အပိုင်း ၉၆
Viewers 24k

Chapter 96

ပြဿနာအသေးစား


"ဒီနေ့ မင်းက တစ်နေ့လုံး သူရဲကောင်းဖြစ်ထားရတာ...အခု ၁၂ နာရီကျော်သွားပြီဆိုတော့ မင်းဖြစ်ချင်တဲ့ မင်းသမီး ဖြစ်လို့ရပြီလေ..."


ဤစကားများကို‌ပြောသည့်အခါ ရှန်းယွဲ့၏မျက်နှာက အလွန်ပင် တည်ငြိမ်နေသည်။ ကြားလိုက်ရသော ထန်ချောင်းချောင်းကတော့ ဆွံ့အသွား၍ ပြောလိုက်သည်။


"ရှင်က ကျွန်မကို ရဟတ်တူတူစီးဖို့ခေါ်တယ်...မီးပန်းတွေ လွှတ်ပေးတယ်...ကိတ်မုန့်လည်း စားခိုင်းတယ်...ဒါတွေအကုန်လုံးက ကျွန်မ မင်းသမီးမဖြစ်ရလို့ အစားထိုးပေးတဲ့ သဘောလား..."


ထန်ချောင်းချောင်းက ထုတ်ပြောလိုက်သောအခါ ရှန်းယွဲ့ ရှက်သွားမိသည်။


ဤဆိုးဝါးသောအစီအစဉ်သည် လီကျိ၏ အကြံဉာဏ်ဖြစ်သည်။ ထန်ချောင်းချောင်းသာ ဤအကြောင်းများကို သိသွားပါက အလွန်ပင် ပျော်ရွှင်သွားလိမ့်မည်ဟု လီကျိက ပြောသည်။ သို့သော် ယခု ထန်ချောင်းချောင်း၏ မျက်နှာက "ရှင် ကျွန်မကို လာနောက်နေတာလား..." ဟူသည့် ပုံစံမျိုးဖြစ်နေလေသည်။


လီကျိ၏ အဓိပ္ပာယ်မရှိသောစကားများကို ရှန်းယွဲ့ နားမထောင်ခဲ့သင့်ပါ။


သို့သော် ထန်ချောင်းချောင်းသည်လည်း အလွန်စိတ်ရှုပ်သွားမိသည်။ သူမသည် ရှန်းယွဲ့ကို မည်သည့်မျက်နှာဖြင့် ရင်ဆိုင်ရမည်မသိဖြစ်နေသည်။


ရှန်းယွဲ့သည် ပရိုဂရမ်အဖွဲ့အား ထန်ချောင်းချောင်းအတွက်နှင့် ဤကစားကွင်း၌ ရိုက်ကူးခွင့်ကိုပေးခဲ့သည်။ ထန်ချောင်းချောင်းအတွက် အခွင့်အရေးမရလိုက်သော်လည်း သူမ လုပ်ချင်သည်ဟု ခဏခဏပြောနေသည့် "ချစ်စရာကောင်း၍ ဆွဲဆောင်မှုရှိသော" သရုပ်အနေဖြင့် ဆော့နိုင်ရန်လည်း ရှန်းယွဲ့က စီစဉ်ပေးခဲ့သည်။


ထန်ချောင်းချောင်းသည် စိတ်ရှုပ်နေမိသော်လည်း တစ်ချိန်တည်းမှာပင် သူမ၏နှလုံးသားထဲ၌ သမင်ရိုင်းလေးသည်ထန်ချောင်းချောင်းမသိသည့်အရာတစ်ခုကို သိနေ၍ ပျော်ရွှင်စွာ ခုန်နေသည့်အလား ပြင်းထန်စွာ ခုန်ပေါက်နေလေသည်။


ထန်ချောင်းချောင်းသည် သူမ၏ခံစားချက်များကို နက်နဲစွာ ဆက်မတွေးရဲတော့ပဲ အရုပ်လေးကိုသာ ငေးကြည့်နေမိသည်။


ထန်ချောင်းချောင်း ဘာမှမပြောသည်ကို မြင်သောအခါ ရှန်းယွဲ့သည် မျက်မှောင်ကျုံ့လိုက်သည်။


"မင်းမကြိုက်ဘူးလား..."


