Chapter 106
လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားမှု
ရှန်းယွဲ့ စပြောလိုက်စဉ်မှာပင် အပြင်မှ မဒမ်ရှန်း၏ အသံကျယ်ကြီး ထွက်လာကာ တံခါးခေါက်သံကိုလည်း ကြားလိုက်ရသည်။
"မင်းတို့နှစ်ယောက် ထနေကြပြီလား...နေကဖင်ထိုးနေပြီ...မနက်စာ ထစားကြတော့လေ..."
ထန်ချောင်းချောင်းသည် မဒမ်ရှန်း၏အသံကို ကြားလိုက်ရသည်မှာ ကယ်တင်ရှင်၏အသံကို ကြားလိုက်ရသကဲ့သို့ အလွန် ဝမ်းသာသွားသည်။ ရှန်းယွဲ့ကို တွန်းပစ်၍ ကြောက်ကြောက်နှင့် အမြန်ထကာ အော်ပြောလိုက်သည်။
"သမီးတို့ နိုးနေပါပြီ..."
ရှန်းယွဲ့သည် ထန်ချောင်းချောင်း၏ ရုတ်တရက် တွန်းခြင်းကို ခံလိုက်ရ၍ ကုတင်ပေါ်၌ လှဲကာ ပါးစပ်၌တွဲခိုနေသော စကားလုံးများကို ပြန်မျိုချလိုက်ရသည်။
ထန်ချောင်းချောင်းသည် ရှန်းယွဲ့ဘက်ကို နောက်ကျောလှည့်၍ ခပ်ဆိုင်းဆိုင်းပြောလိုက်သည်။
"နောက်မှ ပြောကြတာပေါ့...ရှင့်အမေက အတင်းခေါ်နေပြီ..."
ပြောပြီးသောအခါ ထန်ချောင်းချောင်းသည် တံခါးဆီသို့ ခြေလှမ်းနှစ်လှမ်းနှင့် အပြေးသွား၍ မဒမ်ရှန်းကို "ကောင်းသောမနက်ပါ..." ဟု အမောတကောပြော၍ အောက်ထပ်သို့ ပြေးဆင်းသွားတော့သည်။
မဒမ်ရှန်းသည် မျက်နှာနီနီနှင့် ပြေးဆင်းသွားသော ထန်ချောင်းချောင်း၏နောက်ကျောကိုကြည့်ရင်း ပြုံးကာ လက်ခုပ်တီးလိုက်သည်။ မဒမ်ရှန်းတစ်ယောက် အဘွားဖြစ်ရမည့်အချိန် နီးကပ်လာနေပြီထင်သည်။
ရှန်းယွဲ့သည် ကုတင်ပေါ်၌လှဲကာ အတွေးများကြားနစ်မျောနေသည်။ သူ့အမေသည် သူ့ကိုကူညီရန်လာသည်လား ဒုက္ခပေးရန်လာသည်လားပင် မသိတော့ပါ။
ထန်ချောင်းချောင်း ဒဏ်ရာရနေသောကြောင့် ရုပ်ရှင်ရိုက်ကူးခြင်းကို ခဏရပ်ထားရသော်လည်း အလုပ်များကတော့ မရပ်ပေ။ ထန်ချောင်းချောင်းသည် နှစ်ရက်သာ အိမ်တွင်နားလိုက်ရ၍ မဂ္ဂဇင်း၏မျက်နှာဖုံးရိုက်ရန် ကမ်းလှမ်းခြင်းကို လက်ခံလိုက်ရသည်။
ထိုမဂ္ဂဇင်းသည် ထိပ်တန်းအမျိုးသမီး မဂ္ဂဇင်း ငါးခုနှင့်တော့ မယှဉ်သာသော်လည်း နာမည်တော့ အတော်အသင့် ကြီးသောမဂ္ဂဇင်းဖြစ်သည်။ ထို့ကြောင့် ကမ်းလှမ်းလာသောအခါ အစ်ကိုချမ်က အလွန်ပျော်နေတော့သည်။ ဤအခွင့်အရေးသည် ထန်ချောင်းချောင်း ဖက်ရှင်လောကထဲသို့ နောက်တစ်ဆင့် တက်လှမ်းနိုင်မည့် လှေကားတစ်ခုဖြစ်ပေလိမ့်မည်။
