအသောက်နဲ့မြူဆွယ်နေတာ အရမ်းထိရောက်တယ်...ငါလည်း သိမ်းထားချင်လိုက်တာ...】
ရှန်းယွဲ့သည် မည်သို့ခံစားရမည်မသိဖြစ်နေသည်။ ထန်ချောင်းချောင်းသည် စာအုပ်ကြီးအတိုင်း လုပ်မည်မဟုတ်မှန်း ရှန်းယွဲ့ အစတည်းက တွေးထားခဲ့သင့်ပေသည်။
ထန်ချောင်းချောင်း အသံသွင်းပေးလိုက်သော နှိုးစက်အသံသည် အလွန်ပေါက်သွားသည်။ ဖန်များက အသံဖိုင်အဖြစ် တည်းဖြတ်ကာ လူတိုင်းနားထောင်နိုင်ရန် Weibo ပေါ်သို့တင်လိုက်သည်။ ထိုအသံဖိုင်သည် ချက်ချင်းပင် သတင်းခေါင်းစီးများပေါ်သို့ ရောက်သွားသည်။
【ဘုရားသခင်...ဒီနှိုးစက်သံက ငါတကယ်လိုအပ်နေတဲ့ဟာပဲ...ငါက နေ့တိုင်း နှိုးစက် ၁၈ခုပေးတာတောင် မနိုးဘူး...အခုတော့ ထန်ချောင်းချောင်းရဲ့အသံကိုလန့်ပြီး ငါထရတော့မယ်...】
【ဟားဟားဟားဟား ထန်ချောင်းချောင်းကတော့ လုံးဝသွားပြီ...သူ အတင်းလုပ်ယူထားတဲ့ ချစ်ဖို့ကောင်းတဲ့ပုံစံကို သူ့ဘာသူ မေ့သွားတာလား...သူ့ရဲ့ ဟန်ဆောင်ပုံစံက ထွက်လာပြီဆိုတော့ ထပ်ထွက်လာဦးမလား...】
【ငါ ဒေါင်းလုတ်ဆွဲထားတယ်...အရှေ့ဆုံးကို ဖြတ်ပြီး ငါ့နာမည်ငါ ဖြတ်ထည့်ထားလိုက်တယ်...ငါက အရမ်းတော်တာပဲ...】
【ငါကတော့ ဖန်ရဲ့ စိတ်ရင်းအမှန်ကို သံယသရှိမိတယ်...ဒီအသံကို သူတကယ်ရောသုံးပါ့မလား...】
ရှန်းယွဲ့၏စိတ်ရင်းအမှန်ကို ရှန်းယွဲ့ကိုယ်တိုင်သာသိနိုင်လိမ့်မည်။ မည်သို့ပင်ဖြစ်စေ ဘာမှ ကြီးကြီးမားမားတော့ မပြောင်းလဲသွားချေ။
ထန်ချောင်းချောင်းတစ်ယောက် ဧည့်ခန်းထဲမှ ဆိုဖာပေါ်၌လှဲကာ စုပ်လုံးသကြားလုံးကိုစုပ်၍ ဖုန်းကိုကြည့်နေရင်း ပျော်ရွှင်နေသောမျက်နှာဖြင့် အသံတိုးတိုး စကားပြောနေသည်ကို ရှန်းယွဲ့ကြည့်နေသည်။
"မင်း ဘာတွေကြည့်နေတာလဲ..."
ထန်ချောင်းချောင်းက ပျော်ရွှင်စွာပြောလိုက်သည်။
"ကျွန်မ ပိုက်ဆံတွေ ရေနေတာလေ..."