ထန်ချောင်းချောင်းက အမြန်ပြန်ဖြေလိုက်သည်။


"ကျွန်မ အရမ်းကြိုက်ပါတယ်..."


"ကျေးဇူးတင်ပါတယ်..."


ထန်ချောင်းချောင်းက ထိုစကားလေးများကိုပါ တိုးတိတ်စွာ ဆက်ပြောလိုက်သည်။


ထန်ချောင်းချောင်း၏ ‌မြင်ရခဲသော ရှက်သွားသည့် မျက်နှာလေးကို တွေ့သောအခါမှသာ ရှန်းယွဲ့လည်း သက်ပြင်းချနိုင်တော့သည်။ အခုလောလောဆယ်တော့ လီကျိ ဒုက္ခမရောက်တော့ပါ။


ထန်ချောင်းချောင်းသည် သူမ၏ခံစားချက်များအကြောင်းတွေးနေသည်ကို ရပ်ရန် သူမကိုယ်သူမ အမိန့်ပေးလိုက်သည်။ ထို့နောက် ဓားကို ယူကာ ကိတ်မုန့်တစ်စိတ်ကိုလှီး၍ ရှန်းယွဲ့အား ပေးလိုက်၍ သူမအတွက်လည်း အစိတ်အကြီးကြီး တစ်စိတ် လှီးလိုက်သည်။


ကိတ်မုန့်သည် နူးညံ့၍ ချိုကာ ကရင်(မ်)ကလည်း နို့အရသာ ပြည့်ဝလှသည်။ ကရင်(မ်)များသည် နူးညံ့လွန်း၍ ပါးစပ်ထဲ၌ အရည်ပျော်သွားသည်။ ကိတ်မုန့်ထဲ၌ စောင်းလျားသီးနှင့် စတော်ဘယ်ရီသီးများလည်း ပါသေး၍ အလွန်အရသာရှိလှသည်။


ကိတ်မုန့်ချိုချိုလေးသည် ဆာလောင်နေသော ထန်ချောင်းချောင်း၏ ဝမ်းဗိုက်ကိုပြည့်သွားစေ၍ စိတ်ကိုလည်း တခြားသို့ လွှဲလိုက်နိုင်လေသည်။


"စားလို့ကောင်းလိုက်တာ..."


ထန်ချောင်းချောင်းသည် စားကောင်းကောင်းဖြင့် စားရင်းနှင့် နောက်ဆုံးတွင်တော့ ဇွန်းကို ကိတ်မုန့်ထဲသို့ပင်ထိုးစိုက်ကာ လှီးမနေတော့ပဲ ဒီတိုင်းပင် ကော်စားလိုက်တော့သည်။


ရှန်းယွဲ့သည် ထန်ချောင်းချောင်း စားနေပုံကိုကြည့်၍ သက်ပြင်းချကာ ပြောလိုက်သည်။


"ဒီ့ထက် ပိုပြီး အိန္ဒြေရှိရှိလေး စားလို့မရဘူးလား..."


ထန်ချောင်းချောင်း: "ဒီလို ကိစ္စသေးသေးလေးတွေကိုပါ လိုက်ပြီး ဂရုစိုက်မနေပါနဲ့..."


ထန်ချောင်းချောင်းသည် စားနေရင်းဖြင့် အလွန်ပျော်လာမိကာ ရှန်းယွဲ့ကိုပင် တိုက်တွန်းလိုက်သေးသည်။


"ရှင်လည်း စားကြည့်ပါလား...ဒီလိုစားရတာ ပိုပျော်ဖို့ကောင်းတယ်..."


