Chapter 104
အခါးစွပ်ပြုတ်ကို နှစ်ယောက်တူတူသောက်ခြင်း
ထန်ချောင်းချောင်းသည် ရှန်းယွဲ့၏ စက်သီးဆွဲထားရသော ခြေထောက်နှင့် သူမ၏ ပတ်တီးများစည်းထားရသော လက်ကိုကြည့်၍ ရယ်လိုက်သည်။
"ကျွန်မတို့ မုဆိုးဖို နဲ့ မုဆိုးမ မဖြစ်ပေမယ့် လူနာစုံတွဲတော့ ဖြစ်သွားကြရပြီ..."
"ငါကတော့ လူနာပဲဖြစ်ချင်ပါတယ်..."
ရှန်းယွဲ့က ပြောလိုက်သည်။
ထန်ချောင်းချောင်းက အနည်းငယ်စိတ်ကောက်သော ပုံစံဖြင့် ပြောလိုက်သည်။
"နောက်ဆို စိတ်လိုက်မာန်ပါ လျှောက်လျှောက်မလုပ်နဲ့...ရှင်က ဘာလုပ်နိုင်လို့လဲ...အခုဆို မျောက်နှစ်ရောက်တဲ့အထိတောင် ရှင်မတ်တပ်ပြန်ရပ်နိုင်ပါတော့မလား..."
[T/N: ထန်ချောင်းချောင်းပြောလိုက်သည်မှာတရုတ်ရာသီခွင်နှစ်များနှင့်မဆိုင်ပါ။ ရှန်းယွဲ့ခြေထောက်များ ပြန်ကောင်းရန် အလွန်ကြာတော့မည် ဆိုသည့် သဘောနှင့်သာ ပြောခြင်းဖြစ်သည်]
"ငါကတော့ အဲ့ဒါ ကောင်းတယ်ထင်တာပဲ..."
ရှန်းယွဲ့က အေးအေးဆေးဆေးပင်ပြောလိုက်သည်။
"ဒါဆိုရင်တော့ ရှင့်ဦးနှောက်က ပျက်စီးနေပြီ..."
ထန်ချောင်းချောင်းက ရှန်းယွဲ့ကို ခံစားချက်မပါသောမျက်နှာဖြင့် ကြည့်လိုက်သည်။ မည်သူကမှ ဒဏ်ရာရဖို့ကို မျှော်လင့်နေမည်မဟုတ်ချေ။
ထန်ချောင်းချောင်းသည် ရှန်းယွဲ့လက်ထဲ၌ ကိုင်ထားခြင်းခံနေရဆဲဖြစ်သော သူမ၏လက်ကို ကြည့်လိုက်သည်။ ရှန်းယွဲ့၏လက်များသည် ဖြူဖွေး၍ သွယ်လျကာ အရိုးအဆစ်များက ထင်ရှားနေသည်။
"ကျွန်မ မသွားတော့ဘူးလေ...ဘာဖြစ်လို့ လက်ကို ကိုင်ထားသေးတာလဲ..."
ရှန်းယွဲ့က မျက်တောင်တစ်ချက်ခတ်၍ ထန်ချောင်းချောင်း၏လက်ကို ဆွဲကာ သူ၏ရင်ဘတ်ပေါ်သို့ တင်လိုက်သည်။ ထို့နောက် အသံခပ်လေးလေးဖြင့် ပြောလိုက်သည်
"အခုအခြေအနေက တစ်ခုခုကို လုပ်ဖို့သင့်တော်တဲ့ အခြေအနေလို့ မထင်ဘူးလား..."
ရှန်းယွဲ့ဘာတွေပြောနေတာပါလိမ့်...
ဆေးရုံမှာ လူနာအချင်းချင်းလုပ်ဖို့လား...
ထန်ချောင်းချောင်းက တံတွေးမျိုချလိုက်သည်။
"ဒီလို တရားမဝင်တဲ့ဟာကို လုပ်လို့မဖြစ်ဘူးလေ..."
