အပိုင်း ၁၀၂
Viewers 24k

Chapter 102


သူက သရဲဇာတ်ကားတွေ အများကြီးရိုက်ဖူးတယ်။အချို့မင်းသမီးတွေက ဇာတ်ကားရိုက်နေရင်းနဲ့ကို ကြောက်လန့်နေတတ်ကြသည်။လူအချို့ဆိုရင် ဘုရားကျောင်းသွားပြီးတော့တောင် ဝတ်ထားဖို့အဆောင်တွေသွားတောင်းတတ်ကြသည်။ဘယ်သူကမှ သွေးတုတွေကို အရသာခံနေတဲ့ ထန်ချောင်းချောင်းလောက် မတည်ငြိမ်နိုင်ကြဘူး။

တကယ်ကို သူမက အကြောက်အလန့်မရှိတဲ့ လူပဲ။


" မကြောက်ဘူးလား "


ချန်ဟိုက မေးလိုက်သည်။


" အဆင်ပြေပါတယ် "


ထန်ချောင်းချောင်း သရဲကားအများကြီးကြည့်ထားတာက အချည်းနှီးတော့မရှိပေ။သူမရဲ့အကြောက်တရားကို ထိန်းနိုင်စွမ်းက အများကြီးတိုးတက်လာခဲ့သည်။


ချန်ဟိုနဲ့ ထန်ချောင်းချောင်းက ပျော်ရွင်စွာအလုပ်လုပ်နေခဲ့ကြသည်။ရက်အနည်းငယ်ရိုက်ကူးပြီးနောက် အခန်းတော်တော်များများကိုတောင် မြန်မြန်ရိုက်ကူးပြီးသွားပြီဖြစ်သည်။


အချိန်တိုင်း ရိုက်ကူးရေးကိုကြည့်ဖိုဆိုပြီး ရိုက်ကွင်းကိုလာနေတဲ့ ရှန်းယွဲ့မှလွဲ၍‌ဖြစ်သည်။


သူညစာစားပွဲမှာ မူးပြီး စပွန်ဆာသူဌေးကို ကြမ်းကြမ်းတမ်းတမ်းပြောမိတယ်လို့ လက်ထောက်ကပြောပြီးကတည်းက ရှန်းယွဲ့ကို မြင်တိုင်း ချန်ဟို ယုံကြည်ချက်တွေ ပျောက်ဆုံးနေတာဖြစ်သည်။သူနဲ့ပူးပေါင်းထားတဲ့အလုပ်တွေအကုန် အဲ့လူကြီးဖျက်သိမ်းလိုက်မှာကို စိုးရိမ်နေလေသည်။


ရင်းနှီးငွေကို ပြန်မယူသွားသရွေ့ သူ့ကို ကြိုက်သလောက်ဆူ အဆင်ပြေလေသည်။


ကံကောင်းစွာနဲ့ ရှန်းယွဲ့မှာ သူ့ကိုဂရုစိုက်ဖို့အချိန်မရှိပေ။သူက အမြဲတမ်း ထန်ချောင်းချောင်းရဲ့ရိုက်ကူးရေးကို ကြည့်နေတတ်သည်။


ရိုက်ကူးပြီးတာနဲ့ ဒီရေခဲရိုက်ထားတဲ့မျက်နှာနဲ့ ဥက္ကဠကြီးကို ဖျော်ဖြေပေးရတာ မင်းသမီးအတွက် အရမ်းခက်ခဲမှာပဲ။


ရှန်းယွဲ့က ဘီးတပ်ကုလားထိုင်ပေါ်မှာဆိုပေမဲ့ ချန်ဟိုကတော့ သူ့ရဲ့ရေခဲရိုက်မျက်နှာထားကြီးကို မြင်တိုင်း တုန်လှုပ်နေမိလေ့ရှိသည်။


ဒါပေမဲ့ ထန်ချောင်းချောင်းကတော့ သူရှေ့ရောက်နေတာတောင် တည်ငြိမ်နိုင်သည်။သူမက အရမ်းအံ့ဩစရာကောင်းတာပဲ !!