ရှန်းယွဲ့က တွေဝေသွားသည်။ ရှန်းယွဲ့သည် ငယ်စဉ်တည်းက စားသောက်ရာ၌ ကျင့်သုံးတတ်သော ယဉ်ကျေးမှုများကို ဖောက်ဖျက်၍ ဘယ်တုန်းကမှ မစားဖူးချေ။ သို့သော် ဤအချိန်တွင်တော့ ထန်ချောင်းချောင်းကဲ့သို့ပင် လိုက်စားချင်နေမိသည်။


ထို့ကြောင့် ရှန်းယွဲ့သည် သူ၏ ပန်းကန်လေးကိုချ၍ ထန်ချောင်းချောင်းလုပ်သကဲ့သို့ လိုက်လုပ်လိုက်တော့သည်။ ခေါင်းအား ကိတ်မုန့်နားသို့တိုး၍ တိုက်ရိုက်ပင် ခက်ရင်းနှင့် ကော်စားလိုက်သည်။


ဤတစ်ခေါက်တွင်လည်း ထန်ချောင်းချောင်း၏ သွေးဆောင်ခြင်းခံလိုက်ရပြန်ပြီ ဖြစ်သည်ကို ရှန်းယွဲ့သိလိုက်သည်။


ထန်ချောင်းချောင်းစားနေသည်ကို ကြည့်ရသည်မှာ ပျော်စရာကောင်းသော်လည်း တကယ်စားကြည့်သောအခါ ရှန်းယွဲ့၏ခန္ဓာကိုယ်ပေါ်သို့ ကိတ်မုန့်များ ပြုတ်ကျကုန်လေသည်။


ရှန်းယွဲ့သည် အနက်ရောင်ကုတ်အင်္ကျီကို ဝတ်ထား၍ ယခုတွင်တော့ ထိုကုတ်အင်္ကျီ၌ ကိတ်မုန့်ခရင်(မ်)များ ပေကုန်ပြီဖြစ်သည်။ အသန့်အပြန့်ကြိုက်လွန်းသော ရှန်းယွဲ့အတွက် သည်းမခံနိုင်စရာဖြစ်နေလေသည်။


ရှန်းယွဲ့သည် ဘာလုပ်ရမည်မသိပဲ အမြန် သုတ်ပစ်လိုက်သည်။


ထန်ချောင်းချောင်းက ရယ်၍ ပြောလိုက်သည်။


'ကျွန်မ လုပ်ပေးမယ်..."


ထန်ချောင်းချောင်းသည် ရှန်းယွဲ့ဘေး၌ ထိုင်လိုက်၍ တစ်ရှူးကိုယူကာ ရှန်းယွဲ့၏ အင်္ကျီကိုသုတ်ပေး၍ ခပ်တိုးတိုးပြောနေသည်။


"ကိတ်မုန့်လေးစားတာကိုတောင် ပေကျံအောင်စားတယ်...ရှင်က ကလေးလား..."


ရှန်းယွဲ့ကလည်း စိတ်တိုတိုနှင့် ပြန်ပြောလိုက်သည်။


"ဒါ မင်းအပြစ်မဟုတ်ဘူးလား...မင်းက ဘာဖြစ်လို့ အဲ့ဒီလိုစားနေတာလဲ...အဲ့ဒီအပြုအမူက မကောင်းဘူး..."


"ဒါဆို ဘာဖြစ်လို့ ကျွန်မကျတော့ ခရင်(မ်)တွေ မပေလဲ..."


ထန်ချောင်းချောင်းက ပြောလိုက်သည်။


ရှန်းယွဲ့က မကြိုက်ဖြစ်သွားသည်။


"မင်းမျက်နှာကိုလည်း ကြည့်ဦးလေ...သရဲကျနေတာပဲ..."


ထန်ချောင်းချောင်းက သူမ၏ နှုတ်ခမ်းထောင့်စွန်းကို အမြန်သုတ်လိုက်သည်။


"အပိုတွေ...ဘာမှမရှိဘူး သန့်ပြန့်လို့..."


ရှန်းယွဲ့က ထန်ချောင်းချောင်း၏ ပါးကို လက်ညှိုးထိုးပြလိုက်သည်။


ထန်ချောင်းချောင်းက သုတ်လိုက်သည်။


"ဒီဘက်မှာရောပဲ..."


