အခန်း(၁၁၁) - တကယ့်အံ့ဖွယ်ပဲ
ဤသို့ဖြင့် ရှောင်ယွမ်ရှစ်ရဲ့ ချော့မော့မှုအောက်မှာ ရှောင်သခင်မကြီးက
စံအိမ်ကို ပြန်လိုက်ဖို့ ဆုံးဖြတ်ခဲ့လေသည်။
ရှောင်ယွမ်ရှစ်က ပွဲကြည့်ပရိသတ်တွေကို ပြုံးပြခဲ့သည်။
သူ့ကိုယ်သူ တမာသမတ်ကျသည့် စစ်သူကြီးလို ပြမူခဲ့လေသည်။
"စောနက ကိစ္စက အိမ်တွင်းရေး ပြဿနာ အသေးအဖွဲလေးပါ၊ ဒီလိုရှက်ဖို့ကောင်းတဲ့
အပြုအမူတွေကို အားလုံးကို မြင်စေခဲ့မိလို့ တောင်းပန်ပါတယ်။"
ဒါငါ့မိသားစုရဲ့ ပြဿနာကြီး မဟုတ်လို့ လျှောက်မဖွနဲ့ဟု ဆိုလိုသည့်
အဓိပ္ပာယ်ဖြစ်သည်။
တခြားလူတွေကလည်း ပြုံးခဲ့သည်။
အပြင်ပန်းကတော့ သူတို့က ဘာမှ မပြောပေမယ့် စိတ်ထဲမှာတော့ သူတို့ကတော့
အဲလိုမထင်ပေ။
မြို့တော်တစ်ခုလုံးမှာ အခုလို ဂယက်ထတာက ရှားသည်။
အိမ်ပြန်ရောက်ပါက ထိုအကြောင်းကို သူတို့ရဲ့ မိတ်ဆွေတွေနှင့်
ဆွေမျိုးတွေကို သေချာပေါက် မျှဝေရမည်ဖြစ်သည်။
ရှောင်သခင်မကြီးက မသွားခင် သူမရဲ့ မိတ်ဆွေဖြစ်သည့် သခင်မကြီးကို
စကားပြောဖို့အတွက် ဆွဲထားခဲ့လေသည်။
မနက်ဖြန်ကျရင် ပိုးထည်ဆိုင်ကို စျေးဝယ်ထွက်သည့်အခါ သူမကို
ခေါ်သွားချင်ကြောင်း ပြောခဲ့လေသည်။
သူတို့မြို့တော်ကိုရောက်သည့်အခါ အိမ်တွင်းပုန်းလုပ်မနေဘဲ
မိတ်ဆွေရှာဖို့ ရှစ်ချင်းလျို့က သင်ပေးခဲ့သည်။
စိတ်ဝင်စားမှု တူညီတာတွေကို မျှဝေလို့ရမည့်လူ သို့မဟုတ် အဆင့်အတန်းတူသည့်လူကို
မိတ်ဆွေဖွဲ့ရမည်ဖြစ်သည်။
သူတို့ရဲ့ မျက်နှာချင်းဆိုင်မှာနေသည့် သခင်မကြီးကလည်း ရွာကဖြစ်ကာ
သူတို့တွင် တူညီမှု အများကြီး ရှိသည်။
ဒါ့အပြင် ထိုသခင်မကြီးက နွေးထွေးကြင်နာသည်။
အကယ်၍ သူမရဲ့ တိရိစ္ဆာန်ကောင် ဒုတိယသားသာ သူမကို အိမ်ထဲမှာ
ပိတ်ထားချင်ပါက သူမက ကူညီက စကားတွေ ဖြန့်ပေးလို့ ရသည်။
ထိုစကားကို ရှောင်ယွမ်ရှစ် ကြားတော့ အလွန်ဒေါသထွက်သွားပေမယ့်