ထန်ချောင်းချောင်းသည် live လွှင့်ရောင်းသည့်အလုပ် ငါးခုလောက် ပြီးသွားပြီဖြစ်သည်။ ထန်ချောင်းချောင်းရောင်းပေးသည်မှာ သတ်မှတ်ထားသောပစ္စည်းအရေအတွက်ပင်ကျော်သွားသဖြင့် အလုပ်အပ်သော ကုမ္ပဏီများသည် ပရိသတ်များပြောသည်ကို နားထောင်၍ အပိုဆုငွေများ ထည့်ပေးလိုက်ကြသည်။
ထန်ချောင်းချောင်းသည် အပိုငွေကို လက်ခံရမည်ကို ရှက်နေသော်လည်း တစ်ဖက်မှ အလွန်ကောင်းမွန်စွာပြော၍ ပေးသောကြောင့် မကြာမီမှာပင် ဖုန်းထဲသို့ ငွေများရောက်လာသည်။
စာချုပ်ချုပ်ထားသောငွေပမာဏထပ် များစွာပိုနေသောကြောင့် ထန်ချောင်းချောင်းသည် ပိုက်ဆံများအလကားကောက်ရသကဲ့သို့ ခံစားနေရသည်။
သို့သော် ဤပိုက်ဆံပမာဏသည် သိပ်တော့စိတ်လှုပ်ရှားစရာမကောင်းသေးချေ။ အနာဂတ်တွင် သူမသည် ဤကဲ့သို့အလုပ်များကို ပိုကောင်းမွန်စွာလုပ်နိုင်ရန် ကြိုးစားရပေမည်။
ရှန်းယွဲ့သည် ထန်ချောင်းချောင်းအား ငွေမက်သူတစ်ယောက်ကဲ့သို့ ကြည့်လိုက်၍ အနည်းငယ်ရွံရှာသော လေသံဖြင့်ပြောလိုက်သည်။
"မင်း နည်းနည်းပါးပါးတော့ ထိန်းထိန်းသိမ်းသိမ်းနေပါဦးလား...မင်းမျက်စိထဲမှာ ပိုက်ဆံပဲမြင်နေသလို ဖြစ်နေပြီ..."
ထန်ချောင်းချောင်းသည် ရှန်းယွဲ့အား လှမ်းကြည့်လိုက်သည်။
"ရှင့်လို ရွှေဇွန်းကိုက်ပြီး မွေးလာတဲ့သူဌေးလေးကတော့ ဘယ်နားလည်ပါ့မလဲ...ကျွန်မလို ကုမ္ပဏီရဲ့ကျေးကျွန်တွေအတွက်ကတော့ ပိုက်ဆံလေးတစ်ပြားလောက်ကတောင်မှ ကိုယ်တောင်ကြိုးစားရှာထားရတဲ့ ပိုက်ဆံတွေလေ...ဒါတွေ ရှင်ဘာသိမှာမို့လို့လဲ..."
ရှန်းယွဲ့သည် ကုမ္ပဏီ၏ကျေးကျွန်ဆိုသည်မှာ ဘာမှန်းမသိသော်လည်း ယခု ထန်ချောင်းချောင်း အပိုဝင်ငွေရသောပိုက်ဆံပမာဏသည် ရှန်းယွဲ့အပိုသုံးသောပိုက်ဆံပမာဏလောက်သာ ရှိသည်ကိုတော့ နားလည်လိုက်သည်။
ထန်ချောင်းချောင်းက ပြောနေသည်။
"Live လွှင့်ပြီးဈေးရောင်းရတာ အရမ်းမြတ်တာပဲ...ဒါကြောင့်လည်း အနုပညာရှင်တော်တော်များများက ဒီလိုင်းကို ပြောင်းလုပ်ကုန်ကြတာကိုး..."
ရှန်းယွဲ့က ဂရုမစိုက်သည့်ပုံစံဖြင့် မေးလိုက်သည်။
"မင်းကရော ပြောင်းဖို့စဉ်းစားနေတာလား..."
"တစ်နေ့နေ့ ကျွန်မ ဒီ အနုပညာလောကမှာ မကျင်လည်နိုင်တော့ရင် ဒါမှမဟုတ် စားစရာမရှိတော့ရင်တော့ ပြောင်းလုပ်ရင် လုပ်ဖြစ်မှာပေါ့..."
ထန်ချောင်းချောင်းက အေးအေးဆေးဆေးပင် ပြန်ပြောကာ ရှောင်းဖိုကျန့် ချန်နယ်ထဲသို့ ဝင်ကြည့်လိုက်သည်။
"နောက် နှစ်ရက်နေရင် ကျစ်ရုံချုံချုံမှာ ကျွန်မ ဝင်ရိုက်ရမှာ...အဲ့မှာ ဘယ်လိုဖြစ်မလဲ ကြည့်ရဦးမယ်..."
