အပိုင်း(၁၁၀) - ဟန်ဆောင်တာ မပေါ်စေရဘူး
ကောချွန်းရုက အမျိုးသမီးဝမ်ကို အမြန်ထူခဲ့သည်။
"ယောက်မကို ကျွန်မ အပြစ်မတင်ပါဘူး၊ အကုန်လုံး ကျွန်မကို
အထင်လွဲနေကြတာပါ။"
အမျိုးသမီးဝမ်က သူမရဲ့လက်ကို ရှောင်ခဲ့သည်။ "စစ်သူကြီးရဲ့
ဇနီးက ငါတို့ကို သဘောမကျတာ သိပါတယ်၊ ငါတို့ရွာက လူတွေက ပွင့်လင်းတယ်၊ နင် ငါတို့ကို
စံအိမ်မှာ မနေစေချင်ရင်လည်း ပြောပါ၊ ငါတို့အထုပ်အပိုးတွေ သိမ်းပြီး တောင်းရမ်းပြီး
ရွာကိုပြန်မယ်။"
ရှောင်သခင်မကြီးနှင့် အမျိုးသမီးဝူတို့ရဲ့ သရုပ်ဆောင်ချက်များစွာကို
ကြည့်ပြီးနောက် ရှစ်ချင်းလျို့ရဲ့ အကြံအတိုင်း သူမ ဟန်ဆောင်ခဲ့ကာ သရုပ်ဆောင်စွမ်းရည်
တော်တော် တိုးတက်လာပြီဖြစ်သည်။
ကောချွန်းရု တကယ် ရူးတော့မည်။
ဒီနေ့ ဘာတွေဖြစ်နေတာလဲ။ ငတုံး အမျိုးသမီးဝမ်က ဘယ်တုန်းက ဒီလောက်ဉာဏ်ကောင်းလာတာလဲ။
အမျိုးသမီးဝမ် ဒူးထောက်ထားတာကို သူမ ဆွဲထူလို့ကို မရပေ။
သူမမှာ ရွေးချယ်စရာ မရှိတော့တာကြောင့် ရှောင်သခင်မကြီးဆီ
အပြေးသွားကာ ဒူးထောက်ခဲ့လေသည်။
"အမေ တကယ်ပဲ ကျွန်မကို သေစေချင်နေတာလား၊ အမေ စံအိမ်ကို
ရောက်လာတဲ့နေ့ကတည်းက ကျွန်မ စောစောထရပြီး ညဥ့်နက်မှ အိပ်ရတယ်..."
ရှောင်သခင်မကြီး စစ်သူကြီးစံအိမ်ကို ရောက်လာကတည်းက သူမ ဘယ်လို
အလုပ်အကျွေးပြုရကြောင်း လူတွေကို ပြောပြချင်ခဲ့သည်။
သူမရဲ့စကား မဆုံးသေးခင်မှာပဲ ရှောင်သခင်မကြီးက မျက်ရည်တွေ
ကျခဲ့သည်။ "နင်ကမှ ငါ့ကို သေစေချင်နေတဲ့လူပါအေ၊ နင်က စစ်သူကြီးရဲ့ ဇနီးဖြစ်ပြီး
ငါက ရွာက အဖွားကြီးပါ၊ ငါနင့်ကို ဒူးမထောက်ခိုင်းပါဘူး၊ ငါသာ နင့်ကို ဒူးထောက်ခွင့်ပေးလိုက်ရင်
ငါတို့တွေ စစ်သူကြီးစံအိမ်မှာ ဆက်နေခွင့် မရတော့ဘူး မဟုတ်လား၊ ငါ့ရဲ့ တစ်ခုတည်းသောဆန္ဒက
နင့်ရဲ့မောင်နဲ့ ငါ့သားတွေ ငါ့မြေးတွေကို မသတ်ခိုင်းဖို့ပါပဲ။"
သူမက မတုံးအပေ။
ဒီမြေခွေးမ စကားပြောကတည်းက သူမ သူ့ကို ဘယ်လို အလုပ်အကျွေးပြုရကြောင်း
တခြားလူတွေကို ပြောပြချင်နေတာကို သိသည်။
ဘာကြောင့် ဆက်ပြောခွင့်ပေးရမှာလဲ။
ထို့ကြောင့် ရှစ်ချင်းလျို့ပြောသည့် ကောချွန်းရုထက် ပိုဟန်ဆောင်ရမည့်
