Chapter 105
မုန်လာဥဖြူနှင့်သိုးသားစွပ်ပြုတ်
ဒဏ်ရာရထားသောခြေထောက်ဖြင့် ရှန်းယွဲ့သည် ထန်ချောင်းချောင်းနောက်သို့ လိုက်ကာ ဟင်းသီးဟင်းရွက်ခြံထဲသို့ ထန်ချောင်းချောင်း ဝင်လိုက်ထွက်လိုက် လုပ်နေသည်ကို ကြည့်နေသည်။
"မင်း စွပ်ပြုတ်ချက်မလို့လား..."
မဒမ်ရှန်းသည် သူမ၏ဘဝတစ်လျှောက်လုံး သက်တောင့်သက်သာနေလာရသူဖြစ်သည်။ သူမ၏လက်ဆယ်ချောင်းသည် ရေအေးကိုပင် ကိုင်ဖူးမည်မဟုတ်ချေ။ သို့သော် ယခုတွင်တော့ သူမသည် ကလေးနှစ်ယောက်အတွက် ကိုယ်တိုင် မီးဖိုထဲဝင်၍ ချက်ပြုတ်ထားသည်ဖြစ်သောကြောင့် ရှန်းယွဲ့နှင့် ထန်ချောင်းချောင်းတို့ နှစ်ယောက်လုံးသည် စွပ်ပြုတ်ကို သောက်ရန် မငြင်းရက်ကြသော်လည်း စွပ်ပြုတ်၏အရသာက ဆိုးဝါးလွန်းလှသည်။ ယခု၌ ရှန်းယွဲ့သည် "စွပ်ပြုတ်ကြောက်ရောဂါ" ရနေသလိုဖြစ်နေသည်။ "စွပ်ပြုတ်" ဟူသောအသံကြားသည်နှင့် အန်ချင်နေတော့သည်။
ထန်ချောင်းချောင်းသည် ဟင်းသီးဟင်းရွက်များခူးရင်းဖြင့် ရှန်းယွဲ့ကို ခပ်ပြတ်ပြတ် ပြန်ပြောလိုက်သည်။
"စွပ်ပြုတ်ရဲ့ သိက္ခာကို ကျွန်မ ပြန်ကယ်တင်ပေးမလို့လေ...အနာဂတ်မှာ စွပ်ပြုတ်သောက်ရတာက မကောင်းတဲ့အမှတ်တရကြီးလို မခံစားနေချင်ဘူး..."
ထန်ချောင်းချောင်းသည် ယခုမှရင့်မှည့်လာသော အဖြူရောင် မုန်လာဥဖြူ လတ်လတ်ဆတ်ဆတ်များကို ဆွဲနှုတ်လိုက်သည်။ သူမ ကိုယ်တိုင်စိုက်ပျိုးထားသော မုန်လာဥဖြူများသည် လတ်ဆတ်၍ အရည်ရွှမ်းလှသည်။ အစိမ်းစားလျှင်တောင်မှ လတ်ဆတ်သောအရသာလေးနှင့် စပ်ဖြင်းဖြင်းအရသာရှိ၍ စား၍ အရသာရှိလှသည်။
အရိုးနှင့်အသားတွဲ၍ ခုတ်ထားသော သိုးသားအတုံးများကို သွေးနှင့်ညှီနံ့များပျောက်စေရန် ငရုတ်ပွနှင့်ရောကာ ရေအေးထဲသို့ တစ်နာရီခန့်စိမ်ထားလိုက်သည်။
