အပိုင်း ၁၀၃
Viewers 23k

Chapter 103

ထန်ချောင်းချောင်း၏ မတော်တဆဖြစ်မှု


တကယ်တော့ အလွန်ကံကောင်းသွားခြင်းဖြစ်သည်။ ရှန်းယွဲ့၏ကား ဖြတ်သွားပြီးမကြာမှာပင် သူတို့အနောက်၌ မြေကြီးပြိုကျသွားခြင်းဖြစ်သည်။ ရှန်းယွဲ့သည် ကားကိုချက်ချင်းရပ်ခိုင်း၍ လီကျိနှင့် သက်တော်စောင့်များကို ကားထဲမှထွက်၍ လူများကို ချက်ချင်းသွားကယ်ခိုင်းခဲ့သည်။


ရှန်းယွဲ့ကိုယ်တိုင်ကတော့ ခန္ဓာကိုယ်အခြေအနေကြောင့် ဘာမှ သိပ်မကူမညီနိုင်သောကြောင့် မလှမ်းမကမ်းမှပင် ကြည့်နေခဲ့သည်။ ခဏအကြာတွင် ထန်ချောင်းချောင်း၏အသံကို သဲ့သဲ့ကြားလိုက်ရသည်။ အသံရှိရာသို့ ရှန်းယွဲ့ အပြေးသွားလိုက်သောအခါ ရွှံ့ပုံကို တူးဆွ၍ အော်ငိုနေသော ထန်ချောင်းချောင်းကို တွေ့လိုက်ရတော့သည်။


ရှန်းယွဲ့သည် ထန်ချောင်းချောင်း၏ဖြူလျော်နေသော မျက်နှာကိုကြည့်ကာ သူမ၏ လက်များကို ညင်သာစွာ ဆုပ်ကိုင်လိုက်သည်။ ထန်ချောင်းချောင်း၏လက်များသည် အေးစက်နေ၍ လက်သည်းများသည်လည်း နေရာတော်တော်များများ၌ ကျိုးပဲ့နေကာ အမည်းရောင်ရွှံ့များဖြင့် ပေကျံနေသည်။


ရှန်းယွဲ့၏နှလုံးသားသည် အနည်းငယ် နာကျင်သွားရသည်။


"မင်း နာနေလား..."


"လက်သည်းလေးနည်းနည်းပဲကို...မနာပါဘူး..."


ထန်ချောင်းချောင်းက ပြုံးကာ ခေါင်းခါပြလိုက်သည်။


ဒီအရူးမလေးကတော့လေ...


ထန်ချောင်းချောင်းက ဘာမှမဖြစ်သလိုရယ်လေ၊ ရှန်းယွဲ့က ပို၍ စိတ်ပူလာလေဖြစ်နေသည်။


"ရှင်ဘာမှမဖြစ်လို့ ကျွန်မလည်း ဘာမှမဖြစ်တော့ဘူးလေ...ဟိုဘက်သွားပြီး ကူပေးလိုက်ဦးမယ်..."


ထန်ချောင်းချောင်းသည် ရှန်းယွဲ့ကို မြင်လိုက်သောအခါ ရင်ထဲမှ အလုံးကြီးကျသွားသည်။ ထိုအချိန်၌ ကားများထဲ၌ပိတ်မိနေသော လူများအားလုံးကို ကယ်ဆယ်ပြီးဖြစ်သော်လည်း လမ်းကတော့ ပိတ်နေဆဲဖြစ်၍ သွားမရဖြစ်နေသေးသည်။


"မင်းတို့လည်း သွားကူပေးလိုက်..."


ရှန်းယွဲ့သည် ထန်ချောင်းချောင်း၏စိတ်ကိုသိသောကြောင့် မတားလိုက်ပေ။ သို့သော် သူ့နားမှ သက်တော်စောင့်များကိုပါ လိုက်သွားခိုင်းလိုက်သည်။ လူတစ်ယောက်ပိုလျှင် တစ်ယောက်စာအင်အား ပိုရှိမည်မဟုတ်လား။


"ဒါပေမယ့် သူဌေးနားမှာလည်း ကူပေးဖို့ တစ်ယောက်ယောက်ရှိနေရဦးမှာပေါ့..."