တစ်လုံးမှ ထုတ်ပြောကာ မတားနိုင်ခဲ့ပေ။
ရှောင်သခင်မကြီးက ချွေးမရဲ့ မကြည်ဖြူတာကို ခံရတာကြောင့် သူမက
သနားနေခဲ့သည်။
သားဖြစ်သူကလည်း ယုံကြည်ရပုံမပေါ်ပေ။
သူမက ရှောင်သခင်မကြီးရဲ့ လက်ကို ကိုင်ကာ ပြောခဲ့သည်။
"ကောင်းပြီ၊ မနက်ဖြန် သွားကြတာပေါ့၊ နင့်မှာ ကိစ္စတစ်ခုခုရှိရင် နင့်ရဲ့ ချွေးမ
ဒါမှမဟုတ် မြေးတွေနဲ့ ငါ့ကို လာခေါ်ခိုင်းလိုက်။"
သူမအတွက် ရွာကလာသည့်လူနှင့် ဆုံကာ စကားပြောရဖို့က ရှားပါးသည်။
သူမက ရှောင်သခင်မကြီးကို ရွာမပြန်စေချင်ပေ။
ရှောင်သခင်မကြီးက ပြုံးကာ ပြန်ပြောခဲ့သည်။ "ကောင်းပါပြီ။"
ထို့သို့ပြောပြီးနောက် ရှောင်သခင်မကြီးက ရှောင်ယွမ်ရှစ် နောက်ကနေ
စစ်သူကြီးစံအိမ်ကို ပြန်လိုက်ခဲ့လေသည်။
သူတို့ ထိုင်ပြီးသည်နှင့် ရှောင်ယွမ်ရှစ် ဘာမှ မပြောရသေးခင်မှာပဲ
ရှောင်သခင်မကြီးက သူ့လက်ကိုဆွဲကာ ငိုယိုပြောခဲ့သည်။
"သားရယ် ငါလည်း ဒီနေ့လိုမျိုး လူသိရှင်ကြားဖြစ်အောင်
မလုပ်ချင်ပါဘူး၊ ဒါပေမဲ့ နင့်မိန်းမနဲ့ သူ့မောင်က ငါတို့ကို တအားအနိုင်ကျင့်တာပဲ။"
ထို့နောက် သူမက ကောချွန်းယီက သူမကို မလေးမစားလုပ်ကြောင်း
သူမရဲ့ အကြီးဆုံးသားနှင့် တခြားလူတွေကိုပါရိုက်နှက်ကြောင်း ဇာချဲ့ကာ ပြန်ပြောပြခဲ့လေသည်။
ကောချွန်းယီက ပြန်ချေပခဲ့လေသည်။ "ခင်ဗျားတို့က ကျုပ်အစ်မကို
အရင် ပါးရိုက်တာလေ၊ ခင်ဗျားတို့ကမှ သူ့ကို အနိုင်ကျင့်ခဲ့တာလေ။"
ရှောင်သခင်မကြီးက သူ့ကို ဘုကြည့်ကြည့်ပြီး ရှောင်ယွမ်ရှစ်ကို
ပြောခဲ့သည်။ "ကြည့်ပါဦး၊ ငါက ဒါလေးပဲပြောရသေးတယ် သူက ငါ့ကို နှုတ်လှန်ထိုးနေပြီ၊
ငါက နင့်ကို မွေးပေးပြီး ပျိုးထောင်ပေးခဲ့တဲ့ အမေပါ၊ သူ့ကိုယ်သူ ဘာထင်နေတာလဲ၊ သူက စစ်သူကြီးစံအိမ်မှာ
သခင်လေးတစ်ပါးလို နေထိုင်တယ်၊ သူ့တိုက်ခိုက်စွမ်းရည် တိုးတက်အောင် နင်က သူ့ကို မြို့တော်က