နည်းလမ်းကို အသုံးပြုခဲ့လေသည်။
ရှောင်သခင်မကြီးက ငိုရတာကို မကြိုက်သော်လည်း ဒီကိုရောက်ပြီးမှ
ငိုယိုတာက တိုက်ခိုက်ဖို့ အကောင်းဆုံး နည်းလမ်းဖြစ်ကြောင်း သိလိုက်ရလေသည်။
သူမ စကားကို အတင်းဖြတ်ပြောခဲ့သည်။ ကောချွန်းရုက သွေးအန်ချင်သွားခဲ့သည်။
အခုအချိန်မှာ သူမ ဒီလူတွေကို တကယ်သတ်ပစ်နိုင်ဖို့ ကောချွန်းရု
မျှော်လင့်နေမိသည်။
သူမ အရင်က ကျွမ်းကျင်စွာ သုံးခဲ့သည့် နည်းဗျူဟာတွေကို အခု
သူတို့သုံးနေတာကြောင့် ဒီအခြေအနေကို ဘယ်လို ပြောင်းပြန်လှန်ရမလဲဆိုတာ သူမ မသိတော့ပေ။
ရှစ်ချင်းလျို့က အတိတ်တုန်းက ဟန်ဆောင်ကာ ကြာပန်းဖြူလုပ်သည့်
ဇာတ်လမ်းနှင့် ဝတ္ထုအများကြီးကို ကြည့်ရှုဖတ်ထားဖူးသည်။
ထို့ကြောင့် သူမက ရှောင်သခင်မကြီးနှင့်တခြားလူတွေကို သူတို့ဘာသာ
သူတို့ ဟန်ဆောင်တတ်အောင် သင်ပေးခဲ့ပြီး ဒါမှ ဟန်ဆောင်မှုက မပေါ်မှာ ဖြစ်သည်။
ထင်သည့်အတိုင်း အကျိုးသက်ရောက်မှုက အလွန်ကောင်းသည်။
ထိုအချိန်မှာပဲ သူတို့က မြင်းခွာသံကို ကြားလိုက်ရလေသည်။
ရှောင်ယွမ်ရှစ်က မြင်းကို ဒုန်းဆိုင်းစီးကာ အိမ်ပြန်လာခဲ့သည်။
စစ်သူကြီးစံအိမ်ရဲ့ ဝင်ပေါက်မှာ လူတွေ စုပြုံနေတာကို တွေ့လိုက်ရလေသည်။
သူ ရင်တုန်သွားကာ မကောင်းသည့် ခံစားချက်တွေ ရနေခဲ့လေသည်။
သူ့ရဲ့ ဇနီးအလှလေးက မျက်နှာကြီး နီရဲရောင်ယမ်းကာ ရှောင်သခင်မကြီးရဲ့
ဘေးမှာ ဒူးထောက်နေတာကို တွေ့ခဲ့သည်။
ရှောင်သခင်မကြီးကလည်း ဝမ်းနည်းသည့် မျက်နှာထားဖြင့် သူ့ရဲ့
ဇနီးအလှလေးကို တောင်းပန်နေလေသည်။
သူ ချက်ချင်းပင် ခေါင်းကိုက်သွားခဲ့သည်။ ဒီတစ်ခါကော ဘာတွေဖြစ်နေတာလဲ။
သူ့မိဘနှင့် တခြားလူတွေ မြို့တော်ကို ရောက်လာကတည်းက သူ့မှာ
အေးအေးချမ်းချမ်း မနေခဲ့ရပေ။
သူတို့ မဟုတ်တာတွေလုပ်ပြီး သူ့ကို အရှက်ရအောင်လုပ်မှာကို
သူကြောက်နေတာဖြစ်သည်။
သူက ရွာဘက် ခဏသွားပြီး အလုပ်လေး သွားလုပ်ရုံကို အခုက ဘာဖြစ်နေတာလဲ။
သူက ဉာဏ်ကောင်းကာ စဥ်းစားချင့်ချိန်တတ်သည့်လူဖြစ်သည်။
သူက သူ့ဇနီးလေးကို ပွေ့ဖက်နှစ်သိမ့်ပေးချင်ပြီး သူ့အမေကို