ရှန်းယွဲ့သည် ကြည့်မနေနိုင်တော့ပဲ တစ်ရှူးကို ယူကာ သူကိုယ်တိုင် သုတ်ပေးရန် ပြင်လိုက်သည်။


ထန်ချောင်းချောင်းကလည်း ရိုကျိုးစွာပင် မျက်နှာကို လှည့်ပေးလိုက်သည်။


ရှန်းယွဲ့သည် ထန်ချောင်းချောင်း၏ပါးပေါ်မှ ခရင်(မ်)များကို ညင်သာစွာ သုတ်ပေးနေ၍ မရည်ရွယ်ပဲ နေရာအနည်းငယ်ရွှေ့မိကာ ထန်ချောင်းချောင်းနားသို့ တိုးကပ်မိသွားသည်။ လူနှစ်ယောက်၏ ထွက်သက်များသည် တဖြည်းဖြည်း ပို၍ နီးကပ်လာလေသည်။


"ရပြီလား..."


ထန်ချောင်းချောင်းသည် ခေါင်းကို ရုတ်တရက်လှည့်လိုက်သောအခါ သူမ၏ပါးကို နူးညံ့သောအရာတစ်ခုနှင့် ပွတ်တိုက်လိုက်သည်ကို ခံစားလိုက်ရသည်။


ရှန်းယွဲ့: ...


ထန်ချောင်းချောင်းသည် နှစ်စက္ကန့်မျှ ကြောင်အနေပြီးမှ သူမသည် ရှန်းယွဲ့ထံမှ အနမ်းခံလိုက်ရကြောင်းကို သတိထားမိသွားတော့သည်။


သူမ၏မျက်နှာသည် ချက်ချင်းပင် ချက်ထားသော ပုစွန်ကဲ့သို့ နီရဲသွားတော့သည်။


ရှန်းယွဲ့သည်လည်း ခန္ဓာကိုယ်ကို တည့်တည့်ပြင်ထိုင်လိုက်၍ ဘာလုပ်ရမည်မသိဖြစ်သွားသည်။ ဤမတော်တဆမှုမှာ မရည်ရွယ်ပဲ ဖြစ်သွားခြင်းဖြစ်သည်။ ရှန်းယွဲ့၏ အကြံအစည်မှာ ဆက်ဆံရေးကို ဖြည်းဖြည်းချင်း တိုးတက်အောင် လုပ်သွားရန်ဖြစ်သည်။


ရှုခင်းကြည့်သည့် အခန်းလေးထဲမှ အခြေအနေသည် ရှက်ရွံ့မှုများနှင့် ပြည့်နေတော့သည်။


ထန်ချောင်းချောင်းသည် သူမ၏ပါးကို ကိုင်ထားမိသည်။ ရှန်းယွဲ့နမ်းသွားသည့် နေရာသည် အနည်းငယ်ပူနွေးနေသေးသည်။ ဤကဲ့သို့သော ခံစားမှုမျိုးကို ထန်ချောင်းချောင်း တစ်ခါမှ မခံစားဖူးခဲ့ချေ။


ထန်ချောင်းချောင်းနှင့် ရှန်းယွဲ့တို့သည် အကြည့်ချင်းဆုံသွားကြ၍ ချက်ချင်းပင် မျက်နှာကို ပြန်လွှဲလိုက်ကြသည်။


ထန်ချောင်းချောင်းသည် ခုံကို ကျောမှီထိုင်လိုက်၍ ပြတင်းပေါက်မှ အပြင်ဘက်သို့ကြည့်လိုက်သည်။ သူတို့သည် ရဟတ်၏ အမြင့်ဆုံးနေရာသို့ ရောက်နေကြပြီဖြစ်သည်။


မြို့၏ အနီးအဝေးနေရာများမှ မီးရောင်များသည် လင်းလက်တောက်ပနေသော အာကာသကဲ့သို့ဖြစ်နေ၍ ရင်သပ်ရှုမောဖွယ်ကောင်းလှသည်။


ထန်ချောင်းချောင်း၏ နှလုံးသားသည်လည်း တစ်စုံတစ်ရာ ပြောင်းလဲသွားသည်ကို သိသည့်အလား ပြင်းထန်စွာ ခုန်နေတော့သည်။


.........