ထန်ချောင်းချောင်း၏ဦးနှောက်က အတွေးများဖြင့် ကယောက်ကယက်ဖြစ်နေချိန်တွင် တံခါးအပြင်မှ လှုပ်ရှားသံများ ကြားလိုက်ရသည်။
"မဒမ်...မဒမ့်ကို အခန်းထဲ ဝင်ခွင့်ပြုလို့မဖြစ်ပါဘူး..."
"ငါ့သားရဲ့အခန်းထဲကို ငါက ဘာဖြစ်လို့ ဝင်လို့ မရရမှာလဲ..."
မဒမ်ရှန်းသည် လီကျိတားနေသည့်ကြားမှ အခန်းတံခါးကိုဖွင့်၍ဝင်လာရာ ရှန်းယွဲ့က သူ၏ရင်ဘတ်ပေါ်၌ ထန်ချောင်းချောင်း၏ လက်ကို တင်၍ ကိုင်ထားသည်ကို မြင်လိုက်ရသည်။ အခန်းထဲမှ အခြေအနေသည် အလွန်ပင် သံသယဝင်ဖွယ် ဖြစ်နေသည်။
"အို ဆောရီး...အမေက အနှောင့်အယှက်ပေးမိနေတာပဲ...ဆက်လုပ်ကြ...ဆက်လုပ်ကြ...မရပ်လိုက်ကြနဲ့..."
မဒမ်ရှန်းသည် အဓိပ္ပာယ်ပါပါပြုံးလိုက်သည်။ သူမကို လီကျိတားနေသည်မှာလည်း မဆန်းပါ။ သူမ၏ သားနှင့် ချွေးမတို့၏ ကြည်နူးဖွယ်အချိန်လေးကို ဖျက်ဆီးမိတော့မတတ် ဖြစ်သွားသည်မဟုတ်လား။
မဒမ်ရှန်းက သူတို့နှစ်ယောက်ကို နေရာပေးရန် နောက်သို့လှည့်ကာ ပြန်ထွက်တော့မည့်ဟန်ပြင်လိုက်သည်။
ထန်ချောင်းချောင်းက ရှက်သွားကာ သူမ၏လက်ကို ပြန်ဆွဲယူလိုက်သည်။
ရှန်းယွဲ့က သက်ပြင်းချကာ ပြောလိုက်သည်။
"အမေ...အပြင်မှာပုန်းပြီး ခိုးနားထောင်နေဦးမလို့လား..."
မဒမ်ရှန်းသည် တံခါးအပြင်ထွက်မည်လုပ်ပြီးမှ ပြန်လှည့်ကာ အခန်းထဲသို့ ပြန်ဝင်လာသည်။
"ညစ်ပတ်တဲ့ကောင်စုတ်လေး...မင်းစိတ်ထဲမှာ မင်းအမေကို အဲ့ဒီလို လူမျိုးလို့ မြင်နေတာလား..."
ရှန်းယွဲ့က ခေါင်းငြိမ့်လိုက်သည်။
"ဟုတ်တယ်..."
မဒမ်ရှန်းသည် အခန်းထဲသို့ အမြန်ဝင်လာကာ အပူခံထမင်းဘူးကို စားပွဲပေါ်သို့ တင်လိုက်၍ ဒေါသတကြီးပြောလိုက်သည်။
"မင်းကို ဒီအရွယ်ရောက်တဲ့အထိ ပျိုးထောင်လာရတာ အလကားပဲ...ငါ့ရဲ့ ချွေးမလေးလောက်တောင် မင်းက ကျေးဇူးမသိတတ်ဘူး..."
ထို့နောက် မဒမ်ရှန်းသည် ထန်ချောင်းချောင်းဘက်သို့ လှည့်ကြည့်လိုက်သည်။ ထန်ချောင်းချောင်းကို တွေ့သည်နှင့် မဒမ်ရှန်း၏မျက်နှာက ပျော့ပျောင်းသွားကာ မေးလိုက်သည်။
"ချောင်းချောင်း...သမီး ဘယ်နေရာကို ထိခိုက်သွားတာလဲ...နာရောနာနေသေးလား...သမီးမသိလို့နော်...အိမ်မှာ မြေပြိုတဲ့သတင်းကိုကြားလိုက်ရတုန်းက အမေ လန့်ပြီး သေမလိုတောင်ဖြစ်သွားတာ...ဒါကြောင့် သမီးကိုကြည့်ဖို့ ညတွင်းချင်း အမေလိုက်လာတာ..."