ထန်ချောင်းချောင်းသည် ယခုတလော ဇာတ်ညွှန်းများ သိသိသာသာပင် ပိုရလာသည်။ သို့သော် "ကျွန်ုပ်၏မိသားစု" က မထုတ်လွှင့်သေးသောကြောင့် ဈေးကွက်က ထန်ချောင်းချောင်း၏ သရုပ်ဆောင်မှုများကို မတွေ့ရသေးချေ။ ထို့ကြောင့် လက်ခံရရှိသော ဇာတ်ညွှန်းများ၏ အရည်အသွေးက မမျှပေ။ အများစုမှာ "ရက်စက်သောမိစ္ဆာခေါင်းဆောင်၏ မျိုးဆက်သုံးဆက်အချစ်" ကဲ့သို့သော ထုတ်လုပ်မှုအရည်အသွေး ခပ်နိမ့်နိမ့် အင်တာနက် ဒရာမာကားများသာဖြစ်သည်။ ထန်ချောင်းချောင်းရော အစ်ကိုချမ်ရောသည် ထိုကဲ့သို့သော ဒရာမာမျိုးကို လက်မခံချင်ကြတော့ချေ။ ဤတစ်ခေါက်တွင် ဇာတ်ညွှန်းရွေးချယ်ခြင်းကို ပို၍ သတိထားရမည်ဖြစ်သည်။
သို့သော် ပရိသတ်နှင့် ထိတွေ့မှုကို အဆက်မပြတ်စေရန် နောက်ရုပ်ရှင်ကားကို သေချာမရွေးရခင်အချိန်အတွင်းတွင် အစ်ကိုချမ်က ထန်ချောင်းချောင်းအတွက် "ကျစ်ရုံချုံချုံ" တွင် နေရာတစ်နေရာ ရအောင် လုပ်ပေးထားပေသည်။
ရှန်းယွဲ့က မေးလိုက်သည်။
"ဘယ်နေရာမှာ ရိုက်ရမှာလဲ..."
ထန်ချောင်းချောင်းက စုပ်လုံးကို လျက်လိုက်သည်။
"ဒီအပိုင်းရဲ့ ရိုက်ကူးရေးနေရာက အတိအကျမသိရသေးဘူး...ဒါရိုက်တာက ဟက်ပီးဗယ်လီမှာ ရိုက်ချင်နေတာ ဒါပေမယ့် အဲ့ဒီကစားကွင်းက ဒီလို ရသစုံရှိုးတွေဆို ဘယ်တော့မှ မငှားဘူးတဲ့...ဒါရိုက်တာကတော့ အခုထိပြောကြည့်နေတုန်း...အဆင်မပြေရင်တော့ ထျန်းကျင်းကိုသွားရိုက်ရမယ်ထင်တာပဲ..."
"ဟက်ပီးဗယ်လီ ဟုတ်လား..."
"အင်း...အဲ့ဒါက ပေကျင်းမှာ နာမည်အကြီးဆုံးကစားကွင်းပဲလေ..."
ရှန်းယွဲ့သည် ထိုနာမည်ကို ကြားကြားချင်းမှာပင် လှည့်ထွက်၍ အလုပ်ခန်းထဲသို့သွားကာ လီကျိကို ဖုန်းခေါ်လိုက်သည်။
"အခုတလော ဟက်ပီးဗယ်လီမှာ ရိုက်ကူးရေးလုပ်ချင်တဲ့ ရှိုး ရှိလား..."
"သူဌေး ဘယ်လိုသိတာလဲ..."
လီကျိကပြောသည်။
"ဒါပေမယ့် စိတ်မပူပါနဲ့...ကျွန်တော် ငြင်းထားပြီးပြီ...ဟက်ပီးဗယ်လီမှာ အဲ့လိုလူတွေလာပြီး ရှုပ်တာ သူဌေးမကြိုက်မှန်း ကျွန်တော်သိတယ်လေ..."
ရှန်းယွဲ့: "သူတို့ကို လက်ခံလိုက်..."
"အာ...ကျွန်တော် နားကြားများလွဲတာလား..."
လီကျိက အံ့ဩသွားသည်။
ရှန်းယွဲ့: "ဘာ "အာ' လဲ...အခုချက်ချင်းသွားလုပ်စမ်း..."
ဟက်ပီးဗယ်လီကို ရုပ်ရှင်ရိုက်ကူးခြင်းများ၊ ရသစုံရှိုးရိုက်ကူးခြင်းများအတွက် လုံးဝမငှားရန်ပြောထားသူမှာ သူဌေးပင်ဖြစ်၍ ယခုကျတော့လည်း သူပင် သဘောတူခိုင်းနေပြန်ပြီ... သူဌေး၏စိတ်သည် တစ်နေ့တစ်ခြား သိနိုင်ရန် ခက်ခဲလာပါလား...