သက်တော်စောင့်က တုံ့ဆိုင်းဆိုင်းဖြင့်ပြောလိုက်သည်။


"ငါအဆင်ပြေတယ်...သူ့ကိုသာ သွားကူပေးလိုက်..."


ရှန်းယွဲ့ကပြောလိုက်သည်။


သက်တော်စောင့်သည် ထီးကို ရှန်းယွဲ့လက်ထဲထည့်လိုက်၍ ကျောက်တုံးများကိုရှင်းလင်းရန် ထန်ချောင်းချောင်းနောက် လိုက်သွားတော့သည်။


ရှန်းယွဲ့သည် သူ့ခြေထောက်ကို ကိုင်၍ ပြန်လည်သန်စွမ်းစေရန်လေ့ကျင့်ခန်းကို သေချာမလုပ်ခဲ့သည့်အတွက် နောင်တရစပြုလာသည်။


ထန်ချောင်းချောင်းတစ်ယောက် အရက်မူး၍ သူမရင်ထဲ၌ရှိသည့်အတိုင်း ရှန်းယွဲ့၏ခြေထောက်များသာ ပြန်ကောင်းလာပါက သူတို့နှစ်ယောက်သည် အတူနေစရာမလိုတော့ ဟုပြောလိုက်သည့်အချိန်တည်းက ရှန်းယွဲ့သည် သူ့ခြေထောက်များကို အမြန်ပြန်မကောင်းလာစေချင်တော့ပေ။


ရှန်းယွဲ့သည် သူ့ကိုယ်သူတော့ လိမ်ညာ၍မရပါ။ ထန်ချောင်းချောင်းသည် ရှန်းယွဲ့၏နှလုံးသားထဲ၌ အချိန်တော်တော်ကြာတည်းက ရှိနေပြီဖြစ်၍ သူ့နှလုံးသား၏ အနူးညံ့ဆုံးအစိတ်အပိုင်းတစ်ခု ဖြစ်နေပြီဖြစ်သည်။


ထို့ကြောင့် ရှန်းယွဲ့သည် ထန်ချောင်းချောင်းကို လက်မလွှတ်လိုက်ချင်ပေ။ သို့သော် သူမကို ဆွဲထားရန် အခြားနည်းလမ်းများ စဉ်းစား၍မရသောကြောင့် အရူးနှမ်းဆုံးဤနည်းလမ်းကိုသာ အသုံးပြုလိုက်ရသည်။


ယခုတွင်တော့ ရှန်းယွဲ့သည် အရှုံးသမားကဲ့သို့ ခံစားနေရသည်။ သူသာ ထန်ချောင်းချောင်း၏ ပြန်လည်သန်စွမ်းရေးလေ့ကျင့်ခန်းအစီအစဉ်ကို သေချာလိုက်နာခဲ့ပါက ဤအချိန်တွင် ဘီးတပ်ကုလားထိုင်၌ ထိုင်နေစရာမလိုပဲ အခြားလူများကို ကူပေးနိုင်ကောင်း ကူနိုင်နေလိမ့်မည်။


ထန်ချောင်းချောင်းသည် ရွှံ့နှင့် ကျောက်တုံးများကြား၌ ခေါက်တုံ့ခေါက်ပြန်သွားနေ၍ မကြာခင်တွင် အခြားလူများနှင့် ပူးပေါင်း၍ လမ်းကို ရှင်းလင်းနေတော့သည်။


"မကြာခင် ကားသွားလို့ရတော့မယ်ထင်တယ်...လူနာတင်ယာဉ်တွေလာရင် အမြန်ဆုံး လူနာတွေကို သယ်နိုင်အောင် လုပ်ထားရမယ်..."


ထန်ချောင်းချောင်းက တောက်ပစွာပြုံး၍ ပြောနေသည်။ ထန်ချောင်းချောင်း၏ အားအင်တက်ကြွမှုများသည် ဘယ်ကရောက်လာသည်မသိသော်လည်း သူမကို ကြည့်ရသည်မှာ လုံးဝ မမောပန်းသကဲ့သို့ ဖြစ်နေသည်။


စကားပြောပြီးသောအခါ ထန်ချောင်းချောင်းသည် နောက်သို့လှည့်၍ ရှန်းယွဲ့ထံ ပြန်သွားရန် ပြင်လိုက်သည်။


ထိုအချိန်မှာပင် တောင်ပေါ်မှ ကြီးမားသောအသံတစ်ခုကိုကြားလိုက်ရသည်။


ရှန်းယွဲ့သည် အပေါ်သို့မော့ကြည့်လိုက်ရာ တောင်စောင်းပေါ်မှ ပွနေသော ရွှံ့နှင့် ကျောက်တုံးများသည် ထပ်၍ ပြိုကျတော့မည့်ပုံဖြစ်နေကြသည်ကို တွေ့လိုက်ရသည်။ ထန်ချောင်းချောင်းက ထိုနေရာ၏အောက်တည့်တည့်၌ ရောက်နေသည်။


"မြန်မြန်..."