ထန်ချောင်းချောင်းက ရှက်စနိုးဖြင့် ပြောလိုက်သည်။
"သမီးက တံတောင်ဆစ်ကိုပဲ နည်းနည်းထိသွားတာပါ...ဘာမှ သိပ်မဖြစ်ပါဘူး..."
"အမလေး...တံတောင်ဆစ်ဒဏ်ရာရတာကို ဘာဖြစ်လို့ ဘာမှမဖြစ်ဘူးပြောနေရတာတုန်း...အနာဂတ်မှာ သမီးရဲ့လက်တွေ သုံးလို့ အဆင်မပြေဖြစ်ကုန်ရင် ဘယ်လိုလုပ်မလဲ..."
မဒမ်ရှန်းကပြောသည်။
"သမီး လှဲနေပြီး အနားယူနေမှဖြစ်မယ်...သမီးရဲ့ ဒဏ်ရာရထားတဲ့ အရိုးနဲ့ကြွက်သားတွေကိုလည်း ဂရုစိုက်ရမယ်နော်...မဟုတ်ရင် တစ်သက်လုံး ဒဏ်ပါသွားလိမ့်မယ်..."
သူ၏ကြွက်သားများရော အရိုးများပါ ထိခိုက်ထားသော ရှန်းယွဲ့ကတော့ ဘာမှမပြောနိုင်ဖြစ်သွားသည်။
"....."
"အမေ ရှန်းယွဲ့ကိုပဲ ပိုဂရုစိုက်လိုက်ပါ...သူ့ဒဏ်ရာတွေက ပိုပြင်းတယ်..."
ထန်ချောင်းချောင်းက ပြောလိုက်သည်။
မဒမ်ရှန်းက လက်ကိုခါကာ ပြောလိုက်သည်။
"ယောင်္ကျားရင့်မာကြီးက အရိုးလေးနည်းနည်းကျိုးတာ ဘာအရေးလဲ...အနာတစ်ခုနဲ့တစ်ခု တွေ့ပြီး သူ့ခြေထောက်တောင် ပြန်ကောင်းရင်ကောင်းသွားဦးမယ်...ပြီးတော့ ဒါက သူ့မိန်းမကိုကယ်ရင်းရတဲ့ဒဏ်ရာတွေပဲ...ဒီဒဏ်ရာတွေကို ဂုဏ်တောင်ယူနေသင့်သေးတယ်...အဓိကအရေးကြီးတာက သမီးရဲ့ လက်ပဲ...သမီးက နာမည်ကြီးတစ်ယောက်လေ...ပြီးတော့ ရုပ်ရှင်ကလည်း ရိုက်လက်စကြီး...သမီးရဲ့ ဒဏ်ရာက ပြဿနာကြီးဖြစ်လာနိုင်တယ်...ဒါကြောင့် အမေ တစ်ညလုံးမအိပ်ပဲ ဒီအာဟာရရှိတဲ့ စွပ်ပြုတ်ကို လုပ်လာတာ...ဒီထဲမှာ ဆေးပင်တချို့လည်းပါတယ်...ပူတုန်းလေးမြန်မြန်သောက်လိုက်..."
ရှန်းယွဲ့က သူ့အမေ၏ မျက်နှာလိုက်မှုများကို အသားကျပြီး ဖြစ်သော်လည်း ထန်ချောင်းချောင်းကတော့ အပြစ်ရှိသူကဲ့သို့ ခံစားနေရသည်။
ထို့ကြောင့် မဒမ်ရှန်းက ထန်ချောင်းချောင်းအတွက် ပန်းကန်လုံးကြီးနှင့်အပြည့် စွပ်ပြုတ်ကို ထည့်ပေးလိုက်သောအခါ ထန်ချောင်းချောင်းက ရှန်းယွဲ့အား အရင်ကမ်းပေးလိုက်သည်။
"ရှင်အရင်သောက်လိုက်ပါ..."