လီကျိသည် စိတ်ထဲ၌ ပြောလိုက်မိသော်လည်း အပြင်မှာတော့ ရိုကျိုးစွာပင် ခိုင်းသည့်အတိုင်း လုပ်လိုက်သည်။ ဤကစားကွင်းအား ရှန်းယွဲ့၏အပိုင်ဖြစ်အောင် မည်သူကများ လုပ်ထားပါသနည်း။
တကယ်တော့ ဟက်ပီးဗယ်လီကိုပိုင်သည်မှာ ရှန်းအုပ်စုလက်အောက်မှ ကုမ္ပဏီတစ်ခုဖြစ်သည်။
ရှန်းအုပ်စုမှ ထိပ်တန်းကုမ္ပဏီအများစုသည် ယခု ရှန်းယွဲ့၏အစ်ကိုလက်ထဲ၌ရှိသော်လည်း ဤကစားကွင်းကတော့ ရှန်းယွဲ့အပိုင်ဖြစ်သည်။
နှစ်ပေါင်းများစွာ ရှန်းယွဲ့၏ကြီးကြပ်မှုအောက်တွင် ဟက်ပီးဗယ်လီသည် ပေကျင်း၌ နာမည်အကြီးဆုံးနှင့် အမြတ်အစွန်းအရဆုံး ကစားကွင်းဖြစ်လာခဲ့သည်။
ထို့ကြောင့်ပင် ရှန်းယွဲ့သည် သူ၏ကစားကွင်း၌ လာရောက်ရိုက်ကူးချင်သော ရုပ်ရှင်အဖွဲ့မှန်သမျှကို ငြင်းပယ်နိုင်နေခြင်းဖြစ်သည်။ အခြားကစားကွင်းများက သူတို့၏ နာမည်ကြီးမှုကို ချဲ့ကားနိုင်ရန် ရိုက်ကူးရေးအဖွဲ့များကို ကိုယ်တိုင်ရှာဖွေ၍ ကမ်းလှမ်းနေရသော်လည်း ရှန်းယွဲ့ကတော့ ကြော်ငြာရန်မလိုချေ။ ဟက်ပီးဗယ်လီက နိုင်ငံတစ်ဝှမ်း၌ ကျော်ကြားပြီးဖြစ်သည်မဟုတ်လား။
သို့သော် ရှန်းယွဲ့က အခုတစ်ခေါက်ကို အဘယ်ကြောင့် ချွင်းချက်အနေနှင့် လက်ခံခိုင်းနေပါသနည်း။
လီကျိသည် နားမလည်နိုင်ဖြစ်သွားရသည်။
"ကျစ်ရုံချုံချုံ" သည် ပြင်ပ၌ဆော့သော အားကစား ရသစုံရှိုးတစ်ခုဖြစ်သည်။ ထိုရှိုးသည် အစတည်းက နာမည်အလွန်ကြီးသည်။ Season သုံးခုအထိ ထွက်ထားပြီးဖြစ်၍ ပရိသတ်အင်အားများစွာရှိသည်။ လေးခုမြောက် Season သည်လည်း အပိုင်းအနည်ငယ် ထုတ်လွှင့်ပြီးနေပြီဖြစ်သည်။ ထိုရှိုး၌ အမြဲတမ်းပါဝင်သော ကစားသမားအပြင် ဧည့်သည် အနုပညာရှင်များလည်း ပါမည်ဖြစ်သည်။
လူအများ၏အမြင်အရ ထိုရှိုး၌ပါဝင်သော အနုပညာရှင်များသည် နာမည်ရပြီးသား သို့မဟုတ် ရုပ်ရှင်နှင့် တီဗီဇာတ်လမ်းတွဲများကို လူသိများအောင် ပရိုမိုးရှင်းဆင်းရန် ရောက်လာကြသူများသာဖြစ်သည်။ ထို့ကြောင့် ထိုရှိုးက ထန်ချောင်းချောင်းအား ဖိတ်ခေါ်သောအခါ အစ်ကိုချမ် အံ့ဩသွားခဲ့သည်။
အစ်ကိုချမ်သည် ဒါရိုက်တာအား မေးကြည့်သောအခါ ဒါရိုက်တာက ဝမ်းသာစွာပင် ပြန်ဖြေသည်။
"ထန်ချောင်းချောင်းက အရမ်းကိုရယ်ရတဲ့ အနုပညာရှင်လို့ ကျွန်တော်ထင်တယ်လေ...ပြီးတော့ ခန္ဓာကိုယ်ကလည်း ကြံ့ခိုင်တယ် အစားလည်း အများကြီးစားနိုင်တယ်...နောက်ပြီး ထန်ချောင်းချောင်းက ရှေးရိုးဆန်ဆန် စာအုပ်ကြီးအတိုင်း ဘယ်တော့မှမလုပ်တတ်ဘူးလေ...အဲ့ဒါက ကျွန်တော်တို့ရဲ့ရှိုးနဲ့ ကွက်တိပဲ..."