ထန်ချောင်းချောင်းက သူ့နောက်က ထူးဆန်းနေတဲ့ ဒါရိုက်တာရဲ့အကြည့်တွေကို စိုက်ကြည့်လိုက်ပြီး ရှန်းယွဲ့ဆီပြေးသွားကာ မေးလိုက်သည်။


" သူက ဘာဖြစ်နေတာလဲ ရှင့်ကို မြင်တိုင်း သူ့ခမျာ ကြောင်ကိုတွေ့လိုက်ရတဲ့ ကြွက်လိုပဲ ဖြစ်နေတာ "


" မင်း သူ့ကိုမေးသင့်တယ် ငါ သူ့ကို ဘာမှတောင်မပြောရသေးဘူး "


ရှန်းယွဲ့ သာမာန်ပဲပြောလိုက်သည်။


သူတို့နှစ်ယောက်က အနားယူရမဲ့နေရာမှာ ထိုင်နေတာဖြစ်ပြီး ဖန်ယွမ်က မနီးမဝေးမှာရပ်ရင်း ထန်ချောင်းချောင်းအဝတ်အစားတွေကို ကိုင်ထားကာ လီကျီနဲ့စကားပြောနေလေသည်။


" ဒီနေ့ ဘာလာလုပ်တာလဲ ရှင်အဲ့လို မကြာခဏပေါ်ပေါ်လာရင် အကုန်လုံး အတွေးများလိမ့်မယ် "


ထန်ချောင်းချောင်းက ‌အဝေးက အလှုပ်ရှုပ်နေတဲ့ ဝန်ထမ်းကိုကြည့်ကာ တိုးတိုးလေးပြောလိုက်သည်။


ရှန်းယွဲ့က တည်ငြိမ်စွာပြောလိုက်သည်။


" ငါက ပရိုဂျူဆာလေ ဇာတ်ကားရဲ့တိုးတက်မှုကို လာစစ်ဆေးတာ ဖြစ်သင့်တာပဲကို အဲ့တာနဲ့ပတ်သက်ပြီး ဘာမှ အတွေးများနေစရာမလိုဘူး "


" အဲ့ဒါဆိုလည်း ဘာလို့ ကျွန်မဆီပဲလာနေရတာလဲ "


ထန်ချောင်းချောင်း‌ ပြောလိုက်သည်။


" ကျွန်မတို့ ဆက်ဆံရေးကို လူသိခံလို့မရဘူးလို့ ပြောခဲ့တာလည်း ရှင်ပဲ ကျွန်မတို့ဆက်ဆံရေးကို အပြင်လူတွေသိလို့မရဘူး "


ရှန်းယွဲ့ စိတ်ရှုပ်သွားသည်။သူအဲ့ဒါကိုအရင်ကပြောခဲ့တယ်ဆိုတာ သူသိသည်။


သူမက ပြောသေးသည်။


" လူ‌အုပ်တွေမှာ မျက်လုံး‌တွေ အများကြီးရှိတယ် အဲ့တာသာ ဖော်ထုတ်ခံလိုက်ရရင် မရှင်းမလင်းတွေ ဖြစ်ကုန်လိမ့်မယ် "


" ငါတို့ ဘယ်သူကိုမှ ပြောလို့မရရင် မပြောဘဲနေရုံပဲလေ ငါစိတ်ထဲမထားပါဘူး မင်းကရော ဘာလို့စိတ်ပူနေရတာလဲ "


ရှန်းယွဲ့က သူမရဲ့သဘောထားကို ဂရုမစိုက်ခဲ့ပေ။


" ဘာလို့စိတ်ပူနေတာလဲ?? ကျွန်မက အခုမှ ကျော်ကြားခါစ မင်းသမီးတစ်ယောက် တကယ်လို့ ကျွန်မမှာသာ ဥက္ကဠရှန်းနဲ့ ဆက်ဆံရေးတစ်ခုရှိနေတယ်ဆိုရင် အဲ့တာက အင်တာနက်အသုံးပြုသူတွေကြားမှာ ပြောစရာဖြစ်သွားလိမ့်မယ် စပွန်ဆာပေးတာတို့ မစ္စသခင်မတို့ အဲ့လိုသတင်းတွေထွက်လာလိမ့်မယ် အဲ့တာက ကျွန်မရဲ့ရေရှည်သရုပ်ဆောင်အလုပ်ကို အထောက်အကူပြုမှုမဟုတ်ဘူး "