ရှန်းယွဲ့က ကျယ်လောင်စွာအော်လိုက်သည်။


ထန်ချောင်းချောင်းသည် ဘာဖြစ်နေမှန်းမသိပဲ ခေါင်းကို လှည့်ကြည့်လိုက်ရာ ရှန်းယွဲ့သည် အတင်းအားယူ၍ မတ်တပ်ထလိုက်သည်ကို မြင်လိုက်ရသည်။ သူသည် ခြေနှစ်လမ်းမျှ ယိုင်နဲ့စွာလျှောက်၍ ထန်ချောင်းချောင်းဆီသို့ ခုန်လိုက်သည်။ ထို့နောက် နှစ်ယောက်သားဖက်မိသွားကာ ဘေးဘက်ကို လိမ့်သွားကြသည်။


နောက်ထပ်တစ်စက္ကန့်တွင် ရွှံ့နှင့်ကျောက်တုံးပုံကြီးသည် ထန်ချောင်းချောင်းရပ်နေသော နေရာဆီသို့ ပြိုကျလာတော့သည်။


ကပ်သီးလေးပဲ...ပိမိတော့မလို့...


ဤသို့ အမြန်ရှောင်လိုက်နိုင်သည်တောင်မှ ထန်ချောင်းချောင်း၏ခန္ဓာကိုယ်ကို ကာထားသော ရှန်းယွဲ့ကို ရွှံ့နှင့်ကျောက်တုံးများက တိုက်မိသွားကြသေးသည်။


"ရှန်းယွဲ့...ရှင်ဘာဖြစ်သွားတာလဲ...ကျွန်မကို စကားပြောပါဦး..."


ထန်ချောင်းချောင်း အလွန်စိတ်ပူလာမိသော်လည်း ရှန်းယွဲ့ကတော့ မျက်လုံးများ မှိတ်ထားလျက်ပင်။ ထို့နောက် ရုတ်တရက် ထန်ချောင်းချောင်းသည်လည်း ကောင်းကင်သည် ချာချာလည်လာသကဲ့သို့ ခံစားလိုက်ရကာ အမှောင်ထုထဲသို့ နစ်ဝင်သွားတော့သည်။


......


#ပေကျင်းမြို့ပြင်နှင့် ရွာများတစ်ဝိုက်၌ မိုးသည်းထန်မှုကြောင့် မြေပြိုမှုဖြစ်ပွားခြင်း#


#"ပိုးအိမ်"ရုပ်ရှင်အဖွဲ့သားများ မြေပြိုမှုနှင့် ကြုံတွေ့ရခြင်း#


မြေပြိုမှုသည် အင်တာနက်ပေါ်၌ ချက်ချင်းပင် နာမည်ကြီးသွားကာ ပိတ်မိနေသောလူများကြောင့် အင်တာနက်ပေါ်မှလူများသည်လည်း စိတ်မကောင်းဖြစ်ကုန်ကြရသည်။ အထူးသဖြင့် ရုပ်ရှင်အဖွဲ့တစ်ခုပါနေသောကြောင့် နာမည်ပိုကြီးသွားခြင်းဖြစ်သည်။ သရုပ်ဆောင်များ၏ဖန်များကတော့ ပို၍ပင် စိတ်ပူနေကြရသည်။


သကြားယုန်လေးများအားလုံးသည် ထန်ချောင်းချောင်း၏အခြေအ‌နေကို စုံစမ်းနေကြသည်။ သူတို့သည် သတင်းစာမျက်နှာများကို ထပ်ခါ ထပ်ခါ ဆွဲကြည့်နေကြ၍ နောက်ဆုံးတွင်တော့ ထိုမတော်တဆမှုနေရာမှ လူတစ်ယောက်တင်လိုက်သော Weibo ပိုစ့်ကို ရှာတွေ့သွားကြတော့သည်။