ထန်ချောင်းချောင်းသည် သူမကို ဖိတ်ခေါ်ရသောအကြောင်းရင်းများကိုသိသောအခါ ငိုရမည်လား ရယ်ရမည်လားပင် မသိတော့ချေ။
"ဒါပေမယ့် ရှန်းလျန့်လည်းလာမယ်ဆိုတာတော့ ငါကြိုပြောထားမယ်နော်..."
အစ်ကိုချမ်က ထန်ချောင်းချောင်းအား ကြို၍သတိပေးလိုက်သည်။
"ရှန်းလျန့်လား..."
ထန်ချောင်းချောင်းသည် အနည်းငယ်တော့ အံ့ဩသွားမိသည်။
ထန်ရို့နှင့် ရှန်းလျန့်အတူရှိနေသော ဓာတ်ပုံများထွက်လာပြီးသည့်နောက်ပိုင်းတွင် ရှန်းလျန့်သည် သူတို့၏ဆက်ဆံရေးကို အကြိမ်ကြိမ်အခါခါ ငြင်းဆိုခဲ့သော်လည်း ရှန်းလျန့်အပေါ် ရိုက်ခတ်မှုတော့ အနည်းနှင့်အများရှိခဲ့သည်။ အထူးသဖြင့် ရှန်းလျန့်၏ ဖန်ဂရုဖြစ်သည်။
ထို့ကြောင့် ဖန်များကို ကျေနပ်စေရန် အေဂျင်စီက ရှန်းလျန့်ကို ရုပ်ရှင်များသာ တစ်ခုပြီးတစ်ခု ရိုက်ထားစေသည်။ ထိုအချိန်တွင် ရှန်းလျန့်သည် လူရှေ့သို့ ထွက်မလာပဲ လူအများ၏ စိတ်ဝင်စားမှုခံရခြင်းကိုရှောင်ရန် သိုသိုသိပ်သိပ်သာ နေနေခဲ့သည်။
အနုပညာအသိုင်းအဝိုင်းသည် အလွန်မေ့တတ်သော အသိုင်းအဝိုင်းလေးတစ်ခုသာဖြစ်သည်။ ထို့ကြောင့် သိပ်မကြာခင်မှာပဲ ရှန်းလျန့်သည် ရသစုံရှိုးများ၌ မျက်နှာပြန်ပြကာ ဖန်များကလည်း ပြန်၍ သည်းသည်းလှုပ် အားပေးနေကြပြန်တော့သည်။
အစ်ကိုချမ်က ပြောသည်။
"နင်အဆင်မပြေရင်တော့ ငြင်းလိုက်မယ်လေ...ရှိုးလေးတစ်ခုပဲဟာကို...အရေးမကြီးပါဘူး..."
ထန်ချောင်းချောင်းသည် အစ်ကိုချမ်၏စကားများကြောင့် ဝမ်းနည်းသွားရသည်။ အစ်ကိုချမ်သည် သူမ၏ စိတ်ခံစားချက်များကိုပါ ထည့်တွက်၍ ဂရုစိုက်ပေးလေသည်။
သို့သော် ဤကိစ္စကို ငြင်းပယ်၍တော့ မဖြစ်ချေ။
"ဘာဖြစ်လို့ ငြင်းရမှာလဲ...ရှန်းလျန့်ကို ကျွန်မ မကြောက်ပါဘူး..."
"ကောင်းတယ်...မနက်ဖြန် အချိန်အတိအကျရောက်အောင်လာခဲ့နော်...မေ့မနေနဲ့..."
အစ်ကိုချမ်သည် သူပြောချင်သည်များ ပြောပြီးသွားသောအခါ ဖုန်းကို ချက်ချင်းချသွားသည်။
"..."
ထန်ချောင်းချောင်းသည် တစ်စက္ကန့်မျှ ရင်၌ ခံစားသွားရသော်လည်း အစ်ကိုချမ်သည် ဆုံးဖြတ်ချက် အချမြန်ကာ သူမကို ဆက်၍ နားချရန်ပင်မကြိုးစားတော့ချေ။ ခုနကပြောသောစကားများသည် ရင်ထဲကမပါသော စကားများသာဖြစ်ပေသည်။
နောက်တစ်နေ့တွင်..
