အပိုင်း ၁၁၄
Viewers 14k

အခန်း(၁၁၄) - သူက တကယ် အရည်အချင်းရှိတယ်

 

ရှောင်ယွမ်ရှစ်က သွေးအန်မတတ် ဒေါသထွက်နေသည်။

 

ခေါင်းကိုက်လို့ အိပ်ရာထက်မှာ အနားယူနေသည့် ကောချွန်းရုက ဒေါသကြောင့် မေ့လဲသွားခဲ့သည်။

 

သူမ ပြန်နိုးလာတဲ့အချိန်မှာတော့ တကယ်ဖျားနေပြီဖြစ်သည်။

 

သို့ပေမယ့် သူမ အားတင်းထကာ ရှောင်မိသားစုဟောင်းကို သတ်ချင်နေသည်အထိ ဒေါသထွက်နေသည့် ခြင်္သေ့လို ကောချွန်းယီကို သူမ ဖျောင့်ဖျပေးရဦးမည်။

 

သူမက မောင်လေးကိုဖက်ပြီး ငိုခဲ့သည်။ "စိတ်လိုက်မာန်ပါ မလုပ်ပါနဲ့၊ သူတို့အသက်က နင့်အသက်လောက် အဖိုးမတန်ပါဘူး၊ အခုတော့ သည်းခံလိုက်ဦး။ ငါသူတို့ကို လွယ်လွယ် လွှတ်မပေးပါဘူး။"

 

သူတို့ကို သေစေချင်ပေမယ့် အခုတော့ မဟုတ်သေးပေ။

 

ထိုလူတွေက အလွန်ရက်စက်ကြမ်းကြုတ်ကာ သူမ မောင်လေးရဲ့ အနာဂတ်ကို ဖျက်စီးခဲ့သည်။

 

သူမ သေချာပေါက် သူတို့ကို မလွှတ်ပေးနိုင်ပေ။

 

ကောချွန်းယီက ယိုင်လဲခဲ့လေသည်။ "သူတို့ လွန်သွားပြီ၊ ကျွန်တော့်ကို အထူးပညာရပ်သင်ကျောင်းက အထုတ်ခံရအောင်ပါ လုပ်ခဲ့တယ်၊ အနာဂတ်မှာ ကျွန်တော် မြို့တော်မှာ ဘယ်လိုရှင်သန်ရတော့မှာလဲ၊ စစ်ပညာရပ်မှာ ထိပ်တန်းရအောင် ဘယ်လိုလုပ်ရတော့မှာလဲ။"

 

သူ့ရဲ့ တောက်ပနေသည့် အနာဂတ်က ပျက်စီးသွားခဲ့ပြီဖြစ်သည်။

 

သို့ပေမယ့် သူ့အစ်မ ပြောတာ မှန်သည်။ အကယ်၍ သူသာ ဒီလူတွေကို သတ်ခဲ့ရင် သူ့ဘဝဖြင့် ပြန်ပေးဆပ်ရမှာဖြစ်သည်။

 

သူ မသေချင်သေးပေ။

 

ကောချွန်းရုက သူ့ကို နှစ်သိမ့်ခဲ့သည်။ "အဆင်ပြေပါတယ်၊ နင့်ကို စစ်တပ်ထဲမှာ လေ့ကျင့်ပေးလို့ရအောင် နင့်ယောက်ဖကို ပြောပေးမယ်၊ နှစ်အနည်းငယ် ကြာပြီးရင် ပြန်လာခဲ့၊ ခြေလျင်တပ်ထဲ ဝင်လို့ရအောင် သူ့ကို တောင်းဆိုကြည့်၊ နင့်မှာ အလားအလာကောင်းတဲ့ အနာဂတ် ရှိပါသေးတယ်၊ နှစ်အနည်းငယ်ကြာပြီးရင် ဒီကိစ္စက အဲလောက် မကြီးမားတော့ပါဘူး၊ လူတော်တော်များများက မေ့လောက်ပြီ။"

 

သူမလည်း သူ့မဘာသာ သူမ နှစ်သိမ့်ခဲ့လေသည်။

 

အခု သူမ၏ မောင်ဖြစ်သူက အနိမ့်ကို ရောက်နေရင် အများကြီး ငြိစွန်းမည် မဟုတ်ပေ။

 