" မင်းထင်တာက ငါနဲ့ တစ်ခုခုလုပ်စရာရှိခဲ့ရင် အဲ့ဒါက မင်းရဲ့အလုပ်ကို ဆိုးယုတ်စေမယ်ပေါ့လေ "


ရှန်းယွဲ့ ပြောလိုက်သည်။


" ကျော်ကြားချင်လို့ ငါ့ကိုလာပြီး မြူဆွယ်တဲ့ အမျိုးသမီးကြယ်ပွင့်တွေက မင်း ငါနဲ့သူငယ်ချင်းဖြစ်‌ဖို့ရုံလေးပဲ လုပ်နေတာထက် ပိုများတယ်ဆိုတာ မင်းသိလား "


အဲ့မိန်းမ ထန်ချောင်းချောင်းက တကယ် သူမရဲ့ကံကောင်းမှုကို မသိတာပဲ။


" ရှိလို့လား ငါတော့မယုံပါဘူး အဲ့တာဆို ကျွန်မဘာလို့  ရှင်ရဲ့ဘေးမှာ မိန်းကလေးတစ်ယောက်မှ မမြင်ဖူးရတာလဲ "


ဘယ်လို မိန်းမမျိုးက သူ့ရဲ့ဖြတ်ရိုက်ချင်စရာစရိုက်ကြီးကို သည်းခံနိုင်မှာလဲ။


ရှန်းယွဲ့ သူ့ရဲ့ဆွဲဆောင်မှုကို မေးခွန်းထုတ်ခံလိုက်ရသလိုခံစားလိုက်ရသည်။သူက လီကျီကိုခေါ်ပြီးတော့တောင် သူငြင်းလိုက်တဲ့ အမျိုးသမီးတွေကြယ်ပွင့်တွေဘယ်လောက်များကြောင်း ထန်ချောင်းချောင်းကို ပြောပြခိုင်းတော့မလို‌တောင်ဖြစ်သွားရသည်။


ထန်ချောင်းချောင်းက နောက်ထပ်ပြောလိုက်သည်။


" ရှင်တို့ရှန်းမိသားစုက ကြီးပြီး အာဏာရှိရင်တောင်မှ ကျွန်မ ထန်ချောင်းချောင်းက လူတိုင်းကြိုက်နှစ်သက်တာကိုခံရအောင် ကျွန်မကိုယ် ကျွန်မပဲအားကိုးမယ် မစ္စရှန်းယွဲ့ဆိုတဲ့ ခေါင်းစဉ်ကြီးမပါဘဲနဲ့ "


ရှန်းယွဲ့ တိတ်သွားရသည်။


အစမှာတော့ သူ ထန်ချောင်းချောင်းကိုမကြိုက်ခဲ့ပေ။အဲ့မိန်းမက သူ့ကို ဂုတ်သွေးစုပ်ပြီး သူ့နာမည်ကိုအသုံးချမှာ စိုးရိမ်နေခဲ့သည်။ဒါပေမဲ့ အခုကျတော့ အကုန်လုံးက အဆင်ပြေနေပေမဲ့ သူမက အတောင်ပံတွေပေါက်လာပြီး သူ့ဆီကနေ ထွက်သွားဖို့လုပ်နေသည်။အဲ့အစား။သူကာ အရှက်မရှိတဲ့လူဖြစ်လာရသည်။


နောင်တဆိုတာ နောင်မှရတာ.jpg.


ထန်ချောင်းချောင်းက ကောင်းကင်ကိုကြည့်လိုက်သည်


" ဘယ်အချိန်ပြန်မှာလဲ "


ရှန်းယွဲ့က သူမအခုလေးတင်ပြောလိုက်‌တာကြောင့် စိတ်ဖိစီးနေဆဲဖြစ်ပြီး အခုစကားတွေကိုကြားလိုက်တော့ မျက်မှောင်ကြုပ်သွားရသည်။


" မင်း ဘာလို့ ငါ့ကို အဝေးတွန်းလွှတ်နေရတာလဲ "


" ကောင်းကင်ကိုကြည့်လိုက် ခဏနေရင်မိုးရွာတော့မှာ "