အထူးပညာရပ်သင်ကျောင်းကိုတောင် ပို့ပေးခဲ့သေးတယ်၊ အခုတောင် ဒီလောက် မောက်မာပြီး နင့်အမေဖြစ်တဲ့
ငါ့ကို မလေးမစား ဆက်ဆံနေတာ၊ အနာဂတ်မှာ သူ အောင်မြင်လာတဲ့အချိန်ကျရင် သူက နင့်ကို ယောက်ဖလို့တောင်
သတ်မှတ်ပါဦးမလား၊ တချို့လူတွေက ကျေးဇူးသိပ်ကန်းတာ၊ နင့်ရဲ့ မိသားစုမျိုးရိုးနာမည်က
ဘာလဲဆိုတာ မမေ့နဲ့။"
ရှောင်သခင်မကြီးကို ဆက်တိုက် ပြဿနာရှာလို့မရကြောင်း ရှစ်ချင်းလျို့က
ပြောခဲ့သည်။
အခုအချိန်မှာ ဒီမျိုးမစစ်တွေ စိတ်ဝမ်းကွဲအောင် သွေးထိုးပေးဖို့
လိုသည်။
ရှောင်သခင်မကြီးက ဒါကို တွေးလေလေ အဓိပ္ပာယ်ရှိလေဟု ခံစားလိုက်ရသည်။
ထို့ကြောင့် သူမက အခွင့်အရေးယူကာ စတင်ကန်ခဲ့လေသည်။
သူမက ဆက်လက်ငိုယိုခဲ့သည်။ "နင်က ဒုတိယသားမလို့ အရင်က
ငါ နည်းနည်း လျစ်လျူရှုခဲ့မိတာကို ဝန်ခံပါတယ်၊ ဒါပေမဲ့လည်း နင်ငယ်ငယ်ကတည်းက ကောင်းကောင်းမွန်မွန်
ကျွေးမွေးခဲ့တာပါ၊ နင်စစ်တပ်ထဲ ဝင်တော့လည်း ငါ့မှာ စိတ်ပူလို့ အိပ်မပျော်ခဲ့ဘူး။"
ရှောင်သခင်ကြီးကလည်း ပြောခဲ့လေသည်။ "ဟုတ်တယ်၊ မင်းထွက်သွားပြီး
လအနည်းငယ်အထိ ငါတို့မှာ နေ့နေ့ညည အိပ်မပျော်ခဲ့ဘူး၊ မင်းအမေဆို ခဏခဏလန့်နိုးပြီး မင်းတစ်ခုခုဖြစ်မှာကို
စိုးရိမ်နေခဲ့တာ။"
ထိုစကားတွေက တချို့တစ်ဝက်က အမှန် ဖြစ်သည်။
သူတို့ တကယ် စိတ်ပူခဲ့သော်လည်း ထိုမျှလောက်တော့ မဟုတ်ပေ။
ရှောင်ယွမ်ရှစ်က သူတို့နှစ်ယောက်ရဲ့ စကားကိုကြားတော့ မျက်မှောင်ကြုတ်ခဲ့သည်။
သူလည်း နည်းနည်းတော့ စိတ်တိုသည်။ အရင်က သူ့ကို သူ့မိဘတွေက
လျစ်လျူရှုခဲ့သော်လည်း ကြမ်းကြမ်းတမ်းတမ်း မဆက်ဆံခဲ့ပေ။
သူက အမျိုးသမီးခုန်နှင့် လက်ထပ်ခဲ့တာကြောင့် သူတို့က မကျေမနပ်ဖြစ်ခဲ့ပြီး
အမျိုးသမီးခုန်ကို ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံခဲ့တာသာ ရှိသည်။
ထိုမျှလောက်နှင့် သူ့နှလုံးသားက သေချာပေါက် ပျော့ညံ့မသွားခဲ့ပေ။
