Chapter 92
Teriyaki ကြက်သားဘာဂါ
[ Teriyaki ဆိုတာက အသားနဲ့ဟင်းသီးဟင်းရွက်တွေကို ပျစ်နှစ်ပြီး ချိုတဲ့ပဲငံပြာရည်ဆော့စ်တစ်မျိုးနဲ့ချက်ပြုတ်တဲ့ ဂျပန်စတိုင်ဟင်းချက်နည်းတစ်မျိုးပါ ]
ကစားကွင်းထဲ၌ မည်သူမှမရှိ၍ စားသောက်ဆိုင်များကလည်း ပိတ်ထားကြသည်။ ထန်ချောင်းချောင်းတစ်ယောက် ဘယ်က စားစရာသွားရှာမလဲဆိုတာ ကြည့်ကြသေးတာပေါ့။
ဖန်ထျန်သည် မရသည်ကို အတင်းတောင်းဆိုနေ၍ ပြဿနာရှာနေခြင်းတော့မဟုတ်ပေ။ ပရိုဂရမ်အဖွဲ့ကလည်း မင်းသမီးအား သူရဲကောင်းကို ခိုင်းစေနိုင်သော အခွင့်အရေးပေးထားသည် မဟုတ်လား။
ထန်ချောင်းချောင်းသည် ဖန်ထျန်အား ဆွံ့အစွာ ကြည့်လိုက်မိသည်။
ထို့နောက် ထန်ချောင်းချောင်းသည် ကြီးမားသောဆုံးဖြတ်ချက်တစ်ခုကို ချလိုက်ဟန်တူသည်။ သူမသည် အလွန်နာကျင်ခံစားနေရသောမျက်နှာဖြင့် အင်္ကျီလက်ထဲသို့ လက်နှိုက်လိုက်သည်။
ဖန်ထျန်က နောက်သို့ ခြေနှစ်လှမ်းမျှ ဆုတ်လိုက်သည်။ ထန်ချောင်းချောင်းသည် စိတ်တိုသွား၍ သူမ အား တစ်စုံတစ်ခုနှင့် ရိုက်ရန် လုပ်နေသည်လား။
သို့သော် ထန်ချောင်းချောင်းက သူမ နှိုက်နေသောအရာကို ဆွဲထုတ်လိုက်သောအခါ ဖန်ထျန်သည် အလွန်အံ့အားသင့်ကာ ဆွံ့အသွားရတော့သည်။
ထန်ချောင်းချောင်း ဆွဲထုတ်လိုက်သည်က ပလတ်စတစ်စဖြင့် ပတ်ထားသော ဟမ်ဘာဂါတစ်လုံး ဖြစ်နေလေသည်။
မော်နီတာရှေ့၌ထိုင်နေသော ဒါရိုက်တာသည် ထိုဖြစ်စဉ်ကိုမြင်သောအခါ သောက်လက်စရေကိုပင် ထွေးထုတ်မိတော့မတတ် ဖြစ်သွားလေသည်။
စိတ်ဝင်စားစရာပဲ...
ထန်ချောင်းချောင်းကို ဤရှိုးသို့ ဖိတ်ခေါ်ခဲ့ခြင်းမှာ အလွန်မှန်ကန်သည့် ဆုံးဖြတ်ချက်ပင် ဖြစ်လေသည်။ ဒါရိုက်တာသည် ဤအခန်းကိုမြင်သောအခါ ဖြစ်သွားကြမည့် netizen များ၏ တုံ့ပြန်ချက်များကို စဉ်းစား၍ တည်းဖြတ်သောအခါ ဤအခန်းအား သေချာမီးမောင်းထိုးပြရန် ရေးမှတ်ထားလိုက်သည်။
ဖန်ထျန်က အလွန်အံ့ဩနေမိလေသည်။
"အစ်မက ဟမ်ဘာဂါကို တကယ်ကြီးယူလာတာလား..."
"ဒါ ငါ့ဘာသာငါ လုပ်လာတာလေ...နင်စားချင်လား..."