သို့ပေမယ့် တစ်နေ့ကျရင် သူ အရာရှိ ဖြစ်လာပါက ဒီနေ့ကိစ္စကို အသုံးပြုပြီး တိုက်ခိုက်မည့်လူတွေ ရှိလာနိုင်သည်။

 

သူမ မောင်လေးက အကျင့်စာရိတ္တ မကောင်းဘဲ အရင်က အထူးပညာရပ်သင်ကျောင်းကနေ အထုတ်ခံခဲ့ရကြောင်း ပြောကြလိမ့်မည်။

 

သို့ပေမယ့် ဒီကိစ္စကိုတော့ သူမ ထုတ်မပြောနိုင်ခဲ့ပေ။

 

မဟုတ်ပါက သူမ မောင်လေး ရူးသွားပါလိမ့်မည်။ ထိုအကျိုးဆက်ကို သူမ မခံစားနိုင်ပေ။

 

အချိန်ကျရင်တော့ သူမ မောင်လေးရဲ့ ဂုဏ်သိက္ခာကိုဆယ်ဖို့ နည်းလမ်း ရှာဖွေရမည်။

 

"စစ်ပွဲ ဒါမှမဟုတ် တစ်ခုခုမှာ ထောက်ပံ့ပေးနိုင်ရင် ဒီမတော်တဆက ပြဿနာကြီး မဟုတ်တော့ပါဘူး။"

 

သူမက သူမ မောင်လေးကို အားပေးခဲ့သည်။ "သူတို့ ဒီလိုလုပ်လေလေ ကိုယ့်ဘာသာကိုယ် အရှုံးမပေးရဘူး၊ သေချာပေါက် သူတို့ကို လက်စားချေရမယ်။"

 

ကောချွန်းယီက မုန်းတီးစွာ အံကြိတ်ခဲ့သည်။ "ဟုတ်ကဲ့၊ အစ်မစကားကို ကျွန်တော် နားထောင်ပါ့မယ်။"

 

သူ့အစ်မက သူ့ကို ကာကွယ်ပေးတာဖြစ်သည်။ အခု သူက ရှောင်ယွမ်ရှစ်ကိုတောင် အပြစ်တင်နေသည်။

 

ရှောင်သခင်မကြီးနှင့် တခြားလူတွေက ကောချွန်းယီကို အထူးပညာရပ်သင်ကျောင်းက အထုတ်ခံရအောင် လုပ်နိုင်ခဲ့တာကြောင့် အလွန်ပျော်ရွှင်နေကြသည်။

 

ရှောင်မိသားစုဟောင်းရဲ့ အကြီးဆုံးမြေးက အရမ်း ကျေနပ်ဖို့ ကောင်းသည်ဟု ခံစားနေရသည်။ "ဟမ့် အဲမျိုးမစစ်ကောင် ဘယ်လောက်ထိ ဘဝင်မြင့်နိုင်ဦးမလဲဆိုတာကို ကြည့်ကြသေးတာပေါ့။"

 

ထိုအကောင်ရဲ့ အနာဂတ်က ပြီးဆုံးသွားပြီဖြစ်သည်။

 

အနာဂတ်မှာ စစ်သူကြီးစံအိမ်ရဲ့ ကြွယ်ဝမှုတွေကို သူ ပိုပြီး သုံးစွဲနိုင်တော့မည်။

 

ရှစ်ချင်းလျို့ ပြောတာ မှန်တယ်။ အဲကောင်က သူ့အပိုင်တွေကို မောင်ပိုင်စီးထားလို့ရမလား။ အဲလိုလုပ်ခဲ့တဲ့အတွက် အကျိုးဆက်ကိုပြန်ခံရမှာပဲ။

 

အကယ်၍ သူ့ဒုတိယဦးလေးသာ သူ့ကို ပိုအာရုံစိုက်ကာ ပျိုးထောင်ပေးခဲ့ရင် သူက ထိုမျိုးမစစ်ထက် ပိုအရည်အချင်းရှိကာ မြို့တော်မှာ ပိုကျော်ကြားနိုင်သည်။

 

ထိုမိန်းမရဲ့ အကြံက တကယ်ကောင်းသည်။ သူတို့က ထိပ်ဆုံးမှာ ရပ်ကာ ရုတ်ရုတ်သဲသဲဖြစ်အောင် လုပ်ခဲ့သည်။

 

အကယ်၍ သူတို့မှာ သက်သေရှိပါက ချက်ချင်း အသုံးချရမည်။

 