ထို့နောက် သိုးသားများကို မီးအေးအေးဖြင့် မွှေကြော်ကြော်ပေးရသည်။ သိုးသားများကို အဖြူရောင်စွပ်ပြုတ်ရည်ရရန် ချက်ပြုတ်ဖို့အတွက် ဤကြော်သည့်အဆင့်က အလွန်အရေးကြီးသည်။
နောက်တစ်ဆင့်အနေနှင့် ထန်ချောင်းချောင်းသည် သိုးသားများကို မီးဖိုပေါ်မှချကာ ပွက်ပွက်ဆူနေသော ရေနွေးထဲသို့ထည့်၍ ကြက်သွန်၊ ဂျင်းတို့နှင့်အတူ နှစ်နာရီခန့် တည်ထားလိုက်သည်။
ခဏကြာသောအခါ သိုးသား၏အဆီများက ပွက်ပွက်ဆူနေသော စွပ်ပြုတ်ရည်ထဲတွင် အရည်ပျော်သွားကာ နို့နှစ်ကဲ့သို့ အဖြူရောင်နောက်နောက်အရောင်ဖြစ်လာသည်။
မုန်လာဥဖြူများကိုလည်း သိုးသားနှင့်အတူ အစောကြီးထဲက မွှေ၍ကြော်ထားပြီးဖြစ်သည်။ မုန်လာဥများသည် ကြည်လင်သောအရောင်ဖြစ်လာ၍ တူနှင့်ပင် ဖဲ့၍ရနိုင်သည်အထိ နူးညံ့နေသည်။ ထန်ချောင်းချောင်းသည် စွပ်ပြုတ်ထဲသို့ ဂိုဂျီဘယ်ရီသီးများပါ ထည့်လိုက်သောကြောင့် နို့နှစ်ရောင်စွပ်ပြုတ်သည် ပို၍ပင် လှပသွားသည်။
ထန်ချောင်းချောင်းသည် စွပ်ပြုတ်ထဲသို့ ဘာ တရုတ်ဆေးဝါးများမှလည်း မထည့်ချေ။ သူမ၏ အချက်အပြုတ်စွမ်းရည်ကသာ သူမ၏ ဆေးဝါးဖြစ်၍ အစွမ်းလည်း တကယ်ထက်ပေသည်။
ရှန်းယွဲ့သည် သူ့ရှေ့မှ မုန်လာဥဖြူနှင့်သိုးသားစွပ်ပြုတ်ပန်းကန်ကြီးကိုကြည့်၍ မျက်နှာချင်းဆိုင်၌ ထိုင်နေသော ထန်ချောင်းချောင်းကိုကြည့်လိုက်သည်။ ထန်ချောင်းချောင်းသည် စွပ်ပြုတ်များကို တရွှတ်ရွှတ်သောက်နေကာ သောက်ပြီးသွားသောအခါတွင်လည်း ပါးစပ်ကို နှစ်ခါမှ တပြတ်ပြတ်မြည်အောင်လုပ်၍ လက်ကျန်အရသာကို ခံနေသေးသည်။
"မြန်မြန်သောက်လေ..."