ထန်ချောင်းချောင်းသည် ဤဟမ်ဘာဂါအား သူမဘာသာစားရန် သေချာလုပ်လာ၍ ဗိုက်ဆာလျှင် ထုတ်စားရန်စီစဉ်ထားခြင်းဖြစ်သည်။ ယခုတော့ ဤကလေးမက အလွယ်တကူ စားရပေတော့မည်။
ဖန်ထျန်က ဒုတိယအကြိမ် အံ့အားသင့်သွားရပြန်လေသည်။
"အစ်မဘာသာလုပ်ထားတာ ဟုတ်လား..."
"ဟုတ်တယ်...Teriyaki ကြက်သားဘာဂါလေ..."
ထန်ချောင်းချောင်းသည် အစက ကြက်သားအစပ်ကြော်ဘာဂါလုပ်ရန် စီစဉ်ထားသော်လည်း အချိန်ကြာမြင့်စွာ သယ်ဆောင်ထားပါက ကြက်သားကြော်က မကြွပ်ရွတော့ပဲ ပျော့သွားမည်ဖြစ်၍ Teriyaki ကြက်သားဘာဂါကိုသာ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ထန်ချောင်းချောင်းသည် ကြက်သားဘာဂါအား နှစ်ခြမ်းခြမ်း၍ တစ်ခြမ်းကို ဖန်ထျန်အား လှမ်းပေးလိုက်သည်။
ဖန်ထျန်က လှမ်းယူ၍ ထန်ချောင်းချောင်းစားသည်ကို ကြည့်နေမိသည်။ ဖန်ထျန်သည် နှစ်စက္ကန့်မျှ တိတ်ဆိတ်နေမိသည်။
အေးစက်နေတဲ့ဘာဂါကြီးက စားလို့ကောင်းပါ့မလား...
ဖန်ထျန်က ချီတုံချတုံဖြင့် တစ်ကိုက်ကိုက်လိုက်သည်။ ပေါင်မုန့်က နူးညံ့နေဆဲဖြစ်၍ မျက်နှာပြင်၌ နှမ်းစေ့လေးများကပ်နေကာ အနံ့က မွှေးနေသည်။
ပို၍ အံ့ဩဖွယ်ကောင်းသည်က ပေါင်မုန့်ကြားထဲ၌ညှပ်ထားသော teriyaki ကြက်ပေါင်သားဖြစ်သည်။ ကြက်အရေခွံကို ရွှေညိုရောင်သမ်းသည်အထိ ကြော်ထား၍ နီညိုရောင်ဆော့စ်များဆမ်းထားသည်။ အသားသည် နူးညံ့၍ ပျော့ပျောင်းကာ အထဲ၌လည်း အရည်လေးများရှိနေသည်။ သေချာ အရသာခံလိုက်သောအခါ ကြက်သားသည် ပျားရည်၏အရသာဖြင့် အနည်းငယ်ချိုသလိုရှိ၍ အရမ်းလည်းမချိုပဲ အနေတော်အရသာပင်ဖြစ်သည်။
ဤ Teriyaki ကြက်ပေါင်သားဘာဂါ၌ အဆာပလာများလည်း များစွာပါလေသည်။ ဘာဂါထဲ၌ ကြက်ဥကြော်၊ ခရမ်းချဉ်သီးနှင့် ဆလပ်ရွက်များလည်း ပါသေးသည်။ ပေါင်မုန့်ကိုပြုလုပ်ထားသော ဂျုံမှုန့်မှလွဲ၍ ကျန်ပါဝင်ပစ္စည်းများအကုန်သည် ထန်ချောင်းချောင်း၏ ဟင်းသီးဟင်းရွက်ခြံလေးမှ ထွက်သောပစ္စည်းများသာဖြစ်သည်။
ဖန်ထျန်သည် ကံကောင်းလွန်း၍ ထန်ချောင်းချောင်းဆီမှ ဟမ်ဘာဂါကို စားရခြင်းဖြစ်သည်။
