အပိုင်း ၁၁၅
Viewers 14k

 

 

အခန်း(၁၁၅) - သူတို့တွေ ထိတ်လန့်သွားခဲ့တယ်

 

ရှောင်ဟန်ကျန့်က စာကို စာအိတ်ထဲ ပြန်ထည့်ခဲ့သည်။

 

"အရင်တစ်ခါ စီရင်စုမြို့ကို သွားခဲ့တုန်းက ဒုက္ခရောက်နေတဲ့ ညီအစ်ကို နှစ်ယောက်ကို ကယ်ခဲ့တယ်၊ ဒါကြောင့် သူတို့ကို မြို့တော်ကိုသွားပြီး စစ်သူကြီး စံအိမ်ကို စောင့်ကြည့်ပေးဖို့ အကူအညီတောင်းခဲ့တာ၊ တကယ်လို့ စစ်သူကြီး စံအိမ်မှာ တစ်ခုခုဖြစ်ရင် သူတို့ကိုယ့်ကို ဆက်သွယ်လိမ့်မယ်၊ သူတို့အနာကို ဆားနဲ့ ပက်ဖို့ အခွင့်အရေးရှိရင် လက်မလွှတ်ဖို့ ပြောခဲ့တာလေ။"

 

ထိုညီအစ်ကိုနှစ်ယောက်က တော်တော်လေးကို လုပ်နိုင်စွမ်းရှိပြီး အကာင်းအဆိုးတွေ အများကြီး ကြုံတွေ့ခဲ့ရတာကြောင့် အချင်းချင်း မှီခိုနေကြခြင်း ဖြစ်သည်။

 

ရှောင်ဟန်ကျန့်သည် သူ့ အတိတ်ဘဝတုန်းက အစ်ကိုဖြစ်သူနှင့် သူသိခဲ့သည်။

 

သူ့ညီလေးက နာမကျန်းဖြစ်ကာ သေဆုံးသွားခဲ့တာကြောင့် အစ်ကိုဖြစ်သူက ရူးကြောင်ကြောင် လုပ်ရပ်တွေ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

 

သူ စီရင်စုမြို့ကိုသွားရင်း သူတို့နဲ့ ဆုံခဲ့ကာ သူ့ရဲ့ ညီလေးကို ကယ်ပေးခဲ့သည်။

 

ထိုညီအစ်ကို နှစ်ယောက်က အရင်ဆုံး သူ့ကို လိုက်ရှာကာ သူ ဆန္ဒရှိတာကို ဖြည့်ဆည်းပေးမည့်အကြောင်း ပြောခဲ့သည်။

 

ရှစ်ချင်းလျို့က ခပ်ဖွဖွ ရယ်ခဲ့သည်။ "ဒီလိုနဲ့ပဲ အစီအစဥ် စဆွဲလိုက်တယ်ပေါ့လေ။"

 

သူမခင်ပွန်းက ကိစ္စရပ်တွေ ဖြစ်လာဖို့ တော်ဝင်စာမေးပွဲ တစ်ခုတည်းကိုပဲ မှီခိုမည့်လူ မဟုတ်ကြောင်း သူမ တွေးလိုက်မိသည်။

 

ရှောင်ဟန်ကျန့်က ခပ်လွင်လွင်လေး ရယ်မောကာ ပြန်ပြောလာခဲ့သည်။ "ဒါကို မိန်းမဆီက သင်ယူခဲ့တာပေါ့ဗျာ။"

 

ရှစ်ချင်းလျို့က သူ့ကို မှီတွယ်ကာ သူ့ဆံခြည်မျှင်လေးကို လက်ချောင်းဖြင့် ထိတွေ့ကစားရင်း ပြောခဲ့သည်။ "ကျွန်မတို့ရဲ့ ဘိလပ်မြေလုပ်နည်းနဲ့ မြေသြဇာလုပ်နည်းတွေအတွက် ဘုရင်ကြီးက ဘာဆုချီးမြှင့််မယ်လို့ ရှင်ထင်လဲ။"

 

ရှောင်ဟန်ကျန့်က ဖြေလိုက်သည်။ "ကိုယ် အဲ့တာ ပြောမလို့၊ ဒီနေ့ မော့ချင်းလင် ကိုယ့်ဆီလာပြီး ကိုယ်တို့ လိုချင်တဲ့ဆုရှိရင်ပြောလို့ ပြောတယ်။"