မဒမ်ရှန်းက ထန်ချောင်းချောင်းကိုကြည့်၍ ရင်ထဲမှ ပြုံးနေမိသည်။
ထန်ချောင်းချောင်းသည် မဒမ်ရှန်းဆီမှ စွပ်ပြုတ်နောက်တစ်ပန်းကန်ကို လှမ်းယူကာ အရည်ကျဲကျဲနှင့် စွပ်ပြုတ်ကိုကြည့်လိုက်သည်။ စွပ်ပြုတ်သည် ကြက်သားစွပ်ပြုတ်ဖြစ်မည်ဟု စဉ်းစား၍ ပါးစပ်နှင့်အပြည့် သောက်ချလိုက်သည်။
ထို ပါးစပ်နှင့်အပြည့်ဝင်သွားသော စွပ်ပြုတ်များသည် ထန်ချောင်းချောင်းကို အန်ထွက်တော့မတတ် ဖြစ်သွားစေသည်။
အရသာက ဆိုးဝါးလှပေသည်။
စွပ်ပြုတ်၏အရသာက မဖော်ပြနိုင်လောက်အောင် ခါးသက်၍ ဆိုးဝါးကာ စွပ်ပြုတ်နှင့် ဘာမှမဆိုင်သော အချိုအရသာကြီးလည်း ပါနေသေးသည်။ ပါဝင်ပစ္စည်းများ၏ အရသာကို ထန်ချောင်းချောင်းလုံးဝ ခံစား၍မရဖြစ်နေသည်။
မဒမ်ရှန်း၏ စူးရှသောမျက်လုံးများအောက်တွင် ထန်ချောင်းချောင်းသည် စွပ်ပြုတ်ကို ခက်ခဲစွာမျိုချလိုက်ရသည်။ ထန်ချောင်းချောင်းသည် မျက်လုံးထောင့်မှနေ၍ ရှန်းယွဲ့တစ်ယောက် မဒမ်ရှန်း၏နောက်ကွယ်တွင် စွပ်ပြုတ်များကို အမှိုက်ပုံးထဲသို့ တိတ်ဆိတ်စွာသွန်ရန်ကြိုးစားနေသည်ကို တွေ့လိုက်ရသည်။
ထန်ချောင်းချောင်း မျက်ခုံးများကို ပင့်လိုက်သည်။
ကိုယ်တော်လေး...ကျွန်မတို့နှစ်ယောက် ကောင်းတာတွေ ဝေမျှရသလို ဆိုးတာတွေကိုလည်း ဝေမျှရမယ်...ရှင်လည်း ဒီ စွပ်ပြုတ်ခါးခါးကြီးကို သောက်ကိုသောက်ရမယ်...
"အမေ...စွပ်ပြုတ်က အရသာရှိလိုက်တာ...ရှန်းယွဲ့ ပျော်ပြီးသောက်နေတာကို ကြည့်လိုက်ပါဦး..."
"ဟုတ်လား..."
မဒမ်ရှန်းက ခေါင်းလှည့်ကြည့်လိုက်သောကြောင့် ရှန်းယွဲ့လည်း မတတ်နိုင်ပဲ စွပ်ပြုတ်ပန်းကန်ကို ပါးစပ်နားသို့တေ့၍ သောက်ချင်ယောင်ဆောင်ပြလိုက်ရသည်။
ထန်ချောင်းချောင်းက မျက်လုံးများမှေးစင်း၍ ပြုံးလိုက်၍ ရှန်းယွဲ့၏မျက်နှာကတော့ ရှုံ့မဲ့နေပေသည်။
အလွန်ရက်စက်သော ထန်ချောင်းချောင်းပါပဲ....