ထန်ချောင်းချောင်းက ပြောလိုက်သည်။
ရှန်းယွဲ့သည် စိတ်ကိုပြင်ဆင်၍ စွပ်ပြုတ်တစ်ဇွန်းကို ခပ်ယူလိုက်ကာ ပါးစပ်ထဲသို့ ထည့်လိုက်တော့သည်။
ရှန်းယွဲ့သည် စွပ်ပြုတ်တစ်ဇွန်းကို ခပ်၍ ပါးစပ်ထဲထည့်လိုက်သည်။ သိုးသားစွပ်ပြုတ်သည် အရသာများပြည့်ဝလွန်း၍ လုံးဝမညှီချေ။ ပူနွေးသောစွပ်ပြုတ်သည် လျှာပေါ်မှတစ်ဆင့် လည်ချောင်းထဲ စီးကျကာ ဗိုက်ထဲသို့ ဝင်သွားသည်။ နွေးထွေးသောခံစားချက်က ချက်ချင်းပင် ခန္ဓာကိုယ်တစ်ခုလုံး ပျံ့နှံ့သွားသည်။
ရှန်းယွဲ့သည် သိုးသားတစ်တုံးကိုယူလိုက်သည်။ အရိုး၌ တွဲခိုနေသော အသားများသည် တစ်ချက်ကိုက်ရုံနှင့်ပင် ပါလာကြသည်။ သိုးသားက နူးညံ့၍ ချောမွတ်ကာ အရမ်းအနူးကြီးလည်း မဟုတ်ပဲ ဝါး၍ကောင်းရုံ အနေအထားလေးဖြစ်နေသည်။
ထို့နောက် မုန်လာဥဖြူတစ်တုံးကို ယူလိုက်သည်။ မုန်လာဥဖြူသည် ပါးစပ်ထဲ၌ပင်အရည်ပျော်သွားကာ သိုးသား၏အရသာနှင့် ကွက်တိဖြစ်သွားသည်။ အလွန်လိုက်ဖက်သော အတွဲအစပ်ပါပေ။ ဆောင်းဦးနှင့် ဆောင်းရာသီများတွင် ဤသို့ မုန်လာဥဖြူနှင့်သိုးသားစွပ်ပြုတ်တစ်ပန်းကန်သာ စားလိုက်ရလျှင် တစ်ကိုယ်လုံးနွေးထွေးသွားနိုင်ပေသည်။
ရှန်းယွဲ့သည် စွပ်ပြုတ်ကိုသောက်ပြီးသောအခါ သူ့ခြေထောက်မှဒဏ်ရာသည် ပြန်ကောင်းလာ၍ ယားယံသောခံစားချက်ကို ခံစားလိုက်ရသည်။
မဒမ်ရှန်း၏ ဆေးစွပ်ပြုတ်ရည်နှင့် ရက်ပေါင်းများစွာ "အဆိပ်ခတ်" ခံရပြီးသည့်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ရှန်းယွဲ့၏လျှာသည် အသက်ပြန်ဝင်လာတော့သည်။
"ရှင်သောက်ပြီးတော့..."
ထန်ချောင်းချောင်းက ကျေနပ်သောမျက်နှာနှင့် ပြုံးလိုက်သည်။
"စွပ်ပြုတ်ကို ပြန်ချစ်သွားပြီလား..."
ထန်ချောင်းချောင်းသည် လက်ထဲ၌ သိုးကင်တစ်ချောင်းကိုလည်း ကိုင်ထားသေးသည်။ ဆေးရုံ၌ရှိစဉ်က သူတို့သည် မဒမ်ရှန်း၏ ကြီးကြပ်မှုအောက်တွင် သူမ၏ စွပ်ပြုတ်များကိုသာသောက်ခဲ့ရသည်။ အစားကိုလည်း နည်းနည်းသာစားရ၍ အသားနှင့် ငါးဆိုလျှင် နည်းနည်းမျှပင် မစားခဲ့ရပေ။ အရသာများသည် သူတို့ပါးစပ်ထဲမှ ပျောက်ကွယ်တော့မလိုပင် ဖြစ်ခဲ့ရသည်။
ထို့ကြောင့် ထန်ချောင်းချောင်းသည် သိုးသားများတစ်ဝက်ကို ပြုတ်၍ စွပ်ပြုတ်လုပ်ကာ တစ်ဝက်ကို ကင်လိုက်သည်။
သိုးသားများကို ထန်ချောင်းချောင်းကိုယ်တိုင်လုပ်ထားသော အကင်ဆော့စ်အစပ်များနှင့် သုတ်ထားသည်။ ထိုသိုးသားများကို အပူချိန်ပြင်းပြင်းနှင့်ကင်လိုက်သောအခါ ပြောင်လက်နေသော အနီရင့်ရောင်အဖြစ် ပြောင်းသွားသည်။
သိုးသားများကို မကင်ခင်၌လည်း ဇီရာ၊ ငရုတ်ကောင်း၊ ကြက်သွန် စသည်များဖြင့် ကြို၍ အရသာနှပ်ထားသေးသည်။ သိုးသားကင်၏ အပြင်အလွှာသည် ကြွပ်ကြွပ်လေးဖြစ်နေသည်။ ထို့နောက် ဝါးလိုက်သောအခါ အရသာရှိသော အသား၏အရည်များက ပါးစပ်ထဲ၌ ပေါက်ထွက်သွားသည်။ အသားက နူးညံ့၍ အဆီပြည့်ဝနေသည်။ ဆီများ၍လည်း မအီပဲ အနံ့ကလည်း မွှေးကြိုင်နေသည်။
"မြန်မြန်စား...ခဏနေရင် ရှင့်အမေလာတော့မှာ...ကျွန်မတို့နှစ်ယောက်လုံး သိုးသားကင်တွေစားနေတာသာ သိသွားရင်တော့ စိတ်ညစ်စရာကောင်းလောက်အောင် အဆူခံရတော့မှာ..."