ခရမ်းချဉ်သီးများသည် ချိုချဉ်အရသာလေးဖြစ်၍ ဆလပ်ရွက်များကလည်း စိမ်းစို၍ လတ်ဆတ်နေကာ နူးညံ့သည့် ကြက်ဥကြော်နှင့် အချဉ်ရည်နှင့် ပေါင်းစပ်လိုက်သောအခါ ပြည့်ဝသောအရသာက ထိန်းမရဖြစ်သွားသည်။
ဖန်ထျန်သည် နိုင်ငံခြား၌ အချိန်ကြာမြင့်စွာနေလာခဲ့သော်လည်း ဤကဲ့သို့ အရသာရှိလွန်းသော ဘာဂါမျိုးကို တစ်ခါမှ မစားဖူးခဲ့ချေ။
ပါဝင်သောပစ္စည်းများအားလုံးသည် လတ်ဆတ်လွန်း၍ အရသာကလည်း လုံးဝပြည့်စုံကောင်းမွန်နေသည်ဖြစ်ရာ ဖန်ထျန်ပင် အပြစ်ရှာမရဖြစ်နေတော့သည်။
ဖန်ထျန်သည် ဟမ်ဘာဂါတစ်ဝက်အား လျင်မြန်စွာစားပစ်လိုက်၍ ထပ်စားချင်နေသေးသည်။ ဖန်ထျန် စား၍ မဝသေးချေ။
ဖန်ထျန်သည် နှုတ်ခမ်းများကို လျက်လိုက်၍ ထန်ချောင်းချောင်းအား စူးရဲသောအကြည့်များဖြင့် ကြည့်လိုက်သည်။
"ဘာရှိသေးလဲ..."
ထန်ချောင်းချောင်းက ခေါင်းခါပြလိုက်သည်။ သူမ၏ အင်္ကျီလက်ထဲ၌ ဘာဂါတစ်လုံး ခိုးယူလာသည်ကပင် လွန်လှပြီမဟုတ်လား။
ဖန်ထျန်သည် အနည်းငယ်နောင်တရသွားမိသည်။ ဘာဂါအား ဒီ့ထက်ပို၍ ဖြည်းဖြည်းစားလိုက်သင့်သည်။ ပို၍ကြောက်ဖို့ကောင်းသည်က အနာဂတ်တွင် ဤသို့သော ဟမ်ဘာဂါမျိုး နောက်ထပ် ထပ်မစားရတော့မည်ကို ဖြစ်သည်။
"ဒီရှိုးပြီးရင် အစ်မဆီကနေ အဲ့ဒီဘာဂါတွေ ဝယ်လို့ရမလား...အစ်မ ကျွန်မကို နှစ်ခု မဟုတ်ဘူး လေးခု ထပ်လုပ်ပေးပါ..."
ဖန်ထျန်က နှုတ်ခမ်းများကို လျက်၍ ပြောလိုက်သည်။
ထန်ချောင်းချောင်းက နှုတ်ခမ်းများကို ဖိကိုက်ကာ ပြောလိုက်သည်။
"ဒါကတော့ နင့်ရဲ့ စွမ်းဆောင်ရည်ပေါ် မူတည်မှာပဲ..."
ထို့နောက် ထန်ချောင်းချောင်းသည် ရှေ့သို့ ဆက်လျှောက်သွားလိုက်တော့သည်။
ဖန်ထျန်: ...
ထောင်ယွမ်မင်သည် ဆန်ငါးပုံးအတွက် ခါးကုန်း၍ အရိုအသေမပေးခဲ့ပေ။ ဖန်ထျန်သည်လည်း ဘာမဟုတ်သည့် ဟမ်ဘာဂါလေးအတွက်နှင့် ပြိုင်ဘက်ထံ၌ အရှုံးပေးရမည်လား။
သို့သော် ခဏကြာသောအခါတွင်တော့ ဖန်ထျန်သည် ထန်ချောင်းချောင်းနောက်သို့ ခုန်ဆွခုန်ဆွလိုက်သွား၍ ပြောလိုက်သည်။
"ကျွန်မတို့ နောက်တစ်ဆင့်ကို သွားရဦးမယ်မလား...မြန်မြန်လာ..."