ထန်ချောင်းချောင်းသည်လည်း အလွန်မျှော်လင့်နေ၍ ရိုက်ကူးမည့်နေ့တွင် ရိုက်ကွင်းသို့ စောစီးစွာ သွားလိုက်သည်။
မဂ္ဂဇင်း၏မျက်နှာဖုံးအတွက် ဒီဇိုင်နာသည် ထန်ချောင်းချောင်းအတွက် ရှေးခေတ်ဆန်ဆန်ပန်းထိုးထား၍ လက်ဖောင်းများပါသော အပြာနုရောင်ဂါဝန်ရှည်ကြီးကို ပြင်ဆင်ထား၍ ထန်ချောင်းချောင်းကိုလည်း ဆံပင်တိုတိုနှင့် အခွေအလိပ်ပုံစံလေး လုပ်ပေးထားသည်။ ဂါဝန်၏ လက်အရှည်က ထန်ချောင်းချောင်း၏ တံတောင်မှဒဏ်ရာကို ကာကွယ်ပေးထား၍ ထန်ချောင်းချောင်းသည် ဆီဆေးပန်းချီကားကဲ့သို့ ကျက်သရေရှိ၍ ကျော့ရှင်းလှပနေသည်။
သို့သော် ဂါဝန်ပေါ်၌ ဖုံးအုပ်ထားသည်က နူးနူးညံ့ညံ့ပန်းလေးများမဟုတ်ပဲ အနီ အစိမ်း အပြာနှင့် အဝါရောင် အသီးအနှံများဖြစ်နေသည်။ အမျိုးမျိုးသော အသီးအနှံများသည် ထန်ချောင်းချောင်း၏ ခန္ဓာကိုယ်ပေါ်၌ စုပုံနေကြကာ ထန်ချောင်းချောင်းသည် လှုပ်ရှားနေသော သစ်သီးခြင်းတောင်းကြီးကဲ့သို့ ဖြစ်နေတော့သည်။
ပိုဆိုးသည်က ထန်ချောင်းချောင်း၏ခေါင်းပေါ်၌လည်း ခြင်းတောင်းအသေးလေးတစ်ခု တင်ထားသေးသည်။ ခြင်းတောင်း၏ကြိုးက ထန်ချောင်းချောင်း၏ မေးစေ့အောက်၌ သိုင်းချည်ထားကာ ထိုခြင်းထောင်းထဲ၌လည်း သစ်သီးများအပြည့်ရှိနေသည်။
ထန်ချောင်းချောင်း၏လက်ထဲ၌လည်း နီရဲသော ပန်းသီးတစ်လုံးကိုင်ထား၍ ဓာတ်ပုံဆရာ၏ လမ်းညွှန်မှုအောက်တွင် စတိုင်အမျိုးမျိုးဖြင့် ပို့စ်ပေးနေရသည်။
ထန်ချောင်းချောင်းသည် ကင်မရာရှေ့သို့ရောက်လျှင် အလွန်နေတတ်သောကြောင့် ဓာတ်ပုံဆရာနှင့် အလွန်အဆင်ပြေနေသည်။ သူတို့ ပထမဆုံးရိုက်ချက်များကို အလျင်အမြန်ပင် ရိုက်ပြီးသွားကြသည်။
ထို့နောက် ထန်ချောင်းချောင်းက ခဏမျှနားကာ ဓာတ်ပုံအဖွဲ့က နောက်ခံအပြင်အဆင်များကို ပြောင်းနေသည်။
ထိုအချိန်တွင် အဝါရောင်အင်္ကျီနှင့် ဒူးဖုံးသည့် စကတ်ကိုဝတ်ထားသော မိန်းမငယ်လေးတစ်ယောက်သည် မျက်ရည်များဖြင့် ထန်ချောင်းချောင်းဘေးမှ ဖြတ်သွားကာ ထိပ်ပြောင်နေသော လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက်ကလည်း သူမနောက်မှ လိုက်လာသည်။
ထိပ်ပြောင်နေသောလူသည် လမ်းတစ်လျှောက်လုံး အော်ဟစ်ပြောဆိုလာသည်။
"မင်းက ကိုယ့် ဝိတ်ကိုမှ ကိုယ်မထိန်းပဲ...မင်းက အရမ်းနာမည်ကြီးနေလို့လား...ဒီလောက်ရှည်နေတဲ့ စကတ်ကိုဝတ်ထားတာ...ဘယ်လို စောက်ရူးမလဲ..."