သက်သေကို ဆုပ်ကိုင်မထားသင့်ကြောင်း မဟုတ်ပါက အလဟသ ဖြစ်သွားတတ်ကြောင်း သူမက ပြောခဲ့သည်။

 

ထို့ကြောင့်ပဲ မနေ့က မတော်တဆကို ဒီနေ့ ချက်ချင်း အသုံးချခဲ့တာဖြစ်သည်။

 

သူ့အဖွား၊ သူ့အမေနှင့် သူ့ရဲ့ တတိယအန်တီ၏ အတိုက်အခိုက်စွမ်းရည်အရ မျိုးမစစ်ကောင်က တကယ်ဆိုးရွားသည့်အခြေအနေမှာ အဆုံးသတ်သွားခဲ့သည်။

 

ပြန်ရောက်လာပြီးနောက် ရှောင်သခင်မကြီးနှင့် တခြားလူတွေက ပို၍ နာခံစွာ နေထိုင်ဖို့ ဆုံးဖြတ်ခဲ့သည်။

 

ရှောင်ယွမ်ရှစ်က သူတို့ကို ပြဿနာလာရှာပြီး ဒေါသပေါက်ကွဲခဲ့တာကို သူတို့ မခုခံခဲ့ပေ။

 

ရှောင်ယွမ်ရှစ်က ဝါဂွမ်းနဲ့ ပေါက်နေသလို ခံစားခဲ့ရသည်။

 

သူက ဒေါသပေါက်ကွဲခဲ့ပေမယ့် အခွင့်အရေး မယူခဲ့ပေ။ ပြီးနောက် သူက ပြန်ထွက်သွားခဲ့သည်။

 

ထို့နောက် သူက အစောပိုင်းက ဖြစ်သွားသည့် မတော်တဆမှုကို မြို့တော်မှာ ပျံ့မသွားအောင် လူလွှတ်ကာ စောင့်ကြည့်စေခဲ့သည်။

 

သို့ပေမယ့်လည်း ဤအရာက သူစီစဥ်ထားသလို ဖြစ်မလာခဲ့ပေ။

 

ထိုနေ့က စံအိမ်မှာ ဖြစ်သွားသည့် မတော်တဆမှုက ပျံ့နှံ့သွားခဲ့သည်။

 

စစ်သူကြီးရဲ့ ဇနီးသည်က ယောက္ခမတွေကို တာဝန် မကျေပွန်ကြောင်းနှင့် သူမက သူမ မောင်လေးဖြင့် အကြီးတွေကို ရိုက်နှက်စေခဲ့ကြောင်းတို့ ဖြစ်လေသည်။

 

သူမနဲ့ သူမမောင်လေးက သိုလှောင်ခန်းက ငွေနှင့် အဖိုးတန်ပစ္စည်းတွေကို ရွှေ့ပြောင်းခဲ့ပြီး တရားရုံးက လူတွေက ပြန်ရှာတွေ့ခဲ့သည့် အကြောင်းပါ ပါဝင်ပါသေးသည်။

 

စစ်သူကြီးရဲ့ ဇနီးသည်၏ မောင်ဖြစ်သူက အကျင့်စာရိတ္တ မကောင်းဘဲ အထူးပညာရပ်သင်ကျောင်းက ထုတ်ပယ်ခံရကြောင်း စသည့် သတင်းတွေက တောမီးလို အမြန်ပြန့်သွားခဲ့သည်။

 

ရှောင်ယွမ်ရှစ်တစ်ယောက် လူလွှတ်ကာ အဆိုပါ သတင်းကို တားဆီးခိုင်းဖို့ အလွန်နောက်ကျသွားပြီဖြစ်သည်။

 

လက်တလောမှာ စစ်သူကြီးစံအိမ်က လူတွေ လှောင်ပြောင်စရာ အကောင်းဆုံး ဖြစ်နေခဲ့သည်။

 

ဒါက ကောချွန်းရုရဲ့ ဂုဏ်သိက္ခာကိုပါ ဖျက်စီးခဲ့သည်။

 

သူမက ယောက္ခမကို မလေးစားဘဲ မောင်ဖြစ်သူနှင့် လူကြီးတွေကို ရိုက်နှက်ခိုင်းပြီး သိုလှောင်ခန်းက ပစ္စည်းတွေကိုလည်း တခြားနေရာကို ရွှေ့ပြောင်းခဲ့ကြောင်း စသည်တို့ဖြစ်သည်။