ထန်ချောင်းချောင်းက အနည်းငယ်စိုးရိမ်နေလေသည်။


" အပြန်လမ်းမှာ ရှင်တစ်ခုခုဖြစ်မှာ စိုးရိမ်လို့ "


ရှန်းယွဲ့ အနည်းငယ်သက်သာသွားသလိုခံစားလိုက်ရသည်။သူမက သူ့ကိုအခုထိဂရုစိုက်နေတုန်းပဲ။


သူကပြောလိုက်သည်။


" မပူပါနဲ့ ငါ ခဏလောက်လှည့်ပတ်ကြည့်ပြီးရင် ပြန်တော့မှာ "


ညရောက်တော့ အခန်းအနည်းငယ်ရိုက်ပြီးတာနဲ့ ရှန်းယွဲ့က ကားထဲဝင်ကာ အမြန်ပြန်သွားတော့သည်။


ရှန်းယွဲ့သွားပြီး သိပ်မကြာဘူး မိုးရွာလာတော့သည်။အဝေးက ကောင်းကင်ကလည်း မိုးတိမ်တွေနဲ့ဖုံးနေလေသည်။


ထန်ချောင်းချောင်းနဲ့ သရုပ်တောင်အနည်းငယ်ကသာ ဗီလာထဲနေနေရသည်။ဘာလို့ဆို အနီးအနားမှာ ဟိုတယ်မရှိတာကြောင့်ပဲဖြစ်သည်။အခြားဝန်ထမ်းတွေကတော့ တောင်ခြေက လယ်သမားတွေ အိမ်မှာ ငှားနေရလေသည်။


ထန်ချောင်းချောင်း ပြတင်းပေါက်အပြင်ဘက်က ရွာနေတဲ့မိုးကိုကြည့်ပြီး မဲမှောင်နေတဲ့တောင်ကြီးကိုကြည့်လိုက်သည်။သူမနှလုံးသားထဲက စိုးရိမ်မှုက တဖြည်းဖြည်းပိုပိုများလာသည်။


' ရှန်းယွဲ့အဆင်ပြေရဲ့လား မသိဘူး '


ခဏနေတော့ အပြင်ဘက်ကနေ ဘန်းဆိုတဲ့အသံကိုကြားလိုက်ရသည်။


တောင်အောက်ကိုမဆင်းရသေးတဲ့ ဝန်ထမ်းက ဖုန်းထဲကနေ ပြောလေသည်။


" မကောင်းတော့ဘူး တောင်တစ်လျှောက် မြေပြိုကျနေပြီ "


" ဘာ!! "


မိုးကသည်းထန်စွာရွာနေကာ လေအေးများလည်း တိုက်ခတ်နေသည်။ သိပ်သည်းသောမိုးရေစက်များက မျက်နှာများကို လာစင်နေသဖြင့် လူများသည် မျက်လုံးများဖွင့်မရဖြစ်နေသည်။


မြေပြိုသောနေရာကို ထန်ချောင်းချောင်း အပြေးအလွှားရောက်သွားသောအခါ ကြီးမားသော ကျောက်တုံးများနှင့် ရွှံ့ပုံများသည် လမ်းအလယ်၌ ပိတ်ဆို့နေကြသည်ကို တွေ့လိုက်ရသည်။ ကား ၇စီး ၈စီးလောက်သည်လည်း ပျက်စီးကာ တစ်နေရာ၌ စုပုံနေကြသည်။


လူအချို့မှာ ခေါင်း၌ သွေးများရဲရဲနီနေ၍ နာကျင်စွာအော်ဟစ်နေကြကာ အချို့ကတော့ ကားထဲမှ ခက်ခဲစွာရုန်းထွက်နေကြရသည်။ အခြေအနေက အလွန်ပင် အန္တရာယ်များနေသည်။


ရဲများကိုခေါ်ထားပြီးဖြစ်သော်လည်း ကယ်ဆယ်မည့်လူများသည် ချက်ချင်းရောက်လာနိုင်မည်မဟုတ်ချေ။ ရိုက်ကူးရေးအဖွဲ့သားများသည် အနီးပတ်ဝန်းကျင်မှရွာသားများကို ကယ်ဆယ်ရန် ချက်ချင်းရောက်လာကြသည်။


သို့သော် ပြိုကျလာသော ကျောက်တုံးများက ကားများကိုပိနေကာ မည်သူမှ မဖယ်ရှားနိုင်ဖြစ်နေကြသည်။


"ကယ်ဖို့လာတဲ့လူတွေ ရှိကြလား...ကားထဲမှာ လူတွေရှိနေ‌သေးတယ်..."