【ဒီည အရမ်းအန္တရာယ်များတယ်...ငါ့‌ကားခေါင်မိုးဆိုရင် ကျောက်တုံးနဲ့ရိုက်မိသွားတယ်...ထန်ချောင်းချောင်းကျေးဇူးကြောင့်သာပဲ...သူမ သာ ကျောက်တုံးကြီးကို အချိန်မှီ မဖယ်ပေးခဲ့ရင် ငါနဲ့ငါ့ဇနီးတို့ အသက်အန္တရာယ်စိုးရိမ်နေရမှာ...】


သကြားယုန်လေးများသည် ထန်ချောင်းချောင်း၏သတင်းကို ရှာတွေ့သောအခါ ပို့စ်တင်သူအား သူမ၏အခြေအနေကို ဆက်တိုက်မေးနေကြတော့သည်။ ထိုပို့စ်တင်သူထံမှ ထန်ချောင်းချောင်းသည် ဘာထိခိုက်မှုမှမဖြစ်၍ လူများကိုကယ်တင်နိုင်ရန် ကူပေးနေကြောင်း သိလိုက်ရသည်။ သကြားယုန်လေးများသည် ယခုမှပင် သက်ပြင်းချနိုင်‌ကြတော့သည်။


သို့သော် သက်ပြင်းချ၍ မကြာခင်မှာပဲ ပို့စ်တင်သူက နောက်ထပ်ဗုံးတစ်ခုကို ပစ်ချလိုက်ပြန်သည်။


【"ဒုက္ခပဲ...နောက်ထပ်မြေပြိုမှုတစ်ခုထပ်ဖြစ်တယ်...ထန်ချောင်းချောင်းကို ထိသွားပြီ..."】


ဘာပြောလိုက်တယ်...


ထိုပစ်ချလိုက်သော ကျောက်ခဲတစ်ခဲကြောင့် ထောင်ပေါင်းများစွာသော လှိုင်းများ ရိုက်ခတ်သွားတော့သည်။


သကြားယုန်လေးများသည် ဤသတင်းကိုကြားလိုက်ရသောအခါ တော်တော်များများသည် စိတ်ပူလွန်း၍ ငိုပင်ငိုကုန်ကြသည်။ သူတို့သည် ထန်ချောင်းချောင်း ဘေးကင်းစေရန် Weibo ပေါ်၌ ဆုတောင်းပေးကြသည်။ #ထန်ချောင်းချောင်း၏မတော်တဆမှု# အကြောင်း သတင်းခေါင်းစီးသည် ချက်ချင်းပင် ထိပ်ဆုံးရောက်လာသည်။


သို့သော်လည်း ဤကဲ့သို့သောအခြေအနေတွင် သံသယများကလည်း လိုက်ပါလာစမြဲဖြစ်သည်။ ထန်‌ချောင်းချောင်းက မကောင်းသောရုပ်ရှင်ရိုက်နေသည်ဟု သတင်းဖြန့်သော အတင်းအဖျင်းအကောင့်ကပင် တင်လိုက်သည်။


【ဒါက အရမ်းထူးဆန်းတယ်လို့မခံစားရဘူးလား...ထန်ချောင်းချောင်းက ခုနကပဲ လူတွေကိုကယ်တယ်ပြောတယ်...နောက်တော့ ချက်ချင်းပဲ ကျောက်တုံးပိသွားပြီတဲ့...ဒါက အခွံသပ်သပ်စကားတွေပဲ...ဓာတ်ပုံလေးတစ်ပုံတောင်မပြနိုင်ဘူး...ဒါက နာမည်ကြီးအောင် တမင်သပ်သပ်စီစဉ်ထားတာလား...】


ဒေါသထွက်၍ စိတ်လည်းပူနေကြသော သကြားယုန်လေးများသည် ချက်ချင်းပင် Weibo ပေါ်၌ ပြန်ပြောကြသည်။


【ဒီလိုတွေပြောထွက်နိုင်အောင် မင်းရဲ့နှလုံးသားက ဘယ်လောက်တောင် မည်းနက်နေတာလဲ...လူတိုင်းကို မင်းလို စိတ်ပုတ်တယ်လို့ထင်မနေနဲ့ လိုင်းပေါ်မှာပဲ လေကျယ်နေတဲ့လူရဲ့...】