{ ထူးဆန်တယ် မနေ့ညက ပျော်ရွှင်စရာတောင်ကြားမှာ ဉာဉ့်နက်သန်းခေါင်ကြီး မီးပန်းတွေထလွှတ်တာ မနေ့နေ့လည်ကတည်းက အဲ့ဥယျာဉ်မှာ ဘာခရီးသွားမှ မရှိတော့တာကို သူတို့က ဘယ်သူ့အတွက်လွှတ်ပေးတာလဲ }


{ ငါက အဲ့အပန်းဖြေဥယျာဉ်နားမှာနေတာလေ မနေ့ညက ပုံမှန်ထက်ပိုကြီးပြီး ပိုလှတဲ့မီးပန်းတွေကိုမြင်လိုက်ရတော့ ငါတကယ်ကို တောာ်တော်လေးစိတ်လှုပ်ရှားသွားတာ }


{ ငါလည်း တွေ့လိုက်တယ် ဗီဒီယိုတောင် ရိုက်ထသေးတယ် }


{ မနေ့က " ကျစ်ရုံချုံချုံ " ရှိုးပွဲအတွက် အဲ့မှာ ရိုက်ကူးနေတာမဟုတ်ဘူးလား ပရိုဂရမ်အဖွဲ့ရဲ့တောင်းဆိုမှုနေမယ် }


{ မဖြစ်နိုင်ဘူး မီးပန်းမလွှတ်ခင်ကတည်းက အဖွဲ့ကအလုပ်ဆင်းသွားတာ ပြီးတော့ တစ်နှစ်လောက်ရပ်နေတဲ့ ရဟတ်ကလည်း ရုတ်တရက် လင်းထိန်လာတာ }


{ အဲ့တာဆို မီးပန်းတွေကို ဘာလို့လွှတ်ရတာလဲ ပြီးတော့ တစ်နှစ်နီးပါး ရပ်ဆိုင်းထားတဲ့ ရဟတ်ကိုရော ဘာလို့ဖွင့်လိုက်တာလဲ မနေ့က ရှိုးပွဲကိုဘယ်သူသွားလဲ မင်းတို့မသိဘူးလား ရှန်းလျန့်လေ ရှန်းလျန့် ပျော်ရွှင်စရာတောင်ကြားက ရှန်းမိသားစုပိုင်တာလေ အခုပိုင်ရှင်က ရှန်းလျန့်ရဲ့အဖေလေ အဲ့တာဆို ပျော်ရွှင်စရာတောင်ကြားကလည်း ရှန်းလျန့်ပိုင်တာပဲမဟုတ်ဘူးလား }


{ ငါတို့အစ်ကိုရှန်းလျန့်က ပျော်ရွှင်စရာတောင်ကြားရဲ့မင်းသားလေးပဲလေ သူပိုင်တဲ့နေရာမှာ သူကြိုက်တာဘာမဆိုလုပ်လို့ရတယ် ( ဂုဏ်ယူနေသော မျက်နှာ ) }


{ရူး လိုကီး‌‌လေးနေ လိုကီးလေးနေ လွန်ခဲ့တဲ့နှစ် သူစပွဲထွက်ကတည်းက ရှန်းလျန့်လုပ်ရတာကြိုက်တာဆိုလို့ သူ့ရဲ့ချမ်းသားတဲ့နောက်ခံကိုဖော်ပြရတာပဲ သူက သူ့ကိုယ်ပိုင်ခွန်အားနဲ့ ဒီနေ့အထိရောက်လာတယ်ပေါ့လေ }


..............


ရှန်းလျန့်ရဲ့ဖန်တွေက တစ်ယောက်ပြီးတစ်ယောက် ကြွားလုံးထုတ်ပြီးပြောနေပေမဲ့ အဲ့ဒါက အပြင်ပန်းသားဖြစ်သည်။အခြားအကြီးစားအမာခံဖန်တွေကတော့ အဲ့အချက်ကို လက်ကိုင်ထားပြီး ချက်ချင်းပဲ ပို့စ်တွေတင်ကာ အမွှန်းတင်နေတော့သည်။မကြာခင်မှာပဲ #ရှန်းလျန့် ပျော်ရွှင်စရာတောင်ကြားရဲ့မင်းသားလေး ဆိုတဲ့ ခေါင်းစီးက နာမည်ကြီးလာတော့သည်။