အလွန်ဒေါသထွက်နေပေမယ့် သူက တည်ငြိမ်အောင်နေ နေလေသည်။
သူက လမ်းလျှောက်သွားကာ ရှောင်သခင်မကြီးကို ထူပေးခဲ့လေသည်။
သူက စိုးရိမ်ဟန်ဖြင့် မေးခဲ့လေသည်။ "အမေ ဘာဖြစ်တာလဲ၊
ချွန်းရု အမှားလုပ်ခဲ့တာလား၊ ကျွန်တော် အိမ်ရောက်ရင် သူ့ကို သေချာပေါက် အပြစ်ပေးလိုက်ပါ့မယ်။"
ထိုစကားက ကြီးသည့်အမှုငယ်အောင် ငယ်သည့်အမှုပပျောက်အောင် လုပ်ခဲ့လေသည်။
တခြားလူတွေကလည်း သူ့ကို သားသမီးဝတ္တရား ကျေပွန်သည့်လူဟု ထင်သွားမည်ဖြစ်သည်။
ရှောင်သခင်မကြီးက အတင်းဆွဲထူခံနေရပြီး သူ့သားဖြစ်သူရဲ့ လက်မောင်းကို
ဆုပ်ကိုင်ထားတာကနေ မလွတ်မြောက်နိုင်ခဲ့ပေ။
သူမ မော့ကြည့်လိုက်တော့ သူမ၏ သားက သူမကို သတိပေးသလို ကြည့်နေတာကို
တွေ့လိုက်လေသည်။
ရှောင်သခင်မကြီးက အမြဲဗိုလ်ကျတတ်သည့်လူဖြစ်သည်။
အခုတော့ မှားသွားသလို သူမ ခံစားလိုက်ရသည်။
ဒီပြဿနာမှာ သူတို့က နစ်နာသူတွေဖြစ်ပြီး သူမ သားတွေနှင့် မြေးတွေလည်း
မျိုးမစစ်ရဲ့ ရိုက်နှက်မှုကို ခံခဲ့ရသည်။
ဒါကို သူမ သားက သူမကို သတိပေးသည့် အကြည့်ဖြင့် ကြည့်နေခဲ့သည်။
ထို့ကြောင့် သူမက ရှစ်ချင်းလျို့ ပြောတာကို ရုတ်တရက် ပြန်တွေးမိခဲ့သည်။
စစ်သူကြီးစံအိမ်မှာ သူတို့က အပြင်လူသာဖြစ်ပြီး ဒီတိရိစ္ဆာန်နှစ်ကောင်က
အိမ်ရှင် ဖြစ်သည်။
သူ့အမေ အနေနှင့် သူမက သူ့ဇနီးအလှလေးရဲ့ လက်ဖျားလောက်ပင် အရေးမပါပေ။
အရင်တုန်းကတော့ ရှစ်ချင်းလျို့က သူတို့ကို သွေးထိုးပြီး ပရမ်းပတာတွေ
လျှောက်ပြောနေသည်ဟု တွေးမိခဲ့သေးသည်။
အခုတော့ လုံးဝ အဓိပ္ပာယ်ရှိသည်ဟု တွေးမိလိုက်လေသည်။ သူမရဲ့ မျိုးမစစ်သားက လူ မဟုတ်ပေ။
သူမသားက သူမကို ဒီလိုဆက်ဆံနေတာကြောင့် ရှောင်သခင်မကြီးက တကယ်ရင်နာသွားခဲ့သည်။
သူမက မကျေနပ်မှုတွေ ပြည့်နက်နေခဲ့သည်။ "ငါ့သားရယ် နင့်မိန်းမ
မမှားပါဘူး၊ ငါတို့ မှားတာပါ၊ နင့်ကို သတိရရုံနဲ့ အိမ်နဲ့ မြေကို ရောင်းပြီး မြို့တော်ကို
လာမတွေ့ခဲ့သင့်ဘူး၊ ရှေ့လျှောက် စစ်သူကြီးစံအိမ်မှာ မျက်စိ ဆံပင်မွှေး မစူးစေရပါဘူး၊
ငါတို့ ဒီနေ့ပဲ ရွာကိုပြန်မယ်၊ ဒီအတွက် နင် ဂရုစိုက်စရာ မလိုဘူး၊ ငါတို့တောင်းရမ်းပြီး