"မင်းတို့ရဲ့ မိန်းကလေးအဖွဲ့က ဘာနဲ့လုပ်စားနေရတယ်ဆိုတာ မင်းအခုထိ နားမလည်သေးဘူးလား...ယောင်္ကျားပရိသတ်တွေက မင်းရဲ့ ပေါင်တံတွေကို ကြည့်ချင်နေကြတာ...ဒါပေမယ့် မင်းက အဲ့ဒါတွေကို ဖုံးထားပြီး သူတော်ကောင်းမကြီး လုပ်ချင်နေတယ်ပေါ့..."
"ဒီအစုတ်အပြတ်စကတ်ကို အခုချက်ချင်းသွားလဲစမ်း...ပြီးရင် တခြားလူတွေလိုပဲ မီနီစကတ် လဲဝတ်ခဲ့..."
ထိပ်ပြောင်လူ၏ အသံသည် အလွန်ရွံရှာနေသည့်ပုံပေါ်နေသော်လည်း သူ့မျက်လုံးများကတော့ ကောင်မလေး၏ ပေါ်နေသော ခြေထောက်များကို မညှာမတာ စူးစိုက်ကြည့်နေသည်။
ယနေ့တွင် ထန်ချောင်းချောင်းကို ဖိတ်ခေါ်ထားသော မဂ္ဂဇင်းသည် မကြာသေးခင်ကမှ ပွဲထွက်ထားသော မိန်းကလေးအုပ်စု တစ်ခုကိုလည်း ဖိတ်ခေါ်ထားသေးသည်။ ထို မိန်းကလေးများက ထန်ချောင်းချောင်း မျက်နှာဖုံးအတွက် ရိုက်သော မဂ္ဂဇင်း၏ အတွင်းပုံများအတွက် ဓာတ်ပုံရိုက်ကြရမည်ဖြစ်သည်။
ယခု အဆူခံနေရသော မိန်းကလေးဆိုလျှင် အသက် ၂၀ လောက်ပင် ရှိဦးမည်ဖြစ်သည်။
ထန်ချောင်းချောင်းသည် အနီးမှ အဖွဲ့သားတစ်ယောက်အား မေးကြည့်သောအခါ ထိုထိပ်ပြောင်သည် မိန်းကလေး၏ အေးဂျင့်မှန်းသိလိုက်ရသည်။
ရိုက်ကွင်းမှ အခြားလူများသည် ဤအခြေအနေကို ဘာမှ အံ့ဩသည့်ပုံမပေါ်သော်လည်း ထန်ချောင်းချောင်းကတော့ မည်သူ့ဆီကမှ အသံမထွက်လာသည့်အတွက် ဒေါသထွက်လာကာ မျက်မှောင်ကြုတ်လိုက်သည်။
အေးဂျင့်၏ တိုက်တွန်းမှုဖြင့် မိန်းကလေးသည် အဝတ်လဲခန်းထဲသို့ ဝင်သွားသည်ကို မြင်လိုက်ရသောအခါ ထန်ချောင်းချောင်းသည် ဂါဝန်ကိုမ၍ မတ်တပ်ရပ်လိုက်သည်။ ထို့နောက် ဖန့်ယွမ်ဆီသို့ အပြေးသွားကာ ပြောလိုက်သည်။
"ငါ အိမ်သာသွားလိုက်ဦးမယ်..."
ထန်ချောင်းချောင်းက အိမ်သာသွားမည်ဟုပြောလိုက်သည်နှင့် ဖန့်ယွမ်၏ မျက်နှာသည် စိတ်ပူသည့် မျက်နှာထားဖြစ်သွားသည်။
"အစ်မ အဲ့ဒီကောင်မလေးကို ဂရုစိုက်မနေသင့်ဘူး..."
ထန်ချောင်းချောင်းက ခပ်တည်တည်ပင်ပြောလိုက်သည်။
"ငါတကယ် အိမ်သာသွားချင်လို့ပါ..."
ထို့နောက် ထိုကောင်မလေး၏အခြေအနေကိုလည်း ကြည့်ရမည်။
လက်ထောက်တစ်ယောက်အနေဖြင့် ဖန့်ယွမ်သည် ထန်ချောင်းချောင်းလုပ်ချင်သည်ကို တားမြစ်၍မရပါ။ သို့သော် ဆွဲဆောင်၍တော့ ရနိုင်ပေသည်။
"ပြဿနာတက်အောင်တော့မလုပ်ပါနဲ့နော်...ကောင်းကောင်းနေပါ..."