【ထန်ချောင်းချောင်းက တမင်သက်သက် စီစဉ်တာလား ဘာလားတော့ ငါမသိဘူး...ငါသိတာက မင်းက အမြင်ကတ်စရာခွေးမ ဖြစ်တယ်ဆိုတာပဲ...】


သို့သော် ထိုမေးခွန်းကို တကယ်လားသိချင်နေကြသော လူအချို့ကတော့ ရှိနေကြသေးသည်ပင်။


နောက်တစ်နေ့မနက်စောစောတွင် ထန်ချောင်းချောင်း၏ အေဂျင်စီနှင့် "ပိုးအိမ်" အဖွဲ့မှ ဖြစ်ပျက်ခဲ့သောအခြေအနေနှင့် ပတ်သတ်၍ တရားဝင်ထုတ်ပြန်လိုက်သည်။ သူတို့၏ ထုတ်ပြန်ချက်တွင် ထန်ချောင်းချောင်းသည် ဆေးရုံတက်နေရသော်လည်း ယခုအထိတော့ ဒဏ်ရာကြီးကြီးမားမားမရှိကြောင်း၊ အားလုံးစိတ်ပူပေးကြသောကြောင့် ကျေးဇူးတင်ကြောင်း စသဖြင့် ဖော်ပြထားသည်။


တစ်ချိန်တည်းမှာပင် ဆေးရုံကုတင်ပေါ်၌ ထန်ချောင်းချောင်း လှဲလျောင်းနေပုံကိုလည်း တင်လိုက်သောကြောင့် သံသယသံများကို ခဏမျှ တိတ်ဆိတ်သွားစေသည်။


ပြင်ပလောက၌ ဆွေးနွေးမှုများ များစွာရှိနေကြသော်လည်း ကာယကံရှင်များကတော့ လျစ်လျူရှုထားလိုက်ကြသည်။


ထန်ချောင်းချောင်းသည် ဖန့်ယွမ်၏ အကာအကွယ်ဖြင့် ရှန်းယွဲ့၏ ဆေးရုံခန်းထဲသို့ တိတ်တဆိတ်ရောက်လာသည်။


ရှန်းယွဲ့သည်လည်း အိပ်မနေချေ။ သူ့အခန်းထဲသို့ ထန်ချောင်းချောင်း တိုးတိုးတိတ်တိတ်ဝင်လာသည်ကို မြင်သောအခါ ရှန်းယွဲ့၏နှုတ်ခမ်းထောင့်စွန်းများက တွန့်ကွေး၍ ပြုံးသွားကြသည်။


ထိုအချိန်တုန်းက တောင်သည် တစ်ခါထပ်ပြိုသွားခဲ့သည်။ သို့သော် ကံကောင်းစွာပင် ရှန်းယွဲ့ တွန်းလိုက်သောကြောင့် ထန်ချောင်းချောင်း အသက်ချမ်းသာရာရခဲ့သည်။ ထို့နောက် သူတို့နှစ်ယောက်လုံးနှင့် အခြား ဒဏ်ရာရထားသောလူများကို ထိုမတော်တဆဖြစ်သည့်နေရာနှင့် အနီးဆုံးဆေးရုံသို့ ခေါ်ဆောင်သွားခဲ့ကြသည်။


ရှန်းယွဲ့သည် ထိုအချိန်က မြေပြိုသည်ကို ရှောင်လိုက်နိုင်သော်လည်း ဘယ်ဘက်ခြေသလုံးက ကျောက်တုံးနှင့် ရိုက်ခတ်မိသွား၍ အရိုး အနည်းငယ်အက်သွားသည်။ ထို့ကြောင့် ယခုတွင် ရှန်းယွဲ့၏ခြေထောက်သည် ကျောက်ပတ်တီးစည်း၍ လေပေါ်၌ မြှောက်ဆွဲထားခြင်း ခံထားရသည်။


အခန်းထဲသို့ ထန်ချောင်းချောင်းဝင်လာသောအခါ ရှန်းယွဲ့တစ်ယောက်တည်းသာရှိ၍ ရှန်းယွဲ့သည် မျက်လုံးများမှိတ်ကာ အိပ်နေဟန်တူသည်။