ထန်ချောင်းချောင်းက သိုးကင်ကို ပါးစပ်ထဲ၌ဝါး၍ ပြောလိုက်သည်။
ရှန်းယွဲ့က ဝမ်းနည်းစွာ ခေါင်းငြိမ့်လိုက်သည်။ သူ့အမေအကြောင်း စဉ်းစားမိသောအခါ ရှန်းယွဲ့သည် သူ၏အမူအယာကိုပင် ဂရုမစိုက်နိုင်တော့ပဲ သိုးကင်ကို လက်ဖြင့်သာ ကိုင်၍ ပယ်ပယ်နယ်နယ် ကိုက်စားနေမိတော့သည်။
သူတို့နှစ်ဦးသည် ကိုယ့်အိမ်၌ ဖြစ်သော်လည်း သူခိုးများကဲ့သို့ စားသောက်နေရသည်။ စားပြီးသောအခါ အစအနများကို မဒမ်ရှန်းရှာတွေ့မည်စိုး၍ သဲလွန်စမှန်သမျှကို အမြန် ဖျောက်ဖျက်သိမ်းဆည်းလိုက်ရသည်။
မဒမ်ရှန်း၏ ပွစိပွစိပြောဆိုခြင်းကို သူတို့ မခံနိုင်ပါချေ။
ထင်ထားသည့်အတိုင်းပင် နှစ်ဦးသားစားသောက်ပြီး၍ မကြာခင်မှာပင် မဒမ်ရှန်းသည် ဒဏ်ရာရနေသူနှစ်ယောက်ကို စိတ်ပူ၍ ပြုစုစောင့်ရှောက်ပေးရန် ဟုဆိုကာ အထုပ်အပိုးများဆွဲ၍ စံအိမ်သို့ ရောက်ချလာတော့သည်။
မဒမ်ရှန်းရောက်လာသောကြောင့် ထန်ချောင်းချောင်းသည် ရှန်းယွဲ့၏အခန်း၌ ပြန်နေရပြန်သည်။
ယခင်က ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များကြောင့် ထန်ချောင်းချောင်းသည် ဤတစ်ခေါက်တွင်တော့ အချိန်ဆွဲမနေတော့ပဲ ရှန်းယွဲ့နှင့်အတူ ကုတင်တစ်ခုတည်း၌ တူတူအိပ်လိုက်တော့သည်။
ဤအကြိမ်တွင်တော့ တစ်ယောက်က ခြေထောက်၌ ဒဏ်ရာရထားကာ တစ်ယောက်က လက်ကို ထိခိုက်ထားမိသည်။ ဒဏ်ရာရသူနှစ်ယောက်တို့သည် မူးဝေဝေဖြင့် ကုတင်ပေါ်လှဲနေကြကာ အချစ်များဖြင့် ထုံမွှန်းသည့် အခြေအနေလည်း မဖြစ်လာနိုင်တော့ချေ။
သို့သော် နောက်တစ်နေ့မနက်၌ ရှန်းယွဲ့၏ ရင်ခွင်ထဲ၌ နိုးလာမိသောအခါတွင်တော့ ထန်ချောင်းချောင်း၏နှလုံးသားလေးသည် မထိန်းနိုင်ပဲ တဆတ်ဆတ်ခုန်နေမိတော့သည်။