ထန်ချောင်းချောင်းက ဖန့်ယွမ်ကိုကြည့်လိုက်သည်။
"ငါက ရိုင်းစိုင်းတဲ့လူမို့လို့လား...ငါက လူတွေကို အချက်နဲ့အလက်နဲ့ပဲ စကားပြောတာပါ..."
ဖန့်ယွမ်သည် ဘာမှမတတ်နိုင်တော့ပဲ နဖူးကိုသာ ရိုက်လိုက်မိတော့သည်။ ထန်ချောင်းချောင်း၏စကားက စိတ်မချရသောကြောင့် ခဏမျှစဉ်းစားပြီးသောအခါ ဖန့်ယွမ်သည် ထန်ချောင်းချောင်းနောက်မှ လိုက်လာလိုက်သည်။
ထန်ချောင်းချောင်းသည် ဂါဝန်ကိုမ၍ ခေါင်းပေါ်၌ သစ်သီးခြင်းတောင်းကိုတင်ကာ အိမ်သာဆီသို့ လျှောက်လာလိုက်သည်။ အဝတ်လဲခန်းက အိမ်သာသို့သွားသည့် လမ်းပေါ်၌ဖြစ်သည်။
"မဟုတ်ဘူး...ဒီဟာကိုဝတ်...အဲ့ဒီစကတ်က ရှည်လွန်းတယ်..."
"ဒီအင်္ကျီရဲ့ ကော်လာက မြင့်နေတယ်..."
"ပေါင်လေးနည်းနည်းပဲပြရမှာလေ...ဒါလေးပြလို့ မင်းသေသွားမှာမှမဟုတ်တာ...အနာဂတ်မှာ မင်းနာမည်ကြီးလာရင် မင်းဘာဝတ်ခဲ့တယ်ဆိုတာ ဘယ်သူမှ ဂရုစိုက်ကြတော့မှာမဟုတ်ဘူး...စိတ်ပူမနေနဲ့...မင်းက အဖွားကြီးလိုပဲ ဂျီးများလိုက်တာ..."
...
အဝတ်လဲခန်းသို့ ထန်ချောင်းချောင်းမရောက်ခင်မှာပင် အခန်းတွင်းမှ ထိပ်ပြောင်လူ၏ အော်ဟစ်ဆဲဆိုနေသံကိုကြားလိုက်ရသည်။ ထိုလူသည် အခြားလူများက သူ့အော်သံကို ကြားလည်း ဂရုမစိုက်သကဲ့သို့ အော်ဟစ်နေတော့သည်။
ထိုအသံများကိုကြားသောအခါ ထန်ချောင်းချောင်း အလွန်ဒေါသထွက်သွားသည်။ ထို့ကြောင့် အဝတ်လဲခန်းတံခါးကို တွန်းဖွင့်ကာ အထဲသို့ ဝင်သွားလိုက်သည်။ အဝတ်လဲခန်းသည် အလွန်ကျယ်ကာ အခန်းငယ်ပေါင်းများစွာဖွဲ့ထားသည်။ ထန်ချောင်းချောင်းသည် ထိုလူနှစ်ယောက်ကို ရှာရန် အသံလာရာဆီသို့ လိုက်သွားလိုက်သည်။
ထိပ်ပြောင်၏ ဆဲဆိုသံများက မရပ်သွားသော်လည်း မိန်းကလေးကတော့ အသံတိုးတိုးဖြင့် "ဟုတ်ကဲ့..." ဟု အခါအနည်းငယ် ပြန်ပြောနေသည်။
ထန်ချောင်းချောင်းသည် ဒေါသထွက်၍ ခြေလှမ်းများက မြန်လာသည်။ သူမ၏ခေါင်းပေါ်မှာ စပျစ်သီးခိုင်များသည်လည်း တလှုပ်လှုပ်ဖြင့် ဟိုယမ်းဒီယမ်းဖြစ်နေသည်။
ဖန့်ယွမ်သည် ထန်ချောင်းချောင်း၏ပုံစံကိုကြည့်၍ တစ်စုံတစ်ခုဖြစ်မည်ကိုစိုးရိမ်လာသောကြောင့် ဖုန်းကိုထုတ်ကာ တိတ်တဆိတ် ဗွီဒီယို ရိုက်ထားလိုက်သည်။