မြေပြိုသည့်မတော်တဆမှုဖြစ်ပြီးသည့်နောက်တွင် ချမ်ဟောင်၏စိတ်သည် ပျော်ခြင်းနှင့် ဝမ်းနည်းခြင်းတို့ရောထွေး၍ ရိုလာကိုစတာကဲ့သို့ တက်လိုက် ကျလိုက်ဖြစ်နေသည်။
သတင်းဆိုးကတော့ ရုပ်ရှင်၏ အဓိကဇာတ်ဆောင်မင်းသမီးသည် ဒဏ်ရာရသွား၍ ဆေးရုံတက်လိုက်ရသောကြောင့် ရိုက်ကူးရေးကို ခဏမျှ ရပ်ဆိုင်းရတော့မည့်ပုံပေါ်နေခြင်းဖြစ်သည်။ တစ်ချိန်တည်းမှာပင် ရိုက်ကူးရေးအဖွဲ့သည် လူများစွာကို ကျွေးမွေးထားရမည်ဖြစ်သည်။ ရိုက်ကူးရေးအဖွဲ့က ဘာမှမလုပ်လျှင်တောင်မှ နေရာ နှင့် ပစ္စည်းများငှားခက တစ်ရက်ကို ယွမ် တစ်သိန်းခန့် ကုန်ကျနေပေသည်။
သတင်းကောင်းကတော့ တစ်ချိန်တည်းမှာပင် ရုပ်ရှင်၏ပရိုဂျူဆာသည်လည်း ဆေးရုံတက်လိုက်ရခြင်းဖြစ်သည်။
ပရိုဂျူဆာ မစ္စတာရှန်းသည် ဘာမှမဖြစ်သကဲ့သို့ လက်ခါပြ၍ ရုပ်ရှင်အဖွဲ့သားများကို ဘာမှစိတ်မပူရန်ပြောသွားသည်။ အဖွဲ့သားများသည် အလုပ်များရပ်၍ ကုန်ကျစရိတ်အားလုံးကို သူပေးမည်ဟု ဆိုသည်။
မတော်တဆမှုဖြစ်သည့် အချိန်တုန်းက ရှန်းယွဲ့သည် ထန်ချောင်းချောင်းကို ကယ်တင်ရန် သူ့အသက်ကိုပင် စွန့်လွှတ်ရတော့မလို ဖြစ်ခဲ့သည်။ ဤပရိုဂျူဆာသူဌေးသည် ထန်ချောင်းချောင်းကို သာမာန်ကြိုက်ခြင်းမျိုးနှင့် ကြိုက်နေခြင်းမဟုတ်သည်ကို ချမ်ဟောင် ရိပ်မိလိုက်သည်။
သို့သော် ချမ်ဟောင်သည် ထိုမတော်တဆမှုကို မြင်တွေ့ခဲ့သော အဖွဲ့သားများကို ထိုကိစ္စနှင့်ပတ်သတ်၍ ပြင်ပသို့ ဘာမှထုတ်မပြောရန် အမိန့်ပေးထားသည်။ ထိုကဲ့သို့ ထုတ်မပြောခြင်းဖြင့် သူ၏ ရုပ်ရှင်အသစ်သည် ရုပ်ရှင်၏အရည်အသွေးကြောင့်မဟုတ်ပဲ မင်းသမီးနှင့် ပရိုဂျူဆာတို့၏အရှုပ်အရှင်းသတင်းကြောင့်သာ နာမည်ကြီးသွားမည့်အရေးကိုလည်း ပိတ်ပင်ပြီးသားဖြစ်သွားပေမည်။
ကံကောင်းစွာပင် အင်တာနက်ပေါ်၌လည်း မုန်တိုင်းတိုက်နေ၍ လူတိုင်းက လန့်ဖြန့်နေကြသည်။ လူအနည်းငယ်သာ မတော်တဆမှုကို မြင်တွေ့ရသောကြောင့် ထန်ချောင်းချောင်း၏မတော်တဆမှု အတွင်းသတင်းကို အင်တာနက်ပေါ်၌ ရှင်းလင်းစွာ မသိရဖြစ်နေသည်။