သူတို့နှစ်ယောက်သည် မျက်နှာချင်းဆိုင်လျက်သားရှိနေကြသည်။ ရှန်းယွဲ့၏ လက်များက ထန်ချောင်းချောင်း၏ခါးပေါ်သို့ သက်တောင့်သက်သာ တင်နေကြကာ ထန်ချောင်းချောင်း၏မျက်လုံးများက ရှန်းယွဲ့၏ ရိတ်ထားသောမုတ်ဆိတ်မွှေးစိမ်းစိမ်းလေးများရှိနေသော ထောင့်ကျကျ မေးစေ့နှင့် တည့်တည့်ဖြစ်နေသည်။ ရှန်းယွဲ့၏ နှုတ်ခမ်းပါးလေးများသည် အလွန်လှပ၍ ပြီးပြည့်စုံနေကြသည်။ ပါးစပ်၏ထောင့်များက အနည်းငယ် အပေါ်ဘက်သို့ ကော့နေကြသည်။
ထိုလှပသောနှုတ်ခမ်းများသည် ရှန်းယွဲ့စကားပြောသည့်အခါ အဘယ်ကြောင့် အမြဲဒေါသထွက်ပုံပေါက်နေလဲ မည်သူမျှ မသိနိုင်ပါ။
ထန်ချောင်းချောင်းသည် ကြည့်ရင်းဖြင့် အညှို့ခံလိုက်ရသလိုဖြစ်ကာ သူမ၏ လက်ညှိုးကိုဆန့်တန်း၍ ရှန်းယွဲ့၏နှုတ်ခမ်းများအတိုင်း လေထဲ၌ လိုက်ဆွဲကြည့်လိုက်သည်။ ထို့နောက် လက်ညှိုးသည် ရှန်းယွဲ့၏နှာခေါင်းနှင့် လေးနက်သောမျက်လုံးများကြား ဆက်နေသော နေရာလေးဆီသို့ ဆက်ဆွဲသွားလိုက်သည်......
ရှန်းယွဲ့သည် အိပ်ပျော်နေသောကြောင့် သူ၏မျက်နှာအသွင်အပြင်များသည် နူးညံ့သော အရောင်အဝါလေးတစ်ခု ဖြာထွက်နေသကဲ့သို့ ဖြစ်နေသည်။
ထွားကျိုင်းသောယောင်္ကျားတစ်ယောက်အနေဖြင့် ရှန်းယွဲ့၏ မျက်နှာအသွင်အပြင်များသည် အမျိုးသမီးများထက်ပင် နူးညံ့သန့်စင်နေသည်မှာ မနာလိုဖွယ်ကောင်း၍ မုန်းစရာပင်ဖြစ်သည်။
ထန်ချောင်းချောင်းသည် နှာခေါင်းရှုံ့လိုက်သော်လည်း သူမ၏လက်ညှိုးကတော့ ရှန်းယွဲ့၏ မျက်နှာကို ဆွဲနေဆဲပင်ဖြစ်သည်။
"ဒီလောက်အကြာကြီး ကြည့်ပြီးတာတောင် မင်းစိတ်တိုင်းမကျသေးဘူးလား..."
ထန်ချောင်းချောင်းသည် လေထဲ၌ ရှန်းယွဲ့၏မျက်နှာကို ပန်းချီဆွဲတမ်း ကစားနေစဉ်မှာပင် ရှန်းယွဲ့က ရုတ်တရက် စကားပြောလိုက်သည်။
ရှန်းယွဲ့၏မျက်လုံးများက ပွင့်မလာသော်လည်း ထန်ချောင်းချောင်းကတော့ အလွန်လန့်သွားသည်။
"ရှင် ဘယ်တုန်းကနိုးလာတာလဲ..."