 

ဒီမတော်တဆမှု သုံးခုကြောင့် မြို့တော်က မျိုးရိုးမြင့် အမျိုးသမီးတွေက သူမကို ဖယ်ကြဥ်ခဲ့ကြသည်။

 

လာဘ်ထိုးခံထားရသည့် သူဖုန်းစားတွေ၊ စားသောက်ဆိုင်တွေ၊ စားပွဲထိုးတွေ၊ ပုံပြောသူတွေနှင့် တခြားလူတွေက ထိုသတင်းကို ဖြန့်ပြီးသည်နှင့် ငွေကြေး လက်ခံပြီး ကောင်းကောင်းကြီး ပုန်းအောင်းနေခဲ့သည်။

 

သူတို့က စာရေးပြီး နန်ရှီစီရင်စုမြို့ကို စာတိုက်ရုံးက တစ်ဆင့် ပို့ပေးခဲ့သေးသည်။

 

၇ ရက်ကြာပြီးနောက် စီရင်စုမြို့မှာ စာသင်ကြားနေသည့် ရှောင်ဟန်ကျန့်က အဆိုပါစာကို လက်ခံရရှိခဲ့သည်။

 

သူက အခုမှ ကျောင်းဆင်းခဲ့ပြီး သူက စာကို လက်ခံယူခဲ့ပေမယ့် ဖောက်မဖတ်ခဲ့ပေ။

 

ထိုအစား မြင်းရထားလုံးဖြင့် ရွာပြန်ခဲ့သည်။

 

သူက ကျောင်းမှာ တစ်လလောက် နေခဲ့ရတာကြောင့် နေသားကျနေပြီဖြစ်သည်။

 

အစောပိုင်းက အလုပ်ထွက်ခဲ့သည့် အရာရှိဟောင်းက နန်ရှီစီရင်စုမြို့ကိုလာကာ သင်ခန်းစာတချို့ ပို့ချပေးခဲ့သည်။

 

ရှောင်ဟန်ကျန့်က သူ့အလုပ်သင်ဖြစ်ဖို့ ချက်ချင်း မတောင်းဆိုခဲ့ပေ။

 

ထိုအစား သူက ကောင်းကောင်း သင်ယူကာ ကောင်းကောင်း နေထိုင်ခဲ့သည်။

 

ဒီနေ့ကျတော့ အရာရှိဟောင်းက လက်ရှိကိစ္စကို သူ့ကို မေးခွန်းထုတ်ခဲ့သည်။

 

ရှောင်ဟန်ကျန့်က သူ့အကြိုက်ကို သိတာကြောင့် သူ စိတ်ကျေနပ်အောင် ဖြေဆိုပေးနိုင်ခဲ့သည်။

 

ထင်သည့်အတိုင်း အရာရှိဟောင်းက သူ့ကို ချီးကျူးခဲ့သည်။

 

သူက တပည့်တွေကို သတိထားလက်ခံတာကြောင့် အလျင်လိုစရာ မလိုပေ။

 

အရင်ဆုံး သူ့ရဲ့ အာရုံစူးစိုက်မှုကို ရအောင်ယူပြီးမှ သူ သဘောကျအောင် နေထိုင်ရမည်ဖြစ်သည်။

 

သူရွာကိုပြန်ရောက်တော့ ညနေရောက်ပြီဖြစ်ကာ ရှောင်ပိုင်လီက ညစာတောင် ပြင်ပြီးပြီဖြစ်သည်။

 

စီရင်စုမြို့က ကျောင်းသားအများစုက ကျောင်းအဆောင်မှာသာ နေကြသည်။

 

ဇနီးသည်၊ အမေနှင့် မောင်နှမတွေကို တွေ့ချင်တာကြောင့် သူက နေ့တိုင်း မြင်းရထားလုံးဖြင့် အသွားအပြန် လုပ်ခဲ့သည်။

 

ညစာ စားပြီးတော့ သူတို့နှစ်ယောက်သား ပုံမှန်အတိုင်း လမ်းလျှောက်ထွက်ကာ အိမ်အသစ်ကို သွားကြည့်ခဲ့သည်။

 

အခု အိမ်က ကြွေပြားခင်းပြီးပြီဖြစ်ကာ အလုပ်သမားတွေက ဗီရိုနှင့် အိမ်သုံးပရိဘောဂတွေကို သစ်သားဖြင့် ပြုလုပ်နေကြသည်။