အဲ့တာတင်မကဘဲ အတင်းအဖျင်းပြောတဲ့အကောင့်တွေကနေလည်း ရှန်းလျန့်နဲ့ ထန်ချောင်းချောင်းက ဒီ " ကျစ်ရုံချုံချုံ ရှိူးပွဲ " ရဲ့နောက်ဆုံးဧည့်သည်တွေဖြစ်ကြောင်း သတင်းထွက်လာကြသည်။ အချို့လူတွေကလည်း သူတို့နှစ်ယောက်အတူတူရပ်နေပြီး စကားပြောနေတာကိုတွေ့လိုက်ကြသည်။


ချက်ချင်းဆိုသလိုပဲ သတင်းသမားတွေက အဲ့တာကိုတွေးတော့သည်။ရှန်းလျန့်က ရဟတ်နဲ့မီးပန်းတွေကို ထန်ချောင်းချောင်းအတွက် လုပ်ပေးခဲ့တာလား။


{ ဖာ့ခ် ရှန်းလျန့်က ထန်ချောင်းချောင်း လိုက်ပြီးပိုးပန်းနေတာများလား ရိုမန့်တစ်အချစ်ဇာတ်ကားတွေရဲ့ တကယ့်အပြင်ဗားရှင်းပဲ }


{ ဝိုး ဝိုး ဝိုး ငါကတော့ ဒီအကြောင်းပြချက်ကလွဲပြီး အခြားဖြစ်နိုင်ချေတွေကို မစဉ်းစားနိုင်တော့ဘူး }


{ သတင်းတုတွေ ထန်ချောင်းချောင်းမှာ သူမ့ကိုယ်ပိုင်တန်ဖိုးတောင်မရှိတာ ရှန်းလျန့်နဲ့တန်တယ်များထင်နေလား }


{ ဒီလိုယောကျာ်းတွေကိုမြူဆွယ်ပြီး လိမ်ညာတတ်တဲ့မိန်းမက ထူးခြားမယ်လို့ထင်နေတာလား သူမကို ရှန်းလျန့်နဲ့ဝေးဝေးထားပေးပါ ကျေးဇူး!! }


ရှန်းလျန့်ဖန်တွေနဲ့ ထန်ချောင်းချောင်းဖန်တွေက တစ်ယောက်နဲ့တစ်ယောက် မတည့်ကြပေ။နှစ်ဖွဲ့လုံးက သူတို့ဖန်ဂရုတွေဆီသွားပြီး တစ်ယောက်နဲ့တစ်ယောက်တိုက်ခိုက်တော့သည်။အဲ့အကြောင်းကို မီဒီယာတွေက သိသွားပြီး သူတို့က ရှန်းလျန့်နဲ့ ထန်ချောင်းချောင်းကြားကပြဿနာတွေအကြောင်း စိတ်ဝင်စားလာတော့သည်။


ထန်ချောင်းချောင်း အဲ့ဒီခေါင်းစီးကိုမြင်တဲ့အချိန်မှာ သူမက ရှန်းယွဲ့နဲ့အတူတူ ခြေထောက်လေ့ကျင့်ခန်း လုပ်နေတာဖြစ်သည်။


ရှန်းယွဲ့ ဘားတန်းကနေ ခက်ခက်ခဲခဲ ဆင်းလာရတာလည်းမြင်ရော ထန်ချောင်းချောင်းက မျက်မှောင်ကြုတ်လိုက်သည်။


" မဖြစ်ဘူး ဒီလောက်ကြာတဲ့ ကုသမှုပြီးရင် ရှင့်ခြေထောက်တွေက အနည်းဆုံးချိုင်းထောက်နဲ့တော့ ထောက်နိုင်နေရမယ်လေ ဘယ်လိုလို့ ဘာတိုးတက်မှုမှမရှိရတာလဲ "


ရှန်းယွဲ့က သူ့နဖူးက ချွေးတွေကိုသုတ်လိုက်ပြီး တည်ငြိမ်စွာပြောလိုက်သည်။


" လူတွေက တို့ဟူးပူပူကြီးကို အမြန်မစားနိုင်ဘူးလေ ငါ့အထင်တော့ ငါ့ခြေထောက်တွေက မြန်မြန်ကောင်းလာမယ်မထင်ဘူး အနည်းဆုံးနှစ်နှစ်လောက်တော့ လေ့ကျင့်ခန်းလုပ်ရလောက်တယ် "


 " နှစ်နှစ် ?? "