ထိုဟမ်ဘာဂါသည် တကယ်ပင် အလွန်အရသာရှိနေသည်မဟုတ်လား။
ဖန်ထျန်က မောက်မာစွာလမ်းလျှောက်နေပြီး ထန်ချောင်းချောင်းကတော့ ရီချင်နေသလိုခံစားရပြီး သူမနောက်ကနေလိုက်နေလေသည်။သူမတို့နှစ်ယောက်က ဒုတိယမြောက်တာဝန်ရှိတဲ့ သရဲအိမ်ကိုရောက်လာကြသည်။တာဝန်က သရဲအိမ်ထဲကိုဖြတ်သွားရုံပဲမဟုတ်ဘဲ အထဲက ညပုလဲသုံးလုံးကိုရှာဖို့ပဲဖြစ်သည်။
သရဲအိမ်ရဲ့အဝင်ဝဆိုင်းဘုတ်မှာ အနီရောင်သွေးစာလုံးတွေဖြင့် " သည်းထိတ်ရင်ဖိုကမ္ဘာ ( Thrilling world ) ဆိုပြီးရေးထားလေသည်။အဝင်ပေါက်က မကောင်းဆိုးဝါးတစ်ကောင်ရဲ့ ပါးစပ်ပေါက်ပဲဖြစ်သည်။အရောင်ခြယ်ထားတဲ့သွားတွေက တကယ်သွေးတွေစီးကျနေတာနဲ့တူပြီး တွင်းပေါက်ကြီးလည်း မှောင်မဲနေကာ ကြောက်စရာကောင်းလှသည်။
အပန်းဖြေဥယျာဉ်က ဧည့်သည်တွေအတွက်အကောင်းဆုံးလုပ်ထားကြောင်းပြောနိုင်သည် : ကျွန်တော်တို့နေရာက အရမ်းကြောက်စရာကောင်းပြီး စိတ်လှုပ်ရှားစရာကောင်းပါတယ် ။
တာဝန်ကျဝန်ထမ်းက သူတို့ကို တံခါးမှာသတိပေးလိုက်သည်။
" ဒီနေ့ကစားကွင်းပိတ်တယ်ဆိုပေမဲ့ ကျွန်တော်တို့သရဲအိမ်ရဲ့ဝန်ထမ်းတွေက အလွန်တာဝန်ကျေပွန်ပြီး အကုန်လုံး အလုပ်ထဲမှာရှိပါတယ်။ဧည့်သည်တို့အနေနဲ့ ကမ္ဘာပေါ်က လူသိများတဲ့သရဲတွေနဲ့ မျက်နှာချင်းဆိုင် ရင်းရင်းနှီးနှီးနဲ့နက်နက်နဲနဲ ဆက်ဆံနိုင်ပါတယ်။ရှေးခေတ်ရော မော်ဒန်ခေတ်ပါ ပါပါတယ် "
ထန်ချောင်းချောင်း နှုတ်ခမ်းတွေကိုသပ်လိုက်သည်။
" ဒီရှိုးက တကယ်ကိုပဲ ငါတို့နှလုံးသားကို ရဲရင့်စေတာပဲ "
သူမတို့ အခုလေးတင်မှ ရိုလာကိုစတာစီးပြီးတာကို အခု သရဲအိမ်စွန့်စားခန်းတဲ့လား။
ဝန်ထမ်းကပြောပြနေတုန်း ထန်ချောင်းချောင်း သူမဘေးက ဖန်ထျန်တုန်ယင်နေတာကို ခံစားလိုက်ရသည်။
" နင်လုပ်နိုင်လား "
ထန်ချောင်းချောင်းမေးလိုက်သည်။
ဖန်ထျန်က သူမမေးတာကိုကြားတော့ ရင်ဘတ်ကိုကော့ထားလိုက်ပြီး
" အဆင်ပြေပါတယ် မင်းသမီးက ဘယ်တော့မှ မလုပ်ဘူး လို့မပြောဘူး "
ထန်ချောင်းချောင်း : " အဲ့တာဆိုလည်း မင်းသမီးအရင်သွားလိုက်ပါ "