 

သူက ဆက်ပြောခဲ့သည်။ "မင်း ဘာလိုချင်လဲ၊ မင်းကိုယ်တိုင် ဆုံးဖြတ်လေ။"

 

သူ့ရဲ့ အောင်မြင်မှုဆီက ကျော်ကြားမှုနှင့် ကံကောင်းမှုကနေ ငွေရှာနိုင်တာကြောင့် ဒီကနေ ထွေထွေထူးထူး တောင်းဆိုစရာ သူ့မှာ မရှိပေ။

 

ရှစ်ချင်းလျို့က ခဏလောက် တွေးခဲ့သည်။ "ဘုရင်ကြီးဆီက ဆုကြေးအနေနဲ့ တာအိုဘုန်းကြီးကျောင်းရှိတဲ့ တောင်ကို တောင်းမလား၊ ဘယ်လိုလဲ။"

 

ထိုတောင်က ရှေးကျသည့်တောင်ကြီးဖြစ်ကာ လူအနည်းစုသာ တောနက်ထဲသွားကာ ရှာဖွေရဲကြသည်။

 

ထိုတောင်မှာ လျှို့ဝှက်ရတနာ များစွာ ရှိသည်။

 

ထိုနေရာမှာ မသေမျိုးတွေ နေထိုင်ကြောင်းကိုလည်း ရွာသားတွေကြားမှာ အရပ်ပြောသတင်းတွေ ရှိကြသည်။

 

ဒါ့အပြင် ဘုန်းတော်ကြီးရဲ့ သတင်းကြောင့် တောင်ကြီးက အလွန်လျှို့ဝှက်ဆန်းကြယ်တယ်လို့ သူတို့က ထင်နေကြသည်။

 

သူတို့ ပြဿနာကြုံသည့်အခါ ထိုအရာကို ဒိုင်းအဖြစ် အသုံးပြုနိုင်ပေသည်။

 

ထိုတောင်မှာ မုန်လာရိုင်းနှင့် ယွန်းပင်တွေလည်း ရှိသည်။

 

အကယ်၍ တစ်ယောက်ယောက်သာ ထိုတောင်ပေါ်က ယွန်းပင်တွေကို မျက်စိကျသွားပြီး တစ်ဦးတည်းပိုင် လုပ်ယူလိုက်ပါက သူတို့အလုပ်ရုံအတွက် ကုန်ကြမ်း မရှိတော့ဘဲ နေပေလိမ့်မည်။

 

ထိုတောင်မှာ သူမ ခင်ပွန်း ပြောခဲ့ဖူးသည့် နှစ်ရာကျော် အဖိုးတန် ဂျင်ဆင်းကြီးလည်း ရှိကာ တခြားအဖိုးတန်ပစ္စည်းတွေလည်း ရှိလေသည်။

 

မကြာခင်က သူမ ထိုတောင်ပေါ်ကို မကြာခဏ သွားရောက်ခဲ့ပြီး တောနက်ထဲ မသွားရင်တောင် သီးပင်စားပင်တွေ အများကြီးနှင့် ဆေးဖက်ဝင်အပင်တွေ အများကြီး စိုက်ပျိုးလို့ရကြောင်း တွေ့ရှိခဲ့သည်။

 

သူမနဲ့ သူမ ခင်ပွန်းက ဒီထက် ပိုပြီး မစူးစမ်းခဲ့ပေ။

 

အကယ်၍ ဒီတောင်သာ သူတို့အပိုင် ဖြစ်လာပါက ဒီထက် နက်နက် သွားပြီး ပစ္စည်းတွေ ရှာဖွေမည်။

 

စိုက်ပျိုးရေးပညာရှင်တစ်ဦးအနေဖြင့် သူမသည် ဤမစူးစမ်းရသေးသော တောင်ကို အလွန်စိတ်ဝင်စားမိပါသည်။

 

သူ့ဇနီးလေးက ဒီတောင်ကို စိတ်ဝင်စားနေလိမ့်မည်ဟု ရှောင်ဟန်ကျန့် မထင်မိခဲ့ပေ။

 

"ကောင်းပြီ။ ကိုယ် မနက်ဖြန်ကျရင် မော့ချင်းလင်ကို ပြောလိုက်မယ်။" သူနှင့် မော့ချင်းလင်က မိတ်ဆွေကောင်းတွေ ဖြစ်နေပြီ။