ထန်ချောင်းချောင်း ငိုကြွေးမိတော့သည်။ပြောချင်တာက သူမနဲ့ ရှန်းယွဲ့ရဲ့ ဒီအိမ်ထောင်ရေးကြီးကို အဆုံးသတ်ဖို့ နှစ်နှစ်တောင်ကြာမယ်လို့ပြောနေတာမလား။


ရဟတ်ပေါ်မှာ ရှန်းယွဲ့နဲ့မတော်တဆဖြစ်ပြီးကတည်းက  သူမက ရှန်းယွဲ့အပေါ် ထူးဆန်းတဲ့ခံစားချက်တွေရှိနေတယ်ဆိုတာ  ထန်ချောင်းချောင်း သိလိုက်ရသည်။


ပုံမှန်ဆို သူမက လုပ်ဖို့လိုတာက စားစရာချက်တယ် ရိုက်ကူးရေးလုပ်တယ် ပြီးတော့ ပရိသတ်တွေရဲ့ချစ်ခင်မှုကနေ ဝိဉာဉ်စွမ်းအားတွေ စုပ်ယူတယ်။ သူမ နေ့တိုင်းပျော်ရွှင်နိုင်တယ်။အခုတော့ သူမမှာ ပိုပြီးခံစားချက်တွေရှိလာပြီ။အဲ့ဒါက သူမ ဒုက္ခရောက်တော့မယ်လို့‌ပြောတာပဲ။


လူသားတွေရဲ့ခံစားချက်တွေက အမြဲဒုက္ခပေးတယ်။


ရှန်းယွဲ့နဲ့ ဒီလိုမျိုးနှစ်နှစ်တာ ဆက်ဆံရအုန်းမယ်ဆိုတာ တွေးမိတော့ ထန်ချောင်းချောင်း သူမတစ်ဖြည်းဖြည်းနစ်မြုပ်သွားမှာ ကြေုက်နေမိတော့သည်။


" ကြည့်ရတာ ကျွန်မလုပ်ပေးတဲ့ ခြေထောက်လေ့ကျင့်ခန်းကမလုံလောက်တဲ့ပုံပဲ "


ထန်ချောင်းချောင်း ရေရွတ်လိုက်သည်။


ရှန်းယွဲ့ရဲ့အစားအသောက်တွေကို သူမထိန်းပေးပြီး နှိပ်နယ်တာနဲ့ လေ့ကျင့်ခန်းလုပ်တဲ့အရေအတွက်ကို တိုးပေးဖို့ ထန်ချောင်းချောင်းဆုံးဖြတ်လိုက်သည်။ဒါတွေအကုန်လုံးပြီတာတောင် သူမရပ်နိုင်ဘူးဆိုတာ သူမမယုံဘူး။


ရှန်းယွဲ့လေ့ကျင့်ခန်းလုပ်ပြီးတော့ ထန်ချောင်းချောင်းက နားနေခန်းထဲပြန်လာပြီး သူမ့ WeChat မှာ မက်ဆေ့ဂ်ျတွေအများကြီး ဝင်နေတာကိုတွေ့လိုက်ရသည်။ အသိမိတ်ဆွေတွေ သတင်းထောက်တွေနဲ့ အတင်းအဖျင်းဘုရင်မ ချန်ချမ်တောင် သူမနဲ့ ရှန်းလျန့်ကြား ဘာတွေဖြစ်ပျက်နေတယ်ဆိုတာ မေးလာတော့သည်။


သူ့မ WeChat အကောင့်ကို အခုလေးတင်မှ အပ်ထားတဲ့ ဖန်ထျန်ကတော့ အသံမက်ဆေ့ဂ်ျတွေတန်းစီပြီး ပို့ထားလေသည်။သူမက အဲ့ခေါင်းစဉ်က တကယ်ကြီးလားဆိုတာမေးထားပြီး ထန်ချောင်းချောင်းနဲ့ ရှန်းလျန့် ပိုပြီး မရှင်းမလင်းဖြစ်သွားရင် သူမအတွက် ဟမ်ဘာဂါစားရမှာမဟုတ်တော့တာကိုတွေးမိပြီး လန့်နေတော့သည်။


Xxxxxxxxx