ဖန်ထျန် နှစ်စက္ကန့်လောက်အေးခဲသွားသည်။
ထန်ချောင်းချောင်းက သူမကိုသတိပေးလိုက်သည်။
" နင်အခုလေးတင် ဘာပြောလိုက်တာပါလိမ့် "
ဖန်ထျန်က တစ်လမ်းလုံး ဟမ်ဘာဂါအတွက်နဲ့ ဒီဂိမ်းကိုဝင်ပြိုင်တာဖြစ်ကြောင်း တောက်လျှောက်ရွတ်လာခဲ့သည်။
ဖန်ထျန်အံ့ကြိတ်လိုက်မိသည်။သူမက လက်တွေ့သမားတစ်ယောက်ဖြစ်ပြီး သရဲတွေ တစ္ဆေတွေဆိုတာ အတုတွေဖြစ်သည်။ဘာကြောက်ဖို့ကောင်းတာမှ ဖြစ်လာမှာမဟုတ်ပါဘူး။
အဲ့လိုတွေးလိုက်ပြီး ဖန်ထျန်က အားတင်းကာ အနက်ရောင်တွင်းကြီးထဲ အရင်လမ်းလျှောက်ဝင်သွားတော့သည်။ထန်ချောင်းချောင်းက သူမနောက်မလိုက်ခင် နှစ်လှမ်းလောက်နှေးလိုက်လေသည်။
ကြောက်စရာကောင်းတဲ့လေထုကို ဖန်တီးဖို့ရာ သရဲအိမ်က နံရံပေါ်မှာ အစိမ်းရောင်မီးအိမ်တွေကိုချွတ်ဆွဲထားသည်။အဲ့တာတွေက လင်းလိုက် မှိန်လိုက် တစ်လှည့်စီပြောင်းနေလေသည်။အချိန်အတူတူမှာပဲ လေအေးတွေက အထဲမှာတိုက်ခတ်နေသေးသည်။
ဖန်ထျန်က ဘေးပတ်ဝန်းကျင်ကိုစိတ်ရှုပ်စွာ ကြည့်လိုက်ပြီး
" ဒီမှာအရမ်းမှောင်တယ် ငါတို့ဘယ်လိုလုပ်ပုလဲကိုရှာနိုင်မှာလဲ "
ထန်ချောင်းချောင်က လှည့်ပတ်ကြည့်လိုက်သည်။
" ပရိုဂရမ်အဖွဲ့က အဲ့ဒါကို ကြုံရာဖွက်ထားမှာတော့မဟုတ်ဘူး ရှာဖို့သဲလွန်စတော့ရှိကိုရှိရမယ် လာ ဆက်ပြီးလျှောက်ကြမယ် "
ခဏလောက်လျှောက်သွားပြီးနောက် အထဲက အေးသထက်အေးလာတော့သည်။မီးရောင်ကလည်းမှိန်မှိန်လာပြီး တိတ်ဆိတ်လွန်းတာကြောင့် သူမတို့နှစ်ယောက်ရဲ့အသက်ရူသံကိုတောင်ကြားနေရလေသည်။
ဖန်ထျန် အစက ထန်ချောင်းချောင်းရှေ့လျှောက်ပေမဲ့ အခုတော့ သူမနဲ့ဘေးချင်းကပ်လျက်လျှောက်နေလေသည်။
" အရမ်းတိတ်ပြီးမှောင်လွန်းတယ် ဘာမှမမြင်ရတော့ဘူး "
ဖန်ထျန်က ကြောက်ရွံ့စွာပြောလိုက်သည်။
" နိုး "
ထန်ချောင်းချောင်းက သူမညာဘက်ကိုလက်ညိုးထိုးပြလိုက်ပြီး မျက်လုံးတွေပြူးကာ
" နင့်ညာဘက်ကိုကြည့်လိုက် သူငယ်ချင်းတစ်ယောက်ရောက်နေတယ် "