 

ရှစ်ချင်းလျို့က ဆက်ပြောခဲ့သည်။ "အိမ်ဟောင်းက ကြက်၊ ဘဲ၊ ဝက်နဲ့ သိုးတွေက ကောင်းကောင်း အရွယ်ရောက်နေပြီ၊ ကျွန်မတို့ ထပ်မွေးဖို့ တခြားတစ်သုတ် ထပ်သွားဝယ်ကြမယ်။"

 

လွန်ခဲ့သည့် တစ်လက ပိုင်ရွှီရဲ့ ဦးလေးက သူတို့ ဝက်တွေသိုးတွေနှင့် နို့စားနွား အကောင်တစ်ရာကျော် ရအောင် ကူညီပေးခဲ့သည်။

 

သူမက အနီးအနားရွာက ကျွမ်းကျင်စိုက်ပျိုးရေး ပညာရှင်တွေ ငှားရမ်းခဲ့ပြီး တောင်ပေါ်မှာ ကောက်ပဲသီးနှံတွေ၊ ပဲပိစပ်၊ ဂျုံ၊ မြေပဲ၊ သကြားမုန်လာ စသည်တို့ကို စိုက်ပျိုးစေခဲ့သည်။

 

ပဲပိစပ်မှ ဆီထုတ်ယူမည့်အပြင် တို့ဟူးပြုလုပ်ရန်ပါ အသုံးပြုမည်ဖြစ်ပြီး ပဲပိစပ်မှ ကြွင်းကျန်ရစ်သည့် ပဲကြိတ်ဖတ်တွေကို နွားတွေ သိုးတွေကို ကျွေးလို့ရသည်။

 

ဂျုံမှုန့်ကိုတော့ အာဟာရအဖြစ် ပြုလုပ်လို့ရသည်။

 

သူတို့က ဟင်းသီးဟင်းရွက်ပင်တွေလည်း အများကြီး စိုက်ပျိုးထားခဲ့သည်။

 

နောက်ကျရင် နွား၊ သိုး၊ ကြက်၊ ဘဲတွေရဲ့ အညစ်အကြေးတွေကို သုံးကာ ဓာတ်မြေသြဇာ ပြုလုပ်ရမည်။

 

တောင်ပေါ်က စွန့်ပစ်ပစ္စည်းတွေကိုလည်း ပြန်လည် အသုံးချမည်။

 

သူမက စိုက်ခင်းတွေကို နွေဦးစမ်းရေ လောင်းကာ ကြက်၊ ဘဲ၊ နွား၊ ဝက်၊ သိုးတွေကိုလည်း နွေဦးစမ်းရေ တိုက်ရမည်။

 

ကောက်ပဲသီးနှံနှင့် မွေးမြူရေးလုပ်ငန်း တိုးချဲ့ကာ အရသာ ကောင်းမွန်ပြီး အာဟာရဓာတ် ပြည့်ဝအောင် လုပ်ဆောင်မည်။

 

ဒါတွေအကုန်လုံးကို ရှောင်ဟန်ကျန့်က ထောက်ခံသည်။ "ကောင်းတယ်။"

 

ရှောင်ဟန်ကျန့်က ပညာရေးမှာ အာရုံစိုက်နေတုန်း ရှစ်ချင်းလျို့က စိုက်ပျိုးရေးနှင့် မွေးမြူရေးမှာ အာရုံစိုက်ခဲ့သည်။

 

အချိန်တစ်ခုကြာပြီးနောက် ရှစ်ချင်းလျို့က မိသားစုပေါင်း ဒါဇင်ကျော် ရှာပြီး တို့ဟူး၊ တို့ဟူးချဉ်၊ ပဲငံပြာရည်နှင့် မီဆိုဆော့စ်ပြုလုပ်နည်းတွေကို သင်ကြားပေးခဲ့သည်။

 

မိသားစု ၃ခုက ပစ္စည်းတစ်မျိုးတည်းကို ထုတ်လုပ်ကြပြီး အနာဂတ်မှာ ကုန်ထုတ်လုပ်မှု တိုးမြှင့်မည်ဖြစ်သည်။

 

ထိုအရာက တည်ငြိမ်တဲ့ ထုတ်ကုန်ထောက်ပံ့မှုတွေ ရရှိစေပြီး နည်းပညာကို သူများတွေဆီ မမျှဝေအောင်လည်း စာချုပ် ချုပ်ဆိုခဲ့သည်။