"မင်းရဲ့ လက်ချောင်းတွေက ငါ့မျက်နှာကို ထိုးမိတော့မလိုဖြစ်နေတာ...ငါဘယ်လို ဆက်အိပ်နိုင်မလဲ..."
ရှန်းယွဲ့က မျက်လုံးများကို ဖြည်းညင်းစွာဖွင့်လိုက်၍ နှုတ်ခမ်းထောင့်စွန်းများက အနည်းငယ်ပြုံးသွားကာ တိုးတိတ်နူးညံ့စွာပြောလိုက်သည်။
"ဂွတ်မောနင်း..."
ထန်ချောင်းချောင်းသည် ထစ်အစွာ ပြန်ပြောလိုက်သည်။
"ဂွတ်မောနင်းပါ ဂွတ်မောနင်းပါ..."
"ငါ့မေးခွန်းကို မင်းမဖြေရသေးဘူး..."
ရှန်းယွဲ့က ပြောလိုက်သည်။
"ဘာမေးခွန်းလဲ..."
ထန်ချောင်းချောင်းသည် ရှန်းယွဲ့နှင့် အလွန်နီးကပ်နေသောကြောင့် သူမ၏ခေါင်းက ကောင်းကောင်းအလုပ်မလုပ်နိုင် ဖြစ်နေသည်။
"မင်း ခုနကပဲ ငါ့ကို ကြည့်နေတာမဟုတ်လား...ဘယ်လိုခံစားရလဲ..."
ထန်ချောင်းချောင်း၏ သေးသွယ်သောမျက်နှာလေးသည် အနည်းငယ်နီရဲသွားသည်။ ထန်ချောင်းချောင်းသည် မျက်နှာလွှဲလိုက်၍ မသက်မသာပြောလိုက်သည်။
"ဘယ်သူက ရှင့်ကို ကြည့်နေလို့လဲ...ကျွန်မ အခုပဲနိုးလာပြီး ရှင့်မျက်နှာကြီးကို မြင်လိုက်ရတာ..."
ရှန်းယွဲ့က ရုတ်တရက်ထ၍ ထန်ချောင်းချောင်းပေါ်သို့ မိုးလိုက်ကာ ကုတင်ကို လက်နှစ်ဖက်ဖြင့်ထောက်၍ ထန်ချောင်းချောင်းကို မျက်နှာချင်းဆိုင်ကြည့်လိုက်သည်။
"ဒါပေမယ့် မင်းရဲ့မျက်နှာကတော့ မင်းပြောနေတာတွေက မဟုတ်ဘူး လို့ဝန်ခံနေတယ်..."
ရှန်းယွဲ့၏ လက်နှစ်ဖက်လုံးသည် ထန်ချောင်းချောင်း၏ခေါင်း၏ တစ်ဖက်တစ်ချက်၌ ရှိနေသည်။ ထိုအနေအထားကြောင့် ထန်ချောင်းချောင်းသည် ရှန်းယွဲ့က သူမ အား ဖက်ထားသည်သု ခံစားနေရကာ ရှန်းယွဲ့၏ ထွက်သက်များက သူမ၏ မျက်လုံးနှင့်နှာခေါင်းကို ရိုက်ခတ်နေသည်။
"ရှင်က ဘာလုပ်ချင်နေတာလဲ...မနက်စောစောစီးစီး လူမိုက်လုပ်တမ်း ကစားချင်နေတာလား..."
ထန်ချောင်းချောင်းက ယခုအထိ မေးခွန်းကိုမဖြေသေးချေ။
ရှန်းယွဲ့က ပို၍နီးကပ်စွာ ငုံ့လိုက်သည်။
"ဟုတ်တယ် ဆိုရင် မင်း ဘာလုပ်မလို့လဲ..."