ဖန်ထျန်က ဒီထဲဝင်ကတည်းက ဘာသရဲမှမတွေ့တာမို့ စိတ်အေးနေတာဖြစ်သည်။ရုတ်တရက် သူမက လှည့်ပြီးကြည့်လိုက်တော့ ချင်မင်းဆက်အဝတ်အစားတွေဝတ်ထားတဲ့ ဖုတ်ကောင်တစ်ကောင်ကိုတွေ့လိုက်ရသည်။သူ့မျက်နှာက ဖြူဖျော့နေပြီး လျှာအရှည်ကြီးကတွဲလောင်းထွက်ကျနေကာ လက်တွေကိုလည်း ဆန့်ထုတ်ထားသေးသည်။
အဲ့အချိန်မှာ ဖုတ်ကောင်က ဖန်ထျန့်မျက်နှာနဲ့ လက်တစ်တန်းစာသာကွာဝေးနေပြီး သူ့ရဲ့မဲနေတဲ့လက်ထိပ်တွေကလည်းကြောက်စရာကောင်းလှသည်။
" အားးးး!!!! "
ဖန်ထျန်က ရှိုက်လိုက်ပြီး သူမနှလုံးက ရုတ်တရက်ရပ်သွားတော့မယ်လို့ ခံစားလိုက်ရသည်။သူမက ဝက်တစ်ကောင်လိုအော်လိုက်ပြီး ဖုတ်ကောင်လက်ကလွတ်အောင် အရှေ့ကိုပြေးသွားတော့သည်။
အနည်းငယ်ပြေးပြီးနောက် ထန်ချောင်းချောင်းက ဖန်ထျန်ကိုတားလိုက်သည်။
" နေဦး... "
ဖန်ထျန်က ရပ်လိုက်ပေမဲ့ သူမခြေထောက်တွေကတော့တုန်ယင်နေသည်။သူမကကြောက်လန့်တကြားမေးလိုက်သည်။
" ဘာတွေစောင့်နေတာလဲ ဟိုမှာဖုတ်ကောင်တွေရှိတယ် အဲ့ဒါကကြောက်စရာကြီး "
ထန်ချောင်းချောင်းက လှည့်ကြည့်လိုက်ပြီး
" သူကပထမဆုံးထွက်လာတဲ့သူပဲ သူမှာများသဲလွန်စတစ်ခုခုရှိမလားမသိဘူး "
" နင်ပြောတာ ငါတို့က အဲ့ကိုပြန်သွားရမှာလား "
ဖန်ထျန် အထိတ်တလန့်မေးလိုက်သည်။
ထန်ချောင်းချောင်းက ရိုးသားစွာပဲ
" ဟုတ်တယ် "
ဖန်ထျန် : " နင်သွားချင်တစ်ယောက်ထဲသွား ငါတော့မသွားဘူး "
ထန်ချောင်းချောင်းခေါင်းညိတ်လိုက်သည်။
"ဟုတ်ပြီလေ ငါပြန်သွားလိုက်မယ် နင် ဒီမှာခဏနားနေလိုက်ပေါ့ "
သူမက လှည့်ထွက်လာခဲ့လိုက်သည်။
ဖန်ထျန်က သူမက သူမ့(ဖန်ထျန် ) ကိုတစ်ယောက်ထဲချန်ထားခဲ့ရလောက်အောင်အထိ ရက်စက်ပြီးအကြင်နာမဲ့လိမ့်မယ်လို့ထင်မထားပေ။သူမက "ထွက်သွားတဲ့သူက ငကြောက်ပဲ " လို့ တုန်လှုပ်စွာပြောလိုက်ချင်သည်။ဒါပေမဲ့ ထန်ချောင်းချောင်းက ထွက်သွားတော့ ဖန်ထျန် သူမနောက်ကနေ တစ်ယောက်ယောက်က သူမလည်ပင်းကိုလေနဲ့မှုတ်လိုက်သလိုမျိုးခံစားလိုက်ရသည်။
သူမအရှေ့ကိုကြည့်လိုက်တော့ မှောင်မဲနေပြီး သူမလက်ချောင်းတောင်သူမ ပြန်မမြင်ရပေ။အဲ့နောက် အမြန်ပဲနောက်လှည့်လိုက်ကာ ထန်ချောင်းချောင်းဆီပြေးသွားတော့သည်။
လူတွေက ကွေးနိုင် ဆန့်နိုင်ရမယ်လေ!!