"ကျွန်မတို့ကို လာကယ်ပါဦး..."


"ကယ်ကြပါ..."


အသည်းအသန်အကူအညီတောင်းနေကြသော အသံများကိုကြား‌သောအခါ ထန်ချောင်းချောင်းသည် မိုးရေများကြား အမြန်ပြေးကာ ကျောက်တုံးများကို ကူ၍ ဖယ်ရှားပေးလိုက်သည်။


ထန်ချောင်းချောင်း၏အားသည် အလွန်သန်မာသောကြောင့် လူ နှစ်ယောက် သုံးယောက်လောက်မမှ ရမည့်ကျောက်တုံးကို သူမတစ်ဦးတည်း မနိုင်သည်။


အခြားလူများသည် ထန်ချောင်းချောင်း၏ စွမ်းအင်ကြောင့် အံ့ဩတကြီး လန့်ဖြန့်သွားကြသော်လည်း ယခု၌ စပ်စုနေရန် အချိန်မရှိချေ။


ထန်ချောင်းချောင်း ဝင်ရောက်ကူညီသည်ကိုတွေ့တော့မှ အခြားလူများလည်း ရဲစိတ်များကြွလာကာ လူများကို အစီအစဉ်တကျ ကူညီကြတော့သည်။ ကားများထဲ၌ပိတ်မိနေသောလူများသည် တစ်ယောက်ပြီး‌တစ်ယောက် ကယ်တင်ခံရကာ လွတ်မြောက်လာကြသည်။


ထန်ချောင်းချောင်းသည် အလွန်စိတ်လှုပ်ရှားနေမိသည်။ ကျောက်တုံးများနှင့် ကားများကိုဖယ်ရှားနေစဉ်တွင် ရှန်းယွဲ့၏ကားကို လိုက်ရှာနေမိသည်။


ရှင်ဘယ်မှာလဲ...


ဤနေရာသို့ လာခဲ့စဉ်တစ်လျှောက်လုံးတွင်လည်း ထန်ချောင်းချောင်းသည် ရှန်းယွဲ့ကို အဆက်မပြတ် ဖုန်းများခေါ်ခဲ့သော်လည်း ဆက်သွယ်၍မရခဲ့ချေ။


ထန်ချောင်းချောင်းသည် နောင်တရနေမိသည်။ ရာသီဥတုဆိုးသည်ကို ထန်ချောင်းချောင်းသိသောကြောင့် ရှန်းယွဲ့အား ပြန်ရန် အတင်းမတိုက်တွန်းခဲ့သင့်ချေ။ သူမ သာ မတိုက်တွန်းခဲ့ပါက ဤအဖြစ်အပျက်နှင့်လည်း ကြုံတွေ့ရမည်မဟုတ်ချေ။ ရိုက်ကွင်း၌ ရှန်းယွဲ့ တစ်ညပိုနေလိုက်လျှင်လည်း အဆင်ပြေမည်သာဖြစ်သည်။


ထန်ချောင်းချောင်းသည် တစ်ကိုယ်လုံးသွေးများဖုံးလွှမ်းနေသော လူတစ်ယောက်ကို ကားထဲမှထွက်နိုင်ရန်ကူညီ၍ ဘေးမှလူများထံ အပ်လိုက်ကာ ဆက်ရှာနေမိသည်။


"ရှန်းယွဲ့..."


ထန်ချောင်းချောင်းသည် သူမ၏နှလုံးသားကို လေးလံသောကျောက်တုံးကြီးက ဖိထားသကဲ့သို့သော ခံစားမှုမျိုးနှင့် ရှန်းယွဲ့၏နာမည်ကို တကြော်ကြော်ခေါ်နေမိသည်။


ရှန်းယွဲ့ မတော်တဆမှု လုံးဝမဖြစ်စေရပါ။ ထန်ချောင်းချောင်းသည် ဤကဲ့သို့ ဆုံးရှုံးရမည်ကိုကြောက်သည့်ခံစားချက်မျိုးကို တစ်ခါမှ မခံစားဖူးချေ။