ထန်ချောင်းချောင်းသည် ရှိုးမှစီစဉ်ပေးထားသောကားဖြင့် ဟက်ပီးဗယ်လီသို့ရောက်လာသည်။ သူမသည် ရောက်ရောက်ချင်းပင် ဤရှိုး၌ သူမနှင့် သိသောသူသည် ရှန်းလျန့်တစ်ယောက်တည်းမဟုတ်မှန်း သိသွားသည်။ ရှိူး၌ အခြားအမျိုးသမီးတစ်ယောက်လည်းရှိနေသည်။
ထန်ချောင်းချောင်းကို အဝေးမှမြင်တည်းက ထိုအမျိုးသမီးသည် လက်များကို ပိုပိုသာသာမြှောက်၍ အသံကို မြှင့်ကာ အော်ပြောလိုက်သည်။
"ငါ့ရဲ့ ရှန့်ရှန့်လေး နင်ငါ့ကိုသေအောင်လုပ်နေတာပဲ...အမြန်လာပြီး ငါ့ကို လာဖက်စမ်းပါ..."
ထိုအမျိုးသမီးသည် "ကျွန်ုပ်တို့မိသားစု" ၌ ထန်ချောင်းချောင်း၏ အစ်မနေရာမှသရုပ်ဆောင်သော ရုပ်ရှင်ဘုရင်မ ချမ်ချင်း ဖြစ်ပေသည်။
ချမ်ချင်းသည် သူမ၏ ဝင့်ကြွားသောပုံကို အချိန်မရွေး နေရာမရွေး ထုတ်ပြနိုင်သည်။ သူမ၏ စူးရှသောအသံသည် ပတ်ဝန်းကျင်မှလူတိုင်းကို ချက်ချင်း သူမအား မော်ကြည့်စေနိုင်သည်။
ထန်ချောင်းချောင်းသည် အခြားရွေးချယ်စရာမရှိပဲ ခေါင်းကိုမော့ကာ ချမ်ချင်းဆီသို့ ရိုကျိုးစွာလျှောက်သွား၍ တင်းကြပ်စွာ ဖက်လိုက်ရသည်။
ထန်ချောင်းချောင်း ရှန်းလျန့်ကိုလည်း ခပ်လှမ်းလှမ်း၌ မြင်နေရသည်။ ရှန်းလျန့်သည် သေးကွေးသောကောင်မလေးတစ်ယောက်နှင့် စကားပြောကာ ရယ်မောနေကြသည်။
ရှန်းလျန့်သည်လည်း ထန်ချောင်းချောင်းအား မျက်လုံးထောင့်မှ လှမ်းမြင်ကာ သူ၏ အနေအထိုင်ကျဉ်းကျပ်လာမှုကို ဖုံးကွယ်ရန် နှာခေါင်းထိပ်ကို ပွတ်လိုက်သည်။
ရှန်းလျန့်နှင့် ထန်ရို့တို့သည် သူတို့နှစ်ယောက်၏ဆက်ဆံရေးကို ထုတ်ဖော်မိတော့မလို ဖြစ်သွားခြင်းသည် ရှန်းလျန့်၏ဖန်များစွာလျော့နည်းသွားစေ၍ သူ၏အမာခံဖန်များကို မုန်းတီးသူများအဖြစ် ပြောင်းလဲသွားစေရုံသာမက ရှန်းလျန့်၏ အေးဂျင့်ကလည်း သူ့ကို ရုပ်ရှင်ရိုက်ရန်အတွက် နယ်မြို့တစ်မြို့သို့ပို့ကာ လူများနှင့် ခွဲခြားထားခဲ့သည်။ ထို့နောက် အိမ်ပြန်ရောက်သောအခါ မိဘများ၏ အစစ်အဆေးကိုခံရသည်။ မကြာခင်ကလည်း ရှန်းလျန့်၏အဖွားက ပြန်ရောက်လာကာ ရှန်းလျန့်ကို ဆူပြန်သည်။ အဖွားက ရှန်းလျန့်ကိုဆူရသည့်အကြောင်းရင်းမှ ရှန်းလျန့်က သူ၏ အန်တီလေး ထန်ချောင်းချောင်းအား မလေးမစားလုပ်သောကြောင့် ဟူ၍ ဖြစ်သည်။
Xxxxx