 

အလုပ်သမား နှစ်ယောက်က အလုပ်ပြီးပြီဖြစ်တာကြောင့် သူတို့က အိမ်ကို အလွန်ကျေနပ်နေခဲ့သည်။ သူတို့လင်မယားက ခြံထဲက ဘိလပ်မြေဖြင့် လုပ်ထားသည့် စားပွဲနှင့် ထိုင်ခုံရှည်တွင် ထိုင်ကာ အနားယူနေသည်။

 

ရှောင်ဟန်ကျန့်က ရင်ဘတ်ထဲက စာအိတ်ကို ထုတ်ပြီး ဖောက်ခဲ့သည်။

 

သူက ရှစ်ချင်းလျို့ကို ပြုံးပြကာ ပြောခဲ့သည်။ "မိန်းမ အတူတူ ဖတ်ရအောင်။"

 

ရှစ်ချင်းလျို့က ကြက်သေ သေသွားခဲ့သည်။ "ဒါ ရှောင်မိသားစုဟောင်းက ပြဿနာကောင်တွေရဲ့ စာလား၊ ဒုတိယ တစ်စောင်ပို့တာ မမြန်လွန်းဘူးလား။"

 

ရှောင်ဟန်ကျန့်က အမှန်တိုင်း ပြောခဲ့သည်။ "သူတို့ဆီက မဟုတ်ဘူး၊ ကိုယ်စီစဥ်ထားတဲ့ လူတွေဆီက စာပါ။"

 

သူ့ဇနီးလေးကို ဖုံးကွယ်ထားဖို့ ရည်ရွယ်ချက် မရှိပေ။

 

ထိုစကားကိုကြားတော့ ရှစ်ချင်းလျို့က အလွန်စိတ်ဝင်စားသွားပြီး သူအသေးစိတ်ပြောမှာကို စောင့်ဆိုင်းနေခဲ့သည်။

 

သူမက မတ်တပ်ရပ်ပြီး ရှောင်ဟန်ကျန့်ရဲ့ ပေါင်ပေါ် တက်ထိုင်ခဲ့သည်။ "ဒါဆို ကျွန်မတို့ အတူတူဖတ်ကြည့်ကြတာပေါ့။"

 

သူက အခုမှ စာကို ဖွင့်လိုက်သည်။

 

သူမ ခင်ပွန်းရဲ့ ပုံစံကိုကြည့်ရတာ စာကို သူမနှင့် အတူတူဖတ်ဖို့ စောင့်နေတာ ဖြစ်နိုင်သည်။

 

ရှစ်ချင်းလျို့က တစ်ခါမှ မခံစားဖူးသည့် ချိုမြိန်မှုလေးကို ခံစားလိုက်ရသည်။

 

ရှောင်ဟန်ကျန့်က သူ့ဇနီးသည်ကို ဖက်ပြီး စာကို အစကနေ အဆုံးထိ ဖတ်ခဲ့သည်။

 

စာပါ အကြောင်းအရာတွေက ရှောင်ဟန်ကျန့်ကို အံ့သြသွားစေခဲ့သည်။

 

ဒီရက်စက်သည့် ပြဿနာကောင်တွေက သူ့ဇနီးလေးရဲ့ ညွှန်ပြမှုအောက်မှာ ဒီလောက်အထိ လုပ်ဆောင်နိုင်လိမ့်မည်ဟု သူ မထင်မိခဲ့ပေ။

 

သူတို့က ထိုအမျိုးသမီးရဲ့ ဂုဏ်သတင်းကို ခပ်မြန်မြန် ဖျက်စီးနိုင်ခဲ့ရုံသာမက ထိုအမျိုးသမီးရဲ့ အဖိုးတန် မောင်လေးကိုပါ ဖျက်စီးပစ်ခဲ့သည်။

 

အတိတ်ဘဝတုန်းက ကောချွန်းယီက စစ်ပညာ စာသင်သားစာမေးပွဲကို ဝင်ဖြေခဲ့ပြီး စစ်လေ့ကျင့်ရေး ၂နှစ် အပို့ခံခဲ့ရသည်။

 

ထို့နောက် သူ့ရဲ့ ဆန်ကုန်မြေလေးအဖေက သူ့ကို မြို့တော်ကို ပြန်ပြောင်းဖို့ နည်းလမ်းရှာခေါ်ပြီး စစ်ဝန်ကြီးဌာနထဲ ထည့်ခဲ့သည်။ သူ့အနာဂတ်က အလွန် တောက်ပခဲ့သည်။