ထန်ချောင်းချောင်းဆေးရုံတက်နေရသည်မှာ နှစ်ရက်ရှိပြီဖြစ်၍ ဖန်များသည် အလွန်ပင် စိတ်ပူနေကြသည်။ သကြားယုန်လေးများ အများအပြားနှင့် ထန်ချောင်းချောင်း၏ ကုမ္ပဏီကပင် ဆေးရုံသို့ လာကြည့်ချင်နေကြသည်။ ကျန်းကုန်းကျွီဆိုလျှင် ဖုန်းခဏခဏဆက်၍ ထန်ချောင်းချောင်း၏အခြေအနေကိုမေးကာ ခဏခဏ လာတွေ့ခွင့်တောင်းနေသော်လည်း ထန်ချောင်းချောင်းက ငြင်းဆိုထားသည်။
ထိုအချိန်တွင် ထန်ချောင်းချောင်းသည် မဒမ်ရှန်း၏ ဆေးစွပ်ပြုတ်ရည်နှင့် တိုက်ခိုက်နေရသည်။
မဒမ်ရှန်းသည် ရှန်းယွဲ့နှင့် ထန်ချောင်းချောင်းတို့ နှစ်ယောက် သူမပြုလုပ်ထားသည့် စွပ်ပြုတ်ကို သောက်နေကြသည်ကို ကြည့်၍ ပြုံးနေသည်။
"ဒီစွပ်ပြုတ်ကိုချက်ရတာ ဘာမှမခက်ဘူး...ပထမတစ်ခေါက်ချက်ပြီးတာနဲ့ အမေ ကိုယ်တိုင် ချက်တတ်သွားရော...ဒီထဲကို ဆေးပင်တွေထည့်ထားတာက တရုတ်ဆေးဆရာတစ်ယောက်နဲ့ တိုင်ပင်ပြီး ထည့်လိုက်တာ...ဒီလိုမျိုး ဆေးစွပ်ပြုတ်က သမီးတို့လို ကြွက်သားနဲ့အရိုးတွေ ဒဏ်ရာရထားတဲ့ လူတွေအတွက် အရမ်းကောင်းတယ်...အာဟာရလည်းရှိတယ်...ဘေးထွက်ဆိုးကျိုးတွေကို စဉ်းစားမနေနဲ့...ကြိုက်ရင် ထပ်သောက်ဦး..."
ထိုသို့ပြောရင်းဖြင့် မဒမ်ရှန်းသည် ထန်ချောင်းချောင်း၏ပန်းကန်ထဲသို့ တစ်ဇွန်းထပ်ထည့်ပေးလိုက်ပြန်သည်။
ရှန်းယွဲ့က မြင်သောအခါ ထပ်၍ မီးစာထပ်ထည့်လိုက်ပြန်သည်။
"သူက ဒီစွပ်ပြုတ်ကို များများသောက်ပြီး မြန်မြန်နေကောင်းလာမှ ရုပ်ရှင်မြန်မြန်ပြန်ရိုက်နိုင်မှာ...မဟုတ်ရင် တစ်ဖွဲ့လုံးက သူ့ကိုစောင့်နေရမယ်လေ...တစ်နေ့ တစ်နေ့ ပိုက်ဆံတွေ ဘယ်လောက်ရှုံးနေလဲ ကျွန်တော်တောင်မသိတော့ဘူး..."
"ဟုတ်သားပဲ..."
မဒမ်ရှန်းကပါ ဝင်၍ သဘောတူလိုက်သည်။
"ချောင်းချောင်း...ဒါတွေအကုန် သမီးပဲသောက်လိုက်တော့...ရှန်းယွဲ့ကို နည်းနည်းပဲသောက်ခိုင်းလိုက်..."
ရှန်းယွဲ့က မျက်ခုံးတစ်ဖက်ပင့်ကာ ထပ်ပြောလိုက်ပြန်သည်။
"ဟုတ်တယ်...ဒီစွပ်ပြုတ်ကို ကျွန်တော်မသောက်သင့်ပါဘူး...အကုန် သူ့ကိုပဲတိုက်လိုက်ပါတော့...ကျွန်တော် ယူမသောက်တော့ဘူး..."