 

ပထမ ၃နှစ်အတွင်း ရောင်းရငွေရဲ့ အကျိုးအမြတ် နှစ်ဆယ် ရာခိုင်နှုန်းကို သူမ ယူမည်ဖြစ်သည်။

 

သူမရဲ့ ခွင့်ပြုချက်မရှိဘဲ ထုတ်လုပ်နည်း ပေါက်ကြားစေလို့ မရပေ။

 

တို့ဟူးလုပ်သည့် လူတွေဆီကနေတော့ အကျိုးအမြတ်မတောင်းဘဲ ၅ နှစ်စာ ပဲမှုန့်တွေ အလကား ပေးဖို့သာ တောင်းဆိုခဲ့သည်။

 

တို့ဟူးလုပ်ပြီးပါက သူတို့က ရွာထဲမှာ ရောင်းချကာ လူတွေအများကြီး ရွာကို လာအောင် ဆွဲဆောင်နိုင်သည်။

 

တို့ဟူးလုပ်ရတာ အလွန်ပင်ပန်းသည်။

 

သူမက တို့ဟူးကို တခြားလူကို လုပ်ခိုင်းဖို့ ပြင်ဆင်ထားခဲ့သည်။

 

သူမရဲ့ ယောက္ခမနှင့် ညီလေး၊ ညီမလေးတွေကို ပင်ပင်ပန်းပန်း မလုပ်စေချင်ပေ။

 

မိသားစုကလည်း ချက်ချင်း သဘောတူခဲ့လေသည်။

 

သူတို့က ရှစ်ချင်းလျို့ကို အလွန်ကျေးဇူးတင်နေကြသည်။

 

သူတို့ အလုပ်စလုပ်ပြီးတာနှင့် သူတို့ရဲ့ ခြံဝန်းတွေထဲမှာ အရင်ဆုံး ရောင်းကြကည်။

 

သူတို့က ရှစ်ချင်းလျို့ရဲ့ ညွှန်ကြားချက်ကို လိုက်နာပြီး ရွာအဝင်က တဲလေးတွေထိုးကာ ကုန်ပစ္စည်းတွေ တင်ရောင်းခဲ့သည်။

 

တစ်ရက် တင်သမျှ မပိုလျှံဘဲ အကုန်ရောင်းကုန်ခဲ့သည်။

 

ထိုအရာက ကုန်သည်ကြီး ကုန်သည်ငယ်တွေ ရွာကိုလာပြီး အလုံးအရင်း လိုက်ဝယ်ကာ တစ်ဆင့် ပြန်ရောင်းကြလေသည်။

 

ယမ်းစိမ်းဝယ်သူတွေ၊ ခြင်ပြေးအမွှေးတိုင် လာဝယ်သူတွေလည်း ရှိနေကာ ရွာက စည်ကားနေခဲ့သည်။

 

တချို့တွေကလည်း ရွာအဝင်နားက သူတို့ရဲ့ တည်းခိုဆောင်နားမှာ စားစရာတွေ ရောင်းဖို့ ရှောင်ဟန်ကျန့်ကို လာပြောကြပြီး စီးပွားရေး တော်တော်ကောင်းနေခဲ့သည်။

 

အဝေးကလာသည့် ကုန်သည်တချို့ကလည်း မြို့ထဲက တည်းခိုဆောင်မှာ မတည်းဘဲ ရွာက တည်းခိုဆောင်မှာသာ တစ်ညလာတည်းပြီး ကုန်ပစ္စည်းတွေ ဝယ်ကာ ခရီးထပ်ဆက်ခဲ့ကြသည်။

 

တည်းခိုဆောင်တစ်ခုက ပုံမှန်တိုးတက်နေတော့ တခြားတည်းခိုဆောင်တွေ ရှိလာအောင်ပါ လှုံ့ဆော်နိုင်ခဲ့သည်။

 

မကြာခင်မှာပဲ တစ်လကုန်သွားခဲ့သည်။

 