ရွာကိုပြန်မယ်၊ နင်နဲ့ နင့်မိန်းမကို ထပ်နှောင့်ယှက်ဖို့ မြို့တော်ကို ဘယ်တော့မှ မလာတော့ဘူး။"
ရှစ်ချင်းလျို့ သင်ပေးသည့်အတိုင်း လူရှေ့မှာ ထိုအတိုင်းပြောခဲ့ပါက
သူမရဲ့ မျိုးမစစ်သားက သူတို့ကို ဆက်နေထိုင်ဖို့ တောင်းပန်လိမ့်မည်။
ထင်သည့်အတိုင်း ရှောင်ယွမ်ရှစ်ရဲ့ အမူအရာက ပြောင်းလဲသွားခဲ့သည်။
သူ့အမေက အလွန်ရက်စက်လှသည်။
သူမစကားက သူတို့ကို သူတို့ အပြစ်တင်ပြီး သူတို့လင်မယားကိုတော့
သားသမီးဝတ္တရား မကျေပွန်သည့်လူဖြစ်အောင် လုပ်နေတာ ဖြစ်သည်။
အကယ်၍ သူတို့သာ ရွာကို တကယ်ပြန်သွားပါက သူများတွေ သူ့နောက်ကွယ်မှာ
သေအောင်ကျိန်ဆဲခံရလိမ့်မည်။
မနက်ဖြန်ကျရင်တော့ သေချာပေါက် သူ တရားလွှတ်တော်ရုံးကို တင်ပြရမည်ဖြစ်သည်။
"အမေ ဒီစကားတွေကို ဒေါသထွက်နေတုန်း မပြောပါနဲ့၊ အဖေနဲ့
အမေကို မြို့တော်ကိုခေါ်ပြီး ထောက်ပံ့ပေးဖို့ ကျွန်တော် ပြင်ဆင်ပြီးသားပါ၊ ဘာလို့ ရွာကိုပြန်ခွင့်ပြုရမှာလဲ။"
ရှောင်သခင်မကြီးက အလွန်ရွံဖို့ကောင်းသည်။
သူမက အိမ်နဲ့ မြေကိုရောင်းကာ သူ့ကိုလာတွေ့ရပါတယ်ပြောတော့
တခြားလူတွေက သူ့ကို ဘယ်လိုမြင်ကြမလဲ။
"ပြန်ပြီး ဆွေးနွေးရအောင်နော်၊ တကယ်လို့ ချွန်းရု တစ်ခုခု
အမှားလုပ်ခဲ့ရင် ကျွန်တော်ကိုယ်တိုင် အပြစ်ပေးပါ့မယ်။"
သူ့မျက်နှာထက်မှာ အပြစ်မကင်းမှုတွေ ရှိနေလေသည်။ "အမေ
မကြာခင်က ကျွန်တော် အလုပ်များနေခဲ့လို့ မိသားစုကို ဂရုမစိုက်နိုင်မိခဲ့ဘူး။"
ထို့နောက် သူက ထပ်ချော့မော့ခဲ့သည်။ "အိမ်ပြန်ရအောင်နော်၊
အဖေနဲ့ အမေကို အများကြီး ရိုသေလေးစားပြီး ထောက်ပံ့ပေးပါ့မယ်။"
အခုတော့ သူ့မှာ ရွေးစရာ မရှိတော့ဘဲ ချော့မော့ကာ အိမ်ပြန်ခေါ်သွားဖို့သာရှိသည်။
အချိန်တစ်ခုအထိတော့ ဒီလူတွေကို ရွာပြန်ပို့လို့ မရသေးပေ။
မဟုတ်ပါက သားသမီးဝတ္တရား မကျေပွန်သည့်လူဟု ခေါင်းစဥ်တပ်ခံရနိုင်သည်။
ကောချွန်းရုကလည်း ချက်ချင်း ငိုယိုကာ ပြောခဲ့သည်။ "အမေ
တကယ် ကျွန်မကို အထင်မှားနေတာပါ၊ ယွမ်ရှစ်နဲ့ ကျွန်မ ရှေ့လျှောက် အဖေနဲ့ အမေကို ကောင်းကောင်း
ပြုစုယုယပါ့မယ်။"
ရှောင်သခင်မကြီးက သူမ ပြောချင်တာတွေ ပြောပြီးပြီဖြစ်သည်။