သူက ဒေါသထွက်ကာ လက်သီးတင်းတင်းဆုပ်ထားသည့် ကောချွန်းယီကို
မော့ကြည့်ခဲ့သည်။
သူက မျက်မှောင်ကို ကြုတ်ထားကာ သူ့မကျေနပ်ချက်ကို ဖော်ပြခဲ့သည်။
ဘာပဲဖြစ်ဖြစ် ဒါတွေက သူ့မိဘနှင့် ညီအစ်ကိုတွေ ဖြစ်သည်။
သူကြိုက်တာ လုပ်ခွင့်ရှိပေမယ့် သူ့ယောက်ဖကတော့ အိမ်မှာ မောက်မာစွာ
ဆက်ဆံဖို့ မလိုပေ။
ဒါ့အပြင် သူ့ယောက်ဖသာ ဒီနေ့ သူများကိစ္စကို ဝင်မရှုပ်ဘဲ အမျိုးသမီးဝူ၊
သူ့ရဲ့အစ်ကိုအကြီးဆုံးနှင့် တခြားလူတွေကို မရိုက်နှက်ခဲ့ပါက သူ့အမေလည်း စိတ်ရူးပေါက်ကာ
တံခါးမကြီးရှေ့ထွက်ပြီး အော်ဟစ်ကာ အခုလို ပြဿနာတွေ ရှုပ်ထွေးအောင်လုပ်လိမ့်မည် မဟုတ်ပေ။
သူ့ယောက်ဖက လူကောင်းဖြစ်ပြီး သူသာ ကောင်းကောင်း ပျိုးထောင်ပေးပါက
အနာဂတ်မှာ သူ့အတွက် ကောင်းမွန်သည့် အကူအညီ ရလာမည်ဟု အစက ထင်ခဲ့မိသည်။
သို့ပေမယ့် ကြည့်လေလေ သူက မရင့်ကျက်လေ ဖြစ်သည်။
သူက မြို့တော်ကို ရောက်လာပြီးနောက် အထူးအတတ်ပညာရပ် သင်ကြားပေးသည့်
ကျောင်းမှာ မြင်းစီးကာ လေးပစ်သည့်အတတ်မှာ ကျွမ်းကျင်တာကြောင့် သူက ပိုပိုပြီး ဘဝင်မြင့်လာခဲ့သည်။
ထိုအချက်ကပဲ ရွာမှာ ရည်မွန်ပြီး ရင့်ကျက်သည့် သားရှိကြောင်းကို
အမှတ်ရသွားစေခဲ့သည်။
သူက နှမြောစွာ သက်ပြင်းချခဲ့သည်။
"အမေ စိတ်မတိုပါနဲ့၊ ကျွန်တော် သူ့ကို ဆုံးမလိုက်ပါ့မယ်၊
ဒါပေမယ့် ကျွန်တော့်ဘက်ကိုလည်း တွေးပေးဦး၊ အပြင်သွားပြီး ပြဿနာမရှာနဲ့။"
သူက အလေးအနက် ပြောခဲ့သည်။ "ဒါက ကျွန်တော့်ကို အကြီးအကျယ်
အရှက်ရစေတယ်၊ ဒါက ကျွန်တော့် ဂုဏ်သိက္ခာကို ထိခိုက်စေခဲ့ရင် အမေတို့ရဲ့ ဂုဏ်သိက္ခာလည်း
ထိခိုက်မှာပဲ။"
အရင်ဆုံးတော့ ဒီလူတွေကို အချိန်တစ်ခုအထိ ချော့ထားရမည်။
ပြီးမှပဲ သူ့တူတွေကို လောင်းကစားလုပ်ဖို့ မြူဆွယ်ခိုင်းပြီး
အကြောင်းပြချက်ရှာကာ ရွာပြန်ပို့ရမည်။