ထိုအချိန်၌ ထန်ချောင်းချောင်းသည် သူမ၏ရှေ့၌ ရင်းနှီးသောကျောပြင်အချို့ကို တွေ့လိုက်ရသည်။ ထိုသူများသည် ရှန်းယွဲ့နောက်မှလိုက်သော သက်တော်စောင့်များနှင့် လီကျိ ဖြစ်၍ သူတို့သည်လည်း ကျောက်တုံးများကိုဖယ်ရှား၍ လမ်းကို ကူရှင်းပေးနေကြသည်။


ထန်ချောင်းချောင်း၏နှလုံးသားသည် လည်ချောင်းမှတဆင့် ခုန်ထွက်တော့မလို ဖြစ်သွားသည်။


သူတို့ဒီကိုရောက်နေတယ်...မြေကြီးထဲမြုပ်နေတာ ရှန်းယွဲ့များလား...


ထန်ချောင်းချောင်းသည် ရှေ့သို့ အပြေးသွားကာ လီကျိကို ဆွဲကိုင်၍ ကျယ်လောင်စွာပြောလိုက်သည်။


"ရှန်းယွဲ့ဘယ်မှာလဲ...ရှင့်သူဌေးဘယ်မှာလဲ..."


လီကျိသည် ထီးလည်းမဆောင်း မိုးကာလည်းမဝတ်ထားသောကြောင့် တစ်ကိုယ်လုံး မိုးရေများ ရွှဲရွှဲစိုနေသည်။ သူ၏ မျက်မှန်များသည်လည်း ရေစက်များဖြင့်ပြည့်နေသည်။ လီကျိသည် မတ်တပ်ထလိုက်၍ အတန်ကြာ မျက်မှောင်ကြုတ်၍ ကြည့်လိုက်ပြီးမှ သူ့ရှေ့မှ လူသည် ထန်ချောင်းချောင်းဖြစ်မှန်း သိသွားသည်။


လီကျိစကားပြောလိုက်သောအခါ အသံက မသဲမကွဲဖြစ်နေသည်။


"ရှေ့မှာ..."


"ဘာပြောလိုက်တာလဲ..."


ထန်ချောင်းချောင်းက သေချာမကြားလိုက်သောကြောင့် အသံကျယ်ကျယ်နှင့် ပြန်မေးလိုက်သည်။


လီကျိသည် မတတ်နိုင်ပဲ ရှေ့သို့ လက်ညှိုးထိုးပြလိုက်သည်။ ထန်ချောင်းချောင်းလှမ်းကြည့်လိုက်သောအခါ လမ်းလယ်ခေါင်၍ ကြီးမားသော ရွှံ့ပုံကြီးကိုတွေ့လိုက်ရသည်။


ထန်ချောင်းချောင်းသည် သူမ၏ခေါင်းကို ဖြတ်အရိုက်ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရသည်။


ရှန်းယွဲ့သည် ထိုရွှံ့ပုံအောက်၌ ရှိနေသည်လား...


ထန်ချောင်းချောင်းသည် အမြန်ပြေးသွား၍ ရွှံ့များပေါ်သို့ လှဲချလိုက်ကာ လက်နှစ်ဖက်လုံးဖြင့် သွေးရူးသွေးတမ်း တူးဆွနေလိုက်မိသည်။


"ရှန်းယွဲ့...ရှင်မသေရဘူး..."


"ရှင်ဘယ်မှာလဲ...ကျွန်မ ရှင့်ကိုသတ်လိုက်မိတာ...ကျွန်မ ရှင့်ကို မထွက်သွားခိုင်းသင့်ဘူး...


"ကျွန်မ မုဆိုးမ မဖြစ်ချင်ဘူး..."


...


"ဘယ်သူက မုဆိုးမ မဖြစ်ချင်တာလဲ..."