အခုမှ သူမ တစ်ခုခု ဝင်ပြောလည်း အသုံးမဝင်တော့ပေ။
အရင်ဆုံး သူတို့ကို ချော့မော့ကာ ခေါ်ပြန်ပြီးမှ သူတို့ရဲ့
ဂုဏ်သိက္ခာကို ပြန်ဆယ်ဖို့ နည်းလမ်း ရှာရမည်။
ရှောင်သခင်မကြီးက ဆက်လက် ပြဿနာရှာချင်ပေမယ့် ရှစ်ချင်းလျို့က
စာထဲမှာ လိုချင်တာဖြစ်ပြီးပါက ပြဿနာကို ရပ်သင့်သည့်အချိန်မှာ
ရပ်ဖို့လိုကြောင်းပြောထားတာကို အမှတ်ရသွားခဲ့သည်။
သူတို့က တစ်ချိန်တည်းမှာပဲ အပြတ်ဖြတ်ပစ်လို့မရပေ။
စစ်သူကြီးရှောင်နှင့် သူ့ဇနီးက ဂုဏ်သိက္ခာကျဆင်းခဲ့ကာ အခု
သူတို့ကို ပြန်ပို့ပါက ဒုက္ခရောက်မည်ဖြစ်သည်။
ထို့ကြောင့် ရှောင်သခင်မကြီးက သက်ပြင်းချခဲ့သည်။ "ကောင်းပြီ၊
စံအိမ်ကို အရင်ပြန်မယ်၊ နောက်မှ ရွာကို ဘယ်လိုပြန်မလဲဆိုတာ ဆွေးနွေးတာပေါ့၊ ငါတို့က
တကယ်ပဲ စစ်သူကြီးစံအိမ်မှာ မနေချင်တော့ဘူး၊ နင့်ကိုလွမ်းလို့သာပေါ့၊ အခု ငါတို့က နင့်ကိုလည်း
တွေ့ပြီးပြီဆိုတော့ နင်တို့သာ သဘောမကျရင် ပြန်ဖို့ပဲရှိတယ်။" ရှောင်သခင်မကြီးက
မိခင်ပီသသည့် စကားတွေကို ပြောခဲ့လေသည်။
ထိုအချိန်မှာပဲ ရှောင်ယွမ်ရှစ်က ရင်ကွဲသွားလေသည်။
သူ့အမေ သရုပ်ဆောင်နေတာက သူစိမ်းနဲ့ တူသလို ခံစားလိုက်ရသည်။
သူ့အမေက ဒီလို မပြုမူသင့်ဘူးလေ။
သူ့အမေလို တုံးတုံးအအနဲ့ ပါးစပ်ကြမ်းတဲ့လူက ဘယ်လိုလုပ် ဒီလို
သရုပ်ဆောင်ကောင်းသွားတာလဲ။
သူ တကယ်နားမလည်နိုင်တော့ပေ။
ဒီလူတွေ မြို့တော် ရောက်လာပြီးမှ ဘာလို့ ဒီလောက်ဉာဏ်ကောင်းပြီး
လိမ်တတ်လာတာလဲ။
အခုအချိန်မှာ သူဒီထက်ဆက်မတွေးနိုင်တော့ပေ။ "အမေ ကျွန်တော်တို့ကို
ခက်ခဲအောင် မလုပ်ပါနဲ့၊ အဖေနဲ့ အမေရွာပြန်ပြီး ဒုက္ခခံဖို့ ခွင့်မပြုပါဘူး၊ ဒီစံအိမ်မှာပဲ
အေးအေးချမ်းချမ်း နေနိုင်ပါတယ်။"
ထို့နောက် ရင်ထဲက မပါသည့်စကားကို သုန်မှုန်စွာ ပြောခဲ့သည်။
"အဖေနဲ့ အမေကို စစ်သူကြီးစံအိမ်ကို စောင့်ကြပ်ပေးစေချင်တယ်။"
ရှောင်သခင်မကြီးက အင်တင်တင်ပြောခဲ့လေသည်။ "ဟူး နင်က
တော်တော်ကြင်နာတတ်တာပဲ၊ ဒါဆိုလည်း နည်းနည်းလောက် ဒီမှာထပ်နေပြီး နင့်အစား စံအိမ်ကို
ကြီးကြပ်ပေးမယ်၊ ငါ တကယ် စိတ်ပူခဲ့တာ။"