ရှောင်သခင်မကြီးက မကျေမနပ်ကြည့်ခဲ့သည်။ "ဒါ နင့်မိန်းမနဲ့
နင့်ယောက်ဖ ငါ့ကို အနိုင်ကျင့်လို့ဖြစ်တာလေ၊ ငါသည်းမခံနိုင်ဘူး၊ ရှေ့လျှောက် သူတို့
ငါ့ကို ရန်မစသ၍ ငါကြိုးစားထိန်းချုပ်ပါ့မယ်။"
သူမက စိတ်ထဲကတော့ ကျိန်ဆဲလိုက်သည်။ ထင်တဲ့အတိုင်း ဒီတိရိစ္ဆာန်ကောင်က
မြေခွေးမနဲ့ မျိုးမစစ်လေးကို ဘက်လိုက်နေတုန်းပဲ။
ရှောင်ယွမ်ရှစ်မှာ ရင်မောနေရသည့်ကြားမှ သူမကို ထပ်ချော့ခဲ့ရပြန်သည်။
သူက သူတို့ မြို့တော် စီရင်စုတရားသူကြီးဆီ တိုင်တန်းထားသည့်
ကိစ္စကို ပြန်ရုတ်သိမ်းစေချင်နေသည်။
ထိုစကားကိုရှောင်သခင်မကြီးကြားတော့ အလွန်ဒေါသထွက်သွားခဲ့သည်။
"မလုပ်နိုင်ဘူး မိသားစုရဲ့ ပိုင်ဆိုင်မှုတွေက ခိုးခံလိုက်ရတာလေ၊ စုံစမ်းခိုင်းမှကိုရမယ်။"
သူမက လှည့်ကာ အကြံပေးခဲ့သည်။ "ရူးကြောင်ကြောင်လုပ်မနေနဲ့၊
ဘုရင်ကြီးရဲ့လက်ဆောင်တွေပါ ပါတယ်၊ အဲတာတွေသာ တကယ်ပျောက်သွားခဲ့ရင် နင့်ရဲ့စစ်သူကြီးရာထူးကို
ဆက်ထိန်းထားနိုင်ပါဦးမလား။"
ရှောင်ယွမ်ရှစ်က ဆွံ့အသွားခဲ့သည်။
ဒီအကြောင်းကို သိရဲ့သားနဲ့တောင် သွားတိုင်ကြားခဲ့သေးတယ်ပေါ့။
သူ့မှာမှ ကံဆိုးပြီး ဘာလို့ ဒီလိုတကယ်ကောင်းဆန်တဲ့ ငတုံးဆွေမျိုးတွေရှိနေရတာလဲ။
"အမေ နားလည်မှုလွဲနေတာပါ၊ အဲဒီရွှေနဲ့ပစ္စည်းတွေက ဘုရင်ကြီး
ချီးမြှင့်ထားတာကြောင့် ကျွန်တော်က တခြားနေရာမှာ သွားသိမ်းထားခိုင်းခဲ့တာပါ၊ အမေ့ကို
မပြောပြဖြစ်ခဲ့တာ၊ ဒါကြောင့် အစ်ကိုကြီးနဲ့ တိုင်ကြားထားတဲ့ကိစ္စကို ပြန်ရုတ်သိမ်းပေးပါ၊
ဒီကိစ္စသာ ပေါ်သွားရင် ကျွန်တော်တို့မိသားစု ဂုဏ်သိက္ခာကျဆင်းပါလိမ့်မယ်။"
အိမ်ထဲမှာ အပြင်လူတွေ မရှိတာကြောင့် ရှောင်သခင်မကြီးက လက်မြှောက်ကာ
ရှောင်ယွမ်ရှစ်ကို ပါးရိုက်ခဲ့သည်။ "ဝတ္တရား မကျေပွန်တဲ့ တိရိစ္ဆာန်ကောင်၊ နင်ကိုယ်တိုင်