နောက်ဆုံးတော့ ထိပ်ပြောင်လူရှိသည့်အခန်းကို ထန်ချောင်းချောင်းရှာတွေ့သွားသည်။ တံခါးကိုဖွင့်လိုက်သောအခါ ထိပ်ပြောင်လူသည် ပလတ်စတစ်ခုံတန်းလျားပေါ်၌ ရပ်နေသည်ကို တွေ့လိုက်ရသည်။ ထိုလူသည် အဝတ်လဲခန်း၏တံခါးကိုမှီနေ၍ အထဲသို့ ချောင်းကြည့်နေကာ ပါးစပ်မှလည်း "ငါက မင်းကို ထိန်းသိမ်းပေးနေရတာပါ..."၊ "ငါက မင်းအပေါ်ကောင်းပါတယ်..." စသဖြင့် ပြောနေသည်။
ထိုအဝတ်လဲခန်းထဲ၌ မည်သူအဝတ်လဲနေသည်ကိုတော့ ပြောစရာပင်မလိုပါ။ ခုနက ကောင်မလေးပင်ဖြစ်သည်။
ထန်ချောင်းချောင်းသည် စိတ်ကိုပြင်ဆင်ထားသော်လည်း ဤကဲ့သို့ ထိတ်လန့်ဖွယ်မြင်ကွင်းသည် ထန်ချောင်းချောင်း တွေးထားသည်ထက်ပင် ကျော်လွန်သွားတော့သည်။ ထန်ချောင်းချောင်း၏နောက်မှ ဖန့်ယွမ်သည်လည်း ဒေါသထွက်လွန်း၍ ဖုန်းကိုမြှောက်ကာ ဓာတ်ပုံများရိုက်လိုက်သည်။
အေးဂျင့်တစ်ယောက်က သူ့ကုမ္ပဏီ၏လက်အောက်ရှိ အမျိုးသမီးအနုပညာရှင်ကို လိင်ပိုင်းဆိုင်ရာ အနှောင့်အယှက်ပေးနေခြင်းဖြစ်သည်။ ထိုလူသည် အဝတ်လဲခန်းတံခါးကိုပင် သော့မခတ်ထားသောကြောင့် မည်မျှစိတ်ကြီးဝင်နေသည်လဲဆိုတာ သိသာနေသည်။
အေးဂျင့်သည် တံခါးကို နောက်ကျောပေး၍ အဝတ်လဲခန်းထဲသို့သာ အာရုံစူးစိုက်၍ကြည့်နေသောကြောင့် အနောက်မှ လူဝင်လာသည်ကိုပင် သတိမထားမိချေ။
ထန်ချောင်းချောင်းသည် နှုတ်ခမ်းများကို တင်းတင်းစေ့လိုက်ကာ စကားတစ်ခွန်းမှမပြောပဲ ထိပ်ပြောင်လူ ရပ်နေသော ပလတ်စတစ်ခုံကို ကန်လိုက်ရာ......ခုံက ကျိုးသွားသည်။
ဖန့်ယွမ်ပင် တားဖို့အချိန်မရလိုက်ချေ။ ဖန့်ယွမ်သည် ထန်ချောင်းချောင်းနှင့် လအတော်ကြာ တူတူရှိခဲ့ပြီးဖြစ်သောကြောင့် ထန်ချောင်းချောင်းသည် အင်အားကြီးမှန်းသိနေပြီဖြစ်သည်။ သို့သော် ယခုကတော့ အလွန်ပင် အံ့အားသင့်စရာကောင်းနေသည်။
ခုံက အစိပ်စိပ်အမြွှာမြွှာကြေမွသွားသောအခါ ထိုအပိုင်းကို ဗီဒီယိုထဲမှ ဖျက်ရမည်ဟု ဖန့်ယွမ်တွေးလိုက်သည်။
ထိပ်ပြောင်လူသည် အရပ်ကပုသည်။ ထို့ကြောင့် အထဲသို့မြင်နိုင်ရန် ခြေဖျားကို မရမကထောက်၍ တံခါးကို အားပြုကာ ရပ်နေသော်လည်း သူ့ခြေထောက်အောက်မှ ခုံသည် ရုတ်တရက် ပြိုလဲသွားသည်။ ရုတ်တရက် သူ့ကို ထောက်ပံ့ပေးနေသည့် အရာ မရှိတော့ချေ။ ထိပ်ပြောင်၏လေးလံသောခန္ဓာကိုယ်သည် နောက်သို့လန်ကျ၍ ကြမ်းပေါ်သို့ ပြုတ်ကျသွားတော့သည်။ အစိပ်စိပ်အမြွှာမြွှာကွဲသွားသော ပလတ်စတစ်ခုံသည် ပို၍ပင် အဖိခံလိုက်ရသည်။
ဖန့်ယွမ်သည် ကြည့်ရုံနှင့်ပင် လန့်လာမိသည်။
"ဘယ်သူလဲ...ဘယ်ခွေးသားက ငါ့ကို လာစော်ကားနေတာလဲကွ..."