ရှောင်မိသားစုရဲ့ အိမ်အသစ်က အဆင်သင့်ဖြစ်နေပြီဖြစ်ကာ ရှစ်ချင်းလျို့ဆွဲထားသည့် အိမ်သုံးပရိဘောဂတွေလည်း အကုန်လုပ်ပြီးပြီဖြစ်ကာ အိမ်သုံးပရိဘောဂတွေကို အိမ်ထဲ ရွှေ့ပြောင်းခဲ့ကြသည်။

 

ထို့နောက် ရှောင်မိသားစု အိမ်ပြောင်းဖို့အတွက် ရက်ကောင်းရက်မြတ် ရွေးခဲ့ကြသည်။

 

တော်တော်လေး ပျော်ရွှင်ဖို့ ကောင်းသည့် အခါသမယ ဖြစ်သည်။ ရှောင်မိသားစုက ယခုအခါ ကြွယ်ဝချမ်းသာနေပြီဖြစ်သည်။

 

ရှစ်ချင်းလျို့နှင့် ရှောင်ဟန်ကျန့်ကလည်း ပျော်ရွှင်စရာ တစ်ခုခု လုပ်ချင်တာကြောင့် အိမ်သစ်တက်ပွဲ ကျင်းပကာ ဧည့်သည်တွေကို စားကောင်းသောက်ဖွယ် အလျှံအပယ်ဖြင့် ဧည့်ခံခဲ့လေသည်။

 

အိမ်သစ်တက်ပွဲကို ရွာကလူတွေသာမက အနီးအနားရွာက လူတွေပါ တက်ရောက်ခဲ့ကြသည်။

 

မြို့ထဲက ပိုင်ရွှီတို့ မိသားစုပါ လာခဲ့ကြသည်။

 

ရှောင်ဟန်ကျန့်နှင့် ဆက်ဆံရေးကောင်းသည့် အတန်းဖော်တွေ အများကြီးလည်း တက်ရောက်ခဲ့ကြသည်။

 

ဧည့်သည်တွေကို ခြံထဲမှာ စုဝေးပြီး ဘိလမ်မြေ ခင်းထားသည့် လမ်းမှာ ပွဲကျင်းပခဲ့သည်။

 

ရွာသားတွေ၊ အနီးအနားရွာကလူတွေ၊ ကုန်ပစ္စည်း လာဝယ်သည့် ကုန်သည်တွေလည်း သူတို့စိတ်ကြိုက် စားသောက်ခဲ့ကြသည်။

 

အသားနှင့် ဟင်းသီးဟင်းရွက်တွေအပြင် လူတိုင်းက ရှစ်ချင်းလျို့ ပြင်ဆင်ခဲ့သည့် ဟင်းလျာအသစ်တွေကို မြည်းစမ်းရတာကို ကြိုက်နှစ်သက်ခဲ့ကြသည်။

 

စီရင်စု တရားသူကြီးမင်း မော့ချင်းလင်နှင့် အရင်က အရာရှိဟောင်းကြီး လက်ရှိ ရှောင်ဟန်ကျန့်ရဲ့ ဆရာပါ အိမ်သစ်တက်ပွဲတော်ကို တက်ရောက်ခဲ့လို့ လူတိုင်း အံ့သြခဲ့ရသည်။

 

သူတို့နှစ်ယောက်က လမ်းမှာ ဆုံခဲ့သဖြင့် အိမ်သစ်တက်ပွဲသို့ အတူတူ ရောက်လာခဲ့ကြလေသည်။

 

ရှောင်ဟန်ကျန့်က သူတို့ကို ယဥ်ကျေးပျူငှာစွာ ကြိုဆိုခဲ့သည်။

 

"ဆရာနဲ့ ရှောင်ချင်း ဒီဘက်ကို ကြွပါ။"

 

မော့ချင်းလင်ရဲ့ နာမည်ပြောင်က ရှောင်ချင်းဖြစ်ကာ ရင်းနှီးသည့် မိတ်ဆွေတွေက ထိုအတိုင်း ခေါ်ဝေါ်ကြသည်။

 

ရှောင်ဟန်ကျန့်ရဲ့ ဆရာ ဟုန်တုံးရှန်က အသက်၅၀လောက်ရှိပုံရသည်။

 

သူက ရည်မွန်ပြီး အင်အားအပြည့်ဖြင့် တက်ကြွနေကာ တကယ်တမ်းတော့ သူက အသက်၆၀ နီးနေပြီ ဖြစ်သည်။

 