ပိုက်ဆံတွေနဲ့ အဖိုးတန်ပစ္စည်းတွေကို ရွှေ့ခဲ့တာလား၊ နင်ဘယ်သူ့ကို အာခံနေတာလဲ၊ ဝမ်းရည်စပ်တဲ့ဟဲ့၊
နင်က နင့်အမေကို အာခံနေတာ၊ မိုးကြိုးပစ်ခံရပါစေဟယ်။"
သူမက ရင်ထဲက လှိုက်လှိုက်လှဲလှဲ ကျိန်ဆဲခဲ့လေသည်။
ရှောင်မိသားဟောင်းက တခြားလူတွေလည်း ရက်စက်ကြမ်းတမ်းကြသည်။
ထင်တဲ့အတိုင်း ဒီမျိုးမစစ်ကောင်က ဒီကိစ္စမှာ ပါဝင်နေခဲ့တာပဲ။
ထိုရိုက်ချက်ကြောင့် ရှောင်ယွမ်ရှစ်က ကြက်သေသေသွားခဲ့သည်။
သူ့အမေက သူ့ကို အခုမှ ပထမဆုံးအကြိမ် ပါးရိုက်ဖူးတာ ဖြစ်သည်။
အထူးသဖြင့် သူ့ဇနီးအလှလေးနှင့် ကောချွန်းယီရဲ့အရှေ့မှာဖြစ်သည်။
"အမေတို့တွေးနေတာ အမေတို့ သိမှာပေါ့၊ စစ်သူကြီးစံအိမ်က
အမေတို့ ရမ်းကားလို့ရတဲ့နေရာ မဟုတ်ဘူး။"
သူက အလွန်ဒေါသထွက်ခဲ့သည်။ "အခုကစပြီး အပြင်မထွက်ရဘူး၊
စံအိမ်ထဲမှာပဲ နာနာခံခံနဲ့ နေ၊ အမေတို့ စားဖို့သောက်ဖို့ စားကောင်းသောက်ဖွယ်တွေ အများကြီး
ရှိပြီးသားပါ။"
ရှောင်သခင်မကြီးကလည်း ဒေါသထွက်လာခဲ့သည်။ သူမက လက်မြှောက်ကာ
စားပွဲကို ရိုက်ချခဲ့သည်။
"ဘာ၊ နင်က ငါတို့ကို ပိတ်လှောင်ထားချင်တာလား၊ တိရိစ္ဆာန်ကောင်
လုံးဝ မဖြစ်နိုင်ဘူးလို့ ငါနင့်ကို ပြောလိုက်မယ်၊ မနက်ဖြန်ကျရင် စျေးဝယ်ထွက်ဖို့ အရှေ့က
သခင်မကြီးနဲ့ ချိန်းဆိုပြီးသားဟဲ့။"
သူမက သူ့ကို ခြိမ်းခြောက်ခဲ့သည်။ "နင်သာငါ့ကိုပေးမထွက်ရင်၊
သူ့ဘာသာသူ လာရှာတဲ့အချိန်မှာ နင်ကငါ့ကို ထင်းတဲထဲမှာပိတ်ပြီး နှိပ်စက်တဲ့အကြောင်း သူ့ကိုပြောပစ်မယ်၊
ငါ့ကိုအစာမကျွေးဘဲ အပြင်လည်း ပေးမထွက်ကြောင်းလည်း ပြောပစ်လိုက်မယ်။"
ရှစ်ချင်းလျို့က သိပ်တော်တာပဲ။
ဒီတိရိစ္ဆာန်ကောင်က ဆင်ခြေရှာပြီး သူတို့ကို ပိတ်လှောင်ထားမယ့်
အကြောင်းကို ကြိုမြင်ခဲ့တယ်။
သူ့စကားနားထောင်ပြီး ရုတ်ရုတ်သဲသဲ မဖြစ်ခင် လွတ်လမ်းရှာခဲ့လို့
ကံကောင်းသွားတာပါလား။ မဟုတ်ရင်တော့ သူတို့တော့ ဒုက္ခရောက်လောက်ပြီ။