ထိပ်ပြောင်သည် သူ၏တင်ပါးက တော်တော်နာသွားသဖြင့် ဒေါသတကြီး ဆဲဆိုလိုက်သည်။
"နင့်အဖွား ငါလေ..."
ထန်ချောင်းချောင်းက ထိပ်ပြောင်အား အပေါ်စီးမှနေ၍ မတူမတန်သလို ကြည့်လိုက်သည်။
ထိပ်ပြောင်သည် နောက်သို့ လှည့်ကြည့်၍ မတ်တပ်ရပ်လိုက်သည်။ သူသည် အပြာနုရောင်ဂါဝန်နှင့် သစ်သီးများအဖုံးလွှမ်းခံထားရသော အမျိုးသမီးကိုကြည့်ကာ ချက်ချင်းပင် ဘယ်သူမှန်းသိသွားသည်။ ထိုအမျိုးသမီးသည် ယခုမဂ္ဂဇင်း၏ မျက်နှာဖုံးတွင်ပါမည့် ထန်ချောင်းချောင်း ဖြစ်နေသည်။
ထန်ချောင်းချောင်းသည် ယခုမှ နာမည်ကြီးစပြုလာသော အမျိုးသမီးအနုပညာရှင်ဖြစ်သည်။ ထို့ကြောင့် သူမ နှင့် မျက်နှာချင်းဆိုင်လိုက်သောအခါ ထိပ်ပြောင်သည် နည်းနည်းမှ ကြောက်စိတ်မဝင်မိချေ။
"မင်း ရူးနေတာလား...ငါ့ခုံကို လာကန်ပြီး ဘာလုပ်နေတာလဲ..."
ထန်ချောင်းချောင်းက အေးစက်စွာဖြင့် နှာခေါင်းရှုံ့လိုက်သည်။
"ကျွန်မ ဘာဖြစ်လို့ ခုံကိုကန်လဲ ရှင့်ဘာသာရှင်မသိဘူးလား...အရှက်မရှိတဲ့ နှာဘူးအိုကြီးရဲ့..."
"မင်း ဘယ်သူ့အကြောင်းကိုပြောနေတာလဲ...မဟုတ်တာတွေပြောမနေနဲ့နော်...ငါ မင်းကို အသရေဖျက်မှုနဲ့ တရားစွဲလိုက်မှာ..."
ထိပ်ပြောင်ကလည်း ခပ်တင်းတင်းပင် ပြန်ပြောလိုက်သည်။
"ရှင်က နှာဘူးမဟုတ်ရင် အမျိုးသမီးအဝတ်လဲခန်းထဲမှာ ဘာဝင်လုပ်နေတာလဲ..."
"ငါ့ရဲ့ အနုပညာရှင်နဲ့ အလုပ်အကြောင်းပြောနေတာလေ...မင်း ငါ့ကို ဘာမှ လာအမိန့်ပေးနေစရာမလိုဘူး..."
"အလုပ်အကြောင်းပြောတာ အဝတ်လဲခန်းတံခါးကိုမှီပြီး အထဲကိုကြည့်နေဖို့လိုလို့လား...မိန်းကလေးအနုပညာရှင်တွေ အဝတ်လဲတာကို ချောင်းကြည့်နေတာ အရှက်ကိုမရှိဘူး..."
ထန်ချောင်းချောင်းက ပြောလိုက်သည်။
"ဟုတ်တယ်...ဒါက လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားမှုပဲ..."
ဖန့်ယွမ်ကလည်း ဒေါသထွက်စွာ ဝင်ပြောလိုက်သည်။
"ဒါက ငါတို့အဖွဲ့ရဲ့ စကားပြောနေကျပုံစံပဲလေ...မင်းတို့ ဘာမှ ဝင်ပါနေစရာမလိုဘူး..."