ထန်ချောင်းချောင်းသည် ရှန်းယွဲ့၏ နှာခေါင်းက သူမ၏နှာခေါင်းနှင့် ထိမိတော့မလို ခံစားရကာ နှလုံးခုန်ချက်များက ပို၍မြန်လာသည်။ ထန်ချောင်းချောင်းသည် ရှက်သွေးဖြန်းသွား၍ ရက်ရက်စက်စက်ပြောလိုက်မိသည်။
"ရှင်မဟုတ်တာလုပ်လို့ ကျွန်မ မယဉ်ကျေးတာလုပ်မိသွားရင် ကျွန်မကို အပြစ်မပြောနဲ့နော်...ကျွန်မရဲ့ ဘယ်ဘက်လက်က ဒဏ်ရာရနေပေမယ့် ညာဘက်လက်တစ်ဖက်တည်းနဲ့ ရှင့်ကို အလဲထိုးနိုင်တယ်...ရှင် ယုံချင်ယုံ မယုံချင်နေ..."
"ငါယုံပါတယ်..."
ရှန်းယွဲ့၏ မျက်နှာအမူအယာများက မပြောင်းလဲသွားချေ။
"ဒါပေမယ့် မင်းမလုပ်ရက်ဘူးဆိုတာလည်း ငါသိတယ်..."
ရှန်းယွဲ့က ချက်ချင်းဆက်ပြောလိုက်သည်။
ထန်ချောင်းချောင်းက ခဏမျှရပ်ပြီးမှ ဆက်ပြောလိုက်သည်။
"ကျွန်မ မလုပ်ရက်ဘူးလို့ ဘယ်သူပြောလဲ...ညစ်ပတ်တဲ့လူတွေနဲ့တွေ့ရင် ကျွန်မက ဘယ်တော့မှ ညှာတာ တာမဟုတ်ဘူး..."
"ဘာဖြစ်လို့လဲဆိုတော့ မင်းရဲ့ကယ်တင်ရှင်ကို မင်းဘာမှလုပ်မှာ မဟုတ်လို့လေ..."
ရှန်းယွဲ့က အလေးအနက်သဘောဖြင့်ပြောလိုက်သည်။
ထန်ချောင်းချောင်း: ...
သေပါတော့...ရှန်းယွဲ့ပြောသည်မှာလည်း ဟုတ်ပေတာပဲ...
"အဲ့နှစ်ခုက မတူဘူးလေ..."
ထန်ချောင်းချောင်းက ကြိုးစား၍ ငြင်းလိုက်သေးသည်။
"ဒီမတော်တဆမှုဖြစ်ပြီးတဲ့နောက်မှာ ငါ့နှလုံးသားရဲ့ ခံစားချက်အစစ်အမှန်တချို့ကိုတော မင်းသိသင့်တယ် လို့ ငါစဉ်းစားမိတယ်..."
ရှန်းယွဲ့က သွယ်ဝိုက်မနေတော့ပဲ ထန်ချောင်းချောင်းအား တိုက်ရိုက်ပင် မေးလိုက်တော့သည်။
ထန်ချောင်းချောင်းသည် စိတ်လှုပ်ရှားလွန်း၍ စကားက ပိုထစ်သွားသည်။
"သိ...ကျွန်မက ဘာကိုသိသင့်ရမှာလဲ...ကျွန်မ နားမလည်တော့ဘူး..."
"ငါတို့ရဲ့ဆက်ဆံရေးက..."
ရှန်းယွဲ့၏အသံသည် ဆွဲဆောင်နေသည့်အသံပေါက်နေသည်။
"နောက်တစ်ဆင့်ကိုလှမ်းသင့်ပြီလို့ ငါထင်တယ်..."