ထန်ချောင်းချောင်းသည် သားအမိနှစ်ယောက် စကားပြောနေသည်ကို ကြည့်၍ ဘာပြောရမည်ပင်မသိဖြစ်နေသည်။
ထို့အပြင် မဒမ်ရှန်း၏ မျှော်လင့်တကြီးမျက်လုံးများကို ထန်ချောင်းချောင်း မငြင်းပယ်ရက်ပေ။ ဤသည်မှာ မဒမ်ရှန်း၏ ပထမဆုံး ဟင်းချက်လက်ရာမဟုတ်လား။ သူမ မျှော်လင့်တကြီးဖြစ်နေသည်ကို ထန်ချောင်းချောင်း နားလည်ပါသည်။
"ဟုတ်ကဲ့...သမီးသောက်လိုက်ပါ့မယ်..."
ထန်ချောင်းချောင်းသည် သူမ၏ ကံကြမ္မာကိုလက်ခံကာ တစ်ပန်းကန်လုံး သောက်ချလိုက်သည်။
"အမေ မနက်ဖြန်ကျ ထပ်ချက်ခဲ့ဦးမယ်..."
မဒမ်ရှန်းက ပျော်ရွှင်စွာပြောလိုက်သည်။
ထန်ချောင်းချောင်း ဆွံ့အသွားသည်။
"မနက်ဖြန်ကျရင် နည်းနည်းပိုချက်ခဲ့ရမယ်....နှစ်ယောက်လုံးအတွက်လောက်အောင်...မဟုတ်ရင် တစ်ယောက်က မသောက်ပဲနေပေးနေရမယ်..."
မဒမ်ရှန်းက ထပ်ပြောလိုက်သေးသည်။
ဤတစ်ခါတော့ ရှန်းယွဲ့ ဆွံ့အရမည့် အလှည့်ဖြစ်သွားသည်။
အပြောနှင့်အလုပ်ညီစွာပင် နောက်နှစ်ရက်အတွင်းတွင် မဒမ်ရှန်းသည် တစ်နေ့တစ်မျိုး မရိုးရသည့် ဆေးစွပ်ပြုတ်ရည်များဖြင့် နေ့တိုင်းရောက်လာသည်။ ထန်ချောင်းချောင်းသည် ထိုစွပ်ပြုတ်များသောက်ရလွန်း၍ ဆေးရုံမှ ချက်ချင်းပြေးဆင်းချင်စိတ်များပင် ပေါက်လာသည်။
တကယ်တော့လည်း ထန်ချောင်းချောင်းသည် မကြာခင်မှာပင် ဆေးရုံက ဆင်းရတော့သည်။ အဘယ်ကြောင့်ဆိုသော် ထန်ချောင်းချောင်း ဆေးရုံ၌ ရှိနေသရွေ့ သတင်းထောက်များ တရုံးရုံးဖြစ်နေကြသောကြောင့်ဖြစ်သည်။
ဆေးရုံမှ ထန်ချောင်းချောင်းဆင်းသွားသောအခါ ရှန်းယွဲ့လည်း မနေနိုင်တော့ချေ။ သူလည်း ဆေးရုံမှဆင်းလာ၍ အိမ်၌ပင် အနားယူနေတော့သည်။ သို့သော် သူ၏အရိုးအက်သွားသော ခြေသလုံးရိုးကတော့ ပြန်ကောင်းရန် အနည်းငယ်ကြာဦးမည်ဖြစ်သည်။
ထန်ချောင်းချောင်းသည် ဆေးရုံ၌ရက်အနည်းငယ်နေကာ မဒမ်ရှန်း၏ ဆေးစွပ်ပြုတ်ရည်များကို နေ့တိုင်းသောက်လိုက်ရသောကြောင့် သူမ၏ အရသာခံနိုင်မှုများပင် ပျက်စီးကုန်သည် ဟု ထင်နေမိသည်။ ထို့ကြောင့် အိမ်ပြန်ရောက်သောအခါ အင်္ကျီလက်များကို လိပ်တင်ကာ ကိုယ်တိုင်ချက်ပြုတ်ရန် မြင်းရိုင်းတစ်ကောင်ကဲ့သို့ အားနှင့်မာန်နှင့် ပြင်ဆင်နေတော့သည်။
Xxxxxxx