ထိပ်ပြောင်၏သတ္တိများသည် ဘယ်ကဘယ်လိုရောက်လာကြသည်မသိသော်လည်း သူသည် လူမိပြီးတာတောင်မှ အရှက်မဲ့နေဆဲဖြစ်သည်။
ထန်ချောင်းချောင်းသည် ထိုလူ၏ အရှက်ကင်းမဲ့မှုကြောင့် အလွန်ပင် အံ့အားသင့်သွားရသည်။
"ရှင်က နှာဘူးမဟုတ်ပါဘူး...တကယ်တော့ ရှင်က အကြီးစားတဏှာရူးကြီး ဖြစ်နေတာပဲ..."
"မင်းတို့က ငါက လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်တယ်လို့ပြောနေတာ...ငါက ဘယ်သူ့ကို နှောင့်ယှက်နေလို့လဲ...သူကိုယ်တိုင်ထွက်လာပြီး ပြောခိုင်းလိုက်လေ..."
ထိပ်ပြောင်လူက ဆောင့်ကြွားကြွားပုံဖြင့် ထန်ချောင်းချောင်းတို့ကို ကြည့်လိုက်သည်။
"ပြောစရာလိုသေးလို့လား...အထဲက မိန်းကလေးကိုပေါ့..."
ဖန့်ယွမ်က ပြောလိုက်သည်။
ထိပ်ပြောင်က ဘာမှမဖြစ်သလိုပင်ပြောလိုက်သည်။
"ဪ...အဲ့ဒါဆိုလည်း သူ့ကို ထွက်လာခိုင်းလိုက်ပြီး သူဘာပြောလဲ နားထောင်ကြည့်ကြတာပေါ့..."
ဖန့်ယွမ်က ထန်ချောင်းချောင်းအနောက်မှ တွဲလွဲခိုနေသော လိမ္မော်သီးလေးကို တွန်းကာ ခပ်တိုးတိုးပြောလိုက်သည်။
"သူက အရမ်းကို သတ္တိတွေရှိနေပါလား...ကျွန်မတို့ ပြောမိတာများမှားသွားတာလား..."
ထန်ချောင်းချောင်းက သရော်ပြုံးပြုံးလိုက်သည်။
ဒါဘယ်လိုမှမမှားနိုင်ဘူး...ဒီလူရဲ့ ညစ်ညမ်းနေတဲ့စိတ်က အတိုင်းသားပေါ်နေပြီးသားပဲလေ...ဒီလူကသာ ရေမရောတဲ့ ဆန်ကုန်မြေလေးစစ်စစ်ပဲ...
"အထဲက ညီမလေး...ဘာမှမကြောက်ပဲ အပြင်ကို ထွက်လာခဲ့နော်..."
ထန်ချောင်းချောင်းက အသံကိုမြှင့်ကာ အော်ပြောလိုက်သည်။
သို့သော် အဝတ်လဲခန်းထဲမှ ဘာလှုပ်ရှားမှုမှ မတွေ့ရချေ။
ထန်ချောင်းချောင်းနှင့် ဖန့်ယွမ်တို့သည် တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်။
ထိပ်ပြောင်လူသည် ရုပ်ရှင်တစ်ခုကို ကြည့်နေသလို လက်ပိုက်လိုက်ကာ ပေါ့ပေါ့ပါးပါးပင် ပြောလိုက်သည်။
"ဘာမှမဖြစ်ဘူး...အပြင်ကိုထွက်ခဲ့..."
ထိုအခါမှပင် အဝတ်လဲခန်းတံခါးသည် ကျွီခနဲ ပွင့်လာကာ အထဲမှ မိန်းကလေးက မဝံ့မရဲလေးထွက်လာသည်။ သူမသည် ဒူးကျော်သောစကတ်နေရာ၌ အလွန်တိုသော
အမည်းရောင်သားရေစကတ်ကို လဲဝတ်ထားသည်။ သူမ၏ အဖြူရောင်ပေါင်တံများသည် ထင်ရှားစွာပင်ပေါ်နေကာ နည်းနည်းလေးလှုပ်ရုံမျှဖြင့် ပေါင်အတွင်းပိုင်းနေရာများပါ ပေါ်နိုင်မည့် အနေအထားရှိနေသည်။
Xxxxxxxx