Part 97
ယွမ်ရှတစ်ယောက်စုန့်ထင်ရှန်း၏ ရုံးခန်းကို လှည့်ပတ်ကြည့်ရှုလိုက်သည်။၎င်းက သူမမျှော်လင့်ထားသည်ထက် သေးနေလေသည်။ပြောရမည်ဆိုလျှင် TV ဇာတ်လမ်းတွဲများတွင် မြင်ရသော CEO ၏ ရုံးခန်းဆိုသည်က အလွန်ကြီးမားကျယ်ပြန့်ပြီး အနားယူရန် နေရာပါ သီးသန့်ပါရှိနေလေသည်။
ယခုရုံးခန်းကမူ ၂၀ Sqမီတာမျှသာ ကျယ်ဝန်းနေသည်။ဘေးတစ်ဖတ်တစ်ချက်စီမှ အဆင့်မြင့် အပြင်အဆင်မှလွဲ၍ ...CEO ၏ စားပွဲနှင့် ထိုင်ခုံတစ်ခု... စာအုပ်စင်..အနက်ရောင်လည်သာနှင့် ဆက်တီတစ်စုံ... ကြမ်းပြင်မှ အမိုးထိ မြင့်သော မှန်ပြတင်းရှေ့တွင် ရှိနေသည့် အစိမ်းရောင်သစ်ပင်တစ်ချို့ ...
တကယ်တမ်းတွင် ဒီရုံးခန်းအပြင်အဆင်က စုန့်ထင်ရှန်း၏ အပြုအမူပုံစံနှင့် တကယ်ကို လိုက်ဖက်လှပေသည်။
သူက အမြဲတမ်း သိုသိုသိပ်သိပ်သာ နေတက်ပြီး ထင်ရှားထွန်းလင်းနေသည်ကို ကြိုက်နှစ်သက်သည့် သူမျိုးမဟုတ်ပေ။
"ကိုယ်က မင်းတို့ နောက်ကျမယ်လို့ ထင်နေတာ ..."
စုန့်ထင်ရှန်း သူ့၏ အလုပ်စားပွဲတွင် ဝင်ထိုင်ရင်း ယွမ်ရှက်ို ပြောလိုက်သည်။
"ဒီမှာ အလုပ်လေးတစ်ချို့ လက်စသတ်ဖို့ ကျန်နေသေးတယ် မိနစ် ၂၀လောက်တော့ကြာဦးမယ်..."
"ရပါတယ် ရှင် လုပ်စရာရှိတာ ဆက်လုပ်ပါ အလျင်လိုစရာမလိုပါဘူး...ဘယ်လိုပဲ ဖြစ်ဖြစ် ညစာစားဖို့လည်း စောနေသေးတာပဲလေ..."
ဝမ်လေးက ယွမ်ရှ၏ လက်ကို ဆွဲရင်း ပြောလိုက်သည်။
"မားမား ပေါင်ပေါင် လိမ္မော်ရည်သောက်ချင်တယ်..."
"လိမ္မော်ရည်က ဘယ်မှာရှိလဲဆိုတာ မားမားမသိဘူးလေ..."
"ဘယ်မှာရှိလဲဆိုတာ သားသိတယ်လေ..."
ဝမ်လေးက သူ့အဖေ၏ ရုံးသို့ အကြိမ်အနည်းငယ် ရောက်ဖူးသောကြောင့် ဒီနေရာကို ရင်းနီးကျွမ်းဝင်နေပေသည်။
ကလေးလေးက သူအမေ၏ လက်က်ို ဆွဲ၍ ရုံးခန်းထဲမှ ထွက်သွားလိုက်သည်။
ဒီအထပ်တွင် နားနေခန်းလည်းရှိနေသည်။ဝန်ထမ်းများက သူတို့၏ နေ့လည်စာထမင်းဘူးများကို နားနေခန်းထဲရှိ ရေခဲသေတ္တာထဲတွင် ထည့်ထားလေ့ရှိကြသည်။
ကုမ္ပဏီက ဝန်ထမ်းများအတွက် ကော်ဖီ လက်ဖက်ရည်နှင့် တခြားသောက်စရာအမျိုးမျိုးလည်း ထားပေးထားသည်။
ယွမ်ရှက ဝမ်လေးနှင့်အတူ နားနေခန်းထဲသို့ ဝင်သွားသည့် အချိန်၌ ရေလာသောက်ကြသော ဝန်ထမ်းတစ်ချို့နှင့် တွေ့လ်ိုက်ကြရသည်။
ထိုဝန်ထမ်းများက သူမကို မည်သို့ နှုတ်ဆက်ရမည်မသိသောကြောင့် ရေခွက်များကိုင်၍ သုတ်သုတ်ပြာပြာဖြင့် ထွက်သွားကြသည်။
သူမက ထိုကဲ့သို့ သူမကို မြင်သည်နှင့် ကြောက်လန့်တကြားထွက်ပြေးသွားသည့်သူမျိုးကို မကြုံဖူးခဲ့ပေ။သူမ မနေနိုင်စွာပင် သူမမျက်နာကို သူမထိလိုက်မိသည်။
"ငါက အဲ့ဒီလောက်ပဲ ကြည့်ရဆိုးနေလို့လား..."