သူက မကြာခင်ကမှ လက်ခံခဲ့သည့် တပည့်ဖြစ်သူ ရှောင်ဟန်ကျန့်ကို အလွန်သဘောကျ ကျေနပ်သည်။

 

ချစ်ခင်သောအပြုံးဖြင့် သူက ပြောခဲ့သည်။ "မင်းအိမ်က ဝါးတောထဲမှာဆိုတော့ ပတ်ဝန်းကျင် အရမ်းကောင်းတယ်။"

 

ရှောင်ဟန်ကျန့်က ပြုံးကာ ပြန်ဖြေခဲ့သည်။ "ဆရာ သဘောကျရင် ခဏလောက် လာနေပါလား။"

 

သူက လွန်ခဲ့သည့် ရက်အနည်းငယ်ကမှ တပည့်အဖြစ် လက်ခံခဲ့တာ ဖြစ်သည်။

 

ဒါက မြို့က စာသင်သားအများစုနှင့် အတန်းဖော်တွေကို အံ့သြစေခဲ့သည်။

 

ဆရာကြီးက သူ့ကို သဘောကျသဖြင့် သူ့တပည့်အဖြစ် သင်ကြားပေးမယ်လို့ ကမ်းလှမ်းခဲ့ခြင်း ဖြစ်သည်။

 

ဒီဆရာက တပည့်သုံးယောက်သာ လက်ခံခဲ့ဖူးပြီး လွန်ခဲ့သည့် ၁၀နှစ်က ဖြစ်သည်။

 

လွန်ခဲ့သည့် ၁၀နှစ်အတွင်း မည်သည့် တပည့်ကိုမှ ထပ်မံ လက်ခံခဲ့ခြင်း မရှိပေ။

 

သူက မည်သည့်တပည့်ကိုမှ လက်မခံတော့ကြောင်း ကြေငြာခဲ့ပေမယ့် သူ့ကတိကို သူကိုယ်တိုင် ချိုးဖောက်ခဲ့တာကြောင့် လူတိုင်းကို ထိတ်လန့်သွားစေခဲ့သည်။

 

ထိုအရာက ရှောင်ဟန်ကျန့်ရဲ့ အတန်းဖော်တွေကို မနာလို အားကျမှုတွေ ဖြစ်စေခဲ့သည်။

 

တစ်ချိန်တည်းမှာပဲ လူအများစုက သူ့အပေါ် အမြင်ပြောင်းသွားခဲ့ကြသည်။

 

ဆရာဟုန်က ရယ်ကာ ပြောခဲ့သည်။ "ဒီအကြောင်း နောက်မှ ပြောတာပေါ့။"

 

သူ့တပည့်ရဲ့ ဖိတ်ခေါ်မှုကို သူ အသိအမှတ်ပြုသည်။

 

ထို့နောက် သူက ရှောင်ဟန်ကျန့်ကို သေတ္တာတစ်လုံး ကမ်းပေးခဲ့သည်။

 

ဒါက အိမ်သစ်တက်မင်္ဂလာပွဲအတွက် လက်ဆောင်ဖြစ်သည်။

 

မော့ချင်းလင်ကလည်း သူ့ကို လက်ဆောင်ပေးပြီး ပြုံးကာ ပြောခဲ့သည်။ "ဂုဏ်ပြုပါတယ် ကျင်းယွီ။"

 

ကျင်းယွီဆိုတာ ဆရာဖြစ်သူက သူ့ကို တပည့်အဖြစ် လက်ခံလိုက်တုန်းက သူ့ကို ပေးခဲ့သည့် နာမည်ဖြစ်သည်။

 

ထို့နောက် မော့ချင်းလင်က ဘုရင်ကြီးရဲ့ အမိန့်စာကို ထုတ်ပြီး ပြောခဲ့သည်။ "ဒီနေ့ မင်းကို ဂုဏ်ပြုတာအပြင် ဘုရင်ကြီး မင်းကို ချီးမြှင့်တဲ့ ဆုလာဘ်ကိုပါ ယူလာခဲ့တယ်။"

 

ထိုစကားက အိမ်သစ်တက်ပွဲလာသည့် လူတွေကို ထိတ်လန့်သွားစေခဲ့သည်။

 

ရှောင်မိသားစုက ဘယ်လိုလုပ် ဘုရင်ကြီးချီးမြှင့်တဲ့ ဆုလာဘ်ကို ရရှိခဲ့တာလဲ။