သူမက ထပ်ပြောခဲ့သည်။ "မဟုတ်ရင် သူခိုးရှိတဲ့အကြောင်း
နင် သိမှာတောင် မဟုတ်ဘူး။"
သူမ မပြောခဲ့ရင် ကောင်းပေမယ့် သူမ ပြောလိုက်မှ ရှောင်ယွမ်ရှစ်က
လူသတ်ချင်သွားခဲ့သည်။
သူ့မိသားစုက စီရင်စုတရားသူကြီးဆီသွားကာ စစ်သူကြီးစံအိမ်မှာ
သူခိုးရှိကြောင်း သွားတိုင်ခဲ့တာကို သူ သတင်းရခဲ့သည်။
အခုက သူ့ကို စောင့်ကြည့်နေသည့် လူတွေများပြီး ဒီကိစ္စက သူ့ကို
အကျိုးယုတ်စေသည်။
ဒီတစ်ကိုယ်ကောင်းဆန်တဲ့ အရူးတွေက သူ့ဂုဏ်သိက္ခာကို ဖျက်စီးနေတာပဲ။
သို့ပေမယ့် သူက လူရှေ့မှာ ဘာမှမပြောခဲ့ဘဲ ဆက်ချော့ခဲ့လေသည်။
"အင်း ဒါကြောင့် အမေတို့ အကူအညီလိုသေးတာပေါ့။"
လာတဲ့လမ်းမှာ ဘာလို့ တစ်ခါတည်း ဓားပြတွေရဲ့သတ်တာ မခံခဲ့ရတာလဲ။
ဒီလူတွေသာ မြို့တော်ကိုလာပြီး တောင်ပေါ်မှာ ဓားပြတွေနှင့်
ကြုံတာကို သူသိခဲ့မယ်ဆိုရင် သူ့လူတွေကို ဓားပြအဖြစ် ဟန်ဆောင်လွှတ်ပြီး သူတို့ကို သတ်ခိုင်းလိုက်မည်ဖြစ်သည်။
ဒါဆို သူတို့လည်း မြို့တော်ကိုလာပြီး သူ့ကို အန္တရာယ်ပေးနိုင်မှာ မဟုတ်တော့ပေ။
သူမသားက စကားချိုချိုလေး ပြောပေမယ့် အတွင်းမှာ အကောက်ကြံနေတာကို
ရှောင်သခင်မကြီး သိသည်။
အပေါ်ယံမှာတော့ သူမက ချစ်ခင်သည့် အမူအရာဖြင့် ပြောခဲ့လေသည်။
"ဒါဆိုလည်း အချိန်တစ်ခုအထိ စောင့်ကြပ်ပေးပါ့မယ်။"
သို့ပေမယ့် သူမ စိတ်ထဲမှာတော့ ခနဲ့နေခဲ့သည်။
ဒီတိရိစ္ဆာန်က သူတို့ကို နှင်ထုတ်ချင်နေတာဆိုတော့ အခု ဘယ်သူက
ပိုရက်စက်လဲကြည့်တာပေါ့။
မနက်ဖြန်ကျရင် ဒီထက် ပိုရက်စက်တာကိုလုပ်ပြီး မြေခွေးမနှင့်
သူ့မောင် မျိုးမစစ်ကို ဖိနှိပ်ရမည်။
မဟုတ်ပါက ထိုမျိုးမစစ် အရွယ်ရောက်လာပြီး သူတို့ကို လက်စားချေရင်
ဘယ်လိုလုပ်မလဲ။
ပြဿနာကို အမြစ်ကနေ အပြတ်ရှင်းဖို့ ရှစ်ချင်းလျို့က သင်ကြားပေးခဲ့သည်။
သူတို့ကိုမသတ်ဘဲ သူတို့ အနာဂတ်ကို ဖျက်စီးပစ်ရမည်။
မဟုတ်ပါက သူတို့ကို ဒုက္ခရောက်စေလိမ့်မည်။
အရင်တုန်းကတော့ သူမက ရှစ်ချင်းလျို့ရဲ့ စကားတွေကို အတည်မယူခဲ့ပေ။
အခုမှ ထိုမျိုးမစစ်ရဲ့ ဝံပုလွေလို မျက်လုံးတွေကို မြင်လိုက်ရပြီးမှ
သူမ စကားတွေက မှန်ကန်ကြောင်း ခံစားမိလိုက်လေသည်။