ထိုအချိန်တွင် ကြည်လင်သောအသံတစ်သံက ထန်ချောင်းချောင်းနောက်မှ ပေါ်လာသည်။


ထိုအသံသည် ထန်ချောင်းချောင်းအတွက် အလွန်ရင်းနှီးနေသောအသံဖြစ်သည်။ ထန်ချောင်းချောင်းသည် ခေါင်းကို အမြန်လှည့်ကြည့်လိုက်‌သောအခါ သူမအနောက် မလှမ်းမကမ်း၌ ရှိနေသော ရှန်းယွဲ့အား တွေ့လိုက်ရသည်။ သက်‌တော်စောင့်တစ်ယောက်က ရှန်းယွဲ့ကို ထီးမိုးပေးထားသည်။


ထန်ချောင်းချောင်းသည် ကျောက်ရုပ်ကဲ့သို့ တောင့်တင်းစွာ မလှုပ်မယှက်ရပ်၍ အရူးတစ်ယောက်ကဲ့သို့ ကြည့်နေလိုက်မိသည်။


မိုးက သည်းထန်စွာရွာသွန်းနေဆဲဖြစ်သည်။ ထန်ချောင်းချောင်းသည် မိုးကာမပါပဲ မိုးရေထဲ ပြေးလွှားနေသောကြောင့် မိုးရေများသည် အင်္ကျီများထဲသို့ စိမ့်ဝင်၍ ဆံပင်များကလည်း နဖူးပေါ်၌ ကပ်နေကြသည်။


ယခုသည် ဆောင်းဦးရာသီကုန်ခါနီး၍ ဆောင်းရာသီသို့ ဝင်ကာစဖြစ်သည်။ မြောက်ပိုင်းဒေသ၏ညများသည် အလွန်အေးနေပြီဖြစ်သည်။ အေးစက်သောမိုးရေထဲ၌ ကြာမြင့်စွာ ရှိနေသောကြောင့် ထန်ချောင်းချောင်း၏မျက်နှာသည် ဖြူဖျော့နေသည်။


ရှန်းယွဲ့သည် မျက်မှောင်ကြုတ်ကာ ဘီးတပ်ကုလားထိုင်သို့ ရှေ့သို့ အနည်းငယ်ရွှေ့လာလိုက်သည်။


"မင်း အဲ့ဒီမှာ ဒူးထောက်ပြီး ဘာလုပ်နေတာလဲ...ဒီကိုလာခဲ့..."


ရှန်းယွဲ့သည် သက်တော်စောင့်အား ထန်ချောင်းချောင်းကို ကူညီရန် အချက်ပေးလိုက်သည်။ ထန်ချောင်းချောင်းသည် သက်တော်စောင့်၏အကူအညီဖြင့် ယိုင်တိုင်တိုင် ထလိုက်ပြီးနောက် ရှန်းယွဲ့ထံသို့ ပြေးသွား၍ အလွန်အံ့ဩသည့် အသံဖြင့် ပြောလိုက်သည်။


"ရှင် အဆင်ပြေရဲ့လား...တော်သေးတာပေါ့...ကျွန်မက...ကျွန်မက ရှင် ဟိုအောက်မှာ မြုပ်နေပြီထင်တာ..."


ထန်ချောင်းချောင်းသည် ပျော်လွန်း၍ အသံများက ဗလုံးဗထွေးဖြစ်နေသည်။


"မင်းရူးနေလား...အဲ့ဒီမြေကြီးပုံအောက်မှာ ကားပိနေတာ မင်းတွေ့လို့လား..."


ရှန်းယွဲ့က ပြောလိုက်သည်။


ထန်ချောင်းချောင်းက မြေကြီးပုံလေးကို လှမ်းကြည့်ကာ ခပ်ရှက်ရှက်ပြောလိုက်သည်။


"ဟုတ်ပါတယ်...ကျွန်မလည်း အရမ်းလန့်ပြီး ဘာ‌မှ သေချာမစဉ်းစားနိုင်ဖြစ်သွားတာ..."


တကယ်တော့ အလွန်ကံကောင်းသွားခြင်းဖြစ်သည်။ ရှန်းယွဲ့၏ကား ဖြတ်သွားပြီးမကြာမှာပင် သူတို့အနောက်၌ မြေကြီးပြိုကျသွားခြင်းဖြစ်သည်။ ရှန်းယွဲ့သည် ကားကိုချက်ချင်းရပ်ခိုင်း၍ လီကျိနှင့် သက်တော်စောင့်များကို ကားထဲမှထွက်၍ လူများကို ချက်ချင်းသွားကယ်ခိုင်းခဲ့သည်။


Xxxxxxx