[ ပြောင်းလဲနိုင်ရမယ် ]
ဖန်ထျန်က အပြေးပြောလိုက်သည်။
" တကယ်လို့ ဖုတ်ကောင်တွေနဲ့သာတစ်ခုခုဖြစ်သွားလို့ရှိရင် နင်ငါ့ကို အပြင်ရောက်တဲ့အခါ နောက်ထပ်ဟမ်ဘာဂါတစ်ခုလုပ်ပေးရမယ် " ငါ့ရဲ့စိတ်ထိခိုက်ရတဲ့အဖိုးအခအနေနဲ့
ထန်ချောင်းချောင်းက ရီလိုက်ပြီး ဘာမှမပြောပေ။
သူမတို့နှစ်ယောက်က ဖုတ်ကောင်နဲ့တွေ့ခဲ့နေရာကိုရောက်သွားပေမဲ့ ဖုတ်ကောင်ကမရှိတော့ပေ။
ထန်ချောင်းချောင်းက ဖုတ်ကောင်လမ်းကြောင်းအတိုင်းလိုက်ပြီး သူတို့အသိုက်ကိုရှာလိုက်သည်။အဲ့ဒါက တန်ဖိုးကြီးပြီး ရှေးကျတဲ့အနက်ရောင်ခေါင်းတလားသုံးခုနဲ့ ရှေးဟောင်းသင်္ချိုုင်းပုံစံမျိုးဖြစ်သည်။နံရံတွေကို အဝါရောင်ဂါထာစာရွက်နေတဲ့ဖုံးထားသည်။
" မစ္စတာဖုတ်ကောင်ရေ ရှင်ဘယ်မှာလဲ "
" ပုန်းမနေနဲ့နော် ရှင်ဒီမှာရှိတာ ကျွန်မသိတယ်နော် "
" မြန်မြန်ထွက်လာခဲ့ပါ ရှင်ထွက်မလာရင် ကျွန်မတို့နဲ့ဘယ်လိုလုပ် ရင်းရင်းနှီးနှီး ပြောဆိုဆက်ဆံလို့ရမှာလဲ "
......
T/N ထောင်ချမ့် ဟုလည်း လူသိများသော ထောင်ယွမ်မင်သည် သဘာဝပတ်ဝန်းကျင် အလှအပနှင့် ကျေးလက်တောရွာဘဝများအကြောင်းကို များစွာရေးဖွဲ့ခဲ့သော ကဗျာဆရာတစ်ဦးဖြစ်သည်။
405 ခုနှစ်၏ ဆောင်းဦးရာသီတွင် မိသားစုအား ထောက်ပံ့ရန်အတွက် ထောင်ယွမ်မင်သည် သူမွေးဖွားရာမြို့နှင့် သိပ်မကွာဝေးသောမြို့တွင် နယ်တရားသူကြီးအဖြစ် လာရောက်အလုပ်လုပ်ခဲ့သည်။ ဆောင်းရာသီတွင် နယ်စားက ထိုမြို့အား စစ်ဆေးရန် လူတစ်ယောက်ကို လွှတ်ခဲ့သည်။ ထိုလူသည် အလွန်ရုန့်ရင်းကြမ်းတမ်း၍ ဆောင့်ကြွားကြွားနိုင်လေသည်။ တိုတိုပြောရလျှင် ထိုစစ်ဆေးသည့်လူသည် အမျိုးမျိုးအပြစ်များပြောနေသောကြောင့် နောက်ဆုံးတွင် ထောင်ယွမ်မင်သည် သည်းမခံနိုင်တော့ချေ။ ထောင်ယွမ်မင်သည် သက်ပြင်းချကာပြောလိုက်လေသည်။
"ဆန်ငါးပုံးအတွက်နဲ့တော့ လူဆိုးကို ခါးကုန်းပြီး အရိုအသေမပေးနိုင်ဘူး..."
ထိုသို့ပြောပြီးသောအခါ ထောင်ယွမ်မင်သည် သူ၏တရားဝင်တံဆိပ်တုံးအား ချက်ချင်းဆွဲဖြုတ်၍ အလုပ်ထွက်စာ ရေးကာ ထွက်သွားခဲ့တော့သည်။ ထောင်ယွမ်မင်သည် နယ်တရားသူကြီးအဖြစ် ရက် ၈၀ ကျော်မျှသာ လုပ်ခဲ့လေသည်။
Xxxxxxx