ရှန်းယွဲ့၏ခြေထောက်တစ်ဖက်ကို စက်သီးဖြင့် ဆွဲထားသည်။ သူသည် အပြာနှင့် အဖြူကျား ဆေးရုံအင်္ကျီကို ဝတ်ဆင်ထား၍ ဆံပင်များက ပျော့ပျောင်းစွာ ခေါင်းအုံးပေါ်၌ ကျနေကြသည်။ လက်များက ဗိုက်ပေါ်သို့တင်ကာ အိပ်ပျော်နေသောရှန်းယွဲ့သည် ပုံမှန်ဆောင့်ကြွားကြွားပုံနှင့်မတူတော့ပဲ ‌အေးချမ်းနေပုံပေါ်နေသည်။ ယခု ကုတင်ပေါ်မှ ရှန်းယွဲ့နှင့် ပုံမှန်သူဌေးသားရှန်းယွဲ့တို့သည် အလွန်ခြားနားသောလူနှစ်‌ယောက်ကဲ့သို့ဖြစ်နေသည်။


ထန်ချောင်းချောင်းသည်ပင် ရှန်းယွဲ့ကိုကြည့်ရင်း ဆွဲဆောင်မှုရှိသည်ဟု ထင်လာမိသည်။


ထိုခံစားချက်သည် မကောင်းပါ။


ယနေ့ ထန်ချောင်းချောင်းကိုကယ်ရန် ရှန်းယွဲ့က သူ၏အသက်ကိုပင် စွန့်လွှတ်လိုက်ရမလိုဖြစ်ခဲ့သောကြောင့် ဤသို့ ထင်ယောင်ထင်မှားဖြစ်နေခြင်းဖြစ်သည် ဟုထန်ချောင်းချောင်းက သူမကိုယ်သူမ သတိပေးလိုက်သည် 


သို့သော် ထိုသတိပေးခြင်းသည်လည်း အသုံးမဝင်ပါချေ။ ထန်ချောင်းချောင်းသည် စိတ်ထဲ၌ တောင်ပြိုကျစဉ်က ရှန်းယွဲ့ ချက်ချင်း မတ်တပ်ထရပ်ကာ သူမဆီသို့ ပြေးလာသည်ကိုပင် စဉ်းစားနေမိသည်။


ထို အားယူ၍မနည်းရပ်လိုက်ရသော ခြေလှမ်းနှစ်လှမ်းသည်ပင် ရှန်းယွဲ့၏အင်အားတော်တော်များများကို အသုံးပြုသွားမည်ဖြစ်သည်။ သို့သော် ရှန်းယွဲ့သည် သူ့အသက်အန္တရာယ်ကိုပင်မစိုးရိမ်ပဲ ထန်ချောင်းချောင်းကို သူ့အောက်၌ တင်းကျပ်စွာဖက်ထား၍ ကြမ်း‌တမ်းသော ရွှံ့နှင့်ကျောက်တုံးများထံမှ ကာကွယ်ပေးခဲ့သည်။


ထိုအချိန်၌ ထန်ချောင်းချောင်း၏ နှလုံးသားသည် ရပ်တန့်သွားမတတ်ပင်ဖြစ်ခဲ့ရသည်။


"ရှင်က ကျွန်မကိုသာ ရူးတယ်ပြောတာ...တကယ်ရူးနေတာက ရှင်ပဲ...ဘယ်သူက တခြားလူတစ်ယောက်ကိုကယ်ဖို့ သူ့ကိုယ်သူ သေအောင်လုပ်မှာလဲ..."


ထန်ချောင်းချောင်းက တိုးတိတ်စွာ ရေရွတ်လိုက်သည်။


ရှန်းယွဲ့ခြေထောက်၏ ပြန်လည်ကောင်းမွန်မှုအခြေအနေသည် အရေးကြီးသောအဆင့်သို့ ရောက်နေပြီဖြစ်သည်။ သို့သော် ယခုတွင်တော့ ထန်ချောင်းချောင်းကြောင့် ရှန်းယွဲ့၏ ခြေထောက်ရိုး အက်သွားရပြန်ပေပြီ။


ဤဒဏ်ရာရပြီးနောက်တွင် ထန်ချောင်းချောင်းသည် သူမ၏ နဂိုအစီအစဉ်မှ ပို၍ ဝေးကွာသွားသလို ခံစားနေရသည်။


ယခုပုံစံနှင့်ရှန်းယွဲ့ကို ထန်ချောင်းချောင်း ပစ်မသွားနိုင်ချေ။


"ဘာဖြစ်လို့များ ကျွန်မကိုကယ်ဖို့ ရှင့်အသက်ကို စွန့်လွှတ်ရဲရတာလဲ..."