 

တစ်ဖက်မှာလည်း ထိုအမျိုးသမီးက ရှောင်ဟန်ကျန့်ကို အကောက်ကြံခဲ့သည်။

 

ရှောင်သခင်မကြီးနှင့် တခြားလူတွေက သွေးထိုးခံရပြီး ပြဿနာရှာခဲ့တာကြောင့် သူက ကျောင်းထုတ်ခံခဲ့ရသည်။

 

ဒီဘဝမှာတော့ ပြောင်းလဲသွားလိမ့်မည်ဟု သူ မယုံကြည်နိုင်ပေ။

 

တကယ်ကျေနပ်ဖို့ကောင်းလိုက်တာ။

 

ရှောင်ဟန်ကျန့်က သူ့ဇနီးကို တင်းတင်းဖက်ပြီး သူမရဲ့ လည်ပင်းနှင့် ပုခုံးကြားမှာ ခေါင်းမြှုပ်ထားခဲ့သည်။

 

သူ့ဇနီးလေးထံမှ ဆပ်ပြာနံ့သင်းသင်းလေးက သူ့ကို စိတ်သက်သာရာ ရစေခဲ့သည်။

 

တကယ်ကို ဒီဘဝမှာ ဘာမှ မတူတော့ပေ။

 

စာဖတ်ပြီးနောက် ရှစ်ချင်းလျို့က ရယ်ခဲ့သည်။ "ရှောင်မိသားစုဟောင်းက ပြဿနာကောင်တွေက သင်ပေးရတာ တန်သားပဲ။"

 

သူတို့ရဲ့ တိုက်ခိုက်စွမ်းရည်ကို သူမတောင် အံ့သြရသည်။ တကယ့် ချီးကျူးဖွယ်ပဲ။

 

ရုတ်တရက် သူမခင်ပွန်းက သူမကို တင်းတင်းဖက်ပြီး ပုခုံးနှင့် လည်ပင်းကြားမှာ ခေါင်းမြှုပ်ထားတာကို ခံစားလိုက်ရလေသည်။

 

သူမ ခင်ပွန်းက စာကြောင့် စိတ်ထိခိုက်သွားတာဟု တွေးလိုက်လေသည်။

 

သူမက ဟိုအမျိုးသမီး၏ မောင်လေး ကျောင်းထုတ်ခံလိုက်ရသည့် ကိစ္စကို တွေးမိလိုက်ပြီး သူမ ခင်ပွန်းက အရင်ဘဝတုန်းက ရှောင်မိသားစုဟောင်းရဲ့ ပြဿနာကောင်တွေကြောင့် ကျောင်းထုတ်ခံခဲ့ရတာ ဖြစ်မည်ဟု တွေးလိုက်သည်။

 

ထို့ကြောင့် သူက အရာရှိဟောင်းရဲ့ တပည့်ဖြစ်မလာဘဲ စိတ်ထိခိုက်ခဲ့သည်။

 

သူမ ခင်ပွန်းအတွက် ရင်နာသွားကာ သူ့ကို ခပ်ဖြည်းဖြည်း ပြန်မှီခဲ့လေသည်။

 

"ဘယ်တုန်းက လူလွှတ်ပြီး မြို့တော်ကို သွားခိုင်းခဲ့တာလဲ၊ အဲမိန်းမရဲ့ ဂုဏ်သိက္ခာပျက်စီးသွားတာ သူတို့ အချိန်မှီ သတင်းဖြန့်ပေးခဲ့တဲ့ ကျေးဇူးကြောင့်ပဲ။"

 

မဟုတ်ပါက ဆန်ကုန်မြေလေးအဖေက လူလွှတ်ကာ တတ်နိုင်သမျှ သတင်းကိုဖိပြီး သက်ရောက်မှု နည်းအောင် လုပ်လိမ့်မည်။

 

အနည်းဆုံးတော့ မြို့တော်က လူတိုင်းနီးပါး သိသွားမည် မဟုတ်ပေ။

 

သူမ ခင်ပွန်းက သူမ ဖက်ရမည့် ရွှေပေါင်ကြီး ဖြစ်ထိုက်သည်။ သူက တကယ် အရည်အချင်းရှိသည်။