....
ဝမ်လေးက အကြံအဖန် အနည်းငယ်လုပ်ထားခြင်းဖြစ်သည်။တကယ်တမ်း သူ လိမ္မော်ဖျော်ရည်သောက်ချင်သည်ဟု ဆိုခြင်းက ရုံးခန်းထဲမှ ထွက်လာနိုင်ရန်အတွက် သူ့၏ အမေကို လှည့်စားထားခြင်းဖြစ်သည်။
ဒီနေ့တွင် သူက အထူးတလည် တက်ကြွနေကာ သူ့အမေကို ဆွဲခေါ်ရင်း ရုံးခန်းတစ်လျှောက်က်ို လိုက်ကြည့်နေလေသည်။သူသိသည့် ဝန်ထမ်းတစ်ယောက်နှင့် တွေ့လိုက်သည့်အခါတ်ိုင်း ရင်ကော့ခေါင်းမော့ကာ ဂုဏ်ယူဝင့်ကြွားစွာဖြင့် မိတ်ဆက်ပေးတက်သည်။
"ဒါက သားရဲ့ မားမားလေ...မလှဘူးလား..."
နောက်ဆုံး၌ ယွမ်ရှက ဝမ်လေး၏ ဇာတ်ကွက်ကို နားလည် သဘောပေါက်သွားလေသည်။သူ ကလေးလေးကို ဆွဲခေါ်လိုက်ရင်း စုန့်ထင်ရှန်း၏ ရုံးခန်းဆီသို့သာ ပြန်လာလိုက်သည်။
"မားမား စိတ်ဆိုးနေတာလား..."
သူ့အမေက သူ့ကို ကြက်ကလေးငှက်ကလေးများက်ို ဆွဲခေါ်သလို ခပ်ကြမ်းကြမ်းဆွဲခေါ်သွားသောကြောင့် သူမေးလှုက်သည်။
ယွမ်ရှက ခပ်တည်တည်မျက်နာထားမျိုးဖြင့် ပြောလိုက်သည်။
"ဟုတ်တယ် ဘာလို့လဲဆ်ိုတော့ ပေါင်ပေါင်က သူတ်ို့ အလုပ်လုပ်နေတာကို သွားနှောင့်ယှက်တာလေ အခုက အလုပ်ချိန်ပဲရှိသေးတယ်တကယ်လို့ သူတို့ အလုပ်မပြီးဘူးဆိုရင် ဒီည အချိန်ပိုလုပ်နေရလိမ့်မယ်..."
အိုး...
ဝမ်လေးက အချိန်ပို လုပ်ရသည်ဆိုသည့်စကားက်ို သေချာနားမလည်ပေ။သူက သူ့အမေကို ကြည့်ပြီး ခပ်တိုးတိုးဖြင့်ပြောလိုက်သည်။
"သားက သူတို့အားလုံးကို ဒီဟာမေမေဆိုတဲ့အကြောင်း သိစေချင်လို့ပါ..."
ဒီကလေးက ဘာအဓိပ္ပါယ်လဲ...
ယွမ်ရှ သံသယအပြည့်ဖြင့် ကလေးလေးကို ကြည့်လိုက်သည်။ဒီနေ့ ပေါက်စီလုံးလေး၏ အပြုအမူများက ထူးဆန်းနေပေသည်။
"ဝမ်လေးမှာ မားမားရှိတယ် ဝမ်လေးရဲ့ မားမားက ဒီမှာ..."
ကလေးလေးက ထိုစကားများကိုပြောရင်း ယွမ်ရှ၏ ခါးကို ဖက်လိုက်သည်။သူက ဝက်ပေါက်လေးတစ်ကောင်ကဲ့သို့ပင် သူ့၏ ခေါင်းကို ယွမ်ရှ၏ ခန္ဓာကိုယ်နှင့် တိုးဝှေ့ပွတ်သပ်နေလေသည်။
၎င်းက ကလေးများ၏ ရိုးရှင်းလှသော ဆန္ဒပင်ဖြစ်လေသည်။သူတို့က သူတို့၏ အမေကို ကြိုက်နှစ်သက်ကြသလို သူတို့၏ အမေက မည်မျှအံ့အားသင့်စရာကောင်းသည့်အကြောင်းကိုလည်း ကမ္ဘာကြီးသိအောင် ပြောပြချင်ကြသည်။