ထန်ချောင်းချောင်းသည် ရှန်းယွဲ့၏ ကျောက်ပတ်တီးစည်းထားသောခြေထောက်ကို ထိကာ ရေရွတ်လိုက်သည်။


"ဘာဖြစ်လို့လဲဆိုတော့ ငါလည်း မုဆိုးဖို မဖြစ်ချင်လို့ပေါ့..."


ရှန်းယွဲ့သည် မျက်လုံးများကို ဖြည်းညင်းစွာဖွင့်လိုက်၍ သူ၏ မည်းနက်သောမျက်လုံးများဖြင့် ထန်ချောင်းချောင်းအား တည့်တည့်မတ်မတ်စိုက်ကြည့်နေသည်။


ထန်ချောင်းချောင်းသည် အနည်းငယ်လန့်သွား၍ စကားပင် ထစ်သွားသည်။


"ရှင်...ရှင်က အိပ်နေတာမဟုတ်ဘူးလား..."


ရှန်းယွဲ့က မျက်ခုံးများပင့်ကာ ပြောလိုက်သည်။


"မင်းရော မင်းဘေးမှာ လူတစ်ယောက်က စကားတွေပြောနေရင် အိပ်နိုင်လို့လား..."


ထန်ချောင်းချောင်းသည် လူမိသွားသဖြင့် ရှက်သွားသည်။ မျက်နှာက အပူရှိန်တက်လာကာ ပြောလိုက်သည်။


"ရှင့်ကို လာဂရုစိုက်မိတာ ကျွန်မ ရူးနေတာပဲ...ရှင့်ကို အနှောင့်အယှက်ပေးမိနေတယ်‌ဆိုရင် ကျွန်မ သွားတော့မယ်..."


ထန်ချောင်းချောင်းက မတ်တပ်ထရပ်လိုက်သောအခါ ရှန်းယွဲ့က လက်ကို ဖမ်းဆွဲလိုက်သည်။


"မင်း ဒီကိုရောက်နေပြီးပြီပဲ...မသွားပါနဲ့တော့..."


ထန်ချောင်းချောင်း၏ မျက်နှာလေးသည် နီရဲသွားသည်။ သူမသည် လက်ကို ပြန်ဆွဲယူလိုက်သော်လည်း ရှန်းယွဲ့က တင်းကျပ်စွာ ဆုပ်ကိုင်ထားသောကြောင့် ဖြုတ်၍မရပဲ ရှန်းယွဲ့၏လက်ဖဝါးမှ အနွေးဓာတ်သည် ထန်ချောင်းချောင်း၏ အသားထဲသို့ စိမ့်ဝင်ကာ နှလုံးသားထဲသို့ ရိုက်ခတ်သွားသည်။


"မင်းရဲ့လက်ရော ဘယ်လိုနေလဲ..."


ရှန်းယွဲ့က ညင်သာစွာမေးလိုက်သည်။


"ပြဿနာကြီးကြီးမားမား မရှိပါဘူး..."


ထန်ချောင်းချောင်းက ဘာမှမဖြစ်သလို လက်ကို ယမ်းလိုက်သည်။


တကယ်တော့ သူမ အဆင်မပြေပေ။ သူမကို ရှန်းယွဲ့ ဖက်၍လဲကျသွားသောအခါ ထန်ချောင်းချောင်း၏ ဘယ်ဘက်တံတောင်ဆစ်သည် မြေကြီးပေါ်မှ ကျောက်တုံးနှင့်ဆောင့်မိ၍ အရိုးနု လိမ်သွားခဲ့သည်။


ထန်ချောင်းချောင်းကတော့ ထိုဒဏ်ရာသည် အသေးအဖွဲဖြစ်၍ ပြဿနာမရှိဟုထင်မိသည်။ သို့သော် ဒါရိုက်တာ ချမ်ဟောင်နှင့် ဖန့်ယွမ်တို့၏ အပြင်းအထန်တောင်းဆိုမှုကြောင့် ပတ်တီးတော့ စည်းထားလိုက်ရသည်။


Xxxxxx