"ဘာနောက်တစ်ဆင့်လဲ..."
ရှန်းယွဲ့: ...
"အနာဂတ်မှာ ငါ့ရဲ့မီးဖိုချောင်ကို အမြဲတမ်းမင်းပဲပိုင်စေရမယ်..."
ထန်ချောင်းချောင်းက ဤသို့ပြောလျှင် နားလည်လောက်သည်ဟု ရှန်းယွဲ့တွေးမိသည်။
ထန်ချောင်းချောင်းကပြောသည်။
"ကျွန်မကို ရှင့်အတွက် နေ့တိုင်း ထမင်းချက်စေချင်နေတာလား...ရှင်က ကျွန်မကို အစေခံတစ်ယောက်လို့ပဲ သဘောထားနေတာလား..."
ရှန်းယွဲ့: ...
"အနာဂတ်မှာ ဟင်းကြွင်းဟင်းကျန်တွေအကုန်လုံးကို ငါ့ကိုပဲ ကျွေးလို့ရတယ်...ငါ ဖြေရှင်းပေးမယ်..."
ရှန်းယွဲ့သည် အခြားသူ၏ ဟင်းကြွင်းဟင်းကျန်ကို မပြောနှင့်၊ သူကိုယ်တိုင်ကျန်သော ဟင်းကြွင်းဟင်းကျန်ကိုပင် ဘယ်တုန်းကမှ စားသူမဟုတ်ချေ။ သူ့နှလုံးသား၏ခံစားချက်များကို ဖော်ထုတ်ပြမှုသည် ဤစကားများနှင့်ပင် သိသာလုံလောက်သင့်နေပြီမဟုတ်လား။
"ကျွန်မဟင်းချက်ရင် ဘယ်တုန်းကမှ ဟင်းကြွင်းဟင်းကျန်မရှိဘူး..."
သို့သော် ထန်ချောင်းချောင်းကတော့ နားမလည်စွာပင် ပြန်ပြောနေသည်။
ရှန်းယွဲ့ ဆွံ့အသွားရပြန်သည်။ ထန်ချောင်းချောင်းသည် ဘာမှနားမလည်သည့် သစ်သားချောင်းများလား။
"ငါပြောနေတာကို မင်းတကယ်နားမလည်တာလား...ဒါမှမဟုတ် နားမလည်ချင်ယောင်ဆောင်နေတာလား..."
ထန်ချောင်းချောင်းက ရှန်းယွဲ့၏ မျက်လုံးများကို သေချာမကြည့်ပဲ ရှောင်လွှဲ၍ ပြောလိုက်သည်။
"ကျွန်မ တကယ်နားမလည်ဘူး...ရှင်က သေချာမှမပြောတာ..."
ရှန်းယွဲ့က ထန်ချောင်းချောင်း၏မေးစေ့ကို ခပ်ဖွဖွကိုင်ကာ သူမ၏မျက်နှာကို သူ့မျက်နှာနှင့် တည့်တည့် မျက်နှာချင်းဆိုင်လိုက်စေပြီးမှ လေးနက်စွာပြောလိုက်သည်။
"ဟုတ်ပြီလေ...ဒါဆို ငါ သေသေချာချာ ပြောမယ်..."
ထန်ချောင်းချောင်း တံတွေးမျိုချလိုက်သည်။
"ရှန်းယွဲ့ ဆိုတဲ့ငါက..."
ရှန်းယွဲ့ စပြောလိုက်စဉ်မှာပင် အပြင်မှ မဒမ်ရှန်း၏ အသံကျယ်ကြီး ထွက်လာကာ တံခါးခေါက်သံကိုလည်း ကြားလိုက်ရသည်။
"မင်းတို့နှစ်ယောက် ထနေကြပြီလား...နေကဖင်ထိုးနေပြီ...မနက်စာ ထစားကြတော့လေ..."
Xxxxxxxxx